Latest News

Dropdown Menu

Showing posts with label စည်ပင်သာယာရေး. Show all posts
Showing posts with label စည်ပင်သာယာရေး. Show all posts

Thursday, January 23, 2014

     တာချီလိတ်မြို့တွင်းလမ်းများ သန့်ရှင်းသာယာလှပရေးအတွက် တာချီလိတ်မြို့နယ် စည်ပင် သာယာရေး ဦးစီးဌာနမှ ဗိုလ်ချုပ်လမ်းမကြီးတလျှောက် ဖြူ-နီကြားမျဉ်းများရေးဆွဲခြင်း ၊ လမ်းဆုံ လမ်းခွနှင့် မီးပွိုင့်များတွင် သာမိုပလပ်စ်လမ်းလည်မျဉ်းများ ၊ သတိပေးမျဉ်းဝါများရေးဆွဲခြင်း ၊ မီးဆိုင်းအလှများ တပ်ဆင်ခြင်းလုပ်ငန်းများအား ယနေ့ ဇန်န၀ါရီ (၂၃)ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ဆောင်ရွက်ရာ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာန အမှုဆောင်အရာရှိ ဦးကိုကို ၊ တာဝန်ခံအင်ဂျင်နီယာ ဦးလှမျိုး ၊ မြို့နယ် မီးလင်းရေးကော်မတီဝင် ဦးစိုင်းခမ်းမွန်းနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးကြသည်။


       အလားတူ တာချီလိတ်-ကျိုင်းတုံ လမ်းဆုံမှ လေဆိပ်သွားလမ်းတလျှောက် ပျက်စီးနေသော လမ်းအစိတ် အပိုင်းများအား ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း
သိရှိရပါသည်။
သတင်းပေးပို့သူ။    ။ မောင်ယဉ်ကျေး

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Sunday, December 29, 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ ပါလျှံ(၂)ရှိ အာခါဗုဒ္ဓကျောင်းလမ်းအား ယခုအခါမှာ ကတ္တရာလမ်းအဖြစ် ခင်းကျင်းပြီးသည့် အတွက်သော် လည်းကောင်း၊ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်သော် လည်းကောင်း အဆိုပါလမ်းဖွင့်ပွဲ အခမ်းအနားအား ယနေ့ ဒီဇင်ဘာလ(၂၉)ရက်၊ နံနက်ပိုင်းက ပြုလုပ်ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း မှ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။


ရှေးဦးစွာ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးက အဖွင့်အမှာစကားပြောကြားပြီး တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို က လမ်းခင်းကျင်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေသခံ တိုင်းရင်းသားတစ်ဦးမှ ယခုလို သက်ဆိုင်ရာမှ လမ်းခင်းပေးတာနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားသွားခဲ့သည်။

ဆက်လက်၍ အဆိုပါ အခမ်းအနားတွင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို တို့မှ ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြရာ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံ တိုင်းရင်းသားများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ စသည်တို့မှ တက်ရောက်လာခဲ့ကြသည်ကို တွေ့ရှိရသည်။

ယခု ဖွင့်လှစ်လိုက်သည့် အာခါဗုဒ္ဓကျောင်းလမ်း ကတ္တရာလမ်းသစ်အား ၂၀၁၃ခုနှစ် မေလ(၂၀)ရက်နေ့က စတင်၍ ပြုလုပ်လာခဲ့တာဖြစ်ပြီး လမ်းအား ကတ္တရာခင်းကျင်းချိန်မှာ အချိန်ကာလ (၇)လ၀န်းကျင် ကြာခဲ့ပြီး လမ်း၏ အရှည်မှာ ( ၅၉၆၀)ပေ နှင့် အနံ (၁၂)ပေ ရှိပြီး ထုထည်မှာ (၉)လက်မ အထူရှိသည်ဖြစ်ရာ လမ်း၏ စုစုပေါင်း ကုန်ကျငွေမှာ ကျပ် (၇၉၁)သိန်း ၀န်းကျင် ကုန်ကျမှုရှိကြောင်း သိရသည်။

"အခုလို ကတ္တရာလမ်းခင်းပေးတဲ့အတွက် အရမ်းဝမ်းသာပါတယ်၊ အရင် လမ်းမခင်းမီတုန်းကဆိုရင် လမ်းက ကြမ်းတယ်၊ အခုတော့ ကျွန်တော်တို့ ရွာလမ်းလေး အဆင်ပြေသွားပြီ"ဟု အာခါတိုင်းရင်းသား တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ၀မ်းသာမှုဖြင့် ပြောပြသည်။

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ထဲ၌ ပါဝင်သော လမ်းများကို အကုန်အကျခံကာ ဖောက်လုပ်၊ ပြုပြင်၊ ခင်းကျင်းပေးသွားမှာဖြစ်ပြီး ဘဏ္ဍာနှစ်ထဲ မပါဝင်သည့် လမ်းများကို ရပ်ကွက်အတွင်းရှိ စေတနာရှင်များအနေဖြင့် ခင်းကျင်းလိုပါက ပြည်နယ်အစိုးရအဖွဲ့မှ ၀ယ်ယူ၍ ချပေးထားသော ကတ္တရာများကို အခမဲ့ ရရှိနိုင်မှာ ဖြစ်သည့်အတွက် မိမိတို့ ရပ်ကွက်အတွင်းရှိ လမ်းများအား ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ကတ္တရာလမ်းခင်းလိုပါက မြို့နယ်စည်ပင်သာယာရေးရုံးသို့ လာရောက်၍ တင်ပြရန် လိုကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရှိရသည်။

"ပြည်နယ်အစိုးရအဖွဲ့က ချပေးထားတဲ့ ကတ္တရာတွေ ရှိပါတယ်။ ရပ်ကွက်အတွင်းက လမ်းတွေကို ကတ္တရာလမ်းအဖြစ် ခင်းချင်တယ်ဆိုရင်၊ ကျွန်တော်တို့ စည်ပင်သာယာရေးအဖွဲ့က ကတ္တရာအပါအ၀င် လိုအပ်တဲ့ ယန္တရားတွေနဲ့ ပံ့ပိုးပေးမှာဖြစ်ပါတယ်။ လမ်းခင်းလိုတဲ့ ဘက်က လုပ်အားခ၊ သဲဖိုး၊ ကျောက်ဖိုးလောက်ပဲ ကုန်မှာပါ၊ အသေးအစိတ်ကိုတော့ စည်ပင်သာယာရေးရုံးမှာ လာရောက်စုံစမ်းနိုင်ပါတယ်"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

ပုံများကိုကြည့်ရန်
ရပ်ကွက်များအတွင်း လမ်းခင်းလိုပါက ကတ္တရာများစည်ပင်မှအခမဲ့ပံ့ပိုးမည်
50 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Tuesday, November 5, 2013

ထိုင်း-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် ပုဂ္ဂလိကဈေးများစွာရှိသည့်အနက် ၀မ်ကောင်းရပ်ကွက် အတွင်း၌  ရှိသော "ဘုရင့်နောင်"ဈေးတွင် ဒေသဖွံ့ဖြိုးမှု နှင့် လူစည်ကားမှု ရှိစေရန်အတွက် ဈေးရောင်းချနိုင်ကြောင်းကို၂၀၁၃ခုနှစ် နိုဝင်ဘာလ ၅ ရက် နေ့လည် ၁၁နာရီ ၄၅ မိနစ်အချိန်က တာချီလိတ်မြို့နယ် စည်ပင်သာယာရေးရုံးတွင် အသား/ငါး ဈေးသည်များအား
ခေါ်ယူတွေ့ဆုံ၍ အသိပေးပြောကြားခဲ့ကြောင်း သိရသည်။


ထိုသို့အသိပေးပြောကြားရာတွင် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို က လိုင်စင်ရရှိထားသော အသား/ငါးရောင်းချသည့် ဈေးသည်များ အနေဖြင့် သတ်မှတ်ထားသည့် ဈေးအပြင် ၀မ်ကောင်းရပ်ကွက်၊ သံဃာ့ဆေးရုံအနီးရှိ "ဘုရင့်နောင်"ဈေး၌လည်း လွတ်လပ်စွာ သွားရောက် ရောင်းချနိုင်ကြောင်း" အသိပေးပြောကြားရာ သား/ငါး ဈေးသည်များက ထိုသို့ အသိပေးလာသည့်အတွက် သွားရောက် ရောင်းချမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားလာကြသည်။

တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်၊ သံဃာ့ဆေးရုံအနီး၌ ဖွင့်လှစ်ထားသော "ဘုရင့်နောင်"ဈေးတွင် ၂၀၁၃ခုနှစ် အောက်တိုဘာလ မှစ၍ ၂၀၁၃ နှစ်ကုန်အထိ ဆိုင်ခန်းခ နှင့် အခွန်အခများကို ကောက်ခံခြင်းမပြုပဲ အခမဲ့ ရောင်းချခွင့် ၃လတိတိ ပေးသွားမှာဖြစ်ကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ အဝေးပြေးခရီးသည်တင်ယာဉ်ရပ်နားစခန်း တစ်ခုဖြစ်သည့် ပါဆပ်ကားလေးကွင်းအား ယခုအခါမှာ အဆင့်မြင့်ကားလေးကွင်းအဖြစ် တည်ဆောက်ရန်အတွက် စည်ပင်သာယာရေးအဖွဲ့၊ "မင်းခေတ်သစ်"ဆောက်လုပ်ရေး ကုမ္ပဏီ နှင့် ဂိတ်သူ ဂိတ်သားတို့ တွေ့ဆုံ၍ စည်းဝေးညှိနှိုင်းမှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြပြီးနောက် ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၁၀နာရီ ၃၀မိနစ် အချိန်စ၍ အချိန် ၃နာရီကျော်အကြာ အကြိတ်အနယ် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးနောက်မှာ ဂိတ်သားများမှ ယာယီသတ်မှတ်ထားသော နေရာ နှင့် ရွှေ့ပြောင်းရမည့် ရက်အပြင် ဂိတ်အသစ် ဆိုင်ခန်းငှားခများကိုပါ နှစ်ဦးနှစ်ဖက် အများသဘောတူညီမှု ရယူခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံညှိနှိုင်းမှုသို့ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံ နှင့် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ အပါအ၀င် မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဂိတ်သူ ဂိတ်သား ၂၅ဦးခန့် တက်ရောက်ခဲ့ကြသည်။


ဆွေးနွေးမှုတွင် ဂိတ်သားတစ်ဦးက ယခု ယာယီကားဂိတ်အဖြစ် သတ်မှတ်ထားသော နေရာဝန်းကျင်ရှိ သင်္ချိုင်းနေရာတွင် ၃.၁၁.၂၀၁၃ရက်နေ့က မီးသဂြုင်္ိဟ်မှုများရှိခဲ့သည့်အတွက် ဆက်လက်၍ အဆိုပါ သင်္ချိုင်းနေရာအား ဆက်လက် အသုံးပြုနေမည်ဆိုပါက ၎င်းတို့အနေဖြင့် ကလေးသူငယ်များအပြင် စီးပွားရေးအတွက်ပါ ထိခိုက်နစ်နာမှုများ ဖြစ်စေနိုင်သည့်အတွက် ယာယီဂိတ်နေရာသို့ မရွှေ့ပေးနိုင်ကြောင်း၊" ဆွေးနွေးတင်ပြသွားသည်။


ထိုသို့ ဆွေးနွေးတင်ပြမှုအပေါ် အခြေခံ၍ အမှုဆောင်အရာရှိ  ဦးကိုကို က အဆိုပါ သင်္ချိုင်းနေရာသည် မြို့ထဲဖြစ်နေသည့် အတွက် အသုံးမပြုတော့ရန် တားဆီးထားပြီးပြီဖြစ်သော်လည်း ယခုအစည်းအဝေးပြီးပါက ထပ်မံ၍ တရားဝင်စာထုတ်ကာ ပိတ်ပင်သွားမည်ဖြစ်ကြောင်း နှင့် သင်္ချိုင်းနေရာအား အန္တရာယ်ကင်း တရားနာမှုများလည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည် ရှင်းလင်းပြောကြားသွားသည်။

လက်ရှိနေရာအား အသစ်ပြန်ဆောက်မည်ဖြစ်သည့်အတွက်  ဂိတ်သူ၊ ဂိတ်သားများမှ ယာယီဂိတ်နေရာသို့ ရွှေ့ရေး မရွှေ့ရေး ကိစ္စများကို ဆွေးနွေးကြရာ ဂိတ်သူ၊ ဂိတ်သားများက မိမိတို့အနေဖြင့် ရွှေ့ပြောင်းပေးမည် သို့သော် ယာယီဂိတ်သို့ ဂိတ်များအားလုံးနှင့် တာချီလိတ်-ကျိုင်းတုံ ပြေးဆွဲသော ကားများ အပါအ၀င် တညီတညွှတ်တည်း လိုက်ပါ ရွှေ့ပြောင်းပေးရန်လိုကြောင်း" တင်ပြရာ တာဝန်ရှိသူများက ၎င်းတို့၏ အဆိုကို သဘောတူခဲ့ကြသည်။

ယခင်က အသစ်ဆောက်လုပ်မည့် ကားလေးကွင်းရှိ ဆိုင်ခန်းများကို ဂိတ်သားများထံ
ဆောက်လုပ်ရေးကုမ္ပဏီမှ အရစ်ကျစနစ်ဖြင့် ပြန်လည်ရောင်းချပေးမည်ဟု
ပြောဆိုထားသော်လည်း ပြီးခဲ့သည့် နောက်ဆုံး အစည်းအဝေး၌ ဂိတ်သူ၊ ဂိတ်သားများက ရောင်းချမည့် ဈေးနှုန်းမှာ ၎င်းတို့အနေဖြင့် မတတ်နိုင်တော့၍ ငှားလို့ရမည်ဆိုပါက ငှားမည်ဖြစ်ကြောင်း ညှိနှိုင်းခဲ့ကြရာမှ မင်းခေတ်သစ် ကုမ္ပဏီဘက်မှ ငှားပေးသည့် စနစ်အား လိုက်လျောပေးခဲ့ရာ ယနေ့ ဆွေးနွေးမှုတွင် ဆိုင်ခန်းငှားခ၏ လစာငွေအား ကုမ္ပဏီ နှင့် ဂိတ်သားများ ညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ ဆိုင်ခန်းခများ ညှိနှိုင်းရာမှာ ဂိတ်သူ ဂိတ်သားများဘက်မှ ကနဦး ဆွေးနွေးရာ ဆိုင်ခန်း လစာငွေများကို တစ်လလျှင် ဘတ်ငွေ ၂၀၀၀ နှုန်းဖြင့်သာ ပေးသွင်းနိုင်ကြောင်း ညှိနှိုင်းရာ ကုမ္ပဏီဘက်မှ ပြန်လည်ပြောကြားရာတွင် ယခုတည်ဆောက်မည့် ဂိတ်အား ကျပ်သိန်းပေါင်း နှစ်သောင်းကျော် ကုန်ကျခံကာ ဆောက်လုပ်မှာ ဖြစ်သည့်အတွက် တစ်လလျှင် ၈၀၀၀ ဘတ် ဖြင့် သတ်မှတ်ထားကြောင်း ပြောကြားရာမှတဆင့် ဂိတ်သားများနှင့် ကုမ္ပဏီတို့ အပြန်အလှန် အကြိတ်အနယ် ညှိနှိုင်းရင်းဖြင့် နောက်ဆုံးတွင် ဆိုင်ခန်းခ လစာငွေအား တစ်လလျှင် ၅၀၀၀ ဘတ်နှုန်းဖြင့် သဘောတူညီိမှု ရရှိသွားခဲ့သည်။

မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူက အသစ်ဆောက်မည့် ဆိုင်ခန်းများကို ငှားပေးမည်ဖြစ်ပြီး လက်ရှိ ဂိတ်သားများနှင့် တညီတညွှတ်တည်း ဖြစ်စေရန်အတွက် နောက်ထပ် မည်သူကိုမှလည်း ရောင်းချပေးမည်မဟုတ်ကြောင်း သို့သော် ငှားလိုက ငှားပေးမည်ဖြစ်ကြောင်း ဂိတ်သားများအား ပြောကြားသွားသည်။

ဂိတ်သူ၊ ဂိတ်သားများနှင့် ကုမ္ပဏီတို့ အပြန်အလှန် သဘောတူညီမှု ရရှိသွားသည့်အတွက် လက်ရှိ ကားဂိတ်နေရာမှ ယာယီဂိတ်နေရာသို့ ရွှေ့ပြောင်းရန် ရက်သတ်မှတ်ကြရာ ၂၀.၁၁.၂၀၁၃ ရက်နေ့ကို အတည်ပြုခဲ့ကြသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~




