Latest News

Dropdown Menu

Showing posts with label ပါတီသတင်း. Show all posts
Showing posts with label ပါတီသတင်း. Show all posts

Wednesday, January 8, 2014

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်း စသည့် ရှမ်းပြည်တစ်ဝန်းလုံးတွင် နေထိုင်ကြသည့် ရှမ်းတိုင်းရင်းသား လူဦးရေစာရင်း ကောက်ယူရေးနှင့် ရှမ်းပြည်နယ်အတွင်းနေထိုင်သူ စုစုပေါင်း လူဦးရေစာရင်း ကောက်ယူရေးစသည်တို့အတွက် "ရှမ်းပြည်နယ် ရှမ်းတိုင်းရင်းသားများ လူဦးရေစာရင်း ကောက်ယူရေးကော်မတီ"(ဗဟို)မှ သင်ကြားပို့ချသော သင်တန်းကို ယနေ့ ဇန်န၀ါရီလ(၈)ရက် နံနက်ပိုင်းမှစ၍ တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စုရှိ ၀မ်လုံဘုန်းကြီးကျောင်းထဲ၌ စတင်ပို့ချလျှက်ရှိကြောင်း သိရသည်။


အဆိုပါ သင်တန်းအား "ရှမ်းပြည်နယ် ရှမ်းတိုင်းရင်းသားများ လူဦးရေစာရင်း ကောက်ယူရေးကော်မတီ"(ဗဟို)မှ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းမောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန့်ဇင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံဖေ နှင့် အဖွဲ့မှ လာရောက်သင်ကြားပို့ချပေးတာဖြစ်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မြို့နယ်နှင့် မြို့နယ်ခွဲ (၁၄)မြို့နယ်တို့မှ သင်တန်းသား/သူ အယောက်(၁၀၀)၀န်းကျင်တို့မှ မိမိတို့၏ မြို့နယ်များတွင် ပြန်လည်၍ ဆင့်ပွားသင်တန်းပေးနိုင်ရန်အတွက် လာရောက် လေ့လာသင်ယူတာ ဖြစ်ကြောင်း သိရသည်။


"ရှမ်းပြည်နယ်ထဲက ရှမ်းတိုင်းရင်းသားတွေရဲ့ စာရင်းကို ရှမ်းပြည်တစ်ပြည်လုံးကောက်မှာပါ၊ ရှမ်းတိုင်းရင်းသား အမှန်ဖြစ်စေရေးအတွက်ပါ၊ တစ်ချို့က ရှမ်းဖြစ်ပြီး၊ မှတ်ပုံတင်မှာ အဖွဲ့အစည်းတွေရဲ့ ဆွဲသွင်းခံရမှုကြောင့် ရှမ်းကနေ ပအိုဝ်းလို့ အမည်ခံထားရတာမျိုး၊ ဗမာလို့ အမည်ခံထားပြီး ဖြည့်ထားတာမျိုးတွေ ရှိနေပါတယ်၊ ရှမ်းဆိုရင် ရှမ်းပဲဖြစ်ရမှာပါ၊ အဲ့လိုမျိုးတွေကို စိစစ်ကောက်ယူပြီးတော့ ရှမ်းလူမျိုးဆို ရှမ်း အဖြစ်၊ ပအိုဝ်းဆို ပအိုဝ်း စသည်ဖြင့် အမှန်ပြန်ပြင်ပေးဖို့ဖြစ်ပါတယ်"ဟု အဆိုပါအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဖြစ်သူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်းမောင် က တာချီလိတ်အွန်လိုင်းသို့ ရှင်းပြသည်။

"ခုချိန်ထိ ရှမ်းပြည်နယ်ထဲမှာ အိမ်ထောင်စု စာရင်းတွေ မှတ်ပုံတင်တွေ မလုပ်ရသေးတဲ့ လူတွေရှိသေးတယ်၊ တော်တော်ဝေးတဲ့ ရွာတွေထဲမှာပေါ့၊ ကျွန်တော်တို့ ကော်မတီက စာရင်းကောက်လို့ရပြီဆိုရင် မှတ်ပုံတင်မရှိသေးတဲ့ လူတွေ အိမ်ထောင်စုစာရင်း မရှိသေးတဲ့ လူတွေကို ဆောင်ရွက်ပေးဖို့ ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြသွားမှာဖြစ်ပါတယ်"ဟု ၎င်းမှာ ဆက်လက်ရှင်းပြသည်။

ရှမ်းပြည်နယ်အတွင်း၌ အဆိုပါ ကော်မတီမှ လူဦးရေစာရင်း ကောက်ယူရာတွင် ရှမ်းတိုင်းရင်းသား တစ်မျိုးတည်းအတွက်ကို မဟုတ်ပဲ ရှမ်းပြည်နယ် အတွင်း၌ နေထိုင်လျှက်ရှိသည့် ကျန်တိုင်းရင်းသားများကိုလည်း စာရင်းပြုစုသွားမှာဖြစ်ပြီး အများနှင့် လက်လှမ်းဝေးနေသည့် ဒေသများရှိ ရွာများမှ လူဦးရေများကိုလည်း အတိအကျရရှိရေးနှင့် မှတ်ပုံတင်မရှိက ပြုလုပ်ပေးရေး စသည်တို့ကို အဓိက ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာရင်းကောက်ယူမှုကို ဇန်န၀ါရီလ၏ နောက်ဆုံး အပတ်တွင် စတင်၍ ဆောင်ရွက်တော့မှာဖြစ်ပြီး ဖေဖော်ဝါရီလ (၁)လလုံး အထူးကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် သတ်မှတ်ကာလကိုတော့ သုံးလလျာထားကြောင်း အဖွဲ့ခေါင်းဆောင် ဦးစိုင်းသန်းမောင်၏ ပြောဆိုချက်အရ သိရသည်။

ရှမ်းပြည်နယ် ရှမ်းတိုင်းရင်းသားများ လူဦးရေစာရင်း ကောက်ယူရေးအတွက် ဗဟိုမှ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ၌ သင်တန်းပို့ချရာ သင်တန်းသား သင်တန်းသူ (၂၁၆)ဦးရှိခဲ့ပြီး ရှမ်းပြည်နယ် တောင်ပိုင်း နမ့်ဆမ် မှာတော့ သင်တန်းသား သင်တန်းသူ (၂၅၁)ဦး နှင့် ယခု ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့၌ ကျင်းပပြုလုပ်ရာ သင်တန်းသား သင်တန်းသူ (၁၀၀)၀န်းကျင် လာရောက် လေ့လာသင်ယူခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ရှမ်းတိုင်းရင်းသားများ လူဦးရေစာရင်း ကောက်ယူရေးအတွက် ကုန်ကျမည့် ငွေကြေးနှင့် ပတ်သက်၍ "ရှမ်းပြည်နယ် အတွင်းမှာ ရှိတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ကုမ္ပဏီကြီးတွေ ဥပမာ KBZ တို့လိုပေါ့၊ ရှမ်းပြည်နယ်အတွင်း အကြီးစားလုပ်ငန်းရှင်းတွေ ကနေ လိုအပ်တဲ့ ငွေကြေးအတွက် အကူအညီတောင်းပြီး ဆောင်ရွက်သွားမှာပါ၊ ကျွန်တော်တို့ တစ်မြို့နယ်ကို (၃)လအတွင်း ခန့်မှန်း ကျပ် သိန်း(၂၀)အသုံးပြုဖို့ လျာထားပါတယ်။ ရှမ်းပြည်နယ်တစ်ခုလုံး (၈၄)မြို့ဆိုတော့ ကျပ်သိန်းပေါင်း ထောင့်ခြောက်ရာကျော် လောက် ကုန်နိုင်ဖွယ်ရှိပါတယ်"ဟု အဖွဲ့ခေါင်းဆောင် ဦးစိုင်းသန်းမောင်မှ ရှင်းပြသည်။

