Latest News

Dropdown Menu

Showing posts with label မီးသတ်တပ်ဖွဲ့. Show all posts
Showing posts with label မီးသတ်တပ်ဖွဲ့. Show all posts

Thursday, February 20, 2014

တာချီလိတ်မြို့နယ်မီးသတ်ဦးစီးဌာနနှင့် တာချီလိတ် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်း၍ တာချီလိတ်လေဆိပ်ရှိ လေကြောင်းလိုင်း(၈)လိုင်းမှ ၀န်ထမ်း(၁၂၀)ဦးနှင့် လုံခြုံရေးဝန်ထမ်း (၁၅)ဦး စုစုပေါင်း (၁၃၅)ဦးတို့အား လေဆိပ်မီးသတ်တပ်ဖွဲ့နှင့်အတူ ပူးပေါင်း၍ လေယာဉ် အသက်ကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်မှု သရုပ်ပြသပွဲ အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီလ(၂၁)ရက် နံနက်(၈)နာရီက ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။


ထိုသို့ သရုပ်ပြသရာမှာ တာချီလိတ်မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးအောင်ကျော်နိုင်မှ လေယာဉ် အသက်ကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေးအကြောင်း သိကောင်းစရာများအား ရှင်းလင်းပြောကြားပြီး ဒုမီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုမှ DCP မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြိမ်းသတ်မှု သရုပ်ပြသခြင်း နှင့် မီးသတ်ယာဉ်ဖြင့် လက်တွေ့ရေပက်သရုပ်ပြသခြင်းများကို ပြုလုပ်ခဲ့ကြသည်။


အဆိုပါ မီးငြိမ်းသတ်မှု သရုပ်ပြသပွဲသို့ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး အပါအ၀င် မြို့နယ်အထောက်အကူပြုကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များအပြင် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Wednesday, January 8, 2014

ယနေ့ ဇန်န၀ါရီလ(၉)ရက် နံနက် (၁၀း၃၅)နာရီဝန်းကျင်က တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေး၊ အ.ထ.က(တာချီလိတ်)ကျောင်းရှေ့ရှိ ကွမ်းယာဆိုင်တစ်ဆိုင်တွင် ဓါတ်ဆီပုံး ဖလှယ်ရာမှ ဘေးရှိမီးဖိုမှ ဓါတ်ဆီပုံအား မီးဟပ်ရာမှ အသေးစား မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါ ကွမ်းယာဆိုင်ရှိ မိသားစုမှ ချက်ပြုတ်နေသော မီးဖို၏ မနီးမဝေးတွင် ဓါတ်ဆီပုံးကြီးထဲမှ ရောင်းချရန်အတွက် ဓါတ်ဆီပုလင်းငယ်များ အတွင်းသို့ ဓါတ်ဆီများ ဖလှယ်ရာမှ ရုတ်တရက်မီးဟပ်ပြီး လောင်သွားရာ အနီးအနားရှိ လူများက ဆိုင်ခန်းအတွင်း မီးလောင်နေသော ဓါတ်ဆီပုံးကြီးအား ကားလမ်းမပေါ်သို့ အလျင်အမီ ပစ်ထုတ်နိုင်ခဲ့ပြီး ဆိုင်ခန်းအတွင်း လောင်နေသော မီးအနည်းငယ်ကို ကွမ်းယာဆိုင်ဘေးရှိ ဆိုင်ကယ်ပြင်ဆိုင်မှ ဆိုင်ကယ်ပြင်သည့် လူများက DCP မီးသတ်ဆေးဗူးဖြင့် အလျင်အမီ ငြိမ်းသတ်နိုင်ခဲ့၍ မီးဘေးအန္တရာယ်မှ ကင်းလွတ်ခဲ့ကြတာ ဖြစ်ကြောင်း သိရသည်။

"ဘယ်သူလည်းတော့ မသိဘူး မီးလောင်နေတဲ့ ဆီပုံးကို သယ်ထုတ်ပြီး လမ်းမပေါ်လွှင့်ပစ်လိုက်လို့ အဲ့လို မသယ်ထုတ်နိုင်ခဲ့ရင် ဆိုင်ခန်းတစ်တန်းလုံး မီးလောင်ကိန်းပဲ"ဟု အနီးအနားရှိ ဆိုင်ခန်းမှ ဈေးသည်တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

"မြို့တွင်းမှာ ဓါတ်ဆီရောင်းတာတွေ အလွန်အန္တရာယ်များတယ်၊ ခုလို အသေးစား ဓါတ်ဆီဆိုင်တွေအနေနဲ့ မသိသာပေမဲ့ မီးလောင်ရင်တော့ အလွန်အန္တရာယ်များတယ်လေ၊ မြို့တွင်းထဲက ဆီပန်ခ့်တွေလည်း မဖြစ်သေးလို့ ဖြစ်လိုက်ရင် တစ်မြို့လုံးပြောင်ကိန်းမို့ အလွန် အန္တရာယ်များတယ်၊ ဓါတ်ဆီရောင်းတဲ့  ဈေးသည်တွေလည်း သတိဝီရိယလေးနဲ့ လုပ်ကြရင် ကောင်းမယ်"ဟု မြို့မိမြို့ဖ တစ်ဦးမှ လည်း မီးဘေးအတွက် ဆိုးရိမ်မှုဖြင့် ပြောလာသည်။

