Latest News

Dropdown Menu

Showing posts with label အာခါ. Show all posts
Showing posts with label အာခါ. Show all posts

Thursday, February 20, 2014

အာခါတိုင်းရင်းသားများ၏ တိမ်မြုပ်လုနီးပါးဖြစ်နေသည့် သက်ကြီးရွယ်အိုများသာ အာခါရိုးရာဓလေ့ဖြင့် သဂြုင်္ိဟ်ရသည့် သဂြုင်္ိဟ်မှုအခမ်းအနားကို တာချီလိတ်အွန်လိုင်းမှ မှတ်တမ်းအဖြစ် ရိုက်ကူးတင်ဆက်လိုက်ပါသည်။


အာခါတိုင်းရင်းသားများအနေဖြင့် ရိုးရာဓလေ့အဖြစ် သဂြုင်္ိဟ်ရာတွင် အသက် (၆၀)နှစ်အထက် ဘိုးဘွားများ ကွယ်လွန်သည့်အခါမှသာ ပြုလုပ်တာဖြစ်ပြီး ယခုပြုလုပ်သော ရိုးရာဓလေ့သည် အာခါတိုင်းရင်းသားတို့၏ တန်ဖိုးကြီးမြတ်သော ဓလေ့ဖြစ်ကြောင်း သိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွင် အများအပြား နေထိုင်လျှက်ရှိပြီး တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့တွင်လည်း နေထိုင်သည့် အာခါတိုင်းရင်သားတို့အား ကျန်တိုင်းရင်းသား လူမျိုးစုများက ချီးမွမ်းသယောင် နှိမ်လိုတမျိုး ခေါ်ဆိုနေကြသည့် "ကော်" "အီကော်" စသော အသုံးအနှုံးမျိုးကို မခေါ်ဆိုကြဖို့ နှင့် အဆိုပါ အသုံးအနှုံးအား ပယ်ဖျက်ပေးနိုင်ရန်အတွက် အာခါစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(တာချီလိတ်)က သက်ဆိုင်ရာသို့ တင်ပြထားကြောင်း သိရသည်။

အာခါစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(တာချီလိတ်) တင်ပြထားသော အချက်အလက်အား မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။

{ အာခါစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တင်ပြချက်}

"တစ်ချို့တွေက အာခါတိုင်းရင်သားကို စာဖြင့် ရေးရာမှာ "အခါ"လို့ ရေးကြပါတယ်။ အဲ့လိုဆိုရင် မှားပါတယ်၊ "အာခါ"လို့ ရေးမှ မှန်မှာပါ"ဟု အာခါစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

အာခါတိုင်းရင်းသားများသည် တိဗက်မြန်မာအနွယ်အုပ်စုဝင်များဖြစ်ပြီး လူဦးရေ စုစုပေါင်း (၂)သိန်းခန့် ရှိကြောင်းနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွင် အာခါတိုင်းရင်းသားများ၏ ကျေးရွာပေါင်း (၁၃၅)ရွာကျော်ရှိကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Saturday, February 8, 2014

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွင် အများအပြား နေထိုင်လျှက်ရှိပြီး ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ နှင့် တရုတ်နိုင်ငံတို့တွင်လည်း ဖြန့်ကျက်နေထိုင်လျှက်ရှိသည့် အာခါတိုင်းရင်းသား လူမျိုးများအနေဖြင့် မျိုးနွယ်စု များစွာရှိသည့်အနက် "ချေမွန်"မျိုးရိုးစဉ်ဆက် တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ (၅)ရက်မှ (၇)ရက်နေ့ထိ တာချီလိတ်မြို့၊ ရီဂျီနာလမ်း၊ ဂေါက်ကွင်းအနီးရှိ သွယ်ဟော့ပေါ့ စားသောက်ဆိုင်မှာ သုံးရက်တိုင်တိုင် ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ မျိုးနွယ်စုတွေ့ဆုံပွဲမှာ နိုင်ငံသုံးနိုင်ငံ နှင့် ရှမ်းပြည်နေ့ အရှေ့ပိုင်းအသီးသီးတို့မှ "ချေမွန်"မျိုးနွယ်ဝင် (၇၀၀)ကျော် တက်ရောက်လာခဲ့ပြီး အခမ်းအနားမှာ အာခါရိုးရာ ဘာသာရေး ခေါင်းဆောင် ဦးမင်းညိုမှ ဦးဆောင်၍ ဘိုးဘေးများအား ဆုတောင်းခြင်းများကိုပြုလုပ်ကြပြီး ချေမွန်မျိုးရိုးစဉ်ဆက် စာရင်းမှတ်တမ်းပြုစုခြင်း၊ ချေမွန် မျိုးရိုးစဉ်ဆက်အကြောင်း အပြန်အလှန် ဆွေးနွေးခြင်း နှင့် ရိုးရာဓလေ့များကို ဆွေးနွေးခဲ့ကြသည်။


ထိုသို့ ဆွေးနွေးသည့် ကိစ္စနှင့် ပတ်သက်၍ ယခု ပြုလုပ်သော တွေ့ဆုံပွဲ၏ ဖေဖော်ဝါရီလ(၇)ရက်နေ့ကို "ချေမွန်"မျိုးရိုးစဉ်ဆက်နေ့အဖြစ် နိုင်ငံတကာရောက် အာခါတိုင်းရင်းသား "ချေမွန်"မျိုးရိုးစဉ်ဆက်များ၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ကျေးရွာအသီးသီးမှ အာခါတိုင်းရင်းသား "ချေမွန်"မျိုးရိုးများမှ ဖေဖော်ဝါရီလ(၇)၇က်နေ့ ရောက်တိုင်း ယခုကဲ့သို့ တွေ့ဆုံပွဲပြုလုပ်နိုင်ရန် အားလုံးသဘောတူညီချက်အရ ခေါင်းဆောင်များမှ ရက်သတ်မှတ်ပေးလိုက်ကြောင်း သိရသည်။



ထိုသို့ ရက်သတ်မှတ်ပေးပြီးနောက် နှစ်စဉ် သတ်မှတ်ရက်ရောက်တိုင်း နိုင်ငံအလိုက် နှင့် မြို့နယ်ကျေးရွာအလိုက် "ချေမွန်"မျိုးရိုးစဉ်ဆက်နေ့ အခမ်းအနား ပြုလုပ်ကျင်းပနိုင်ရန်အတွက် ဦးဆောင်နိုင်သူများကို အဆိုပါ အခမ်းအနားမှာ ရွေးချယ်ခဲ့ကြပြီး ရွေးချယ်ခံရသူများကို "ချေမွန်"မျိုးရိုးစဉ်ဆက်စာရင်း မှတ်တမ်းပြုစုရေးကော်မတီ၏ နာယက တစ်ဦးဖြစ်သူ အာခါတိုင်းရင်းသား ခေါင်းဆောင် ဦးအားဇီးက တာဝန်ကတ်ပြားများကို ချိတ်ဆွဲပေးအပ်ခဲ့ကြသည်။



အာခါတိုင်းရင်းသားများမှ ၎င်းတို့အနေဖြင့် မျိုးရိုးစဉ်ဆက် ထိန်းသိမ်း မှတ်သားရခြင်းသည် "မိမိသည် မည်သည့် အနွယ်ဝင်ဖြစ်ကြောင်း သိစေရန်၊ သားစဉ်မြေးဆက် မျိုးချစ်စိတ်ဓါတ် ညီအစ်ကိုစိတ်ဓါတ် ပျောက်ပျက်မသွားစေရန်၊ မောင်နှမချင်း ဆွေမျိုးရင်းခြာ အချင်းချင်း အိမ်ထောင်မပြုမိစေရန်၊ ပျောက်လုနီးပါးဖြစ်နေသော ဆွေမျိုးဆက်များ ပြန်လည်ရှာဖွေရာတွင် လွယ်ကူစေရန်၊ မျိုးဆက်စာရင်း ရေတွက်ခြင်းဖြင့် မျိုးနွယ်စုသန့်ရှင်း၊ မသန့်ရှင်းဝေခွဲနိုင်စေရန် အမွေအနှစ်အဖြစ် လက်ဆင့်ကမ်းပေးနိုင်ရန်" စသည့် အချက်အလက်တို့အတွက် ဖြစ်ကြောင်း သိရှိရသည်။  



အာခါတိုင်းရင်းသားများသည် ယခုကဲ့သို့ မျိုးနွယ်ပေါင်း အတိအကျ မသိနိုင်သော်လည်း တာချီလိတ်မြို့ အာခါစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ အတွင်းရေးမှူး ဦးအားလယ်၏ မှတ်တမ်းအရ မျိုးနွယ်ပေါင်း (၄၀)ကျော်ရှိပြီး အာခါလူမျိုးစစ်မှန်လျှင် အာခါမျိုးနွယ် အမည်စာရင်းကို သိရမှာဖြစ်ကြောင်းနှင့် အဆိုပါ မျိုးရိုးကိုလည်း အချိန်မရွေး ရေတွက်နိုင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
အာခါတိုင်းရင်းသားများ၏ "ချေမွန်"မျိုးရိုးစဉ်ဆက် တွေ့ဆုံပွဲ
57 photos
               
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Monday, February 3, 2014

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၏ အရှေ့ပိုင်းဒေသတွင် အများဆုံး နေထိုင်ကြသည့် အာခါတိုင်းရင်းသားများမှ "ချေမွန်"မျိုးရိုးစဉ်ဆက်တွေ့ဆုံပွဲကို ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ(၆)ရက်မှ ဖေဖော်ဝါရီလ(၈)ရက်နေ့ထိ တာချီလိတ်မြို့၊ ရီဂျီနာလမ်း၊ ဂေါက်ကွင်းအနီးရှိ သွယ်ဟော့ပေါ့ စားသောက်ဆိုင်မှာ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ရာ အဆိုပါ တွေ့ဆုံပွဲသို့ "ချေမွန်"မျိုးနွယ်များ (၅၀၀)ကျော် လာရောက်ကြမှာ ဖြစ်ကြောင်း သိရသည်။


အဆိုပါ တွေ့ဆုံပွဲသို့ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ နှင့် တရုတ်နိုင်ငံ တို့မှ "ချေမွန်"မျိုးနွယ်များအပြင် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းမှ တာချီလိတ်ခရိုင်အပါအ၀င် ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းလား၊ မိုင်းဖြတ်၊ မိုင်းခတ် မိုင်းယန်း မိုင်းပျဉ်း မိုင်းယောင်း နှင့် တာလေ စသည့် မြို့များရှိ "ချေမွန်"မျိုးနွယ်များ လာရောက်ကြမှာဖြစ်ကြောင်း သိရသည်။


