Latest News

Dropdown Menu

Showing posts with label ယာဉ်တိုက်မှု. Show all posts
Showing posts with label ယာဉ်တိုက်မှု. Show all posts

Tuesday, January 7, 2014

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့၌ ယနေ့ ဇန်န၀ါရီလ (၈)ရက် နံနက် (၁၀)နာရီဝန်းကျင်အချိန်က အမှတ်(၁) ချစ်ကြည်ရေး တံတားထိပ်ရှိ အ၀ိုင်းပတ်အနီး၌ လမ်းဖြတ်ကူးသူအား ကြက်ဥတင်လာသည့် ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်တော့ပဲ တိုက်မှုဖြစ်ပွားရာ နှစ်ဦးနှစ်ဖက် ဒဏ်ရာအနည်းငယ်စီရရှိသွားကြောင်း သိရသည်။


ဖြစ်စဉ်မှာ ကျန်ကျီလာ ဓါတ်ပုံဆိုင်ဘက်မှ လမ်းတစ်ဘက်သို့ ဖြတ်ကူးလာသော အသက် (၄၀)၀န်းကျင်ရှိ အမျိုးသမီးသည် ယာဉ်သွားယာဉ်လာများ၍ လမ်းအလယ်၌ ရပ်တန့်ပြီး အကူးမှာ ဘုရင့်နောင်ရုပ်တုဘက်မှ ကြက်ဥကတ်များ တင်ဆောင်လာသည့် ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်တော့ပဲ ယာဉ်မတော်တဆ တိုက်မှုဖြစ်ပွားရာ အတိုက်ခံရသည့် အမျိုးသမီးမှာ အဆိုပါနေရာ၌ လဲကျသွားခဲ့ပြီး ညာဖက် လက်နာကျင်သွားခဲ့ကြောင်းနှင့် ဆိုင်ကယ်မောင်းလာသူ အမျိုးသားမှာ အဆိုပါနေရာ၌ပင် ၁မိနစ်မျှ သတိလစ်သွားခဲ့ပြီး ပါးပြင် နှင့် ဒူးခေါင်းတို့တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။

"ဆိုင်ကယ်က အဝေးကနေ အရှိန်နဲ့မောင်းလာတာကို တွေ့လိုက်ရတော့ မတိုက်ခင်ကတည်းက တိုက်တော့မှာပဲလို့ ထင်လိုက်တယ်၊ မကြာဘူး တိုက်သံကြားရတော့တာပဲ"ဟု အနီးအနားရှိ
ဈေးသည်တစ်ဦးမှ ပြောပြသည်။

"ဒီနေရာက ယာဉ်သွား ယာဉ်လာ အရမ်းရှုပ်တယ်၊ ခဏခဏလည်း တိုက်မှုဖြစ်တယ်၊ ဖြစ်လိုက်ရင်လည်း သွေးထွက်သံယိုပဲ၊ အ၀ိုင်းပတ် ဆိုတော့ ယာဉ်သွား ယာဉ်လာအတွက် သက်ဆိုင်ရာတွေက အထူး စည်းကမ်း သတ်မှတ်ပေးရင် ကောင်းမယ်ဗျာ"ဟု အနီးအနားရှိ ဆိုင်ကယ် Taxi သမား တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

"အခု ယာဉ်တိုက်မှုကတော့ ဆိုးဆိုးရွားရွား မဟုတ်ပါဘူး၊ သို့ပေမဲ့လည်း တာချီလိတ်မှာ လမ်းကျဉ်းရတဲ့အထဲ ယာဉ်အမြန်မောင်းနေတာတွေ၊ လမ်းတစ်ဖက် တစ်ချက်မှာ ရပ်ထားတဲ့ ကားတွေ ဆိုင်ကယ်တွေကို ရပ်သင့်တဲ့နေရာ ရပ်ဖို့နဲ့ မရပ်သင့်တဲ့ နေရာတွေမှ မရပ်ဖို့ အထူး ကိုင်တွယ်ဖြေရှင်းပေးဖို့လိုတယ်ဗျာ၊ တာချီလိတ်မှာ ကိစ္စရှိလို့ အပြင်ထွက်ပြီးဆိုရင် အနောက်ကနေ ၀င်တိုက်သွားမလား တစ်ဖက်ကျော်လာတဲ့ ယာဉ်ကပဲ ၀င်တိုက်သွားမလားဆိုပြီး ဆိုးရိမ်နေရတယ်၊ "ဟု ယာဉ်တိုက်မှုဖြစ်ပွားရာနေရာတွင် ရောက်ရှိနေသူ မြို့မိမြို့ဖ တစ်ဦးမှလည်း ပြောလာသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Sunday, September 15, 2013

မလှိုင်မြို့နယ်၊ ဆည်တိုဘက်မှ တာချီလိတ်ဘက်သို့ ဦးတည်လာသော ခရီးသည်နှင့်ကုန်ပစ္စည်းတင် ကားတစ်စီးသည် စက်တင်ဘာလ ၁၄ ရက်၊ နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန်ခန့်က ကျိုင်းတုံ-မိုင်းဖြတ် အဝေးပြေးလမ်းတစ်နေရာ၌ ရုတ်တရက် ချောင်းထဲသို့ ပြုတ်ကျ တိမ်းမှောက်မှုဖြစ်ပွားရာ ကိုယ်ဝန်ဆောင်နှစ်ဦး အပါအ၀င် ၁၁ ဦးပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။


"ကျွန်တော်တို့ ပန်ကွဲတောင်ပေါ်မှာ ရှိနေတုန်းက အဲ့ဒီကား ဖြတ်သွားတာတွေ့လိုက်တယ်၊ နာရီဝက်လောက်ပဲ ကြာမယ်ထင်တယ်၊ ကျွန်တော်တို့လည်း ပန်ကွဲတောင်က အထွက်မှာ အခုလိုဖြစ်နေတာကို တွေ့ရပါတယ်၊ အခုလိုဖြစ်တာကို တွေ့ရတော့ ကျွန်တော်တို့လည်း ဒဏ်ရာရသူတွေကို ကယ်ဆယ်ပြီး မိုင်းဖြတ်က တာဝန်ရှိသူတွေကို အကြောင်းကြားပေးခဲ့ပါတယ်"ဟု တာချီလိတ်နာရေးကူညီမှုအသင်းမှ အသင်းသားတစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

"ပွဲချင်းပြီး သေဆုံးသွားတဲ့ ကိုယ်ဝန်ဆောင် မိခင်နှစ်ဦးကို ဗိုက်ခွဲကြည့်တဲ့အခါမှာ ကလေးက အကောင်နည်းနည်းကြီးနေပြီ ၅လသား အရွယ်လောက်ရှိလိမ့်မယ်၊ နောက်တစ်ယောက်ကတော့ ၂လသား အရွယ်လောက် ရှိမယ်လို့ထင်တယ်ဗျ"ဟု နာရေးကိစ္စများကို ဆောင်ရွက်ပေးနေသူ အမျိုးသားတစ်ဦးမှ ပြောပြသည်။


ခုလိုဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ ကားမောင်းသူမှာ ရုတ်တရက် အိပ်ငိုက်သွားကြောင်း တာဝန်ရှိသူ ရဲထံ ထွက်ဆိုသည်ကို ကြားသိရသူမှ ပြန်လည်ပြောပြသည်။

ကားပေါ်တွင် ခရီးသည် ၂၂ ဦးပါဝင်ပြီး အမျိုးသမီး ၆ ဦး ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားအပါအ၀င် ၈ ဦး၊ အမျိုးသား ၃ဦး၊ စုစုပေါင်း ၁၁ ဦးသေဆုံးပြီး ကားမောင်းသူနှင့် စပါယ်ရာမှာ ထိခိုက်ဒဏ်ရာရရှိပြီး ကျန်လူများထဲမှ လက်အရိုးကျိုးဒဏ်ရာ နှင့် ပွန်းပဲ့ဒဏ်ရာများ ရရှိကြောင်းအပြင် သေဆုံးသူ ၁၁ ဦးအနက် ၄ဦးမှာ မိသားစုဝင်တွေဖြစ်ကြောင်း သိရှိရသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Sunday, September 8, 2013

ယနေ့ (စက်တင်ဘာ ၈ ) နေ့လည် ၁၁နာရီ ၃၀မိနစ် အချိန်ခန့်က တာချီလိတ်မြို့နယ် ၊ မကာဟိုခမ်းရပ်ကွက်၊ "မေ"ဟိုတယ်ရှေ့ရှိ ဗိုလ်ချုပ်လမ်းမပေါ်တွင် အရှိန်ပြင်းသော ဆိုင်ကယ်တစ်စီးသည် ကားတစ်စီးအား ဖြတ်ကျော်ရာမှ ခြေလျင် လမ်းဖြတ်ကူးနေသူအား မတော်တဆ ယာဉ်နှင့်လူ တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ကိုမျိုးxxxx တစ်ဦးတည်း အမှတ်(၁) ချစ်ကြည်ရေးတံတား အ၀ိုင်းပတ်ဘက်မှ ဆေးရုံရှေ့ လမ်းဆုံဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်သည် "မေ"ဟိုတယ်ရှေ့ အရောက်၌ အရှေ့တွင် သွားနေသော ကားအား ကျော်လို၍ ဖြတ်ကျော်ရာမှ "သိင်္ဂီ"ဆီချက် ဆိုင်ဘက်သို့ ခြေလျင်လမ်းဖြတ်ကူးသူ အသက် ၄၆ နှစ်အရွယ်ရှိ ဒေါ်ရင်xxxxxအား ရုတ်တရက် အရှိန်မထိန်းနိုင်တော့ဘဲ ၀င်ရောက်တိုက်မိရာ ဆိုင်ကယ်မောင်းသူ ကိုမျိုးxxxxသည် ယာဖက်ပါးဖူးယောင်ပြီး အပေါ်ရှေ့သွားကျိုးဒဏ်ရာရရှိသွားခဲ့သည်။


ထို့အတူ တိုက်ခံရသူ ဒေါ်ရင်xxxxxမှာ ဦးခေါင်းနောက်စေ့ပေါက်ပြဲပြီး နားအတွင်းမှ သွေးထွက်ဒဏ်ရာ ရရှိကာ တာချီလိတ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စေခဲ့ပြီး စိုးရိမ်ရသဖြင့် ထိုမှတဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံသို့ ဆက်လက်ပို့ဆောင်လိုက်ရကြောင်း သိရသည်။