Tuesday, October 22, 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ပါဆပ်ကားလေးကွင်းနေရာအား အဆင့်မြင့်တိုးချဲ့ရန်နှင့် ဆောက်လုပ်နေစဉ် ကာလအတွင်း ယာယီဂိတ်တဲများနေရာကိစ္စ အပြင် အသစ်ဆောက်လုပ်မည့် ကားလေးကွင်းရှိ ဆိုင်ခန်းနေရာများအတွက် အောက်တိုဘာလ ၂၂ ရက်၊ နေ့လည် ၁၁ နာရီ အချိန်က တာချီလိတ်မြို့နယ်စည်ပင်သာယာရုံးရှိ အစည်းအဝေးခန်းမမှာ စည်ပင်သာယာအဖွဲ့ နှင့် မင်းခေတ်သစ်  ဆောက်လုပ်ရေးကုမ္ပဏီ အပါအ၀င် ဂိတ်သူဂိတ်သားတို့ တွေ့ဆုံကာ ဈေးနှုန်းညှိနှိုင်းမှုများ ပြုလုပ်ရာ ယာယီ ဂိတ်တဲနေရာအား ဂိတ်သားများမှ သဘောမတွေ့ကြောင်း သိရပြီး  ဆိုင်ခန်းအသစ်ဈေးနှုန်းများကို အရစ်စကျပေးချေစနစ်ဖြင့် ၅ ရစ်ပေးချေရန် ညှိနှိုင်းခဲ့ကြသည်။


ပါဆပ်ကားလေးကွင်းနေရာအား ဆောက်လုပ်နေစဉ်ကာလအတွင်း ဂိတ်သားများအတွက် ယာယီဂိတ်နေရာအဖြစ် မယ်ခေါင်ရပ်ကွက်ရှိ ခရိုင်ရဲရုံး၏ နောက်ဖက် စည်ပင်ပိုင် နယ်မြေ တရုတ်သင်္ချိုင်းအနီးတွင် သတ်မှတ်ထားရာ ဂိတ်သူ/သားများအား မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္ပဏီမှ MD ဦးမောင်မောင်(ခ)ဦးစိုင်းဝန်းပန် က " ယာယီဂိတ်တဲများနေရာ ချထားပေးရန်အတွက် သက်ဆိုင်ရာ စည်ပင်သာယာအဖွဲ့နှင့် နေရာတော်တော်များများကို ရှာဖွေခဲ့သော်လည်း အဆင်ပြေသည့်နေရာ မတွေ့ရသည့်အတွက် ယခုနေရာအား သတ်မှတ်လိုက်တာဖြစ်ကြောင်း၊ ထိုသို့ သတ်မှတ်ထားသော မြေနေရာတွင် ယာယီဂိတ်တဲများကို ဆောက်လုပ်ပေးထားရာမှာ ဂိတ်သားများအနေဖြင့် ငွေကြေးပေးရန် မလိုကြောင်း အခမဲ့ ဆောက်လုပ်ပေးထားတာ ဖြစ်ကြောင်း"ရှင်းပြသည်။

ပါဆပ်ကားလေးကွင်းရှိ ဂိတ်သူ/သားများ ကိုယ်စား ရွှေတြိဂံအရှေ့ပိုင်း ယာဉ်လိုင်းမှ ဦးဝင်းမောင်က " ယခု သတ်မှတ်ထားသော နေရာမှာ ချောင်ထဲရောက်နေသည့်အပြင် ကားဝင်ကားအထွက်အတွက် အဆင်ပြေမှုမရှိနိုင်၍  အများက သဘောကျနှစ်သက်မှုမရှိကြောင်း၊ ဆိုင်ခန်းသစ်ဈေးနှုန်းမှာ တစ်ခန်းလျှင် ၆သိန်းခွဲ သတ်မှတ်သည့်အတွက် မြန်မာငွေဖြင့် တွက်သော် သိန်း ၂နှစ်ရာဝန်းကျင်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် ကားခမှာ ဘတ်ငွေနှင့်မဟုတ်ပဲ ကျပ်ငွေနှင့်သာ ရရှိသည်ဖြစ်တာကြောင့် အဆိုပါ ငွေကြေးအတွက် မတတ်နိုင်ကြောင်း၊ ထို့အတွက် ဖြေလျော့ပေးရန်နှင့် အဆိုပါငွေကြေးအား ပေးချေရန်အတွက် သတ်မှတ်ကာလကို ညှိနှိုင်းပေးရန်လိုကြောင်း နှင့် သတ်မှတ်ကာလကိုလည်း လပေါင်း ၃၀ သတ်မှတ်ပေးစေလိုကြောင်း ထို့မှသာ အဆိုပါငွေကြေးအား ပေးနိုင်မှာဖြစ်ကြောင်း" စည်ပင်သာယာအဖွဲ့နှင့် ဆောက်လုပ်ရေးကုမ္ပဏီအား ဆွေးနွေးတင်ပြသည်။

ထိုသို့ နှစ်ဦးနှစ်ဖက် အပြန်အလှန်ဆွေးနွေးမှုများအပေါ် အခြေခံ၍ မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္ပဏီမှ " ပါဆပ်ကားလေးကွင်း ဆောက်လုပ်ရန်အတွက် ၎င်းတို့ကုမ္ပဏီမှ ကျပ်သိန်းပေါင်း နှစ်သောင်းကျော် ကုန်ကျခံကာ ဆောက်လုပ်မှာဖြစ်သည့်အတွက် သတ်မှတ်ဈေးနှုန်း ဘတ် ၆သိန်းခွဲကိုတော့ လျော့ပေးလို့မရကြောင်း၊ သို့သော်လည်း အားလုံးအဆင်ပြေစေရန်အတွက် အရစ်ကျစနစ်အဖြစ် လပေါင်း ၃၀ အတွင်း ၅ရစ် ပေးစေလိုကြောင်း"ပြန်လည် ရှင်းလင်းပြောကြားလာသည်။


ဆွေးနွေးမှုတွင် အရစ်ကျပေးချေစနစ် နှင့် ဈေးနှုန်းအား သဘောတူခဲ့ကြသော်လည်း ယာယီဂိတ်တဲနေရာအတွက် ဂိတ်သူ/ဂိတ်သားများမှ သဘောကျမှု မရှိသေးသည့်အတွက် ယာယီဂိတ်တဲများရှိရာ နေရာသို့ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများမှ သွားရောက် ကြည့်ရှုခဲ့ကြရာ အခန်းများမှ ကျဉ်းနေသည့်အတွက် နေရန် အဆင်မပြေကြောင်း ဂိတ်သားများမှ ပြောလာရာ မင်းခေတ်သစ်ကုမ္ပဏီမှ နေရာကျဉ်းပါက အရှေ့သို့ အဖီချပေးရန် လိုအပ်ပါကပြုလုပ်ပေးမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

"ယာယီဂိတ်တဲ ခုနေရာမှာ ခုပုံစံအတိုင်း ဆောက်မယ်ဆိုတာ ကျွန်မတို့လည်း မသိရဘူး၊ ဆောက်နေတယ်ဆိုတော့မှ သိရလို့ သွားကြည့်တော့ နေလို့အဆင်မပြေတဲ့ အနေအထားဖြစ်နေတယ်၊"ဟု ပါဆပ်ကားလေးကွင်းမှ ဂိတ်သူ တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့
ပြောလာသည်။

"ကားဂိတ်ကိုတော့ အဆင့်မြင့်တင်ဆောက်ဖို့တော့ တကယ်ကို လိုအပ်နေတာအမှန်ပဲဗျာ၊ ခက်တာက ဆိုင်ခန်းအတွက် ဈေးနှုန်းကို စဉ်းစားနေရတယ်၊ မ၀ယ်နိုင်ရင်တော့ ပြန်ငှားရမဲ့ ပုံပဲဗျာ"ဟု ယာဉ်လိုင်းတာဝန်ခံ တစ်ဦးမှ ငြီးငြူကာ ပြောပြသည်။

မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္ပဏီမှ ပါဆပ်ကားလေးကွင်းအား တည်ဆောက်ချိန်ကာလမှာ ၁နှစ်မှ ၁နှစ်ခွဲဝန်းကျင်ထိ ကြာမြင့်မှာဖြစ်ကြောင်းသိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~ 
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Wednesday, September 18, 2013

တာချီလိတ်မြို့ပေါ် ရပ်ကွက်များရှိ နေအိမ်ရှေ့များတွင် သက်ဆိုင်ရာမှ အမှိုက်များ လာရောက်သိမ်းဆည်းမှု မရှိခြင်းမှာ ၁၀ရက်ခန့် ကြာမြင့်နေပြီဖြစ်ပြီး၊ အချိန်ကြာမြင့်နေပြီဖြစ်သော အမှိုက်များကြောင့် ရပ်ကွက်အတွင်းရှိ မိဘပြည်သူများမှာ ကျန်းမာရေးထိခိုက်နိုင်သည်ဖြစ်သည့်အတွက် အချို့သော ရပ်ကွက်သူ ရပ်ကွက်သားများမှာ အမှိုက်သိမ်းဆည်းကြေးကုန်ကျငွေအား စုပေါင်းကောက်ခံပြီး အမှိုက်များစွန့်ပစ်နေရကြောင်း သိရသည်။


