Latest News

Dropdown Menu

Showing posts with label စာပေ. Show all posts
Showing posts with label စာပေ. Show all posts

Monday, July 15, 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ပြည်သူကို ဗဟိုပြုသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းဖြစ်သည့် ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ကျေးရွာစာကြည့်တိုက်များ ထူထောင်ဖွင့်လှစ်သကဲ့သို့  ပြည်သူများ လက်လှမ်းတမီ စာပေဖတ်ရှုလေ့လာနိုင်ရေး ရည်ရွယ်လျက် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စာတိုက်၊ ကြေးနန်းရုံး နှင့် လက်ဘက်ရည်ဆိုင် နေရာများတွင် ဇူလိုင်လ (၁၅)ရက်၊ နံနက် မှ စတင်၍  စာပေရေချမ်းစင်များ ဖွင့်လှစ်ပေးခဲ့သည်။


အဆိုပါ စာပေရေချမ်းစင်များကို ပြည်သူများ စိတ်ပါဝင်စားစွာ စာအုပ်စာစောင်များ ဖတ်ရှုနိုင်ရေး
အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများနှင့် ဖွင့်လှစ်ထားရှိရာ ရုံးဌာနနေရာများမှ ၀န်ထမ်းများကလည်း ကူညီဆောင်ရွက်ပေးလျက်ရှိပြီး၊ စာဖတ်ပရိတ်သတ်များမှ လွယ်လင့်တကူ စာပေများ ဖတ်ရှုလေ့လာရသဖြင့်  ကျေးဇူးတင် ၀မ်းမြောက်ဝမ်းသာဖြစ်လျက်ရှိကြောင်း သိရသည်။
သတင်းပေးပို့သူ။       ။ ဝေယံလင်းလက်(မိုင်းဆတ်)


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာချီလိတ်ခရိုင်ရုံး အနေဖြင့် ပြည်သူကိုဗဟိုပြု အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခင်နှစ်က စာပေရေချမ်းစင်တစ်ခုကို လူစည်ကားရာ နေရာဖြစ်သော တော်ဝင်မြန်မာကားဂိတ်တွင် ထားရှိ ပေးခဲ့သည်။

ယခု ထပ်မံပြီး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် လေ့လာ ဖတ်ရှုနိုင်ရန်အတွက် စာပေရေချမ်းစင် (mini book corner) ၅ခုကို ဇူလိုင်လ (၁၅)ရက်နေ့က မြန်မာ့စီးပွားရေးဘဏ်၊ ပြည်သူ့ဆေးရုံ၊ ပြည်တွင်းအခွန်ရုံးနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနရုံးတို့တွင် ဖွင့်လှစ်ပြသသည်။

အဆိုပါ စာပေရေချမ်းစင်တွင် ပထမအတန်း၌ နိုင်ငံရေး ၊လူမှုရေး၊ စီးပွားရေး၊ ပညာရေး စာစောင်များ၊ဒုတိယအတန်းတွင် စိုက်ပျိုးရေး/မွေးမြူရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ သိပ္ပံနှင့်နည်းပညာစာစောင်များ၊တတိယအတန်းတွင် ယဉ်ကျေးမှုနှင့်အနုပညာ၊ အားကစား၊ အတ္ထုပ္ပတ္တိနှင့် ပြည်သူ့နီတိ စာစောင်များ ပါရှိသည်။ ပညာရပ်တစ်မျိုးလျှင် စာစောင် (၅)အုပ် ပါရှိပြီး စုစုပေါင်း စာအုပ်( ၆၀ )အုပ်ပါရှိသည်။စာစောင်များအား တစ်လတစ်ကြိမ် လဲလှယ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