"ဆိုင်ကယ်က အရှိန်တော်တော်ပြင်းပုံရတယ်၊ ကားကို ကျော်တက်လိုက်တာ အရှေ့က အဒေါ်ကြီးကို ၀င်တိုက်မိပြီး ဆိုင်ကယ်တစ်ခြား လူတစ်ခြားဖြစ်သွားတယ်"ဟု ယာဉ်တိုက်မှုအား မြင်တွေ့လိုက်ရသူ အမျိုးသမီးတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

"ကျွန်တော်လည်း ရှိနေတယ်၊ ဒုန်းဆိုပြီး အသံကြားကြားခြင်း ကြည့်လိုက်တာ၊ ဆိုင်ကယ်မောင်းတဲ့လူက အပေါ်ကို မြောက်တက်သွားတာကိုတော့ တွေ့လိုက်ရတယ်၊ ခဏနေတော့ လမ်းမပေါ်မှာ သွေးတွေအများကြီးနဲ့ နှစ်ယောက်လုံး မှောက်နေတာကို တွေ့ရတော့တာပဲ"ဟု အနီးအနားရှိ မြင်တွေ့လိုက်ရသူ အမျိုးသားတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြလာသည်။

အဆိုပါကိစ္စ နှင့်ပတ်သက်၍ တာချီလိတ်မြို့နယ် တပ်စိတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ မြို့နယ် ရဲစခန်းသို့ သွားရောက် တိုင်ကြားအမှုဖွင့်ရာ မြို့နယ်ရဲစခန်းမှ အမှုအားလက်ခံပြီး ဆက်လက်၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Thursday, April 4, 2013

ဧပြီလ(၄)ရက်နေ့ ည(၁၁)နာရီ(၁၀)မိနစ်ခန့်က တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် ပုံလို့လမ်းဆုံအနီးမှ မယ်ခေါင်ရပ်ကွက် မဲခေါင်မြစ်ဟိုတယ်(ကိုးထပ်)အရှေ့ထိ အရှိန်ပြင်းစွာမောင်းလာတဲ့ ကားတစ်စီးက ယာဉ်(၄)စီးကို ထပ်ဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။

အရှိန်ပြင်းစွာမောင်းလာတဲ့ Fortuner ခဲရောင်ကားတစ်စီးဟာ မောင်နှမနှစ်ဦး စီးလာတဲ့ ဆိုင်ကယ်ကို မတော်တဆ ပွတ်တိုက်မိသွားရာ ဆိုင်ကယ်မှာ လဲကျသွားပြီး ဆိုင်ကယ်အနောက်မှာ စီးနှင်းလိုက်ပါလာတဲ့ အမျိုးသမီးတစ်ဦး လွှင့်ထွက်သွားရာ ပွန်းပဲ့ဒဏ်ရာ နဲ့ ညာဖက်ပေါင်ရင်း နာကျင်မှုဖြစ်သွားခဲ့ပြီး ဆိုင်ကယ်မောင်းသူ အမျိုးသားတစ်ဦးမှာတော့ ခေါင်းမူးဝေနေပြီး နှာခေါင်းအတွင်းမှ သွေးများထွက်ကာ ခါးနာကျင်မှု နဲ့ ပွန်းပဲ့ ဒဏ်ရာတစ်ချို့ ရရှိသွားခဲ့တယ်လို့ သိရပါတယ်။


အဆိုပါကားမှာ ယာဉ်တိုက်မှုဖြစ်ပွားတဲ့ နေရာမှာ ရပ်တန့်ခြင်းမပြုပဲ ဆက်လက်မောင်းပြေးရင်း မဲခေါင်မြစ်ဟိုတယ်(ကိုးထပ်)နဘေးရှိ 9 SEVEN စတိုးဆိုင်ရှေ့ အရောက်မှာ  အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးစီးနှင်းနေတဲ့ ဆိုင်ကယ်ရဲ့အနောက်ကို ၀င်မှန်တိုက်မိပြန်ပါတယ်။ ထိုသို့ တိုက်မိရင်း အရှိန်မထိန်းနိုင်ပဲ လမ်းဘေးမှာ ရပ်တန့်ထားတဲ့ Mark-II အဖြူရောင် ကားတစ်စီးကို တိုက်မိပါတယ်။


နောက်တဖန် မဲခေါင်မြစ်ဟိုတယ်အတွင်းကနေ ဗိုလ်ချုပ်လမ်းမပေါ်ကို မောင်းထွက်ဖို့ စောင့်ဆိုင်းနေတဲ့ Mark-II ကားတစ်စီးကိုလည်း တိုက်မိပြန်ပါတယ်။ တိုက်မိတဲ့ ကားများမှာ အရှေ့ဖက် နဲ့ အနောက်ဘက် ကားကိုယ်ထည် ပျက်စီးမှုများရှိခဲ့ပြီး ယာဉ်မောင်းသူမှာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိပေမဲ့လည်း အနောက်ကနေ ၀င်တိုက်ခံရတဲ့ ဆိုင်ကယ်ပေါ် စီးနှင်းလိုက်ပါလာသူ နှစ်ဦးအနက် အမျိုးသားမှာ ညာဖက်ခြေသလုံး အရိုးကျိုးသွားခဲ့ပြီး ခြေထောက်မှာ ပွန်းပဲဒဏ်ရာများရရှိခဲ့သလို ကျန် အမျိုးသမီးမှာတော့ နဖူးနဲ့ ဦးခေါင်း၊နောက်စေ့၊တို့မှာ ဖူးယောင်နေပြီး အပေါ်ရှေ့ သွား(၁)ချောင်းကျိုးသွားကာ ညာဖက်ခြေဖနောင့်မှာ ပေါက်ပြဲဒဏ်ရာ ရရှိသွားကြောင်း သိရပါတယ်။

အခုလို ထပ်ဆင့်တိုက်မှုဖြစ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး  "အခုလို ယာဉ်တိုက်မှုမျိုး ကျွန်တော့်အနေနဲ့ တာချီလိတ်မှာ မမြင်ဖူးသေးဘူး၊ ဆိုင်ကယ်ရော ကားရော (၄)စီးတောင် ဆင့်ကဲတိုက်မိတယ်ဆိုတော့ ရုပ်ရှင်ထဲမှာပဲ မြင်ဖူးတာကိုး"လို့ယာဉ်တိုက်မှုဖြစ်ပွားရာနေရာရဲ့ အနီးအနားရှိ မိတ်ဆွေတစ်ဦးက ပြောလာပါတယ်။

ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသွားသူများကို တပ်စိတ်(၂)ယာဉ်ထိန်းတပ်ဖွဲ့(တာချီလိတ်)မှ ဒုရဲအုပ် ရွှေလင်း နဲ့ ယာဉ်ထိန်းတပ်ဖွဲ့တစ်ချို့အပါအ၀င် မဇ္ဈိမလူမှုကူညီရေးအသင်းမှ အသင်းသားတစ်ချို့က ဆေးဝါးကုသရန်အတွက် ပြည်သူ့ဆေးရုံကို အလျင်အမြန် ပို့ဆောင်ပေးခဲ့ကြကြောင်းလည်း သိရပါတယ်။

အရှိန်ပြင်းစွာအရမ်းမဲ့ မောင်းနှင်းသူကို ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်အတွက် ဆောင်ရွက်နေကြောင်း သတင်းရရှိပါတယ်။

ပုံများကိုကြည့်ရန်


Monday, March 25, 2013

တာချီလိတ်ရဲစခန်းနဲ့ (၄)မိုင်ခန့်အကွာ တာချီလိတ်-ကျိုင်းတုံသွား အဝေးပြေးကားလမ်းမကြီးပေါ်မှာ မတ်လ(၂၃)ရက်နေ့ ည(၉)နာရီခန့်က ဆိုင်ကယ်(၂)စီးတိုက်မှုဖြစ်ပွားခဲ့ရာမှ နောက်ထပ်ဆိုင်ကယ်တစ်စီးမှ ထပ်မံတိုက်မှုဖြစ်ပွားခဲ့ပြီး လူ(၂)ဦး ဆေးရုံမှာ ဆေးကုသမှုခံယူရင်း သေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါတယ်။

{ အလောင်းအား ရင်ခွဲရုံမှ ထုတ်ယူလာစဉ်}

တာချီလိတ်-ကျိုင်းတုံသွား အဝေးပြေးကားလမ်းမကြီးပေါ်မှာ ဆိုင်ကယ်(၂)စီးတိုက်မှုဖြစ်ပွားခဲ့ရာမှ ဆိုင်ကယ်(၁)စီးမှာ မယ်ယန်းကျေးရွာဘက်သို့ ထွက်ပြေးသွားကြောင်း သိရပြီး ယာဉ်တိုက်မှုဖြစ်ပွားရာနေရာမှာ  အသက်(၃၆)နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက်(၃၀)အရွယ် အမျိုးသားတစ်ဦးတို့ မျက်နှာ၊ ဦးခေါင်း နဲ့ ခြေထောက်စတဲ့ နေရာများမှာ ဒဏ်ရာရရှိပြီး သတိလစ်မေ့မျော လဲကျနေတာကို တာဝန်သိ ခရီးသွားတစ်ဦးက ယာဉ်ထိန်းရဲတပ်ဖွဲ့ကို ဖုန်းဆက်အကြောင်းကြားနေစဉ် အတွင်းမှာပဲ လူနှစ်ဦးစီးလာတဲ့ ဆိုင်ကယ်က ယာဉ်တိုက်မှုဖြင့် မေ့မျောနေသူနှစ်ဦးအား ထပ်မံ၍ တိုက်မိရာ
နောက်ဆုံး တိုက်မိသော လူနှစ်ဦးမှာ ဆိုင်ကယ်ကို ထားရစ်ခဲ့ပြီး ထွက်ပြေးသွားကြောင်း သိရပါတယ်။

