Latest News

Dropdown Menu

Showing posts with label ယာဉ်စည်းကမ်း. Show all posts
Showing posts with label ယာဉ်စည်းကမ်း. Show all posts

Sunday, February 16, 2014

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ပါခုတ်အနီးမှာ ယနေ့ ဖေဖော်ဝါရီလ(၁၆)ရက် နံနက်(၉)နာရီဝန်းကျင်က ကားနှင့် ဆိုင်ကယ်  ယာဉ်တိုက်မှု ဖြစ်ရာမှ လူတစ်ဦး ခြေကျင်းဝတ်ပြတ်ထွက်ပြီး ပွဲခြင်းပြီးသေဆုံးသွားကြောင်း သိရသည်။


အဆိုပါ ယာဉ်တိုက်မှုတွင် ဆိုင်ကယ် နှင့် ကား ပြင်းထန်စွာဖြင့် တိုက်မိတာဖြစ်ပြီး ကားပေါ်တွင် ရှိသော အမျိုးသားနှစ်ဦးအနက် ယာဉ်မောင်းသူမှာ လက်အရိုးကျိုးသွားကြောင်းနှင့် ၎င်းတို့နှစ်ဦးစလုံး ဒဏ်ရာပြင်းထန်စွာရရှိပြီး ဆိုင်ကယ်မောင်းသူ  အသက်(၃၈)နှစ်ရှိ အိုက်အောင်မှာ ခြေကျင်းဝတ်နေရာတွင် ပြတ်ထွက်သွားပြီး သေဆုံးသွားကြောင်း သိရသည်။

{ ပြတ်ထွက်သွားသော ခြေထောက်အပိုင်းအစ}

ယာဉ်တိုက်မှုဖြစ်ရာသို့  ဝမ်ပုံနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မောင်မောင်စိုး နှင့် အဖွဲ့မှရောက်ရှိသွားပြီး ဒဏ်ရာရရှိနေသော ကားမောင်းလာသူ နှစ်ဦးအား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ဖမ်းဆီးပြီး မဇ္ဈိမလူမှုကူညီရေးအသင်း(တာချီလိတ်)မှ သေဆုံးသူ၏ ရုပ်လောင်းအား အဆိုပါနေရာမှ သယ်ဆောင်ကာ တာချီလိတ်မြို့ ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


တာချီလိတ်မြို့၌ မကြာခဏ ယာဉ်တိုက်မှုများဖြစ်တာနှင့် ပတ်သက်၍ "လူတွေက ခက်တယ်ဗျ လမ်းတွေမကောင်းတော့ လမ်းမကောင်းဘူးပြောကြတယ်၊ လမ်းကောင်းပြန်တော့လည်း နင်းကန်မောင်းကြတယ်၊ အခုလို ဖြစ်သွားကြတော့ ဘယ်သူ့အတွက်မှ မကောင်းဘူးပေါ့ဗျာ... တာချီလိတ်မှာ ယာဉ်တိုက်မှုတွေ မကြာခဏဖြစ်နေလို့ ဆိုင်ကယ်မောင်းရင်တောင် ဘယ်ချိန် ကိုယ့်အနောက်ကနေ ၀င်တိုက်သွားမလည်းလို့တောင် လန့်နေရတယ်"ဟု ကျောင်းဆရာတစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Wednesday, February 5, 2014

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့သည် နယ်စပ်ဒေသမြို့တစ်မြို့ဖြစ်သည့်အတွက် စက်တပ်ယာဉ်များဖြစ်သည့် မော်တော်ကားများ နှင့် မော်တော်ဆိုင်ကယ်များသည် အဆမတန်များပြားသည်နှင့်အညီ ယာဉ်တိုက်မှုများမှာလည်း မကြာခဏဆိုသလို ဆက်တိုက် ဖြစ်ပွားနေလျှက်ရှိရာ ယနေ့ ဖေဖော်ဝါရီလ (၅)ရက် မွန်းလွဲ(၁း၃၀)နာရီဝန်းကျင်က တာချီလိတ် - ၀မ်ပုံသွားလမ်းပေါ်၌ ကားလမ်းချော်၍ ဓါတ်တိုင်အား ၀င်တိုက်မိရာမှာ ကိုယ်ဝန်(၅)လခန့်ရှိနေသည့် အသက်(၁၆)နှစ်အရွယ် အမျိုးသမီး တစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။



ဖြစ်စဉ်မှာ အသက်(၁၆)နှစ်အရွယ် ကိုယ်ဝန်သည် အမျိုးသမီး မောင်းလာသည် ကားတွင် မိသားစု(၄)ဦး ပါရှိပြီး မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါခုတ်နိုနမ့်လွတ်(ရွာသစ်) ဦးအိုက်ဆမ် ဥယျာဉ်ခြံရှေ့ ကားလမ်းမပေါ် အရောက်တွင် အရှိန်မထိန်းနိုင်တော့ပဲ ကားလမ်းချော်၍ လမ်းဘေးဓါတ်တိုင်အား အရှိန်ပြင်းစွာ ၀င်တိုက်မိရာမှ ကားပေါ်တွင် ပါလာသော အသက်(၆၅)နှစ်အရွယ် အဖွားအိုမှာ ဦးခေါင်းကွဲဒဏ်ရာ ရရှိပြီး ကျန်နှစ်ဦးမှာ ဒဏ်ရာ အနည်းငယ်စီရခဲ့ကြပြီး အသက်(၁၆)နှစ်အရွယ် အမျိုးသမီးမှာတော့ အဆိုပါ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Monday, January 20, 2014

နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ အမှန်တကယ် လိုက်နာမှု ရှိစေရန်နှင့် ယာဉ်တိုက်မှုများ လျော့ပါးသွားစေရန်အတွက် တာချီလိတ်ခရိုင်/မြို့နယ် ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ မှ ဇန်န၀ါရီလ(၂၁)ရက်နေ့မှ စ၍ ဆိုင်ကယ်စီး ဦးထုပ် မဆောင်းဘဲ စီးနင်းသည့် မော်တော်ဆိုင်ကယ်များအား (၇)ရက်တိတိ သိမ်းဆည်းသွားမည် ဖြစ်ပြီး သတ်မှတ် မော်တော်ယာဉ်ဥပဒေများဖြင့် တရားရုံးသို့တရားစွဲ တင်ပို့သွားမည်ဖြစ်ကြောင်း စသည့် အသိပေးကြေညာချက်အား ယနေ့ ဇန်န၀ါရီလ(၂၀)ရက်နေ့က ထုတ်ပြန်လိုက်သည်ကို တာချီလိတ်အွန်လိုင်းမှ ပြန်လည်၍ ဖော်ပြပေးလိုက်ပါသည်။


မိဘပြည်သူများသို့ အသိပေးကြေညာချက်
လေးစားအပ်ပါသော မိဘလုပ်သားပြည်သူအပေါင်းတို့ခင်ဗျား…..
ကျွန်တော်များ တာချီလိတ်မြို့နယ်အတွင်း မိဘလုပ်သားပြည်သူများမှ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်များ အသုံးပြုမှု များပြားလာသော်လည်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို လိုက်နာခြင်းမရှိဘဲ စည်းကမ်းမဲ့မောင်းနှင်နေကြသဖြင့် နေ့စဉ်နှင့်အမျှ ယာဉ်တိုက်မှု ယာဉ်တိမ်းမှောက် မှုများဖြစ်ပွားလျက်ရှိနေပါသည်။

ထိုသို့ ယာဉ်တိုက်မှု ယာဉ်တိမ်းမှောက်မှုများကြောင့် (၂၀၁၃)ခုနှစ်၊ တစ်နှစ်လုံးတွင် ယာဉ်တိုက်မှုပေါင်း(၇၃)မှု ဖြစ်ပွားပြီး၊ဒဏ်ရာရှိသူ အမျိုးသား(၆၈)ဦး အမျိုးသမီး(၂၂)ဦး စုစုပေါင်း(၉၀)ဦး ဒဏ်ရာရရှိကာ အမျိုးသား (၂၃)ဦး အမျိုးသမီး(၅)ဦး ပေါင်း(၂၈)ဦး သေဆုံးသွားခဲ့ရပါသည်။

ယာဉ်တိုက်မှုများကြောင့် သေဆုံးမှုနှုန်းထားမှာ တစ်လလျှင် လူ(၂)ဦးမှ(၃)ဦးအထိ သေဆုံးလျက်ရှိနေပါ သည်။ ယာဉ်တိုက်ခိုက်မှု၊ ယာဉ်တိမ်းမှောက်မှုများကြောင့် သေဆုံးသွားသူ အများစုမှာ ဆိုင်ကယ်စီးနင်းရာ၌ ဆိုင်ကယ်စီးဦးထုပ် မဆောင်းခြင်းကြောင့် ဦးခေါင်းဒဏ်ရာများရရှိပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိနေရပါသည်။