"အမှိုက်ကား မလာတာ ၁၀ရက် ကျော်ပြီ၊ အိမ်ရှေ့မှာ အမှိုက်တွေပုံနေလို့ လောက်ကောင်တွေတောင် ပေါက်နေပြီ၊ လခကောက်ရင်တော့ တိတိကျကျကို ကောက်တယ်၊ အမှိုက်လာသိမ်းဖို့ကြတော့ နောက်ကျလွန်းတယ်"ဟု ၀မ်ကောင်းရပ်ကွက်ရှိ ဈေးသည် အမျိုးသမီးတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။


"ခါတိုင်းဆိုရင်တော့ အမှိုက်ကားက နေ့စဉ်လာပါတယ်၊ အဲ့လို နေ့တိုင်းလာတော့ မသိသာဘူးပေါ့၊ ခု ၁၀ရက်နီးပါးကြာပြီဆိုတော့ အမှိုက်တွေပုံနေတာ ဘော်ဒါဆောင်အရှေ့မှာ အနံ့တွေကလည်း ထွက်နေတော့ လမ်းသွားလမ်းလာအပြင် ဘော်ဒါဆောင်ထဲက ကလေးတွေရဲ့ ကျန်းမာရေးပါ ထိခိုက်နိုင်တယ်"ဟု ပါလျှံ ၁ ရှိ ဘော်ဒါဆောင်အနီးမှ ဈေးသည်တစ်ဦးက ပြောကြားလာသည်။


"အမှိုက်ကားမလာတော့ အနံ့အသက်တွေကလည်း ကျန်းမာရေးထိခိုက်နိုင်လို့ အိမ်အနီးအနားက လူတွေနား ကားခစုပြီး ကိုယ့်ဘာသာပဲ အမှိုက်ပုံမှာ သွားစွန့်ပစ်နေရတယ်ဗျာ"ဟု မယ်ခေါင်ရပ်ကွက်ရှိ ရှမ်းအမျိုးသားတစ်ဦးမှ ပြောကြားလာသည်။

"အမှိုက်လာမသိမ်းတာကြာတော့ ပစ်စရာနေရာကမရှိဘူး၊ ယင်ကောင်တွေကလည်း တ၀ီဝီနဲ့ အုံနေလို့ အိမ်နောက်ဖေးက ချောင်းထဲကိုပဲ ပစ်လိုက်ရတော့တယ်"ဟု နမ့်ယွန်းချောင်းအနီးတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးမှ ပြောကြားလာသည်။

"အမှိုက်ပုံက ပြည့်နေလို့၊ စွန့်ပစ်ဖို့နေရာကလည်း မရှိတော့၊အမှိုက်လာမသိမ်းဖြစ်ကြတာပါ၊ အမှိုက်ပုံသစ်နေရာကလည်း စည်ပင်က လမ်းခင်းနေတာမပြီးသေးတော့ သွားလာလို့ အဆင်မပြေသေးဘူး၊ ဒါကြောင့် အမှိုက်လိုက်မသိမ်းဖြစ်တာပါ၊ ဒီနေ့တော့ စသိမ်းဖို့ လုပ်နေပါပြီ"ဟု အမှိုက်လိုက်သိမ်းသူ ကောင်လေးတစ်ဦးမှလည်း တာချီလိတ်အွန်လိုင်းသို့ ရှင်းပြသည်။

ပုံများအားကြည့်ရန်
တာချီလိတ်မြို့ပေါ် အိမ်ရှေ့များရှိ အမှိုက်ပုံများ အမြန်သိမ်းဆည်းပေး
39 photos

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Monday, September 16, 2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် လစ်လပ်နေသော စည်ပင်သာယာရေးဝန်ကြီးနေရာအား နိုင်ငံတော်သမ္မတမှ မိုင်းပြင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလှဝင်းအား ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီးအဖြစ် စက်တင်ဘာလ ၁၆ရက် က ခန့်အပ်တာဝန်ပေးလိုက်ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး Website တွင်  အမိန့်အမှတ်၊ ၄၂ / ၂၀၁၃ ဖြင့် "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(င)နှင့် ပုဒ်မခွဲ(စ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဂ)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ဆ)၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ(က)တို့ပါ ပြဋ္ဌာန်းချက်များအရ မိုင်းပြင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလှဝင်းအား ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ် တာဝန် ပေးလိုက်သည်။"ဟု ဖော်ပြထားသည်။

ယခင်က ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦးတူးမောင် သည် ၂၀၁၃ခုနှစ် မေလ ၆ ရက်နေ့က ကွယ်လွန်သွားသည်ဖြစ်သည့် အတွက် ၎င်းနေရာတွင် လစ်လပ်နေခဲ့ရာ ၅လ အကြာ၌ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး အဖြစ် အသစ်ပြန်လည်၍ ၂၀၁၃ခုနှစ် စက်တင်ဘာလ ၁၆ရက်က ရွေးချယ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Monday, September 9, 2013

တာချီလိတ်မြို့ရှိ ဈေးများစွာအနက် မြို့မဈေး(၀မ်ကောင်းဈေး)အား ယခုအခါမှာ အသစ်ပြန်လည်၍ တည်ဆောက်ရန် ပြင်ဆင်မှုများပြုလုပ်နေပြီး ဈေးဆောက်လုပ်နေစဉ် အချိန်အတွင်း ဈေးသည်များအတွက် အဆင်ပြေစေရန် တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်း အနီးတစ်ဝိုက်တွင် ယာယီဈေးနေရာအား သတ်မှတ်ထားရာ စက်တင်ဘာလ ၉ ရက်နေ့ နေ့လည်ပိုင်းက ပျံကျဈေးသည်များအတွက် ဆိုင်ခန်းနေရာများအား အောင်မြတ်ခန်းမ၌ မဲနှိုက်၍ နေရာချထားပေးနေတာ ဖြစ်ကြောင်း သိရသည်။


"ယာယီဈေးဆောက်တဲ့အခါမှာ ဈေးသူ၊ ဈေးသားတွေနားက တစ်ပြားတစ်ချပ်မှ မယူပဲ စည်ပင်သာယာ နဲ့ ကုမ္ပဏီနဲ့ ညှိနှိုင်းပြီးတော့မှ အလကားဆောက်ပေးထားတာ ဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို က တာချီလိတ်အွန်လိုင်းသို့ ရှင်းပြသည်။


"အခု ကျွန်တော်တို့အနေနဲ့ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ဈေးသူ ဈေးသားများကို ယာယီဈေးကို အပြီးရွှေ့ခိုင်းထားပြီးတော့၊ ၁၆ ရက်နေ့က စပြီးတော့ ဈေးကို စတင်ဖြတ်သိမ်းပြီးတော့ ဈေးသစ်ကြီးကို စတင်တည်ဆောက်သွားမှာပါ။"ဟု ၎င်းမှ ဆက်လက်ရှင်းပြသည်။


အသစ်ဆောက်မည့် ကြာချိန်ကာလမှာ ၁ နှစ် နှင့် ၆လ စာတင်ထားသော်လည်း ၁နှစ် နှင့် ၂လ အတွင်းမှာ ပြီးမြောက်နိုင်မှာဖြစ်ကြောင်း သိရှိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Friday, August 23, 2013

          ရှမ်းပြည်နယ်(အရှေ့ပိုင်းဒေသ)၊ တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ၀မ်ကောင်းမြို့မဈေးအား အဆင့်မြှင့်တင်ဆောက်ရန် စီစဉ် ဆောင်ရွက်နေလျှက်ရှိပြီး မြို့မဈေးရှိ အဆောက်အအုံများအား ဖျက်သိမ်းဝယ်ယူနိုင်ရန်အတွက် အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း နှင့် ဈေးနှုန်းနှင့်တကွ ဆောင်ရွက်မည့် အစီအစဉ်အား ပူးတွဲဖော်ပြ၍ တင်သွင်းပေးနိုင်ရန် လျှောက်လွှာများကို သြဂုတ်လ ၁၅ရက်နေ့ကစပြီး  ၃၁ ရက်နေ့ထိ သတ်မှတ်ထားပြီး လျှောက်လွှာ ပိတ်ရက်ကိုတော့ စက်တင်ဘာ ၁ရက်နေ့ ညနေ ၃နာရီမှာ ပိတ်မှာဖြစ်ကြောင်း သိရသည်။