ပထမ ယာဉ်တိုက်မှုကြောင့် လမ်းမပေါ်မှာ လဲကျနေတဲ့ အသက်(၃၆)နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက်(၃၀)အရွယ် အမျိုးသားတစ်ဦးတို့ကို တာချီလိတ်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ် စံသိန်း၊ ဒု-ရဲအုပ်ရွှေလင်း နဲ့ ယာဉ်ထိန်းရဲအဖွဲ့တို့က ဆေးရုံကို အမြန်ပို့ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ဆေးရုံ၌ ဆေးကုသမှုခံယူနေရင်း အသက်(၃၀)အရွယ်အမျိုးသားမှာ မတ်လ(၂၄)ရက်နေ့ နံနက်(၆း၃၀)ခန့်က သေဆုံးသွားခဲ့ပြီး နောက်မကြာမီမှာ အသက်(၃၆)နှစ်ရွယ် အမျိုးသားတစ်ဦးလည်း
သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်စံသိန်း၊ ဒုရဲအုပ်ရွှေလင်း နဲ့ တာချီလိတ်ရဲစခန်းမှ အမှုစစ် ဒုရဲအုပ် အောင်ဆန်း တို့ရဲ့  စုံစမ်းချက်အရ အသက်(၃၆)နှစ်အရွယ် အမျိုးသားမှာ ယာဉ်မောင်းအလုပ်ကို လုပ်ကိုင်နေသူဖြစ်ပြီး ဖန်မင်ကျေးရွာတွင် နေထိုင်သူ ဦးရဲရွှေ ဖြစ်ကြောင်း သိရပြီး ကျန်တစ်ဦးရဲ့ နေရပ်လိပ်စာကိုတော့ စုံစမ်းဆဲဖြစ်တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုဒဏ်ရာနဲ့ သေဆုံးသူ(၂)ဦးရဲ့ သင်္ဂြိုဟ်ရန်ကိစ္စများကို မတ်လ(၂၅)ရက်နေ့
နေ့လည်(၂)နာရီက တာချီလိတ်မြို့ရှိ အလင်းရောင်ပရဟိတအသင်းနဲ့ တာချီလိတ်နာရေးကူညီမှုအသင်းတို့ရဲ့ ကူညီမှုနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့က တာချီလိတ်မြို့မ သချိုင်္င်းမှာ သင်္ဂြိုလ်ပေးခဲ့ကြပြီး အဆိုပါ ယာဉ်တိုက်မှုကိစ္စနဲ့ပတ်သက်ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အပူတပြင်း စုံစမ်းစစ်ဆေး ဖော်ထုတ်နေကြောင်းလည်း သိရပါတယ်။



Saturday, February 2, 2013

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ပုန်ငမ်းရပ်ကွက်ရှိ ထမ့်ပလားကားဂိတ်တွင် မြန်မာနိုင်ငံသားနှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား အလုံး(၁၀၀၀၀) ဖမ်းဆီးရမိကြောင်း သိရှိရပါတယ်။

မယ်ဆိုင်မြို့ရဲစခန်းမှ ပူးပေါင်းအဖွဲ့တို့သည် ထောက်လှမ်းရေး၏ သတင်းကြိုပေးချက်ကြောင့် မယ်ဆိုင်မြို့ ပုန်ငမ်းရပ်ကွက်ရှိ ထမ့်ပလားကားဂိတ်သို့ သွားရောက်စစ်ဆေးရာ မယ်ဆိုင်-ဘန်ကောက်သို့ သွားသည့် အဲယားဘတ်စ်ကား အမှတ်(၉၉)ပေါ်ရှိ ထိုင်ခုံနံပါတ် C2 နှင့် C3 ပေါ်တွင် လိုက်ပါလာသူ မြန်မာနိုင်ငံသား ခရီးသည်နှစ်ဦးအား မသင်္ကာ၍ ရှာဖွေစစ်ဆေးတဲ့အခါမှာ ခရီးသည် နှစ်ဦးရဲ့ ဖိနပ်အတွင်းကို ခွာပြီးစစ်ကြည့်တော့ အပြာရောင်အိတ်ငယ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေး အထုပ်(၅၀)ကို တွေ့ရှိရပါတယ်။ တစ်ထုပ်မှာ ဆေးပြား(၂၀၀)ပါဝင်တာဖြစ်ပြီး စုစုပေါင်းမှာ ဆေးပြား(၁၀၀၀၀)ဖြစ်ပါတယ်။

တရားခံနှစ်ဦးမှာ အသက်(၄၇)နှစ်အရွယ်နှင့် (၂၆)နှစ်အရွယ်ဖြစ်ပြီး တရားခံနှစ်ဦး၏ ထွက်ဆိုချက်မှာ  ယခုဖမ်းဆီးရမိသော စိတ်ကြွဆေးပြားများကို ပို့ဆောင်ပေးရန်အတွက် မြန်မာနိုင်ငံသားတစ်ဦးက နယ်စပ်ခရီးလမ်းကြောင်းမှန်သမျှကို စီစဉ်ပေးတာဖြစ်ပြီး သယ်ယူပို့ဆောင်ခကို ၎င်းတို့အနေဖြင့် ဘတ်(၃၀၀၀၀)စီရကြောင်း ထိုင်းနိုင်ငံ မယ်ဆိုင်သတင်းဌာနမှာ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။
Photo: Maesai News

Tuesday, January 29, 2013

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ် အနီးတစ်ဝိုက် နယ်စပ်တစ်လျှောက်တွင် ထိုင်းလူမျိုးစိစစ်ရေးကတ်ပြားနှင့် တောင်ပေါ်သားကတ်ပြားများကို ထိုင်းလူမျိုးအစစ်မဟုတ်ပဲ ပြုလုပ်ပေးခြင်းကိစ္စအား သတင်းပေးသူကို ခြိမ်းခြောက်မှုများ ရှိနေကြောင်း မယ်ဆိုင်သတင်းဌာနက ဖော်ထုတ်ရေးသားလိုက်တာကို တွေ့ရပါတယ်။

ထိုင်းနိုင်ငံတွင် နယ်စပ်ရှိ တောင်ပေါ်သားများ အမြောက်အများရှိသလို (၁၀)နှစ်အထက် ထိုင်းနိုင်ငံအတွင်း နေထိုင်ပြီးသူများကို တောင်ပေါ်သားကတ် အရောင်အမျိုးမျိုးရှိသော ကတ်ပြားကို ထောက်ခံချက်ပြည့်စုံစွာရှိပါက ထုတ်ပေးဖို့ စီမံကိန်းရှိခဲ့ပါတယ်။ သို့သော်လည်း ထိုင်း-မြန်မာ နယ်စပ် မယ်ဆိုင် ချင်းရိုင်းမှာ ထိုင်းလူမျိုးမစစ်ပဲ မှတ်ပုံတင်ကတ်ပြားရယူဖို့အတွက် နည်းလမ်းအမျိုးမျိုးသုံးကာ နိုင်ငံအတွင်းဝင်လာပြီး ရပ်ရွာလူကြီး နှင့် သက်ဆိုင်ရာဝန်ထမ်းတို့က လာဒ်စားမှုပြုလုပ်ကာ ကတ်ပြားများထုတ်ပေးခဲ့ကြတာကို တွေ့ရှိရကြောင်း မယ်ဆိုင်သတင်းဌာနအဖွဲ့က ဖော်ထုတ်လိုက်ခြင်းဖြစ်ပါတယ်။

လာဒ်ပေးပြီး ကတ်ပြားရယူထားကြသူများဟာ မယ်ဆိုင်မြို့တွင် အိမ်ခြံမြေ ပိုင်ဆိုင်၍ လုပ်ငန်းရှင်ပုံစံအမျိုးမျိုးနှင့် နေထိုင်လျှက်ရှိပြီး မယ်ဆိုင်မြိုက ဆိုင်ခန်းများလဲ ထိုင်းဘတ်ငွေ (၃၀၀၀၀၀၀) အထက်မြင့်မားလာကြတာပါတယ်။

မယ်ဆိုင်သတင်းဌာနက အယ်ဒီတာ နထဖတ်ကီတီကန်း ဖိုင်းဆန်၏ ပြောဆိုချက်အရမှာ မယ်ဆိုင်သတင်းဌာနက ဒီကိစ္စနှင့် ပတ်သက်၍ (၁၀)နှစ်မက စုံစမ်းခဲ့ပြီးဖြစ်တာနဲ့အညီ သတင်းအမှန်အကန်မှာ မယ်ဆိုင်မြို့၌ (၇၀%) အိမ်ခြံမြေ ဆိုင်ခန်းပိုင်ဆိုင်နေထိုင်သူများမှာ ထိုင်းလူမျိုးအစစ်မဟုတ်ပဲ ထိုင်း တောင်ပေါ်သားကတ်များကို ကိုင်ဆောင်ထားသူတွေသာဖြစ်ကြောင်းနှင့် ဒီလိုမျိုးတွေက အမြောက်အများ ဆက်လက်ပေါ်ပေါက်နေဆဲဖြစ်၍ ဖမ်းဆီးထိန်းချုပ်ရန်ခက်ခဲလှပြီး တစ်ချို့တွေမှာ မူးယစ်ဆေးဝါးနှင့် ချိတ်ဆက်နေသူတွေဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ အထူးစုံစမ်းစစ်ဆေးရေးဌာန၏ ခါင်းဆောင် ဦးထိန်လစ်ဖင်းဒစ် မှလည်း ယခုလက်ရှိမှာ ချင်းမိုင် ၀ိန်းဟဲမြို့ကို အမှတ်(၁)အဖြစ် စတင်ကွင်းဆင်း၍ စစ်ဆေးရာ အဓိကစစ်ဆေးသောအချက်မှာ
(၁) နိုင်ငံအတွင်း လူဦးရေစာရင်း/ကျပျောက်စာရင်း စစ်ဆေးခြင်း
(၂) စာရင်းအမည် ခွင့်ပြုချက် မပေးခင် အမည်စာရင်းကြိုတင်ရှိနေခြင်း၊
(၃) အထောက်ခံပေးသူ ပြည့်စုံမှုမရှိခြင်း၊
(၄) ကိုယ်ရေးရာဇ၀င် အပြည့်အစုံမပါပဲ ဖောင်တွင် ကွက်လပ်သာ ချန်ထားခြင်း၊
စသည့် အချက်အလက်များဖြင့်  ၀ိန်းဟဲမြို့ တစ်ခုတည်းမှာပင် လူဦးရေ (၁၉၀၀၀) ရှိနေတာကို တွေ့ရပြီး ထိုနည်းတူပင် ချင်းရိုင်း မယ်ဟောင်စွမ်းတွင်လည်း စစ်ဆေးခဲ့ကြကြောင်း ပြောကြားခဲ့ပါတယ်။


Thursday, January 24, 2013

တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားအနီးရှိ တည်နေရာတစ်ခုတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံမှ ပူးပေါင်းဆောင်ရွက်သည့် ရေရှည်တည်တံ့သော အစားထိုး အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေး စီမံကိန်းရုံးကို ဇန်န၀ါရီ(၂၃)ရက်နေ့ (၁၅း၀၀)နာရီက ဖွင့်ခဲ့ကြပါတယ်။

