Latest News

Dropdown Menu

Showing posts with label ထူးဆန်းသတင်း. Show all posts
Showing posts with label ထူးဆန်းသတင်း. Show all posts

Sunday, December 29, 2013

ကမ္ဘာပေါ်မှာ များသောအားဖြင့် လူသားတိုင်း ပြောလေ့ပြောထရှိသည့် စကားတစ်ခွန်းမှာ အချိန်ကို နောက်ပြန်လည်လို့မရတော့ဘူး၊ ဒီနေ့ ဒီလ လို ရက်စွဲမျိုး တူညီမှုတွေ မရှိနိုင်တော့ဘူးဆိုတဲ့ လက်သုံးစကားကို ၂၀၁၄ ခုနှစ်  ပြက္ခဒိန် ရက်စွဲများက တော်လှန်လိုက်တာကို တွေ့ရပါသည်။

အဘယ့်ကြောင့်ဆိုသော် ၂၀၁၄ခုနှစ်ထဲက ရက်လများက ပြီးခဲ့သော နှစ်ပေါင်း (၆၇)နှစ်က ပြက္ခဒိန်ရက်စွဲများအတိုင်း ထပ်တူထပ်မျှ ကျစေတာတွေကြောင့်ပါ။

{ ပြက္ခဒိန်ပုံအား Googleမှ ရှာဖွေ၍ ပေါင်းစပ်ဖော်ပြပါသည်၊ ပုံကို နိပ်၍ အကြီးချဲ့ကြည့်နိုင်ပါသည်}

ကမ္ဘာလောကကြီးထဲ ထူးခြားမှုတွေဟာ အံ့သြတုန်လှုပ်စရာအဖြစ် အမြဲဖြစ်ပေါ်နေသည့်အတွက် အခုလည်း မထင်ထားတဲ့ ခုနှစ်သက္ကရာဇ်တစ်ခုစီက ရက်စွဲကို ပြန်လည်၍ တစ်ထပ်တည်း ကျရောက်စေတော့မှာ ဖြစ်တဲ့အတွက် များသောအားဖြင့် မည်သူမျှ မယုံကြည်နိုင်စရာ တခုဖြစ်နေတာကို တွေ့ရပါသည်။

၁၉၄၇ ခုနှစ် ပြက္ခဒိန် နှင့် ၂၀၁၄ ခုနှစ် ပြက္ခဒိန်တို့ရဲ့ နေ့လရက်တွေ တွက်ချက်ပုံ သွားတူနေပေမဲ့လည်း မတူညီသည်က လပြည့်/လကွယ်ရက်များဖြစ်ကြောင်း နှိုင်းယှဉ်ချက်အရလည်း သိရပါသည်။

"၁၉၄၇ ခုနှစ်က ပြက္ခဒိန်ရက်စွဲနဲ့ ၂၀၁၄ ခုနှစ် ပြက္ခဒိန်ရက်စွဲ တူတယ်ဆိုတော့ နိုင်ငံရေးအရ ပြောရရင် ၁၉၄၇ ခုနှစ်မှာ မြန်မာတစ်ပြည်လုံး ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေခဲ့တယ်။ အဲ့လိုပဲ ၁၉၄၇ခုနှစ်က ဒီမိုကရေစီ အရေးနဲ့ ၂၀၁၄ ရဲ့ ဒီမိုကရေစီအရေးရော တူညီနိုင်ပါ့မလား ဆိုတာလေးကိုတော့ စိတ်ဝင်စားမိတယ် "ဟု ပြည်ပရောက် နိုင်ငံရေးသမားတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ သုံးသပ်ပြောဆိုလာသည်။

"တကယ့်ကို အံ့သြစရာကောင်းပါတယ်၊ ကျွန်တော်တို့လည်း မယုံနိုင်လို့ သေချာတိုက်ကြည့်တော့ လပြည့်လကွယ်က လွဲရင် နေ့ ရက် လ တွေကအစ သွားတူနေတာကို တွေ့ရတယ်"ဟု တာချီလိတ်မြို့မှ မြို့မိမြို့ဖ တစ်ဦးကလည်း တာချီလိတ်အွန်လိုင်းသို့ အံ့သြမှုဖြင့် ပြောကြားလာသည်။