စာပေရေချမ်းစဉ်များ ထားရှိပေးခြင်းနှင့် ပတ်သက်ပြီး မြန်မာ့စီးပွားရေးဘဏ်တွင် ငွေသွင်းရန်ရောက်ရှိနေ သူတစ်ဦးက  မြန်မာ့စီးပွားရေးဘဏ်တွင် တနလာင်္နေ့၌ ငွေသွင်း/ငွေထုတ်သူများပြားကြောင်း၊ မိမိအလှည့် မရောက်မီ အခုလို စာစောင်များ ပေါ့ပေါ့ပါးပါးဖတ်ရသည့်အတွက် စောင့်ဆိုင်းရတဲ့ အချိန်လေးမှာ အလွန် တန်ဖိုးရှိကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်မှလည်း အပတ်စဉ်ထုတ်ဂျာနယ်များ ထားရှိပေးထားပါကြောင်း စသည်ဖြင့် ပြောကြားလာသည်။
သတင်းပေးပို့သူ။      ။ မောင်ဆွေငြိမ်း


Thursday, May 30, 2013

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ ၀ိန်းနေကျေးရွာအုပ်စု၊ ၀ိန်းကောင်းကျေးရွာတွင် ပြည်သူများ လွယ်လင့်တကူ အသိပညာဗဟုသုတများ လေ့လာဆည်းပူးနိုင်ပြီး ယဉ်ကျေးသိမ်မွေ့၍ ကိုယ်ကျင့်တရားကောင်းမွန်သော နိုင်ငံတော်ကို အကျိုးပြုမည့် သားကောင်း၊ သမီးမွန်များ ဖြစ်ထွန်းလာစေရေးတို့အတွက် မြတ်ရွှေအိုး စာကြည့်တိုက် ဖွင့်ပွဲကို မေလ(၃၀)ရက် နံနက်(၉)နာရီက အဆိုပါ ကျေးရွာစာကြည့်တိုက် အဆောက်အအုံရှေ့၌ ကျင်းပရာ  ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း၊   ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံ၊ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဦးလှဌေး နှင့် မြို့မိမြို့ဖ ဦးစိုင်းချစ်သောင်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။


ဆက်လက်၍ စာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေ နှင့် စာအုပ်စာစောင်များ ပေးအပ် လှူဒါန်းပွဲကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ဦးစီးအရာရှိ ဦးလှဌေးက စာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးရေးနှင့်အဆောက်အအုံဆောက်လုပ်ရာတွင် အဖက်ဖက်မှ ပါဝင်လှူဒါန်းပေးသည့် အလှူရှင်များ အား ကျေးဇူးတင်စကားပြောကြားသည်။


ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၊ ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးအောင်မင်း၊   ခရိုင်ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ခရိုင်အင်ဂျင်နီယာမှူး ဦးအောင်ညို၊ ခရိုင်ပြန်/ဆက်ဦးစီးအရာရှိ ဦးလှဌေးနှင့် မြို့မိမြို့ဖ ဦးစိုင်းချစ်သောင်းတို့က စာအုပ်စာစောင်၊ အလှူငွေများပေးအပ်လှူဒါန်းရာ စာကြည့်တိုက်မှူး နှင့် စာကြည့်တိုက်ကော်မတီတို့က လက်ခံယူသည်။


အဆိုပါ စာကြည့်တိုက်မှာ အလျား (၂၄)ပေ၊ အနံ (၁၂)ပေ အကျယ်ရှိ အုတ်တိုက် သွပ်မိုး တစ်ထပ် အဆောက်အဦဖြစ်ပြီး ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်မတည်ငွေကျပ် (၁၀)သိန်း၊ စေတနာရှင်ပြည်သူများမှ ပါဝင်လှူဒါန်းငွေ ကျပ် (၁၅)သိန်း စုစုပေါင်းငွေကျပ် (၂၅)သိန်း အကုန်ကျခံ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းပေးပို့သူ။      ။ ဝေယံလင်းလက်(မိုင်းဆတ်)



Saturday, April 27, 2013

  ယနေ့ နံနက်(၁၀)နာရီက တာချီလိတ်မြို့နယ် စာရေးဆရာအသင်းရုံးမှာ ရွှေတြိဂံမဂ္ဂဇင်း ထုတ်ရန်ကိစ္စ၊ စာကြည့်တိုက်ဖွင့်ရန်ကိစ္စ၊ တာချီလိတ်မြို့ရှိ စာရေးဆရာများ ပူးပေါင်းရေးသားထားသည့် "လူငယ်နှင့်ဟိုဟိုဒီဒီ"စာအုပ်အား ပုံနိပ်ထုတ်ဝေရန်ကိစ္စ နှင့် တာချီလိတ်မြို့နယ်အတွင်း ဌာန(၃)ခု ပူးပေါင်းပြီး နေ့စဉ်ထုတ် သတင်းစာသဖွယ် ထုတ်နိုင်ရန်ကိစ္စများကို ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း သိရသည်။