အဆိုပါနေ့၏ နံနက်ပိုင်းက ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် လွိုင်တုန်းစီမံကိန်းရုံးရှိ အစည်းအဝေး ခန်းမဆောင်မှာ မြန်မာ-ထိုင်း စီမံကိန်း ပူးတွဲပဲ့ကိုင် ဆောင်ရွက်ရေး ကော်မတီအဖွဲ့ဝင်များဖြစ်တဲ့
 မြန်မာနိုင်ငံဘက်မှ မူးယစ်ဗဟိုအဖွဲ့ အတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ရဲချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ဦးဆောင်သော အဖွဲ့ဝင်များ နှင့် ထိုင်းနိုင်ငံဘက်မှ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(Office Of The Narcotics Control Board)မှ ခေတ္တ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဒစ်နာဒါဒစ်စကူး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင်များဖြင့် အစည်းအဝေးပြုလုပ်ခဲ့ကြပါတယ်။

အစည်းအဝေးတွင် တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ စီမံကိန်းကျေးရွာများသို့ စီမံကိန်းဆိုင်ရာအချက်အလက်များ၊ ကွင်းဆင်းကောက်ယူရေးကိစ္စ၊ ထိုင်းနိုင်ငံဘက်မှ ကျွမ်းကျင်သူများ စီမံကိန်းဒေသသို့ သွားရောက်ခန့်မှန်း တိုင်းတာရေးကိစ္စများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍  ဆွေးနွေးသွားခဲ့ကြပါတယ်။ အစည်းအဝေးအပြီးမှာ လွိုင်တုန်းစီမံကိန်းဒေသရှိ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုခဲ့ရာ ထိုင်းနိုင်ငံ မယ်ဖလုံဖောင်ဒေးရှင်မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြပါတယ်။

ထို့နောက် မွန်းလွဲပိုင်းတွင် မြန်မာနှင့် ထိုင်းကိုယ်စားလှယ်အဖွဲ့ဝင်များက မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြပြီး မြန်မာ-ထိုင်း ရေရှည်တည်တံ့သော အစားထိုး အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေး စီမံကိန်းရုံးကို ဖွင့်လှစ်ပေးခဲ့ကြပါတယ်။ အဆိုပါရုံးအား ဖွင့်လှစ်ပြီးနောက် မြန်မာနိုင်ငံဘက်ရှိ စီမံကိန်းကျေးရွာအခြေအနေများကို မြန်မာ-ထိုင်း ဘာသာစကားနှစ်မျိုးဖြင့် ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ ယင်းနောက်မှာတော့ အခမ်းအနားအား ပြီးမြောက်စေခဲ့ပါတယ်။

ပုံများကိုကြည့်ရန်

Wednesday, January 16, 2013

၂၀၁၃ခုနှစ် ဇန်န၀ါရီ(၁၅)ရက် (၂၁း၀၀)နာရီခန့်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ချန်းမုတ်တောင်တပ်စခန်းမှ တာဝန်ကျလုံခြုံရေးအဖွဲ့နှင့် မြန်မာဘက်မှ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ တစ်စုတို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။

{Photo: Maesainews.com}

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အခြေစိုက် အမှတ်(၃)လှုပ်ရှား ယန္တရားတပ်၏ လက်အောက်ခံဖြစ်တဲ့ မယ်ဆိုင်မြို့၊ ချင်းဒွိုင်ရွာ၊ ဟွေခိုက်တိုက်နယ် ချန်းမုတ်တောင်တပ်စခန်းမှာ တာဝန်ကျနေသော လုံခြုံရေးအဖွဲ့တို့သည် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စု ရွှေတောင်ရွှေနီ မျက်နှာချင်းဆိုင်တွင် မြန်မာဘက်မှ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ မူးယစ်ဆေးဝါးမှောင်ခိုသမား(၄)ဦးကို တွေ့ရှိရ၍ ရပ်တန့်ရန် ပြောကြားစဉ်မှာ မူးယစ်ဆေးမှောင်ခိုအဖွဲ့မှ စတင်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ နှစ်ဖက်အပြန်အလှန် (၁၅)မိနစ်ခန့်ကြာ ထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်။ ထိုပစ်ခတ်မှုမှာ မူးယစ်ဆေးဝါးသယ်ဆောင်လာသူအဖွဲ့မှ (၂)ဦးသေဆုံးပြီး (၂)ဦးလွတ်မြောက်သွားခဲ့ကြောင်း သိရပါတယ်။

{vdo from: ch7}

ပစ်ခတ်မှုဖြစ်ပွားရာနေရာသို့ ထိုင်းစစ်တပ်မှ သွားရောက်ရှင်းလင်းမှုများ ပြုလုပ်တဲ့အခါမှာ မူးယစ်မှောင်ခိုသမား (၂)ဦးအသေဖမ်းရမိပြီး AK-47(၁)လက်၊ ကျည်(၁၀)တောင့်နှင့် အစိမ်းရောင် စစ်ကျောပိုးအိတ်(၈)လုံးအတွင်းမှ စိတ်ကြွဆေးပြား(၁.၂)သန်းကို ၎င်းတို့မှ တွေ့ရှိသိမ်းဆည်းရမိပြီး ထိုင်းတာဝန်ရှိသူများသည် ၎င်းမူးယစ်ဆေးဝါးများမှာ အိမ်နီးချင်း မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးအကြီးစားတင်သွင်းသည့် မူးယစ်ဆေးဝါးရောင်းဝယ်သည့် အဖွဲ့မှဖြစ်နိုင်ကြောင်း မှတ်ချက်ပေးသွားခဲ့ကြပါတယ်။

Sunday, January 13, 2013

ဇန်န၀ါရီ(၁၂)ရက်နေ့  နံနက်(၁၀)နာရီက တာချီလိတ်မြို့နှင့် နီးစပ်သော ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ မလေးရှားလူမျိုး(၃)ဦးထံမှ ဘိန်းဖြူ(၂၀၀၀)ဂရမ် ဖမ်းဆီးရမိကြောင်း သတင်းရရှိပါတယ်။


{Photo: MaesaiNews.com}

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့သည် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်၌ နိုင်ငံခြားသားများမှ မူးယစ်ဆေးဝါးဂိုဏ်းအနေဖြင့် လှုပ်ရှားမှုရှိကြောင်း အထူးထောက်လှမ်းရေးမှ သတင်းပေးပို့ချက်အရ မယ်ဆိုင်မြို့ လမ်းမတစ်လျှောက်တွင် စစ်ဆေးဂိတ်များဖြင့် စစ်ဆေးမှုများပြုလုပ်နေစဉ်  မသင်္ကာဖွယ်ရှိသော ကားတစ်စီးပေါ်၌ နိုင်ငံခြားသား(၃)ဦးကို တင်ဆောင်လာတာကိုတွေ့တာကြောင့် စစ်ဆေးကြည့်ရာ ကားမှာ ခရီးသွားလာရေးကုမ္မဏီတစ်ခုမှ ကားဖြစ်နေပြီး ခရီးသည်(၃)ဦးမှာ မလေးရှားလူမျိုးဖြစ်နေကြောင်း သိရပါတယ်။ ဆက်လက်ပြီး ထိုင်းရဲများမှ အဆိုပါ(၃)ဦးအား အသေးစိပ်ရှာဖွေစစ်ဆေးကြည့်ရာ ခရီးသည် နိုင်ငံခြားသား၏ ခါးမှာ ဘိန်းဖြူများကိုစည်းထားတာကို တွေ့ရှိရပြီး ဘွတ်ဖိနပ်မှာလည်းသေသပ်စွာ ပြုလုပ်ပြီး ဘိန်းဖြူများကို ၀ှက်၍ထည့်သွင်းထားကို တွေ့ရှိရပါတယ်။ ရှာဖွေတွေ့ရှိရသော ဘိန်းဖြူများမှာ ဂရမ်(၂၀၀၀)ရှိပြီး သယ်ဆောင်လာသူ မလေးရှားလူမျိုး(၃)ဦးတို့သည် ထိုမူးယစ်ဆေးဝါးများကို နိုင်ငံခြားသို့ ပို့ရန်အတွက် မူးယစ်ဆေးဝါးရောင်းဝယ်သောအဖွဲ့တစ်ဖွဲ့နှင့်အတူ မြန်မာလူမျိုးထံမှအော်ဒါမှာယူထားတာဖြစ်ကြောင်း ထွက်ဆိုလာသည်ဟု မယ်ဆိုင်သတင်းဌာနတစ်ခုမှာ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။

ထိုနေ့တစ်ရက်တည်းမှာပင် မယ်ဆိုင်ရဲစခန်း၌ သတင်းစာရှင်းလင်းပွဲပြုလုပ်နေချိန်တွင် တရားခံ(၂)ဦးအား ထပ်မံဖမ်းဆီးရမိပါတယ်။ ပထမတစ်ဦးမှာ အသက်(၄၈)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အဆိုပါ ထိုင်းအမျိုးသားသည် တာချီလိတ်မြို့ရှိ ရီဂျီနားဟိုတယ်တွင် အလုပ်လုပ်နေသော ဟိုတယ်မန်နေဂျာ တစ်ဦးဖြစ်ကြောင်း သိရပါတယ်။  ထောက်လှမ်းရေး၏ သတင်းပေးချက်မှာ မြန်မာဘက်ရှိ ကြယ်(၅)ပွင့်အဆင့်ရှိသော ရီဂျီနားဟိုတယ်ရှိ သက်ဆိုင်ရာ မန်နေဂျာတစ်ဦးမှာ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အချိတ်အဆက်ရှိနေကြောင်း သတင်းပေးပို့လာသောကြောင့် ထိုင်းရဲတပ်ဖွဲ့နှင့် အာဏာပိုင်များဟာ စောင့်ကြည့်နေခဲ့ကြပြီး ရီဂျီးနားဟိုတယ် မှန်လုံကားတစ်စီးသည် ၀ိန်းဖန်းခမ်းရပ်ကွက်ရှိ ရီဂျီနားရုံးခန်းနှင့် မျက်စောင်းထိုးတွင်ရှိသော ဟိုတယ်တွင် ရပ်တန့်ထားသည်ကို တွေ့ရှိရာ ထိုင်းရဲများက ၎င်း၏နောက်သို့ စောင့်ကြည့်စေပြီးနောက် ဟိုတယ် အခန်း(၁၀)သို့ ၀င်ရောက်ရှာဖွေရာမှာ စိတ်ကြွဆေးပြား (၉၈၀၀၀)ကို ခေါင်းရင်းကုတင်၌ တင်ထားတာကို တွေ့ရရှိ၍ တရားခံအား မူးယစ်ဆေးနှင့်အတူဖမ်းဆီးလိုက်ပါတယ်။ တရားခံအားစစ်ဆေးကြည့်ရာ ၎င်းသည် ရီဂျီးနားဟိုတယ်ကားကို မောင်း၍ စိတ်ကြွဆေးအရောင်းအ၀ယ်လုပ်နေကြောင်း ထွက်ဆိုသည်ကို မယ်ဆိုင်သတင်းမှာပင် ဖော်ပြထားတာကိုတွေ့ရပါတယ်။