အဆိုပါ မီးလောင်မှုကြောင့် ဓါတ်ဆီ (၃)ဂါလန် မီလောင်ကျွမ်းသွားခဲ့ရာ မီးငြိမ်းသတ်ယာဉ်(၂)စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ DCP မီးသတ်ဆေးဗူး (၆)Kg (၂)ဗူး၊ (၃)Kg (၂)ဗူး၊ စုစုပေါင်း(၄)ဗူး သုံးစွဲ၍ ငြိမ်းသတ်ခဲ့ရကြောင်း နှင့် ထိုသို့ ဖြစ်ပွားရာသို့ ကြက်ခြေနီတပ်ဖွဲ့မှလည်း လိုအပ်သည်များကို ကူညီပေးနိုင်ရန်အတွက် ရောက်ရှိခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍  ကွမ်းယာဆိုင်မှ တာဝန်ရှိသူ အား တာချီလိတ်မြို့မရဲစခန်းမှ (ပ)၁၁/၂၀၁၄၊ ပုဒ်မ(၂၈၅)ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Friday, January 3, 2014

ရှမ်းပြည်နယ်၊ မိုင်းဖြတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ပန်ကျေးရွာအုပ်စု၊ နမ့်ဝိုးထောင်ကျေးရွာတွင် ဇန်န၀ါရီ (၂)ရက်၊ ညနေ ( ၃ )နာရီ ( ၁၅ )မိနစ်ခန့်က လူနေအိမ်ခြေများ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။


ဖြစ်စဉ်မှာ အဆိုပါကျေးရွာနေ ဦးလော်တား၏ သားဖြစ်သူ မောင်ကျမူး (၃)နှစ်သားက မီးခြစ်ဖြင့် သက်ကယ်ပုံမီးရှို့ဆော့ကစားရာမှ မီးကူးစက်ကာ လူနေအိမ်ခြေများ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ မီးသတ်တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူများက ၀ိုင်းဝန်းမီးငြိမ်းသတ်နိုင်ခဲ့သဖြင့်  ညနေ (၅) နာရီခွဲတွင် မီးညွန့်ကျိုးသွားခဲ့သည်။



ယင်းကျေးရွာတွင်  လူနေအိမ်ခြေ (၃၆)အိမ်ရှိရာ မီးလောင်ကျွမ်းမှုကြောင့် ပျဉ်ကာသွပ်မိုး
(၆)အိမ်၊ ပျဉ်ကာသက်ကယ်မိုး(၁၃)အိမ်၊ ၀ါးကာသက်ကယ်မိုး (၄)အိမ် စုစုပေါင်း (၂၃)အိမ် မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ စုစုပေါင်း ခန့်မှန်ငွေကျပ် (၇၁)သိန်းကျော်ဖြစ်သည်။


ဒဏ်ရာရသူ အနည်းငယ်ရှိပြီး ၊ သေဆုံးသူ မရှိကြောင်းနှင့် မီးဘေးသင့်ကျေးရွာနေ ပြည်သူများအား   မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များ ပံ့ပိုး ကူညီပေးလျက်ရှိကြောင်း သိရသည်။
သတင်းပေးပို့သူ ။         ။ ဝေယံလင်း(မိုင်းဖြတ်)

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Friday, December 13, 2013

ယနေ့ ဒီဇင်ဘာလ (၁၃)ရက် နံနက် (၈)နာရီ (၂၀)မိနစ်အချိန်ခန့်က တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ငွေစေတီလမ်းရှိ အိမ်အငှားတစ်လုံးတွင် မီးဖို မီးကြွင်းမီးကျန်မှ တဆင့် ထရံသို့ ကူးစက်ကာ မီးလောင်မှုဖြစ်ပွားရာ အဆိုပါ အိမ်ငှားတစ်လုံးလုံး မီးလောင်ကျွမ်းသွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ နေအိမ်ငှားအား မအေးxxxမှ တံခါးပိတ်၍ အပြင်သို့ သွားနေသည့်အတွက် အိမ်ထဲတွင် လူတစ်ဦးတစ်ယောက်မှ မရှိသောကြောင့် မီးလောင်ကျွမ်းရာတွင် ထိခိုက်ဒဏ်ရာ ရရှိမှုများ မရှိကြောင်းနှင့် မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် (၅၀၀၀၀)ခန့်သာ ရှိကြောင်း သိရသည်။ မီးလောင်သည့် နေရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ သွားရောက် ငြိမ်းသတ်ရာ နံနက်(၈း၃၅)နာရီအချိန်မှာ လုံးဝ မီးငြိမ်းသတ်နိုင်ခဲ့ပြီး ရေဂါလန် (၇၅၀)ခန့်  အသုံးပြုခဲ့ရကြောင်းလည်း သိရှိရသည်။