{ ဆွေးနွေးတိုင်ပင်နေကြစဉ်}

ယခုလို ဆွေးနွေးတိုင်ပင်ကြရာမှာ တာချီလိတ်မြို့နယ် စာရေးဆရာအသင်း ဥက္ကဌ ဦးထိန်မင်း အပါအ၀င် စာရေးဆရာ(၉)ဦး နှင့် Tachileik Online News မှ တာဝန်ရှိသူ တစ်ဦး တက်ရောက်လာခဲ့ကြပြီး ဦးထိန်မင်းမှ အထက်ပါ ကိစ္စများကို လုပ်ဆောင်မှာဖြစ်ကြောင်းနှင့် တစ်ဦးချင်းစီအလိုက် ဆွေးနွေးမှုများပြုစေလိုကြောင်း ပြောကြားကာ တစ်ဦးစီ အကြံအဥာဏ်များ  မျှဝေခဲ့ကြသည်။

ထိုသို့ ဆွေးနွေးရာမှာ တာချီလိတ်မြို့နယ်၌ နှစ်စဉ်ပုံမှန်ထုတ်လုပ်လျှက်ရှိသည့် ရွှေတြိဂံ မဂ္ဂဇင်းအတွက် ယခုအခါမှာ စာမူများ ရရှိနေပြီးဖြစ်ပေမဲ့လည်း ကြော်ငြာများ လက်ခံရန်အတွက် ကျန်ရှိနေရာ အဆိုပါ ကြော်ငြာများ လက်ခံပြီးပါက မဂ္ဂဇင်းအား စာအုပ်အဖြစ် ရိုက်နိပ်ထုတ်ဝေသွားမှာဖြစ်ကြောင်း တာချီလိတ်မြို့နယ် စာရေးဆရာများအသင်း ဥက္ကဌ ဦးထိန်မင်းက ပြောသည်။

ဆက်လက်၍ ၎င်းမှ စာကြည့်တိုက်ဖွင့်နိုင်ရန်မှာ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၏ ပံ့ပိုးမှု၊ မြို့မိမြိုဖများ၏ ထောက်ပံ့မှု နှင့် အလှူရှင်များ၏ စေတနာသဒ္ဒါအားများလည်း အထူးလိုကြောင်း ထို့အတွက်ကြောင့် အသင်းဝင်များအနေဖြင့် ဆော်သြပေးနိုင်ရန်လည်း အထူးလိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး စာရေးဆရာ မောင်ဖိုးစံ(ဒူးယား)မှ ရွှေတြိဂံ မဂ္ဂဇင်းအတွက် ကြော်ငြာရရှိရေးကို ၎င်းအနေဖြင့် ဆော်သြပေးမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး စာကြည့်တိုက်ဖွင့်လှစ်ရန်ကိစ္စအတွက်  အမည်နာမပေးခြင်းကို တက်ရောက်လာသော စာရေးဆရာများမှ အကြိတ်အနယ်ရွေးချယ် တိုင်ပင်ကြသည်။