(က) ပစ္စည်းအမျိုးအမည်                    ▬▬ လက်ရှိမြို့မဈေး အဆောက်အအုံအားလုံး
( ခ ) လျှောက်လွှာရောင်းချမည့်ရက်      ▬▬ ( ၁၅.၈.၂၀၁၃)ရက်မှ (၃၁.၈.၂၀၁၃)ရက်ထိ
( ဂ ) လျှောက်လွှာပိတ်ရက်နှင့် အချိန်    ▬▬ ( ၁.၉.၂၀၁၃ )ရက်နေ့၊ ညနေ (၃)နာရီ
(ဃ) တင်ဒါရောင်းချမည့်ရက်နှင့်အချိန်   ▬▬ ( ၂.၉.၂၀၁၃)ရက်နေ့၊ နံနက် (၁၀)နာရီ
( င ) တင်ဒါရောင်းချမည့်နေရာ            ▬▬ အောင်မြတ်ခန်းမ၊ တာချီလိတ်မြို့။

အထက်ပါကိစ္စများနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက တာချီလိတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ သို့ လူကိုယ်တိုင်သော်လည်းကောင်း၊ ဆက်သွယ်ရန် ဖုန်းနံပါတ်များမှတဆင့်သော်လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

ဆက်သွယ်ရန်
တာချီလိတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့
မြန်မာဖုန်း။     ။ ၀၉-၅၁၀၂၄၈၆ ၊ ၀၈၄-၅၁၀၃၅ ၊ ၀၈၄-၅၂၈၃၅ ။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Friday, August 2, 2013

ယခုနှစ် မိုးတွင်းကာလများမှာ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေနှုတ်မြောင်းများမရှိခြင်း တို့ကြောင့် တာချီလိတ်မြို့တွင်းရှိ လမ်းအတော်များများသည် ဆိုးရွားစွာ ပျက်စီးလျှက်ရှိနေသည်ကို တွေ့ရှိရပါသည်။

"ကျွန်တော်တို့ ပါလျှံရပ်ကွက်၊ ရန်အောင်မြေ အ.မ.က ရှေ့လမ်းမကြီးဆိုရင် ဆိုးဆိုးရွားရွား ပျက်စီးနေတာကြာပါပြီ၊ သက်ဆိုင်ရာကို အကြောင်းကြားပေမယ့်လည်း လာရောက်ပြင်ဆင်ပေးခြင်း မရှိသေးပါဘူး၊ ဒီလမ်းဟာ ကျောင်းရှေ့လမ်းဖြစ်သလို ကျွန်တော်တို့ ရပ်ကွက်နဲ့ တာချီလိတ်မြို့ရဲ့ မိန်းလမ်းမကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းကို ဆက်သွယ်ထားတဲ့ အရေးပါတဲ့ လမ်းလဲဖြစ်ပါတယ်။ မိုးရွာသွန်းပြီဆိုတာနဲ့ ချိုင့်တွေ ကျင်းတွေကို ကားဆိုင်ကယ်တွေ လူတွေက ကွေ့ရှောင်သွားကြရတဲ့အခါ လူကြီးတွေအတွက် သိပ်ပြဿနာမရှိပေမယ့် ကျောင်းသား၊ကျောင်းသူတွေအတွက် အခက်အခဲဖြစ်စေပါတယ်၊ ဒါ့ကြောင့် အခုလို နေပွင့်တုန်းလေးမှာ နိုင်ငံရေးပါတီတစ်ခုက ၆စီး၊ ရပ်ကွက်က စုပေါင်း ထည့်ဝင်ငွေနဲ့ ၄စီး၊ စုစုပေါင်း ကျောက်မြေ ၁၀စီးကို ၀ယ်ယူပြီး ယာယီအားဖြင့် ကျင်းတွေ ချိုင့်တွေကို ဖို့ထားရပါတယ်"ဟု ကျောင်းသားမိဘတစ်ဦးမှ ပြောပြပါသည်။

{ ရွှေမြေသာယာဈေးသို့ အသွားလမ်း၊ တော်ကော့[အတွင်း]}

 { တော်ကော့[အတွင်း]လမ်း အ၀င် }

အလားတူပင် တော်ကော့(အတွင်း)ကျေးရွာနေ ပြည်သူတစ်ဦးကလည်း "ဒီလမ်းက ဗိုလ်ချုပ်လမ်းနဲ့ ရွှေမြေသာယာဈေးကို ဆက်သွယ်ထားတဲ့လမ်းပါ၊ မိုးရွာတဲ့အခါ ဗွက်တွေက ၉လက်မ ၁၀လက်မလောက်အထိ ရှိတယ်၊ ကားတွေဆို မောင်းရင်းနဲ့လည်ထွက်မသွားအောင် အတော်သတိထားရတယ်၊ ဆိုင်ကယ်တွေ လမ်းလျှောက်တဲ့ လူတွေဆို ပိုဆိုးတာပေါ့၊ ဒါ့ကြောင့် အခု ကျောက်မြေ တစ်စီးကို ၁၀ဘီးကားနဲ့ဆို ဘတ်၈၀၀၊ ဒိုင်နာနဲ့ဆိုရင် ဘတ် ၅၀၀ ပေးဝယ်ပြီး ကိုယ့်အိမ်ရှေ့လေးကို တတ်နိုင်သလောက်လေး ခင်းကျင်းနေတာပါ၊ ငွေပေါလို့တော့ မဟုတ်ဘူးပေါ့၊ ဒါပေမယ့်လည်း ကိုယ့်အိမ်ရှေ့လေးလဲ လမ်းသာအောင် သွားတဲ့လာတဲ့ သူတွေလဲ အဆင်ပြေရအောင် တတ်နိုင်သလောက်လေး လုပ်ပေးနေရတာပေါ့၊ သက်ဆိုင်ရာက လာလုပ်ပေးရင်တော့ ၀မ်းသာရမှာပေါ့"ဟု နေပူကျဲကျဲထဲတွင် မြေဖို့ရင်း ရင်ဖွင့်သွားရှာပါသည်။

{ ရန်အောင်မြေ အ.မ.က ကျောင်းရှေ့တွင် ပါတီနှင့်ရပ်ကွက်မှ စုပေါင်းကာ ပြုလုပ်ထားပုံ}

{ ရန်အောင်မြေ ဘုရားကြီးကျောင်းရှေ့}

သို့ဖြစ်ပါသောကြောင့် ဆိုးရွားစွာ ပျက်စီးနေသော တာချီလိတ်မြို့တွင်း လမ်းများအား တတ်နိုင်သရွေ့ အမြန်ဆုံးပြုပြင်ပေးနိုင်ပါရန် တိုက်တွန်းရေးသား တင်ပြလိုက်ရပါသည်။
သတင်းပေးပို့သူ။           ။ မောင်ယဉ်ကျေး

မှတ်ချက် ။             ။တာချီလိတ်အွန်လိုင်းသတင်းဌာနမှ ရပ်ကွက်သား/သူများ၏ သတင်းပေးမှုကြောင့် သွားရောက်၍ ပျက်စီးနေသော လမ်းများအား မှတ်တမ်းတင်ခဲ့ရာ ပျက်စီးယိုယွင်းနေလျှက်ရှိသည့် လမ်းများမှာ ပါလျှံ၊ တရုတ်ဘုံကျောင်းကြီး လမ်းတစ်လျှောက်၊ ရန်အောင်မြေ အ.မ.ကကျောင်းရှေ့၊ ရွှေမြေသာယာဈေးအသွား၊ တော်ကော့(အတွင်း) နှင့် အ၀င် လမ်း၊ တို့ကို တွေ့ရှိခဲ့ရပြီး အာခါဈေးလမ်းအတွင်းမှာ ပျက်စီးယိုယွင်းနေမှုများရှိနေကြောင်းသိရသော်လည်း အဆိုပါနေရာသို့ သွားရောက်၍ မှတ်တမ်းမတင်မိခဲ့ပါ။

မှတ်တမ်း ဓါတ်ပုံများကိုကြည့်ရန်
အရပ်ကူ၍ လူဝိုင်းပါ၊ ထင်သာ မြင်သာ လမ်းပြင်စရာ
26 photos

Thursday, July 11, 2013

တာချီလိတ်မြို့ပေါ်ရပ်ကွက်များ (အထူးသဖြင့်) ရပ်ကွက်သစ်များတွင် မိုးသည်းထန်စွာရွာသွန်းသည့်  အခါတိုင်း လမ်းနှင့် နေအိမ်အချို့ ရေနစ်မြုပ်မှုများဖြစ်လေ့ရှိသည်။