ဆိုင်ကယ်စီးနင်းရာတွင် လည်းကောင်း၊ မော်တော်ယာဉ်မောင်းနှင်ရာတွင် လည်းကောင်း၊ အရက်သေစာ သောက်စားမူးယစ်ပြီး အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊ လမ်းပြောင်းပြန်မောင်းနှင်ခြင်း၊ ယာဉ်နှစ်ထပ်ရပ်နား ခြင်း၊ ယာဉ်တစ်စီးနှင့်တစ်စီးလု၍ ကျော်တက်မောင်းနှင်ခြင်း၊ စက်ဘီးဆိုင်ကယ်များ လက်ယာကပ် မောင်းနှင်ခြင်းမပြုဘဲ အလယ်ယာဉ်ကြောမှ ခွ၍ မောင်းနှင်ခြင်း၊ လမ်းသွယ်လမ်းကြားမှယာဉ်များ လမ်းမကြီးသို့ မောင်းနှင်ထွက်ခွါရာတွင် ရပ်၊ ကြည့်၊ သွား မပြုလုပ်ဘဲ ဆန္ဒ စောစွာ မောင်းနှင်ထွက်ခွာ ခြင်းတို့ကြောင့် ယာဉ်တိုက်မှု ယာဉ်တိမ်းမှောက်မှုများ ဖြစ်ပွားကြခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိနေရ ပါသည်။

ယခုအခါတွင် တာချီလိတ်မြို့တွင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ အတိအကျလိုက်နာနိုင်ရေး အတွက် မီးပွိုင့်(၅)ခု တပ်ဆင်အသုံးပြုနေသော်လည်း၊ အချို့သောယာဉ်မောင်းများမှ မီးပွိုင့်မီးနီအား စောင့်ဆိုင်းခြင်းမရှိဘဲ ဖြတ်သန်းမောင်းနှင်နေမှုများကြောင့် ယာဉ်တိုက်မှုများဖြစ်ပွားလျက်ရှိသည်ကို လည်းစစ်ဆေးတွေ့ရှိရပါသည်။

အဆိုပါမီးပွိုင့်၊ မီးနီအား ဖြတ်သန်းမောင်းနှင်သည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား ဖမ်းဆီး အရေးယူနိုင်ရေးအတွက် မီးပွိုင့်နေရာ(၅)ခုအပါအ၀င် အချက်အခြာကျသည့် လမ်းဆုံ၊ လမ်းခွ နေရာ(၁၄)ခုတွင် CCTV ကင်မရာများ တပ်ဆင်ထားပြီးဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မိဘလုပ်သားပြည်သူများမှ ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အတိအကျ လိုက်နာမောင်းနှင်ကြပါရန်နှင့် လိုက်နာမှုမရှိသော မော်တော်ယာဉ် မော်တော်ဆိုင်ကယ်များကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၁ ရက်နေ့မှစ၍ ခရိုင်/မြို့နယ် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးအရေးယူသွားမည် ဖြစ်ပါကြောင်းနှင့် ဆိုင်ကယ်စီး ဦးထုပ် မဆောင်းဘဲစီးနင်းသည့် မော်တော်ဆိုင်ကယ်များအား (၇)ရက်တိတိ သိမ်းဆည်းသွားမည် ဖြစ်ပြီး သတ်မှတ် မော်တော်ယာဉ်ဥပဒေများဖြင့် တရားရုံးသို့တရားစွဲ တင်ပို့သွားမည် ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်။
ပုံ
ခရိုင်/မြို့နယ် ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ
တာချီလိတ်မြို့

အထက်ပါကြေညာချက်အား ခရိုင်ပြန်ဆက်မှလည်း မြို့တွင်းလှည့်လည်၍ အသိပေးကြေငြာ သွားမှာဖြစ်ကြောင်း သိရှိရသည်။


~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Sunday, January 12, 2014

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ ယနေ့ ဇန်န၀ါရီလ(၁၂)ရက် (၁၀)နာရီအချိန်က တာချီလိတ်မြို့ပေါ်တွင် ဆိုင်ကယ်စီး ဦးထုပ်မဆောင်းဘဲ စည်းကမ်းမဲ့ ဆိုင်ကယ် မောင်းနင်နေသည့် လုပ်သားပြည်သူများအား ရပ်တန့်စစ်ဆေး၍ ရှမ်းရိုးမကွင်းထဲ၌ ဆိုင်ကယ်စီးဦးထုပ်အလုံး (၂၀၀)အား အခမဲ့ ပေးဝေခဲ့ကြကြောင်း သိရသည်။


တာချီလိတ်ခရိုင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းထွန်း ဦးဆောင်၍ အခမဲ့ပေးဝေရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မြို့သာယာလှပရေး အထောက်အကူပြုအဖွဲ့ နှင့် တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့ တပ်စိတ်(၂)မှ တပ်စိတ်မှူး ရဲအုပ်သန်းဇော်လင်း၊ ရဲအုပ်စံသိန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပါဝင်ခဲ့ကြပြီး ဆိုင်ကယ်စီး ဦးထုပ်မဆောင်းဘဲ စည်းကမ်းမဲ့ ဆိုင်ကယ် မောင်းနင်နေသည့် ဆိုင်ကယ်မောင်းသူများအား အသိပညာပေးဟောပြော၍ ပေးဝေခဲ့ကြခြင်းဖြစ်သည်။


ထိုသို့ အသိပညာပေးဟောပြောရာတွင် ရဲအုပ်စံသိန်းမှ ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ပေးဝေရခြင်း၏ အဓိက ရည်ရွယ်ချက်များနှင့် ဆိုင်ကယ်မောင်းနင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်မဆောင်း၍ ယာဉ်တိုက်မှု ဖြစ်ပွားပါက ဦးခေါင်းဒဏ်ရာရရှိခြင်းကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း စသည့်ဖြင့် အသိပညာပေးဟောပြောပြီး အခမ်းအနား မပြုလုပ်မီ စစ်ဆေးတွေ့ရှိရသည့် ဆိုင်ကယ်စီး ဦးထုပ်မဆောင်းဘဲ စည်းကမ်းမဲ့ ဆိုင်ကယ် မောင်းနင်နေသူများထဲမှ အမျိုးသား (၁၃၅)ဦး နှင့် အမျိုးသမီး (၆၅)ဦး စုစုပေါင်း (၂၀၀)ဦးတို့ကို ဆိုင်ကယ်စီး ဦးထုပ်များအား တက်ရောက်လာသည့် တာဝန်ရှိပုဂ္ဂိုလ်များက လက်ဝယ်အရောက် အခမဲ့ ပေးဝေခဲ့ကြသည်။

တာချီလိတ်မြို့တွင် ယခုရက်ပိုင်း၌ ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားနေပြီး၊ ယာဉ်တိုက်မှု ဖြစ်ပွားသည့် အခါတွင်လည်း ဆိုင်ကယ်နှင့် ကား တိုက်မှုများကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှုများအနက် ဆိုင်ကယ်မောင်းသူများမှာ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသည့်အတွက် အများအားဖြင့် ဦးခေါင်းပိုင်းတွင် ဒဏ်ရာများရရှိတာဖြစ်ကြောင်းလည်း သိရသည်။

" မနက်က မော်တော်ပီကယ် ဖမ်းတယ်ဆိုတော့ ဒဏ်ငွေရိုက်မယ်ထင်နေတာ၊ ရှမ်းရိုးမကွင်းထဲ ရောက်တော့ ဆိုင်ကယ်ဦးထုပ်တွေကိုလည်း တွေ့ရပြန်တော့၊ ဆိုင်ကယ်စီး ဦးထုပ်တွေ ရောင်းမို့လားမသိဘူး၊ ပိုက်ဆံမပါတော့ ခက်ပြီလို့ တွေးမိလိုက်သေးတယ်၊ မကြာပါဘူး၊ မော်တော်ပီကယ်တစ်ဦးက ဆိုင်ကယ်စီး ဦးထုပ်တွေ အလကားပေးမှာ လို့ ပြောလာတော့ ပျော်သွားတယ်၊"ဟု စည်းကမ်းမဲ့ ဆိုင်ကယ်စီးဦးထုပ်မဆောင်းပဲ မောင်းနင်သူ အမျိုးသမီး တစ်ဦးမှ ပြောလာသည်။

"ကျွန်တော်ကတော့ဗျာ မုန့်ဝေတဲ့အလှည့် မရောက်ပဲ တုတ်ဝေတဲ့အလှည့်ကြုံခဲ့ရတယ်၊ ဟိုနေ့က ဆိုင်ကယ်စီး ဦးထုပ်မဆောင်းလို့ ဒဏ်ငွေဆောင်လိုက်ရတယ်၊ ဒီနေ့ ဆိုင်ကယ်စီးဦးထုပ်တွေ အခမဲ့ ပေးတယ်ဆိုတော့မှ ကျွန်တော် ဦးထုပ်ဆောင်းပြီး မောင်းဖြစ်တယ်"ဟု ဆယ်ကျော်သက်အရွယ်
ကောင်လေးတစ်ဦးမှ နောက်နောက်ပြောင်ပြောင် ပြောလာသည်။

