Latest News

Dropdown Menu

Showing posts with label မိုင်းဖြတ်. Show all posts
Showing posts with label မိုင်းဖြတ်. Show all posts

Wednesday, February 19, 2014

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ်မြို့များသည် ပြည်ထောင်စု ကားလမ်းမကြီးဖြင့် တစ်ဆက်တစ်စပ်တည်း ဆက်စပ်တည်ရှိလျက်ရှိသည်။ ကျိုင်းတုံမြို့သည် ရှေးယခင်ကပင် ထင်ရှား ကျော်ကြားသည့် သစ်တစ်ပင်တောင်၊ နောင်တုံကန်၊ ဗျာဒိတ်ပေး ရပ်တော်မူဘုရား နှင့် ရေပူစမ်းတို့မှာ ခရီးသွားပြည်သူများ ဆွဲဆောင် နေသည့်နေရာများပင်ဖြစ်ပါသည်။ ထို့အတူ နှစ်နိုင်ငံနယ်စပ်များနှင့် ထိစပ်လျက်ရှိသည့် တာချီလိတ်မြို့တွင်လည်း ရွှေတိဂုံစေတီ၊ တာလော့ဈေး၊ ရွှေတြိဂံပါရာဒိုက်ဟိုတယ်၊ မိုင်းဖုန်းဒေသ စသည်တို့ဖြင့် ခရီးသွားပြည်သူများနှင့် နိုင်ငံခြားသားဧည့်သည်များ စည်ကားလျက်ရှိပြီး၊ နေ့စဉ်နှင့်အမျှ စည်ကားလှသည့် ရှမ်းအရှေ့ သဘာဝအလှတရားများပင်ဖြစ်ပါသည်။


သို့ရာတွင် မိုင်းဖြတ်မြို့သည် တာချီလိတ်မှ(၅၁)မိုင်၊ ကျိုင်းတုံသွားလျှင်မိုင်(၅၁)သာ ကွာဝေးသော်လည်း
ခရီးသွားများမှာ မိုင်းဖြတ်ဆိုသည့် အတိုင်း ဖြတ်သွားဖြတ်လာဖြင့်သာ တည်ရှိနေသည့် မြို့ကလေးသာ ဖြစ်ပါသည်။ ယခုအခါ မိုင်းဖြတ်မြို့မှတဆင့်  မိုင်းဖြတ်-မိုင်းယောင်းသွားလမ်း ၁၆ မိုင်ခန့်အကွာ ပြည်ငြိမ်းအေးကျေးရွာမှ တဆင့် ၅ မိုင်ခန့်ဆက်လက် သွားရောက်ပါက ထူးခြားတင့်တယ် နက်နဲဆန်းကြယ် သဘာဝအလှတရားများနှင့် ပြည့်စုံကာ ခရီးသွားပြည်သူများ နဲ့ နိုင်ငံခြားဧည့်သည်များ စိတ်ဝင်စားဖွယ်ဆွဲဆောင်နေသည့် စွမ်ဟိန်းဂူ ခေါ် ဓမ္မဂမ္ဘီရသာသနာ့လိုဏ်ဂူတော်ကြီးကို တွေ့ရှိရမည်ဖြစ်ပါသည်။

အဆိုပါ စွမ်ဟိန်းဂူ ခေါ် ဓမ္မဂမ္ဘီရ သာသနာ့လိုဏ်ဂူသည် ထူးခြားမှုအပေါင်းတို့ ပေါင်းစုရာဟု တင်စား
ရလောက်အောင် တည်ရှိနေသည်ကို ဗဟုသုတဖြစ်ဖွယ် တင်ပြရလျှင်- သာသနာသက္ကရာဇ် ၁၄၄၀ကျော်ခန့်က  တရုတ်နိုင်ငံ ၀ိသေဟိုင်းပြည်မှ ကျေးဟုန်နိုင်ငံ ( ရှမ်းနိုင်ငံ)ကို ကျူးကျော် ၀င်ရောက်လာသောအခါ  ကျေးဟုန် နိုင်ငံဘုရင် အာလ၀ီမင်းကြီးက တိုင်းပြည်မှ မဆုတ်ခွာမီ ဂူကြီး တစ်ဂူ၌ လာရောက်ပုန်းအောင်နေထိုင်ရန် အိပ်မက်တော် မြင်မက်သဖြင့် မူးကြီး မတ်ရာများအား မေးမြန်းရှာဖွေစေပြီး၊ မင်းကြီးမြင်မက်သည့် ဂူကြီးတစ်ဂူကို မူးကြီးမတ်ရာများ ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအခါ ဂူအတွင်း၌ ရှောင်တိမ်းနေထိုင်ခဲ့ကြောင်း သိရသည်။ လုံခြုံမှု မရှိနိုင်သဖြင့် နမ့်ခေါင်(မဲခေါင်မြစ်)ဘက်သို့  ဆင်းလာပြီး ကျိုင်းလပ်တွင် ခေတ္တစခန်းချကာ လန်းခ(လာအို)နှင့်  လန်းနား (ကျင်းဟိုင်း)တို့တွင် ခိုလုံမည်ဆိုပါကလည်း နိုင်ငံရေး တည်ငြိမ်မှုမရှိသဖြင့် ပါလျှိုးမှ တဆင့်  လွယ်တော်ခမ်း တောင်ဘက်သို့ ပြန်တက်လာခဲ့ရာ မိုင်းလင်းကျောင်းရှိ သာသနာ့မြေ သိမ်တော်သို့  ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ အာလ၀ီမင်းကြီး၏ မိဖုရားကြီးသည် စွမ်ကြန့်အမည်တွင်သော သားတော်တစ်ပါး ဖွားမြင်၍ အဆိုပါနေရာတွင် စွမ်ကြန့်စေတီ တည်ထားခဲ့ကြောင်း သိရသည်။


နယ်မြေအေးချမ်းတည်ငြိမ်သည့်အခါ ပထမ ခိုလုံခဲ့သော လိုဏ်ဂူအတွင်း ပြန်လည်နေထိုင်ကာ
ဝိသေဟဘုရင်၏ ငြိမ်းချမ်းရေးဆင့်ဆိုမှုကြောင့် ကျေးဟုန် နိုင်ငံသို့ မပြန်မီ ပါလာသော ရတနာပစ္စည်းများကို မြှပ်နှံထားခဲ့ကြောင်း သိရှိရပြီး လိုဏ်ဂူတော်ကြီး၏ သမိုင်း စတင်ခဲ့ကြောင်း ဒေသနေပြည်သူများက ယုံကြည် လျက်ရှိသည်။