ထိုသို့တွေ့ဆုံရာတွင် "ချေမွန်"မျိုးရိုးစဉ်ဆက် စာရင်းမှတ်တမ်းပြုစုခြင်း၊ "ချေမွန်"မျိုးရိုးစဉ်ဆက်အကြောင်း ဆွေးနွေးခြင်း နှင့် အာခါရိုးရာယဉ်ကျေးမှု အကပဒေသာများဖြင့် ဖျော်ဖြေခြင်းများကို ပြုလုပ်သွားမှာ ဖြစ်သည့်အတွက် "ချေမွန်"မျိုးနွယ်များအားလုံး အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ကြစေလိုကြောင်း အခမ်းအနားဖြစ်မြောက်ရေး ကော်မတီထံမှ သိရှိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Sunday, December 15, 2013

၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၁၄)ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌  ဆဋ္ဌမအကြိမ်မြောက် အာခါရိုးရာ ခါးထောင်းဖား စုပေါင်းနှစ်သစ်ကူးပွဲတော်၏ ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပရာ တာချီလိတ်အွန်လိုင်းမှ ရိုက်ကူး တင်ဆက်ထားတာဖြစ်ပါသည်။


~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~ 
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Saturday, December 14, 2013

မြန်မာနိုင်ငံထဲတွင် တိုင်းရင်းသားလူမျိုးစုများစွာရှိသည့်အနက် "မင်္ဂလာပါ"ဟု အဓိပ္ပာယ်သက်ရောက်သည့် "နီဆားအိုလူး" (Nee Sar Ovq Luvq-ur )ဟု နှုတ်ဆက်တတ်သော တိုင်းရင်းသားလူမျိုးသည် "အာခါတိုင်းရင်းသား"ပင်ဖြစ်ပေသည်။ အာခါတိုင်းရင်းသားလူမျိုးများသည် မည်သည့်ခုနှစ်ကတည်းက ရှိနေသည်ကို မသိရှိရသော်လည်း ၁၉၂၇ခုနှစ်ကတည်းက အာခါစာပေများနှင့် တစ်စိတ်တစ်ဒေသ ဆက်နွယ်မှုများ ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။


လူမျိုးစုတိုင်း၊ တိုင်းရင်းသားတိုင်း၌ မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများရှိကြသည်ဖြစ်ရာ ၎င်းတို့အနေဖြင့် ရိုးရာဓလေ့ ပူဇော်မှုများ၊ ပွဲလမ်းသဘင်များကို ပြုလုပ်ကျင်းပလေ့ရှိသည်ဖြစ်တဲ့အတွက် ယနေ့ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၁၄)ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌  ဆဋ္ဌမအကြိမ်မြောက် အာခါရိုးရာ ခါးထောင်းဖား စုပေါင်းနှစ်သစ်ကူးပွဲတော်၏ ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ
ပြုလုပ်ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးပီတာသောင်းစိန် ကိုယ်တိုင် တက်ရောက်ပြီး ပွဲတော်သို့ ဆင်နွှဲ့ခဲ့တာကိုလည်း တွေ့ရှိရသည်။


အဆိုပါ ပွဲတော်ကျင်းပမည့် နံနက်ပိုင်းတွင် ကောင်းကင်တစ်ခွင်လုံး တိမ်စိုင်တိမ်မဲများ ဖုံးလွှမ်းနေပြီး မိုးများလည်း မစွတ်မပွတ်ကျနေသည့်အတွက် ပွဲစီစဉ်သူများက ဖွင့်ပွဲအတွက် နေရာရွှေ့ပြောင်းကျင်းပရန်
အောင်မြတ်ခန်းမတွင် ကြိုတင်ပြင်ခဲ့ကြသေးသော်လည်း နံနက် ၈နာရီဝန်းကျင်မှာ မိုးရွာသွန်းမှု အခြေအနေ ငြိမ်သက်နေသည့်အတွက် လက်ရှိကျင်းပရာ နေရာဖြစ်သည့် ရှမ်းရိုးမကွင်းမှာပဲ ဖွင့်ပွဲပြုလုပ်ရန် ဆုံးဖြတ်ချက် ချခဲ့တာကိုလည်း သိရှိရပြန်သည်။

ဖွင့်ပွဲပြုလုပ်ရန်အတွက် ဆဋ္ဌမအကြိမ်မြောက် အာခါရိုးရာ ခါးထောင်းဖားပွဲတော်ကျင်းပရေးကော်မတီက
ပြင်ဆင်မှုများပြုလုပ်ကြပြီး နံနက် (၁၀)နာရီ (၄၅)မိနစ်အချိန်ခန့်မှာ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးပီတာသောင်းစိန်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ဆဋ္ဌမအကြိမ်မြောက် အာခါရိုးရာ ခါးထောင်းဖားပွဲတော်ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးချစ်ဂျွေ့တို့မှ အဆိုပါပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး နှစ်သစ်မင်္ဂလာပန်းခြင်းလက်ဆောင်များဖြင့် အပြန်အလှန်ပေးအပ်ခဲ့ကြသည်။



တစ်ဆက်တည်းမှာပဲ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက ဆဋ္ဌမအကြိမ်မြောက် အာခါရိုးရာ ခါးထောင်းဖားပွဲတော်အတွက် နှစ်သစ်သ၀ဏ်လွှာဖတ်ကြားပြီး အာခါရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးမင်းညိုက နှစ်သစ်နှုတ်ခွန်းဆက် သ၀ဏ်လွှာကို အာခါတိုင်းရင်းသား ဘာသာစကားဖြင့် ဖတ်ကြားသွားခဲ့တာကိုလည်း တွေ့ရှိရသည်။


ယင်းနောက်မှာတော့ ပွဲတော်သို့ တက်ရောက်ဆင်နွှဲကြသည့် အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးပီတာသောင်းစိန် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တစ်ခုလုံးရှိ အာခါတိုင်းရင်းသားများနှင့် ရပ်နီးရပ်ဝေးနိုင်ငံများမှ အာခါတိုင်းရင်းသားများကို တာချီလိတ်၊ မိုင်းလား၊ မိုင်းဆတ်၊ ကျိုင်းတုံစသည့် မြို့များမှ အာခါတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များမှ အာခါတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် ရိုးရာဓလေ့အကများဖြင့် ဖျော်ဖြေတင်ဆက်သွားတာကိုလည်း တွေ့ရပြန်သည်။

အကများကို ဖျော်ဖြေတင်ဆက်ပြီးမှာတော့ ဆဋ္ဌမအကြိမ်မြောက် အာခါရိုးရာ ခါးထောင်းဖားပွဲတော် မိတ်ဆုံစားပွဲအဖြစ် ၀ိုင်းဖွဲ့ကာ ပျော်ပျော်ပါးပါး ဧည့်ခံစားသောက်နေကြသည်မှာ တိုင်းရင်းသားလူမျိုးများ အချင်းချင်း ချစ်ခင်ရင်းနှီးမှုနှင့် နွေးထွေးပျူငှာမှုကို ပေါ်လွင်စေသည်မှာ ဧကန်မလွဲပင်။

တာချီလိတ်မြို့တွင် တိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်များအဖြစ် အာခါ၊ လားဟူ၊ ရှမ်း စသည့် တိုင်းရင်းသားများအနေဖြင့် ပွဲတော်များ ကျင်းပပြုလုပ်လေ့ရှိသည်မှာ ထူးခြားမှုနှင့် စိတ်ဝင်စားမှုများ ပေါများလှသည်ကိုလည်း တွေ့ရှိရပြန်သည်။


ဤသည်က ၎င်းတို့၏ ရိုးရာဝတ်စုံ၊ ရိုးရာအစားအစာ၊ ရိုးရာဂီတ စသည်ဖြင့် ချစ်စဖွယ် အမွေအနစ်တွေနဲ့ အမြင်ဆန်းလှပါသည်။ ယနေ့ ပြုလုပ်သည့် နှစ်သစ်ကူးပွဲတော်တွင် အာခါတိုင်းရင်းသားများ၏ တစ်ဦးချင်းစီအလိုက် ၀တ်စုံများရဲ့ တန်ဖိုးမှာ ဈေးနှုန်းကြီးမားလှသည်ကိုလည်း သတိထားမိတယ်၊ ၎င်းတို့၏ ၀တ်စုံများပေါ်ရှိ ပန်းကနုတ်ဟု သတ်မှတ်ရမည့် အပွင့်အခက် အလှအပများကို များသောအားဖြင့် လက်ဖြင့်သာ သီကုံးထားသည့် ပန်းကုံးသဖွယ် သေသေချာချာပင် ချည်ဖြင့် ထိုးချုပ်၍ ပြုလုပ်ထားရကြောင်း သိရသည်။

ဝတ်စုံများရဲ့ တန်ဖိုးကြီးမှုနှင့် ပတ်သက်၍ အာခါတိုင်းရင်းသား တစ်ဦးအား မေးမြန်းသည့်အခါမှာ "တောရွာတွေမှာ အာခါတိုင်းရင်းသားတွေအနေနဲ့ ကိုယ်ဝတ်မဲ့ အင်္ကျီကို ကိုယ့်ဘာသာပဲ အကွက်ဖော်ချည်ထိုးပြီး ပွဲလမ်းသဘင်တွေမှာ ၀တ်ဆင်ကြပါတယ်၊ အဲ့လို အကွက်ဖော် ချည်ထိုးတဲ့အခါမှာလည်း သေသေချာချာ ထိုးရတာဆိုတော့ လက်ထိပ်လေးတွေ နာတတ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်မထိုးပဲ ထိုးပြီးသား ၀ယ်မယ်ဆိုရင် ဈေးကြီးတာဖြစ်ပါလိမ့်မယ်။ ကိုယ့်ဘာသာ ထိုးထားတဲ့ ၀တ်စုံဆိုတော့ ပိုလို့ တန်ဖိုးထားတတ်ကြပါတယ်"ဟု ရှင်းပြပါသည်။