"ဒီအစီအစဉ်က ကောင်းပါတယ်၊ ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့ လူတွေကို သက်ဆိုင်ရာက ကိုယ်တိုင်ဆောင်းပေးသလိုပါပဲ၊ ခက်တာက ယာဉ်မောင်းတွေ ကိုယ်တိုင်က အသက်ကို နှမျှောစိတ်ရှိတယ်ဆိုရင် ယာဉ်/လမ်း စည်းကမ်းလေးတော့ အသိစိတ်နဲ့ လိုက်နာကျင့်သုံးသင့်တယ်လေ"ဟု မြို့မိမြို့ဖ တစ်ဦးမှလည်း တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Tuesday, January 7, 2014

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့၌ ယနေ့ ဇန်န၀ါရီလ (၈)ရက် နံနက် (၁၀)နာရီဝန်းကျင်အချိန်က အမှတ်(၁) ချစ်ကြည်ရေး တံတားထိပ်ရှိ အ၀ိုင်းပတ်အနီး၌ လမ်းဖြတ်ကူးသူအား ကြက်ဥတင်လာသည့် ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်တော့ပဲ တိုက်မှုဖြစ်ပွားရာ နှစ်ဦးနှစ်ဖက် ဒဏ်ရာအနည်းငယ်စီရရှိသွားကြောင်း သိရသည်။


ဖြစ်စဉ်မှာ ကျန်ကျီလာ ဓါတ်ပုံဆိုင်ဘက်မှ လမ်းတစ်ဘက်သို့ ဖြတ်ကူးလာသော အသက် (၄၀)၀န်းကျင်ရှိ အမျိုးသမီးသည် ယာဉ်သွားယာဉ်လာများ၍ လမ်းအလယ်၌ ရပ်တန့်ပြီး အကူးမှာ ဘုရင့်နောင်ရုပ်တုဘက်မှ ကြက်ဥကတ်များ တင်ဆောင်လာသည့် ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်တော့ပဲ ယာဉ်မတော်တဆ တိုက်မှုဖြစ်ပွားရာ အတိုက်ခံရသည့် အမျိုးသမီးမှာ အဆိုပါနေရာ၌ လဲကျသွားခဲ့ပြီး ညာဖက် လက်နာကျင်သွားခဲ့ကြောင်းနှင့် ဆိုင်ကယ်မောင်းလာသူ အမျိုးသားမှာ အဆိုပါနေရာ၌ပင် ၁မိနစ်မျှ သတိလစ်သွားခဲ့ပြီး ပါးပြင် နှင့် ဒူးခေါင်းတို့တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။

"ဆိုင်ကယ်က အဝေးကနေ အရှိန်နဲ့မောင်းလာတာကို တွေ့လိုက်ရတော့ မတိုက်ခင်ကတည်းက တိုက်တော့မှာပဲလို့ ထင်လိုက်တယ်၊ မကြာဘူး တိုက်သံကြားရတော့တာပဲ"ဟု အနီးအနားရှိ
ဈေးသည်တစ်ဦးမှ ပြောပြသည်။

"ဒီနေရာက ယာဉ်သွား ယာဉ်လာ အရမ်းရှုပ်တယ်၊ ခဏခဏလည်း တိုက်မှုဖြစ်တယ်၊ ဖြစ်လိုက်ရင်လည်း သွေးထွက်သံယိုပဲ၊ အ၀ိုင်းပတ် ဆိုတော့ ယာဉ်သွား ယာဉ်လာအတွက် သက်ဆိုင်ရာတွေက အထူး စည်းကမ်း သတ်မှတ်ပေးရင် ကောင်းမယ်ဗျာ"ဟု အနီးအနားရှိ ဆိုင်ကယ် Taxi သမား တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

"အခု ယာဉ်တိုက်မှုကတော့ ဆိုးဆိုးရွားရွား မဟုတ်ပါဘူး၊ သို့ပေမဲ့လည်း တာချီလိတ်မှာ လမ်းကျဉ်းရတဲ့အထဲ ယာဉ်အမြန်မောင်းနေတာတွေ၊ လမ်းတစ်ဖက် တစ်ချက်မှာ ရပ်ထားတဲ့ ကားတွေ ဆိုင်ကယ်တွေကို ရပ်သင့်တဲ့နေရာ ရပ်ဖို့နဲ့ မရပ်သင့်တဲ့ နေရာတွေမှ မရပ်ဖို့ အထူး ကိုင်တွယ်ဖြေရှင်းပေးဖို့လိုတယ်ဗျာ၊ တာချီလိတ်မှာ ကိစ္စရှိလို့ အပြင်ထွက်ပြီးဆိုရင် အနောက်ကနေ ၀င်တိုက်သွားမလား တစ်ဖက်ကျော်လာတဲ့ ယာဉ်ကပဲ ၀င်တိုက်သွားမလားဆိုပြီး ဆိုးရိမ်နေရတယ်၊ "ဟု ယာဉ်တိုက်မှုဖြစ်ပွားရာနေရာတွင် ရောက်ရှိနေသူ မြို့မိမြို့ဖ တစ်ဦးမှလည်း ပြောလာသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Wednesday, January 1, 2014

ယနေ့ ၂၀၁၄ခုနှစ် ဇန်န၀ါရီလ(၁)ရက် နံနက်(၁၁)နာရီဝန်းကျင်က ကျိုင်းတုံမြို့မှ တဆင့် တာချီလိတ်သို့ မိုင်းဖုန်းဆရာတော်အား ဖူးမျှော်ရန်အတွက် အမျိုးသား(၂)ဦး အမျိုးသမီး(၅)ဦး နှင့် ကိုရင်လေးတစ်ပါး စုစုပေါင်း (၈)ဦး ပါဝင်သည့်အဖွဲ့သည် သုံးဘီးဆိုင်ကယ်ဖြင့် လာရာ မိုင်းဖြတ်မြို့နှင့် တာလေမြို့နယ်ခွဲကြားရှိ ကျတားရွာ နှင့် ပန်ခါးလုံရွာအလယ်တစ်နေရာ အကွေ့၌ မြေငလျင်ဒဏ်ကြောင့် လမ်း၏ အစွန်တွင် အနည်းငယ် လိမ်ဖယ်ဖြစ်နေသော ကတ္တရာလမ်းကြောင့် ချောက်ကပါးထဲ အရှိန်မထိန်းနိုင်မှုတို့ကြောင့် လူ(၈)ဦးနှင့် သုံးဘီးဆိုင်ကယ် ရောထွေး၍ ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။


ထိုသို့ ပြုတ်ကျသွားရာတွင် သုံးဘီးဆိုင်ကယ်မှာ ပျက်ဆီးနေပြီး လူ(၈)ဦးအနက် ကျောက်တုံးများဖြင့် ထိခိုက်မှုကြောင့် အသက်(၆၀)၀န်းကျင်ရှိ ဒေါ်ပါနွန်း၏ ၀ဲဘက်ခြေကောက်ဝတ်အရိုးမှာ ကျိုးသွားပြီး ညာဘက်ပါးပြင်နှင့် ဦးခေါင်းအပြင် မျက်ခွံတို့မှာ ဒဏ်ရာအကြီးရရှိတာကို တွေ့ရှိရသည်။ ဒေါ်ပါနွန်း၏ သမီးဖြစ်သူ ဒေါ်အီကောင်၏ နဖူးပြင်ထိပ်မှာ ကြီးမားသော ထိခိုက်ကွဲရှမှုဖြစ်ပေါ်ရာ စိုးရိမ်ဖွယ်ရှိ၍ ၎င်းတို့ သားအမိနှစ်ဦးအား တာချီလိတ်ပြည်သူ့ဆေးရုံမှတဆင့် မယ်ဆိုင်ဆေးရုံသို့ မဇ္ဈိမလူမှုကူညီရေးအသင်းမှ အရေးပေါ် ကူညီပို့ဆောင်ပေးခဲ့ကြကြောင်း သိရပြီး သုံးဘီးဆိုင်ကယ်တွင် ပါဝင်သူ (၈)ဦးအနက် ကျန် (၆)ဦးမှာ မစိုးရိမ်ရသော ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိကြောင်း သိရသည်။

ချောက်ထဲကျသွားသည့် သုံးဘီးဆိုင်ကယ်မှာ ငလျင်ဒဏ်ကြောင့် လိမ်ဖယ်ဖြစ်သွားသော ကတ္တရာလမ်းကြောင့် အရှိန်မထိန်းနိုင်တော့ပဲ ကျသွားခဲ့သည်ကို တာချီလိတ် စစစ မှ ဒု-စုံမှူးအောင်စိုးမိုး က တွေ့ရှိရ၍ အသက်အန္တရာယ် စိုးရိမ်ရသည့် ဒဏ်ရာရ အရေးပေါ်လူနာအား အမြန်ဆုံးသယ်ဆောင်လာခဲ့ပြီး တာချီလိတ်ပြည့်သူဆေးရုံသို့ ပို့ဆောင်ပေးခဲ့တာဖြစ်ကြောင်း သိရသည်။