ထိုမျှမက သာသနာသက္ကရာဇ် ၂၀၀၀ ခန့်က မိုင်းယောင်းဘုရင် ကျောက်စုနန္ဒကုမ္မာန်သည် ညတစ်ည၌
နိုင်ငံရေး၊ တိုင်းရေး၊ ပြည်ရေး စစ်မက်ရေးရာများ ဖြစ်ပွားတော့မည်ဖြစ်ကြောင်း၊ စစ်မက်ဖြစ်ပွားပါက ရတနာ ပစ္စည်းများကို အခြားတိုင်းပြည်များသို့ ပါမသွားစေရန် ဂူအတွင်း မြှပ်နှံထားပါဟု အိပ်မက်မြင်မက်ခဲ့ကြောင်း၊ ထိုမြင်မက်ခဲ့သည့် ဂူတစ်ဂူကို ရှာဖွေခဲ့ရာ မိုင်းယောင်းဘုရင်မြင်မက်ခဲ့သည့် ဂူကြီးပင်ဖြစ်နေကြောင်း သိရသည်။ ထို့အတူ ကျိုင်းတုံဘုရင်ကျောက်ဖကျိုင်းအွမ်မင်းကြီးလည်း လိုဏ်ဂူကြီးအား အိပ်မက်မြင်မက်ခဲ့ကြောင်း ယုံကြည်လျက်ရှိပေသည်။


ယင်းလိုဏ်ဂူကြီးအား ဒေသခံများ၏ အဆိုအရ ထမ်ဘုတ်(ခေါ်)၀ါးရုံများ ဂူအ၀တွင်ပေါက်ရောက်လျက်
ရှိသဖြင့် ၀ါးရုံဂူဟူ၍လည်းကောင်း၊ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ခန့်ကာလက ထမ်ဘုတ်ဂူ၏ အရှေ့မြောက်ဘက်၌ မိုင်းဟစ်(မိုင်းဟိ)မြို့ပြနိုင်ငံငယ် ပေါ်ပေါက်ခဲ့ရာမှ  မိုင်းဟိဂူဟူ၍လည်းကောင်း ခေါ်ထွင်ခဲ့ကြောင်းနှင့် ၂၀၀၆ ခုနှစ်တွင်  မိုင်းလင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ၀ိမလ သည်  မိုင်းယောင်းမြို့သို့  မကြွမီ ညတွင် ပုဂ္ဂိုလ်(၃)ဦးက ပန်းကုံး၊ ဖယောင်းတိုင်တို့ဖြင့် မိုင်းဖြတ်-မိုင်းယောင်း လမ်းပေါ်ရှိ မိမိတို့မြို့အား  လမ်းကြုံလျှင် ၀င်ခဲ့ပေးရန် ဖိတ်ကြားပြီး၊  ဆရာတော်ဘုရားကလည်း   အကြောင်းညီညွတ်မည်ဆိုပါက ၀င်ခဲ့မည်ဟုဆိုကာ ပန်းကုံးများလက်ခံခဲ့ကြောင်း၊ သို့သော်လည်း မြို့အမည်ကို မမေးဖြစ်ခဲ့ကြောင်း အိပ်မက်မြင်မက်ခဲ့သည်။

ဆရာတော်ဘုရားသည် မိုင်းလင်းမှ မိုင်းဖြတ်၊ မိုင်းယောင်းမြို့များသို့ ခရီးထွက်ခဲ့ရာ မိုင်းဖြတ်မြို့တွင်
ခေတ္တခဏနားစဉ် တပည့်တကာများအား လမ်းခုလတ်၌ မြို့ရှိသေးလားဟု မေးမြန်းခဲ့ရာ မရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည် ဆိုပါသည်။ ထိုစဉ် ဆရာတော်သည် မိုင်းယောင်းမြို့တွင် သီတင်းသုံးခဲ့စဉ် ညအခါ၌ အဆိုပါ ပုဂ္ဂိုလ်(၃)ဦးကပင် ပန်းကုံးများဖြင့် ဆက်ကပ်ကာ ၄င်းတို့၏မြို့အား အပြန်လမ်းခရီးတွင် ၀င်ခဲ့ရန် ထပ်မံဖိတ်ကြားခဲ့ကြောင်း အိပ်မက်မြင်မက်ခဲ့ပြန်ပါသည်။ အပြန်လမ်းခရီးတွင် တပည့်ဒကာများအား လမ်းခုလတ်တွင် မြို့ရှိသေးလားဟု မေးမြန်းရာ မရှိကြောင်း လျှောက်တင်ခဲ့သဖြင့် မိုင်းလင်းကျောင်းသို့သာ ပြန်ကြွခဲ့ကြောင်း မိန့်ကြားပါသည်။


ထို့အပြင် ၂၀၀၇ခုနှစ်တွင် ဆရာတော်သည် ကျိုင်းတုံမြို့သို့ ကြွရန်ရှိသောအခါတွင်လည်း အသွားရော
အပြန်ပါ အထက်ပါအတိုင်း အိပ်မက်မြင်မက်သော်လည်း မ၀င်ဖြစ်ခဲ့ပေ။ ၂၀၀၈ခုနှစ်အရောက်တွင်လည်း
ကျိုင်းတုံမြို့သို့သွားရောက်စဉ် အိပ်မက်မြင်မက်ခဲ့ပြန်သည်။ ၂၀၀၉ခုနှစ်တွင် ဆရာတော်ဘုရား မိုင်းယန်း၊
မိုင်းခတ်ခရီးစဉ်၌လည်း အသွားရော အပြန်ခရီးတွင် အိပ်မက်မြင်မက်သဖြင့် အပြန်ခရီးတွင် မိုင်းဖြတ်၌
ခဏနားစဉ် ဘုရားဒကာ၊ ပန်းဒကာတို့အား မိုင်းဖြတ်နှင့်မိုင်းယောင်းကြားတွင် လက်ရှိမြို့မဟုတ်ဘဲ ယခင်က မြို့ဟောင်းအမည်တွင်သည့် မြို့ရွာများရှိလေသလားဟု မေးမြန်းရာ မိုင်းဟိဟုသော မြို့ဟောင်းရှိခဲ့ပြီး၊ ယခုအခါ ကျေးရွာအဆင့်သာ ရှိနေကြောင်း သိရသဖြင့် ဆရာတော်သည် ကားဖြင့်သွားရောက်ခဲ့သည် ဆိုပါသည်။

