Latest News

Dropdown Menu

Showing posts with label လူကုန်ကူးမှု. Show all posts
Showing posts with label လူကုန်ကူးမှု. Show all posts

Sunday, January 26, 2014

နိုင်ငံတော် အစိုးရမှ တိုင်းရင်းသားလူငယ်မောင်မယ်များ အိမ်နီးချင်းနိုင်ငံများအား အထင်ကြီးစိတ်၊ ကြီးပွားချမ်းသာလိုသောစိတ်တို့ဖြင့် တရားမ၀င်သွားရောက်လုပ်ကိုင်ကြရာမှ လူကုန်ကူးခံရမှု၊ လူသားချင်း စာနာစိတ်ကင်းမဲ့စွာဖြင့် အဓမ္မအလုပ်လုပ်ကိုင်ခိုင်းမှု၊ ဖိနှိပ်အနိုင်ကျင့်ခံရမှု၊ အမျိုးသမီးငယ်လေးများအား ပြည့်တန်ဆာအဖြစ် အတင်းအကျပ်စေခိုင်းခံရမှုစသည့် ဆိုးကျိုးများအား ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာ စသည့် မီဒီယာများမှ မကြာမကြာထုတ်လွှင့်အသိပညာပေးလျှက်ရှိသော်လည်း ရိုးသားပြီး ဗဟုသုတနည်းပါးသော ကျေးလက်ဒေသများမှ အရွယ်ကောင်းလူငယ်လေးများသည် တစ်ဖက်နိုင်ငံ များသို့ အထင်ကြီးစိတ်ဖြင့် တရားမ၀င်သွားရောက်နေမှုများ မကြာခဏ ဖြစ်ပေါ်လျှက်ရှိနေရာ ဇန်န၀ါရီ ၂၆ရက် နံနက် ၁၁နာရီခွဲ အချိန်ခန့်က လူကုန်ကူးမှုတားဆီးနှိပ်နှင်းရေး အထူးအဖွဲ့၊တာချီလိတ်မှ ရဲအုပ် ၀ဿန်ကျော် နှင့် ဒုရဲအုပ် လှဘုန်းတို့ နယ်မြေသတင်းစုံစမ်းနေစဉ် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် အောင်မြတ်ခန်းမအနီး ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် အမျိုးသား(၇)ဦး၊အမျိုးသမီး (၂)ဦးပါ လူတစ်စုအား ဆမ်လော့(သုံးဘီးဆိုင်ကယ်)အပေါ်တင်ဆောင်နေသည်ကို မသင်္ကာဘွယ်ရာ တွေ့ရှိရသည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာန၊ လူကုန်ကူးမှုတားဆီးနှိပ်နှင်းရေးအထူးအဖွဲ့ရုံးသို့ ခေါ်ယူစစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)ညောင်ရွှေမြို့နယ်၊ ဂနိုင်ဝိုင်းကျေးရွာနေ စိုင်းထွန်းလှ (၁၉ နှစ်)၊ မောင်ထွန်းစိန်(၁၈နှစ်)၊ မောင်စိန်ရွှေ(၂၁နှစ်)၊ မောင်စောန(၂၉နှစ်)၊ မ၀င်းမေ(၂၇နှစ်)၊မမီးလှ(၃၇ နှစ်)၊ ဖက်မွန်ကျေးရွာနေ မောင်ကျော်စိုး (၁၉ နှစ်)၊ တပ်ကြီးကျေးရွာနေ မောင်စိုးမောင် (၂၃ နှစ်)၊ ပိန္နိကုန်းကျောက်ဟိုင်ကျေးရွာနေ ကိုမောင်ခန်း(၄၄ နှစ်)တို့သည် တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံဖက်တွင် အသိမိတ်ဆွေ ဆွေမျိုးသားချင်းမရှိဘဲ ၎င်းတို့၏ သဘောအလျောက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ အလုပ် လုပ်ကိုင်ရန် သွားရောက်မည်ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။


အဆိုပါအဖွဲ့အား လူကုန်ကူးမှုတားဆီးနှိပ်နှင်းရေးအထူးအဖွဲ့၊ တာချီလိတ်မြို့မှ ဒုတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ရင်ရင်အေးနှင့် တာဝန်ရှိသူများက တစ်ဖက်နိုင်ငံသို့ တရားမ၀င်သွားရောက်ပါက လူမှောင်ခို မှတဆင့် လူကုန်ကူးမှု ဖြစ်ပွားတတ်ပုံ၊ လူကုန်ကူးမှုနှင့် လူမှောင်ခိုပို့ခံရပါက ရရှိနိုင်သည့် ဆိုးကျိုးများအား အသိပညာပေးဟောပြောကာ နေ့လည်စာများကျွေးမွေးပြီး ၎င်းတို့၏မိဘရပ်ထံသို့ ညနေ(၃) နာရီခွဲ အချိန်တွင် ယာဉ်အမှတ် (၆စ/၅၀၂၂) နှင့် (၈ဈ/၁၉၈၆) တို့ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းပေးပို့သူ။          ။ မောင်ယဉ်ကျေး