အ၀တ်အထည်များပေါ်တွင် ချည်မျှင်များဖြင့် ချုပ်လုပ်ထားတာ တခုတည်းမဟုတ်ပဲ ငွေပြားများ၊ ငွေပြားကို သွန်းလုပ်၍ ပန်းကနုတ်သဏ္ဍာန်များ စသည်ဖြင့် ပုံဖော်ဆန်းသစ်၍ တန်ဆာ ဆင်ထားကြသည်ကို
တွေ့ရှိရသူတိုင်း စိတ်ဝင်စားမှုရှိမည်မှာ မလွဲပါ။

တာချီလိတ်မြို့တွင် အာခါရိုးရာနှစ်သစ်ကူးပွဲတော်များနှင့် ပတ်သက်၍ ပထမအကြိမ်ကို (၂၀၀၈)ခုနှစ်က စတင်၍ ပြုလုပ်ကျင်းပခဲ့တာဖြစ်ပြီး ယခု (၂၀၁၃)ခုနှစ်တွင် အာခါရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပလာခဲ့သည်မှာ (၆)ကြိမ်မြောက်ပြီ ဖြစ်ပါသည်။

ယနေ့ ပြုလုပ်သော ပွဲတော်နှင့် ပတ်သက်၍ "အခု (၆)ကြိမ်မြောက် အာခါနှစ်သစ်ကူးပွဲတော်ကို တာချီလိတ်မှာရှိတဲ့ အာခါတိုင်းရင်းသားတွေအပြင် တရုတ်၊ လာအို၊ ထိုင်း နဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းတစ်ခုလုံးက အာခါတိုင်းရင်းသားတွေ လာကြတာ၊ ပွဲတော်ပြုလုပ်တိုင်း တာချီလိတ်မှာ အစည်ကားဆုံးလို့ ပြောလို့ရတာပေါ့..."ဟု ပွဲတော်ကျင်းပရေး ကော်မတီဝင် တစ်ဦးကလည်း ပြောပြပါသည်။

အာခါတိုင်းရင်းသားတို့တွင် ယခုအခါမှာ ခေတ်ပညာတတ် လူငယ် မောင်မယ်များ များပြားလာလျှက်ရှိပြီး ကဏ္ဍအသီးသီးတို့တွင် ၎င်းတို့ တတ်စွမ်းသမျှကို ကြိုးစားလုပ်ဆောင်နေကြသလို အာခါတိုင်းရင်းသားများ နေထိုင်ရာ ရှမ်း(အရှေ့)နှင့် အိမ်နီးချင်းနိုင်ငံများမှ အာခါတိုင်းရင်းသားများအတွက် ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ မပျောက်မပျက်ရန်နှင့် အာခါစာပေနှင့်ပတ်သက်၍ အတည်တကျဖြစ်စေရန်အတွက် အာခါစာပေသင်ရိုးညွှန်းတမ်းကိုလည်း AQKAQ SANQ BOVQ DZAW DMQ (1+2) နှင့် Dawq Siq Paer Tanr (1+2)အဖြစ် ချမှတ် ထုတ်လုပ်ထားလိုက်ပြီ ဖြစ်ကြောင်းလည်း သိရသည်။

သတင်းဆောင်းပါးရှင် ။       ။ ကိုဇောင်း

ပုံများကိုကြည့်ရန်
(၆)ကြိမ်မြောက် အာခါရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲ တာချီလိတ်၌ ဆင်နွှဲ
88 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Wednesday, December 11, 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၆)ကြိမ်မြောက် အာခါရိုးရာ "ခါးထောင်းဖား" စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာလ (၁၃)ရက်နေ့မှ ဒီဇင်ဘာလ (၁၅)ရက်နေ့အထိ ရှမ်းရိုးမကွင်းမှာ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။


ပွဲတော်ဖွင့်ပွဲအား ဒီဇင်ဘာလ (၁၄)ရက် နံနက် (၁၀)နာရီ တိတိအချိန်တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်မှာ ဖြစ်ပြီး၊ အဆိုပါပွဲတော်သို့ ရပ်နီးရပ်ဝေးမှ အာခါတိုင်းရင်းသားများမှ လာရောက်ကြမှာဖြစ်ပြီး ပွဲတော်ကာလအတွင်း အာခါတိုင်းရင်းသား အဆိုတော်များမှ သီဆို ကပြ ဖျော်ဖြေပေးသွားမှာ ဖြစ်ကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~




Saturday, October 19, 2013

ရှမ်းပြည်နယ် (၂၀)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ နှင့် ဒုတိယအကြိမ်မြောက် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား အောက်တိုဘာလ ၁၀ ရက် မွန်းလွဲ ၃နာရီအချိန်က တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ စတင်ကျင်းပခဲ့ရာ အဆိုပါ ပြိုင်ပွဲတွင် တာချီလိတ်ခရိုင်ကိုယ်စားပြု အာခါတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့မှ သွားရောက် ယှဉ်ပြိုင်ရာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကပြိုင်ပွဲတွင် ဒုတိယဆု ဆွတ်ခူးခဲ့သည့် အတွက် ၁၉.၁၀.၂၀၁၃ရက်၊ ည ၇နာရီအချိန်က တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက် သွယ်ဟော့ပေါ့ စားသောက်ခန်းမတွင် အောင်မြင်မှုအတွက်  ဂုဏ်ပြုညစာ ဧည့်ခံပွဲ ပြုလုပ်ခဲ့ကြသည်။


{  ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ် မှ ဆုပေးအပ်ချီးမြှင့်နေစဉ် }

{ ဂုဏ်ပြုညစာ ဧည့်ခံပွဲတွင် အကအဖွဲ့ နှင့် အမှတ်တရ ဓါတ်ပုံ}

ပြိုင်ပွဲတွင် ဆုရရှိသူများကို သက်ဆိုင်ရာမှ ဆုများအသီးသီး ချီးမြှင့်ပေးအပ်ရာတွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကပြိုင်ပွဲ၌ ဒုတိယဆုရရှိသည့် တာချီလိတ်ခရိုင်ကိုယ်စားပြု အာခါတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့အား ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ်မှ  ဆုချီးမြှင့်ပေးအပ်ခဲ့တာဖြစ်ကြောင်း သိရသည်။

ပုံများကိုကြည့်ရန်
12 photos
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~ 
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Wednesday, October 9, 2013

အာခါတိုင်းရင်းသားလူမျိုးအကြောင်း တစေ့တစောင်း
ဆောင်းပါးရှင် ။      ။ ၀င် အားလယ် ( ဓာတု )


စာရေးသူ၏အမြင်
                အာခါတိုင်းရင်းသား လူမျိုးစုအကြောင်းကို စာရေးဆရာများ၊ ဘာသာရေးဆရာများ၊ သုတေသန မနုဿဗေဒပညာရှင်များ၊ နိုင်ငံခြားသားစာရေးဆရာများ၊ များစွာရေးသားကြသည်ကို မှတ်သားဖူးပါသည်။ အာခါတိုင်းရင်းသား လူမျိုးစုတွင် အခြားသော တိုင်းရင်းသားလူမျိုးစုနှင့် မတူသော ဝတ်စားဆင်ယင်မှု၊ ယဉ်ကျေးမှုဓလေ့စရိုက်များရှိနေသည်မှာ အမှန်ဖြစ်သည်။ ကျွန်တော် အာခါလူမျိုးတစ်ဦးအနေဖြင့် တဖန်ရေးသားရာတွင် ပိုမိုပြည့်စုံမည်ဟုမဆိုလိုပါ။ သို့သော် ကျွန်တော်ဖော်ပြလိုသော အချက်အလက်အချို့ ဖြည့်စွက်၍ မျိုးဆက်သစ် အာခါလူငယ်များနှင့် အာခါတိုင်းရင်းသား လူမျိုးအကြောင်း စိတ်ဝင်စားသူများအတွက် အခြေအနေပေးလျှင်ပေးသလို ဖော်ပြရန်ရည်ရွယ်ပါသည်။

အာခါတိုင်းရင်းသားလူမျိုးဆင်းသက်လာခြင်း
                အာခါလူမျိုးစုတို့၏ ဇစ်မြစ်ကိုလေ့လာသော် တရုတ်ပြည်သမိုင်းမှတ်တမ်းတွင် အေဒီ ၂ ရာစုနှစ် ကတည်းက တွေ့ရသည်။ အာခါလူမျိုးစုတို့၏ မူရင်းဒေသမှာ ယူနန်ပြည်နယ်ဖြစ်သည်။ ရှေးအာခါအခေါ် ( ဂျာဒယ်း ) ယခု ယူနန်ပြည်နယ်၊ မိုးဂျားမြို့ဒေသ အေဒီ ၅ ရာစုနှစ်နောက်ပိုင်းတွင် မျိုးနွယ်စုတစ်ခုအဖြစ် သီးခြားရပ်တည် လာခဲ့သည်မှစ၍ ခက်ခဲကြမ်းတမ်းသည့် ပတ်ဝန်းကျင်တွင် ရေကြည်ရာ၊ မြက်နုရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ အခြားလူမျိုးတို့၏ ထိုးနှက်ပုတ်ခတ်မှုများ၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုတို့ကို တွေ့ရသည်။ ထိုအချိန်မျိုးတွင် မိမိတို့၏ ဘိုးဘေး ဘီဘင်များက မစရန် တမ်းတဆုတောင်းသည့် အလေ့အထကို အခြေခံရင်း ကိုယ့်လူမျိုး၏ ဘိုးဘေး ဘီဘင်အား ကြည်ညိုကိုင်းရှိုင်းသည့် ( အဖွေမီရဲ ) ခေါ် ဘိုးဘွားတို့၏ဘုရားကို ယုံကြည်သက်ဝင်သည့် ဓလေ့ကို ရရှိခဲ့သည်။

ရေကြည်ရာမြက်နုရာသို့ ပျံနှံ့သွားခြင်း
                အာခါလူမျိုးစုတို့၏ ( ဂျာဒယ်း ) ဒေသတွင် အေဒီ(၅) ရာစုမှ (၁၀)ရာစုအထိ မြို့ပြတည်ထောင်၍ နေလာခဲ့ရာ၊ အေဒီ (၁၀) ရာစုနောက်ပိုင်းတွင် ပြောင်းရွှေ့မှုကြီးရှိခဲ့ရာ၊ တရုတ်ပြည်တောင်ပိုင်း၊ ဗီယက်နမ် အနောက်မြောက်ပိုင်း၊ လောနိုင်ငံ အလယ်နှင့်မြောက်ပိုင်းဒေသ၊ မြန်မာနိုင်ငံ ရှမ်းပြည်နယ် ( အရှေ့ပိုင်း )၊ ထိုင်းနိုင်ငံမြောက်ပိုင်းဒေသများသို့ ပျံ့နှံ့နေထိုင်သွားခဲ့ကြသည်။ မြန်မာနိုင်ငံသို့ ( ၁၀ ) ရာစုကတည်းက ရောက်ရှိလာခဲ့ကြောင်း၊ အထူးဒေသ (၄) ရှိ အာခါရွာများဖြစ်ကြသော ဘားဆားအာခါရွာ၊ အေးချွေးအာခါရွာ နှင့် အခြားရွာများစွာတို့က ရွာတည်နှစ် ( ၈၀၀ ) နှစ်ကျော်ဖြစ်သည်ဟု သိရသည်။