ဆရာတော်သည် မိုင်းဟိရွာအနီးရှိ ဂူ သို့ သွားရောက်ခဲ့ပြီး ဂူပေါက်ဝတွင် အဓိဋ္ဌာန်ပြုကာ ဂူဝကျောက်
နံရံအား ညာလက်ဖြင့် ပုတ်လိုက်ရာ တစ်ကိုယ်လုံး တစ်ကြိမ်တစ်ခါမျှ မဖြစ်ဘူး၊ မကြုံဘူးသော ကြက်သီးမွေးညင်း များ ထခဲ့ကြောင်း မိန့်ကြားပါသည်။ ဆရာတော်ဘုရားသည် ဂူအတွင်း၌  ညပိုင်းသီတင်းသုံးကာ တရားထိုင်ခဲ့ ပါသည်။ တရားထိုင်စဉ် အိုးစည်ဗုံမောင်းတီးကာ ရွှေဝေါယာဉ်ဖြင့် ၎င်းတို့၏ နန်းတော်အတွင်းသို့ ကြွရောက် ပေးရန် ပင့်ဆောင်၍၊ ပင့်ဆောင်ထားခဲ့သည်မှာ (၃)နှစ်မျှ ကြာပြီးမှသာ ကြွတော်မူသဖြင့် စောင့်ရသည်မှာ မောလှပြီဖြစ်ကြောင်း၊ ထိုစဉ်မှသာ အိပ်မက်ထဲတွင် မြင်မက်ခဲ့သည့် ပုဂ္ဂိုလ်များသည် လူမဟုတ်ဘဲ နတ်များဖြစ် နေသည်ဟု ဆရာတော်က မိန့်ကြားတော်မူပါသည်။


ဆရာတော်က လမ်းလျှောက်လိုက်မည်ဟု မိန့်သော်လည်း ကုသိုလ်ယူပါရစေဟု ဆိုသောကြောင့် ဝေါယာဉ်ဖြင့် စီးကာလိုက်ပါလာရာ မြို့ရွာများကိုဖြတ်ပြီး နန်းတော်တွင်းသို့ ၀င်ရောက်ခဲ့သည်။ ထိုသို့ဝင်ရောက်စဉ် နန်းတော်အစည်းအဝေးခန်းမ၌ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ ကျေးဟုန်၊ လန်းချား(လာအို)၊ လန်းနား (ကျင်းမိုင်) တို့မှ ဘုရင်များ အစဉ်လိုက်မိတ်ဆက်ကာ  ရိုးရာပွဲလမ်းသဘင်များဖြင့် ပူဇော်ဆက်ကပ်၍နတ်မင်းများဖြစ်နေရခြင်းကို လျှောက်ထားကြကြောင်း၊ သီလတောင်းသဖြင့် ငါးပါးသီလပေးကာ မေတ္တာပို့ အမျှဝေသောအခါ ရေစက်ချသည့်အသံကြားမှ ပြန်သတိရလာပြီး၊ နတ်လောကအဖွဲ့များပင့်ဆောင်မှုကို အာရုံဖြင့် ကြွသွားသည်ကို သိရှိလိုက်ရကြောင်း
ဆရာတော်မှ မိန့်ကြားတော်မူခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အစောင့်မင်းများ၊ နဂါးမင်းများစောင့်နေသည့် ဂူဖြစ်ခြင်း၊ တရားကျင့်၍ ရဟန္တာဖြစ်ကာ ပျံလွန်
တော်မူခဲ့သည့် ဂူဖြစ်ခြင်း၊ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များနှင့် ရသေ့များ တရားကျင့်ကာ သီတင်းသုံးတော်မူခဲ့သည့် ဂူဖြစ်ခြင်းတို့ကြောင့် ( စွမ်=မုနိချွန်၊ မြင့်မြတ်မှု၊ ဟိန်း=ကျော်ကြား၊ခန်းနား၊ထိန်လင်းခြင်း)မြင့်မြတ်ကျော်ကြားသော ပုဂ္ဂိုလ်များ အသွင်သဏ္ဍန်အမျိုးမျိုးဖြင့် နေထိုင်ခဲ့သည်ဟူသော အဓိပ္ပါယ်တို့ဖြင့်  စွမ်ဟိန်းဂူ ဟူ၍ လည်းကောင်း၊  ဂမ္ဘီရ ရသေ့ကြီး တရားကျင့်ကြံအားထုတ်ခဲ့ခြင်း၊ လိုဏ်ဂူတော်အတွင်း ဓမ္မက္ခန္ဓာပေါင်း ၈၄၀၀၀ ရည်မှန်းကာ ဘုရားဆင်းတုတော်၊ ရုပ်ပွားတော်ပေါင်း ၈၄၀၀၀ တည်ထားကိုးကွယ်ရန် ရည်သန်ထားသည့်အတွက်  ဓမ္မဂမ္ဘီရ သာသနာ့လိုဏ်ဂူတော်(ခေါ်) စွမ်ဟိန်းဂူ ဟု အမည်နာမခေါ်ထွင်ခဲ့စေကြောင်း မိုင်းလင်းဆရာတော်ဘုရားကြီးက မိန့်ကြားခဲ့သည်ကို
မှတ်သားသိရှိရသည်။

ဖော်ပြပါ ထူးခြားချက်များသာမက ရဟန္တာ(၁၆)ပါး တရားကျင့်ကြံအားထုတ်ရင်း ပျံလွန်တော်မူခဲ့ကြောင်း၊
ပျံလွန်တော်မူသွားခဲ့သော ရဟန္တာ(၁၆)ပါးအနက်မှ (၄)ပါး၏ ဓာတ်တော်များ ရရှိပြီးဖြစ်ကြောင်း၊ လိုဏ်ဂူတော် အတွင်း မိုင်းတင်း၊ လန်းဆတ်၊ နမ့်နန်းတို့မှ စီးဆင်းလာသော ချောင်းရေအားလုံးတို့သည် ဖြတ်သန်းစီးဆင်းကာ မိုင်းယောင်းမြို့သို့ စီးဝင်ရောက်ရှိကြောင်းသိရသည်။ ထို့အပြင် လမ်းကြောင်းလေးကြောင့်ပွင့်ပြီး ပထမလမ်းကြောင်းသည် ကျိုင်းတုံ ထမ့်ဖာတ သို့လည်းကောင်း၊ မိုင်းယောင်းဂူသို့လည်းကောင်း၊ ထမ့်လုံဂူသို့လည်းကောင်း၊ ထမ်ကျင့်လောင် ဂူသို့လည်းကောင်း ပေါက်ကြောင်း မိုင်းလင်းဆရာတော်က မိန့်ကြားတော်မူပါသည်။ အဆိုပါ လိုဏ်ဂူတော်အတွင်း၌ ဆရာတော်သည် ၁၃၇၄ခုနှစ်နှင့် ၁၃၇၅ခုနှစ်တို့တွင် ၀ါတွင်းကာလ တရားကျင့်ကြံ အားထုတ်တော်မူခဲ့ပြီး၊
၁၃၇၆ ခုနှစ်၊ ၀ါတွင်းကာလအတွင်း ဆက်လက်တရားကျင့်ကြံအားထုတ်မည် ဖြစ်ကြောင်း
သိရသည်။