~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Wednesday, November 20, 2013

(၂၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာနေ့ အထိမ်းအမှတ် အခမ်းအနားအား တာချီလိတ်မြို့၊ ဟုတ်တက်တရုတ်ဘုံကျောင်းမှာ ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာအကြီးအကဲများ အပါအ၀င်၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ NGO နှင့် INGOများမှ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၇၀၀ ၀န်းကျင် တက်ရောက်လာခဲ့ကြပြီး ပြဇာတ်တို နှင့် ကျပန်း စကားပြောပြိုင်ပွဲတို့ဖြင့် နံနက် ၉နာရီမှ နေ့လည် ၁၂နာရီအချိန်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။


အဆိုပါ အခမ်းအနားတွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း ( CRC ) နှင့် ပတ်သက်၍  "CRC မူကြမ်းကို ၁၉၈၉ခုနှစ်၊ နိုဝင်ဘာလ ၂၀ရက်နေ့ (၄၄)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုခဲ့တာဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၁ခုနှစ် ဇူလိုင်လမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ လက်မှတ်ရေးထိုးခဲ့ပြီး ယင်းနှစ် ၁၅ရက်နေ့မှာ အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံခဲ့ပြီးဖြစ်ကြောင်း၊ CRC မှာ အဖွဲ့ဝင်အဖြစ် ၀င်ရောက်ခဲ့ရာမှာ CRC ကို အကောင်အထည် ဖော်ဖို့အတွက် ပြည်တွင်း ဥပဒေဖြစ်သည့် ကလေးသူငယ်ဥပဒေကို ၁၉၉၃ခုနှစ် ဇူလိုင်လ ၁၄ရက်နေ့မှာ ပြဌာန်းခဲ့ပြီး ၂၀၀၁ခုနှစ် ဒီဇင်ဘာလမှာ နည်းဥပဒေကို ဆက်လက်ရေးဆွဲ ပြဌာန်းခဲ့တာဖြစ်ကြောင်း" အဖွင့်အမှာ စကားအဖြစ် ရှင်းလင်းပြောကြားသွားသည်။


၎င်းနောက် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဒုတိယဥက္ကဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းထွန်း က ကလေးသူငယ် ဥပဒေနှင့် ပတ်သက်၍ "ကလေးသူငယ် ဥပဒေပုဒ်မ (၆၅)ပါ ပြဌာန်းချက်များအရ ကလေးသူငယ်ကို အန္တရာယ်ရှိသည့် အလုပ်စေခိုင်းခြင်း၊ စာရိတ္တ ပျက်ပြားစေသည့် အလုပ်ခိုင်းစေခြင်း၊ အရက်ဝယ်ခိုင်းခြင်း၊ အရက်ရောင်းခိုင်းခြင်း၊ လောင်းကစား လုပ်ခိုင်းခြင်း စသည့် ဖြစ်ရပ်တွေကို ပတ်ဝန်းကျင်မှာ တွေ့မြင်နေရသော်လည်း အမှုဖွင့် တိုင်ကြားခြင်း မရှိသည့်အတွက် အရေးမယူနိုင်ဘဲ ဖြစ်နေတာကို တွေ့နေရပါကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်၍ ရဲအရေးပိုင်သည့် ကိစ္စမဟုတ်သည့်အတွက် သိသူ မြင်သူများအနေဖြင့် အမုန်းမခံ၊အလုပ်ရှုပ်ခံပြီး တိုင်တန်းကြခြင်း မပြုတာလည်းပါကြောင်း၊ တကယ်တော့ အဆိုပါ ပုဒ်မ (၆၅)ပါ ပြစ်မှုသည် ထောင်ဒဏ် (၆)လအထိ ပြစ်ဒဏ်ထိုက်သင့်ပြီး အမှန်တကယ် ကလေးသူငယ်အပေါ် ကျူးလွန်မှုမှန်လျှင် အမှုဖွင့် တိုင်ကြားကြပြီး အရေးယူသင့်သည့် ပြစ်မှုဖြစ်ကြောင်း" အဖွင့်မိန့်ခွန်း၌ ပြောကြားသည်။


"အလားတူ ပုဒ်မ (၆၆)အရ အသက် (၁၆)နှစ် မပြည့်သေးသည့် မိန်းကလေးက ပြည့်တန်ဆာအဖြစ် အသက်မွေးသည်ကို သိလျှက်နှင့် လျစ်လျှူရှု့ထားခြင်း၊ ကလေးသူငယ်ကို တောင်းရမ်းခိုင်းခြင်း၊ တမင်ညှဉ်းပန်းနှိပ်စက်ခြင်း နှင့် ကလေးသူငယ်အား ညစ်ညမ်းဓါတ်ပုံရိုက်ခြင်း စသည့် ပြစ်မှုတွေအတွက် ထောင်ဒဏ် (၂)နှစ်အထိ ပြစ်ဒဏ်ထိုက်ကြောင်း"၎င်းမှ ဆက်လက်ပြောကြားသွားသည်။