တာချီလိတ်မြို့နယ်တွင် ပြုလုပ်သော အဆိုပါ သင်တန်းအား ဇန်န၀ါရီလ(၈)ရက်မှ (၁၀)ရက်နေ့ထိ သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းပြီးမြောက်သွားပါက ယင်းကိစ္စအား ယခုလ၏ နောက်ဆုံးအပတ်၌ စတင်မှာ ဖြစ်ကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Monday, January 6, 2014

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်းအုပ်စုရှိ မိုင်းဖုန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဉာဏသံဝရ၏ သာသနာနယ်မြေများကို မှန်ကန်စွာဖြစ်စေရေးနှင့် ဥပဒေနှင့်အညီ ဖြစ်စေရေးအတွက် ၂၀၁၄ခုနှစ် ဇန်န၀ါရီလ(၆)ရက်နေ့က လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် အဖွဲ့ခေါင်းဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်၊ တာချီလိတ်မြို့နယ်မြေစာရင်းဦးစီး ဦးရဲရင့်ထွဋ် နှင့် အဖွဲ့တို့မှ သွားရောက် ကွင်းဆင်း၍ လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ဆရာတော်၏ သာသနာနယ်မြေများကို မြေစာရင်းပုံစံ (၁၀၅)နှင့် မြေဂရန်ရရှိရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်ထံ တင်ပြသွားမည်ဖြစ်ပြီး ခွင့်ပြုချက်နှင့်အညီ ဆရာတော်ဘုရားကြီး၏ ၀တ္တကမြေနေရာအားလုံးကို ရာသက်ပန် မှတ်တမ်းပြု၍ သာသနာတော် ထွန်းကား ပြန့်ပွားရေးအတွက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း လယ်ယာမြေကော်မရှင် အဖွဲ့ခေါင်းဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန် ထံမှ သိရှိရသည်။

{ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန် နှင့် အဖွဲ့}

မိုင်းဖုန်းဆရာတော်၏ သာသနာပြုရာ နယ်မြေများအား မြေဂရန်ရရှိစေရေးအတွက် လာရောက် ကွင်းဆင်းသည့်  လယ်ယာမြေကော်မရှင် အဖွဲ့ခေါင်းဆောင် မိုင်းပျဉ်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်သည် ဆရာတော်အား မြန်မာပြည်သို့ ပြန်လည်ကြွခွင့်ရရှိရေးအတွက် လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သုံးဦးအနက် တစ်ဦးအပါအ၀င်ဖြစ်ကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်သည် မွေးနေ့ပွဲလွန်မြောက်ပြီးနောက် ထိုင်းနိုင်ငံသို့ ခေတ္တကြွမြန်းပြီး၊ တာချီလိတ်သို့ ပြန်လည်ကြွရောက်ကာ ရန်ကုန်မှတဆင့် ဗုဒ္ဓဂါယာသို့ ကြွမြန်းမည်ဖြစ်ကြောင်း သိရသော်လည်း သတ်မှတ်ရက်ကိုတော့ မသိရှိသေးကြောင်း ဆရာတော်၏ ဒကာတစ်ဦးထံမှ သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Sunday, December 22, 2013

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲ နားဟိုင်းလုံကျေးရွာမှ လယ်သမားများသည် တောင်ပေါ်ရွှေတူးဖော်လုပ်ကွက်များမှ  စီးဆင်းလာသော ရေနှင့်သဲများသည် စိုက်ပျိုးလယ်မြေများသို့ ၀င်ရောက်လာမှုများကြောင့် လယ်မြေအတွင်း အနည်ထိုင်မှုများ ဖြစ်ပေါ်လာခဲ့ရာမှ ရာသီစပါး စိုက်ပျိုးရန် အခက်အခဲဖြစ်နေသည့် ကိစ္စနှင့် ပတ်သက်၍ နစ်နာကြေးရလိုမှုကို တာချီလိတ်မြို့မှ ဒေသဆိုင်ရာ အုပ်ချုပ်ရေးသို့အပြင် နေပြည်တော်အထိ တိုင်စာပေးပို့ခဲ့ကြသည့်အတွက် ၎င်းတို့၏ ကိစ္စအား ၂၀၁၃ခုနှစ် ဇွန်လ ကတည်းက ဖြေရှင်းပေးခဲ့ရာမှ မိုးရာသီအတွင်း စိုက်ပျိုးနိုင်ခဲ့သည့် နှုန်းထားများပေါ် မူတည်၍ ယနေ့ ဒီဇင်ဘာလ (၂၂)ရက် မွန်းလွှဲပိုင်းမှာ ရွှေတူးဖော်ရေးကုမ္ပဏီနှစ်ခုမှ နစ်နာကြေးအဖြစ် ထိုင်းဘတ်ငွေ (၁၆)သိန်းကျော်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး(တာလေမြို့နယ်ခွဲ)တွင် လယ်သမားများအား တစ်ဦးချင်းစီး ပေးအပ်ခဲ့ကြသည်။


ထိုသို့ မပေးအပ်မီမှာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် တာလေမြို့နယ်ခွဲအုပ်ချုပ်ရေးမှူး၊ မြေစာရင်း၊ စိုက်ပျိုးရေး၊ ဆည်မြောင်း မှ ဦးစီးအရာရှိများ အပါအ၀င် တာချီလိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ် ဒု-ဥက္ကဌ ဦးစိုင်းလုံစံခတ်၊ ရုံးအဖွဲ့မှူး ဦးဝင်းမောင်နှင့် ဦးအောင်စွာငယ်တို့ အပြင် စိုင်းတစ်သတ္တုတူးဖော်ရေးကုမ္ပဏီ နှင့် လွယ်ခမ်းလုံသတ္တုတူးဖော်ရေးကုမ္ပဏီတို့မှ တာဝန်ရှိသူများက အဆိုပါ လယ်မြေများ အတွင်း
မြေပြင်ကွင်းဆင်း ကြည့်ရှု့စစ်ဆေးကြရာတွင် ရွာသူရွာသား၊ လယ်သမားများ အနေဖြင့် လယ်တစ်ဧက၏ အထွက်နှုန်းကို ၎င်းတို့ကိုယ်တိုင် စိုက်ပျိုးရိတ်သိမ်းခဲ့ကြသော်လည်း အထွက်နှုန်းကို မှန်ကန်တိကျစွာ ပြောနိုင်ခြင်း မရှိတာကိုလည်း တွေ့ရှိခဲ့ရသည်။


ယင်းနောက် အဆိုပါ အဖွဲ့သည် တာလေမြို့နယ်ခွဲ ထွေ/အုပ်ရုံး စည်းဝေးခန်းမ၌ စိုင်းတစ် သတ္တုတူးဖော်ရေးကုမ္ပဏီ နှင့် လွယ်ခမ်းလုံ သတ္တုတူးဖော်ရေးကုမ္ပဏီ တို့၏ ရွှေသတ္တုတူးဖော်ရာမှ စွန့်ပစ်မြေစာများကြောင့် နားဟိုင်းလုံကျေးရွာမှ ပျက်စီးလယ်မြေများအတွက် နစ်နာကြေး စပါးဘိုး အဖြစ် ရရှိမည့် လယ်ယာပိုင်ရှင်များဖြစ်သည့် လယ်သမား (၅၀)ဦးနှင့် တွေ့ဆုံကာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက လယ်သမားများအနေဖြင့် အမှန်တကယ် စိုက်ပျိုး၍ ရရှိသည့် မြေများရှိနေသော်လည်း စိုက်ပျိုးမရသည်က များသည်ဟု ဆိုလာသည့်အတွက် နောက်ရာသီတွင် စိုက်ပျိုး၍ မရဟုသော နေရာတွင် မိမိတို့အနေဖြင့် တစ်ဧကစီ ၀ယ်ယူ၍ နမူနာအနေဖြင့် လက်တွေ့စိုက်ပျိုးပြသ ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ စိုက်ပျိုးရန်အတွက် တစ်ဧကစီဖြင့် သုံးနေရာသတ်မှတ်ကာ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း နှင့် ထိုသို့ စိုက်ပျိုး၍ ရရှိသော နှုန်းထားများကို တိုင်းတာပေးမည်ဖြစ်ကြောင်းလယ်သမားများအား ရှင်းလင်းပြောကြားသွားခဲ့သည်။