မေလထဲမှာ ပြုလုပ်မည့် စာအုပ်ဈေးရောင်းပွဲတော်ကိစ္စကို ဆွေးနွေးရာမှာလည်း ဈေးရောင်းပွဲတော်တည်နေရာကို ယခုလက်ရှိ အသင်းရုံးမှာ ပြုလုပ်သွားမှာဖြစ်ပြီး စာအုပ်များကိုတော့ ရန်ကုန်မြို့ရှိ စိတ်ကူးချိုချို စာအုပ်တိုက်က လာရောက်ရောင်းချမှာဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး ဆွေးနွေးရာမှာ တာချီလိတ်မြို့တွင် အင်တာနက်သုံးစွဲသူများမှာ  Tachileik Online News တွင် ဖော်ပြထားသော သတင်းများကို ဖတ်ရှု့သိရှိနိုင်မည်ဖြစ်သော်လည်း အင်တာနက်မသုံးစွဲနိုင်သူ ပြည်သူများအတွက် တာချီလိတ်မြို့နယ်အတွင်း လက်လှမ်းမီသမျှ ရရှိထားသော သတင်းများနှင့် Tachileik Online News တွင်ဖော်ပြထားသော သတင်းများကို  နေ့စဉ် သို့မဟုတ် ရက်ခြား သိရှိနိုင်ရန်အတွက် နေ့စဉ်သတင်းစာသဖွယ် စာစောင်များအဖြစ် ဖန်တီးကာ တာချီလိတ်ခရိုင်ပြန်/ဆက်၊ တာချီလိတ်စာရေးဆရာအသင်း နှင့် Tachileik Online News တို့မှ ပူးပေါင်းပြီး အခမဲ့ ဖြန့်ချီသွားရန် အစီအစဉ်ရှိသည်။ လတ်တလောတွင် ထိုသို့ အခမဲ့ ဖြန့်ချီနိုင်ရန်အတွက် တာချီလိတ်မြို့နယ် စာရေးဆရာအသင်း ပရင်တာ(Printer all in one)တစ်လုံးနှင့် ကွန်ပျူတာတစ်စုံ လိုအပ်နေကြောင်းလည်း သိရသည်။

တာချီလိတ်မြို့နယ် စာရေးဆရာအသင်းမှ နှစ်စဉ်အဖြစ် ရွှေတြိဂံ မဂ္ဂဇင်းကို ထုတ်ဝေလျှက်ရှိပြီး လစဉ်အဖြစ် မျိုးမြန်မာစာစောင်ကို ထုတ်ဝေလျှက်ရှိရာ ယခုအခါမှာ နေ့စဉ်သဖွယ် သတင်းများကို သိရှိနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် စာရေးဆရာအသင်းအား ဆက်သွယ်ရန်
ဦးထိန်မင်း
( ဥက္ကဌ )
တာချီလိတ်မြို့နယ် စာရေးဆရာအသင်း
မြန်မာဖုန်း။     095-240641
ထိုင်းဖုန်း။  082-7650919

Monday, February 25, 2013

ဖေဖော်ဝါရီလ(၂၅)ရက်နေ့ ည(၇)နာရီက တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမမှာ တာချီလိတ်မြို့နယ် စာရေးဆရာအသင်းကကြီးမှူးပြီး စာရေးဆရာ(၂)ဦး စာရေးဆရာမ (၁)ဦးတို့နဲ့ စာပေဟောပြောပွဲကို ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

{စာရေးဆရာ လယ်တွင်းသား စောချစ်}

{စာရေးဆရာ နေ၀င်းမြင့်}

တာချီလိတ်မြို့နယ် စာရေးဆရာအသင်းက ပြုလုပ်တဲ့ စာပေဟောပြောပွဲမှာ စာရေးဆရာ လယ်တွင်းသား စောချစ်၊ စာရေးဆရာ နေ၀င်းမြင့် နဲ့ စာရေးဆရာမ ခင်ခင်ထူးတို့က ဟောပြောကြတာဖြစ်ရာ စာပေချစ်မြတ်နိုးသူ ၀ါသနာရှင် တော်တော်များများ လာရောက် အားပေးခဲ့ကြတာကို တွေ့ရပါတယ်။

{စာရေးဆရာမ ခင်ခင်ထူး}

ယနေ့ နံနက်ပိုင်းက တာချီလိတ်မြို့နယ် စာရေးဆရာအသင်းရုံးကို ဖွင့်လှစ်ပွဲအဖြစ် ကျင်းပခဲ့ကြတာဖြစ်ပြီး ညနေပိုင်းမှာတော့ အခုလို စာပေဟောပြောပွဲ့ကို ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း အဆိုပါ စာရေးဆရာ/မ တို့က ကျိုင်းတုံမြို့မှာလည်း သွားရောက်ဟောပြောမှာဖြစ်တယ်လို့ သိရပါတယ်။