ယင်းနောက် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် ပြိုင်ပွဲမှ တစ်ခန်းရပ်ပြဇာတ်ဆုရရှိသော ပထမဆု နှင့် ဒုတိယဆု ရှင် တာလေမြို့နယ်ခွဲကျောင်းများမှ နားအွန်ကျောင်း နှင့် အ.ထ.က(တာလေ)တို့မှ ဖျော်ဖြေ ကပြသည်။

ဆက်လက်၍ အခြေခံပညာအလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ နှင့် မူလတန်းအဆင့်
ရောင်စုံပန်းခင်း ကဗျာစပ်ဆိုပြိုင်ပွဲအား ကျင်းပပြီးနောက် တဆက်တည်းမှာပင် ဆုရရှိသည့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ရာ လူမှုရေးအသင်းအဖွဲ့များ နှင့် စီးပွားရေးလုပ်ငန်းရှင်များက ထပ်ဆင့်၍ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြသည်။

ပုံများကိုကြည့်ရန်
၂၄ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာအခမ်းအနား
79 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~





Wednesday, September 25, 2013

တာချီလိတ်မြို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော တစ်ဖက် ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်ရောက်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများအား ထိုင်းအစိုးရ တာဝန်ရှိသူများက ဖမ်းဆီးအရေးယူကာ မြန်မာနိုင်ငံ တာချီလိတ်ဘက်သို့ ရက်သတ္တပတ်တွင် ၂ကြိမ် လွှဲပြောင်းမှုများ ပြုလုပ်လျှက်ရှိရာ စက်တင်ဘာလ ၂၅ရက်၊ နံနက် ၁၁း၁၀မိနစ် အချိန်က မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ် ၁ တံတားပေါ်တွင် ထိုင်းဘက် တာဝန်ရှိသူများက တရားမ၀င် မြန်မာအလုပ်သမား ၁၅ ဦးအား မြန်မာဘက် တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ရာတွင် ထိုင်းနိုင်ငံ ရဲချုပ်ရုံးမှ ဒုတိယရဲဗိုလ်ချုပ်ကြီး Mr.Santi PhenSit နှင့် အဖွဲ့ဝင်(၃၀)အပါအ၀င် မြန်မာဘက်မှ သက်ဆိုင်ရာ တာဝန်ရှိသူ အကြီးအကဲများက လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


ထိုသို့လွှဲပြောင်းရာတွင် အာခါလူမျိုး ၂ ဦး၊ ဗမာလူမျိုး ၆ ဦး၊ ရ၀မ်လူမျိုး ၁ ဦး၊ ရှမ်းလူမျိုး ၃ဦး၊ ကချင်လူမျိုး ၂ ဦး နှင့် ဂေါ်ရခါး ၁ ဦး စုစုပေါင်း ၁၅ ဦးဖြစ်ရာ အမျိုးသား ၁၄ ဦး နှင့် အမျိုးသမီး ၁ဦး ပါဝင်ကြောင်း သိရသည်။

" သူဋ္ဌေးက အလုပ်သမားကဒ်မရှိတဲ့ မြန်မာအလုပ်သမားတွေအတွက် ရဲဖမ်းတာကို မခံရအောင် ရဲကြေးပေးတာမျိုးတွေရှိပါတယ်၊ ကျွန်တော်တို့က သစ်သီးတွေပို့တာဆိုတော့ သစ်သီးနည်းတဲ့ အခေါက်ဆိုရင် သူဋ္ဌေးက ရဲကြေးမပေးတော့ဘူး၊ အဲ့လို မပေးတာကြာလာလို့ထင်တယ်၊ အခုလို ဖမ်းခံရတော့တာပဲ"ဟု အဖမ်းခံရ၍ ပြန်လည်ပို့ခံရသူ ကိုအေးချိုမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။


"ကျွန်တော်က ထိုင်းလ၀က အိမ်မှာ အလုပ်လုပ်တာ၊ ဘယ်လိုလုပ် အဖမ်းခံရတာလည်းဆိုတာ မပြောတတ်ဘူး၊ အလုပ်ကလည်း လုပ်နေရင်းဆိုတော့ ပြန်သွားဖို့တော့ စဉ်းစားထားတယ်"ဟု ပြန်ပို့ခံရသူ အသက် ၃၅၀န်းကျင်ရှိ အမျိုးသားတစ်ဦးမှ ပြောလာသည်။