ထိုသို့ပြောကြားလာမှုကို တာချီလိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ် ဒု-ဥက္ကဌ ဦးစိုင်းလုံစံခတ်က ရှမ်းဘာသာစကားဖြင့် ပြန်လည်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ ရွာသားများမှလည်း ပြန်လည်ဆွေးနွေးတင်ပြသွားခဲ့တယ်။

ဆက်လက်၍ နစ်နာကြေး စပါးဘိုးအဖြစ် ရရှိမည့် လယ်ယာမြေပိုင်ရှင် လယ်သမား (၅၀)ဦး အမည်စာရင်းအား  ဦးစိုင်းလုံစံခတ်မှ တစ်ဦးချင်းစီအလိုက် ဖတ်ကြားပြပြီး တစ်ဦးချင်းစီ လက်ဗွေဖြင့်သော်လည်းကောင်း လက်မှတ်ထိုး၍သော်လည်းကောင်း နစ်နာကြေးများအား အများသူငှာရှေ့မှာပင် ပေးအပ်/ထုတ်ယူခဲ့ကြသည်။

အဆိုပါ နစ်နာကြေးအဖြစ် ပေးအပ်သော ဧက (၉၂.၄၄)ဧကအတွက် ထိုင်းဘတ်ငွေ (၁၆,၈၅၀,၁၀၀)ဘတ်ရှိ စပါးဘိုးများကို စိုင်းတစ် သတ္တုတူးဖော်ရေးကုမ္ပဏီ နှင့် လွယ်ခမ်းလုံ သတ္တုတူးဖော်ရေးကုမ္ပဏီတို့မှ ပူးပေါင်း၍ ပေးအပ်တာဖြစ်ကြောင်း သိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် အတွင်း၌ရှိသော အချို့သော တိုင်းရင်းသားကျေးရွာများရှိ အဓိက သွားလာမှုလမ်းများအား ချောင်းကြီး၊ ချောင်းငယ်များဖြင့် ဟန့်တားနေမှုများကြောင့် ကျေးလက်ဒေသများမှာ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေသည့်အပြင် ကျေးရွာသူ၊ ကျေးရွာသားများ အနေဖြင့် သွားလာမှု အခက်အခဲများရှိနေသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသအုပ်ချုပ်ရေးဆိုင်ရာ အာဏာပိုင်များ၊ သက်ဆိုင်ရာဌာနများ နှင့် မြို့မိမြို့ဖများဖြင့် စုပေါင်းကာ ဖွဲ့စည်းထားသည့် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့မှ ယနေ့ ဒီဇင်ဘာလ(၂၂)ရက် နံနက်က မိုင်းကိုးကျေးရွာအုပ်စု အတွင်း လိုအပ်သည့် တံတားများအား ဆောက်လုပ်ပေးနိုင်ရန်အတွက် သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ကြကြောင်း သိရသည်။


ထိုသို့ သွားရောက်ကြည့်ရှု့ရာတွင် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ထွန်း၊ ဦးကြည်မြင့်၊ ဦးထိန်မင်းတို့အပြင် ပြည်ခိုင်ဖြိုးပါတီမှ ခရိုင်ကော်မတီဝင် ဦးဘိုစံ၊ မြို့နယ်အတွင်းရေးမှူး ဦးစိုင်းရွှေထွန်း နှင့် ပြည်ခိုင်ဖြိုးပါတီမှ ကော်မတီဝင်များ ပါဝင်ပြီး မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ ချောင်းကြီး၊ ချောင်းငယ်မှ ဖြတ်သန်းသွားလာရသော လမ်းအခြေအနေများကို မြေပြင်ကွင်းဆင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။


ယင်းနောက် လှည့်လည်ကြည့်ရှုရာတွင် မိုင်းဟဲ(အောက်)ရွာ နှင့် ကျန်တစ်လမ်းမှ တာလေမြို့နယ်ခွဲထိသို့ ပေါက်စေမည်ဖြစ်သည့်အပြင် ကျေးရွာကြီး(၁၀)ရွာနှင့် ရွာငယ်များအား အကျိုးပြုစေမည့် ချောင်းဆုံ(ဟွေဆာ)တံတားငယ်အား အသစ်တည်ဆောက်ပေးရန်လိုကြောင်း၊ နားမွန်ကျေးရွာအ၀င် နှင့် အထွက်တို့တွင်လည်း တံတား တစ်ခုစီ တည်ဆောက်ရန် အထူးလိုအပ်နေကြောင်းကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါ တံတား(၃)စင်းအတွက်  ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ (အထူး)လုပ်ငန်း တစ်ရပ်အနေဖြင့် အမြန်ဆုံးတင်ပြဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။ သည့်အပြင် မောရှည်(လားဟူ)ရွာတွင်လည်း တံတားတည်ဆောက်ပေးရန် လိုအပ်ကြောင်းကို ကြည့်ရှုလေ့လာတွေ့ရှိရသည့်အတွက် ယင်းတံတားအတွက်  ဖွံ့ဖြိုးရေးလုပ်ငန်းငွေဖြင့် တည်ဆောက်ပေးသွားရန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ တိုင်းရင်းသားကျေးရွာများအား ဒေသဖွံ့ဖြိုးမှုရှိစေရန် နှင့် ချောင်းကူးလမ်းများကို တံတားတည်ဆောက်ပေးနိုင်ရန်အတွက် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့မှ ကြိုးပမ်းဆောင်ရွက်နေကြပြီး ဆက်လက်၍လည်း တိုင်းရင်းသားကျေးရွာများအတွက် ကွင်းဆင်းကြည့်ရှုမှုများကို ပြုလုပ်ရန် ရှိကြောင်းကိုလည်း သိရှိရသည်။

ဓါတ်ပုံ။      ။ သာစည်မျိုးသန့်

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Monday, October 28, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကျင်းပပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း သိကောင်းစရာများ ရှင်းလင်းဟောပြောပွဲကို ၂၀၁၃ခုနှစ် အောက်တိုဘာလ ၂၈ရက် နံနက် ၉နာရီခွဲမှ နေ့လည် ၁နာရီအချိန်ထိ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပပြုလုပ်ရာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များ နှင့် ပါတီဝင်များ အပါအ၀င် ဧည့်သည်တော် ၃၀၀ ကျော်ခန့် တက်ရောက်လာခဲ့ကြပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်လိုသူ ၂၈၅ ဦး နှင့် အသစ်ရေးဆွဲလိုသူ ၁၅ ဦးရှိကြောင်း သိရသည်

အဆိုပါ ရှင်းလင်းဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ် သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်၊ ရှမ်းပြည်နယ် ဥက္ကဌ ဒေါ်ခင်မိုးမိုး၊စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင် ဒေါ်မီးမီး တို့နှင့် ကျိုင်းတုံမြို့မှ ပါတီဝင်များအပြင် တာချီလိတ်ခရိုင်အတွင်းရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်လာခဲ့ကြောင်း သိရသည်။