တောင်ပေါ်နေတိုင်းရင်းသား အာခါလူမျိုး
                အာခါတိုင်းရင်းသားလူမျိုးများသည် တောင်ပေါ်ဒေသ၌ နေထိုင်ရခြင်း၏ အကြောင်း လေ့လာသော်-
(၁) ပတ်ဝန်းကျင်ရှိ လူမျိုးများ၏ အနိုင်ကျင့်မှုဒဏ်နှင့် နှောက်ယှက်ခြင်းဒဏ်မှ ကင်းလွတ်ရန်၊ တောင်ပေါ်ဒေသ၏ ရာသီဥတု၌ နေပျော်ခြင်း၊
(၂) အာခါလူမျိုးများသည် သမိုင်းအရ အနောက်ပိုင်းဒေသသို့ အဆက်မပြတ် ရွှေ့ပြောင်းနေရခြင်းကြောင့် မြေပြန့်ဒေသ၏ အပူဒဏ်ကိုမခံနိုင်ခြင်း၊
(၃) မြစ်၊ ချောင်းဘေးနေရာဒေသများ၌ ဖြစ်လေ့ရှိသော ငှက်ဖျားရောဂါဒဏ်ကို စိုးရိမ်ခြင်း၊
(၄) တောင်ပေါ်ဒေသ၌သာ ရွှေ့ပြောင်းတောင်ယာလုပ်ရန် သင့်လျော်ခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု ယူဆရသည်။

မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်း
                အာခါတိုင်းရင်းသား လူမျိုးများသည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြသော လူမျိုးစု အုပ်စုကြီး (၃) ခုအနက် တိဗက်မြန်မာ အနွယ်အုပ်စုဝင်ဖြစ်သည့် "လိုလိုမို"ဆို အုပ်စုဖြစ်သည်။ တိဗက်လွင်ပြင် မဲခေါင်မြစ်အတိုင်း တရုတ်ပြည်မှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ အာခါလူမျိုးတို့၏ မူရင်းဒေသမှာ ယူနန်နယ်ဖြစ်သည်။ အေဒီ ၁၀ရာစုကတည်းက ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်မှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ကြသည်။

အာခါရွာနှင့် ချစ်စရာ့ဓလေ့များ
                အာခါ လူမျိုးများသည် ရွာသစ်တည်မည်ဆိုပါက ထိုရွာတွင် အာခါလူမျိုး၏ (ဇွေမား) ခေါ် အကြီးအကဲတစ်ဦး၊ (ဗာဂျီ) ခေါ် (ကျီမား) ပန်းပဲဆရာတစ်ဦး၊ (ဖီးမား) ခေါ် နတ်ဆရာတစ်ဦးတို့ ပါရှိရသည်။ ထို့သို့သော ပုဂ္ဂိုလ် (၃) ဦးရှိမှသာ ရွာ၏ အဂါင်္ရပ်နှင့် ညီညွတ်သည်။
အာခါလူမျိုးများနေထိုင်သည့် ရွာများသည် ထူးခြားသည့် ဓလေ့ (၅)ရပ် ရှိသည်။
(၁) နှစ်တစ်နှစ်၏ စားနပ်ရိက္ခာသီးနှံများ၊ ကောက်ပဲသီးနှံများ ရိတ်သိမ်းပြီးစီးမှု အထိမ်းအမှတ်အဖြစ် နှစ်သစ်ကြိုဆိုသည့် ခါးထောင်းဖား ( အဖွေလော ) နှစ်သစ်ကူးပွဲ ကျင်းပသည့် ဓလေ့၊
(၂) အိမ်တိုင်းတွင် မိမိတို့၏ ဘိုးဘေး ဘီဘင်ကို ကိုးကွယ်ရန် ( ပါလော့ ) ခေါ် ဘုရားစင် ထားရှိပြီး၊ နှစ်စဉ် ရာသီပွဲများဖြင့် ( ၁၀ ) ကြိမ်ထက်မက ပူဇော်သည့် ဓလေ့၊
(၃) ရွာတိုင်းတွင် လူနှင့် သရဲတစ္ဆေနေရာကို ခွဲခြားသတ်မှတ်သည့် " လချေလန်းခန် " ရှိသည်။ နှစ်စဉ် သရဲတစ္ဆေ နတ်ဆိုးမောင်းထုတ်ပွဲတွင် တစ်ရွာလုံးရှိ အိမ်များမှ သူရဲတစ္ဆေကို ရွာတံခါးပြင်သို့ မောင်းထုတ်သည့်ဓလေ့၊
(၄) အိမ်တိုင်း၏ လယ်၊ခြံ များတွင် " ဟွန်ဖီ " ဟုခေါ်သည့် နတ်စင်တည်ထားပြီး စပါးသီးနှံအထွက်တိုးရန်၊ နေကောင်းကျန်းမာရန် ဆုတောင်းသည့်ဓလေ့ရှိသည်။ အာခါတိုင်းရင်းသားတို့၏ နတ်ပူဇော်ခြင်းသည် တိကျစွာလိုက်နာရသည်။ သို့မှသာလျှင် မင်္ဂလာဖြစ်သည်။

ရွာမြေရွေးချယ်တည်ဆောက်ခြင်း
                အာခါလူမျိုးများသည် ရွာသစ်တည်ရန် လိုအပ်သည့်အခါတွင် ရွာအကြီးအကဲ၊ ပန်းပဲဆရာနှင့် နတ်ဆရာ (၃) ဦးတို့သည် ရွာအကြီးအကဲက ဦးစီးပြီး သင့်တော်မည့်နေရာ ရွေးချယ်ကာ မြေမျက်နှာပြင်တွင် မြေညှိ၍ မြေမာအောင် ထုပြီးနောက် ဤနေရာတွင် ရွာတည်သင့် မသင့် (ဇွေမား) ခေါ် ရွာအကြီးအကဲသည် လတ်ဆတ်သန့်ရှင်းသော ကြက်ဥအစိမ်းတစ်လုံးကိုယူ၍ ဘိုးဘေးများကို တိုင်တည်ပြီး အဓိဋ္ဌာန်ပြုရာတွင် ကြက်ဥကို ညာဘက်နားရွက်မှ ကိုင်၍ လွှတ်ချလိုက်ရသည်။ ထိုလွှတ်ချလိုက်သည့် ကြက်ဥကွဲခဲ့သော် ထိုနေရာတွင် ရွာတည်ရန် သတ်မှတ်ရသည်။ အကယ်၍ ရွာအကြီးအကဲက လွှတ်ချလိုက်သော ကြက်ဥမကွဲခဲ့သော် ထိုနေရာသည် နတ်များနေထိုင်ရာ၊ နတ်မွေ့လျော်ရာ အပေါ်၌ ကြက်ဥ ကျမကွဲခြင်းဖြစ်သည့်အတွက် ရွာတည်ရန် မသင့်ဟု သတ်မှတ်ကာ အခြားတစ်နေရာသို့ နေရာပြောင်းရွှေ့ရှာဖွေရသည်။
ရွာသစ်တည်ရန် သတ်မှတ်လိုက်သော မြေနေရာ အကျယ်အဝန်းရှိ သစ်ပင်များ၊ ချုံနွယ်ပင်များ၊ ခုတ်ထွင်ရှင်းလင်း၍ ရွာဝင်/ထွက်တံခါး (လန်းခန်) နှင့် ရွာဝင်တံခါးနတ်စင်၊ အပျိုလူပျို ချိန်းတွေ့မည့် (ဒယ်းခန်း) ခေါ် မြေညီကွင်း၊ လူသေမြှုပ်ရန် သင်္ချိုင်းမြေနေရာများ ရွေးချယ်ပြီး ခုတ်ထွင် ရှင်းလင်းထားသော အမှိုက်သရိုက်များကို စုပုံ၍ (ဖီးမား) ခေါ် နတ်ဆရာသည် ဘိုးဘေးများအား ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်တည်၍ မီးရှို့ရသည်။
ထို့နောက် ရက်ကောင်းရက်မြတ်ကို ရွေးချယ်ပြီး ( ကျား၊ သိုး၊ မျောက် ) နေ့များမှအပ ကျန်နေ့ရက်များကို ရွေးချယ်၍ ကြက်ဥကွဲသောနေရာတွင် (ဇွေမား) ခေါ် ရွာအကြီးအကဲ၏ အိမ်ကို ဦးစွာဆောက်လုပ်ရသည်။ ရွာအကြီးအကဲ၏ အိမ်ဆောက်လုပ်ပြီးမှ ရွာသားများ၏ အိမ်ကို ဆောက်လုပ်ရပါသည်။ အာခါလူမျိုးများ အမြတ်တနိုးထားသော နတ်စင်ကို မိမိရွာကဖြစ်စေ၊ တခြားရွာကဖြစ်စေ မြင်းစီးလျက် ရွာဝင်မုဒ်ကို ဖြတ်မကျော်ရ။ နတ်စင်ကို မြင်းပေါ်ကဆင်း၍ ဖြတ်လျှောက်ရသည်။ နတ်စင်ကို အရိုအသေမဲ့ထိခြင်း၊ ဖျက်စီးခြင်းမပြုရ။ ပြုလုပ်ခဲ့သော် ရွာသို့ လျော်ကြေးပေးရသည်။