"ကျွန်တော်တို့ ပန်းရံလုပ်နေတုန်း ရဲတွေက ကဒ်မရှိရင် ဖမ်းမယ်၊ ထောင်ချမယ်ပြောပြီး ၀င်ဖမ်းလို့ အခုလို တာချီလိတ်ကို ရောက်လာခဲ့တာပါ"ဟု ပြန်ပို့ခံရသည့် အသက် ၁၇ နှစ်အရွယ် မောင်အိုခွါန် မှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။


ယခုလို ထိုင်းဘက်မှ မြန်မာဘက်သို့ တရားမ၀င် အလုပ်သမားများနှင့် ဖမ်းခံရသူ
မြန်မာနိုင်ငံသားများအား ပြန်လည် လွှဲပြောင်းခြင်းနှင့် ပတ်သက်၍ လွန်ခဲ့သော ၂၀၁၀ခုနှစ် အောက်တိုဘာလ ၃ရက်နေ့က တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ အာဒီးရွာ အနီးရှိ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးစခန်း၏ တစ်ဖက်ထိုင်းနိုင်ငံပိုင် နယ်မြေတွင် မြန်မာနိုင်ငံသား အလုပ်သမားများအား ထိုင်းဒေသအာဏာပိုင်များမှ အချုပ်ကားဖြင့် သယ်ဆောင်လာခဲ့ပြီး မြန်မာနိုင်ငံ ဘက်ခြမ်းသို့ စွန့်ပစ်နှင်ထုတ်ခဲ့သည့်အတွက် တာချီလိတ်မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အစီအမံဖြင့် အမှတ်(၁) ချစ်ကြည်ရေးတံတားပေါ်၌ နှစ်ဖက် တာဝန်ရှိသူများဖြင့် လွှဲပြောင်း/လက်ခံခြင်းကို ၂၀၁၀ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့မှ စတင်၍ဆောင်ရွက်ခဲ့ကြတာ ဖြစ်ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
အလုပ်သမားကဒ်မရှိ၍အဖမ်းခံရသည့်မြန်မာနိုင်ငံသား ၁၅ ဦးအားလွှဲပြောင်း
32 photos
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Tuesday, September 24, 2013

တာချီလိတ်မြို့နယ်၊ မယ်ခေါင်ရပ်ကွက်၊ အိမ်အမှတ် ၄/၄၀တွင်  စက်တင်ဘာလ ၁၈ရက်၊ နံနက် ၉နာရီခွဲ အချိန်ခန့်က ရုတ်တရက်ပျောက်ဆုံးသွားသော နှစ်နှစ်သား ကလေးငယ် မောင်စိုင်းလုံဝမ်းမှာ မသမာသူတစ်စု၏ ခိုးခံရမှုမဟုတ်ပဲ နေအိမ်အနီးရှိ ချောင်းထဲသို့ ရုတ်တရက်ပြုတ်ကျရာမှ ရေထဲမျောသွားတာဖြစ်နိုင်ကြောင်းနှင့် စက်တင်ဘာလ ၂၁ရက်နေ့က ရေချောင်းထဲတွင် မျောလာသော ကလေးအလောင်းအား အလုပ်သမားများ၏ တွေ့မြင်ချက်အရ အဆိုပါကလေးအလောင်းမှာ ပျောက်ဆုံးနေသော ကလေးဖြစ်နိုင်ကြောင်း တာချီလိတ်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအထူးတပ်ဖွဲ့မှ ထင်မြင်ယူဆရကြောင်း သိရသည်။

{ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဒု-ရဲမှူး ရင်ရင်အေး နှင့် ကလေးမိဘများမှ ကလေးမျောလာသည့် ချောင်းအား ကြည့်နေစဉ် )

ဟောင်လိတ်ကျေးရွာအုပ်စု၊ ပါလျှံ(၂)၊ မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်ချောင်းဘေးရှိ ဦးအောင်အောင်၏ ခြံဝန်းထဲတွင် အလုပ်လုပ်နေသော အလုပ်သမားများမှ စက်တင်ဘာလ ၂၁ရက် နံနက် ၉နာရီခန့်က အဆိုပါချောင်းအတွင်း ကလေးငယ် အလောင်းတစ်လောင်း မျောလာသည်ကို တွေ့ရှိရကြောင်းနှင့် ရေစီးသန်နေမှုတို့ကြောင့် ၎င်းတို့မှ ဆင်းဆယ်ရန် အဆင်မပြေခဲ့ကြောင်းကို
ပြောကြားလာသည်။