လေ့လာတင်ပြသူ ။   ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Wednesday, July 24, 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ အိမ်အမှတ် ၂/၉၅၊ ဦးနန်းကွက်တစ် နေအိမ် ရှေ့တွင် ငှက်ပျောခိုင် တစ်ခိုင်တည်းနှင့် ငှက်ပျောဖီးပေါင်း ၁၅၀ကျော် ထွက်နေသည်ကို တွေ့ရှိရသည်။  လက်ရှိ ငှက်ပျောခိုင် အရှည်မှာ ၅ ပေနီးပါးခန့်ရှိသည်။

{ ငှက်ပျောဖီးပေါင်း ၁၅၀ကျော်ထွက်နေသည့် ငှက်ပျောခိုင် }

အဆိုပါ ငှက်ပျောခိုင် ထွက်ရှိနေသည်မှာ နှစ်လကျော်ပြီဖြစ်ပြီး အပေါ်ပိုင်း အဖီးများကြီးထွားနေပြီဖြစ်သည်။ အောက်ပိုင်းတွင် ငှက်ပျောဖီးများ ဆက်လက်ထွက်ရန် ကျန်ရှိနေသေးသည်။ အဆိုပါ ထူးခြားသော ငှက်ပျောခိုင်အား စိတ်ဝင်စားသူများ သွားရောက်ကြည့်ရှုလျက်ရှိကြောင်း သိရှိရသည်။
သတင်းပေးပို့သူ။      ။ မောင်ဆွေငြိမ်း


Tuesday, July 2, 2013

ဇူလိုင်လ(၁)ရက်နေ့က  သတင်းတာဝန်နဲ့ တာချီလိတ်မြို့နယ် မိုင်းဟဲ(အောက်)ကျေးရွာအုပ်စုအတွင်းရှိ ပန်စလိမူလတန်းကျောင်းလေးကို ရောက်ရှိသွားခဲ့ပါသည်။ ပန်စလိမူလတန်းကျောင်းမှာ ကျောင်းသူ၊ကျောင်းသား (၁၄၇)ဦး ပညာသင်ကြားနေပြီး ရိုးသားလှတဲ့ အာခါနဲ့ လားဟူရင်သွေးငယ်လေးများ ဖြစ်ကြပါသည်။

ကျောင်းစာသင်ခန်းထဲကို ၀င်သွားတာနဲ့ သံပြိုင်ညီညီသီဆိုကြတဲ့ နှုတ်ဆက်တေးလေးဟာ မြို့ကြီးပြကြီးက ကျောင်းတွေမှာတောင် တခါမှမတွေ့ဖူးတဲ့ နှုတ်ဆက်တေးသံလေးပါ၊ မြန်မာလို မပီမသ ၀ဲတဲတဲနဲ့ သီဆိုတဲ့ နှုတ်ဆက်တေးသံလေးကတော့ ကျွန်တော့်ရင်မှာ တသက်မမေ့နိုင်တော့ပါ။

ဒီကျောင်းသူကျောင်းသားလေးတွေကို လိုက်လံနှုတ်ဆက်ရင်း ထူးခြားတဲ့ ကျောင်းသားလေးတစ်ယောက်ကို သွားတွေ့တာနဲ့ သတင်းသမားပီပီ ဓါတ်ပုံတွေရိုက်၊ သိချင်တာတွေကို မေးမြန်းကြည့်ခဲ့သည်။ သူ့ပုံလေးကိုကြည့်ပါ၊ ရိုးသားတဲ့ သွင်ပြင်လေးမှာ ရှည်လျားလှတဲ့ ဆံပင်တွေက သူ့အလှကိုဖျက်နေသလိုပါပဲ။