မျိုးဆက်သစ်ကိုဦးစားပေးခြင်း
                အာခါအမျိုးသားနှင့် အမျိုးသမီးတို့သည် လူပျို၊ အပျို ချိန်းတွေ့ရမည့် ကွင်းပြင်တွင်သာ တွေ့ရသည်။ အိမ်နှင့် အခြားနေရာများတွင် ညအချိန် ချိန်းတွေ့ခွင့်မရှိ။ ချိန်းတွေ့ ရာတွင် ရင်းရင်းနှီးနှီးစကားပြောခြင်း၊ သီချင်းဆိုခြင်းမှအပ လွန်လွန်ကျူးကျူး မပြုလုပ်ရပါ။ ဒါန်းစီးပွဲတော်ကာလတွင် ဒါန်းကို ဒယ်းခန်အနီးတွင် ဆောက်လုပ်ကြသည်။ သင်္ချိုင်းမြေကို ရွာ၏ အနောက်ဘက် နေဝင်ရာဘက်တွင် သတ်မှတ်သည်။

နေအိမ်အခန်းဖွဲ့စည်းပုံ
                အာခါတိုင်းရင်းသား လူမျိုးများသည် နေအိမ်ဆောက်လုပ်ရာတွင် ခြေတံရှည်အိမ်၊ အိမ်တံခါးမကြီး အရှေ့ဘက်တစ်ပေါက်၊ အနောက်ဘက်တစ်ပေါက်ထားပြီး၊ ပြူတင်းပေါက်ဟူ၍မထားဘဲ အိမ်အမိုးသည် သက်ကယ်ဖြင့် တိုင်ခြေ မထိတထိမိုးကြသည်။ အိမ်အတွင်းတွင် တခြမ်း၌ အိမ်ရှင်မိန်းမနေရန်နှင့် တဘက်ခြမ်းတွင် အိမ်ရှင်ယောင်္ကျားသည် နေထွက်ရာရှေ့ဘက်ပေါက်တွင် နေထိုင်ရပြီး၊ အိမ်ရှင်မိန်းမနှင့် ကလေးများသည် အနောက်ဘက်ခြမ်းတွင် နေထိုင်ရသည်။ အိမ်အတွင်းတွင် အခန်း(၂)ခန်းဖွဲ့ထားသကဲ့သို့ မီးဖို (၂)ခုရှိသည်။ တက်/ဆင်း နိုင်ရန် လှေကား (၂)ခုထားရသည်။ အိမ်ရှင်ယောင်္ကျားနေသည့်ဘက်၌ ရပ်နီး/ရပ်ဝေး ဧည့်သည်များ ဧည့်ခံခြင်းပြုရသည်။ အိမ်ရှင်မိန်းမနေသည့်ဘက်တွင် ဧည့်သည်ယောင်္ကျား သွားလာခွင့်မပြုရ။ ထမင်းချက်ရန် အိမ်ရှင်မိန်းမနေသည့်ဘက်က မီးဖိုကိုသုံးပြီး၊ အိမ်ရှင်ယောင်္ကျား နေသည့်ဘက်တွင် ရေနွေးသောက်ရန် အတွက်သာသုံးသည်။


အာခါတိုင်းရင်းသားတို့၏ ကိုယ်ပိုင်ဟန်
                 အာခါတိုင်းရင်းသား လူမျိုးများ၏ လက်မှုအတတ်ဖြစ်သော ပန်းပဲလုပ်ငန်းကို ချယ်ရီပန်းပွင့်သည့် ဇန်နဝါရီလတွင် ဒါး၊ ပေါက်ဆိန်၊ တံဇဉ်၊ ပေါက်ပြားများ၊ ငွေထည် ရတနာများကိုလည်း ထုလုပ်ကြသည်။ အာခါတိုင်းရင်းသားရွာတိုင်းတွင် ပန်းပဲဆရာတစ်ဦးစီ ရှိကြသည်။ ထိုခေတ်အခါက ပန်းပဲဆရာသည် အဓိက အကျဆုံးပုဂ္ဂိုလ်ဖြစ်သည်။ ဇွေမား ခေါ် အကြီးအကဲ ရွာသစ်တည်ဆောက်ရာ၌ သုံးရန် ဒါး၊ ပေါက်ဆိန်၊ လှံ၊ ပေါက်ပြားနှင့် ဖီးမား ခေါ် နတ်ဆရာလက်သုံးဒါးများကို တည်ထွင်ပေးသူ ဖြစ်သောကြောင့်ဖြစ်သည်။ အဓိကအသက်မွေးဝမ်းကျောင်းမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဖြစ်သည်။

အာခါတိုင်းရင်းသားတို့၏ ဝတ်စားဆင်ယင်မှု
                မိမိတို့၏ တိုင်းရင်းသားဝတ်စုံကို မိမိကိုယ်တိုင် ဝါစိုက်ပြီး၊ ဝါကြိတ် စသည်ဖြင့် ယက္ကန်းလုပ်ငန်းများကို မိသားစုတိုင်းသားစဉ်မြေးဆက် လက်ဆင့်ကမ်းပေးကြသည်။ ချည်များကိုရရှိနိုင်ရန် အာခါအမျိုးသမီးများသည် ထင်းခုတ်၊ ရေခပ်၊ တောင်ယာသွား/ပြန် လမ်းလျှောက်ရင်း ဝါကိုကျစ်၍ ရသော ချည်နှင့်သာ အထည်ယက်လုပ်ကာ (မြန်) ခေါ်အပင်ဖြင့် အနက်ရောင်ကို ကိုယ်တိုင်အရောင်ဆိုးကြသည်။ အာခါတိုင်းရင်းသားလူမျိုးတို့၏ ဝတ်စားဆင်ယင်မှုအခြေခံအရောင်မှာ အနက်ရောင်ဖြစ်သည်။ မိမိတို့၏ရိုးရာဝတ်စုံကို အမြတ်တနိုးဝတ်ဆင်ကြသည်။
အမျိုးသားများသည် ဘောင်းဘီရှည်၊ အင်္ကျီတို/ရှည် ခေါင်းပေါင်းဆင်မြန်းကြပြီး၊ ဘောင်းဘီတွင် ပန်းထိုးလေ့မရှိ၊ အင်္ကျီ၏ အရှေ့ဘက်တွင်သာ ပန်းထိုးလေ့ရှိသည်။ အမျိုးသမီးများသည် စကတ်တို/ရှည်၊ ဘောင်းဘီ၊ အင်္ကျီတို/ရှည် နှင့် ခေါင်းဆောင်းအမျိုးမျိုးကို ငွေထည်၊ ငွေပြား၊ ပုတီး၊ ကြက်မြီးရောင်စုံဖြင့် စီမံကြသည်။ အမျိုးသမီးများ၏ စကတ်အနောက်ဘက်တွင် အစင်းများပါရှိပြီး ပန်းထိုးလေ့မရှိ။ အင်္ကျီ၏အရှေ့ / အနောက်တွင် ပန်းအလှများ စီမံကြသည်။ အမျိုးသမီးများသည် ခြေစွပ်၊ ခါးပတ်အမြီးများကို ရှေ့တွင်ချ၍ ပိုးချည် သို့မဟုတ် ရောင်စုံချည်ဖြင့် ပန်းထိုးကြသည်။
အာခါတိုင်းရင်းသားလူမျိုးတို့သည် နေရာဒေသကိုလိုက်၍သော်လည်းကောင်း၊ အမျိုးအနွယ်ကိုလိုက်၍သော်လည်းကောင်း၊ ခေါင်းပေါင်း၊ ခေါင်းဆောင်းအမျိုးမျိုးတွေ့ရှိနိုင်သည်။ အမျိုးသားများ၏ ခေါင်းပေါင်းကိုကြည့်၍ သာမန်လူနှင့် နတ်ဆရာကိုခွဲခြားသိရှိနိုင်သည်။ အမျိုးသမီးများ၏ ခေါင်းဆောင်းများတွင် ငွေထည်ငွေပြားအမျိုးမျိုးဖြင့် အမြတ်တနိုးဆင်မြန်းလျက် လေးသည်ဟုပင် အမှုမထားကြပေ။ အမျိုးသမီးဝတ်စုံနှင့် အမျိုးသားဝတ်စုံကို လဲလှယ်ဝတ်ဆင်ခြင်းပြုလေ့မရှိ။

အာခါဘိုးဘေးတို့၏ ဦးတည်ချက်များ
                အာခါတိုင်းရင်းသား လူမျိုးစုတို့သည် အနွယ်ပေါင်းမည်မျှရှိသည်ကို တိတိကျကျ မဖော်ပြနိုင်သေးပါ။ လက်လှမ်းမီသရွေ့ ဖော်ပြရမည်ဆိုလျှင် မျိုးနွယ်ပေါင်း ( ၄၀ ) ကျော်ရှိမည်ဟု ခန့်မှန်းရသည်။ အာခါလူမျိုးစစ်မစစ်ကို မျိုးဆက်အမည်စာရင်းရေတွက်ကြည့်ပါက ရှင်းလင်းစွာ သိရှိနိုင်ပေသည်။ မျိုးဆက်အမည်စာရင်း ရေတွက်ရခြင်း၏ ဦးတည်ချက်များမှာ-
(၁) အာခါလူမျိုးစစ်မှန်လျှင် အာခါမျိုးနွယ် အမည်စာရင်းကို သိရမည်။ အချိန်မရွေး ရေတွက်နိုင်ရမည်။
(၂) ရွာတစ်ရွာတွင် မျိုးနွယ်တစ်နွယ်တည်းဖြင့် ရွာမတည်ရ။ အနည်းဆုံး မျိုးနွယ် (၃)နွယ်ပါဝင်နေထိုင်ရမည်။
(၃) မျိုးနွယ်တစ်နွယ်ခြင်း၏ သားသမီးများသည် အိမ်ထောင်ဘက်မပြုစေရ။ ပြုလိုပါက မျိုးဆက် (၇)ဆက် ကွာခြားစေရမည်။ မျိုးဆက် (၇)ဆက်မခြားဘဲ လက်ထက်ခဲ့ပါက အမျိုးအနွယ် စာရင်းထဲမှ ပယ်ဖျက်ခြင်းကိုခံရမည်ဖြစ်သည်။
(၄) မိမိမျိုးနွယ်၏ အမည်စာရင်းမေ့ပျောက်၍ ပြန်လာကြသူများကို လက်ခံကြသော်လည်း သူတို့၏ မျိုးဆက်အမည်စာရင်းသည် အာခါလူမျိုး၏ ဖခင်ကြီးဖြစ်သော ဂျွေထန်ဖန်မှ ပြန်လည်စတင် ရေတွက်စေရမည်ဖြစ်သည်။
                အာခါလူမျိုးစုတို့သည် တစ်နေရာရာ၌တွေ့ဆုံကြ၍ မိတ်ဖွဲ့သောအခါ ရိုးရာယဉ်ကျေးမှုအရ လူအမည်ကို တိုက်ရိုက်မေးမြန်းလေ့မရှိ။ နေရပ်လိပ်စာ၊ အမျိုးအနွယ်၊ အိမ်ထောင်ရှိ/မရှိ၊ သားသမီးရှိ/မရှိ၊ ဘယ်နေရာကပြောင်းရွှေ့လာခဲ့ကြောင်း စသည်ဖြင့် မေးရသည်။ အာခါလူမျိုးတို့သည် အမည်ကို တိုက်ရိုက်မေးသော်လည်း ဖြေကြားလေ့မရှိ။ မိရိုးဖလာ အာခါဇန်းဘာသာ ကိုးကွယ်သူများသည် မိမိ၏အမည်ကို အလွန်တန်ဖိုးထားကြသည်။ အမည်ကိုသိလိုလျှင် အခြားသူထံမှတစ်ဆင့် မေးမြန်းရသည်။ ဤသည်မှာ အာခါရိုးရာ ယဉ်ကျေးမှုတစ်ရပ်ဖြစ်သည်။