{  ဒု-ရဲမှူး ရင်ရင်အေး မှ ကလေး၏ ဖခင်အား နှစ်သိမ့်အားပေး }

"ကျွန်တော်တို့ အလုပ်လုပ်နေရင်း အဖွဲ့ထဲက တစ်ယောက်က ချောင်းထဲမှာ ကြောင်သေတစ်ကောင် မျောလာတယ်လို့ လှမ်းပြောတယ်၊ နောက်မကြာဘူး၊ ကလေးအလောင်း တစ်လောင်းမျောလာတယ်၊ ကလေးအလောင်းမျောလာပြီးတော့ ၀က်သေကောင် တစ်ကောင်မျောလာတယ်၊ ကလေးအလောင်းကို တွေ့မြင်လိုက်ရတဲ့ ကိုဓနု ပြောတာကတော့ ကလေးက ပက်လက်လေး မျောလာတယ်၊ အင်္ကျီက အနီကျားလေးနဲ့ ယောကျာ်းလေး၊ ကလေးအရွယ်က ၂နှစ်သားအရွယ်လောက်ပဲ ရှိလိမ့်မယ်၊"ဟု ကိုထွန်းထွန်းမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

"ကလေးမျောလာတဲ့ ၂၁ရက်နေ့က ကျွန်တော့် အလုပ်သမားတွေက အကြောင်းကြားလာလို့ ကျွန်တော်က ၁၂နာရီလောက်မှ သိရတယ်၊ သိတာနဲ့ သက်ဆိုင်ရာကို အသိပေးခဲ့ပြီး ချောင်းဘေးကို လာကြည့်ခဲ့ပါတယ်။"ဟု ခြံဝန်းပိုင်ရှင် ဦးအောင်အောင် မှ ပြောပြသည်။

"အဖွဲ့အနေနဲ့ ရပ်ကွက်ရုံးတွေ၊ စာသင်ကျောင်းတွေမှာ ကလေးပျောက်တာရှိမရှိ ဆိုတာကို အဖွဲ့ခွဲပြီးတော့ လိုက်စုံစမ်းခဲ့ပါတယ်။ အဖွဲ့ခွဲပြီး စုံစမ်းချက်အရ မယ်ခေါင်ရပ်ကွက်ထဲက ၂နှစ်သားလေး ကိစ္စကလွဲရင် ဘယ်မှာမှ ကလေးပျောက်ခြင်းမရှိတာကို သိရပါတယ်၊ စက်တင်ဘာလ ၂၁ရက်နေ့က ကလေးမျောလာတာနဲ့ ပတ်သက်ပြီး ပျောက်သွားတဲ့ ကလေးအရွယ်နဲ့ မျောလာတဲ့ ကလေးရဲ့ အရွယ်နဲ့က တူနေတယ်၊ ၀တ်ထားတဲ့ အင်္ကျီအရောင်ကလည်း တူနေတယ်ဆိုတော့ ကျွန်မတို့အနေနဲ့ ပျောက်သွားတဲ့ နှစ်နှစ်သားလေး မောင်စိုင်းလုံဝမ်း လို့ ထင်မြင်ယူဆရပါတယ်၊ ကလေးအလောင်းမျောလာတာကို တွေ့ရင် ဆယ်ထားပေးဖို့ကိုလည်း ၀မ်ပုံရဲခန်းကို အကြောင်းကြားထားပါတယ်"ဟု တာချီလိတ်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအထူးတပ်ဖွဲ့မှ ဒုတိယရဲမှူး ရင်ရင်အေးက တာချီလိတ်အွန်လိုင်းသို့ ပြောကြားသည်။

"ကလေးက ခါတိုင်းဆိုရင် ဘယ်မှ မသွားဘူး၊ ဘယ်သူခေါ်ခေါ် မလိုက်ဘူး၊ ကျွန်တော်နဲ့ သူ့အမေ နဲ့ ခေါ်မှပဲ ရတယ်၊ ချောင်းထဲမျောပါသွားတယ်ဆိုတာကို မယုံနိုင်လောက်အောင်ကိုဖြစ်မိတယ်"ဟု ကလေး၏ ဖခင်ဖြစ်သူ ဦးစိုင်းစံညွှန့်လှိုင်မှ ပြောလာသည်။

{  ပြုတ်ကျသွားသည်ဟု ယူဆသော ချောင်း}

ကလေးငယ်အား ချောင်းထဲ ပြုတ်ကျသွားသည်ဟု ယူဆသော ချောင်းတွင် စက်တင်ဘာလ ၆ရက် ည ၇နာရီဝန်းကျင်က အသက် ၃၅နှစ်ခန့်ရှိ အမျိုးသားတစ်ဦးရေထဲ ပြုတ်ကျ၍ မျောပါသွားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ကလေးများ များစွာပျောက်ဆုံးနေလျှက်ရှိကြောင်းနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ် မယ်ခေါင်ရပ်ကွက်မှ နှစ်နှစ်သားအရွယ် မောင်စိုင်းလုံဝမ်းပျောက်နေမှုအား အခြေခံ၍ တာချီလိတ်မြို့တစ်မြို့လုံးတွင် ကလေးပျောက်ဆုံးမှု ၁၉ဦးအထက်ရှိလာကြောင်း နှင့် ကလေးအလောင်းများအား လွယ်စတုံအမှိုက်ပုံ တို့တွင် သွားရောက် ပစ်ထားကြောင်း၊ ထို့အပြင် ဆေးရုံရှိ ရင်ခွဲရုံသို့ မျက်လုံးမပါသော ကလေးအလောင်းများနှင့် ကျောက်ကပ်များမပါရှိတော့သည့် ကလေးအလောင်းများ ရောက်ရှိနေကြောင်း စသည်ဖြင့် ကောလဟလသတင်းများ ပျံ့နှံ့နေလျှက်ရှိသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Thursday, September 12, 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း) နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့တွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးအကြိမ်အဖြစ် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားအား အောင်မြတ်ခန်းမ၌ စက်တင်ဘာလ ၁၃ ရက်၊ နံနက် ၉ နာရီက ပြုလုပ်ကျင်းပခဲ့ကြသည်။