"အိမ်က သွပ်မိုး ထရံကာ ဆိုတော့ မီးလောင်တာ ခဏလေးနဲ့ ပြာကျသွားတယ်၊ အထဲမှာလည်း အတွင်းပစ္စည်းဘာမှ သိပ်မရှိဘူးလို့တော့ သိရတယ်ဗျ၊ အဲ့မှာ နေတဲ့ လူက မီးဖိုခဲ့ပြီး အပြင်သွားတာလို့လည်း နဘေးက လူတွေက ပြောကြတယ်၊ မီးလောင်မှုကတော့ ကောက်ရိုးမီးလိုပဲ ခဏလေးနဲ့ တစ်အိမ်လုံး ပါသွားတာကို တွေ့ရတယ်"ဟု အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ သွားရောက် ကြည့်ခဲ့သူမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

ဆက်လက်၍ မီးဘေးပေါ့ဆမှုကြောင့် အိမ်ငှား မအေးxxx အား တာချီလိတ်မြို့မရဲစခန်းမှ (ပ)၂၄၉/၂၀၁၃၊ ပုဒ်မ(၂၈၅)ဖြင့် အရေးယူထားရှိကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Monday, November 4, 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲတွင် မီးဘေးအန္တရာယ် ကာကွယ်နိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့များကို ဖွဲ့စည်းထားပြီးဖြစ်သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း မီးသတ်တပ်ဖွဲ့စခန်း အဆောက်အဦမှာ အခိုင်အမာ မရှိသေးသည့်အတွက် မီးသတ်ကားများ ထားရှိနိုင်ရေးကိစ္စ နှင့် တပ်ဖွဲ့ဝင်များ နေထိုင်နိုင်ရန်အတွက် ၀န်ထမ်းလိုင်းခန်းကိစ္စများ အခက်အခဲဖြစ်နေရာ အဆိုပါကိစ္စများအား အဆင်ပြေစေရန်အတွက် ယခုအခါမှာ  မြို့နယ် မီးသတ်တပ်ဖွဲ့စခန်းအား ကျပ်ငွေသိန်းပေါင်း ၁၆၀၀ခန့် အကုန်အကျခံကာ ဆောက်လုပ်မည်ဖြစ်သည့် အတွက် စခန်းဆောက်မည့် နေရာတွင် အဆောက်အဦအား စတင် တည်ဆောက်တော့မှာဖြစ်ရာ ပန္နရိုက်အခမ်းအနားအား ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၄ရက် နံနက် ၁၀း၁၀ မိနစ်အချိန်က
ပြုလုပ်ကျင်းပခဲ့ကြသည်။


ပန္နရိုက်အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ပုဂ္ဂိုလ်များအပြင်၊  မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်နိုင် ဦးဆောင်သော တပ်ဖွဲ့ဝင်များ တက်ရောက်လာခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ ဦးဆောင်၍ ၁၀နာရီ ၁၀မိနစ်အချိန် တိတိတွင် ပန္နရိုက်ခဲ့ကြသည်။


ယခုတည်ဆောက်မည့် စခန်းနေရာ၏ တစ်ဘက်တွင် ချောင်းရှိသည့်အတွက် မိုးတွင်းအခါ၌ ရေလျှံပြီး စခန်းအတွင်း ရေများဝင်ရောက်နိုင်မှု မရှိစေရန် စနစ်တကျ တည်ဆောက်ရန်အတွက် ခရိုင်အုပ်ချုပ်ရေးမှူးက အဆိုပါ ပန္နရိုက်အခမ်းအနားတွင် မှာကြားခဲ့သည်။


တာချီလိတ်မြို့နယ်ခွဲတွင် ဆောက်လုပ်မည်ဖြစ်သော  မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းအား တာချီလိတ်မြို့ရှိ အိပ်မက်ရွာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်တာ ဖြစ်ပြီး အိပ်မက်ရွာ ဆောက်လုပ်ရေးကုမ္ပဏီသည် တာချီလိတ်မြို့နယ်တွင်းရှိ အစိုးရရုံးများ၊အဆောက်အဦများအပြင် အခြား မြို့နယ်များတွင်လည်း ဆောက်လုပ်ပေးနေလျှက်ရှိသော
ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်ကြောင်းလည်း သိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Thursday, October 31, 2013

အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၁၃) သင်တန်းဆင်းပွဲနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ ၀တ်စုံများပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁ရက် နံနက် ၈နာရီခွဲ အချိန်က တာချီလိတ်မြို့ရှိ မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။


အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အရေးပေါ် ကူညီဆောင်ရွက်နိုင်ရန်နှင့် အရန်မီးသတ်တပ်ဖွဲ့နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ထည့်သွင်း၍ အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းမှ ထူးချွန်ဆုရရှိသူ သင်တန်းသား နှစ်ဦးအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးတို့က ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ဆက်လက်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ ၀တ်စုံများကို ပေးအပ်လှူဒါန်းရာမှာ တာချီလိတ်မြို့နယ်
အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၇၅၈ဦး အတွက် ၀တ်စုံများကို ခရိုင်ရဲတပ်ဖွဲ့မှူး မှ ပေးအပ်ခြင်း၊ တာလေမြို့နယ်ခွဲ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၄၄ဦးအတွက် ၀တ်စုံများကို ခရိုင်ဥပဒေအရာရှိ မှ ပေးအပ်ခြင်းနှင့် ကျိုင်းလပ်မြို့နယ်ခွဲ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၂၅ဦး အတွက် ၀တ်စုံပစ္စည်းများကို တာချီလိတ်ခရိုင် လ၀က ဦးစီးမှူးတို့မှ အသီးသီးပေးအပ်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။