ထို့အပြင် လိုဏ်ဂူတော်အတွင်း  မိုင်းဖုန်းဆရာတော်ဘုရားကြီးနှင့်  မိုင်းလင်းဆရာတော်ဘုရားကြီးတို့ သာသနာပြု လုပ်ငန်းများကို အစွမ်းကုန်ဆောင်ရွက်ရန် ကတိသစ္စာပြုထားကြောင်းလည်း သိရှိရသည်။ လိုဏ်ဂူ တော်ကြီးသည် သဘာဝတောတောင်စိမ့်စမ်းများအကြား ဂမ္ဘီရဆန်သော နက်နဲဆန်းကြယ်သည့် ၀ိသေသများနှင့် အတူ သဘာဝအလျောက် သာယာလှပစွာတည်ရှိနေခြင်းတို့ကြောင့် သာသနာ့လိုဏ်ဂူတော် နယ်မြေကို ဘက်စုံဖွံ့ဖြိုးပြီး၊ သာသနာတော်ကြီ နေလိုလလို ထွန်းလင်းတောက်ပကာ၊ နယ်မြေအေးချမ်းသာယာပြီး၊ ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် မိုင်းလင်းဆရာတော်ဘုရားကြီး ဦးစီးဦးဆောင်ပြု၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မိုင်းဖြတ်၊ တာချီလိတ်ခရိုင်နှင့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တို့နှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနဲ့ ရပ်နီးရပ်ဝေးမှ စေတနာရှင် အလှူရှင် လုပ်ငန်းရှင်များပေါင်းစုကာ လိုဏ်ဂူတော်ကြီးဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိသည်။

လိုဏ်ဂူတော်ကြီး ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ဘုရားလည်းဖူး၊ ခရီးသွားလာမှုလုပ်ငန်းများ ဖွံ့ဖြိုးလာပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလန်းများ တိုးပွားကာ လူမှုစီးပွားဘ၀ တိုးတက်လာမှာဖြစ်ပါသည်။ ယခုအခါ လိုဏ်ဂူတော်ကြီး သွားလာလွယ်ကူကောင်းမွန်စေရန် လမ်းအကျယ်ပေ(၃၀)ဖောက်လုပ်ခြင်း၊ ဂူအတွင်း အပြင် လျှပ်စစ်မီး ရရှိရေးလုပ်ငန်းဆောင်ရွက်ခြင်း၊ လိုဏ်ဂူတော်အတွင်း ဓမ္မက္ခန္ဓာပေါင်း (၈၄၀၀၀) ရည်မှန်းကာ ဘုရားဆင်းတုတော်၊ ရုပ်ပွားတော်များ တည်ထားကိုးကွယ်ခြင်း၊ လိုဏ်ဂူတော်အတွင်း အပြင် သဘာဝအရင်းအမြစ်များ မူလအတိုင်း မပျောက်ပျက်ဘဲ ပြင်ဆင်ဆောင်ရွက်ခြင်း၊ လိုဏ်ဂူတော်အပြင်ဘက်တွင် သာသနိက အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ပတ်ဝန်းကျင်ရှိ တောတောင်စိမ့်စမ်းများကိုလည်း စိန်းလန်းစိုပြေ သာယာလှပကာ သဘာဝဘေးမဲ့တောအဖြစ် ထိန်းသိမ်းထားရှိခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် စီစဉ် ဆောင်ရွက်လျက်ရှိသည်။

ယခုအခါ လိုဏ်ဂူတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီတို့က မိုင်းဖုန်းဆရာတော် ဘုရားကြီးနှင့် မိုင်းလင်းဆရာတော် ဘုရားကြီးတို့၏ လိုဏ်ဂူအတွင်းအပြင် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဆန္ဒပြည့် စေလိုသည့်အတွက် အလှူခံမဏ္ဍပ်များဖွင့်လှစ် အလှူခံခြင်း၊ ရပ်ဝေးရပ်နီးရှိ စေတနာရှင်အလှူရှင်များ ပါဝင်လှူဒါန်း ကုသိုလ်ပြုနိုင်စေရန်လည်း အင်တာနက်၊ သတင်းစာ၊ ဂျာနယ်များတွင် ကြော်ငြာထည့်သွင်း အလှူခံခြင်း ဆောင်ရွက်လျက်ရှိပေသည်။


ထိုသို့ဆောင်ရွက်လျက်ရှိသည့်အတွက် မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင်အလှူရှင်များက အလှူငွေနှင့် ပစ္စည်းများ၊ စက်ယာဉ်ယန္တရားများ ပံ့ပိုးကူညီခြင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ် နှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများသည် ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလ (၂၆) ရက်က လိုဏ်ဂူတော်အတွင်း ရောက်ရှိလေ့လာကာ မိုင်းလင်းဆရာတော်ဘုရားအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။

ထို့အပြင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လိုဏ်ဂူတော်ကြီး ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန် အလှူငွေကျပ်သိန်း(၅၀)လှူဒါန်းပေးခဲ့ပြီး ဘက်စုံ ဖွံ့ဖြိုးရေးလုပ်ငန်းများပြုပြင် တည်ဆောက်ရာတွင်လည်း မူလသဘာဝ အရင်းအမြစ်များ မပျက်စီးစေဘဲ စီစဉ် ဆောင်ရွက်ရန် လမ်းညွှန်ခဲ့သည့်အတိုင်း ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများက ဆောင်ရွက်လျက်ရှိပါကြောင်း ထူးခြားတင့်တယ် နက်နဲဆန်းကြယ် သဘာဝအလှများနှင့် ပြည့်စုံနေသည့် ရှမ်းအရှေ့မှ စွမ်ဟိန်းဂူ ခေါ် ဓမ္မဂမ္ဘီရ သာသနာ့လိုဏ်ဂူတော်ကြီး အကြောင်းကို ရေးသားလိုက်ရပါသည်။

သတင်းဆောင်းပါး။         ။  ဝေယံလင်း(မိုင်းဖြတ်)

ကိုးကား - 
မိုင်းလင်းဆရာတော်ဘုရား၏ ဓမ္မဂမ္ဘီရသာသနာ့လိုဏ်ဂူတော်ကြီးသမိုင်းစာအုပ်  

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Monday, February 17, 2014

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်၊ ဟိုနားကျေးရွာအနီးတွင် ဖေဖော်ဝါရီလ(၁၇)ရက်၊ မွန်းလွဲ(၂)နာရီခွဲက (၆)ကီလိုဂရမ်ရှိ ဘိန်းစိမ်းများကို တရားခံနှစ်ဦးနှင့်အတူ ဖမ်းဆီးရရှိကြာင်း သိရသည်။