အခမ်းအနားတွင် ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဒုဥက္ကဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနေမျိုးထွဋ်မှ လူကုန်ကူးမှုနှင့် ပတ်သက်၍ "ဗဟိုအဖွဲ့မှ တားဆီးနှိမ်နင်းရေးအဖွဲ့များ၏ (၅)နှစ်အတွင်း ဖော်ထုတ်ခဲ့သော လူကုန်ကူးမှုပေါင်း (၆၄၁)မှု၏ ဖြစ်စဉ်များကို အသေးစိတ် လေ့လာ သုံးသပ်သည့်အခါ မြန်မာနိုင်ငံအတွင်း မြို့နယ်ပေါင်း (၃၃၀)မြို့နယ် အနက်၊ (၁၁၉)မြို့နယ်တွင်သာ လူကုန်ကူးမှုဖြစ်ပွားခဲ့ကြောင်း၊ လူကုန်ကူးမှုဖြစ်ပွားသည့် (၁၁၉)မြို့၌ လူကုန်ကူးမှုအများဆုံး ဖြစ်ပွားသည့် မြို့နယ်မှာ (၄၂)မြို့နယ်၊ အနည်းအကျဉ်းဖြစ်ပွားသည့် မြို့နယ်မှာ (၃၄)မြို့နယ်ရှိပြီး ရံဖန်ရံခါဖြစ်ပွားသော မြို့နယ်မှာ (၄၃)မြို့နယ်ဟူ၍ အုပ်စု (၃)စု ခွဲခြား သတ်မှတ်ထားကြောင်း၊ တာချီလိတ်ခရိုင်သည် အုပ်စု(၁) (၄၂)မြို့နယ်တွင် ပါဝင်သည့်အတွက် အထူးစီမံချက်နယ်မြေအတွင်းမှာ တာဝန်ထမ်းဆောင်နေသော ခရိုင်ရဲမှူး၊ စခန်းမှူး နှင့် နယ်ထိန်း အရာရှိ (၃)ဦးတို့ကို ၂၀၁၂ခုနှစ် အတွင်းမှာ သင်တန်းခေါ်ယူကာ နယ်မြေခံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့နှင့် အတူ လုပ်ငန်းစဉ် (၁၀)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် စေခဲ့ကြောင်း၊"မိန့်ခွန်းတွင် ပြောကြားသွားခဲ့သည်။


ဆက်လက်၍ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးမှ လူကုန်ကူးမှုနှင့် ပတ်သက်၍ "လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ မည်သည့်နိုင်ငံမှာမှ ပြီးပြည့်စုံသည့် ဆောင်ရွက်မှုများ မရှိကြသော်လည်း၊ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းစီ၏ အားနည်းချက်များကို
သုံးသပ်ပြီး ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်သည် တဖြည်းဖြည်းနှင့် ပြည့်စုံသော လုပ်ငန်းစဉ်တစ်ခု ဖြစ်လာမှာ ဖြစ်ကြောင်း" စသည်ဖြင့် ရှင်းလင်းပြောကြားသွားခဲ့သည်။


ယင်းနောက် World Vision Myanmar ဇုံနယ်မန်နေဂျာ ဦးစရီးနိုမှ လူကုန်ကူးမှု တားဆီးကာကွယ်ရေးတွင် World Vision Myanmar မှ ပါဝင်လုပ်ဆောင်လျှက်ရှိသော အခန်းကဏ္ဍများ နှင့် လူကုန်ကူးမှုနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားသွားခဲ့သည်။

ဆက်လက်၍ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် ရွှေတာချီခရီးသွားလုပ်ငန်းမှ အငှားဆိုင်ကယ်ပြေးဆွဲသူများ၊ ရပ်/ရွာများမှ အမျိုးသမီးများအား လူကုန်ကူးမှုနှင့် ပတ်သက်သည့် အသိပညာ ဟောပြောမှုများ ပြုလုပ်ရာ တာချီလိတ်မြို့နယ်ရဲစခန်း၊ စခန်းမှူး ဒုရဲမှူးကျော်သန်းမှ နှုတ်ခွန်းဆက်စကား ပြောကြားပြီး၊ လူကုန်ကူးမှုတားဆီးနိမ်နင်းရေးအဖွဲ့မှ ဒုရဲမှူးယဉ်ယဉ်အေးက အသိပညာဆိုင်ရာများကို ဆက်လက်ဟောပြောခဲ့ကြသည်။