"သားဆံပင်တွေရှည်နေတယ်၊ ကျောင်းသားဆိုတာ ဆံပင်ရှည်မထားရဘူး"လို့ ပြောလိုက်မိတော့ "ဟုတ်ကဲ့ ဦးဦး သားလဲ ဆံပင်ရှည်မထားချင်ပါဘူး၊ ဒါပေမယ့် သားဆံပင်တွေက ငယ်ငယ်လေးထဲက ဖြတ်လို့မရဘူး၊ ဆံပင်တွေကို ညှပ်လိုက်တာနဲ့ သားမခံမရပ်နိုင်အောင် မူးလာပြီးနောက်တော့ သတိလစ်သွားတော့တယ်၊ အဲ့ဒါကြောင့် ဆံပင်တွေကို အကုန်ညှပ်လို့မရပဲ အခုလို တပိုင်းတစ အရှည်ထားနေရတာပါ"ဟု ယဉ်ကျေးစွာဖြင့် ပြန်လည်ဖြေကြားသွားပါသည်။

" ဒီကလေးနံမည်က မောင်လီတိပါ၊ အသက်က ၃၁-၁၂-၁၉၉၈မှာ မွေးတာဆိုတော့ (၁၅)နှစ်ပြည့်ခါနီးပါပြီ၊ အခု ဒီကျောင်းမှာ စတုတ္တတန်းတက်ရောက်သင်ကြားနေတာပါ။ မိဘတွေကတော့ မိုင်းဟဲကျေးရွာအုပ်စု၊ ၀ိန်းဝရွာမှာ နေထိုင်တဲ့ အာခါတိုင်းရင်းသား ဦးအားဆောင်နဲ့ ဒေါ်ဘူးတီးတို့ရဲ့ သားသမီး (၁၁)ဦးအနက် အငယ်ဆုံးသားပါ၊ သူ့ဆံပင်တွေကို ညှပ်လို့မရဘူး၊ ညှပ်တာနဲ့ မူးလာပြီး သတိလစ်သွားတော့တာပဲ၊ ဘာကြောင့်ဆိုတာတော့ ကျွန်မတို့လဲ သိပ်တော့နားမလည်ဘူး၊ သူတို့မိသားစုက အရင်ကတော့ မိရိုးဖလာ နတ်ကိုးကွယ်သူတွေပါ၊ အခုတော့ ခရစ်ယာန်ဘာသာဝင်တွေဖြစ်နေပါပြီ၊ အချို့ပြောကြတာကတော့ မိရိုးဖလာနတ်ကိုးကွယ်သူတွေအနေနဲ့ အခုလိုထူးခြားတဲ့ သူတွေရှိတတ်တယ်လို့ ပြောကြပါတယ်။ ဒါကြောင့် သူ့ဆံပင်ကို အကုန်ညှပ်လို့ မရပဲ နတ်နေကိုင်း သဘောမျိုးချန်ထားပေးရတာပါ"ဟု တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်လွန်းနွယ်နွယ်ရီမှ ရှင်းပြသည်။

မည်သို့ပင်ဆိုစေကာမူ ယခုလို ဆံပင်ညှပ်၍မရသည့်အဖြစ်ကတော့ ကျွန်တော့်ဘ၀တွက် တသက်မှတခါကြုံရသည့်အဖြစ်မို့ မှတ်တမ်းပြုမိပါသည်။ လူထူးဆန်းလေး မောင်လီတိအား ကိုယ်တိုင်သွားရောက်တွေ့ဆုံလိုပါက တာချီလိတ်-ဘိုရှီး-မိုင်းခုတ်လမ်းမကြီးအတိုင်း (၅)မိုင်ခန့်သွားရောက်လျှင် ပန်စလိကျေးရွာလေးသို့ ရောက်ရှိပါမည်။ အဆိုပါရွာလေးရှိ အခြေခံပညာမူလတန်းကျောင်းတွင် ပညာသင်ကြားနေသော မောင်လီတိအား တွေ့ဆုံနိုင်ပါကြောင်း။

သတင်းပေးပို့သူ။          ။ မောင်ယဉ်ကျေး


Monday, March 18, 2013

မတ်လ(၁၉)ရက်နေ့ နံနက်(၆း၃၀)နာရီခန့်က တာချီလိတ်မြို့နယ် မကာဟိုခမ်းရပ်ကွက် မေဖလားဝါးကွင်း ထဲရှိ ပြည်သူ့စစ်ဂိတ်အနီးမှာ နွားတစ်ကောင် ထူးဆန်းစွာဖြင့် ကြိုးဆွဲချသဏ္ဍာန်သေဆုံးနေကြောင်း တွေ့ရှိရပါတယ်။