ဟောပြောပွဲ၌ ဒေါ်ခင်မိုးမိုးက အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီမှ ရှမ်းပြည်နယ်ရှိ ခရိုင် ၁၃ခရိုင်ကို လှည့်လည်၍ ပြည်သူ့ဆန္ဒကို ကောက်ခံရမှာဖြစ်ရာ ယခုအခါမှာ တာချီလိတ်ခရိုင်သည် လှည့်လည် ဆန္ဒကောက်ခံမှု ခရီးစဉ်၏ ၉ ခရိုင်မြောက် ဖြစ်ကြောင်း၊ ပြည်သူ့ဆန္ဒသဘောတရားကို ပါတီ ဗဟို ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ထံ နိုဝင်ဘာလ ၁၅ ရက် နောက်ဆုံးထား တင်ပြရမှာဖြစ်တာကြောင့် ၁၃ခရိုင်လုံးကို အောက်တိုဘာလကုန်အပြီး ကောက်ခံမည်ဖြစ်ကြောင်း ကနဦး ရှင်းလင်းပြောကြားသွားသည်။

ယင်းနောက် ဟောပြောပွဲတွင် ဦးဆောင်ဆွေးနွေး ဟောပြောသူ  ဦးထွန်းထွန်းဟိန်က လွှတ်တော်တွင် ပြည်သူများအနေဖြင့် ၁၀၀ ရာခိုင်နှုန်း အပြည့်အ၀ မရရှိပဲ ၂၅ ရာခိုင်နှုန်းကို တပ်မတော်က ရယူထားတာနဲ့ ပတ်သက်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်အသီးသီးမှာ နေရာယူထားတာဟာ စစ်မှန်တဲ့ ပါတီစုံ ဒီမိုကရေစီ စနစ်နဲ့ မကိုက်ညီကြောင်း၊ ရှေ့နောက်မညီသည့် ဥပဒေများအကြောင်း၊ ယခုဖွဲ့စည်းပုံ အခြေခံဥပဒေသည် One Man Show ဥပဒေ သဖွယ်ဖြစ်နေကြောင်း နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်များနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။

ဟောပြောမှုအပြီးတွင် တက်ရောက်လာသည့် နိုင်ငံရေး ပါတီများ၊ ပါတီဝင်များ နှင့် ဧည့်သည်တော်များက မိမိတို့၏ ဆန္ဒသဘောတရားကို ထုတ်ဖော်ပြောကြား မေးမြန်းဆွေးနွေးကြပြီးနောက် ဦးထွန်းထွန်းဟိန်မှ အဆိုပါ ဆွေးနွေးမေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့သည်။

ဆွေးနွေးမှုအပြီးမှာ တက်ရောက်လာသည့် ဧည့်သည်များအား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်လိုသူ နှင့် အသစ်ပြန်လည်ရေးဆွဲလိုသူများ ရှိပါက လက်ထောင်၍ ဆန္ဒပြုရန် တောင်းဆိုသည့်အခါမှာ အခြေခံ ဥပဒေအား ပြင်ဆင်လိုသူ ၂၈၅ ဦး နှင့် အသစ်ပြန်လည်ရေးဆွဲလိုသူ ၁၅ ဦး ရှိကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီတွင် ဦးထွန်းထွန်းဟိန်၊ ဦးအောင်သိန်း၊ ဦးကျော်ဟိုး၊ ဦးကြည်ဝင်း ( လပွတ္တာ )၊ ဦးမောင်ဖေတင်၊ ဦးကိုနီ၊ ဦးဌေးဦးတို့ ပါဝင်ကြပြီး  ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီအား ၂၀၁၃ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က ဖွဲ့စည်းထားတာဖြစ်ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
တာချီလိတ် NLD မှ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း ရှင်းလင်းဟောပြော
57 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Monday, October 21, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီ(ဗဟို)မှ ကြီးမှူး၍ ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့၌ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရှင်းလင်းဆွေးနွေးပွဲအား ၂၈.၁၀.၂၀၁၃ နံနက် ၉နာရီအချိန်တွင် တာချီလိတ်မြို့နယ်၊ မကာဟိုခမ်းရပ်ကွက်၌ ဖွင့်လှစ်ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရှိရသည်။


အဆိုပါ တွေ့ဆုံရှင်းလင်း ဆွေးနွေးပွဲသို့ တာချီလိတ်ခရိုင်အတွင်းရှိ မိဘပြည်သူများ၊ တိုင်းရင်းသားလူမျိုးစုများ၊ လူမှုရေးအဖွဲ့အစည်းများ နှင့် ဒီမိုကရေစီအရေး စိတ်ပါဝင်စားသူများ တက်ရောက်နိုင်မှာဖြစ်ကြောင်း သိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Monday, September 30, 2013

လွှတ်တော်နားနေချိန် ကာလအတွင်း ဒေသဖွံ့ဖြိုးရေးအတွက် တာချီလိတ်မြိုနယ် မဲဆန္ဒနယ် အမှတ်(၇)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုးသည် စက်တင်ဘာလ ၂၉ရက်နေ့က တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စုရှိ ဟွေလုံရွာနေ ရွာသူ၊ ရွာသားများအား တွေ့ဆုံပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ကျေးရွာအတွင်း လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးရာသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွှေလှရှဲန် နှင့် ပြည်ခိုင်ဖြိုးပါတီမှ တာချီလိတ်ခရိုင် ပါတီကော်မတီဝင် ဦးလွန်သူ၊ ဦးစိုင်းဆွမ်ဝန်း(ခ)ဦးစိုင်းမိုင်၊ မြို့နယ်အတွင်းရေးမှူး ဦးစိုင်းရွှေထွန်း နှင့် မြို့နယ်ကော်မတီဝင်များ အပါအ၀င် စည်းရုံးရေးမှူးများ လိုက်ပါခဲ့ကြပြီး ကျေးလက်နေ ရွာသူ၊ ရွာသားများအတွက် ရေရရှိစေရန် ၁ လက်မ PVC ရေပိုက် ၉၀ ချောင်း၊ ၂ လက်မ PVC ၂၀ ချောင်း၊ ၃ လက်မ PVC ၂၀ ချောင်း နှင့် ၄ လက်မ PVC ၂၀ ချောင်း တို့အား လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

သတင်းပေးပို့သူ ။           ။ သာစည်မျိုးသန့်

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Friday, September 27, 2013

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တည်ထောင်ခြင်း ၂၅နှစ်မြောက် ငွေရတုအထိမ်းအမှတ်အဖြစ် အခမ်းအနားအား တာချီလိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ စက်တင်ဘာလ ၂၇ ရက် နံနက်ပိုင်းက ပြုလုပ်ကျင်းပခဲ့ပြီးနောက် ပါတီဝင်များမှ စုပေါင်း၍ သွေးလှူမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ငွေရတုအထိမ်းအမှတ် အခမ်းအနားအား ကျင်းပရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏   ပြည်နယ်တွဲဖက်အတွင်းရေးမှူး ဦးတင်မြင့်ဝင်းမှ ငွေရတုအခမ်းအနား ဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားသွားခဲ့ပြီး အဖွဲ့ချုပ်နာယက ဖြစ်သူ ဦးတင်ဦးမှ ပေးပို့လာသော သ၀ဏ်လွှာအား မြို့နယ် ဥက္ကဌ ဦးဌေးဝင်းမှ ဖတ်ကြားခဲ့သည်။ ယင်းနောက် ဗဟိုကော်မတီဝင် တာချီလိတ်ခရိုင် ဥက္ကဌ ဦးစိုင်းစွံဆိုင်းမှ သွေးလှူရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသွားခဲ့ကြောင်း သိရသည်။


အခမ်းအနားပြီးမြောက်ပြီးနောက် ပါတီဝင်များက တာချီလိတ်မြို့ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ သွေးလှူဒါန်းမှူများပြုလုပ်ကြသည်။