{ ဖြစ်ပွားသည့်နေရာနှင့် တာချီလိတ်ဆေးရုံ အကွာအဝေး }

ထိုမှတဆင့် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေနှင့် အသင်းသူ/သားများ ရောက်ရှိလာကြပြီး အရေးပေါ်လူနာအား ထိုင်းနိုင်ငံမယ်ဆိုင်ဆေးရုံသို့ ပို့ပေးခြင်းအပြင် ဒဏ်ရာအနည်းငယ်သာရသည့် အမျိုးသားတစ်ဦးဖြစ်သူ အသက်(၄၉)နှစ်အရွယ်ရှိ ဦးစိုင်းရီကို ခေါ်၍ ယာဉ်ပြုတ်ကျသွားရာ နေရာအား သွားရောက်ကာ  ကျန်ရှိသည့် ပစ္စည်းများ ရှာဖွေပေးနိုင်ရန်အတွက် သွားရောက်ရှာဖွေရာ အဆိုပါနေရာအား ခက်ခက်ခဲခဲ ရှာဖွေခဲ့ရပြီး ကျန်ရှိသည့် ပစ္စည်းများအား မိုင်းဖြတ်မြို့နယ် တာဝန်မှူး ဒုရဲအုပ်အောင်ဇော်ဝင်း၊ မိုင်းဖြတ် ယာဉ်/စည်းမှ ရဲတပ်ကြပ်ညီညီသက်နှင့် ဆွတ်ပန်းရွာသူကြီး ဦးစိုင်းစိန်ဝင်းထွန်းတို့ အပါအ၀င် သိမ်းဆည်းပေးခဲ့ကြကြောင်း သိရှိရသည်။

"ဒီနေရာမှာ လမ်းက တစ်ဘက်တည်း စောင်းသလိုလို ဖြစ်နေတော့ ကျွန်တော့် သူငယ်ချင်းရဲ့ သုံးဘီးလည်း ဒီနေရာမှာ အခုလိုပဲ အရင်က ပြုတ်ကျဖူးတယ်"ဟု ဆွတ်ပန်းရွာသူကြီး ဦးစိုင်းစိန်ဝင်းထွန်းမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

သတင်းရုပ်သံနှင့် သတင်းဆောင်းပါးအား "မိုင်တိုင် ၉၄"အမည်ဖြစ် ဆက်လက်ဖော်ပြပါမည်။

ပုံများကိုကြည့်ရန်
လူ ၈ ဦး ပါသည့် သုံးဘီးဆိုင်ကယ်တစ်စီး ချောက်ထဲပြုတ်ကျ
17 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Sunday, October 27, 2013


27/10/2013/ 3:10M ခန့်က တာချီိလိတ်မြို့ ပါဆပ် ( ၃၃၁ စစ်တပ်ရှေ့အနီး ) မှာ ကားတစ်စီးမှ ဓါတ်တိုင်အား မတော်တဆ တိုက်မိမှုကြောင့် တာချီလိတ်တစ်မြို့လုံး မီးခေတ္တ ပျက်တောက်သွားခဲ့ပါသည်။ အဆိုပါဓါတ်တိုင်အား ပြုပြင်မှုကြောင့် ပါလျှံ မှ ဟောင်လိတ်ထိ ညနေ ၅နာရီဝန်းကျင်လောက်မှ မီးပြန်လည်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဓါတ်တိုင်အား ၀င်တိုက်မိသော ကားမှာ ရှေ့ပိုင်း ပျက်စီးသွားပြီး လူမှာ ဒဏ်ရာအနည်းအငယ် ရရှိကြောင်း တွေ့မြင်ရသူမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Sunday, September 15, 2013

မလှိုင်မြို့နယ်၊ ဆည်တိုဘက်မှ တာချီလိတ်ဘက်သို့ ဦးတည်လာသော ခရီးသည်နှင့်ကုန်ပစ္စည်းတင် ကားတစ်စီးသည် စက်တင်ဘာလ ၁၄ ရက်၊ နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန်ခန့်က ကျိုင်းတုံ-မိုင်းဖြတ် အဝေးပြေးလမ်းတစ်နေရာ၌ ရုတ်တရက် ချောင်းထဲသို့ ပြုတ်ကျ တိမ်းမှောက်မှုဖြစ်ပွားရာ ကိုယ်ဝန်ဆောင်နှစ်ဦး အပါအ၀င် ၁၁ ဦးပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။


"ကျွန်တော်တို့ ပန်ကွဲတောင်ပေါ်မှာ ရှိနေတုန်းက အဲ့ဒီကား ဖြတ်သွားတာတွေ့လိုက်တယ်၊ နာရီဝက်လောက်ပဲ ကြာမယ်ထင်တယ်၊ ကျွန်တော်တို့လည်း ပန်ကွဲတောင်က အထွက်မှာ အခုလိုဖြစ်နေတာကို တွေ့ရပါတယ်၊ အခုလိုဖြစ်တာကို တွေ့ရတော့ ကျွန်တော်တို့လည်း ဒဏ်ရာရသူတွေကို ကယ်ဆယ်ပြီး မိုင်းဖြတ်က တာဝန်ရှိသူတွေကို အကြောင်းကြားပေးခဲ့ပါတယ်"ဟု တာချီလိတ်နာရေးကူညီမှုအသင်းမှ အသင်းသားတစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

"ပွဲချင်းပြီး သေဆုံးသွားတဲ့ ကိုယ်ဝန်ဆောင် မိခင်နှစ်ဦးကို ဗိုက်ခွဲကြည့်တဲ့အခါမှာ ကလေးက အကောင်နည်းနည်းကြီးနေပြီ ၅လသား အရွယ်လောက်ရှိလိမ့်မယ်၊ နောက်တစ်ယောက်ကတော့ ၂လသား အရွယ်လောက် ရှိမယ်လို့ထင်တယ်ဗျ"ဟု နာရေးကိစ္စများကို ဆောင်ရွက်ပေးနေသူ အမျိုးသားတစ်ဦးမှ ပြောပြသည်။


ခုလိုဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ ကားမောင်းသူမှာ ရုတ်တရက် အိပ်ငိုက်သွားကြောင်း တာဝန်ရှိသူ ရဲထံ ထွက်ဆိုသည်ကို ကြားသိရသူမှ ပြန်လည်ပြောပြသည်။

ကားပေါ်တွင် ခရီးသည် ၂၂ ဦးပါဝင်ပြီး အမျိုးသမီး ၆ ဦး ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားအပါအ၀င် ၈ ဦး၊ အမျိုးသား ၃ဦး၊ စုစုပေါင်း ၁၁ ဦးသေဆုံးပြီး ကားမောင်းသူနှင့် စပါယ်ရာမှာ ထိခိုက်ဒဏ်ရာရရှိပြီး ကျန်လူများထဲမှ လက်အရိုးကျိုးဒဏ်ရာ နှင့် ပွန်းပဲ့ဒဏ်ရာများ ရရှိကြောင်းအပြင် သေဆုံးသူ ၁၁ ဦးအနက် ၄ဦးမှာ မိသားစုဝင်တွေဖြစ်ကြောင်း သိရှိရသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Saturday, September 14, 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ယာဉ်/လမ်းစည်းကမ်းနှင့် ပတ်သက်၍ ထိထိရောက် ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် စက်တင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၈နာရီအချိန်က တာချီလိတ်မြို့နယ် တပ်စိတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ နှင့် မဇ္ဈိမလူမှုကူညီရေးအသင်း (တာချီလိတ်+မိုင်းဆတ်) တို့မှ ပူးပေါင်း၍ ဆိုင်ကယ်စီးဦးထုပ်များအား အခမဲ့ပေးဝေမှု အစီအစဉ်တစ်ရပ်ကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


တာချီလိတ်မြို့နယ် တပ်စိတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးရှေ့တွင် ဆိုင်ကယ်ဦးထုပ်မဆောင်းပဲ သွားလာနေသူများ၊ ဆိုင်ကယ်စီး ဦးထုပ်မရှိသူများအား ရပ်တန့် စစ်ဆေးစီစစ်ပြီး မဇ္ဈိမလူမှုကူညီရေးအသင်း(တာချီလိတ်+မိုင်းဖြတ်)မှ လှူဒါန်းသည့် ဆိုင်ကယ်စီးဦးထုပ် ၁၀၀လုံးအား ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ယခုလို အခမဲ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။