ထိုသို့ဖြစ်ပွားရခြင်းမှာ ရေနုတ်မြောင်းများ စနစ်တကျ ဆောင်ရွက်ထားမှု မရှိခြင်းနှင့် အချို့သော ကိုယ်ကျိုးသမားအချို့က မိမိတို့ နေအိမ်ရှေ့ရှိ ရေနုတ်မြောင်းများအား မြေဖို့ထားခြင်းတို့ကြောင့် ရေမြောင်းများ ပိတ်ဆို့ကာ မိုးရွာသွန်းလျှင် ရေထွက်ပေါက်မရှိတော့ပဲ လမ်းမကြီးများမှာ ချောင်းအသွင်ပြောင်းပြီး နိမ့်သောနေအိမ်များသို့ စီးဝင်သွားခဲ့ရသည်။

ဇူလိုင်လ(၉)ရက် အရုဏ်တက်မှ စတင်ကာ ရွာသွန်းခဲ့သောမိုးကြောင့် တာချီလိတ်မြို့တွင်းရှိ နမ့်ယွန်းချောင်း၊ ရွှေဝါနဒီချောင်းနှင့် မယ်ဆိုင်ချောင်းများ ရေမျက်နှာပြင် မြင့်တက်လာကာ မြို့အနိမ့်ပိုင်းရှိ နေအိမ်အချို့ရေနစ်မြုပ်ခဲ့ရသည်။

{ မယ်ခေါင်ရပ်ကွက်အတွင်း၌ ရေနုတ်မြောင်းအား ပိတ်ဆို့မြေဖို့ထားပုံ}

"မယ်ခေါင်ရပ်ကွက် မြို့ပတ်လမ်းဟာ မြို့ကွက်သစ်ဖြစ်ပါတယ်။ နေအိမ်တွေ ဆောက်လုပ်ရာမှာ မယ်ဆိုင်ချောင်းရေကို ကြောက်ပြီး သူ့ထက်ငါ အပြိုင်အဆိုင်မြေဖို့ကြလာရာမှာ ရေနုတ်မြောင်းတွေကိုပါ ဖို့ပစ်လိုက်ကြတော့ ရေနုတ်မြောင်းမရှိတော့ပဲ လမ်းပေါ်မှာ ရေလွှမ်းပြီး နိမ့်တဲ့အိမ်တွေထဲ စီးဝင်သွားတာ အခုတွေ့ရတဲ့ နေအိမ်ဆိုရင်(ပုံပါအတိုင်း) မိသားစုဝင်တွေဟာ အိမ်ကိုပစ်ပြီးတော့ကို ထွက်ရတဲ့အထိ အခြေအနေဆိုးရွားပါတယ်။ နေအိမ်အသစ်ဆောက်လုပ်ဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက စစ်ဆေးဆောင်ရွက်သင့်သလို ပြည်သူတွေအနေနဲ့လဲ ကိုယ့် ကိုယ်ကျိုးကိုသာကြည့်ပြီး အများပြည်သူထိခိုက်စေမဲ့ အပြုအမူတွေကို မဆောင်ရွက်သင့်ပါဘူး" ဟု မယ်ခေါင်ရပ်ကွက်မှ ပြည်သူတစ်ဦးကပြောပြပါသည်။

"မိုးနဲနဲရွာတာနဲ့ မြို့မဈေးကို ရေ၀င်ရောက်တတ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ နမ့်ယွန်းချောင်းဟာ ကိုယ်ကျိုးကြည့်သူတွေကြောင့် ချောင်းဧရိယာကျဉ်းလာပြီး မိုးရွာတဲ့အခါ ရေမျက်နှာပြင်ဟာ မြင့်တက်လာပါတယ်။ ဒီတော့ မြေနိမ့်ပိုင်းရောက်နေတဲ့ မြို့မဈေးထဲကို ရေ၀င်ရောက်တော့တာပါပဲ။ ဒါ့အပြင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူတွေကြောင့် ချောင်းတွေဟာ အမှိုက်တွေနဲ့ ပိတ်ဆို့နေတော့ ပိုဆိုးကုန်တာပေါ့၊ ကျွန်တော်တို့ စည်ပင်သာယာရေးကလဲ တတ်စွမ်းသမျှ ဆောင်ရွက်ပေးနေသလို ပြည်သူတွေကလဲ စည်းကမ်းလိုက်နာပြီး ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်၊ မကြာမီကာလအတွင်း မြို့မဈေးကို အသစ်ပြန်လည် တည်ဆောက်တဲ့ အခါမှာလဲ ရေဆိုး ထုတ်စနစ်တွေကို သေသေချာချာ ထည့်သွင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကိုကိုမှ ရှင်းလင်းပြောပြသွားခဲ့ပါသည်။

သို့ဖြစ်ပါ၍ တာချီလိတ်မြို့ သန့်ရှင်းသာယာလှပရေး၊ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်တားဆီး နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးသင့်သလို ပြည်သူများကလဲ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။
သတင်းပေးပို့သူ။        ။ မောင်ယဉ်ကျေး


Thursday, June 27, 2013

တာချီလိတ်မြို့ မြို့မဈေး(၀မ်ကောင်းဈေး)အား အသစ်ပြန်လည် တည်ဆောက်မှာဖြစ်ရာ ဆောက်လုပ်နေစဉ်ကာလအတွင်း ဈေးသည်များ ရောင်းချနိုင်ရန်အတွက် ယာယီဈေးကို ရှမ်းရိုးမကွင်းနဘေးတွင် သတ်မှတ်ထားရာ ယခုအခါမှာ တည်နေရာများဖွဲ့စည်း ပြုလုပ်လျှက်ရှိပြီး ၀မ်ကောင်းဈေးသစ်အား ဆောက်လုပ်အချိန်ကာလမှာ (၁)နှစ်မှ (၂)နှစ်အထိ ကြာနိုင်ဖွယ်ရှိကြောင်း သိရသည်။


ယခုသတ်မှတ်လိုက်သော ယာယီဈေးနေရာအား ဇွန်လ(၁၁)ရက်နေ့က ပြုလုပ်သော အစည်းအဝေးတွင် ဌာနပေါင်းစုံ၊ ပါတီပေါင်းစုံ နှင့် မြို့မိမြို့ဖတို့မှ သဘောတူညီကာ သတ်မှတ်လိုက်သော နေရာဖြစ်သည်။



ယခင်က ယာယီဈေးနေရာအား လက်ရှိဝမ်ကောင်းဈေး နှင့် မဟာမြတ်မုနိကျောင်းတိုက်ကြားရှိ လမ်းကြားအား အသုံးပြုမည်ဟု သတ်မှတ်ထားသော်လည်း ၀တ္တကမြေနှင့်နီးစပ်တာကြောင့် အများပိုင်နေရာတစ်ခုသဖွယ်ဖြစ်သော ရှမ်းရိုးမကွင်းဘေးအား ရွေးချယ်လိုက်ကြတာဖြစ်ကြောင်း သိရသည်။


Monday, June 24, 2013

တာချီလိတ်မြို့တွင်း ဖြတ်သန်းစီးဆင်းလျှက်ရှိသော နမ့်ယွန်းချောင်း၊ မယ်ခေါင်ချောင်း၊ ဆန်ဆိုင်းချောင်းများ မိုးရာသီ ရေစီးရေလာ ကောင်းမွန်ရေးအတွက် စက်ယန္တယားများဖြင့် တူးဖော်ဆယ်ယူခြင်းလုပ်ငန်းအား ဇွန်လ(၂၁)နေ့က စတင်ပြီး ဆောင်ရွက်ရာ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကိုကိုနှင့် တာဝန်ခံအင်ဂျင်နီယာများမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးကြသည်။


ဆက်လက်၍ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများသည် လွယ်စတုံကျေးရွာတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သုဿန်မြေနှင့် အမှိုက်စွန့်ပစ်မည့် မြေနေရာများအား စက်ယန္တယားများဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေးကာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေအား မီဒီယာများသို့ ရှင်းလင်းပြောကြားသည်။

ယခုလက်ရှိ တာချီလိတ်မြို့ မြို့မသုဿန်သည် လူဦးရေထူထပ်လာမှုနှင့်အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ တိုက်တာအိုးအိမ်များ တိုးချဲ့တည်ဆောက်လာမှုများကြောင့် ယခင်က မြို့စွန်တွင် ရှိသော်လည်း ယခုအခါ မြို့တွင်းသို့ ကျရောက်လာပြီဖြစ်သည့် အတွက် ကျန်းမာရေးရှုထောင့်နှင့် မြို့သာယာလှပမှုအနေဖြင့် သင့်လျော်မှု မရှိတော့သလို လက်ရှိ အမှိုက်စွန့်ပစ်ရာနေရာများသည် မြို့ကွက်သစ်များပေါ်ထွန်းလာမှုကြောင့် လူနေရပ်ကွက်များနှင့် လွန်စွာနီးကပ်နေသည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ သုဿန်မြေနှင့် အမှိုက်ပုံနေရာတို့အား သင့်လျော်သည့်နေရာသို့ ပြောင်းရွှေ့ရန် စီမံဆောင်ရွက်လျှက်ရှိသည်။