နွားတစ်ကောင် ထူးဆန်းစွာသေဆုံးနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အနီးရှိ လူတစ်ဦးအား မေးမြန်းရာမှာ "နွားပိုင်ရှင်က နွားကို သစ်ပင်မှာ ကြိုးနဲ့ချည်ထားတယ်၊ နောက်ကြိုးတစ်ကြိုးနဲ့ ငြိနေတာက အဲ့ဒီသစ်ပင်မှာ ကလေးတွေ စီးလို့ရအောင် ဒန်းလုပ်ထားတာ၊ ဒါန်းလုပ်ထားတဲ့ ကြိုးနဲ့ နွားကိုချည်ထားတဲ့ ကြိုးနဲ့ သွားရစ်မိပြီး နွားအနေနဲ့ ရုန်းကန်လှည့်ပတ်ရင်း အခုလို ကြိုးနှစ်ကြိုးရစ်ပြီး သေသွားတဲ့ သဘောပါပဲ၊ အခုလို နွားသေသွားတဲ့ ပုံစံမျိုး ကျွန်တော့်အသက် (၄၀)ကျော်နေပြီ တစ်ခါမှ မတွေ့ဖူးဘူး"လို့ ဖြေကြားသွားပါတယ်။


တာချီလိတ်မြို့မှာ ထူးဆန်းမှုအဖြစ် ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့ကလည်း  ပါလျှံကွက်သစ်ထဲမှာ ၀က်တစ်ကောင် ဆင်နှာမောင်းသဏ္ဍာန်ဖြစ်နေပြီး ဆင်နှာရွက်ပုံသဏ္ဍာန်လည်းဖြစ်ပေါ်နေခဲ့ဖူးပါတယ်။ သို့သော်လည်း အဆိုပါဝက်မှာ
မွေးမွေးချင်း သေဆုံးနေတာဖြစ်ပါတယ်။

ပုံများကိုကြည့်ရန်

Wednesday, February 15, 2012



တာချီလိတ်မြို့၊ ပါလျှံကွက်သစ်ရှိ ကိုမာကီး(ကချင်လူမျိုး)၏ အသေးစားဝက်မွေးမြူရေးခြံတွင် မနက် (၇)နာရီခန့်၌ ၀က်မမှ ၀က်ပေါက်လေး (၆)ကောင်မွေးခဲ့ပြီး ပထမဆုံးသော ၀က်ကောင်ပေါက်လေးမှာ ဦးခေါင်းပိုင်းမှာ ဆင်ပုံသဏ္ဍာန်ဖြစ်နေပါသည်။

နှာခေါင်းတွင် ဆင်နှာမောင်းသဏ္ဍာန်ဖြစ်နေပြီး ဆင်နှာရွက်ပုံသဏ္ဍာန်လည်းဖြစ်ပေါ်နေသည်။ နှမြောစရာကောင်းသည်က ထိုဝက်ကလေးမှာ အသေမွေးခဲ့ခြင်းဖြစ်သည်။ ပထမဆုံးမွေးလာသော ၀က်ဖြစ်ပြီး အသေမွေးခြင်းဖြစ်သည်။ ကျန် ၀က်အကောင်ပေါက် (၅)ကောင်မှာ သက်ရှိလှုပ်ရှားလက်ရှိကို အောက်ပါပုံအတိုင်းတွေ့မြင်နိုင်ပါသည်။




ထူးခြားစွာမွေးလာသော ၀က်သေလေး

ဝက်မွေးရေးခြံပိုင်ရှင် ကိုမာကီး နှင့် ၀က်သေကောင်လေး၏ မိခင်

ဝက်သေကောင်လေး၏ မိခင် နှင့် ၀က်ကောင်ပေါက်လေးများ
( နဘေးက သွေးအိုင်သဖွယ်မှာ အချင်းဖြစ်သည်)


ကျေးဇူးတင်ပါသည်။
Tachileik
www.tachileik.net