ယခုလိုပြုလုပ်ရာမှာ တာချီလိတ်မြို့နယ် တပ်စိတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်စံသိန်း နှင့် ရဲအုပ်သန်းဇော်လင်း တို့ ဦးဆောင်သော ယာဉ်ထိန်းရဲတပ်ဝင်များနှင့် မဇ္ဈိမလူမှုကူညီရေးအသင်း (တာချီလိတ်+မိုင်းဆတ်) ဥက္ကဌ ဦးတင့်ဆွေ ဦးဆောင်သော အသင်းသား/အသင်းသူများမှ ဆိုင်ကယ်စီးဦးထုပ်မရှိသူများနှင့် မဆောင်းကြသူများအား ပေးအပ်တာဖြစ်ပြီး ပေးအပ်မှု မပြုလုပ်မီတွင် ရဲအုပ်စံသိန်းမှ ဆိုင်ကယ်စီးဦးထုပ်နှင့် ပတ်သက်သည့် ယာဉ်အန္တရာယ်ကာကွယ်ရေး အကြောင်းအရာများအား  အသိပညာပေးအဖြစ် ဟောပြောခဲ့ပြီးနောက် ဆိုင်ကယ်စီး ဦးထုပ်များအား ပေးအပ်ခဲ့ကြသည်။


"ယာဉ်ထိန်းရဲတွေအနေနဲ့ ဆိုင်ကယ်စီးဦးထုပ်မဆောင်းလို့ ဖမ်းတဲ့အခါမှာ စေတနာနဲ့ အသိပေးတာတွေ၊ ဒဏ်ရိုက်တာတွေ ရှိပါတယ်။ အခုအခါမှာတော့ ဆိုင်ကယ်စီးဦးထုပ်မရှိတဲ့ လူတွေလည်း ရစေချင်လို့၊ တစ်ချို့ကလည်း ရှိရက်နဲ့မဆောင်းတာပေါ့၊ ဒီတခေါက်တော့ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းတဲ့ လူတွေကို ဖမ်းပြီး ဒဏ်မရိုက်ပဲ ဆိုင်ကယ်စီးဦးထုပ် အခမဲ့ ပြန်လှူပေးဖို့ ကျွန်တော်တို့ မဇ္ဈိမလူမှုကူညီရေးအသင်းက အလုံး ၁၀၀ လှူဒါန်းပေးတာဖြစ်ပါတယ်၊ ဒီလိုလုပ်မှလည်း သက်ဆိုင်ရာတွေက ဆိုင်ကယ်ဦးထုပ်မဆောင်းလို့ ဖမ်းတာကို ဘာကြောင့် ဖမ်းတယ်ဆိုတာ နားလည်ကြမှာဖြစ်ပါတယ် "ဟု မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေမှ တာချီလိတ်အွန်လိုင်းသို့ ရှင်းပြသည်။

ယခုကဲ့သို့ ဆိုင်ကယ်စီးဦးထုပ်များကို  အခမဲ့ ပေးဝေနေမှုများအား မြန်မာပြည်တစ်ဝန်း၌ လုပ်ဆောင်နေကြကြောင်းလည်း သိရှိရသည်။

ပုံများအားကြည့်ရန်
တာချီလိတ်မြို့၌ ဆိုင်ကယ်စီးဦးထုပ် အလုံး ၁၀၀ အခမဲ့ပေးဝေ
26 photos

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Sunday, September 8, 2013

ယနေ့ (စက်တင်ဘာ ၈ ) နေ့လည် ၁၁နာရီ ၃၀မိနစ် အချိန်ခန့်က တာချီလိတ်မြို့နယ် ၊ မကာဟိုခမ်းရပ်ကွက်၊ "မေ"ဟိုတယ်ရှေ့ရှိ ဗိုလ်ချုပ်လမ်းမပေါ်တွင် အရှိန်ပြင်းသော ဆိုင်ကယ်တစ်စီးသည် ကားတစ်စီးအား ဖြတ်ကျော်ရာမှ ခြေလျင် လမ်းဖြတ်ကူးနေသူအား မတော်တဆ ယာဉ်နှင့်လူ တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ကိုမျိုးxxxx တစ်ဦးတည်း အမှတ်(၁) ချစ်ကြည်ရေးတံတား အ၀ိုင်းပတ်ဘက်မှ ဆေးရုံရှေ့ လမ်းဆုံဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်သည် "မေ"ဟိုတယ်ရှေ့ အရောက်၌ အရှေ့တွင် သွားနေသော ကားအား ကျော်လို၍ ဖြတ်ကျော်ရာမှ "သိင်္ဂီ"ဆီချက် ဆိုင်ဘက်သို့ ခြေလျင်လမ်းဖြတ်ကူးသူ အသက် ၄၆ နှစ်အရွယ်ရှိ ဒေါ်ရင်xxxxxအား ရုတ်တရက် အရှိန်မထိန်းနိုင်တော့ဘဲ ၀င်ရောက်တိုက်မိရာ ဆိုင်ကယ်မောင်းသူ ကိုမျိုးxxxxသည် ယာဖက်ပါးဖူးယောင်ပြီး အပေါ်ရှေ့သွားကျိုးဒဏ်ရာရရှိသွားခဲ့သည်။


ထို့အတူ တိုက်ခံရသူ ဒေါ်ရင်xxxxxမှာ ဦးခေါင်းနောက်စေ့ပေါက်ပြဲပြီး နားအတွင်းမှ သွေးထွက်ဒဏ်ရာ ရရှိကာ တာချီလိတ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စေခဲ့ပြီး စိုးရိမ်ရသဖြင့် ထိုမှတဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံသို့ ဆက်လက်ပို့ဆောင်လိုက်ရကြောင်း သိရသည်။

"ဆိုင်ကယ်က အရှိန်တော်တော်ပြင်းပုံရတယ်၊ ကားကို ကျော်တက်လိုက်တာ အရှေ့က အဒေါ်ကြီးကို ၀င်တိုက်မိပြီး ဆိုင်ကယ်တစ်ခြား လူတစ်ခြားဖြစ်သွားတယ်"ဟု ယာဉ်တိုက်မှုအား မြင်တွေ့လိုက်ရသူ အမျိုးသမီးတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

"ကျွန်တော်လည်း ရှိနေတယ်၊ ဒုန်းဆိုပြီး အသံကြားကြားခြင်း ကြည့်လိုက်တာ၊ ဆိုင်ကယ်မောင်းတဲ့လူက အပေါ်ကို မြောက်တက်သွားတာကိုတော့ တွေ့လိုက်ရတယ်၊ ခဏနေတော့ လမ်းမပေါ်မှာ သွေးတွေအများကြီးနဲ့ နှစ်ယောက်လုံး မှောက်နေတာကို တွေ့ရတော့တာပဲ"ဟု အနီးအနားရှိ မြင်တွေ့လိုက်ရသူ အမျိုးသားတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြလာသည်။

အဆိုပါကိစ္စ နှင့်ပတ်သက်၍ တာချီလိတ်မြို့နယ် တပ်စိတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ မြို့နယ် ရဲစခန်းသို့ သွားရောက် တိုင်ကြားအမှုဖွင့်ရာ မြို့နယ်ရဲစခန်းမှ အမှုအားလက်ခံပြီး ဆက်လက်၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Monday, July 8, 2013

တာချီလိတ်မြို့အတွင်း မီးပွိုင့်များ စတင် အသုံးပြုခြင်း အခမ်းအနားအား ဇူလိုင်လ(၈)ရက် နံနက်ပိုင်းက တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ရှမ်းရိုးမကွင်းအနီးရှိ မီးပွိုင့်တွင် ကျင်းပပြုလုပ်ရာ ရှေးဦးစွာ တာချီလိတ်ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအုပ် စံသိန်းက ယာဉ်စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် ရိုးမမြန်မာကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးမြင့်အောင်မှ မီးပွိုင့်များ တပ်ဆင်မှု အခြေအနေအား ရှင်းလင်းပြောကြားပါသည်။

ယင်းနောက် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းသင်ထွေးမှ မီးပွိုင့်အား စက်ခလုတ်နှိပ်ကာ ဖွင့်လှစ်ပေးပါသည်။ အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြကာ အမှတ်(၂) ချစ်ကြည်ရေးတံတားပွိုင့်၊ အာခါဈေးပွိုင့်၊ ပါလျှံပွိုင့်၊ ကျိုင်းတုံ-တာချီလိတ်လမ်းဆုံပွိုင့်များအား အစီအစဉ်အတိုင်း ဆက်လက်ဖွင့်လှစ်ကြသည်။