"သွေးလှူမဲ့ ပါတီဝင်တွေ စာရင်းပေးထားတာ အယောက် ၇၀ ကျော်ပေမဲ့လည်း ဆေးရုံမှာ လှူဒါန်းထားတဲ့ သွေးအိတ်တွေကို သိမ်းဆည်းနိုင်ဖို့ အအေးစက်ရဲ့ အခက်အခဲကြောင့် ပါတီဝင် ၁၈ ဦးပဲ သွေးလှူဖြစ်ခဲ့ကြပါတယ်"ဟု ပါတီဝင်တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

ယင်းနောက် ငွေရတုအထိမ်းအမှတ်အဖြစ်  တာချီလိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အောက်တိုလတွင် ပြုလုပ်မည်ဖြစ်သော သက်ကြီးရွယ်အိုဘိုးဘွားများအား ပူဇော်ကန်တော့ပွဲနေ့အတွက် အလှူငွေ ကျပ်တစ်သိန်း လှူဒါန်းမှာဖြစ်ကြောင်းလည်း သိရှိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Sunday, September 22, 2013

စက်တင်ဘာလ ၂၇ရက်နေ့တွင် ကျရောက်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၂၅နှစ်မြောက် ငွေရတုအထိမ်းအမှတ် အခမ်းအနားအား ကျင်းပနိုင်ရေးအတွက် တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ စက်တင်ဘာလ ၂၃ရက်၊ နံနက် ၁၀နာရီအချိန်က အစည်းအဝေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။



အဆိုပါ အစည်းအဝေးတွင် အဖွဲ့ချုပ်အဖွဲ့ဝင်အများစု၏ သဘောဆန္ဒအရ ထိုနေ့ နံနက် ၉နာရီတိတိတွင် ရုံးခန်းမဆောင်၌ အခမ်းအနားကျင်းပပြီး တာချီလိတ်မြို့ ပြည်သူ့ဆေးရုံသို့ စုပေါင်းသွေးလှူပွဲ ကျင်းပပြုမည်ဖြစ်ကြောင်းနှင့် အခမ်းအနားတွင် တာချီလိတ်ရှိ ပြည်သူများမှလည်း မည်သူမဆို အဆိုပါ စုပေါင်း သွေးလှူဒါန်းပွဲတွင် ပါဝင်ကုသိုလ်ယူ၍ လှူဒါန်းနိုင်ကြောင်းလည်း သိရှိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Saturday, September 14, 2013

         ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်သည်
စက်တင်ဘာလ ၁၄ရက်နေ့က လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလှရှဲန်၊ ရှမ်းပြည်နယ် တောင်ပိုင်းဖယ်ခုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးချိုစင်တို့ လိုက်ပါပြီးရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့သို့ရောက်ရှိလာကြောင်း သိရသည်။


                တာချီလိတ်လေဆိပ်တွင် တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်တင်မေထွန်း မှဦးဆောင်ပြီး တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ ပြည်နယ်နှင့်ခရိုင်မှလျှပ်စစ် အင်ဂျင်နီယာမှူးများ၊ တာချီလိတ်မြို့ မီးလင်းရေးကော်မတီများ၊ ခရိုင်နှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုပါတီဝင်များ ၊ မင်းခေတ်သစ်၊ သက်ထွန်းကုမ္မဏီမှ မန်နေဂျာများမှ ခရီးဦးကြိုဆိုမှု များပြုလုပ်ခဲ့ကြသည်။


                 ပြည်နယ်လျှပ်စစ်ဝန်ကြီးသည် နေ့လည်(၃း၄၀)တွင် ဇန်းမွန်အာခါဟိုတယ်၏ အစည်းအဝေးခန်းမတွင် မင်းခေတ်သစ်ကုမ္မဏီနှင့် ထိုင်း  (TNDT)ကုမ္မဏီမှ ပညာရှင်များဖြင့် တွေ့ဆုံပြီး မိုင်းဟဲအောက်ကျေးရွာမှကျောက်မီးသွေးလျှပ်စစ်စက်ရုံတည်ဆောက်မည့် အခြေအနေများကို တာဝန်ရှိသူများက ဗွီဒီယိုမှတ်တမ်းများဖြင့် တင်ပြမှု အခြေအနေကို လေ့လာခြင်းများဆောင်ရွက်ခဲ့သည်။

      ထို့နောက် မိုင်းဟဲအောက်အုပ်စု၊ ကျောက်လှိုင်ဂူကျေးရွာအနီးမှ ကျောက်မီးသွေးထုတ်လုပ်မည့် နေရာ ၊ စက်ရုံတည်ဆောက်မည့်နေရာများသို့  ကွင်းဆင်းကြည့်ရှ့ပြီး လိုအပ်သည်များကို အကြံပြု လမ်းညွှန်မှုများ ဆောင်ရွက်ခဲ့ပါသည်။

    ဆက်လက်ပြီး ပြည်နယ်လျှပ်စစ်ဝန်ကြီးသည် ညနေ (၆း၄၅)အချိန်တွင် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်
ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးသို့သွားရောက်ကာ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွှေလှရှဲန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ ဒေါ်အေးချိုစင် နှင့် ခရိုင်/မြို့နယ်/ရပ်ကွက်ကျေးရွာအုပ်စုများမှ ပါတီခေါင်းဆောင်များဖြင့်တွေ့ဆုံခဲ့ပါသည်။

     အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအသင်းဝင်များသည် သစ္စာကိုအခြေခံ
မေတ္တာကိုအရင်းပြု၊ စေတနာနဲ့လုပ်ဆောင်သွားကြရန်ဒေသနဲ့ပြည်သူလူထု လိုအပ်ချက်များကို အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်းပေးသွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ ခရိုင်ပါတီကော်မတီဝင် ဦးလွန်းသူ ၊ဦးဘိုစံ၊      မြို့နယ်အတွင်းရေးမှူး ဦးစိုင်းရွှေထွန်း၊ မိုင်းဟဲအောက်စည်းရုံးရေးမှူး ဦးလော်ဖာ တို့က ဒေသလိုအပ်ချက်များကို တင်ပြခဲ့ကြောင်းသိရှိရသည်။

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ ရောက်ရှိလာသည့် ပြည်နယ်လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်သည် တာချီလိတ်မြို့၊ မိုင်းဆတ်ခရိုင်၊ မိုင်းဖြတ်ခရိုင်အထိသွားရောက်ကာ ဒေသပြည်သူများ၏ လိုအပ်ချက်များကို ပြည်သူလူထုနှင့် ထိတွေ့ဆုံကာ ကူညီဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ တာချီလိတ်မြို့နယ်တွင်လည်း မိုင်းကိုးကျေးရွာအုပ်စု၊ လွယ်တော်ခမ်းစုပေါင်းဂိတ်ရွာ၊ မိုင်းဟဲအောက်ကျေးရွာအုပ်စု၊ ပန်စလိရွာ၊ ဟောင်လိတ်
ကျေးရွာအုပ်စု၊ ဖာတီမာကုန်းကျေးရွာများရှိ ပြည်သူများလိုအပ်နေသော မီးများရရှိစေရေးအတွက် ကူညီ
ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရှိရသည်။
သတင်းပေးပို့သူ။      ။ သာစည်မျိုးသန့်


▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Thursday, September 12, 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အတွင်း နှင့် တာလေမြို့နယ်ခွဲရှိ တပ်မြေအဖြစ် အသုံးပြုရန် သိမ်းဆည်းခဲ့သည့် မြေဧရိယာများအနက်မှ မဖြစ်မနေ အသုံးပြုရန်လိုအပ်သည့် မြေဧရိယာမှလွဲ၍ ကျန်မြေများအား မူလပိုင်ရှင်များထံသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ လွှဲအပ်ပေးနိုင်ရေး ပြန်လည်သုံးသပ် အကြံပြုတင်ပြနိုင်ရန်အတွက်  စက်တင်ဘာလ ၁၂ရက်နေ့ နံနက် ၁၀နာရီ မိနစ် ၂၀မှ ညနေ ၃နာရီ မိနစ် ၃၅မိနစ်အချိန်ထိ တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့်  သက်ဆိုင်ရာ ဌာနများ အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များ နှင့် မြို့မိမြိုဖများ အပါအ၀င် တာဝန်ရှိသူများမှ သွားရောက်၍ တပ်မြေဧရိယာများအတွက် လိုက်လံကြည်ရှု့ စစ်ဆေးခဲ့ကြကြောင်း သိရသည်။


အဆိုပါကိစ္စနှင့် ပတ်သက်၍ တပ်မတော်ဘက်မှ ကိုယ်စားလှယ်အဖြစ်  တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီးသက်အောင် နှင့် အဖွဲ့ဝင်များ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မြို့နယ် မြေစာရင်းဦးစီးမှူး ဦးရဲရင့်ထွဋ်၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကိုကို နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ မြို့မိမြို့ဖ ဦးကြည်မြင့် နှင့် ဦးကျော်ငြိမ်း၊ နိုင်ငံရေးပါတီအချို့မှ ကိုယ်စားလှယ်များ လိုက်ပါလာပြီး တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခဲ့သည့် စိုက်ပျိုးမြေနေရာများနှင့် တပ်ပိုင်မြေအတွင်း ကျူးကျော်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။


ယခုကဲ့သို့ သွားရောက် ကြည့်ရှု့ခဲ့သော မြေဧရိယာများမှာ တာချီလိတ်မြို့နယ်အတွင်း အခြေချ စစ်ဗျူဟာ တပ်မြေဧရိယာ၊ ခမရ ၃၃၁ နှင့် ခမရ ၅၂၆ တပ်မြေဧရိယာများဖြစ်ပြီး တာလေမြို့နယ်ခွဲအတွင်း ဧရိယာမှာ ခမရ ၃၁၆ ၏ တပ်မြေဧရိယာတို့ဖြစ်ပြီး သက်ဆိုင်ရာ တပ်များမှ အသုံးပြုရန် မလိုအပ်သည့် မြေဧရိယာများအား မူလပိုင်ရှင်များ လက်ဝယ်သို့ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ လွှဲအပ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆက်လက်၍ အတည်ပြု လုပ်ဆောင်ပေးသွားမှာ ဖြစ်ကြောင်း သိရှိရသည်။

ပုံများကြည့်ရန်
အသုံးပြုရန် မလိုအပ်သည့် တပ်မြေဧရိယာများအား ပြန်လည်ပေးအပ်မည်
41 photos

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Friday, August 23, 2013

တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ မြတ်လေးလမ်းရှိ တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ သြဂုတ်လ ၂၃ရက်နေ့ နံနက် ၁၀နာရီမှ ညနေ ၄နာရီ ၄၀ မိနစ်အချိန်ထိ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့ရုံးချုပ်မှ စီမံကိန်းမန်နေဂျာ ဦးမောင်မောင်လေးနှင့် အဖွဲ့မှ လူ့အခွင့်ရေးအလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ရာ ဆွေးနွေးပွဲတွင် ပြည်နယ် NLD အတွင်းရေးမှူး ဦးတင်မြင့်ဝင်း၊ တာချီလိတ်ခရိုင် NLD ဥက္ကဌ ဦးစိုင်းစွံဆိုင်း၊ မြို့နယ် NLD ဥက္ကဌ ဦးဌေးဝင်းနှင့် ပါတီဝင်များအပါအ၀င်
အဆိုပါဆွေးနွေးပွဲအား စိတ်ပါဝင်စားသူ ၄၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် ပြည်နယ် NLD အတွင်းရေးမှူး ဦးတင်မြင့်ဝင်းက လူ့အခွင့်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီး လူ့အခွင့်ရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဆက်ဆံရေး တာဝန်ခံ ဦးအောင်ဇော်ဦးမှ "လူ့အခွင့်ရေးဆိုတာဘာလဲ"ခေါင်းစဉ်အား လည်းကောင်း၊ စီမံကိန်းမန်နေဂျာ ဦးမောင်မောင်လေးမှ "လူ့အခွင့်ရေးတွေ ဘာကြောင့် ပေါ်ပေါက်လာသလဲ”၊ “လူ့အခွင့်ရေးကို ဘာကြောင့်ချိုးဖောက်ကြသလဲ”၊ “ကလေးစစ်သားအဖြစ် အသုံးပြုခြင်း”၊ “လယ်ယာမြေ သိမ်းဆည်းခံရခြင်းဖြစ်စဉ်”၊  “နိုင်ငံရေး သမားရဲ့အခွင့်အရေး”စသည့် ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ရုံးအဖွဲ့မှူး ဦးလင်းနိုင်မှ “လူ့အခွင့်ရေးချိုးဖောက်မှုဆိုတာ ဘာလဲ” ခေါင်းစဉ်အား လည်းကောင်း ဆွေးနွေးပြီး၊ ရုံးအဖွဲ့မှူး ဦးမောင်မောင်လေး က နိဂုံးချုပ် ကျေးဇူးတင်စကား ပြောကြားပြီးနောက် ပြည်နယ် NLD အတွင်းရေးမှူး ဦးတင်မြင့်ဝင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စား ကျေးဇူးတင် နှုတ်ဆက်စကားပြောကြားကာ ဆွေးနွေးပွဲအား ပြီးဆုံးခဲ့ကြောင်း သိရှိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Tuesday, August 20, 2013

တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ရန်ကုန်မြို့မှ ရောက်ရှိလာသည့် စာရေးဆရာ သက်ပိုင်ထွန်းသည် သြဂုတ်လ ၂၀ ရက်၊ ည ၇ နာရီခန့်က ဒီမိုကရေစီ၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် နိုင်ငံရေးအသိအမြင်များကို ဆွေးနွေးဟောပြောသွားခဲ့ရာ ဒီမိုကရေစီသည် လွတ်လပ်စွာ နေထိုင်ခွင့်နှင့် လွတ်လပ်စွာ ရေးသားပိုင်ခွင့် ဆိုသည့် ဖွင့်ဆိုချက် နှစ်ခုတည်းမဟုတ်ကြောင်း နှင့် ဘေးထိုင်ဘုပြော၍ မပြီး မိမိကိုယ်တိုင် နိုင်သည့်ဝန်ကို ၀င်ရောက်ထမ်းရွက်နိုင်မှလည်း နည်းလမ်းကျမည် ဖြစ်ပါကြောင်း စသည်ဖြင့် ရှင်းလင်း ဟောပြောသွားခဲ့ကြောင်း သိရသည်။



အဆိုပါ ဟောပြောပွဲ၌ တာချီလိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ အဖွဲ့ဝင်မဟုတ်သော ဧည့်သည်တော်များ တက်ရောက် နားဆင် မှတ်သားကြသည်ကို တွေ့ရှိရသည်။


Sunday, August 18, 2013

တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များသည်  တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲ၊နားယောင်းကျေးရွာအုပ်စု၊ ဟွေခိုက်ကျေးရွာရှိ ပါတီဝင်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများအား သြဂုတ်လ ၁၈ရက်၊ နေ့လည်ပိုင်းက သွားရောက်တွေ့ဆုံခဲ့ကြကြောင်း သိရသည်။