ဖြစ်စဉ်မှာ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ ဒုတိယရဲအုပ် အောင်မင်းသန့်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံ - တာချီလိတ် ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ   မိုင်းဖြတ်မြို့နယ်၊ ဟိုနားကျေးရွာအနီးတွင် ရှောင်တခင် ပိတ်ဆို့စစ်ဆေးရှာဖွေနေစဉ် ကျိုင်းတုံ မှ တာချီလိတ်ဘက်သို့ ယာဉ်မောင်း ရှဲဖူးxx (၂၃)နှစ် မောင်းနှင်လာသော  ထိုင်းနိုင်ငံလုပ် Honda Wave 110 အမျိုးအစား မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေ စစ်ဆေးရာ ထိုင်ခုံရှေ့ခွကြားတွင်  ပီနံအိတ်အဖြူနှင့် ထုပ်ထားသော ဘိန်းစိမ်း အထုပ်(၄)ထုပ် အလေးချိန်(၆)ကီလိုဂရမ်၊ ကာလတန်ဖိုးငွေ ကျပ်သိန်း(၆၀)ခန့်နှင့် ယာဉ်နောက်အတူ လိုက်ပါလာသော မောင်ရှဲxxx(၂၉)နှစ်ထံမှ   HUAWEI အမျိုးအစား ဟန်းဆက်လက်ကိုင်ဖုန်းနံပါတ်  ၀၉၂၅၄၁xxx တစ်လုံးတို့အား သိမ်းဆည်းရမိသဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်လာသော  မောင်ရှဲဖူးxx နှင့်  မောင်ရှဲxx  တို့အား   မိုင်းဖြတ်မြို့မရဲစခန်း မှ  မယ(ပ)၁/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း  သိရသည်။
သတင်းပေးပို့သူ ။           ။ ဝေယံလင်း(မိုင်းဖြတ်)

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Saturday, February 15, 2014

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်သည် ယနေ့ဖေဖော်ဝါရီလ(၁၅)ရက်၊ နံနက် (၇)နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး အမျိုးသား၊ အမျိုးသမီး လူနာဆောင်များ၊ ကလေးကုသဆောင်၊  ဓာတ်ခွဲခန်း၊ ဆေးသိုလှောင်ခန်း၊ ခွဲစိတ်ခန်း၊ သားဖွားခန်း၊ ဓာတ်မှန်ခန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊   မြို့နယ်ကျန်းမာရေး ကြီးကြပ်မှုကော်မတီဝင်များ၊  ဌာနဆိုင်ရာများ၊ မြို့နယ်ဆရာဝန်နှင့် သူနာပြုများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် တွေ့ဆုံကာ နိုင်ငံတော်၏ ကျန်းမာရေး အဆင့်မြင့်မားရေး ဆောင်ရွက်ရာတွင် ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူလူထု၊  လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊   ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းအားဖြင့် ပြည်သူများနှင့် ကျန်းမာရေးဝန်ထမ်းများ အပြန်အလှန် အကျိုးပြုမည်ဖြစ်ကြောင်း၊     ၀န်ထမ်းများ အချင်းချင်း  စည်းလုံးညီညွတ်မှုရှိရန် လိုအပ်ကြောင်း၊  အဓိကဆေးဝါးများကို အခမဲ့ဖြန့်ဝေထားကြောင်း၊ ဆေးရုံနှင့်ကျေးလက်ကျန်းမာရေးဌာနခွဲများကို ရေရှည်တည်တံ့အောင် ၀ိုင်းဝန်းစောင့်ရှောက်ကြန်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှလည်း လိုအပ်သည်များ  ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက်  မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ထွန်းဝင်း က ကျန်းမာရေး စောင့်ရှောက်ပေးနိုင်မှု အခြေအနေများနှင့် ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း က  ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။


ဆက်လက်၍  ပြည်ထောင်စုဝန်ကြီး နှင်အဖွဲ့သည် မွန်းလွဲ(၁)နာရီတွင် မိုင်းယောင်းမြို့သို့ရောက်ရှိပြီး ဗလမင်းထင် ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊   မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် တွေ့ဆုံကာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ အပေါ် လိုအပ်ချက်များအား မေးမြန်း၍ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထိုမှတဆင့်  မိုင်းယောင်းမြို့ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

သတင်းပေးပို့သူ။ ။ ဝေယံလင်း(မိုင်းဖြတ်)

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Thursday, February 6, 2014

(၆၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ  (၇)ရက်၊ နံနက် (၉) နာရီက       မိုင်းဖြတ်မြို့နယ်ရှိ ဘုရင့်နောင်ခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများ၊ ရှမ်း၊ အာခါ၊ လားဟူ စသည့် တိုင်းရင်းသားပြည်သူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊  ကြက်ခြေနီ၊  မီးသတ်တပ်ဖွဲ့ဝင်များ
တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊တိုင်းရင်းသားပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အလံအား  အလေးပြုသည်။

ဆက်လက်၍  နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထံမှ ၂၀၁၄ခုနှစ်၊ (၆၇)နှစ်ကြိမ်မြောက်       ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သော သ၀ဏ်လွှာအား ခရိုင်အုပ်ချုပ်ရေးမှူး  ဦးကျော်ကျော်အုန်း က ဖတ်ကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ် ထံမှ ပေးပို့သော သ၀ဏ်လွှာအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က ဖတ်ကြားသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်း၊ အာခါ လားဟူတိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှု ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်  ငွေကျပ်(၁၀)သိန်းစီအား  ထောက်ပံ့ပေးအပ်ရာ  တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
သတင်းပေးပို့သူ။         ။ ဝေယံလင်း(မိုင်းဖြတ်)

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Tuesday, February 4, 2014

ရှမ်းပြည်နယ်၊ မိုင်းဖြတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ ရှင်းလင်းဟောပြောပွဲကို  နမ့်ကုန်းကျေးရွာအုပ်စု၊ ပါဆန်းကျေးရွာခန်းမ၌ ဖေဖော်ဝါရီ (၂) ရက်၊ နံနက် (၁၀)နာရီက ကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း က       အဖွင့်အမှာစကားပြောကြားပြီး တွဲဖက်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးစိုင်းဘုန်းတင့် က လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာများကို  ရှင်းလင်းပြောကြားသည်။



ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းညွန့်ဝင်းက ရှမ်းဘာသာဖြင့် သန်းခေါင်စာရင်း ကောက်ယူရာတွင် ပြည်သူများပါဝင်ဆောင်ရွက်ရေး ဟောပြောပြီး၊ တက်ရောက်လာသည့် ပြည်သူများမှ သိလိုသည့် အချက်များကို မေးမြန်းကြခဲ့ကြသည်။


မေးမြန်းမှုများနှင့် စပ်လျဉ်း၍ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူး ဦးစက်ရွှေ နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားသည်။ ယင်းနောက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သတင်းပေးပို့သူ။        ။ ဝေယံလင်း(မိုင်းဖြတ်)

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Sunday, January 19, 2014

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည်  လားဟူတိုင်းရင်းသားရေးရာဝန်ကြီး
ဦးရှာမွေလရှဲန်၊ တာချီလိတ်မြို့မှ  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ဒေါ်တင်မေထွန်း၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွဋ်ဦးနှင့် ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေတို့နှင့်အတူ မိုင်းဖြတ်မြို့ ပြည်သူ့ဆေးရုံသို့  ဇန်န၀ါရီလ (၁၉) ရက် ၊ နံနက် (၉)နာရီ က   ရောက်ရှိရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ဦးစိုင်းညွန့်ဝင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းတို့က ကြိုဆိုနှုတ်ဆက်ပြီး၊ ဆေးရုံအားလှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


ထိုမှတဆင့်  ၀န်ကြီးနှင့်အဖွဲ့သည် နံနက် (၁၀)နာရီခွဲတွင်  ၀မ်မိုင်ရပ်ကွက်ရှိ   မိုင်းဖြတ်ခရိုင်ပညာရေးမှူးရုံး ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး၊   ဆက်လက်ထွက်ခွာလာရာ  (၁၁) နာရီ(၂၀) တွင်  ဘူရှီးကျေးရွာသို့ရောက်ရှိပြီး   ကျေးလက်ကျန်းမာရေးဆေးပေးခန်းနှင့်   အခြေခံပညာမူလတန်းကျောင်းတို့ကို     ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများ က  ရှင်းလင်းတင်ပြပြီး ၀န်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းညှိနှုင်းဆောင်ရွက်ပေးသည်။


ထို့နောက်  ၀န်ကြီးနှင့်အဖွဲ့သည်   နမ့်ပန်ကျေးရွာအုပ်စု၊ နမ့်ဝိုးထောင်ကျေးရွာသို့ ရောက်ရှိပြီး   ၊  ဇန်န၀ါရီ ( ၂ ) ရက်က မီးဘေးသင့်ခဲ့သည့်  အိမ်ထောင်စုဝင်များအား တွေ့ဆုံ အားပေးစကားပြောကြားကာ ငွေကျပ် (၂၅၅၀၀၀) တန်ဖိုးရှိ ဆန်(၁၀)အိတ်ကိုလည်းကောင်း ၊       အတူလိုက်ပါလာသည့်  လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလရှဲန်  က  ငွေကျပ် (၄၅၅၄၀၀)တန်ဖိုးရှိ  စားဆီ(၂၃)ပုံးကို လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ  ငွေကျပ် (၁၂၈၈၀၀၀) တန်ဖိုးရှိ သွပ်အချပ် (၄၆၀)ချပ်ကို လည်းကောင်း၊ တာချီလိတ်မြို့မှ  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ဒေါ်တင်မေထွန်း နှင့် ခရိုင်၊မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ    ငွေကျပ် (၃၃၀၀၀၀)တန်ဖိုးရှိ စောင်(၃၈)ထည်နှင့်  စားသောက်ဖွယ်ရာများကို လည်းကောင်း၊ လူမှုကူညီရေးအသင်း (ရွှေတာချီခရီးသွားလုပ်ငန်း)မှ ဥက္ကဋ္ဌ ဦးစိုင်းကျော်ဇံ နှင့်အဖွဲ့က  ငွေကျပ် (၇၅၀၀၀၀)တန်ဖိုးရှိ သွပ်အချပ်(၂၃၀) ချပ်ကိုလည်းကောင်း၊ တာချီလိတ်မြို့မေတ္တာရှင် သာရေးနာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဘိုစံ  နှင့် အဖွဲ့က  ငွေကျပ် (၇၈၀၀၀၀)တန်ဖိုးရှိ  စားသောက်ကုန်ပစ္စည်းမျိုးစုံ ကိုလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းခဲ့ပြီး၊ ကျေးရွာနေပြည်သူများအား  ကျန်းမာစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရရှိသည်။

သတင်းပေးပို့သူ။         ။ ဝေယံလင်း(မိုင်းဖြတ်)
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း ဦးဆောင်မှုဖြင့်  ကျိုင်းတုံမြို့ ပြည်နယ်
အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး နှင့်  တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတို့မှ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများအဖွဲ့(၂၁)ဦးပါဝင်သည့်   နယ်လှည့်ကွင်းဆင်း ဆေးသရေးအဖွဲ့သည် မိုင်းဖြတ်မြို့နယ်ရှိ  ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းများကို ဇန်န၀ါရီ (၁၉)ရက်၊ နံနက်(၉)နာရီက  ပြည်သူ့ဆေးရုံ၌  ကျင်းပပြုလုပ်သည်။


နယ်လှည့်ကွင်းဆင်း ဆေးကုသရေးအဖွဲ့မှ အထွေထွေရောဂါကုသလူနာ(၂၀၂)ဦး၊အရိုးကုသလူနာ(၁၁၆)ဦး၊ မျက်စိကုသလူနာ(၇၆)ဦး၊ ကလေးလူနာ (၄၆)ဦး၊  ခွဲစိတ်ကုသလူနာ (၃၄)ဦး၊ သွားဘက်ဆိုင်ရာကုသလူနာ(၂၈)ဦး၊ သားဖွားမီးယပ်ကုသလူနာ(၁၉)ဦး စုစုပေါင်း လူနာ(၅၂၁)ဦး တို့အား ဆေးကုသမှုပြုလုပ်ပေးခဲ့ပြီး၊ အထူးကုဆရာဝန်ကြီးများမှ  ပြည်သူ့ဆေးရုံတွင်   ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ   ဒေသခံပြည်သူ (၁၅၀)ဦးခန့်တက်ရောက်ကြောင်း သိရသည်။

သတင်းပေးပို့သူ။ ။ ဝေယံလင်း(မိုင်းဖြတ်)

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Tuesday, January 7, 2014

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူသည်   တာဝန်ရှိသူများနှင့်အတူ ဇန်န၀ါရီ  ၇ ရက်၊ နံနက်  ၉ နာရီ က  မိုင်းဖြတ်မြို့သို့ ရောက်ရှိပြီး ခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌  ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဆွေးနွေးပြောကြားသည်။


အခမ်းအနားတွင်  ခရိုင်အုပ်ချုပ်ရေးမှူး  ဦးကျော်ကျော်အုန်းက ဒေသဖွံ့ဖြိုးလုပ်ငန်းများဆောင်ရွက်နေမှု ၊
ယခုလ(၂)ရက်နေ့က ၊ နမ့်ပန်ကျေးရွာအုပ်စု၊ နမ့်ဝိုးထောင်ကျေးရွာတွင် မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုဝင်များအား ပြည်နယ်အစိုးရအဖွဲ့ နှင့် စေတနာရှင်အလှူရှင်များမှ  ယနေ့အထိ စားသောက်ဖွယ်ရာများ၊ အ၀တ်အထည်များ၊  ထောက်ပံ့ငွေများ  စုစုပေါင်းတန်ဖိုးငွေကျပ် ၁၂၆၄၂၀၀၀ ထောက်ပံ့ပေးထားကြောင်းနှင့် မိုင်းယောင်းစွမ်ဟိန်းဂူဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများ ကိုလည်းကောင်း၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူး ဦးစက်ရွှေ က  မီးဘေးသင့်အိမ်ထောင်စုများအား ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်း၊ မှတ်ပုံတင်များ ပြန်လည်ဆောင်ရွက်ပေးနေမှု တို့ကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ၊  ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေ က လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတင်ပြချက်များအပေါ်  ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ က  ဆောင်ရွက်သင့်သည်များအားပြန်လည်ဆွေးနွေးပြောကြားသည်။

ဆက်လက်၍  ၀န်ကြီးနှင့်အဖွဲ့သည် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏
ခွင့်ပြုရန်ပုံငွေကျပ် (၈၇၅)သိန်းဖြင့်  မိုင်းဖြတ်-နမ့်ယွန်း-နမ့်ပန်လမ်းအပိုင်း (၇)မိုင်အရှည် ကျောက်ခင်းလမ်းအမျိုးအစား ဆောင်ရွက်နေအား ကြည့်ရှုစစ်ဆေးရာ  တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး၊ လုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်း အရည်အသွေးပြည့်မှီရေးနှင့် အချိန်မီ ပြီးစီးရေးအတွက်  လိုအပ်သည်များ    ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းပေးပို့သူ။       ။ ဝေယံလင်း(မိုင်းဖြတ်)

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ပန်ကျေးရွာအုပ်စု၊ နမ့်ဝိုးထောင်ကျေးရွာတွင် ဇန်န၀ါရီလ (၂)ရက်နေ့ ညပိုင်းက လူနေအိမ်ခြေများ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာမှ အိမ်ခြေ (၃၈)အိမ်ရှိသည့်အနက် (၂၃)အိမ် မီးလောင်ပြာကျသွားခဲ့ရာ ယခုအခါမှာ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် မိုင်းဖြတ်မှ ဒေသဆိုင်ရာ အုပ်ချုပ်ရေးများ အလှူရှင်များအပြင် တာချီလိတ်မြို့မှ မဇ္ဈိမလူမှုကူညီရေးအသင်းမှလည်း အများမှ လှူဒါန်းထားသော ဆိုင်းငံ့ဝတ်စုံ အထည်(၁၀၀၀)အား သွားရောက် ကူညီပံ့ပိုး လှူဒါန်းခဲ့ကြောင်း သိရသည်။


မီးလောင်မှုဖြစ်ပွားသည့် အချိန်တွင် မီးအားငြိမ်းသတ်ရန်အတွက် တောင်ကျရေများရှိသော်လည်း ရေပုံးရေခွက် လုံလောက်မှု မရှိသည့်အပြင် သက်ကယ်၏ မီးလောင်အားကြောင့်လည်း ဖြစ်ဖြစ်ခြင်း အလျင်အမြန် မငြိမ်းသတ်နိုင်တာဖြစ်ကြောင်း သိရသည်။

{ မှတ်တမ်းဗီဒီယို}

"သူတို့ အခုလိုအပ်နေတာတွေက ၁လက်မ ၂လက်မ ရေပိုက်အပြာ အချောင်း(၅၀)လောက်နဲ့၊ ဓါး၊ ပုဆိန်၊ မီးခြစ်၊ ရေပုံး၊ ရေခွက် အဲ့ဒါတွေ လိုနေကြတယ်၊ လာမဲ့ (၁၀)ရက်နေ့လောက် အစ်ကိုတို့ သွားရောက် လှူဒါန်းပေးဖို့ အစီအစဉ်ရှိတယ်။"ဟု အ၀တ်အထည် အထည်(၁၀၀၀)အား သွားရောက်လှူဒါန်းကြသည့် မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဥက္ကဌဖြစ်သူ ဦးတင့်ဆွေက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။


၎င်းမှ ဆက်လက်၍ "အဓိက ကတော့ မဇ္ဈိမလူမှုကူညီရေးအသင်းက ဆိုင်းငံ့ဝတ်စုံတွေကို လုံးဝ ၀တ်စရာ မကျန်တော့တဲ့ အဲ့ဒီရွာလေးထဲက ရွာသူ၊ ရွာသားတွေကို ပြန်လည်လှူဒါန်းပေးဖြစ်တယ်၊ ၀တ်စုံတွေနဲ့ ပတ်သက်ပြီး အဲ့ဒီက လူတွေက အထည် (၁၀၀၀)ဆိုတော့ ငွေအားဖြင့် တန်ဖိုးဘယ်လောက်ရှိလည်းလို့ မေးကြတယ်၊ အစ်ကိုလည်း ကျွန်တော်တို့က မြို့သူ၊ မြို့သားတွေကနေ အလှူခံထားတာပါ၊ သူတို့ မ၀တ်တော့တဲ့ အ၀တ်တွေပါသလို အသစ်တွေလည်း ပါတဲ့အကြောင်းနဲ့ လုံးဝတန်ဖိုးဖြတ်လို့မရတဲ့ အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်၊ အခုလို အသင်းက ဆိုင်းငံ့ဝတ်စုံ ကဏ္ဍလေးကို အကောင်အထည်ဖော်လိုက်တော့ အ၀တ်အထည် လှူဒါန်းတဲ့ လူတွေလည်း ကုသိုလ်အများကြီးရတာပေါ့၊ မီးဘေးသင့် ပြည်သူတွေနဲ့ ပတ်သက်လို့ အသင်းကနေ မြ၀တီမီးဘေး နဲ့ အခု မိုင်းဖြတ်မီးဘေး မှာလည်း လှူဒါန်းပေးဖြစ်ခဲ့ပါပြီ"ဟု ပြောပြသည်။