"ကျွန်တော်တို့ တာချီလိတ်မြို့က စီးပွားရေးဖွံ့ဖြိုးတဲ့ ဒေသဖြစ်တာနဲ့အညီ မော်တော်ယာဉ်သုံးစွဲမှု အလွန်များပြားပါတယ်၊ လမ်းမကြီးအနေနဲ့ကလဲ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး တစ်ခုသာရှိတဲ့ အတွက် ယာဉ်ကြောပိတ်ဆို့မှုတွေ မကြာမကြာ ဖြစ်တတ်ပါတယ်၊ အခုလို အချက်အချာကြတဲ့ လမ်းဆုံတွေမှာ မီးပွိုင့်တွေ တပ်ဆင်ပေးလိုက်တော့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို လူတွေက ပိုပြီးလေးစားလိုက်နာလာကြမှာဖြစ်ပါတယ်၊ အဲ့... လမ်းလယ်မှာ တပ်ဆင်ထားတဲ့ သံတန်းတွေကြောင့်လဲ မကြာမကြာ ယာဉ်မတော်တဆမှုတွေ ဖြစ်ခဲ့ပါတယ်၊ နေ့ခင်းမှာ သိပ်ပြဿနာမရှိပေမယ့် မှောင်မိုက်တဲ့ ညအချိန်တွေဆိုရင် ဒီသံတန်းတွေကို ရုတ်တရက်မမြင်ရပဲ ၀င်ရောက်တိုက်ခိုက်မိလို့ မကြာခဏဆိုသလိုပဲ ထိခိုက်မှုတွေ ဖြစ်နေတာကို တွေ့မြင်နေရပါတယ်၊ ဒါကြောင့် ဒီသံတန်းကြီးတွေကို ဖယ်ရှားပေးပါ၊ လမ်းမီးတွေကို ထွန်းပေးပါလို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြံပြုလိုပါတယ်"ဟု အခမ်းအနားသို့ တက်ရောက်လာသူ တစ်ဦးမှ ရင်ဖွင့်ပြောကြားသွားသည်။

ယနေ့ဖွင့်လှစ်လိုက်သည့် မီးပွိုင့်(၅)ခုမှာ စုစုပေါင်း ကျပ်သိန်း(၄၀၀)ကုန်ကျခဲ့ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် တာချီလိတ်မြို့တွင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအတွက် စတင် အသုံးပြုခြင်းဖြစ်ကြောင်း သိရှိရသည်။
သတင်းပေးပို့သူ။         ။ မောင်ယဉ်ကျေး


Tuesday, June 25, 2013

ယနေ့(၂၅.၆.၂၀၁၃) နေ့လည်(၁၂း၄၅)နာရီအချိန်ခန့်က တာချီလိတ်မြို့ ရေပူစမ်းဘက်မှ အပြန် ဖတ်ဟိ(အထက်)ရွာဘက် ကားလမ်းတစ်နေရာ ကုန်းဆင်းတွင် ရွှေတောင်တန်းပရဟိတ ကျောင်းထိုင်ဆရာတော် အပါအ၀င် သံဃာတော်(၅)ပါး လိုက်ပါလာသော ကားတစ်စီးသည် ချောက်ထဲကျသွားရာမှ ရွှေတောင်တန်း ကျောင်းထိုင်ဆရာတော် ကားမှောက်၍ ပျံလွန်တော်မူသွားကြောင်း သိရှိရသည်။

ကားမှောက်ရာတွင် ရွှေတောင်တန်းပရဟိတကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးဥာဏဓဇ၊ ဥူးခေမာဝိဒ၊ ဥူးနန္ဒာသီရိ၊ ဥူးခေမာသီရိ နှင့် ရွှေဘုန်းပွင့်ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးဝဏ္ဏဿမိနှင့် ကားဆရာ ဦးမောင်ညွှန့် ပါဝင်ပြီး ဆရာတော်များသည် ရေပူစမ်းဘက်မှ ဆွမ်းစားပင့်ဖိတ်သည့်အတွက် ကြွရောက်ခြင်းဖြစ်ရာ ရေပူစမ်းမှ ပြန်အကြွ ဖတ်ယိကျေးရွာ ကားလမ်းအကွေ့တစ်နေရာမှာ မိုးများလည်း ရွာထားသည်ဖြစ်ပြီး အကွေ့တစ်နေရာမှာ လမ်းချော်သွားကာ မထိန်းနိုင်တော့ပဲ ချောက်ထဲသို့ ကျသွားတာဖြစ်ကြောင်း သိရှိရသည်။

ကားသည် ချောက်ထဲသို့ ကျသွားခဲ့ရာ ရွှေတောင်တန်းကျောင်းထိုင် ဆရာတော်သည် ကားနှင့်ပိနေပြီး ဦးခေါင်း နောက်စေ့ပိုင်းတွင် အနည်းအငယ် ချိုင့်ဝင်သွားကာ ပျံလွန်တော်မူသွားခဲ့ပြီး ဆရာတော် ဦးခေမာဝိဒမှာ နံရိုးထိသွားသည်ဟု သိရသည်။ ရွှေဘုန်းပွင့်ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဝဏ္ဏဿမိ နှင့် ရွှေတောင်တန်းကျောင်းမှ ကျန် ဆရာတော်နှစ်ပါးမှာ မစိုးရိမ်ရသော ပွန်းပဲ့ဒဏ်ရာများ ရရှိသွားပြီး ကားဆရာ ဦးမောင်ညွှန့်သည် ဘယ်လက် လက်ဖျံရိုး ကျိုးသွားကြောင်း သိရသည်။

ရင်ခွဲရုံသို့ လာရောက်ကြည့်သူ အမျိုးသမီးတစ်ဦးမှ "ဆရာတော် ပျံလွန်တော်မူသွားတာ နှမျောစရာ ကောင်းတယ်၊ ဆရာတော်ကို မှီပြီးနေနေရတဲ့ ကလေးတွေ အများကြီးပဲ၊ ဆရာတော်ရဲ့ စွမ်းဆောင်ချက်တွေဟာ ချီးကျူးလို့ မဆုံးနိုင်ဘူး၊ ဆရာတော်ကြောင့် အာခါ၊ လားဟူတိုင်းရင်းသားတွေတောင် ဗုဒ္ဓဘာသာ တွေဖြစ်ကုန်ကြတယ်၊ "ဟု ပြောကြားလာသည်။

ရွှေတောင်တန်းပရဟိတကျောင်းထိုင် ဆရာတော် ဥူးဥာဏဓဇသည် အာခါ၊ လားဟူ တိုင်းရင်းသားများနှင့် မိဘမဲ့ ကလေးသူငယ်များကို ကျောင်းသို့ ခေါ်ယူထားကာ ကလေးသူငယ်များ တတ်သိလိမ္မာစေရေးနှင့် အတတ်ပညာများ တတ်မြောက်စေရေးအတွက် ဆရာတော်ကိုယ်တိုင် ပညာသင်ကြားပေးခြင်းများကို အပတ်တကုပ် ကြိုးစားဆောင်ရွက်နေသူဖြစ်ပြီး လက်ရှိတွင် ဆရာတော်မှ အခြားမြို့များသို့ ပညာသင်စေလွှတ်ထားသော ကျောင်းသား ကျောင်းသူများစွာ ရှိကြောင်းလည်း သိရသည်။

ပုံများကိုကြည့်ရန်
ရွှေတောင်တန်းကျောင်းထိုင်ဆရာတော် ကားမှောက်၍ ပျံလွန်တော်မူ
23 photos

Sunday, May 26, 2013

မေလ(၂၆)ရက်နေ့ မွန်းလွဲ(၁း၃၇)နာရီခန့်က တာချီလိတ်-တာလေသွား အဝေးပြေးလမ်းမပေါ်မှာ ကားတစ်စီး တိမ်းမှောက်နေကြောင်း တွေ့ရှိရသည်။
ဖြစ်စဉ်မှာ တာချီလိတ်ဘက်မှလာသော ကားသည် အဝေးပြေးလမ်းမပေါ်မှာ အရှိန်ပြင်းစွာ မောင်းနှင်လာရင်း တာလေဘက်မှ လမ်းကြောင်းလွဲကာ မောင်းနှင်လာသော ဆိုင်ကယ်အား ရှောင်လိုက်ရာမှ ယခုလို လမ်းဘေးသို့ ထိုးမှောက်သွားကြောင်းသိရသည်။

ဆိုင်ကယ်မှာ မောင်းပြေးသွားခဲ့ပြီး ကားမှာတော့ လမ်းဘေးမှာ အတန်ကြာ ကြာမြင့်စွာ ရှိနေလေရာ အိမ်ဆောက်ပစ္စည်းများသယ်ဆောင်လာသည့် ကားကြီးကို တားမြစ်ပြီး အကူအညီတောင်းကာ ကားအား ကြိုးဖြင့်ဆွဲယူနေကြသည်ကို တွေ့ရှိခဲ့ရသည်။ ကား၏ အရှေ့ဘက်ထောင့် မှန်မှာ ကွဲအက်သွားခဲ့သော်လည်း ကံကောင်းသည်က ကားမောင်းသူမှာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရှိရသည်။

{ဗီဒီယိုအားကြည့်ရန်}

ပုံများကိုကြည့်ရန်
တာချီလိတ်-တာလေ အဝေးပြေးလမ်းပေါ်တွင် ကားတစ်စီးတိမ်းမှောက်
16 photos


Saturday, April 27, 2013

 တာချီလိတ်မြို့၌ မီးပွိုင့် ၅ ခုတပ်ဆင်မည်
သတင်းပေးပို့သူ။         ။ မောင်ဆွေငြိမ်း                                              ဧပြီ (၂၇)