အာခါလူမျိုးတိုင်း မှတ်သားထားရမည့် မျိုးနွယ်စဉ်ဆက်ဆင်းသက်လာပုံ
                အာခါလူမျိုးနွယ်ဝင်ဖြစ်သော အိမ်ထောင်စုတိုင်းက အိမ်ထောင်ဦးစီး အမျိုးသားတိုင်းသည် မိမိတို့၏ မျိုးရိုးစဉ်ဆက် အမည်မှတ်တမ်းကို အစဉ်အမြဲ မှတ်မိအောင် မှတ်သားထားရသည်။ ယဉ်ကျေးမှုသမိုင်း နှုတ်မှတ် မှတ်တမ်းအရ မျိုးဆက်ပေါင်း (၅၇) ဆက်ရှိနေပြီဖြစ်သည်။ မည်သည့်နေရာရောက်သည်ဖြစ်စေ မြို့သား၊ ရွာသား ခွဲခြားမှုမရှိဘဲ မိမိလူမျိုးနှင့်တွေ့လျှင် မိသားစုဝင်များနှင့်တွေ့သကဲ့သို့ ဖော်ရွေကြသည်။ အာခါလူမျိုးနွယ်ဝင် အမျိုးသားတိုင်းသည် မိမိတို့၏ မျိုးရိုးစဉ်ဆက် အမည်များကို မရွတ်ဆိုနိုင်ပါက အာခါအမျိုးသား သွေးချင်းအပေါ် သစ္စာမရှိသူဟု မှတ်ယူကြသည်။

အာခါလူမျိုးတို့၏ မျိုးဆက်အမည်ထိန်းသိမ်းခြင်း
                အာခါတိုင်းရင်းသားတို့၏ မျိုးရိုးစဉ်ဆက်အမည်များ မှတ်သားရခြင်း၏ ရည်ရွယ်ချက်များမှာ -
(၁) မိမိသည် မည်သည့်အနွယ်ဝင်ဖြစ်ကြောင်းသိစေရန်၊
(၂) သားစဉ်မြေးဆက် မျိုးချစ်စိတ်ဓာတ်၊ ညီအစ်ကို စိတ်ဓာတ်ပျောက်ပျက်မသွားစေရန်၊
(၃) မောင်နှမချင်း၊ ဆွေမျိုးရင်းခြာ အချင်းချင်း အိမ်ထောင်မပြုမိစေရန်၊
(၄) ပျောက်လုနီးပါးဖြစ်နေသော ဆွေမျိုးဆက်များပြန်လည်ရှာဖွေရာတွင် လွယ်ကူစေရန်၊
(၅) မျိုးဆက်စာရင်းရေတွက်ခြင်းဖြင့် မျိုးနွယ်စုသန့်ရှင်း၊ မသန့်ရှင်းဝေခွဲနိုင်စေရန် အမွေအနှစ်အဖြစ် လက်ဆင့်ကမ်းလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

ကိုးကွယ်သည့်ဘာသာ
                 အာခါတိုင်းရင်းသားလူမျိုးတို့သည် ကနဦး ကိုးကွယ်မှုဘာသာသည် အာခါရိုးရာဘာသာ ( အဖွေပေါ်လော် - အာခါဇန်း ) ဘာသာဖြစ်သည်။ အာခါဇန်းဘာသာသည် အာခါလူမျိုးစုသာ သီးသန့်ကိုးကွယ်ရသော ဘာသာဖြစ်သည်။ အကယ်၍ အခြားသော လူမျိုးစုက အာခါဇန်းဘာသာကိုးကွယ်လိုပါက အာခါအနွယ်အဖြစ် ခံယူကြရသည့် ဓလေ့ရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘိုးဘွားတို့၏ဘုရားကို ကိုးကွယ်သောကြောင့် မျိုးရိုးဆက်ခံရခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။
ယနေ့ခေတ်တွင် အာခါဇန်းဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ ကိုးကွယ်သူများလည်း ရှိလာကြသည်။ အာခါတိုင်းရင်းသားများသည် နေရာဒေသ၊ ကိုးကွယ်သည့်ဘာသာ မတူကြသော်လည်း " အာခါချေးခါ ထီခါမား " ဟူသော အာခါလူမျိုးရှိသမျှ တစ်အူတုံဆင်းမိသားစုဝင်များ ဖြစ်ကြသည် ဟုခံယူ၍ ဂုဏ်ယူစွာ နှုတ်မြွတ်ကြသည်။ အာခါတိုင်းရင်းသားများသည် ရက်၊ လ၊ နှစ် ရေတွက်ပုံနှင့် ရာသီပွဲတော်များလည်းရှိကြသည်။ နောင်တွင် အာခါတိုင်းရင်းသားတို့၏ ရက်၊ လ၊ နှစ် ရေတွက်ပုံနှင့် ရာသီပွဲတော်များအကြောင်းတင်ပြပါဦးမည်။



အာခါတိုင်းရင်းသား လူမျိုးတို့၏ ယနေ့တိုင် ထိန်းသိမ်းထားလာနိုင်ခဲ့သော ရိုးရာ ဝတ်စားဆင်ယင်မှု ခေါင်းဆောင်းများကို လက်လှမ်းမီသရွေ့ တင်ပြလိုက်ပါသည်။

ဆောင်းပါးရှင် ။      ။ ၀င် အားလယ် ( ဓာတု )

ကျမ်းကိုး-

  • ၁။ အမေရိကန် စာရေးဆရာ ကိုလန်ဖိစ်၊ တရုတ်ပညာရှင် မစ္စတာယန်ကျုံးမင်၊ ဦးလောယွမ် နှင့် လျိုစုမင်တို့၏ သုတေသန လေ့လာတွေ့ရှိချက်။
  • ၂။ ဝင် ဂျန်စီး၏ အာခါလူမျိုးတို့၏ ထွက်မြောက်ရာ စာအုပ်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Friday, August 9, 2013

အာခါစကား နှင့် အာခါစာပေအကြောင်း တစ်စေ့တစ်စောင်း
ဆောင်းပါးရှင်။       ။ ကိုဇောင်း ၊ 9.8.2013 ၊ Friday ၊ 12:42 AM


     မြန်မာနိုင်ငံ ရှမ်းပြည်နယ် အပါအ၀င် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံများတွင် အများအပြား ပြန့်နှံ့နေထိုင်နေကြပြီး ပြောဆိုသော ဘာသာစကား၏ အသုံးအနှုန်းမှာ ၉၅ ရာခိုင်နှုန်း တူညီနေကြသည့် တိုင်းရင်းသားလူမျိုးစုကို ပြပါဆိုလျှင် "အာခါတိုင်းရင်းသား"ကို ညွှန်ပြရပါမည်။

အာခါတိုင်းရင်းသားလူမျိုးစုသည် အာခါမိရိုးဖလာဘာသာ၊ ဗုဒ္ဓဘာသာ၊ ကက်သလစ် နှင့် နှစ်ခြင်း ခရစ်ယာန်ဘာသာ စသည်ဖြင့် မိမိတို့ ယုံကြည်ရာကို ကိုးကွယ်ကြသူများဖြစ်ကြသည်။ ထို့အတူ အာခါလူမျိုး၏ စာပေကိုလည်း ယခင်က သာသနာအတွက် အဓိကထား၍ ကျင့်သုံးလာကြရာမှ ယနေ့တွင် အာခါလူမျိုးစုတို့အတွက် ဘာသာရေးကို အခြေမခံသော အာခါစာ အာခါစကား သင်ရိုးညွှန်းတမ်းအဖြစ် ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါသည်။

ယခုဆောင်းပါးသည် အာခါစာပေနှင့် ပတ်သက်သည့် အာခါစာပေဖြစ်ပေါ်လာပုံအပြင် အာခါတိုင်းရင်းသားများအတွက် သင်ရိုးညွှန်းတမ်းအဖြစ် ထုတ်လုပ်ထားပုံ တစ်စေ့တစ်စောင်းအဖြစ် အဓိကထား၍ ရေးသားဖော်ပြမည် ဖြစ်ပါသည်။

နီဆားအိုလူး.... / Nee Sar Ovq Luvq-urမင်္ဂလာပါ
ကမ္ဘာပေါ်ရှိ လူသားတိုင်း၊ လူမျိုးတိုင်း၊ တိုင်းရင်းသားတိုင်း၊ လူမျိုးစုတိုင်း၌ နှုတ်ခွန်းဆက်စကားဟူ၍ "မင်္ဂလာပါ"ဟူသော စကားလုံးကို လူတိုင်း သုံးနှုန်းတတ်ကြပါသည်။ အာခါတိုင်းရင်းသားများ၏ "မင်္ဂလာပါ" ဟူသော စကားကို အာခါဘာသာဖြင့် "နီဆားအိုလူး.."ဟု ချစ်စဖွယ် နှုတ်ခွန်းဆက်တတ်ကြပါသည်။