၂၀၀၅ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းပြီး အဆင့်ဆင့်သော လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့များအား ဖွဲ့စည်းခဲ့သလို ဥပဒေကို အကောင်အထည်ဖော်ရန်အတွက် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်မှာ ယနေ့အထိ တပ်ဖွဲ့စုပေါင်း ( ၂၆ )ဖွဲ့  ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း နှင့် ယနေ့ ပြုလုပ်သော လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အား မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းနိုင်ခဲ့သည့် ၂၀၀၅ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့အား အမှတ်တရ ဂုဏ်ပြုသည့် အနေဖြင့် မြန်မာနိုင်ငံ လူကုန်ကုးမှု တိုက်ဖျက်ရေးနေ့ အဖြစ် သတ်မှတ်တာဖြစ်ကြောင်း သိရှိရသည်။

ပုံများအားကြည့်ရန်
ပထမဦးဆုံး လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ တာချီလိတ်၌ ပြုလုပ်
30 photos
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Sunday, June 2, 2013

တာချီလိတ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအထူးတပ်ဖွဲ့မှ ဒုတိယရဲမှူး ရင်ရင်အေးသည် ဇွန်လ(၂)ရက်နေ့ နေ့လည်(၁)နာရီက မကာဟိုခမ်းရပ်ကွက့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုစောင့်ကြည့်ရေး အသိပညာပေးသင်တန်းကိုပြုလုပ်ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် တာချီလိတ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအထူးတပ်ဖွဲ့မှ ဒုတိယရဲမှူး ရင်ရင်အေး မှ လူကုန်ကူးမှုနှင့်ပတ်သက်သော ရည်ရွယ်ချက်နှင့် ဖြစ်စဉ်သာဓကများ၊ နိုင်ငံအတွင်း တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းသွားလာခြင်း၊ နိုင်ငံအသီးသီး တစ်နိုင်ငံမှတစ်နိုင်ငံသို့(တရားဝင်/တရားမ၀င်)ရွှေ့ပြောင်းသွားလာခြင်း၊ ရွှေ့ပြောင်းသွားလာခြင်း ဆိုင်ရာပုံစံများ၊  လူကုန်ကူးမှုဆိုင်ရာ ဥပဒေပုဒ်မများနှင့် ပတ်သက်ပြီး အသေးစိတ်ရှင်းလင်းမှုများပြုလုပ်ခဲ့ရာ သင်တန်းတက်ရောက်လာသူများက သိလိုသည့်အချက်များနှင့် မသိနားမလည်သည့် ကိစ္စများကို ပြန်လည်မေးမြန်းခြင်းများပြုလုပ်ရာ ဒုတိယရဲမှူး ရင်ရင်အေးက ပြန်လည်ရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ပြီး သင်တန်းကို နေ့လည် ( ၃ ) အချိန်တွင် ရုတ်သိမ်းခဲ့သည်။

         အဆိုပါသင်တန်းသို့ လူမှုကူညီရေးအသင်း၊ တာချီလိတ် ရွှေတာချီခရီးသွားလုပ်ငန်းမှ ဒု-ဥက္ကဌ ဦးဘိုစံ၊ ကော်မတီဝင် ဦးကျော်မြင့်၊ ဦးကျော်သန်း၊ ဦးသောင်းထိန်စိုး၊ ရုံးစာရေး ဦးမျိုးမြင့် နှင့်အတူ ရွှေတာချီခရီးသွားလုပ်ငန်းမှ ဂိတ်မှူးများ၊ ဒုတိယဂိတ်မှူးများ၊ စည်းကမ်းထိန်းခေါင်းဆောင်များ အင်အား(၁၀၀)ကျော်  တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သတင်းပေးပို့သူ။           ။ သာစည်မျိုးသန့်


Friday, November 23, 2012

၂၀၁၂ခုနှစ် နိုဝင်ဘာ(၂၄)ရက်နေ့ နံနက်(၉)နာရီမှာ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေးဆိုင်းဘုတ်(Bill Board)ဖွင့်ပွဲ (၂)ခုကိုပြုလုပ်ခဲ့ကြပါတယ်။
 

ခရိုင်လူကုန်ကူးမှု့တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှုး ဦးသောင်းတင်ထွေး နှင့် ဒု-ဥက္ကဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး နေမျိုးထွဋ် တို့မှဦးစီး၍ လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေးဆိုင်းဘုတ်(Bill Board)ဖွင့်ပွဲပြုလုပ်ရာ အဆိုပါ ဆိုင်းဘုတ်ဖွင့်ပွဲသို့ လူကုန်ကူးမှု့တားဆီးကာကွယ်ရေးအဖွဲ့ဝင်များ နှင့် လူမှု့ရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား (၄၅)ဦးခန့် တက်ရောက်လာခဲ့ကြတာကို တွေ့ရပါတယ်။