တာချီလိတ်မြို့သည် နယ်စပ်မြို့တစ်မြို့ဖြစ်ပြီး   မြို့ပြအဆောက်အအုံများ  တိုးတက်လာ    သကဲ့သို့  မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်စီးသူများလည်းများပြားလာသည် ယာဉ်များ သွားလာရာတွင်မြို့လယ် လမ်းမကြီးဖြစ်သော ဗိုလ်ချုပ်လမ်းမကြီးတစ်ခုသာ အဓိက အသုံးပြုလျက်ရှိသည်။

ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပေါ်စေရေးအတွက် ဒေသအုပ်ချုပ်ရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည်။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင်   မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့်  အမှတ်(၂)ချစ်ကြည်ရေးတံတားမှ ဆန်ဆိုင်းရပ်ကွက်ကိုဖြတ်ကာ မေဖလားဝါးကွင်းအထိ မြို့ပတ်လမ်းဖောက်လုပ်ခဲ့ရာ ယခုပြီးစီးပြီဖြစ်၍ ယာဉ်များသွားလာနေသည်ကိုတွေ့ရသည်။

{မီးပွိုင့်တပ်ဆင်ရန် ဆောင်ရွက်ထားစဉ် | ဓါတ်ပုံ မောင်ဆွေငြိမ်း}

ထို့ပြင်လမ်းဆုံများတွင်လည်း   မီးပွိုင့်များတပ်ဆင်ရန်စီစဉ်ခဲ့ရာ  ဂိတ်တဲများဆောက်လုပ်ခြင်း၊ ၀ါ၊ စိမ်း၊ နီမီးတိုင်များ တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည် မကြာမီ ပြီးစီးတော့မည် ဖြစ်ကြောင်းလည်း သိရှိရသည်။

 လောလောဆယ်တွင် မီးပွိုင့် (၅)ခု တပ်ဆင်မည်ဖြစ်ရာ  ကျိုင်းတုံအထွက်လမ်းဆုံ၊ အာခါဈေးလမ်းဆုံ၊ ပါလျှံဆီပန့်လမ်းဆုံ အမှတ်(၂) ချစ်ကြည်ရေး တံတားလမ်းဆုံနှင့် အားကစားရုံလမ်း လမ်းဆုံတို့တွင် တပ်ဆင်သွားမည်ဖြစ်သည်။ မီးပွိုင့်တစ်ခုကုန်ကျစရိတ်မှာ ငွေကျပ် (၇၈)သိန်းဖြစ်ပြီး၊  ကျိုင်းတုံအထွက် လမ်းဆုံမီးပွိုင့်မှာငွေကျပ်(၈၀)သိန်းဟု သိရှိရသည်။

          "မီးပွိုင့်များတပ်ဆင်ပြီးပါက ယခင်က လမ်းကြားမှထွက်ရသော ကားများသည် လမ်းမကြီးမှ ယာဉ်များ ရှင်းသည်အထိ စောင့်ဆိုင်းစရာမလိုတော့ပဲ သတ်မှတ်ချိန်တစ်ခုအထိသာ စောင့်ဆိုင်းရတော့မည်ဖြစ်ကြောင်း၊ ထို့ပြင် ယာဉ်တိုက်မှုအန္တရာယ်လည်း  လျော့ပါးသွားမည်ဖြစ်ကြောင်း" ယာဉ်ထိန်းရဲ  တာဝန်ခံရဲအုပ်စံသိန်းက ပြောကြားသည်။


Wednesday, February 20, 2013

ဖေဖော်ဝါရီ(၁၉)ရက်နေ့ ညနေ(၄)နာရီခန့်က တာချီလိတ်မြို့နယ် ထွေ/အုပ်ရုံးရဲ့ စည်းဝေးခန်းမမှာ ခရိုင်/မြို့နယ်အဆင့် ယာဉ်/လမ်းစည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီအစည်းအဝေးကို ပြုလုပ်ခဲ့ကြတာဖြစ်ကြောင်း သိရှိရပါတယ်။

အဆိုပါအစည်းအဝေးသို့ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး နေမျိုးထွဋ် နှင့် ခရိုင်/မြို့နယ်အဆင့်  ယာဉ်/လမ်း စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီဝင်များ အပါအ၀င် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်လာခဲ့ကြပြီး ယာဉ်/လမ်းစည်းကမ်းနှင့်ပတ်သက်သည့် ရှေ့လုပ်ဆောင်ရန် လုပ်ငန်းစဉ်များကို ဆွေးနွေးသွားခဲ့တာဖြစ်ပါတယ်။

အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ တာချီလိတ်မြို့နယ်အတွင်း ဖေဖော်ဝါရီ(၂၁)ရက်နေ့မှ စ၍ စည်းကမ်းပျက်မောင်းနှင်သည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ အနှေးယာဉ်များကို ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးအရေးယူသွားမှာဖြစ်ပြီး စည်းကမ်းပျက် ယာဉ်များကို စစ်ဆေးတွေ့ရှိရပါက ယာဉ်/လမ်းစည်ကမ်းထိန်းသိမ်းရေး ဥပဒေအရ မြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့ပြီး တရားရုံးသတ်မှတ် ဒဏ်ငွေအပြင် ယာဉ်/လမ်းစည်ကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ၏  စီမံခန့်ခွဲမှုဒဏ်ငွေ တစ်သောင်းကျပ်အား ထပ်မံဒဏ်ရိုက်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကိုလည်း မိမိတို့ရဲ့ရပ်ကွက်ကျေးရွာများအတွင်း မော်တော်ဆိုင်ကယ်ကို သတ်မှတ်ထားသည့်လူ(၂)ဦးထက် ပိုမစီးရန်၊ မေးသိုင်းကြိုးပါသည့် ဆိုင်ကယ်စီးဦးထုပ်အား ဆောင်းရန်၊ လမ်းဘေးတွင် ယာဉ်နှစ်ထပ်မရပ်ရန်၊ ဘာကြောင့်ရပ်ရပ် လမ်းဘေးကပ်တုံးနှင့် (၁)ပေ အကွာမှရပ်ရန်၊ ယာဉ်မောင်း လိုင်စင်အား တစ်ပါတည်း ယူဆောင်လာရန်၊ အရှိန်ပြင်းစွာ မောင်းနှင်ခြင်းမပြုရန်၊ အရက်သေစာသောက်စားမူးယစ်မောင်းနှင်ခြင်းမပြုရန် စသည့် အကြောင်းအရာများကို
ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသံချဲ့စက်ဖြင့်  ကြော်ငြာပေးရန် လိုကြောင်း ဆွေးနွေးတင်ပြသွားခဲ့ကြပါတယ်။

တာချီလိတ်မြို့ပေါ် ရပ်ကွက်များအတွင်း/အပြင်များမှာ ယာဉ်မတော်တဆဖြစ်မှုများ အဖြစ်များနေသည့် အတွက်ကြောင့် ပြည်သူများအနေဖြင့် ယာဉ်/လမ်းစည်းကမ်းကို စနစ်တကျ လိုက်နာဆောင်ရွက်တတ်စေရန် ပညာပေးခြင်းအဖြစ် ကျောင်းများမှာ ဟောပြောပွဲများပြုလုပ်ခြင်း၊ သတိပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း စသည့် ယာဉ်/လမ်းစည်းကမ်း အသိပညာပေးခြင်းများကို ပြုလုပ်ခဲ့သော်လည်း အလေးထားလိုက်နာခြင်းမရှိတဲ့အတွက်ကြောင့် ယခုလို အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ခဲ့ကြတာဖြစ်ကြောင်း သိရပါတယ်။


Saturday, January 5, 2013

၂၀၁၃ခုနှစ် ဇန်န၀ါရီလ(၅)ရက်နေ့ နံနက်(၉)နာရီက တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြပါတယ်။

{ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်း}

အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်း နှင့် တာချီလိတ်ခရိုင်အဆင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအပါအ၀င် လူမှုအဖွဲ့အစည်းများ၊ အငှားမော်တော်ဆိုင်ကယ်ပြေးဆွဲသူများ စုစုပေါင်း ဦးရေ(၃၅၀)ခန့် တက်ရောက်လာခဲ့ကြတာကို တွေ့ရပါတယ်။


အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းမှ အဖွင့်အမှာစကားကို ပြောကြားရာမှာ ၎င်းအနေဖြင့် တာချီလိတ်မြို့သို့ ရောက်ရှိစဉ် တစ်မြို့လုံး လျှောက်ပတ်ကြည့်ရာမှာ မြို့တွင်း၌ မီးပွိုင့်များထားရှိခြင်းမရှိသည်ကို တွေ့မြင်ရပြီး ယာဉ်/လမ်းစည်းကမ်းအတွက် လမ်းတစ်လျှောက်တွင် လိုအပ်သည်များကို ဖြည့်စွတ်ရန်အတွက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။