တာချီလိတ်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၇၅၈ ဦး၊ တာလေမြို့နယ်ခွဲတွင် ၂၄၄ ဦးနှင့် ကျိုင်းလပ်မြို့နယ်ခွဲတွင် ၁၂၅ ဦး ရှိပြီး အဆိုပါသင်တန်းအား ၂၀၁၃ခုနှစ် အောက်တိုဘာလ ၇ရက်နေ့က စတင်ခဲ့တာဖြစ်ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်း
27 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Saturday, September 28, 2013

တာချီလိတ်မြို့နယ်၊ ၀မ်ကောင်းရပ်ကွက်အပိုင် အားခေရွာရှိ နေအိမ်လိုင်းခန်း တစ်ခန်းတွင် စက်တင်ဘာလ ၂၈ရက်၊ ညနေ ၅း၄၀မိနစ် အချိန်ခန့်က ဆိုင်ကယ်ကူရှင်ပေါ် တင်ထွန်းထားသော မီးချောင်းမှာ အပူလွန်ကဲမှုကြောင့် ရှော့ဖြစ်၍ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ နေအိမ်လိုင်းခန်းအတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွားရာ နေအိမ်အတွင်းရှိ ပန်းချီဆွဲ ကိရိယာများနှင့် စက္ကူများသာ ပျက်စီးလောင်ကျွမ်းခဲ့ကြောင်း နှင့် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်းလည်း သိရသည်။


"မီးလောင်တာက ကြီးကြီးမားမားမဟုတ်ပါဘူး၊ အိမ်ထဲမှာကလည်း အိမ်အသုံးအဆောင် ပစ္စည်းတွေ များများရှိတာ မဟုတ်ဘူးဆိုတော့ ပန်ချီးဆွဲတဲ့ ပစ္စည်းတွေလောက်ပဲ မီးလောင်သွား တာတွေ့ရတယ်"ဟု နေအိမ်ဘေးမှ အမျိုးသမီးတစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့ နှင့် နေအိမ်ပတ်ဝန်းကျင်ရှိ ရပ်ကွက်သူ/သားများမှ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Thursday, August 15, 2013

တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးဘေးရှိ အနော်ရထာ
(ဓမ္မဒါနတရားခွေအငှား)ဆိုင်တွင် သြဂုတ်လ ၁၆ ရက် သန်းခေါင်ယံ ၂ နာရီအချိန်ခန့်က ၀ါယာကြိုးမှ တဆင့် လျော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဆိုင်အတွင်း တီဗွီတင်စင်အနီးရှိ မီးပလပ်ခုံ တစ်ခု အပူလွန်ကဲရာမှ မီးလောင်တာဖြစ်ပြီး မီးလောင်ကျွမ်းရာတွင်  စာအုပ်များနှင့် ဗွီစီဒီတိပ်ခွေများ လောင်ကျွမ်းသွားရာ ပျက်စီးဆုံးရှုံးမှု အနည်းအငယ်သာ ရှိကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်
ပွားရာသို့  မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်နိုင် ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် ၁၂ ဦး၊ အရန်တပ်ဖွဲ့ဝင် ၂၀ ဦးတို့ သွားရောက်ပြီး မီးသတ်ယာဉ် ၃ စီးဖြင့် ငြိမ်းသတ်ခဲ့ကြရာ စာအုပ်နှင့် ဗွီစီဒီတို့၏ လောင်ကျွမ်းမှုအရှိန်အား ခဏလေးအတွင်းမှာ ငြိမ်းသတ်နိုင်ခဲ့ကြကြောင်း သိရသည်။

"ကျွန်တော်တို့ ရောက်သွားတော့ အထဲက စာအုပ်တွေ၊ ဗွီစီဒီခွေတွေ မီးလောင်နေတာကို အပြင်က တွေ့နေရတယ်။ တံခါးကို ခတ်ထားတဲ့ သော့ကို ရိုက်ဖြတ်တာ ဖြတ်လို့မရလို့ တံခါးကို ဖျက်ဝင်ပြီးမှ မီးငြိမ်းသတ်ခဲ့ရပါတယ်"ဟု မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်နိုင်က တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

 
{ ရုပ်သံ }

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ရှင်ဖြစ်သူအား သက်ဆိုင်ရာမှ ဥပဒေအရ အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Friday, July 26, 2013

ဇူလိုင်လ(၁၅)ရက်နေ့က စတင်ပြီး ရပ်/ကျေး အခြေပြု အခြေခံ မီးသတ်ပညာသင်တန်း အမှတ်စဉ် ၁/၂၀၁၃ကို တာချီလိတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ သင်ကြားပို့ချပေးလျှက်ရှိပြီး ဇူလိုင်လ(၂၆)ရက် နံနက်(၉)နာရီက အဆိုပါသင်တန်း၏ သင်တန်းဆင်းပွဲ နှင့် မီးငြိမ်းသတ်မှုသရုပ်ပြပွဲအား ပြုလုပ်ခဲ့ကြသည်။