ယခုအသစ်တည်ဆောက်မည့် သုဿန်မြေနေရာနှင့် အမှိုက်စွန့်ပစ်မည့် မြေနေရာမှာ တာချီလိတ်မြို့ မြောက်ဖက် (၄)မိုင်ခန့်အကွာ လွယ်စတုံ(အထက်)ကျေးရွာအနီး၊ တာချီလိတ်-ဘိုရှီး-မိုင်းခုတ်ကားလမ်းနှင့် ပေ(၃၅၀၀)ခန့် အကွာတွင် တည်ရှိကာ မြို့နှင့် မနီးမဝေးတွင် တည်ရှိပြီး သင့်တော်သည့် အကွာအဝေးတွင်ရှိခြင်း၊ သွားလာရေးလွယ်ကူခြင်းတို့ကြောင့် အဆိုပါ နေရာအား အတည်ပြုနိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာများမှ အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးကာ ရွေးချယ်ခဲ့ကြပြီး ယခုအခါ စက်ယန္တယားများဖြင့် လုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည်။

သို့ရာတွင် အဆိုပါလျာထားမြေနေရာသည် သက်ဆိုင်ရာမြေစာရင်းဦးစီးဌာနတွင် မြေလွတ်မြေရိုင်းအဖြစ် စာရင်းပေါ်သော်လည်း လက်ရှိလက်ငုပ်လက်ရင်း လုပ်ကိုင်နေသူများ ရှိနေခြင်းကြောင့် ကြန့်ကြာနေခြင်းဖြစ်ကာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ညှိနှိုင်းဆောင်ရွက်လျှက်ရှိပြီး မကြာမီ (၄.၅)ဧကရှိ သုဿန်နှင့် (၂.၅)ဧကရှိ အမှိုက်စွန့်ပစ်ရန် နေရာတို့ကို စတင် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းပေးပို့သူ။        ။ မောင်ယဉ်ကျေး


Wednesday, May 15, 2013


တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲရှိ နားယောင်း-နမ့်ခမ်းလမ်းအား သွားလာမှုအဆင်ပြေ လွယ်ကူစေရန်အတွက် နမ့်ခမ်းချောင်းကူးတံတားကို ကျပ်သိန်း (၂၆၀,၅၀,၀၀၀) နှစ်ရာ့ခြောက်ဆယ်ငါးသောင်းကျပ် အကုန်အကျခံကာ ကျောက်စီအုတ်ခုံ သစ်သားတံတားအဖြစ် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ယနေ့ ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သိရသည်။



နမ့်ခမ်းချောင်းကူးတံတားအား ဆောက်လုပ်ပြီးစီးနိုင်ရန်အတွက် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို နှင့် အင်ဂျင်နီယာမှူး ဦးမျိုးကျော်စိုး တို့က အနီးကပ်ကြီးကြပ်ညွှန်ကြားပြီး တာဝန်ခံအနေဖြင့် လက်ထောက်အင်ဂျင်နီယာ ဦးတင်ဝမ်းမောင်တို့က ဦးဆောင် ဆောက်လုပ်ကာ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ရံပုံငွေဖြင့် ဆောက်လုပ်တာဖြစ်ကြောင်းနှင့် တံတား၏ အကျယ်မှာ (၁၄)ပေရှိပြီး အလျားမှာ (၃၆)ပေရှိကြောင်း သိရသည်။


{ အင်ဂျင်နီယာမှူး ဦးမျိုးကျော်စိုး၊ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို ၊လက်ထောက်အင်ဂျင်နီယာ ဦးတင်ဝမ်းမောင်}

အဆိုပါတံတားအား ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလအတွင်းက ဆောက်လုပ်ခဲ့တာဖြစ်ပြီး ဆောက်လုပ်သော အချိန်ကာလမှာ (၃)လခန့် ကြာမြင့်ခဲ့ကြောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောက်ရွက်သော တံတားတစ်ခုဖြစ်ကြောင်းလည်း သိရသည်။


နမ့်ခမ်းချောင်းကူးတံတားမဖြစ်ပေါ်မီက နားယောင်း-နမ့်ခမ့်လမ်းတစ်လျှောက် သွားလာမှုခက်ခဲကာ ကြန့်ကြာမှုများဖြစ်စေခဲ့ပေမဲ့လည်း ယခုအခါမှာတော့ အဆိုပါတံတားအား ဆောက်လုပ်ပြီးစီးသည်ဖြစ်တာကြောင့် သွားလာမှုမှာ အဆင်ပြေချောမွေ့စေပြီး မဲခေါင်မြစ်ထိ ကား/ဆိုင်ကယ် စသည့် မော်တော်ယာဉ်များဖြင့် သွားရောက်နိုင်ပြီဖြစ်ကြောင်းသိရှိရသည်။

ပုံများကိုကြည့်ရန်


Wednesday, March 20, 2013

မတ်လ(၂၀)ရက်နေ့ (၁၄း၂၀)နာရီက မြို့နယ်စည်ပင်သာယာရေးကော်မတီ နှင့် မြို့နယ်အထောက်အကူပြုကော်မတီအတွက် ကော်မတီဝင်များကို ရွေးချယ်ခြင်းအဖြစ် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။


ကော်မတီနှစ်ရပ်ဖွဲ့စည်းခြင်း အခမ်းအနားမှာ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး နေမျိုးထွဋ် နဲ့ ဌာနဆိုင်ရာများ၊ ကျားဖြူပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင် အပါအ၀င် ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နဲ့ ကော်မတီနှစ်ရပ်အတွက် ရွေးချယ်ခံမည့် ပုဂ္ဂိုလ်များ တက်ရောက်လာခဲ့ကြတာကို တွေ့ရပါတယ်။

{ မဲများကို ရေတွက်နေစဉ်}

ကော်မတီနှစ်ရပ်ကို ဖွဲ့စည်းရာမှာ တာချီလိတ်မြို့နယ်ရှိ ရပ်ကွက်များမှ ရွေးချယ်ထားသော တစ်ရပ်ကွက်လျှင်(၃)ဦး စုစုပေါင်း (၂၄)ဦးတို့က ၀င်ရောက်ရွေးချယ်ကြတာဖြစ်ပြီး ထိုသို့ရွေးချယ်ရာမှာ ၀င်ရောက်ရွေးချယ်ခံသူ (၂၄)ဦးကပင် မိမိတို့ဆန္ဒအရ နှစ်သက်သူများကို မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။

ကော်မတီအတွက် ရွေးချယ်ခြင်းမပြုလုပ်မီမှာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးတို့က ကော်မတီဖွဲ့ခြင်းကိစ္စများနဲ့ ကော်မတီဝင်အဖြစ်ရွေးချယ်ရာမှာ  မဲဆန္ဒပြုနည်းများနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကြပါတယ်။ ထို့သို့ ရှင်းလင်းပြောကြားရာမှာ "ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ (၂၆.၂.၂၀၁၃) ရက်စွဲပါ အမိန့်ကြေငြာစာအမှတ် (၂၇/၂၀၁၃)အရ တိုင်းဒေသကြီး(သို့မဟုတ်)
 ပြည်နယ်အစိုးရ၊ နေပြည်တော်ကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့တို့က တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ် ခရိုင်နဲ့မြို့နယ်များအလိုက် တာဝန်ထမ်းဆောင်နေကြတဲ့ ဌာနဆိုင်ရာ ၀န်ထမ်းများကို ဥပဒေနှင့်အညီ ကြီးကြပ်စစ်ဆေးခြင်းများ၊ ပေါင်းစပ်ညှိနှိုင်းခြင်းတို့ကို ထိရောက်ဆောင်ရွက်နိုင်ရန် အတွက်အပြင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆(က) နှင့်(ဂ)တို့အရ အမျိုးသားစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသဆိုင်ရာအဖွဲ့အစည်းများနဲ့ ပုဂ္ဂလိကစတဲ့ အင်အားစုများက ပါဝင်ပြီး အများပြည်သူတို့ရဲ့ လူမှုစီးပွားနေထိုင်မှု အဆင့်အတန်း မြှင့်တင်ရေးရှေးရှု
ဆောင်ရွက်နိုင်ရန်အတွက်အပြင်၊ မြို့နယ်နဲ့ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုကော်မတီများ ဖွဲ့စည်းဆောင်ရွက် သွားရန်အတွက် ကြော်ငြာစာထုတ်ထားကြောင်း" စသည်ဖြင့် ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။