"ကျွန်တော်တို့  နားယောင်းကို သွားတဲ့ ကိစ္စကတော့ ပါတီဝင်တွေနဲ့ ကျေးရွာသူ၊ ကျေးရွာသားတွေရဲ့ အခြေအနေတွေကို သိချင်လို့ သွားတဲ့သဘောပါ၊ ဟိုရောက်တော့ ရွာသားတွေအနေနဲ့ မြေပိုင်ဆိုင်မှု ကိစ္စတွေကို တင်ပြလာတာတွေ ရှိပါတယ်"ဟု တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးခင်မောင်တင့်က တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။


၎င်းတို့ တွေ့ဆုံရာတွင် အဆိုပါကျေးရွာရှိ ပါတီဝင်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများက ကျေးရွာအတွင်း လိုအပ်ချက်များနှင့် လယ်ယာမြေကိစ္စရပ်များ၊ သတ္တုတူးဖော်ရေး လုပ်ငန်း ကိစ္စရပ်များအပြင် အခြားကိစ္စရပ်များအား ဆွေးနွေးတင်ပြလာခဲ့ကြကြောင်း သိရသည်။

"ခေါင်းမှာ အမြီးလိုမျိုးထားပြီး ဆံပင်တကွက်လောက် ရှည်နေတာ ၁၀ နှစ်လောက်ရှိပြီ သူ့ခေါင်းကို သွားကိုင်ရင် ခေါင်းမူးတယ်လို့ ပြောတဲ့ ရွာသားတစ်ဦးကို ထူးခြားမှုအနေနဲ့လည်း တွေ့ခဲ့ရသေးတယ်"ဟု ဦးခင်မောင်တင့်မှ ဆက်လက်ပြောပြသည်။

Thursday, August 8, 2013

 ၈၈၈၈ အရေးတော်ပုံ ကာလအတွင်းက ကျဆုံးသွားသော ရဟန်းရှင်လူ ကျောင်းသား ကျောင်းသူများအား ရည်စူးကာ တာချီလိတ်မြို့ရှိ ၈၈၈၈ ကျောင်းသားဟောင်းများမှ မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၂) တံတားအနီး ရွှေဝါနဒီပန်းခြံရှိ ရေချောင်းတွင် ယနေ့ည ၈နာရီ ၈မိနစ်က ဆီမီးမျှောကာ ဆုတောင်းမေတ္တာပို့ခဲ့ကြကြောင်း သိရသည်။






ဆီမီးမျှောကာ ဆုတောင်းမေတ္တာပို့ရန်ရောက်ရှိလာသော ၀မ်ကောင်းရပ်ကွက်နေ ဦးအောင်မျိုးဝင်း + ဒေါ်စိုးဥမ္မာတို့ ဦးဆောင်သည့် ၁၆ ဦးသည် ဆီမီးများကို မျှောနေစဉ်အတွင်း တစ်မိနစ်ငြိမ်သက်ကာ ဆုတောင်းမေတ္တာပို့ခဲ့ကြကြောင်း သိရှိရသည်။


Wednesday, June 19, 2013

ဇွန်လ(၁၉)ရက်နေ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ (၆၈)နှစ်မြောက် မွေးနေ့ဖြစ်ရာ တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်၏ (၆၈)နှစ်မြောက် မွေးနေ့အား ဂုဏ်ပြုသည့်အနေဖြင့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် တာချီလိတ်မြို့နယ်အတွင်းမှ ကျောင်းသား ကျောင်းသူ(၉၂)ဦးတို့အား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ယနေ့ နံနက်(၈)နာရီက ပြုလုပ်ကျင်းပခဲ့ကြသည်။


၂၀၁၂-၂၀၁၃  ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများမှာ အ.ထ.က(တာချီလိတ်)မှ (၂၀)ဦး၊
အ.ထ.က(ဆန်ဆိုင်း)မှ (၇)ဦး၊ အ.ထ.က(ဟောင်လိတ်)မှ (၃)ဦး၊ အ.ထ.က(မိုင်းကိုး)မှ (၇)ဦး၊ အ.ထ.က(တာလေ)မှ (၁၀)ဦးနှင့် အပြင်ဖြေ ဘော်ဒါဆောင်များအနေဖြင့် မီးအိမ်သစ်၊ ပျိုးခင်း၊ ပန်းတိုင်၊ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း နှင့် ပညာရောင်ခြည်တို့မှ (၄၅)ဦး စုစုပေါင်း ကျောင်းသား/သူ (၉၂)ဦးတို့အား ဂုဏ်ပြုဆုများချီးမြှင့်ကြရာ ဂုဏ်ပြုမှတ်တမ်းလွှာအပါအ၀င် (၅)ဘာသာ ဂုဏ်ထူးရှင်အား ကျပ်(၁)သိန်း၊ (၃)ဘာသာ ဂုဏ်ထူးရှင်အား ကျပ်(၄)သောင်း၊ (၁)ဘာသာ ဂုဏ်ထူးရှင်အား ကျပ်(၂)သောင်း အသီးသီး ချီးမြှင့်ကြပြီး ကျန်ကျောင်းသား/သူများကို ဂုဏ်ပြုလွှာနှင့် လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ထိုသို့ ဆုများပေးအပ်ချီးမြှင့်ရာမှာ တာချီလိတ်မြို့နယ် ကော်မရှင် ဥက္ကဌ ဦးစိုင်းမုတ်နွန်း နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်နယ်တွဲဘက် အတွင်းရေးမှူး ဦးတင်မြင့်ဝင်း၊ ပြည်နယ်အဖွဲ့ဝင် ဦးစိုင်းဆိုင်တွီ၊ ခရိုင် ဥက္ကဌ ( ဗဟိုကော်မတီဝင် )ဦးစိုင်းစွံဆိုင်း၊ မြို့နယ် ဥက္ကဌ ဦးဌေးဝင်း၊ မြို့နယ် ဒု-ဥက္ကဌ ဦးစိုင်းလုံစံခတ်၊ မြို့နယ်အတွင်းရေးမှူး ဦးခင်မောင်တင့်၊ မြို့နယ်တွဲဘက် အတွင်းရေးမှူး ဦးဝင်းစွမ်  မြို့နယ် ဘဏ္ဍာရေးမှူး ဦးစိုင်းခမ်းလျှန်၊ ရန်ကုန်တိုင်းဒေသကြီး ဒု-ဥက္ကဌ (ပညာရေးကွန်ယက်အဖွဲ့ဝင်၊ ဗဟိုသတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင်၊ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း သင်ကြားရေး ဌာနမှူး ) Dr.Bio (ခ) ဒေါက်တာ စိုးဝင်းဦး၊ ပုန်းထွန်ကျောင်းအုပ်ဟောင်း ဦးမောင်ငယ်၊ ဦးထွန်းနေဦး(ဟိုတယ်တာချီလိတ်)၊ ဦးမြင့်ဦး(မြင့်ဦးအောင် သတ္တုတူးဖော်ရေး)၊ တို့မှ ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။

ထူးချွန်ကျောင်းသား ကျောင်းသူများကို ဆုများချီးမြှင့်ပြီးနောက် ၎င်းတို့ပါတီအား အဖက်ဖက်မှ စွမ်းစွမ်းတမံ တက်ကြွစွာ ပါဝင်ပံ့ပိုးကူညီပေးခဲ့သူများအဖြစ် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ရာ ခရိုင်ဥက္ကဌ ဦးစိုင်းစွံဆိုင်းမှ လူမှုရေးအသင်းအဖွဲ့များ၊ သတင်းမီဒီယာများ နှင့် စီးပွားရေးလုပ်ငန်းရှင်များအား ပေးအပ်ခဲ့သည်။

မိုင်းဖြတ်မြို့တွင် ချို့တဲ့စွာပညာသင်ကြားရပြီး (၅)ဘာသာဂုဏ်ထူးရ ထူးချွန်ကျောင်းသားကိုလည်း တာချီလိတ်ခရိုင်/မြို့နယ် NLD အနေဖြင့် သွားရောက်ကာ ယခုကဲ့သို့ ဂုဏ်ပြုဆုချီးမြှင့်ရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
အမေစု၏မွေးနေ့မှာ တာချီလိတ်NLDမှ ထူးချွန်ကျောင်းသားများအားဂုဏ်ပြု
149 photos