{ သတင်းမှတ်တမ်း ဗီဒီယို }
အခမ်းအနားတွင် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက အဖွင့်အမှာစကားပြောကြားပြီး တာချီလိတ်မြို့နယ် မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးအောင်ကျော်နိုင်မှ စက်သုံးဆီဆိုင်များ မီးဘေးကာကွယ်ရေးအကြောင်း သိကောင်းစရာများအား ရှင်းလင်းပြောကြားခဲ့ကြသည်။

ဆက်လက်၍ အခြေခံမီးသတ်ပညာ သင်တန်းမှ ထူးချွန်ဆုရ သင်တန်းသား(၁)ဦးအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ ဆုပေးအပ်ချီးမြှင့်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး က သင်တန်းသားများ၏ သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ယင်းနောက် တာချီလိတ်ခရိုင်အတွင်းရှိ တာချီလိတ်မြို့နယ်မှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၇၅၈)ဦး၊ တာလေမြို့နယ်ခွဲမှ (၂၄၄)ဦး နှင့် ကျိုင်းလပ်မြို့နယ်ခွဲမှ (၁၂၅)ဦး စုစုပေါင်း အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၁၂၇)ဦး၏ ၀တ်စုံပစ္စည်းများအား သယ်ယူနိုင်ရန်အတွက် ကုန်သည်ကြီးများအသင်း(တာချီလိတ်)၊ သတ္တုတူးဖော်ရေးလုပ်ငန်းရှင်များအသင်း (တာချီလိတ်)၊ စက်သုံးဆီဆိုင်လုပ်ငန်းရှင်များအသင်း (တာချီလိတ်) နှင့် ဟိုတယ်လုပ်ငန်းရှင်များအသင်း (တာချီလိတ်)တို့မှ ထောက်ပံ့ကြေးငွေ လှူဒါန်းရာ သက်ဆိုင်ရာမှ ဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြပြီး စက်သုံးဆီဆိုင် အရောင်းဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဆီမီးငြိမ်းသတ်မှုများကို လက်တွေ့သရုပ်ပြခဲ့ကြရာ  စက်သုံးဆီဆိုင် အရောင်းဝန်ထမ်းများက တစ်ဦးချင်းစီအလိုက် ပြန်လည်၍ မီးငြိမ်းသတ်နည်းများကို လေ့ကျင့်ပြုလုပ်ခဲ့ကြသည်။

ဇူလိုင်လ(၁၅)ရက်နေ့က စတင်ပြီး ရပ်/ကျေး အခြေပြု အခြေခံ မီးသတ်ပညာသင်တန်း အမှတ်စဉ် ၁/၂၀၁၃တွင် တာချီလိတ်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၁၄)ခုမှ၊ တစ်ရပ်ကွက်လျှင် အရန်မီးသတ်တပ်ဖွဲ့ဝင် (၅)ဦးနှုန်းဖြင့် စုစုပေါင်း (၇၀)ဦးတို့ကို တာချီလိတ်မြို့နယ် မီးသတ်ဦးစီးဌာနက အခြေခံ မီးသတ်ပညာကို သင်ကြားပေးတာဖြစ်ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်မြို့မှ ရပ်/ကျေး အခြေပြု အခြေခံ မီးသတ်ပညာသင်တန်းဆင်းပွဲ
32 photos

Monday, July 15, 2013

တာချီလိတ်မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၇၀)ဦးတို့အား တာချီလိတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ သင်ကြားပို့ချပေးမည့်  ရပ်/ကျေး အခြေပြု အခြေခံ မီးသတ်ပညာ သင်တန်း အမှတ်စဉ် ၁/၂၀၁၃ အား သင်တန်းဖွင့်ပွဲအဖြစ် ဇူလိုင်လ(၁၅)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။


အဆိုပါသင်တန်းမှာ တာချီလိတ်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၁၄)ခုမှ၊ တစ်ရပ်ကွက်လျှင် အရန်မီးသတ်တပ်ဖွဲ့ဝင် (၅)ဦးနှုန်းဖြင့် စုစုပေါင်း (၇၀)ဦးတို့က အခြေခံ မီးသတ်ပညာကို သင်ယူတာဖြစ်ပြီး သင်တန်းကိုတော့ ဇူလိုင်လ(၁၅)ရက်နေ့မှ စတင်၍ ရက်သတ္တပတ် နှစ်ပတ်အကြာ သတ်မှတ်ထားရာ သင်ကြားချိန်ကို နေ့စဉ် နံနက်(၇)နာရီမှ (၁၀)နာရီထိ ပို့ချပေးတာဖြစ်ကြောင်း သိရသည်။

"ရပ်ကွက်၊ ကျေးရွာအုပ်စုတွေမှာ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တာရယ်ကာကွယ်ရေး လုပ်ငန်းများမှာ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ပြီး အခုလို ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၄)ခုက အရန်မီးသတ် တပ်ဖွဲ့ဝင် (၇၀)ဦးကို ခေါ်ယူပြီး အခြေခံ မီးသတ်ပညာကို ပို့ချပေးတာဖြစ်ပါတယ်"ဟု မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်နိုင်က ရှင်းပြသည်။