{အမှတ်-၂ တံတားထိပ်}
{တာချီလိတ်-ကျိုင်းတုံသွားလမ်းဆုံ}

လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေးဆိုင်းဘုတ်ဖွင့်ပွဲပြုလုပ်ရာမှာ နံနက်(၉)နာရီမှာ မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၂) တံတားထိပ်တွင် ဦးစွာဖွင့်လှစ်ပြီး ဒုတိယတစ်ခုအနေဖြင့် နံနက်(၉း၂၀)နာရီမှာပင် တာချီလိတ်-ကျိုင်းတုံသွားသော လမ်းဆုံရှေ့၌ ဖွင့်လှစ်ခဲ့ကြပါတယ်။

တာချီလိတ်မြို့သည် နယ်စပ်မြို့လေးတစ်မြို့ဖြစ်တာနှင့်အညီ လူမှောင်ခိုကူးမှု့များကို နိမ်နင်း ကာကွယ်တားဆီးနိုင်ရန်နှင့် လူမှောင်ခိုကူးမှု့နဲ့ပတ်သက်ပြီး အသိသတိများရှိစေရန်အတွက် ယခုလို ပညာပေး ဆိုင်းဘုတ်စိုက်ထူတာဖြစ်ကြောင်း သိရှိရပါတယ်။

သတင်းဓါတ်ပုံများကို ကြည့်ရန်

Thursday, September 27, 2012

စက်တင်ဘာ(၂၈)ရက်နေ့ နံနက်(၁၀)နာရီက မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်မှာ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဒု-ရဲမှူးကြီး Mukda Tanasombat ဦးဆောင်တဲ့ အဖွဲ့ဝင်(၁၀)ဦးဟာ ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရတဲ့ မြန်မာ မိန်းကလေးငယ် (၅)ဦးကို မြန်မာဘက်ရှိ တာဝန်ရှိ ပုဂ္ဂိုလ်များထံ လာရောက်လွှဲအပ်ခဲ့တယ်လို့ သိရပါတယ်။



ထိုင်းဘက်မှ လွှဲအပ်ရာတွင် မြန်မာဘက်မှ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ကျိုင်းတုံ မှ လူမှုဝန်ထမ်း ဦးစီးအရာရှိ ဦးအာဒဲလယ်၊ ကျိုင်းတုံ အမျိုးသမီးသက်မွေးအတတ်သင်ကျောင်းမှ ဦးစီးအရာရှိ ဒေါ်ခင်မြင့်မြင့်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကိုယ်စား တာချီလိတ်လူကုန်ကူး တာဆီးကာကွယ်ရေးမှ ဒုရဲမှူး ရင်ရင်အေး နှင့် အဖွဲ့ဝင်များ၊ လ၀ကဦးစီးအရာရှိ ဦးမိုးဇက်၊ ကျိုင်းတုံ(မြန်မာ)world vision မှ ဦးစိုင်းလုံးကျောက် တို့က လက်မှတ်ရေးထိုးကာ လက်ခံခဲ့ကြတယ်လို့ သိရပါတယ်။


လူကုန်ကူးခံရသူ အမျိုးသမီးငယ်(၅)ဦးအား အမျိုးသမီးရေးရာအဖွဲ့နဲ့ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ တစ်ဦးချင်းစီ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြပါတယ်။ အဆိုပါ အမျိုးသမီးငယ်(၅)ဦးမှာ ကျိုင်းတုံဇာတိများဖြစ်ကြပြီး အသက်အရွယ်အားဖြင့် (၁၈)နှစ်အရွယ် (၃)ဦး၊ (၁၆)နှစ်နဲ့(၁၉) နှစ်အရွယ်(၂)ဦးဖြစ်ကြောင်း သိရပါတယ်။


လွှဲအပ်ခြင်းအပြီးမှာပဲ ကျိုင်းတုံ မှ လူမှုဝန်ထမ်း ဦးစီးအရာရှိ ဦးအာဒဲလယ် နဲ့ ကျိုင်းတုံ အမျိုးသမီးသက်မွေး အတတ်သင်ကျောင်းမှ ဦးစီးအရာရှိ ဒေါ်ခင်မြင့်မြင့်တို့က အမျိုးသမီးငယ်(၅)ဦးအား ကျိုင်းတုံ အမျိုးသမီးသက်မွေး အတတ်သင်ကျောင်းသို့ ခေါ်ဆောင်သွားကြတယ်လို့ သိရပါတယ်။

သတင်းမှတ်တမ်းဓါတ်ပုံများကို ကြည့်ရန်