မိုင်းဖြတ်မှ မီးဘေးသင့် ရွာသူရွာသားများအား ရှမ်းပြည်နယ်အစိုးရ အဖွဲ့နှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အကြီးအကဲများ အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များ၊ အလှူရှင်များမှ ပြီးခဲ့သည့် ရက်က စုစုပေါင်း တန်ဖိုး ကျပ်သိန်း(၉၀)၀န်းကျင်ရှိသည့် အသုံးအဆောင်များကို ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း နှင့် လက်ရှိတွင် ၎င်းတို့အတွက် တဲများ ပြန်ဆောက်ရန်အတွက် လိုအပ်နေပြီး ရေရရှိရေးအတွက် ရေပိုက်များ၊ ရေပုံး၊ ရေခွက် နှင့် အိုးခွက်များ လိုအပ်နေကြောင်းလည်း သိရှိရသည်။

ပုံများကိုကြည့်ရန်
မိုင်းဖြတ် မီးဘေးသင့် ရွာသူရွာသားများ အကူအညီလိုအပ်နေသေး
86 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~ 
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Sunday, January 5, 2014

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ  မိုင်းဖြတ်မြို့နယ်၊ နမ့်ပန်ကျေးရွာအုပ်စု၊ နမ့်ဝိုးထောင်ကျေးရွာတွင် ယခု လ(၂)ရက်နေ့က လူနေအိမ်ခြေများ မီးလောင်ကျွမ်းခဲ့မှုကြောင့် မီးဘေးသင့် ကျေးရွာနေပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ပွဲကို  ဇန်န၀ါရီ  (၄) ရက်၊ မွန်းလွဲ (၁) နာရီက အဆိုပါ ကျေးရွာ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က ထောက်ပံ့ပေးရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။


အခမ်းအနားတွင်  ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ် ၅၀၀၀၀/-နှုန်းဖြင့် အိမ်ထောင်စု(၂၃)စုအတွက် ငွေကျပ် ၁၁၅၀၀၀၀/-ကိုလည်းကောင်း၊ မိုင်းဖြတ်တပ်နယ်မှ   ငွေကျပ် ၃၀၀၀၀၀  တန်ဖိုးရှိ ဆန်၊ဆီ၊စောင်များကို လည်းကောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဌာနချုပ်မှ ငွေကျပ် ၂၃၀၀၀၀၀ သိန်း တန်ဖိုးရှိ မိုးကာတဲ၊ အခင်းများကို လည်းကောင်း၊ ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ငွေကျပ် ၄၆၀၀၀၀ တန်ဖိုးရှိ  အသုံးအဆောင် ပစ္စည်းများကို လည်းကောင်း၊  ခရိုင်နှင့် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ငွေကျပ်  ၃၅၀၀၀၀ တန်ဖိုးရှိ
စားသောက်ဖွယ်ရာများကို လည်းကောင်း၊ နမ့်ယွန်း ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးကျစိုးဘို က အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၁၃၀၀၀၀ နှုန်းဖြင့် အိမ်ထောင်စု (၂၂)စု အတွက် ငွေကျပ် ၂၈၆၀၀၀၀ ကိုလည်းကောင်း၊ မိုင်းဖြတ်လားဟူအသင်းတော်မှ  ငွေကျပ် ၄၅၀၀၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို လည်းကောင်း၊ NLD ပါတီ၊ NDF ပါတီ၊ ဌာနဆိုင်ရာများ၊ ပြည်သူများမှ  ငွေကျပ် ၈၃၅၀၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများ၊ အ၀တ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများကို လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။



ထို့အတူ ဇန်န၀ါရီ  ၅ ရက်၊ ညနေ (၃)နာရီက ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း မိသားစုမှ ငွေကျပ် တစ်သိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊  ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဒေါ်နန်းဆိုင်စိန် နှင့် အဖွဲ့ဝင်များက ငွေကျပ်တစ်သိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ တာချီလိတ်မြို့ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ  ဦးတင့်ဆွေ  နှင့် အသင်းဝင်များက အ၀တ်အထည်များကို လည်းကောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျောက်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့်  ဦးစိုင်းညွန့်ဝင်းနှင့် ဦးမောရှည် ၊ ပြည်နယ်ပြည်ခိုင်ဖြိုး
ပါတီမှ ဦးထွန်းရွှေ နှင့် ခရိုင်၊မြို့နယ်ပါတီဝင်များက  စားသောက်ဖွယ်ရာ၊ စောင်နှင့် ဖျာ များကို ထောက်ပံ့ပေးခဲ့သည်။

ယနေ့အထိ  အဆိုပါ နမ့်ဝိုးထောင်ကျေးရွာနေ မီးဘေးသင့်ပြည်သူများသို့ အသုံးအဆောင်ပစ္စည်းများ၊စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ အပါအ၀င် စုစုပေါင်း တန်ဖိုးမှာ ငွေကျပ် သိန်း ၉၀ ကျော် တန်ဖိုးရှိကြောင်း သိရသည်။
သတင်းပေးပို့သူ              ။ ဝေယံလင်း(မိုင်းဖြတ်)

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Saturday, January 4, 2014

(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို ဇန်န၀ါရီ(၄)ရက် ၊ နံနက် (၄)နာရီ (၂၀)မိနစ်က မိုင်းဖြတ်မြို့၊  ပြည်သူ့ပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့၌ ကျင်းပပြုလုပ်ရာ
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော် နှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်သည်။


ရှေးဦးစွာ ဂုဏ်ပြုတပ်ဖွဲ့က နေရာယူပြီး၊ နိုင်ငံတော်အလံတင်အဖွဲ့က မင်္ဂလာအချိန်တွင် နိုင်ငံတော်အလံကိုလွှင့်တင်ပေးပြီး၊ တက်ရောက်လာသည့်  ဌာနဆိုင်ရာများက အလေးပြုခဲ့ကြသည်။ဆက်လက်၍ နံနက် (၇)နာရီတွင် အဆိုပါနေရာ၌  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ  ဦးသိန်းစိန် ထံမှ  ၂၀၁၄ခုနှစ်  (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သော သ၀ဏ်လွှာအား မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်မြင့်ကျော် က  ဖတ်ကြားသည်။


အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များ၊ နိုင်ငံရေးပါတီများ၊လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်  တိုင်းရင်းသားပြည်သူများ တက်ရောက်သည်။


မိုင်းဖြတ်မြို့တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မိုင်းဖြတ်-အထကကျောင်း၌       အပြေးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ထုပ်ဆီးထိုးပြိုင်ပွဲများကို  ကျောင်းသား/သူများ က     ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။
သတင်းပေးပို့သူ။           ။ ဝေယံလင်း(မိုင်းဖြတ်)

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~ 
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~