အဆိုပါသင်တန်းအဖွင့်ပွဲ အခမ်းအနားတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် စီးပွားရေး လုပ်ငန်းရှင်များ အပါအ၀င် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်လာခဲ့ကြတာကို တွေ့ရပြီး  ဖွင့်ပွဲအခမ်းအနား၏ အမှာစကားအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက ပြောကြားသွားသည်။

ပုံများကိုကြည့်
အရန်မီးသတ် တပ်ဖွဲ့ဝင် (၇၀)ဦးအား အခြေခံ မီးသတ်ပညာသင်တန်း ပို့ချ
19 photos

Sunday, May 5, 2013


ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်တွင် (၆၇)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ သီရိရတနာ ခန်းမ၌ ယနေ့ မေလ (၅)ရက်၊ နံနက် (၁၀) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားတွင် ရည်မှန်းချက် တာဝန် (၄)ရပ်ဖြစ်တဲ့  မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနဲ့ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်မှုလျော့နည်းစေရေးအတွက် သဘာဝဘေးကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက  အလျင်အမြန်တုန့်ပြန်ဆောင်ရွက်ခြင်း၊ သဘာဝဘေးဒဏ်ခံရပြီးနောက် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရေး အထောက်အကူပြု လုပ်ငန်းများဆောင်ရွက်ရန်ဖြစ်ကြောင်း စသည့် ပြည်သူလူထုအတွက် ပိုမိုပြည့်စုံပြီး ထိရောက်မှုရှိတဲ့ ရည်မှန်းချက်များနဲ့ ဆောင်ရွက်လျက်ရှိကြောင်းနဲ့  ပြည်သူလူထုရဲ့  အသက်အိုးအိမ်ပစ္စည်းများ မီးဘေးလုံခြုံမှု ရှိစေရန်၊   ပြည်သူလူထုအကျိုးစီးပွားကို ကာကွယ်ရန်၊ ပြည်သူလူထုအား ကူညီစောင့်ရှောက်ရန်၊ ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာမှုရအောင် လုပ်ဆောင်ရန် ဆိုတဲ့ ကောင်းမြတ်သည့် ရည်ရွယ်ချက်များကိုလည်း ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ကိုယ်စား  ယာယီခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ က အဖွင့်အမှာစကား၌ ထည့်သွင်း ပြောကြားသွားသည်။



ဆက်လက်ပြီး  ၂၀၁၂ခုနှစ်၊ တစ်နှစ်အတွင်း စည်းကမ်းသေ၀ပ်ပြီး၊ ပေးအပ်သောတာဝန်များကို ထမ်းဆောင်ခဲ့သည့်   မယ်နင်ကျေးရွာအုပ်စု အရန်မီးသတ်တပ်ဖွဲ့၊ ကျဒယ်ကျေးရွာအုပ်စု အရန်မီးသတ်တပ်ဖွဲ့နှင့် ၀ိန်းဝိုင်ကျေးရွာအုပ်စု အရန်မီးသတ်တပ်ဖွဲ့တို့ကိုလည်းကောင်း၊ (၂၄) နာရီ အချိန်ပြည့် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်ဖွဲ့ဝင် (၂)ဦးကို လည်းကောင်း၊ မီးသတ်တပ်ဖွဲ့တွင် (၂၅)နှစ်အထက် စေတနာ၊ ၀ါသနာ၊ အနစ်နာခံတာဝန် ထမ်းဆောင်ခဲ့သော အရန်မီးသတ်တပ်ဖွဲ့ဝင် ဒုတိယတပ်ရင်းမှူးအားလည်းကောင်း၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဖက်ဖက်မှ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သည့် စေတနာရှင်အလှူရှင်(၂)ဦးအားလည်းကောင်း၊  (၆၇)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုသွေးလှူရှင် တပ်ဖွဲ့ဝင်တစ်ဦးအားလည်းကောင်း တာဝန်ရှိသူများမှ အသီးသီး ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းပေးပို့သူ -  ဝေယံလင်းလက်(မိုင်းဆတ်)




Thursday, March 7, 2013

၂၀၁၃ခုနှစ် မတ်လ(၇)ရက်နေ့ ည(၁၀း၅၅)နာရီမှ ည(၁၁း၀၀)နာရီထိ တာချီလိတ်မြို့ မြို့မဈေး(၀မ်ကောင်းဈေး)အတွင်းမှာ မီးဖိုထဲရှိ မီးကြွင်းမီးကျန်မှ တဆင့် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