{ video news: Ch7}

နောက်တရားခံတစ်ဦးမှာ အသက်(၂၄)နှစ်အရွယ် ထိုင်းလူမျိုး အကျဉ်းသားဟောင်းဖြစ်ပြီး စိတ်ကြွရူးသွပ်ဆေးပြား (၉၈၀၀၀)ကို ဖလဲ့ခရိုင်က အကျဉ်းထောင်ရှိ အကျဉ်းသားတွေကို ရောင်းချပေးရန်အတွက် မှာယူခိုင်းလိုက်ခြင်းဖြစ်ပြီး အဆိုပါ မူးယစ်ဆေးများကို သယ်ဆောင်ခအဖြစ် ထိုင်းဘတ်ငွေ(၁)သန်းရမည်ဖြစ်တာကြောင့် ၎င်းအနေဖြင့် ယခုလို လုပ်တာဖြစ်ကြောင်း ထွက်ဆိုလာပါတယ်။ တရားခံအား မယ်ဆိုင်မြို့ ဟိုတယ်တစ်ခုရှိ အခန်း(A8)မှာ ဖမ်းမိတာဖြစ်ပါတယ်။ ဆက်လက်၍ ထိုင်းရဲတပ်ဖွဲ့မှာလည်း အဆိုပါအကျဉ်းထောင်ထဲရှိ အကျဉ်းသားများကိုလည်း မူးယစ်ဆေးဝါးကိစ္စနှင့်ပတ်သက် စစ်ဆေးဖော်ထုတ်သွားမှာဖြစ်ကြောင်း ဖော်ပြထားတာကို သိရပါတယ်။

မူးယစ်ဆေးဝါးနိမ်နင်းရေးနှင့်ပတ်သက်၍ မယ်ဆိုင်မြို့ရဲမင်းကြီး၏ ပြောကြားချက်မှာ "ဒီဖမ်းဆီးခြင်းအပြင် မယ်ဆိုင်မြို့အတွင်း မူးယစ်ဆေးဝါးနှင့်ဆက်နွယ်သောနိုင်ငံခြားသားများနှင့် မူးယစ်ဆေးဝါးအတွက် လာရောက် ချဉ်းကပ်နေထိုင်သူများကိုလည်း အမြစ်ပျက်တိုက်ခိုက်ဖမ်းဆီးရန် ဆောင်ရွက်သွားမှာဖြစ်ကြောင်း" ပြောကြားလာသည်ကို မယ်ဆိုင်သတင်းဌာနတွင် ဖော်ပြထားပါတယ်။


Friday, January 11, 2013

၂၀၁၃ခုနှစ် ဇန်န၀ါရီ(၁၀)ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်း နှင့် ချင်းမိုင်လမ်းကြားတစ်လျှောက်ရှိ စစ်ဆေးဂိတ်တစ်ခုမှာ ကားတစ်စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား (၇၀၀၀၀) ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သတင်းရရှိပါတယ်။

ချင်းရိုင်းရဲမှူးကြီးနှင့်မယ်ဆွေရဲစခန်းမှ ရဲတပ်ဖွဲ့များက ထောက်လှမ်းရေး၏ သတင်းပေးပို့ချက်အရ ချင်းရိုင်း ချင်းမိုင်လမ်းကြားတစ်လျှောက်မှာ စစ်ဆေးဂိတ်များထားပြီး စစ်ဆေးနေလျှက်ရှိရာ တိုယိုတာကား တစ်စီးဟာ စိုက်ပျိုးရေးပစ္စည်းများကို သယ်ဆောင်လာပြီး မောင်းနင်လာတာကို စစ်ဆေးရေးထိုင်းရဲများက အဆိုပါကားအား ရပ်တန့်စစ်ဆေးရာမှာ မသင်္ကာပစ္စည်းဘာမှ မတွေ့ရပေမဲ့ ကား၏နဘေးအကာနှစ်ဖက်ကို စစ်ဆေးကြည့်တဲ့အခါမှာ မူလပုံစံအနေအထားမဟုတ်ပဲ ပြုပြင်ထားဟန်ရှိတာကို တွေ့ရတာကြောင့် ကား၏အကာများကို ခွာချပြီး စစ်ရာတော့ အတွင်းမှာ စိတ်ကြွရူးသွပ်ဆေးပြား (၇၀၀၀၀)ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

မူးယစ်ဆေးနှင့်အတူဖမ်းဆီးရမိသော တရားခံနှစ်ဦးမှာ ပလောင်လူမျိုးများဖြစ်ပြီး ချင်းရိုင်းခရိုင် ၀ိန်းပါပေါက်မြို့နယ်မှာ နေထိုင်တာဖြစ်ရာ စိုက်ပျိုးရေးဘန်းပြ၍ နောက်ကွယ်မှာ မူးယစ်ဆေးဝါး အရောင်းအ၀ယ်လုပ်တာဖြစ်ကြောင်း ထိုင်းသတင်းဌာနမှာ ရေးသားဖော်ပြထားပြီး တရားခံမှ စိတ်ကြွဆေးပြားတွေကို ဟွေခိုက်နှင့် လွိုင်တုံး ထိုင်း-မြန်မာနယ်စပ်ကနေ သယ်လာပြီး ကားလမ်းအတိုင်းမောင်းလာစဉ် ဖမ်းမိတာဖြစ်ကြောင်း ၀န်ခံသွားသည်ကို မယ်ဆိုင်သတင်းဌာနမှာ ဖော်ပြထားတာကိုတွေ့ရှိရပါတယ်။

ဆက်လက်ပြီး ထိုင်းရဲအရာရှိများက တရားခံ၏ ၀န်ခံဖြောင့်ချက်ပေးမှုကြောင့် ၎င်းတို့နှင့် ဆက်နွယ်သူများကို ရှာဖွေဖမ်းဆီးသွားမှာဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။


Monday, December 3, 2012

(၇၃)ကြိမ်မြောက် မြန်မာ-ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီအစည်းအဝေးကို နိုဝင်ဘာ(၃၀)ရက်နေ့ နံနက် (၉း၃၀)မှ နံနက်(၁၀း၄၅)နာရီထိ တာချီလိတ်မြို့ရှိ ရီဂျီနား ဟိုတယ်မှာ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါအစည်းအဝေးမှာ ထိုင်းနိုင်ငံ မြို့နယ်အဆင့် နယ်ခြားကော်မတီ ဥက္ကဌ  အမှတ်(၃)လှုပ်ရှားယန္တရားတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ထနတ်ဖုံးကိုးဆိုင်စေ၀ီး ဦးဆောင်သော အဖွဲ့ဝင်များ နှင့် မြန်မာဘက်မှ  စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်အောင် အပါအ၀င် မြို့နယ်အဆင့် နယ်ခြားကော်မတီ ဥက္ကဌ  အမှတ်(၃၃၁) ခြေမြန်တပ်ရင်းမှ ခေတ္တ တပ်ရင်းမှူး ဗိုလ်မှူး ထွန်းမင်းအောင် ဦးဆောင်သောအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံအတွင်းရှိ နယ်စပ်ရေးရာ ဆောင်ရွက်ရန်လိုအပ်ချက်များကို အပြန်အလည် ဆွေးနွေးတင်ပြခဲ့ကြပါတယ်။

 မြန်မာဘက်မှ ဆွေးနွေးတင်ပြချက်များအနက် ကောက်နှုတ်ဖော်ပြရာမှာ ထိုင်းနိုင်ငံအတွင်း သွားရောက်လည်ပတ်သူ လုပ်ငန်းဆောင်ရွက်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၏ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်နှင့် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့အထိ (၁၃)ညအိပ် (၁၄)ရက်ခရီး သွားရောက်ခွင့် ရရှိရေး ကိစ္စ၊ နေ့စဉ် ၀င်/ထွက်သွားလာနေသူများအား တစ်ခါတစ်ရံတွင် ထိုင်းနိုင်ငံဘက်မှ အကာအကွယ်မဲ့စွာ လူမြင်ကွင်းတွင် ဆီးသွားခိုင်း၍ ဆီးစစ်ဆေး ဆောင်ရွက်ခြင်းများမှာ အများအမြင်တွင် မသင့်လျော်သည့်အပြင် အရှက်အကြောက်တရားကို ထိခိုက်စေနိုင်သော ဆောင်ရွက်ချက်ဖြစ်သဖြင့် လိုအပ်သလို စဉ်းစားဆောင်ရွက်နိုင်ရေးကိစ္စ နှင့် မြန်မာနိုင်ငံဘက်မှ လိုင်စင်ရှိ မော်တော်ယာဉ်/ဆိုင်ကယ်များ လုပ်ငန်းကိစ္စဖြင့် ထိုင်းနိုင်ငံအတွင်း ၀င်/ထွက်သွားလာလျှက်ရှိရာ အမှတ်(၁)တံတား၌ ထိုင်းနိုင်ငံ အကောက်ခွန်ဦးစီးဌာနတွင် မှတ်ပုံတင်၍ စတေကာရယူ၍ လစဉ်အခွန်ငွေ ပေးဆောင်နေရခြင်းကိစ္စ စသည့် ကိစ္စအရပ်ရပ်များကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရှိရပါတယ်။


ဆက်လက်၍ ထိုင်းဘက်မှ ပြန်လည် ဆွေးနွေးတင်ပြချက်များအနက် ကောက်နှုတ်ဖော်ပြရာမှာ နှစ်စဉ် ဒီဇင်ဘာလနှင့် ဧပြီလများတွင် ချင်းမိုင်ခရိုင်နှင့် ချင်းရိုင်းခရိုင်များအပြင် မြန်မာနိုင်ငံဘက်ရှိ နယ်စပ်ဒေသတစ်လျှောက်တွင် မီးခိုးမှိုင်းများနှင့် ဖုန်မှုန့်များကြောင့် လေထုညစ်ညမ်းမှုဖြစ်ပြီး နှစ်နိုင်ငံ အများပြည်သူတို့၏ ကျန်းမာရေးထိခိုက်စေရုံသာမက သွားလာလှုပ်ရှားမှုများတွင် အမြင်အာရုံကို ထိပါးစေခဲ့ကြောင်း သို့ပါ၍ အလားတူဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပေါ်စေရေးအတွက် ချင်းရိုင်းခရိုင်နှင့် ချင်းမိုင်ခရိုင်တို့အပြင် ၎င်းနယ်မြေနှင့် မျက်နှာချင်းဆိုင်ရှိ မြန်မာနိုင်ငံဘက် နယ်စပ်ဒေသတစ်လျှောက် နေထိုင်ကြသူများအား တောမီးမရှို့စေရေးနှင့် တောမီးရှို့မှုတားဆီးရေး စောင့်ကြည့်အဖွဲ့ ဖွဲ့စည်းတာဝန်ပေးသွားရေး၊ ကျယ်ပြန့်စွာ ပညာပေးဆော်သြပေးနိုင်ပါရန် မြန်မာဘက်သို့ ညှိနှိုင်းမေတ္တာရပ်ခံအပ်ပါကြောင်း ဆွေးနွေးတင်ပြသွားပါတယ်။