ပုံများကိုကြည့်ရန်

Sunday, February 24, 2013

တာချီလိတ်မြို့နယ် စာရေးဆရာအသင်းရုံးကို ၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၂၅)ရက်နေ့ နံနက်(၇း၂၈)နာရီက ဖွင့်ပွဲအဖြစ် ပြုလုပ်ခဲ့ကြပါတယ်။

ဖဲကြိုးဖြတ် ဖွင့်ပွဲကို မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဌဖြစ်သူ စာရေးဆရာ လယ်တွင်းသား စောချစ်၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးနဲ့ တာချီလိတ်မြို့နယ်စာရေးဆရာအသင်း ဥက္ကဌ ဦးထိန်မင်းတို့က ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ ဖွင့်ပွဲကို ခရိုင်/မြို့နယ် ဌာနဆိုင်ရာများအပါအ၀င် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ နဲ့ တိုင်းရင်းသားများလည်း တက်ရောက်လာခဲ့ကြတာကို တွေ့ရပါတယ်။

{စာရေးဆရာ လယ်တွင်းသား စောချစ်မှ အမှာစကားပြောကြားစဉ်}

ဖဲကြိုးဖြတ်မဖွင့်လှစ်မီမှာ  မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဌ စာရေးဆရာ လယ်တွင်းသား စောချစ် နဲ့ စာရေးဆရာ နေ၀င်းမြင့် တို့က အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာ မောင်ဖိုးစံ-ဒူးယား(ရဲအုပ် စံသိန်း) တို့က ကျေးဇူးတင်စကားပြောကြားခဲ့ကြပါတယ်။ စာရေးဆရာ လယ်တွင်းသား စောချစ် နဲ့ စာရေးဆရာ နေ၀င်းမြင့်တို့မှ အဖွင့်အမှာစကားပြောကြားသွားသည့်အနက် "တာချီလိတ်မြို့နယ်စာရေးဆရာအသင်းရုံးလို ခမ်းနားထည်ဝါမှုမျိုး ဘယ်မှာမှ မရှိသေးကြောင်း နဲ့ စာပေ၀ါသနာရှင်များအတွက် အကောင်းဆုံးဖြစ်အောင် စာကြည့်တိုက် အတွက် ဆောင်ရွက်စေလိုကြောင်း" ပြောကြားသွားတာကို ကြားသိခဲ့ရပါတယ်။


{စာရေးဆရာ နေ၀င်းမြင့် အမှာစကားပြောကြားစဉ်}

တာချီလိတ်မြို့နယ် စာရေးဆရာအသင်းရုံးကို ဆောက်လုပ်ရန်အတွက် ၂၀၁၂ခုနှစ်
 ဖေဖော်ဝါရီလ(၁၆)ရက်နေ့က စတင်ပန္နက်ရိုက်ခဲ့တာဖြစ်ပြီး ၂၀၁၃ခုနှစ် ဇန်န၀ါရီလ(၁၆)ရက်နေ့မှာ ဆောက်လုပ်မှုပြီးစီးခဲ့ရာ ကုန်ကျငွေမှာ ငွေကျပ်(၂၇၅)သိန်းကုန်ကျခဲ့ကြောင်း သိရပါတယ်။

ပုံများကိုကြည့်ရန်

Monday, September 10, 2012

တာချီလိတ်မြို့နယ် စာရေးဆရာအသင်းမှ စီစဉ်ဆောင်ရွက်သည့် ရွှေတြိဂံ မဂ္ဂဇင်းအတွက် စာမူများကို
( ၃၀.၁၀.၂၀၁၂)နောက်ဆုံးထား၍ ပေးပို့နိုင်ကြောင်းသိရှိရပါသည်။

ရွှေတြိဂံ မဂ္ဂဇင်းအတွက် တာချီလိတ်မြို့နယ်အတွင်းရှိ စာပေ၀ါသနာရှင်များ စာရေးဆရာ စာရေးဆရာမများအနေဖြင့်
  • ၀တ္ထုတို
  • ၀တ္ထုရှည်
  • ဆောင်းပါး
  • ပန်းချီ
  • ကားတွန်
  • ကဗျာ
စသည်များကို ပေးပို့နိုင်ပါသည်။