 { ရမှတ်များကို ပေါင်းနေကြစဉ် }

ဝင်ရောက်အရွေးချယ်ခံသူ(၂၄)ဦးတို့မှ ၎င်းတို့ဆန္ဒအရ မဲပေးကြရာမှာ ပထမဦးစွာ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဖြစ် ရွေးချယ်ကြရာ ဦးစိုင်းကျော်ဇံ က ရမှတ်(၃၁)မှတ်ဖြင့် ဥက္ကဌနေရာကို ရရှိသွားပြီး ဦးစိုင်းလုံမား က (၁၅)မှတ်ရကာ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်းကို ခံရတာဖြစ်ပါတယ်။

ဆက်လက်ပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီ ရဲ့ လူမှုရေး(သို့မဟုတ်)စီးပွားရေးအဖွဲ့အစည်း ကိုယ်စားလှယ် အဖြစ် ဦးမြင့်ဦး နဲ့ သက်ဆိုင်ရာလုပ်ငန်းအလိုက် ကျွမ်းကျင်ပညာရှင်အဖြစ် ဦးထိန်မင်း တို့ကို ရွေးချယ်ခဲ့ကြပါတယ်။ ကော်မတီရဲ့ အတွင်းရေးမှူးအဖြစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိ ဦးကိုကို က တာဝန်ယူမှာဖြစ်ပြီး ထွေ/အုပ်မှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် က အဖွဲ့ဝင်အဖြစ် တာဝန်ယူဆောင်ရွက်စေမှာဖြစ်ပါတယ်။

မြို့နယ်စည်ပင်သာယာရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးနောက်မှာတော့ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ကို ဖွဲ့စည်းနိုင်ရန်အတွက် အထက်ပါအတိုင်း မဲဆန္ဒဖြင့် အတည်ပြုရွေးချယ်ကြရာ ဥက္ကဌအဖြစ် ဦးကြည်မြင့်၊ အတွင်းရေးမှူးအဖြစ် ဦးကျော်ငြိမ်း၊ အဖွဲ့ဝင်အဖြစ် ဦးမောင်လေး တို့ကို  ရွေးချယ်ခဲ့ကြပြီး ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိ ဦးကိုကို တို့ကလည်း အဖွဲ့ဝင်အဖြစ် တာဝန်ယူဆောင်ရွက်မှာဖြစ်ကြောင်း သိရပါတယ်။

ဆက်လက်ပြီး မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီရဲ့ လူမှုအဖွဲ့အစည်းကိုယ်စားလှယ်အဖြစ် ဦးထွန်းနေဦး၊ စီးပွားရေးအသင်းအဖွဲ့ကိုယ်စားလှယ်အဖြစ် ဦးတင်နွယ်၊ တောင်သူလယ်သမား ကိုယ်စားလှယ်အဖြစ် ဦးပေတလု တို့ကို ရွေးချယ်ခဲ့ကြပါတယ်။

ယနေ့ ဖွဲ့စည်းလိုက်တဲ့ ကော်မတီနှစ်ရပ်ကို ယခုလအတွင်းအပြီး ဖွဲ့စည်းရမှာဖြစ်ပြီး ဖွဲ့စည်းထားပြီးဖြစ်တဲ့ ကော်မတီများကို ဧပြီလ(၁)ရက်နေ့ကစပြီး စတင် အသက်ဝင် လှုပ်ရှားရမှာဖြစ်ကြောင်း သိရပါတယ်။

ပုံများကိုကြည့်ရန်

Sunday, February 10, 2013

၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၁၀)ရက်နေ့ နံနက်ပိုင်းက (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ကွက်သစ်(၉)လမ်းကို ကတ္တရာလမ်းသစ်ခင်းခြင်းအဖြစ် လမ်းသစ်ဖွင့်ပွဲအား ပြုလုပ်ခဲ့တာဖြစ်ပါတယ်။


လမ်းဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးနှင့် စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ နှင့် ဒေသခံတိုင်းရင်သား
 ပြည်သူများ တက်ရောက် လာခဲ့ကြတာကိုတွေ့ရပါတယ်။

ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ကွက်သစ်(၉)လမ်းကို ကတ္တရာအဖြစ် ခင်းရာမှာ အတိုင်းအတာအရ ၂၁၀၀'x၁၂' ဖြစ်ပြီး  ကျပ်ငွေ(၃၀၉)သိန်း ကုန်ကျမှုရှိကြောင်း သိရပါတယ်။ ကွက်သစ်(၉)လမ်းကို ၂၀၁၂ခုနှစ် အောက်တိုဘာ(၃)ရက်နေ့က စတင် လုပ်ဆောင်တာဖြစ်ပြီး ၂၀၁၃ခုနှစ် ဇန်န၀ါရီ(၂၁)ရက်နေ့က လမ်းခင်းမှုပြီးဆုံးတာဖြစ်ကြောင်း ထပ်မံသိရှိရပါတယ်။

ပုံများကိုကြည့်ရန်

Friday, January 25, 2013

တာချီလိတ်မြို့တွင် ယာဉ်သွားယာဉ်လာများ ရှုပ်ထွေးနေမှုနှင့် ယာဉ်/လမ်းစည်းကမ်းများလျော့ပါးသွားစေရန်အပြင် မရှိမဖြစ် လိုအပ်နေသည့် မြို့ပတ်လမ်းကို ၂၀၁၂ခုနှစ် ဒီဇင်ဘာ(၅)ရက်နေ့က စတင်ပြီး ဖောက်လုပ်နေခဲ့သည်မှာ ယခုဆိုလျှင် (၉၀)ရာခိုင်နှုန်းခန့် ပြီးမြောက်နေတာကို တွေ့ရှိရပါတယ်။


အဆိုပါ မြို့ပတ်လမ်းကို မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၂) တံတားနီးမှ မေဖလားဝါးကွင်းထိ ဖောက်လုပ်နေတာဖြစ်ပါတယ်။ ယခုလက်ရှိမှာ လမ်းအား  မြေသားနှင့် ကျောက်ခင်းခြင်း အဆင့်များ ပြီးမြောက်ခဲ့ပြီး ကတ္တရာခင်းရန်အတွက် လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။

လောလောဆယ်တွင် အမှတ်(၂)တံတားမှ မေဖလားဝါးကွင်းထိ လမ်းအား ပြီးမြောက်ရန် လုပ်ဆောင်သွားမှာဖြစ်ပြီး ပါလျှံ ဘက်ရှိ အလံနီဖြင့် သတ်မှတ်ထားသော လမ်းကိစ္စကိုတော့ ဆောင်ရွက်ရန် အစီအစဉ်မရှိသေးကြောင်း တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသွားပါတယ်။


မြို့တွင်း မြို့ပတ်လမ်းဖောက်လုပ်နေခြင်းနှင့်ပတ်သက်၍ "တာချီလိတ်မြို့မှာက ကားတွေ ဆိုင်ကယ်တွေ တအားပေါပြီး ယာဉ်မောင်းသူတွေ စည်းကမ်းမရှိတော့ ယာဉ်တိုက်မှုခဏခဏဖြစ်တယ်..၊ အခု မြို့ပတ်လမ်း ဖောက်နေတယ်ဆိုတော့ ကောင်းတာပေါ့..၊ လမ်းဖောက်ပြီးသွားရင်လည်း ယာဉ်တိုက်မှုတွေ အဖြစ်မများအောင် နဲ့ မြေသယ်ကားတွေ ကုန်တင်ကားတွေ သစ်လုံးသယ်ကားတွေဖြစ်တဲ့ ကားကြီးတွေလည်း လမ်းအသစ်ကပဲသွားဖို့ အတွက် သက်ဆိုင်ရာတွေကလည်း ကြီးကြပ်ဖို့လိုတယ်လေ"ဟု ဆန်ဆိုင်းရပ်ကွက်နေ ရှမ်းအမျိုးသားတစ်ဦးမှ ပြောပါတယ်။

ပြီးခဲ့သော ၂၀၁၂ခုနှစ်အတွင်းက တာချီလိတ်မြို့တွင်းရှိ လမ်း(၁၃)လမ်းအား စည်ပင်သာယာရေးအဖွဲ့မှ ကတ္တရာခင်းလမ်းအဖြစ် ဖောက်လုပ်ခဲ့ကြပြီး အဆိုပါ(၁၃)လမ်း၏ ကုန်ကျငွေမှာ ကျပ်(၃၃၉၂)သိန်း ဖြစ်ကြောင်း သိရပါတယ်။
ပုံများကိုကြည့်ရန်