ဆက်လက်ပြီး တင်ပြရာမှာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ခရီးသွားလာရေးနှင့် အပြန်အလှန်ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေရေး အထောက်အကူဖြစ်စေရန်နှင့် ၂၀၁၅ခုနှစ် အာဆီယံ လူ့အဖွဲ့အစည်းသို့ ၀င်ရောက်ရေးကြိုတင်ပြင်ဆင်သည့် ရည်ရွယ်ချက်ဖြင့် ချစ်ကြည်ရေးတံတားဖွင့်လှစ်ချိန် တိုးမြှင့်၍ နယ်မြေ(၂)ခု နှစ်ဟောင်းနှုတ်ဆက် နှစ်သစ်ကြိုဆိုပွဲ ကျင်းပမည်ဖြစ်ကြောင်း သို့ပါ၍ အဆိုပါ ပွဲတော်ကာလအတွင်း လာရောက်လည်ပတ်ကြမည့် ခရီးသွားဧည့်သည်များ အန္တရာယ်ကင်း အဆင်ပြေချောမွေ့မှုရရှိစေရေးအတွက် လိုအပ်သလို ကူညီဆောင်ရွက်ပေးပါရန်နှင့် ခရီးသွားဧည့်သည်များ အယောင်ဆောင်ဝင်ရောက်လာပြီး ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ပြစ်မှုကျူးလွန်နိုင်ဖွယ်ရှိသဖြင့် လိုအပ်သလို စီမံချက်ချမှတ်စစ်ဆေးဆောင်ရွက်ပေးပါရန် စသည်ဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။

နှစ်နိုင်ငံ အပြန်အလှန်ဆွေးနွေးတင်ချက်များမှာ ပြည်သူများအတွက် တကယ့်လိုအပ်ချက်များ ဖြစ်နေသည့်အပြင် မြန်မာဘက်မှတင်ပြသော အချက်အလက်များမှာလည်း တာချီလိတ်နေ ပြည်သူ လူထုများအတွက် အထူးလိုအပ်ဆုံးသော ကိစ္စရပ်များဖြစ်ပါတယ်။

Wednesday, November 28, 2012

၂၀၁၂ခုနှစ် နိုဝင်ဘာ(၂၇)ရက်နေ့က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ကော့ဆိုင်းရပ်ကွက်ထဲမှာ စိတ်ကြွရူးသွပ်ဆေးပြား (၆၀၀၀၀)သိမ်းဆည်းမိကြောင်း ထိုင်းနိုင်ငံအွန်လိုင်းသတင်းတစ်ခုမှ သိရှိရပါတယ်။

ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးနိမ်နှင်းရေး နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ ၎င်းတို့အနေဖြင့် ရရှိထားသော သတင်းအစအနရ မယ်ဆိုင်မြို့ ကော့ဆိုင်းရပ်ကွက် အုပ်စု(၆)ရှိ အိမ်ခန်းငှားတစ်ခုသို့ ၀င်ရောက် ရှာဖွေစစ်ဆေးသောအခါ ၎င်းတို့အနေဖြင့် တရားခံဟု သတ်မှတ်ထားသည့် (၃)ဦးမှာ စက္ကူဖြူဖြင့်ထုပ်ထားသော စိတ်ကြွဆေးပြား (၂၀၀၀)ပါသည့် အထုပ်(၃၀)ထုတ်ကို အရက်ဖာထဲသို့  စီစဉ်ထုတ်ပိုးထည့်နေတာကိုတွေ့သောအခါမှာ ရဲများက ၀ိုင်းဖမ်းကြပါတယ်။

ထိုသို့ဝိုင်းဖမ်းနေစဉ် တရားခံ(၂)ဦးမှ အကွက်ချောင်း၍ ထွက်ပြေးသွားခဲ့ရာ  (၂)ဦးအနက် (၁)ဦးမှာ ဆိုင်ကယ်ဖြင့် ထိုင်း-မြန်မာနယ်စပ် ရေဆိပ်ဖက်သို့ ထွက်ပြေးလွှတ်မြောက်သွားခဲ့ပြီး ကျန်(၁)ဦးမှာတော့ ထွက်ပြေးမလွှတ်မြောက်ခဲ့ကြောင်း သိရှိရပါတယ်။.


ဝင်ရောက်ရှာဖွေဖမ်းဆီးရာမှ မူးယစ်ဆေးဝါးများနှင့်အတူ ကား(၂)စီး၊ လက်ကိုင်ဖုန်း(၃)လုံး၊ ရွှေဆွဲကြိုး(၁)ကုံး၊ ဟမ်းချိမ်း (၁)ကုံး၊ လက်စွပ်(၁)ကွင်း နှင့် ဘုရားရွှေချရွှေဆွဲသီး(၁)ခုတို့ကို သိမ်းဆည်းလိုက်ပြီး တရားခံ၏ အိမ်၊ ခြံ၊ မြေ၊ ကားများကို အာဏာပိုင်တွေက ချိတ်ပိတ်ထားကြောင်း သိရှိရပါတယ်။

ထိုင်းသတင်း၏ ဖော်ပြချက်တွင် ထိုင်းရဲများ ၀င်ရောက်ဖမ်းဆီးသည့် နေအိမ်တွင် တရားခံဟု ယူဆရသူ မည်မျှရှိကြောင်း တိတိကျကျ မဖော်ပြထားသော်လည်း ၀ိုင်းဖမ်းရာ အမျိုးသမီး(၂)ဦး နှင့် အမျိုးသား(၁)ဦးမှာ အထက်ပါ မူးယစ်ဆေးဝါးများကို သယ်ယူပို့ဆောင်ပေးသူဟု ဖော်ပြထားပြီး မယ်ဆိုင်မြို့ ကော့ဆိုင်းရပ်ကွက်ရှိ နေအိမ်တော်တော်များများမှာ မူးယစ်ဆေးဝါးနှင့် ချိတ်ဆက်မှုရှိနေကြောင်းကို ရေးသားဖော်ပြထားတာကို တွေ့ရှိရပါတယ်။

Photo: Maesai News

Thursday, November 1, 2012

အောက်တိုဘာ(၃၁)ရက်နေ့က ထိုင်းနိုင်ငံ အရာရှိများနဲ့ ချင်းရိုင်းအာဏာပိုင်တစ်ချို့က မှန်လုံကား ၄/၅စီးဖြင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားကနေ တာချီလိတ်မြို့ကို ရောက်ရှိလာပြီး ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် လာမည့်ကိစ္စအတွက် တာချီလိတ်မြို့တွင်း ကြိုတင်လေ့လာမှုများ ပြုလုပ်သွားတယ်လို့ သိရှိရပါတယ်။

အဓိက လေ့လာကြည့်ရှုတဲ့နေရာတွေကတော့ တာချီလိတ် လေဆိပ်၊ ရွှေတိဂုံဘုရား၊ ရီဂျီးနားဟိုတယ်၊ ဂေါက်ကလပ် နဲ့ အလူရာဟိုတယ် စသည့်နေရာများဖြစ်ပြီး ယခုကဲ့သို့ ကြိုတင်လေ့လာမှုများပြုလုပ်ရခြင်းမှာ နိုဝင်ဘာလ (၁၀)ရက်နေ့မှာ ရောက်ရှိလာမဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရဲ့ ခရီးစဉ်အတွက် ဖြစ်ကြောင်းသိရပါတယ်။

နံနက်(၉း၃၀)နာရီခန့်မှာ လေ့လာရေးအဖွဲ့တွေက ဗျူဟာမှူး နဲ့ တွေ့ဆုံဆွေးနွေး သတင်းပို့ခဲ့ကြပါတယ်။ အဓိက သတင်းပို့ရခြင်းမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ဟာ ခရီးစဉ်လမ်းကြောင်း ရက်ရွှေ့ပြောင်းလိုက်ခြင်း အတွက်ဖြစ်ပါတယ်။ အစမှာ နိုဝင်ဘာ (၂)ရက်နေ့ သို့မဟုတ် (၃)ရက်နေ့သတ်မှတ်ထားခဲ့ပေမဲ့ နိုဝင်ဘာ(၁၀)ရက်နေ့သို့ ရွှေ့လိုက်ခြင်းဖြစ်ပါတယ်။

ထိုင်းသတင်းဌာနများရဲ့ ဖော်ပြချက်အရ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရဲ့ တာချီလိတ်ခရီးစဉ်ရည်ရွယ်ချက်မှာ သူတို့ကို ထောက်ခံတဲ့ ချပ်အနီနှင့်တွေ့ဆုံဖို့ဖြစ်သည်။ တွေ့ဆုံရန်အဓိကနေရာမှာ ရီဂျီးနားဟိုတယ်မှာဖြစ်ပြီး ချပ်အနီရောင်အဖွဲ့မှ ချင်းရိုင်း သက်ဆင်ထောက်ခံသည့်အဖွဲ့ (၄၉) တို့မှ အယောက် (၁၀၀၀)ခန့် တက်ရောက်မယ်လို့ သိရှိရပြီး ရီဂျီးနားဟိုတယ်မှာ ဘူဖေးစားသောက်ပွဲကျင်းပကြမည်ဖြစ်ကာ သက်ဆင်ကတော့ အလူရာဟိုတယ်မှာ တည်းမှာဖြစ်တယ်လို့ သတင်းဖော်ပြထားတာကို တွေ့ရှိရပါတယ်။

Photo: Google

Sunday, October 28, 2012

အောက်တိုဘာ(၂၆)ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ကျန့်မြို့ရှိ စစ်ဆေးရေးဂိတ်မှာ မူးယစ်ဆေးဝါးများကို သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား အမျိုးသမီးလေးဦးကို မူးယစ်ဆေးဝါးများနဲ့အတူ ဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံမီဒီယာများရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။


