Latest News

Dropdown Menu

Friday, July 26, 2013

တာချီလိတ်မြို့၌ ပထမအကြိမ် GSM ဖုန်းကဒ် ၄၀၀ကဒ်ကို မဲနှိုက်ရောင်းချခဲ့ရာ လျှောက်ထားသူ ၆၀၃၀ဦးရှိ

မြန်မာ-ထိုင်းနယ်စပ်မြို့များအနက် တာချီလိတ်မြို့တွင် မြန်မာ့ဆက်သွယ်ရေးမှ ပထမအကြိမ်အဖြစ် GSM ဖုန်းကဒ်(၄၀၀)ကို ချထားပေးရာ တာချီလိတ်မြို့ရှိ ပြည်သူများအတွက် တစ်အိမ်ထောင်စုလျှင် တစ်ကဒ်နှုန်းဖြင့် ရောင်းချပေးရန် မလောက်ငှသည်ဖြစ်ရာ မဲနှိုက်ရောင်းချပေးသည့် စနစ်ဖြင့် ဇူလိုင်လ(၂၆)ရက်နေ့ မွန်းလွဲ(၁)နာရီက တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ပြုလုပ်ခဲ့ရာ ဇူလိုင်လ(၂၄)ရက်မှ (၂၅)ရက် နှစ်ရက်တာအတွင်း လာရောက်လျှောက်ထားသူ (၆၀၃၀)ဦးရှိခဲ့ကြောင်း သိရသည်။

“နိုင်ငံတော်က ချပေးတာက GSM ကဒ်(၄၀၀)ပဲ၊ လျှောက်တဲ့လူက (၆၀၀၀)ကျော်ဆိုတော့ဗျာ၊ ပြည်သူတွေ ဘာကိုလိုအပ်လည်းဆိုတာ အထက်က သိသင့်ပါပြီလေ၊ ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် မပေါက်တော့ နောက်တစ်ခေါက် ပြန်လျှောက်ရဦးမှာပေါ့ဗျာ၊”ဟု တာလော့ဈေးသည်တစ်ဦးမှ ပြောကြားလာသည်။


GSM ဖုန်းကဒ်များကို (၄၀၀)ကဒ်သာ ချပေးထားသော်လည်း လာရောက်လျှောက်ထားသူများမှာ (၆၀၃၀)ဦး ရှိသည့်အတွက် ပေါက်မဲ(၄၀၀)ကို နှိုက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးမှ ကြီးကြပ်ပြီး မြို့မိမြို့ဖများနှင့် ဆက်သွယ်ရေးမှ တာဝန်ရှိသူများက စောင့်ကြပ်ကြည့်ရှုကာ မဲနှိုက်သူ နှစ်ယောက်တစ်တွဲလျှင် ဆယ်မဲနှုန်းဖြင့် နှိုက်စေခဲ့ကြသည်။


{ မဲနှိုက်သည့် ဗီဒီယို သတင်း မှတ်တမ်း}

"မဲမပေါက်ပဲ ကျန်နေတဲ့ လျှောက်လွှာတွေကိုတော့ နောက်လအတွက် မသုံးတော့ပါဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ မမှန်မကန်တဲ့ လျှောက်လွှာတွေကို တွေ့နေရတဲ့ အတွက် နောက်လကစပြီး  လျှောက်လွှာတွေကို ရပ်ကွက်အလိုက် စီစစ်ပြီး လက်ခံနိုင်ရန် စီစဉ်ထားပါတယ်၊ အိမ်ထောင်စုတစ်စုကို တစ်ယောက်နှုန်းသာ လျှောက်ထားနိုင်ရန်နဲ့ ရပ်ကွက်အလိုက် သေသေချာချာ လျှောက်ထားနိုင်ဖို့အတွက် လစဉ် (၁၀)ရက်နေ့ကနေ (၁၅)ရက်နေ့ထိ ရပ်ကွက်ရုံးတိုင်းမှာ ဖုန်းကဒ်အတွက် လျှောက်ထားနိုင်ပါတယ်၊ နောက်လတွေကစပြီး မဲနှိုက်လို့ မပေါက်တဲ့ လျှောက်လွှာတွေကို လက်ရှိနံပါတ်အစဉ်လိုက်အတိုင်း ပြန်ထည့်နှိုက်ပေးသွားပါမယ်၊ ပေါက်မဲစာရင်းတွေကိုလည်း သက်ဆိုင်ရာ ရပ်ကွက်ရုံးတွေမှာ ကပ်ထားပေးမှာဖြစ်ပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာတော့ အခုကပ်ထားသလို အပြည့်အစုံ ကပ်ထားပေးမှာဖြစ်ပါတယ်"ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး က တာချီလိတ်အွန်လိုင်းသတင်း သို့ ပြောကြားလာသည်။

ပြီးခဲ့သော CDMA ဖုန်းကဒ်များကို ပြည်သူများအနေဖြင့် စိတ်ဝင်စားမှုနည်းကြပြီး ယခု GSM ကိုတော့ စိတ်ဝင်စားမှုပိုမိုလာကာ ပထမအကြိမ်မှာပင် ကဒ်အရေအတွက် (၄၀၀)ထက် လျှောက်ထားသူ (၆၀၃၀)ဦးရှိလာခဲ့သည်ကို တွေ့ရှိရသည်။

ပေါက်မဲစာရင်းများကို ကြည့်ရန် ( http://www.tachileik.net/2013/07/GSMs.html )

ပုံများကိုကြည့်ရန်။
တာချီလိတ်မြို့၌ ပထမအကြိမ် GSM ၄၀၀ကဒ်ကို မဲနှိုက်ရောင်းချ
41 photos


« PREV
NEXT »