၁၉၂၇ ခုနှစ်မှ ၂၀၀၄ ခုနှစ် ထိ အသုံးဝင်ခဲ့သော အာခါစာပေ နှစ်မျိုး
                    ၁၉၂၇ ခုနှစ်က ကျိုင်းတုံမြို့ရှိ ဖာသာရ်ပိုတာလူပီက အာခါကက်သလစ်သာသနာအတွက် အာခါတိုင်းရင်းသားများ ရေးသားပြောဆိုနိုင်ရန် ရည်ရွယ်ကာ အာခါစာပေဟု တီထွင်စီမံခဲ့ရာ ၂၀၀၄ ခုနှစ်ထိ အာခါကက်သလစ်သာသနာသုံးအဖြစ် သုံးစွဲခဲ့ပါသည်။ နောက် နှစ်ပေါင်း ၂၅နှစ်ကြာလာပြီးနောက် ၁၉၅၂ ခုနှစ်က အာခါနှစ်ခြင်းသာသနာအတွက် ကျိုင်းတုံမြို့၊ လွိုင်မွေ မှ ဆရာကြီးပေါလုဝစ်က အာခါနှစ်ခြင်း သာသနာသုံးအဖြစ် တီထွင်စီမံပြန်ရာ ပထမနည်းတူ ၂၀၀၄ ခုနှစ်ထိ အာခါနှစ်ခြင်း သာသနာသုံး အဖြစ် သုံးစွဲခဲ့ကြောင်း သိရသည်။

            ထို အာခါကက်သလစ်သာသနာသုံး အာခါစာပေနှင့် အာခါနှစ်ခြင်းသာသနာသုံး အာခါစာပေတို့သည် သာသနာပြုရန်အတွက် အဓိကထား စီမံတီထွင်ခဲ့သည်ဖြစ်တာကြောင့် အာခါတစ်မျိုးသားလုံးအတွက် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ခြင်း မရှိကြောင်း တွေ့ရှိရသည်။

၁၉၇၅ ခုနှစ်မှ ၁၉၈၅ ခုနှစ် ထိ အသုံးဝင်ခဲ့သော အာခါစာပေ
                  ၁၉၂၇ ခုနှစ်မှစ၍ နှစ်ပေါင်း ၄၈နှစ်ခန့် ကြာပြီးနောက် ၁၉၇၅ ခုနှစ်တွင် ကျိုင်းတုံမြို့ရှိ အာခါယဉ်ကျေးမှုဗဟိုအဖွဲ့မှ မြန်မာနိုင်ငံရှိ အာခါလူမျိုးစုအတွက်ဟု သတ်မှတ်ကာ မြန်မာအက္ခရာဖြင့် စီမံတီထွင်ခဲ့ရာ ၁၉၈၅ ခုနှစ်ထိ ၁၀နှစ် တိုင်တိုင် သုံးစွဲလာခဲ့ကြသော်လည်း အချို့နေရာဒေသ၌သာ အသုံးဝင်စေခဲ့ကြောင်း သိရသည်။

၁၉၆၂ ခုနှစ်မှ ၂၀၀၄ခုနှစ်ထိ မထွန်းကား မကျယ်ပြန့်ခဲ့သော အာခါစာပေများ
           ၁၉၆၂ ခုနှစ်မှာတော့ မြန်မာနိုင်ငံရှိ အာခါလူမျိုးစုအတွက် အာခါစာပေကို တီထွင်ရာမှာ အလွယ်သဘောအဖြစ် မြန်မာအက္ခရာ အာခါစာပေဟု သတ်မှတ်စေခဲ့ကြသော်လည်း ထိုမြန်မာအက္ခရာ အာခါစာပေသည် အာခါလူမျိုးများရှိရာ ဒေသတိုင်း၌ အသုံးမ၀င်ပဲ အချို့နေရာဒေသ၌သာ အသုံးဝင်ခဲ့သည်။

                ထို့အတူပင် ၁၉၆၈ ခုနှစ်က ထိုင်းနိုင်ငံ တောင်ပေါ်ဒေသများတွင် နေထိုင်ကြသော အာခါလူမျိုးစုအတွက် ထိုင်းအက္ခရာအာခါစာပေဟု တီထွင်ပြန်ရာ မြန်မာအက္ခရာ အာခါစာပေနည်းတူပင် ကျယ်ပြန့်ခြင်းမရှိခဲ့ပေ။ ထိုအက္ခရာ အာခါစာပေသည် အာခါစကားပြော အသံထွက်ကို မြန်မာအက္ခရာ အသံထွက် သို့မဟုတ် ထိုင်းအက္ခရာ အသံထွက်ဖြင့် သုံးစွဲခဲ့ကြသည့်အတွက် မြန်မာစာ သို့မဟုတ် ထိုင်းစာ မတတ်သည့် အာခါလူမျိုးတို့အနေဖြင့် အခက်အခဲဖြစ်စေတဲ့အတွက် မထွန်းကားခဲ့ပေ။

                 နောက်ထပ် မထွန်းကားခဲ့သော အာခါစာပေများကို ဆက်လက်ဖော်ပြရမည်ဆိုပါလျှင် ၁၉၈၈ ခုနှစ်တွင် ထိုင်းနိုင်ငံရှိ ထိုင်းစာမာခုမ်အာခါလူမျိုးစုတို့က အာခါရိုးရာထိန်းသိမ်းရန်အတွက်ဟု ရည်ရွယ်ကာ အာခါစာပေကို စီမံတီထွင်ပြန်သော်လည်း မထွန်းကားခဲ့ပေ၊ ထိုနည်းတူ ထိုင်းနိုင်ငံတွင် နေထိုင်သူ
ဒေါက်တာဆရာတော် ဦးအားဂျေ့က ၁၉၉၇ ခုနှစ်တွင် အာခါနှစ်ခြင်းသာသနာအတွက်ဟု ရည်ရွယ်ပြီး စီမံတီထွင်ရာ အချို့နေရာဒေသ၌သာ အသုံးပြုခဲ့ကြသည်။ နောက်ဆုံး အာခါရိုးရာ ထိန်းသိမ်းရန်အတွက်ဟု ရည်ရွယ်ကာ ၂၀၀၀ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ဒေါက်တာ လီယိုဗိုဂေဆို က စီမံတီထွင်ပြန်သော်လည်း အထက်ပါအတိုင်း ကျယ်ပြန့်မှုမရှိခဲ့ကြောင်း သိရပြန်သည်။

၂၀၀၄ ခုနှစ်မှ ယနေ့ထိ အသုံးပြုနေသော ဗြန့်ဒီအာခါစာပေ
                   ဗြန့်ဒီအာခါစာပေဆိုသည်မှာ ကက်သလစ် နှင့် နှစ်ခြင်း အတွက် တနည်းဆိုရသော် အာခါခရစ်ယာန် တိုင်းရင်းသားများအတွက် ၂၀၀၄ ခုနှစ်တွင် ကျိုင်းတုံမြို့မှ ဆရာတော် ဦးနိုးဝေက စီမံတီထွင်ခဲ့ပြီး ယနေ့ထိလည်း သာသနာအတွက် အသုံးပြုနေလျှက်ရှိကြောင်း သိရသည်။ အဆိုပါ
ဗြန့်ဒီအာခါစာပေသည် ကက်သလစ်နှင့် နှစ်ခြင်းခရစ်ယာန်အာခါများ ပေါင်းစည်းထားသော ဘာသာရေး စာပေအဖြစ် အဓိကထား သုံးစွဲသည်ကိုလည်း သိရသည်။

၂၀၀၈ ခုနှစ်မှစ၍ အာခါတိုင်းရင်းသားလူမျိုးစု အားလုံးအတွက် တစ်ခုတည်းသော အာခါစာပေထွက်ပေါ်



                   ၁၉၂၇ ခုနှစ်မှစ၍ ၂၀၀၄ ခုနှစ်ထိ အာခါစာပေဟူ၍ အမျိုးမျိုး ထွက်ပေါ်လာခဲ့သည် ဖြစ်သော်လည်း ကမ္ဘာပေါ်ရှိ အာခါတိုင်းရင်းသားလူမျိုးစုအားလုံး အနေဖြင့် တသွေးတည်းတသားတည်း အတည်ပြုသုံးစွဲဖို့ လိုအပ်လာကြောင်းကို ပြည်တွင်း ပြည်ပ အာခါစာပေပညာရှင်များနှင့် ခေတ်ပညာတတ် အာခါတိုင်းရင်းသားများက အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေးတိုင်ပင် ညှိနှိုင်းခဲ့ကြပြီး ၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၌ တရုတ်၊ မြန်မာ၊ ထိုင်း နှင့် လာအိုနိုင်ငံတို့ရှိ ခေတ်ပညာတတ် အာခါတိုင်းရင်းသားများ တွေ့ဆုံခဲ့ကြပြီးနောက် အာခါတိုင်းသားများ သင်ရိုးညွှန်းတမ်းစာအုပ်ကို စီမံပြီး ထုတ်ဝေခဲ့ကြသည်။


                     ဆက်လက်၍ မိမိတို့၏ အာခါစာပေသင်ရိုးညွှန်းတမ်းအား အဆင့်မြှင့်တင် မွမ်းမံနိုင်ရန် တရုတ်၊ မြန်မာ၊ ထိုင်း နှင့် လာအိုနိုင်ငံရှိ ခေတ်ပညာတတ် အာခါတိုင်းရင်းသားများ၏ အကြံဉာဏ် နှင့် လိုအပ်ချက်များကို ဖြည့်စွက်ရန်အတွက် ၂၀၀၉ ခုနှစ်တွင် တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့၌ ထပ်မံတွေ့ဆုံကာ သင်ရိုးညွှန်းတမ်းအား မွမ်းမံခဲ့ကြသည်။