မယ်ကျန့်မြို့ လင်းကုတ်မိန်းလမ်းမကြီးဘေးရှိ ကိုးမြို့ရှင် နတ်စင်ရှေ့က စစ်ဆေးရေးဂိတ်မှာ ခရီးသည်များအား ထိုင်းရဲများမှ စစ်ဆေးမှုများပြုလုပ်နေရာ မူးယစ်ဆေးဝါးများဖြစ်တဲ့ ရေခဲများကို တစ်ဦးလျှင် (၁.၅)ကီလိုနှုန်းဖြင့် ခါးနဲ့ဝမ်းဗိုက်မှာ ချီပြီးသယ်ဆောင်လာတဲ့ အမျိုးသမီး(၄)ဦးကို မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီးမိခဲ့ပါတယ်။ ဖမ်းဆီးရထားတဲ့ အမျိုးသမီး(၄)ဦးအား ဆက်လက်ရှာဖွေစစ်ဆေးရာမှာ ပန်းရောင်ကတ်ပြားဖြစ်တဲ့ မြန်မာနိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားများ ဖြစ်တယ်လို့ သိရပါတယ်။

မယ်ကျန့်ရဲစခန်းမှူးမှ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ အမျိုးသမီး(၄)ဦးအား စစ်ဆေးမေးမြန်းတဲ့အခါမှာ ၎င်းတို့ဟာ မြန်မာစကားနဲ့သာ ဖြေကြပြီး ၎င်းတို့အတွက် ကားလက်မှတ် နဲ့ မူးယစ်ဆေးဝါးများကို သယ်ဆောင်ရန်အတွက် စီစဉ်ပေးတဲ့သူက မယ်ဆိုင်မြို့မှာ နေတယ်လို့ ဖြေကြားကြောင်း နဲ့ ကားလက်မှတ်ရောင်းရာဌာနသို့ ထိုင်းရဲများမှ သွားရောက်စုံစမ်းသောအခါမှာလည်း  ၀ယ်သူ၏ မျက်နှာပုံစံကို မမှတ်မိသောကြောင့် မသိနိုင်ကြောင်း ကားလက်မှတ်ရောင်းသူက ဖြေကြားပြီးနောက်မှာတော့ ထိုင်းရဲများက တရားခံ(၄)ဦးကိုပဲ ဆက်လက်စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

မူးယစ်ဆေးဝါးများကိုသယ်ဆောင်လာတဲ့ အမျိုးသမီး(၄)ဦးမှာ အသက်အရွယ်အားဖြင့် ၃၄နှစ်၊ ၃၃နှစ်၊ ၂၄နှစ် နဲ့ ၂၂နှစ်အရွယ်များသာဖြစ်ကြောင်း သိရပါတယ်။

ညနေပိုင်းမှာလည်း ချင်းရိုင်း-မယ်ဆိုင်အနီးရှိ ကားအရောင်းအ၀ယ်ကွင်းတခုထဲကို သတင်းရရှိထားတဲ့ Toyota Tiger ငွေရောင်ကားတစ်စီး ၀င်လာချိန်မှာ ထိုင်းအာဏာပိုင်များက ၀ိုင်းဖမ်းပြီး ကားအတွင်း ရှာဖွေစစ်ဆေးတဲ့အခါမှာတော့ စိတ်ကြွရူးသွပ်ဆေးပြား ( ၅၀၀၀၀ )တွေ့ရပြီး ဖမ်းဆီးရမိသူမှာ အမျိုးသား(၄)ဦးဖြစ်ကြောင်း သိရှိရပါတယ်။

မနက်ပိုင်းနဲ့ ညနေပိုင်း နှစ်ခုစလုံးမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများရဲ့ ကာလတန်ဘိုးဟာ ထိုင်းဘတ်ငွေ သန်းသုံးဆယ်ခန့်ရှိကြောင်းသိရပါတယ်။

Wednesday, October 17, 2012

၂၀၁၂ခုနှစ် အောက်တိုဘာ(၁၅)ရက်နေ့ ညနေ (၄) နာရီခန့်က ထိုင်း-မြန်မာ နယ်စပ်ဘက်ကနေ ကားများကို အိမ်နီးချင်းနိုင်ငံဘက်သို့ ရောင်းဖို့ ပြုလုပ်နေစဉ်အတွင်းမှာပင် ထိုင်းရဲများက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။


ရရှိထားသော အခိုင်အမာသတင်းအရ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ အစ္စလာမ်ဘဏ်ရှေ့မှာ ရပ်ထားတဲ့ တိုယိုတာ ၀ီကို ( Toyota Vigo ) ကား(၅)စီးကို စစ်ဆေးရာ ထိုကားများရဲ့ စာရွက်စာတန်းတွေကို စစ်ဆေးကြည့်ရာမှာ ပိုင်ဆိုင်မှုအထောက်အထား မရှိတာကို တွေ့ရတာကြောင့် ထိုင်းရဲတပ်ဖွဲ့ဝင်များက သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။


နောက်ထပ်ရဲတပ်ဖွဲ့တဖွဲ့ကလည်း မယ်ဆိုင်မြို့နယ်မယ်ကျန်း ဖဟွန်ယိုထင် လမ်းမှာရပ်ထားတဲ့ ကား (၄) စီးကို မသင်္ကာဖွယ်တွေ့ရှိရာ အထက်ပါအတိုင်း ပိုင်ဆိုင်မှု အထောက်အထားမပြနိုင်တာကြောင့် သိမ်းဆည်းခဲ့ကြတယ်လို့ ဆိုပါတယ်။



ထိုင်းရဲတို့ရဲ့ ထင်မြင်ယူဆချက်အရ ထိုကားများမှာ အသက်အာမခံကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းလိမ်လည်ရရှိလာသော ကားများဖြစ်နိုင်ကြောင်း နဲ့ အိမ်နီးချင်းနိုင်ငံဘက်မှ ထိုတံဆိပ်နဲ့ကားများကို လိုချင်သောကြောင့် ကားမောင်းခကို တစ်ဦးလျှင် ထိုင်းဘတ်ငွေ(၅၀၀၀၀)ပေး၍ မှာကြားတာဖြစ်ကြောင်း ဆိုပါတယ်။

တဆက်တည်းမှာပင် ထိုင်းနိုင်ငံ အောက်ပိုင်း အပေါ်ပိုင်းကနေ ငှားရမ်း ၀ယ်ယူလာတဲ့ကားများ မတရားသောနည်းလမ်းဖြင့် ရရှိလာတဲ့ကားများ စသည့်ကားများကို  ထိုင်းနိုင်ငံ ချင်းဆဲန်မြို့ နဲ့ မယ်ဆိုင်မြို့များသို့ သယ်ယူလာပြီး တံတားပေါ်မှ မည်သည့်ခွင့်ပြုချက်မှ မယူပဲ အိမ်နီးချင်းနိုင်ငံဘက်သို့ ခိုးပြီး တင်ပို့ရောင်းချရန် မယ်ဆိုင်မြို့ရှိ အဆောက်အဦတစ်ခုမှာ ရပ်ထားတဲ့ ကား(၉)စီးကို သိမ်းဆည်းရမိခဲ့ပေမဲ့ ထိုအဆောက်အဦ ပိုင်ရှင်မှာတော့ ထိုကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မသိကြောင်း ထိုင်းနိုင်ငံ မယ်ဆိုင်သတင်းဌာတစ်ခုမှာ ဖော်ပြထားပါတယ်။
Photo News: Maesai News

ပုံများကို ကြည့်ရန်

Saturday, October 6, 2012

 ၂၀၁၂ခုနှစ် အောက်တိုဘာ(၆)ရက်နေ့ မြန်မာစံတော်ချိန် (၁၃း၃၀)ခန့်မှာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ်(၁)တံတားအနီးမှာ ယာဉ်တိုက်မှု တစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။



မြန်မာအများအခေါ်တစ်ခုဖြစ်တဲ့ ဦးအောင်ဇေယျာကုန်းတော် (နဂါးနှစ်ကောင်) ထိုင်းအခေါ် လွိုင်ပေါင်းတော်ပေါ်ကနေ ဧည့်သည်များကို ပို့ဆောင်ပေးနေတဲ့ ကားတစ်စီးမှာ ကုန်းအဆင်းတွင် ဘရိတ်ပေါက်သွားပြီး ဆင်းလာခဲ့ရာ  အရှိန်မထိန်းနိုင်ပဲ အဆိုပါ လမ်းပေါ်ရှိ ကားတစ်စီးကို ၀င်တိုက်မိခဲ့ပြီးနောက် မြန်မာဆိုင်ကယ်တစ်စီးကိုလည်း ၀င်တိုက်မိပြန်တယ်လို့ သိရပါတယ်။


မြန်မာဆိုင်ကယ်ကို မောင်းနင်လာသူမှာ ထိခိုက်ဒဏ်အနည်းအငယ်သာရရှိတယ်လို့ သိရပါတယ်။

အခုတလောမှာ မြန်မာဘက် တာချီလိတ်မြို့မှာလည်း ယာဉ်တိုက်မှုများ နေ့တိုင်းလိုလိုပင် ဖြစ်ပွားနေသည်ကို တွေ့ရှိရပါတယ်။ ထို့အတွက်ကြောင့် ယာဉ်မောင်းသူများအနေဖြင့် မိမိကိုယ်သာ အထူးသတိထားဆင်ခြင်မောင်းနင်ဖို့ လိုပါတယ်။....

Photo: Maesai news

 ပုံများကို ကြည့်ရန်

Wednesday, October 3, 2012

၂၀၁၂ခုနှစ် အောက်တိုဘာ(၃)ရက်နေ့ ည(၇း၀၅)နာရီခန့်က တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့ ဗိုလ်ချုပ်လမ်းမပေါ်မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦး ၀ဲဖက်ခြေထောက် ကျိုးသွားခဲ့တယ်လို့ သိရပါတယ်။

{သုံးဘီးဆိုင်ကယ်ဖြင့် ဆေးရုံသို့ပို့နေစဉ်}

ယာဉ်တိုက်မှုဖြစ်ပွားရာမှာ ဆိုင်ကယ်ပေါ်မှာ မောင်းသူနဲ့ အနောက်မှ လိုက်ပါစီးနင်းသူ (၂)ဦးဖြစ်ပြီး တိုက်သွားသူလို့ ယူဆရတဲ့ ကားမှာတော့ ယာဉ်မောင်းတစ်ယောက်တည်းဖြစ်ပါတယ်။

ဆိုင်ကယ်မောင်းသူမှာ ယာဖက်မျက်ခုံး နဲ့ယာဖက်မျက်လုံးအောက်(ပါးမို့)နေရာမှာ ပွန်းပဲ့ဒဏ်ရာရပြီး ၀ဲဖက်ဒူးပိုင်းမှာတော့ ဂုံညင်းပြုတ်သွားသဖွယ်တွေ့ရှိရပြီး ခြေသလုံးအထက်ပိုင်း(ညိုသကြီး)မှာ ကျိုးသွားတာကို တွေ့ရပါတယ်။ ဆိုင်ကယ်အနောက်ကနေ လိုက်ပါစီးနင်းသူမှာတော့ ယာဖက်ခြေသလုံးအထက်ပိုင်း(ညိုသကြီး)မှာ ပွန်းပဲ့ဒဏ်ရာအနည်းအငယ်ရရှိခဲ့ပါတယ်။