Wednesday, June 12, 2013

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲ နားဟိုင်းလုံကျေးရွာမှ လယ်သမားများသည် တောင်ပေါ်ရွှေတူးဖော်လုပ်ကွက်များမှ  စီးဆင်းလာသော ရေနှင့်သဲများ စိုက်ပျိုးလယ်မြေများသို့ ၀င်ရောက် အနည်ထိုင်မှုကြောင့် စိုက်ပျိုးရန် အခက်အခဲဖြစ်နေကြောင်းကို  နေပြည်တော်အထိ တိုင်စာပေးပို့ထားသည့် ကိစ္စနှင့်ပတ်သက်၍ တာချီလိတ်ခရိုင်/မြို့နယ် အဆင့်ရှိ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ တာချီလိတ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကော်မတီဝင်များမှလည်း အဆိုပါကျေးရွာသို့ ပူးပေါင်းလိုက်ပါလာပြီး နှစ်ဦ်းနှစ်ဖက် ပြေလည်စေရန် ညှိနှိုင်းပေးရန်အတွက်  ဇွန်လ(၁၂)ရက်နေ့က သွားရောက်ခဲ့ကြကြောင်းသိရသည်။


ထိုသို့ ညှိနှိုင်းပေးရာမှာ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ အပါအ၀င် တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုကော်မတီဝင် တာချီလိတ်ခရိုင် ဥက္ကဌ ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်အဖွဲ့ဝင် ဦးစိုင်းဆိုင်တွီ၊ မြို့နယ် ဥက္ကဌ ဦးဌေးဝင်း၊ ဒု-ဥက္ကဌ ဦးစိုင်းလုံစံခတ်၊ မြို့နယ်အတွင်းရေးမှူး ဦးခင်မောင်တင့်၊ တွဲဖက်အတွင်းရေးမှူး ဦးဝင်းစွမ်၊ ရုံးအဖွဲ့မှူး ဦးဝင်းမောင် နှင့် တာလေမြို့နယ်ခွဲမှ အဖွဲ့ချုပ်အဖွဲ့ဝင်များပါဝင်ကြပြီး ကျေးရွာသူ/သား လယ်သမားတို့ အချိန်(၄) နာရီခန့်ကြာမြှင့်စွာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

တွေ့ဆုံညှိနှိုင်းကြရာမှာ အောက်ပါ အချက်(၁၁)ချက်ကို ဆွေးနွေးခဲ့ကြသည်။

၁) တောင်သူလယ်သမားများမှ ကုမ္ပဏီ၏ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုနှင့်ပတ်သက်၍ လာရောက်တင်ပြလာပါက ကုမ္ပဏီအနေဖြင့် ချက်ချင်းလိုက်ပါဆောင်ရွက်ပြီး ဖြေရှင်းပေးရန်။

၂) လယ်ဧကအား တိကျစွာ တိုင်းတာပေးရေး၊ မြေစာရင်းဦးစီးဌာနမှ ဆောင်ရွက်ပေးရန်နှင့် ရွာသူ/သားမျာမှ အချိန်နှင့်တပြေးညီ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန်။

၃) နုန်းတားဆည်အား ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းတည်ဆောက်ပေးရန်နှင့် လယ်များအတွင်းသို့ ရေသွင်းမြောင်းများအား ရေစီးဆင်းမှုမှန်ကန်စေရေးအတွက် ယခင်မူလပုံစံအတိုင်း တူးဖော်ပေးရန်။

၎) ၂၀၁၃ခုနှစ် စိုက်ပျိုးရာသီအတွင်း စိုက်ပျိုးနိုင်ရေး၊ နုန်းမြေများအား လယ်မြေများအတွင်းမှ ဖယ်ရှားပေးရန်၊ အချိန်မမီသော လယ်မြေများအား နောက်နှစ်စိုက်ပျိုးရာသီအထိ ဆက်လက်ဖယ်ရှားပေးရန်။

၅) ယခုနှစ်အချိန်မီ၍ စိုက်ပျိုးသော လယ်မြေ၏ စပါးအထွက်နှုန်းနှင့်ပတ်သက်၍ ယခင်ထွက်နှုန်းနှင့် နှိုင်းယှဉ်ကာ ပေးလျှော်ရန်နှင့် လုံးဝမစိုက်ပျိုးနိုင်သည့် လယ်ယာမြေပြုပြင်မှု အချိန်မမီသော လယ်မြေများအတွက် အထွက်နှုန်းအတိုင်း ပေးလျှော်စေရေး၊ ကုမ္ပဏီမှ တာဝန်ယူရန်။
 ( သဘာဝဘေးဒဏ်ကြောင့် ပျက်စီးက ကုမ္ပဏီတွင် တာဝန်မရှိပါ)

၆) ရေချောင်းအတွင်း တပ်ဆင်ထားရှိသည့် ကျေးရွာအိမ်သုံး ရေအားလျှပ်စစ် ဒိုင်နိမိုများအား သုံးစွဲ၍ မရနိုင်တော့သဖြင့် နေရောင်ခြည်သုံး လျှပ်စစ်ဆိုလာပြားများအား နစ်နာသူများ၏ နေအိမ်၌ ကုမ္ပဏီမှ အစားထိုး တပ်ဆင်ပေးသွားရန်။

၇) သဘာဝဘေးဒဏ်ကြောင့် လယ်ယာမြေပျက်စီးဆုံးရှုံးပါက အစိုးရဌာနများနှင့် ကုမ္ပဏီများမှ လူမှုရေးရှုဒေါင့်မှ ကူညီဆောင်ရွက်ပေးသွားရန်။

၈) ကုန်းမြင့်လယ်ယာအား စိုက်ပျိုးနိုင်ရေးနှင့် ရေသွင်းယူနိုင်ရေးအတွက် ဆည်မြောင်းဦးစီးဌာန၏ အကြံဥာဏ်ရယူ၍ ကုမ္ပဏီမှ ပြုပြင်ပေးရန်။

၉) ကုမ္ပဏီမှ စွန့်ပစ်ပစ္စည်းများအား စနစ်တကျစွန့်ပစ်ရေး တာဝန်ယူဆောင်ရွက်ပေးရန်။

၁၀) ကုမ္ပဏီမှ လုပ်ငန်းဆောင်ရွက်နေစဉ် ကာလပတ်လုံး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး ကဏ္ဍများတွင် ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်။

၁၁) နောက်နှစ်များတွင်လည်း တောင်သူလယ်သမားများ၏ နစ်နာမှုနှင့် ပတ်သက်၍ လုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် ကုမ္ပဏီတို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရန်နှင့် ကုမ္ပဏီရုတ်သိမ်းသွားသည့်နှစ်တွင်လည်း ရွာသူရွာသားများ၏ စိုက်ပျိုးမှု နစ်နာမှု မရှိစေရေးအတွက် ကုမ္ပဏီမှ လိုအပ်ချက်များအား ပြုပြင်ပေးသွားရန်။

အထက်ပါအချက်(၁၁)ချက်ကို သဘောတူညီကြောင်း သက်ဆိုင်ရာများ၊ ကုမ္ပဏီများနှင့် လယ်သမားများအပါအ၀င် (၁၃)ဦးတို့က လက်မှတ်ရေးထိုး သဘောတူညီခဲ့ကြသည်။

ပုံများကိုကြည့်ရန်
နားဟိုင်းလုံ လယ်သမားများ အချက် ၁၁ချက်ဖြင့် သဘောတူညီလက်မှတ်ရေးထိုး
35 photos