ဆက်လက်ပြီး တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး  ဒု-ရဲမှူးကြီး နေမျိုးထွဋ် မှ ယာဉ်/လမ်း စည်းကမ်း အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်ထိန်းတာဝန်ခံအရာရှိ ရဲအုပ် စံသိန်း နှင့် အဖွဲ့ဝင်တို့မှ ယာဉ်/လမ်းစည်းကမ်းနှင့်ပတ်သက်၍ သိကောင်းစရာများ၊ ယာဉ်လမ်းနှင့် ပတ်သက်၍ မည်သို့မောင်းနင်သွားလာသင့်ကြောင်းကို ပုံများဖြင့်ပြသခြင်းအပြင် မှတ်သား လိုက်နာစရာများကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြသခဲ့ကြပါတယ်။


ယာဉ်ထိန်းတာဝန်ခံအရာရှိ ရဲအုပ် စံသိန်းမှ ယာဉ်/လမ်းစည်းကမ်းနှင့် ပတ်သက်၍ မီးပွိုင့်များ တပ်ဆင်ရန်အတွက် ထိုင်းနိုင်ငံမှ မီးပွိုင့်များရောင်းချတပ်ဆင်ပေးသော ကုမ္ပဏီတစ်ခုအား ဆက်သွယ်ကာ ဈေးနှုန်းစုံစမ်းကြည့်ရာမှာ တပ်ဆင်ခအပါအ၀င် ကျပ်ငွေဖြင့်တွက်သော် သိန်း(၂၅၀)ခန့်ရှိပြီး ပြည်တွင်းဖြစ် မီးပွိုင့်ဖြစ်သော ရိုးမမြန်မာမှ မီးပွိုင့်မှာ ကျပ်သိန်း(၇၀)ကျော်ရှိကြောင်း နှင့် တာချီလိတ်တွင် မီးပွိုင့်များတပ်ဆင်မည်ဆိုပါက (၇)ခုခန့်တပ်ဆင်ရမှာဖြစ်ကြောင်း၊ တင်ဆင်ပြီးသွားသော မီးပွိုင့်များထားရှိသည့်နေရာများတွင် ယာဉ်ထိန်းနားနေခန်း သို့မဟုတ် မီးပွိုင့်ထိန်းစက်ခန်းများ ထားရှိရာမှာလည်း တစ်ခန်းကို ကျပ်ငွေ(၁၅)သိန်းခန့် ကုန်ကျမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။


ယာဉ်/လမ်းစည်းကမ်းနှင့်ပတ်သက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်တိုက်မှုဓါတ်ပုံများ လမ်းကြော အမှား အမှန် သင်္ကေတပြပုံများဖြင့် အသေးစိပ်ရှင်းလင်းပြသပြောကြားခဲ့ကြပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းမှ နိဂုံးချုပ်အမှာစကားပြောကြားရာမှာ တာချီလိတ်မြို့တွင် ယာဉ်/လမ်းစည်းကမ်း ပညာပေးစီမံချက်များပြုလုပ်သွားမှာဖြစ်ပြီး စီမံချက်ပြီးသွားပါက လမ်းတစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှုများ ယာဉ်များစည်းကမ်းမဲ့ရပ်နားနေမှုများကို လျော့ပါးသွားစေရန်အတွက် လမ်းဘေးတွင် ကားများ ရပ်နားလျှင် ယာဉ်ရပ်နားခကို အချိန်ဖြင့်တွက်၍ ကောက်ခံခြင်းများပြုလုပ်သွားမှာဖြစ်ပြီး ထိုကဲ့သို့ ပြုလုပ်ခြင်းဖြင့် ယာဉ်ပိုင်ရှင်များမှာ ယာဉ်ရပ်နားမည်ဆိုပါက ယာဉ်ရပ်နားခကို အချိန်ဖြင့်တွက်ချက်ပြီး ပေးရတော့မည်ဖြစ်တာကြောင့် ယာဉ်များကို အကြောင်းမဲ့ အချိန်ကြာမြင့်စွာ ရပ်နားကြခြင်းမှ တဖြေးဖြေးလျော့ပါးသွားမှာဖြစ်ပြီး လမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ကားလမ်းမတစ်လျှောက် ယာဉ်လမ်းကျဉ်းသွားမှုများ လျော့ပါးသွားနိုင်မည့်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ဆက်လက်၍ ပြောကြားရာမှာ ယာဉ်/လမ်း စည်းကမ်းမလိုက်နာသူများကို ဒဏ်ငွေများသတ်မှတ်ခြင်းနှင့် ယာဉ်ရပ်နားခြင်းများကို ကောက်ခံခြင်းစသည့် ယာဉ်/လမ်း စည်းကမ်းနှင့်ပတ်သက်၍ ရရှိလာမည့် ဒဏ်ငွေများကို ဌာနဆိုင်ရာအကြီးအကဲများ နှင့် ဘဏ်တွင် ငွေစာရင်းဖွင့်ထားကာ စုထားမှာဖြစ်ပြီး အများပြည်သူများအတွက် လိုအပ်သည့်နေရာများမှာ အသုံးပြုမည့်အချိန်အခါမျိုး၌ ထုတ်ယူ၍ အသုံးပြုမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားပြီး အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်စေခဲ့ပါတယ်။

ယာဉ်မတော်တဆ ဖြစ်ပွားမှုနှင့်ပတ်သက်၍ ၂၀၁၂ခုနှစ်အတွင်းတွင် မြန်မာတစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုများ (၁၀၅၃၉)မှုဖြစ်ပွားခဲ့ပြီး သေဆုံးသွားသူများမှာ (၃၀၃၇)ဦးရှိပြီး ရှမ်းပြည်နယ် တစ်ခုလုံးတွင် ယာဉ်တိုက်မှု (၉၅၉)မှုဖြစ်ပွားခဲ့ကာ သေဆုံးသွားသူများမှာ (၃၂၃)ဦးရှိကြောင်းသိရပါတယ်။ တာချီလိတ်ခရိုင်တစ်ခုလုံးမှာလည်း ယာဉ်တိုက်မှုများ (၈၅)မှုဖြစ်ပွားခဲ့ပြီး သေဆုံးသွားသူများမှာ (၂၈)ဦးရှိခဲ့ကြောင်း သိရှိရပါတယ်။

သတင်းဓါတ်ပုံများကိုကြည့်ရန်





Monday, December 24, 2012

တာချီလိတ်မြို့တွင် မော်တော်ဆိုင်ကယ်များ ကားများ သုံးဘီးဆိုင်ကယ်များမှာ များပြားမှုနှင့်အညီ ယာဉ်တိုက်မှုများလည်း မကြာခဏဆိုသလို ဆက်တိုက်ဆိုသလို ဖြစ်လေ့ရှိတာကိုတွေ့ရပါတယ်။

ယာဉ်တိုက်မှုများ ယာဉ်စည်းကမ်းများကို သက်ဆိုင်ရာ ယာဉ်ထိန်းရဲများမှ မည်မျှပင် သတ်မှတ်ထားပါစေ ယာဉ်မောင်းသူများ ကိုယ်တိုင်က ယာဉ်စည်းကမ်းသိရှိဖို့ လိုမှာဖြစ်ပါတယ်။ တာချီလိတ်မြို့တွင် ယာဉ်တိုက်မှုများဖြစ်လေ့ရှိရာ အများအားဖြင့်မှာ အရွယ်မရောက်သေးသူ ကျောင်းသား/သူများ ကလေးသူငယ်များ၏ အကြမ်းမောင်းနင်မှုကြောင့်သော်လည်းကောင်း မြို့လယ်ကားလမ်းမပေါ်တွင် ယာဉ်နှစ်ထပ်ရပ်တန့်ခြင်းများ၊ ထို့အပြင် ပုံပါအတိုင်း လမ်းပြောင်းပြန်ထိပ်တိုက်ရပ်တန့်မှုများ စသည့်တို့ကြောင့်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။


{  လမ်းပြောင်းပြန် ထိပ်တိုက်ရပ်တန့်ထားသော ကား }

မြို့လယ်ကားလမ်းမပေါ်တွင် ယာဉ်များ တစ်ဖက်တစ်ချက်ရပ်တန့်မှုများ ကန့်လန့်ရပ်မှုများအပြင် အရွယ်မရောက်သေးသူများအနေဖြင့် ဆိုင်ကယ်များကို မောင်းနင်ရာမှာ အကြမ်းဗတမ်းမောင်းနင်မှုများကို တွေ့ရှိနေရပြီး ထိုကဲ့သို့ အကြမ်းဗတမ်းမောင်းနင်မှုကြောင့်လည်း ယာဉ်တိုက်မှုများဖြစ်ပွားတာကို တွေ့ရှိရပါတယ်။

ကားများ ဆိုင်ကယ်များအနေဖြင့် ယာဉ်/လမ်းစည်းကမ်းများကို မိမိကိုယ်တိုင်လိုက်နာနိုင်မည်ဆိုပါက တာချီလိတ်မြို့ရှိ မြို့လယ်ကားလမ်းမပေါ်တွင် ယာဉ်တိုက်မှုများ လမ်းပိတ်ဆို့မှုများ ကင်းဝေးနိုင်မည်ဖြစ်ကြောင်း သုံးသပ်မိ၍ တင်ပြလိုက်ပါတယ်။