ပေးပို့နိုင်သော လိပ်စာမှာ
ဦးထိန်မင်း ( ဥက္ကဌ )
မြို့နယ်စာရေးဆရာအသင်း
"မေတ္တာ" မိတ္တူဆိုင်၊ အကောက်ခွန်ရုံးရှေ့
တာချီလိတ်မြို့
ဦးမောင်ကြည် ( အတွင်းရေးမှူး )
မြို့နယ်စာရေးဆရာအသင်း
ခရိုင် ပြန်/ဆက်ရုံး၊ ရွှေတိဂုံဘုရားလမ်း၊
တာချီလိတ်မြို့
တာချီလိတ်မြို့နယ်အဆင့် မဂ္ဂဇင်းအား ၁၉၉၃ခုနှစ်က စတင်ထုတ်ဝေခဲ့ကြသည်။

ပုံများကိုကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Sunday, September 2, 2012

တာချီလိတ်မြို့နယ်၊ ရွေတိဂုံဘုရားလမ်းရှိ ခရိုင် ပြန်/ဆက် ရုံးတွင် တာချီလိတ်မြို့နယ် စာရေးဆရာအသင်းအလုပ်အမှုဆောင်အဖွဲ့ညှိနှိုင်းအစည်းအဝေးအား ၂.၉.၂၀၁၂ခုနှစ် နံနက်(၁၀း၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


အစည်းအဝေးသို့အလုပ်အမှုဆောင်(၁၀)ဦးရှိသည့်အနက် အဆိုပါအစည်းအဝေးတွင် ဥက္ကဌဦးထိန်မင်း ဦးဆောင်လျှက်ဆွေးနွေးကြရာ ၂၀၁၂ခုနှစ် တာချီလိတ်မြို့နယ် အထိမ်းအမှတ် ရွှေတြိဂံမဂ္ဂဇင်း ထုတ်ဝေရေးအတွက် စာတည်းအဖွဲ့ ကဏ္ဍအလိုက် သဘောတူညီချက်အရ အောက်ပါအတိုင်းတာဝန်ခွဲဝေယူကြပါသည်။


စာတည်းမှူးချုပ်အဖြစ် ဦးထိန်မင်း (မင်းအေးငြိမ်းဈေ)မှဆောင်ရွက်ပြီး တာဝန်ခံစာတည်းများအဖြစ်
  • ဆောင်းပါး ၊ သတင်း
(၁)ဦးမောင်ကြည်(မောင်ဆွေငြိမ်း)
ဦးစိုင်းဇော်မိုး(စူလဏီး)
  • မှုခင်းနှင့်ဥပဒေဆိုင်ရာ
(၂)ဦးစိုင်းကျော်ဇံ(စိုင်းလုံကျော်)
ဦးစံသိန်း(မောင်ဖိုးစံ-ဒူးယား)
  • ကဗျာ
(၃)ဦးမြင့်ဝင်းလှ(မြတ်မျိုးမြင့်မာန်)
  • ၀တ္ထု
(၄)ဦးမောင်မောင်နိုင်(နိုင်မောင်မောင်)
  • ကာတွန်း
(၅)ဦးဝေယံဦး(နေတစ်စင်း)
  • ဘာသာရေး
(၆)ဦးမြင့်လွင်(ဇေယျာမင်း ကေတု)
တို့ကအသီးသီးတာဝန်ယူပြီးစာမူများကို (၃၁.၁၀.၁၂)နောက်ဆုံးထား တောင်းခံပြီး ကြော်ငြာဗီနိုင်းများဖြင့် အမြန်ဆုံးဆောင်ရွက်သွားရန် ဆုံးဖြတ်ပါသည်။