                     အဆိုပါ သင်ရိုးညွှန်တမ်းသည် ကမ္ဘာပေါ်ရှိ အာခါတိုင်းရင်းသားလူမျိုးစုအတွက် တစ်ခုတည်း တစ်စိုက်မတ်မတ် အသုံးပြုသွားမည့် စာပေဖြစ်သလို စကား နှင့် စာ တို့သည်လည်း အားလုံး တပြေးညီတည်း ဖြစ်စေသည်။ ယခင်က အာခါစကားများသည် မြန်မာနိုင်ငံမှ အာခါတိုင်းရင်းသားများ အနေဖြင့် တမျိုး၊ ထိုင်းနိုင်ငံမှ အာခါတိုင်းရင်းသားများ အနေဖြင့်တမျိုး၊ စသည်ဖြင့် တရုတ်၊ လာအို၊ ဗီယက်နမ်နိုင်ငံများအလိုက် လူ့အသုံးအဆောင်ပစ္စည်း အမျိုးအမည်များနှင့် အချို့သော အသုံးအနှုန်းများသည် နိုင်ငံအလိုက်၊ ဒေသအလိုက် ခေါ်ဝေါ်နေကြသည့်အတွက် အားလုံးကို တညီတညွှတ်တည်း ဖြစ်စေရန် Dawq Siq Paer Tanr (1) အမည်ရှိ သင်ရိုးညွှန်းတမ်း စာအုပ်၌ ဖော်ပြထားသည်ကို တွေ့ရှိရပြီး အာခါတိုင်းရင်းသားလူမျိုးစုအတွက် သင်ရိုးညွှန်းတမ်း စာအုပ်အဖြစ် ၂စုံ၊ အုပ်ရေဖြင့် ၄ အုပ် ထုတ်ဝေထားပြီး အဆိုပါ သင်ရိုးညွှန်းတမ်းထဲ၌ အာခါတိုင်းရင်းသားများ နေထိုင်ရာ  ၅ နိုင်ငံရှိ အာခါလူမျိုးစုအတွက် တပြေးညီဖြစ်စေရန် အာခါစာ တစ်မျိုးတည်းဖြင့်သာ ရိုက်နှိပ်ဖော်ပြထားပေသည်။

           ယခင်က အာခါစာပေတွင် အချို့သော အက္ခရာများမှာ အတွန့်အတက်များစသည့် သင်္ကေတများ ပါရှိနေရာ ခေတ်ပညာတတ် အာခါတိုင်းရင်းသားများမှ အိုင်တီခေတ်တွင်လည်း အခက်အခဲ မရှိစေရန် အတွက် ကွန်ပျူတာနှင့် လက်ကိုင်ဖုန်းများတွင်လည်း အာခါစာဖြင့် ရေးသားအသုံးပြုနိုင်ရန် လက်ရှိ အင်္ဂလိပ်စာလုံးများဖြင့် အသုံးပြုရန်အဆင်ပြေစေရေးအတွက် ယခင်ကပါရှိနေသော အသံသင်္ကေတများကို
ပယ်လိုက်ပြီး အင်္ဂလိပ်စာ အာခါစာပေ ဗျည်း၌ မသုံးသော အက္ခရာဖြင့်သာရွေးချယ် အသုံးပြုစေခဲ့ကြသည်။ ထို့အတွက် ကွန်ပျူတာနှင့် အီလက်ထရောနစ် ပစ္စည်းများတွင် အသုံးပြုရန်အတွက် အာခါစာလုံးဟူ၍ သီးသန့် တီထွင်စရာ မလိုတော့သည်မှာ အားသာချက် တခုပင်ဖြစ်စေခဲ့သည်။

{ အာခါစာပေ သင်ရိုးညွှန်းတမ်း စာအုပ်ရှေ့အဖုံးပုံစံ }

ယခုပေါင်းစည်းကာ အတည်ပြု ပြဋ္ဌာန်းလိုက်သည်ဖြစ်သော အာခါစာပေသင်ရိုးညွှန်တမ်း AQKAQ SANQ BOVQ DZAW DMQ (1) တွင် ဗျည်း ၂၅လုံး၊ သရ ၁၆လုံး၊ တက်ကျအသံ ၆လုံး နှင့် စာလုံးပေါင်းနည်း များကိုလည်း ဖော်ပြထားသည်ဖြစ်ရာ နမူနာအနေဖြင့် အောက်ပါ အက္ခရာများကို ကြည့်ရှု့နိုင်ပါသည်။

Daq Teir Sanq bovq aq ma deq ) ဗျည်း ၂၅ လုံး
  B CDGH
JKLMN
PSTYZ
BYDZGH KH MY
 NG  NY  PY X TS 

Nga Teir Sanq bovq aq poer deq ) သရ ၁၆ လုံး
AEIOU
MAEANAWEE
 EI  OE OI AI  AM 
 AO 

Bovq Teir Teir sar deq ) တက်ကျအသံ ၆ မျိုး
 Teir ye ---> ...
 Teir nanq  --->  q  အသံနိမ့် 
 Teir ghanr  ---> rအသံမြင့် 
 Teir tsaev ---> v အသံပြတ် 
 Teir tsaev nanq  ---> vq အသံပြတ်နိမ့် 
 Teir tsaev ghanr  --->  vr  အသံပြတ်မြင့် 

Sanq myav myav-e စာလုံးပေါင်းနည်း ဥပမာများ
 BA  -   ba  baq   bar,   bav  bavq  bavr 
 CA  -   ca  caq   car,   cav  cavq  cavr 
 DA  -   da  daq   dar,   dav  davq  davr 
 GA  -   ga  gaq   gar,   gav  gavq  gavr 
 HA  -   ha  haq   har,   hav  havq  havr 

အထက်၌ ဖော်ပြထားသော အက္ခရာများမှာ အာခါအက္ခရာများဖြစ်ကြပြီး အဆိုပါ အက္ခရာများဖြင့် ၅ နိုင်ငံတွင် နေထိုင်ကြသော အာခါလူမျိုးစုများအားလုံး အတည်ပြုကာ တပြေးညီသုံးစွဲနေကြသည်ဖြစ်သလို အာခါစကား အသံနေ အသံထားကိုလည်း အားလုံးတူညီနိုင်ရန်အတွက်လည်း သင်ရိုးညွှန်းတမ်း AQKAQ SANQ BOVQ DZAW DMQ (1+2) မှာ
ပြဋ္ဌာန်းပေးထားသည်ကို တွေ့ရှိရသည်။

အသံနေ အသံထား ညှိနှိုင်းတူညီ
              သင်ရိုးညွှန်းတမ်း Dawq Siq Paer Tanr (1)၌   မြန်မာ၊ လာအို၊ ထိုင်း၊ တရုတ် နှင့် ဗီယက်နမ်နိုင်ငံတို့တွင် အများဆုံးနေထိုင်ကြသော အာခါလူမျိုးစုတို့၏ ပြောဆိုသုံးနှုန်းသော စကားမှာ
ဒေသအလိုက် ကွဲပြားမှုရှိကြောင်း နှင့် အချို့သော ပြောစကားအသံနေ အသံထားမှာ မတူညီကြောင်းကို ဖော်ပြထားသည်ကို တွေ့ရသည်။

ဥပမာအနေဖြင့် ဖော်ပြရသော် "လက်ကိုင်ဖုန်း"ကို....
  • မြန်မာနိုင်ငံ မှ အာခါလူမျိုးစုက - Laer kaiq por
  • ထိုင်းနိုင်ငံ မှ အာခါလူမျိုးစုက - Meer teeq
  • ဗီယက်နမ်နိုင်ငံ မှ အာခါလူမျိုးစုက - Naq gaq
  • လာအိုနိုင်ငံ မှ အာခါလူမျိုးစုက - Meer teeq
  • တရုတ်နိုင်ငံ မှ အာခါလူမျိုးစုက - Se jir
စသည်ဖြင့် ကွဲပြားမှုများ ရှိနေသည့်အတွက် မြန်မာနိုင်ငံမှဖြစ်စေ အခြား ၄ နိုင်ငံမှ ဖြစ်စေ အာခါလူမျိုးစုတို့ တွေ့ဆုံသည့်အခါမှာ လူမျိုးချင်းတူညီသော်လည်း ပြောဆိုသည့် အသုံးအနှုန်းမှာ အခက်တွေ့စေမည်ဖြစ်တဲ့အတွက် ၂၀၀၈ခုနှစ်ကစပြီး အသံတစ်သံတည်း ထွက်အောင် သတ်မှတ်စေခဲ့ကြသည်။

ဥပမာအနေဖြင့် ပြထားသော လက်ကိုင်ဖုန်း အခေါ်အဝေါ်မှာ ၅ နိုင်ငံတွင် ၃ နိုင်ငံက ကွဲပြားနေတာကို တွေ့ရမည်ဖြစ်ပါသည်။ ထို့အတွက် အားလုံးတပြေးညီဖြစ်စေရန်အတွက် လက်ကိုင်ဖုန်းကို Lavqyur Naqgaq ဟု သတ်မှတ်စေခဲ့ကြသည်။

အချို့သော ပြောဆိုမှုများကို အားလုံးတူညီနေစေရန်အတွက် သင်ရိုးညွှန်းတမ်းဖြစ်သည့် AQKAQ SANQ BOVQ DZAW DMQ (1+2) နှင့် Dawq Siq Paer Tanr (1+2)တို့တွင် ဖော်ပြထားပါသည်။

ယခုအခါမှာ အထက်၌ ဖော်ပြထားသော ဘာသာရေးနှင့် နေရာဒေသကိုအခြေမခံပဲ လူမျိုးစုကိုသာ အခြေခံထားသည့် အာခါစာပေ သင်ရိုးညွှန်းတမ်းအတိုင်း  မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ နှင့် တရုတ်နိုင်ငံတို့တွင် သင်ကြားပို့ချပေးနေလျှက်ရှိပြီး ထိုင်းနိုင်ငံ တောင်ပေါ်ဒေသများရှိ အာခါလူမျိုးစုတို့ အများအပြား နေထိုင်ရာ မြို့များ နှင့် ကျေးရွာများတွင် အာခါစာပေဘာသာရပ်အဖြစ် အတန်းချိန် တစ်ချိန်သတ်မှတ်ကာ သင်ကြားပို့ချပေးနေလျှက်ရှိကြောင်း သိရသည်ဖြစ်သည့်အတွက် အာခါတိုင်းရင်းသားများ၏ အနာဂတ်စာပေသည် အာခါတိုင်းရင်းသားအားလုံးအတွက် စည်းလုံးညီညွှတ်မှုနှင့် အာခါယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်မည့် ပင်မ အသက်သွေးကြော ဖြစ်လာတော့မည့် အသွင်သဏ္ဍာန်အဖြစ် မြင်ယောင်မိပါတော့သည်။
ကိုဇောင်း
9.8.2013, 
Friday, 12:42 AM
~~~ ကိုးကား ~~
AQKAQ SANQ BOVQ DZAW DMQ ( 1 )
AQKAQ SANQ BOVQ DZAW DMQ ( 2 )
Dawq Siq Paer Tanr ( 1 )
Dawq Siq Paer Tanr ( 2 )
- အာခါစာပေဖြစ်ပေါ်လာပုံသမိုင်း သိကောင်းစရာများ
( ဦးအားလယ် - အတွင်းရေးမှူး၊ အာခါစာပေနှင့်ယဉ်ကျေးမှူးအဖွဲ့ -တာချီလိတ် )