{မီးစတင် လောင်ကျွမ်းရာနေရာ}

မီးလောင်မှုဖြစ်ပွားရာနေရာမှာ ဈေးအတွင်းရှိ ဆိုင်ခန်းနံပါတ် ( ဃ - ၁၃ )ဖြစ်ပြီး ခေါက်ဆွဲရောင်းတဲ့ ဆိုင်ဖြစ်ကြောင်း သိရပါတယ်။ မီးလောင်ရခြင်းရဲ့ အကြောင်းအရင်းမှာ မီးသွေးမီးကျန်များကို မြေအိုးလေးထဲမှာ ထည့်ထားခဲ့ရာမှ မီးများမသေသွားပဲ လွင့်စင်သွားရာ အနီးရှိ မီးသွေးအိတ်သို့ ကူးစက်သွားပြီး အခုလို လောင်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ "မီးသွေးမီးကျန်ကို အခုလို အိုးလေးထဲ ထည့်ပြီး အုပ်ထားခဲ့ရင် နောက်တစ်နေ့ ပြန်သုံးလို့ရတယ်လို့ အများပြောတာနဲ့ ကျွန်မလည်း အိုးထဲ ထည့်ပြီး သုံးနေတာပါ။"လို့ ကာယကံရှင်တစ်ဦးဖြစ်သူ ဒေါ်အားညွှန့်က ပြောပါတယ်။


ဈေးတစ်ဈေးလုံး ကူးစက်မလောင်သွားစေရန်အတွက် တာချီလိတ်မြို့နယ်  မီးသတ်တပ်ဖွဲ့မှ ဒု-ဦးစီးမှူး ကျော်ကျော်ကို နဲ့ မီးသတ်တပ်ဖွဲ့ဝင်များအပါအ၀င် ဈေးအနီးရှိ ဈေးသူ/ဈေးသားများ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝင်များ စသည်တို့က  မီးများကို ၀ိုင်းဝန်း သတ်လိုက်နိုင်တာကြောင့် ခဏလေးအတွင်းမှာ မီးများအားလုံး ငြိမ်းသွားခဲ့တာကို တွေ့ရပါတယ်။

မီးလောင်မှုကြောင့် ခေါက်ဆွဲဆိုင်အတွင်းရှိ မီးသွေးအိတ်၊ ထင်းရှုးသေတ္တာ နဲ့ အခြားအသေးအမွှား ပစ္စည်းတွေသာလောင်ကျွမ်းသွားခဲ့ပြီး ဆိုင်ခန်းရဲ့ သစ်သားတိုင်မှတဆင့် အပေါ်ထုပ်တန်း အနည်းအငယ်ထိသာ လောင်းကျွမ်းသွားခဲ့တာဖြစ်ပါတယ်။

ပုံများကိုကြည့်ရန်


Tuesday, February 26, 2013

ဖေဖော်ဝါရီလ(၂၆)ရက်နေ့ ည (၁၀း၃၀)နာရီအချိန် တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်မှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။


မီးလောင်မှုဖြစ်ပွားရာ အိမ်ဟာ ဆန်ဆိုင်း(က)ရပ်ကွက်မှာ တည်ရှိတာဖြစ်ပြီး မိန်းလမ်းဘေးက တရုတ်ပစ္စည်းကုန်စုံဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ မီးစတင်လောင်ချိန်မှာ ည(၁၀း၃၀)နာရီဖြစ်ပြီး တာချီလိတ်မြို့နယ်  မီးသတ်တပ်ဖွဲ့မှ ဒု-ဦးစီးမှူး ကျော်ကျော်ကို နဲ့ မီးသတ်တပ်ဖွဲ့ဝင်တို့က မီးသတ်ကားသုံးစီးကို အသုံးပြုပြီး (၁၀း၃၅)နာရီမှာ မီးလောင်မှုကိုထိန်းထားနိုင်ခဲ့ပြီးနောက် (၁၀း၄၀)နာရီမှာ မီးများကို ငြိမ်းသတ်နိုင်ခဲ့ကြပါတယ်။ "မီးစလောင်ချိန်မှာ ကုန်စုံဆိုင်ရဲ့ အပေါ်ထပ်မှာ သူဌေးမိသားစုရော  အလုပ်သမားတွေရော အိပ်ပျော်နေကြတာ အောက်ထပ်က မီးခိုးတွေတက်လာမှ သိကြတာ"လို့ ကုန်စုံဆိုင်ရဲ့ အလုပ်သမားတစ်ဦးက ပြောပါတယ်။


မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားရာနဲ့ပတ်သက်ပြီး အဓိက ဇစ်မြစ်မှာ မီးမိန်းခုံနဲ့ဝါယာကြိုးတွေကနေတဆင့် စတင်လောင်ကျွမ်းတာလို့ သိရပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ကုန်စုံဆိုင်အတွင်းက ကုန်ပစ္စည်းတစ်ချို့ ဆုံးရှုံးသွားခဲ့ရတာကို တွေ့ရပါတယ်။ ကုန်ပစ္စည်းများမီးလောင်မှုကြောင့် အဆောက်အဦရဲ့ သုံးထပ်စလုံးမှာ မီးခိုးများနဲ့ မွမ်းကြပ်နေတာဖြစ်ပြီး နံနက်မှပဲ မီးခိုးတွေ ပပျောက်သွားမယ်လို့ ယူဆရပါတယ်။ မီးစတင်လောင်ကျွမ်းချိန်က အပေါ်ထပ်မှာ အိပ်ပျော်နေတဲ့ အလုပ်ရှင်နဲ့အလုပ်သမားများဟာ အောက်ထပ်မှာ မီးလောင်ကျွမ်းနေတဲ့အတွက် ဆိုင်ရဲ့ ဒုတိယအထပ် နောက်ဖေးဘက်ကနေ ကလေး(၂)ဦး နဲ့ လူကြီး(၄)ဦး စုစုပေါင်း(၆)ဦးက မီးဘေးကနေလွတ်ရန်အတွက် ခုန်ဆင်းခဲ့ကြပါတယ်။ တိုက်ရဲ့ ဒုတိယအထပ်ကနေ အောက်ကို ခုန်ဆင်းခဲ့သော်လည်း (၆)ဦးလုံး ထိခိုက်ဒဏ်ရာရရှိခြင်း မရှိတဲ့အပြင် (၆)ဦးအနက် အမျိုးသားတစ်ဦးမှာ တိုက်ပေါ်က ခုန်အဆင်းမှာ အောက်ရှိ ရေတွင်းငယ်ထဲ ပြုတ်ကျသွားခဲ့သော်လည်း ထူးခြားစွာဖြင့် ထိခိုက်မှုမရှိကြောင်းလည်း ထပ်မံသိရှိရပါတယ်။


မီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာကို   တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး  ဒု-ရဲမှူးကြီး နေမျိုးထွဋ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းထွန်းဦး ၊ဆန်ဆိုင်း(က)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းဆင် နဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တို့က ရောက်ရှိလာခဲ့ကြပြီး လူထိခိုက်ဒဏ်ရာရရှိမှုရှိမရှိ နဲ့ မီးလောင်မှုဖြစ်ပွားခြင်းနဲ့ပတ်သက်ပြီး စတင်လောင်ကျွမ်းတဲ့နေရာကို ကြည့်ရှု့ခဲ့ကြပါတယ်။

ပုံများကိုကြည့်ရန်

Wednesday, January 16, 2013

၂၀၁၃ခုနှစ် ဇန်န၀ါရီ(၁၆)ရက် နေ့လည်(၁)နာရီက တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ပြီး မီးသတ်အဖွဲ့ဝင်တို့သည် မြို့မဈေးအတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် မီးသတိပေးလက်တွေ့ပြခြင်းများကို ပြုလုပ်ခဲ့ကြပါတယ်။




တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို နှင့် စည်ပင်သာယာရေးအဖွဲ့ဝင်များသည် ၀မ်ကောင်းဈေး(မြို့မဈေး)အတွင်း ရေမြောင်းများအား ရေစီးရေလာ
 ကောင်းမွန်စေရန်အတွက် မြောင်းအတွင်း အမှိုက်သရိုက်များ ဆယ်ယူခြင်း နှင့် ဈေးဘေးရှိ နမ့်ယွန်းချောင်းငယ် အတွင်းရှိ အပင်ငယ်လေးများ နှင့် အမှိုက်များစသည်တို့ကို ဆယ်ယူရှင်းလင်းစေခဲ့ကြပါတယ်။


ဆက်လက်ပြီး နွေရာသီအတွက် မီးသတိပေးအနေဖြင့် ဈေးသူ/သားများအား စည်ပင်သာယာရေးအဖွဲ့အပါအ၀င် မီးသတ်တပ်ဖွဲ့မှ ဒု-ဦးစီးမှူး ကျော်ကျော်ကို နှင့် မီးသတ်တပ်ဖွဲ့တို့သည် မီးဘေးအန္တရယ်ဖြစ်ပေါ်လာသည့်အခါ မီးသတ်ဗူးမည်သို့ အသုံးပြုရမည်ကို ရှင်းလင်းပြသပြီး လက်တွေ့ မီးသတ်ပြခြင်းနှင့် မီးသတ်ကားဖြင့် ရေပက်ဖြန်းခြင်းများကို ရှင်းလင်းပြသခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။ ၎င်းတို့အဖွဲ့သည် ဈေးအတွင်းရှိ ရေငုတ်တိုင်များကို
ရေလာမလာ စစ်ဆေးခြင်းများအပြင် လျပ်စစ်မီတာများကို စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြပါတယ်။

ဈေးဝယ်သူတစ်ချို့မှ ပြောနေကြသော  ငါးရောင်းသူများမှာ ဈေး၏ဘေးရှိ (နမ့်ယွန်းချောင်း)ချောင်းငယ်မှ ရေများကို ခပ်၍ ငါးများကို ဆေးကြောကာ
 ပြန်လည်ရောင်းချနေသည့်ကိစ္စနှင့် ပတ်သက်၍ စည်ပင်သာယာရေးအဖွဲ့မှ ကြက်သားသည် ငါးသည်များအတွက် ရေရရှိရန် ရေပိုက်များသွယ်ပေးပြီး  ရေမီတာများဖြင့် တပ်ဆင်ကာ အသုံးပြုသွားရန်အတွက် ဇန်န၀ါရီ(၁၇)ရက်နေ့မှာ သား/ငါးသည်များနှင့်တွေ့ဆုံ၍ ပြုလုပ်သွားမှာဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့ဝင်တစ်ဦးမှာ ကြားသွားပါတယ်။

ပုံများကိုကြည့်ရန်