ထို့နောက် အစည်းအဝေးတွင် မြို့နယ်စာရေးဆရာအသင်းပြက္ခဒိန်ထုတ်ဝေရေး၊ ကဗျာစာအုပ်ထုတ်ဝေရေးနှင့်
မြို့နယ်စာရေးဆရာအသင်းWebsite တင်ရာတွင်အလုပ်အမှုဆောင် ဦးမြင့်ဝင်းလှ အနေဖြင့် တာချီလိတ်
အွန်လိုင်းစာမျက်နှာအား ဆောင်ရွက်နေသူ ဦးဇော်အောင် နှင့်ပေါင်းစပ်ညှိနှိုင်းပြီး အယ်ဒီတာအဖြစ် တာဝန်ယူ၍ ကူညီဆောင်ရွက်သွားရန် လည်းကောင်း၊ တည်ဆောက်ဆဲဖြစ်သော မြို့နယ်စာရေး ဆရာအသင်းအဆောက်အဦ ပြီးစီးမှုအခြေအနေအား ယခုအစည်းအဝေးအပြီးတွင်တပါတည်း သွားရောက်ကြည့်ရှုလေ့လာပြီး လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်အကောင်အထည်ဖေါ်သွားရန် စသည်အသင်းဆိုင်ရာလုပ်ငန်းတို့အားအသေးစိတ်ဆွေးနွေးညှိနှိုင်းကြပြီး အစည်းအဝေး ပြီးဆုံးခဲ့ပါသည်။

တာချီလိတ်မြို့နယ်စာရေးဆရာအသင်းသည် မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့အား ပြန်လည်ပြင်ဆင်ရန် လမ်းညွှန်ချက်အရ ယခုနှစ်ဇွန်လတွင် စတင်ဖွဲစည်းခဲ့သောအသင်းဖြစ်ပါသည်။ ယခင်တာချီလိတ်မြို့နယ် စာပေနှင့်စာနယ်ဇင်းအဖွဲ့ဝင်များအားလုံး ပြန်လည်ပါဝင်ဆောင်ရွက်လျှက်ရှိပါသည်။

တာချီလိတ်စာပေနှင့်စာနယ်ဇင်းအဖွဲ့အား (၁၇.၅.၉၉)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး စာပေအကျိုးကိုစတင်ဆောင်ရွက်ခဲ့ပါသည်။

မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့၏ တာဝန်ပေးချက်အရ အောက်ဖေါ်ပြပါပုဂ္ဂိုလ်များဥက္ကဌများအဖြစ်တာဝန်
ယူခဲ့ကြပါသည်။
  • (၁) ဦးတင်ဝင်း
  • (၂) ဦးကျင်ပု
  • (၃) ဒေါက်တာမြင့်အောင်
  • (၄) ဦးမြင့်ဝင်းလှ
  • (၅) ဦးထိန်မင်း တို့ဖြစ်ကြပြီး မြို့နယ်စာရေးဆရာအသင်းအဖြစ် ပြန်လည်ပြင်ဆင်ဖွဲ့စည်းသောအခါတွင်လည်း
ဦးထိန်မင်းမှ မြို့နယ်စာရေးဆရာအသင်း၏ဥက္ကဌအဖြစ် ဆက်လက်တာဝန်ယူဦးဆောင်လျှက်ရှိပါသည်။

အသင်းသည်စာပေနှင့်စာနယ်ဇင်း အဖွဲ့အနေဖြင့် ရပ်တည်စဉ်က တာချီလိတ်စာပေသမိုင်းမှတ်တမ်း ကျန်ရစ်စေမည့် ရွှေတြိဂံမဂ္ဂဇင်းများကို တစ်နှစ်ထက်တစ်နှစ် အရည်အသွေးမြင့်မားစေရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့ကြပါသည်။ ထို့ပြင် မျိုးမြန်မာ တာချီလိတ်စာစောင်အား စာပေ၀ါသနာရှင်များ ကလောင်သွေးနိုင်ရေးအတွက် ဒေသတွင်းထုတ်ဝေဖြန့်ချီခဲ့ပြီးလက်ရှိလည်း ဆက်လက်ထုတ်ဝေ
ဆောင်ရွက်လျှက်ရှိပါသည်။

တာချီလိတ်စာရေးဆရာအသင် Website အား လွှင့်တင်နိုင်ပါက အသေးစိတ်အချက်အလက်များအား ဆက်လက် တင်ပြသွားမည်ဖြစ်ပါကြောင်း လေးစားစွာ အစီရင်ခံအပ်ပါသည်။
သတင်းပေးပို့သူ - မြတ်မျိုးမြင့်မာန်
ပုံများကိုကြည့်ရန်