ဆိုင်ကယ်မောင်းလာသူဟာ ကုန်တင်ကုန်ချ အလုပ်ကို လုပ်နေတာဖြစ်ပြီး အလုပ်မှ ပြန်လာချိန် ယခုလိုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ၎င်းနဲ့နီးစပ်သူများက ပြောပါတယ်။

{သွေးစွန်းနေသော လမ်းမကြီး}

ယာဉ်တိုက်မှုဖြစ်ဖြစ်ခြင်းမှာ ကားမောင်းသူမှာ ရပ်တန့်ခြင်းမပြုပဲ မောင်းပြေးသွားခဲ့ပါတယ်။ ထိုအချိန်အတွင်းမှာပဲ ယာဉ်ထိန်းရဲများရောက်ရှိလာပြီး မိနစ်(၂၀)အတွင်းမှာပင် မောင်းပြေးသွားတဲ့ ယာဉ်မောင်းနဲ့အတူ မော်တော်ယာဉ်ကိုပါ ဖမ်းဆီးရမိကြောင်း သိရှိရပါတယ်။ တဆက်တည်းမှာပဲ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရန် ပြုလုပ်နေတယ်လို့ သိရပါတယ်။


ယခုလ(အောက်တိုဘာ)ရဲ့ အစနေ့မှာပဲ ယာဉ်တိုက်မှုဖြစ်ပွားရာ လူတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ အောက်တိုဘာ(၁)ရက်ကနေ (၃)ရက်နေ့အထိ ယာဉ်တိုက်မှုဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

တာချီလိတ်မြို့မှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ပတ်သက်ပြီး လိုက်နာကျင့်သုံးမှုတွေ  အနည်းအငယ်လောက်သာ ရှိနေတာကို အများအမြင်ဖြစ်ပါတယ်။ ယာဉ်ထိန်းအဖွဲ့က ကျောင်းတွေ ရပ်ကွက်တွေမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာဖို့အကြောင်းတွေကို ဟောပြောနေပေမဲ့လည်း အမှန်တကယ် လိုက်နာသူဟာ အနည်းအငယ်သာဖြစ်ပါတယ်။

ယခုဆိုလျှင် တာချီလိတ်မြို့မှာ ကားတွေ ဆိုင်ကယ်တွေ အလျင်စလို မောင်းနေကြလို့ ယာဉ်အန္တရယ်ကာကွယ်ဖို့ လမ်းဆုံလမ်းလေးခွ (၈)နေရာလောက်မှာ လမ်းလယ်လက်ရန်းတွေ တပ်ဆင်နေတာကိုလည်း တွေ့ရပါတယ်။ တပ်ဆင်ထားတဲ့ လမ်းလယ်လက်ရန်းနေရာတွေမှာလည်း မီးပွိုင့်တွေ တပ်ဆင်ပေးမယ်လို့ ကြားသိရပါတယ်။

ယာဉ်တိုက်မှုတွေနဲ့ပတ်သက်ပြီး တာချီလိတ်အွန်လိုင်းရဲ့ facebook မှာ မှတ်ချက်အမျိုးမျိုး တွေ့ရပါသေးတယ်။ လမ်းမချဲ့လို့ အခုလို ခဏခဏ ဖြစ်တာလို့လည်း မှတ်ချက်ပေးကြပါတယ်။ တစ်ချို့ မှတ်ချက်တွေမှာ မှန်တာတွေပါသလို စဉ်းစားသုံးသပ်ပြီး မှတ်ချက်ပေးဖို့လိုတာလည်း တွေ့ရပါတယ်။ လမ်းချဲ့ခြင်းမချဲ့ခြင်းက အဓိက မဟုတ်ဘူး၊ ယာဉ်မောင်းသူတွေကသာ အဓိက ဖြစ်တယ်လို့ တစ်ချို့ သူတွေက မှတ်ချက်ပြန်ပေးကြပါတယ်။ 
ဟိုအရင်တစ်ချိန်က တာချီလိတ် ဗိုလ်ချုပ်လမ်းမကြီးမှာ ချိုင့်ခွက်တွေနဲ့ တော်တော်ဆိုးဝါးခဲ့ပါတယ်။ သို့သော်လည်း ယာဉ်မောင်းသူတွေဟာ ဆိုးဝါးလှတဲ့ လမ်းပေါ်မှာ အလျင်စလို အမောင်းကြမ်းတာကိုလည်းတွေ့ရပါတယ်။ ယခု လမ်းကောင်းလာတဲ့အခါမှာလည်း အရင်ကထက် ၂ဆမျှ ပို၍ အလျင်စလိုအကြမ်းမောင်းလာကြတာကိုလည်း ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။

 မည်သို့ဖြစ်စေ ယာဉ်မောင်းသူများအနေဖြင့် ယာဉ်အန္တရယ် သတိထားကာကွယ်မှသာ အကျိုးသက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။

Thursday, September 27, 2012

စက်တင်ဘာ(၂၈)ရက်နေ့ နံနက်(၁၀)နာရီက မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်မှာ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဒု-ရဲမှူးကြီး Mukda Tanasombat ဦးဆောင်တဲ့ အဖွဲ့ဝင်(၁၀)ဦးဟာ ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရတဲ့ မြန်မာ မိန်းကလေးငယ် (၅)ဦးကို မြန်မာဘက်ရှိ တာဝန်ရှိ ပုဂ္ဂိုလ်များထံ လာရောက်လွှဲအပ်ခဲ့တယ်လို့ သိရပါတယ်။



ထိုင်းဘက်မှ လွှဲအပ်ရာတွင် မြန်မာဘက်မှ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ကျိုင်းတုံ မှ လူမှုဝန်ထမ်း ဦးစီးအရာရှိ ဦးအာဒဲလယ်၊ ကျိုင်းတုံ အမျိုးသမီးသက်မွေးအတတ်သင်ကျောင်းမှ ဦးစီးအရာရှိ ဒေါ်ခင်မြင့်မြင့်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကိုယ်စား တာချီလိတ်လူကုန်ကူး တာဆီးကာကွယ်ရေးမှ ဒုရဲမှူး ရင်ရင်အေး နှင့် အဖွဲ့ဝင်များ၊ လ၀ကဦးစီးအရာရှိ ဦးမိုးဇက်၊ ကျိုင်းတုံ(မြန်မာ)world vision မှ ဦးစိုင်းလုံးကျောက် တို့က လက်မှတ်ရေးထိုးကာ လက်ခံခဲ့ကြတယ်လို့ သိရပါတယ်။


လူကုန်ကူးခံရသူ အမျိုးသမီးငယ်(၅)ဦးအား အမျိုးသမီးရေးရာအဖွဲ့နဲ့ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ တစ်ဦးချင်းစီ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြပါတယ်။ အဆိုပါ အမျိုးသမီးငယ်(၅)ဦးမှာ ကျိုင်းတုံဇာတိများဖြစ်ကြပြီး အသက်အရွယ်အားဖြင့် (၁၈)နှစ်အရွယ် (၃)ဦး၊ (၁၆)နှစ်နဲ့(၁၉) နှစ်အရွယ်(၂)ဦးဖြစ်ကြောင်း သိရပါတယ်။


လွှဲအပ်ခြင်းအပြီးမှာပဲ ကျိုင်းတုံ မှ လူမှုဝန်ထမ်း ဦးစီးအရာရှိ ဦးအာဒဲလယ် နဲ့ ကျိုင်းတုံ အမျိုးသမီးသက်မွေး အတတ်သင်ကျောင်းမှ ဦးစီးအရာရှိ ဒေါ်ခင်မြင့်မြင့်တို့က အမျိုးသမီးငယ်(၅)ဦးအား ကျိုင်းတုံ အမျိုးသမီးသက်မွေး အတတ်သင်ကျောင်းသို့ ခေါ်ဆောင်သွားကြတယ်လို့ သိရပါတယ်။

သတင်းမှတ်တမ်းဓါတ်ပုံများကို ကြည့်ရန်

Friday, September 21, 2012



၂၀၁၂ခုနှစ် စက်တင်ဘာ(၂၁)ရက်နေ့ (၀၁း၁၀)နာရီမှာ ထိုင်းနိုင်ငံ နယ်စပ် အထူးဒေသ(၃) မူးယစ်ဆေးဝါးနှိမ်နင်းရေး (၃၂၇)အဖွဲ့ နဲ့ ဖာမိန်းတပ်ဖွဲ့ဝင်များပူးပေါင်းပြီး ချင်းရိုင်းခရိုင် မယ်ဖာလုံမြို့ ထိပ်ရှိ ထိုင်းရပ်ကွက် နယ်စပ်တစ်လျှောက် ကင်းပတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ထိုကဲ့သို့ ကင်းပတ်စစ်ဆေးနေစဉ်မှာ တောအုပ်ထဲ၌ လူတစ်ဦးကိုတွေ့ရှိရပြီး ထိုလူမှာ မူးယစ်ဆေးဝါးသုံးစွဲထား၍ ဆေးမူးနေဟန်ရှိသည့်အပြင် လက်နက်တစ်လက်ပါလာသည်ကို တွေ့ရှိရကာ ထိုင်းရဲများက ၀င်ဖမ်းချုပ်နေစဉ် ထိုလူမှာ ရုန်းကန်တိုက်ခိုက်ရန်ကြိုးစားခဲ့ပါတယ်။ သို့သော်လည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရတယ်။

ဖမ်းဆီးခံရသူမှာ အသက်(၄၉)နှစ်အရွယ် မြန်မာနိုင်ငံသားဖြစ်ပြီး ၎င်း၏အမည်မှာ ဦးကျလကျဝ ဖြစ်ပါတယ်။  ၎င်းအား စစ်ဆေးရှာဖွေရာ AK-47 သေနတ်တစ်လက်နဲ့ ကျည် (၁၉) တောင့် အပြင် စိတ်ကြွဆေးပြား (၂)လုံး ဘိန်းဖြူ (၀.၂)ဂရမ် ကို တွေ့ရှိရ၍  တရားခံဟု သတ်မှတ်ထားသူအား မယ်ဖာ့လုံ ရဲစခန်းသို့ တဆင့်လွှဲအပ်ပေးလိုက်တယ်လို့ ထိုင်းအွန်လိုင်းသတင်းဌာန တစ်ခုမှာဖော်ပြထားပါတယ်။။

Photo: Google