Latest News

Dropdown Menu

Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Tuesday, February 25, 2014


နိုင်ငံတော်မှ ပြည်နယ်နှင့်တိုင်းဒေသကြီး(၁၈)ခုကို တန်ဖိုးနည်း (၁၅၀၀)ကျပ်တန် ဖုန်းကဒ်များဖြစ်သည့် CDMA (၂၅၀၀၀၀)ကဒ်၊ GSM (၅၀၀၀၀)ကဒ် နှင့် WCDMA ( ၅၀၀၀၀ )ကဒ် စုစုပေါင်း ဖုန်းကဒ်ပေါင်း (၃၅၀၀၀၀)ကဒ်အား ဖေဖော်ဝါရီလအတွက် ချထားပေးလာသည်ဖြစ်ရာ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ အတွက် GSM နှင့် WCDMA အပါအ၀င် ဖုန်းကဒ် (၅၀၀၀) ချလာရာမှ တာချီလိတ်အတွက် GSM ဖုန်းကဒ် (၁၀၀၀) သတ်မှတ်၍ ချပေးလာကြောင်း သိရသည်။

ထိုသို့ ချပေးလာသော GSM ဖုန်းကဒ် (၁၀၀၀)ကို တာချီလိတ်မြို့မှ ဖုန်းကဒ်လျှောက်ထားသူများအား ဖုန်းကဒ်မဲနှိုက်ပေးမှုကို ဖေဖော်ဝါရီလ (၂၇)ရက် နေ့လည် (၁၂)နာရီအချိန်မှာ တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ပေါက်မဲများကို နှိုက်ပေးမည်ဖြစ်ရာ ဖုန်းကဒ်လျှောက်ထားကြသူများ အနေဖြင့် အဆိုပါနေ့တွင် လာရောက်၍ မဲနှိုက်နိုင်မှာ ဖြစ်ကြောင်း သိရသည်။

ပေါက်မဲများကို နှိုက်ပြီးသွားပါက ပေါက်မဲနံပါတ်များကို တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အပြင် သက်ဆိုင်ရာရပ်ကွက်ရုံးများနှင့် တာချီလိတ်အွန်လိုင်းတွင်လည်း ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ နှင့် ခရိုင်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း
တို့မှ  ကြီးမှူး၍ နှစ်စဉ်ကျင်းပလေ့ရှိသည့် တာချီလိတ်မြို့နယ် အတွင်း ရပ်ကွက်များမှ အမှန်တကယ် ဆင်းရဲနွမ်းပါးသည့် ကလေးသူငယ်များအား စုပေါင်း၍ ရှင်ပြု လှူဒါန်းပေးမှုကို ၂၀၁၄ခုနှစ် မတ်လ(၂)ရက်နေ့ နှင့် (၃)ရက်နေ့တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ ရှင်ပြုအလှူတွင် ကလေးသူငယ် (၂၀)ဦး သတ်မှတ်ထားပြီး တာချီလိတ်မြို့ ပုန်ထွန်းရပ်ကွက်ရှိ ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတွင် ရှင်ပြုလှူဒါန်းပေးမည်ဖြစ်ရာ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ် အတွင်းရှိ ကိုရင်ဝတ်လိုသူ ကလေးများ၏ စာရင်းကို တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ဧပြီလ(၂၇)ရက်နေ့ ညနေ (၅)နာရီအချိန်ထိ လာရောက်၍ စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။


တာချီလိတ်မြို့တွင် အဆိုပါအဖွဲ့မှ နှစ်စဉ်နှစ်တိုင်း စုပေါင်းရှင်ပြုပေးလာခဲ့သည်မှာ ယခုအကြိမ်ဆိုလျှင် တတိယအကြိမ်မြောက်ဖြစ်ပြီး ရှင်လောင်းလှည့်မည့် ရက်အား ၂၀၁၄ခုနှစ် မတ်လ (၂)ရက်နေ့ သတ်မှတ်ထားပြီး အလှူကြီးနေ့ကို မတ်လ(၃)ရက်နေ့ သတ်မှတ်ထားကြောင်းနှင့် ယခုအကြိမ်အား ယခင်နှစ်ထက် စည်ကားသိုက်မြိုက်စွာဖြင့် ရှင်လောင်းလှည့်လည်မှာ ဖြစ်ကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Monday, February 24, 2014


ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရက်ကွက်၊ မြန်မာ့တိုးနယားအိမ်ယာမြေစီမံကိန်း မြို့ကွက်သစ် အပိုင်း(င)၌ မြေကွက်တစ်ကွက်လျှင် ပေ(၄၀x၆၀) ရှိပြီး ပုံစံ(၁၀၅)ပါရှိသည့် လေးကွက်တွဲ ( ပေ ၈၀ x ၁၂၀ ) မြေကွက်ကို ဦးစားပေး၍ ညှိနှိုင်းဈေးနှုန်းဖြင့် ရောင်းမည်ဖြစ်ကြောင်း သိရသည်။


( ပုံစံ ၁၀၅ ပါပြီး )

အဆိုပါ မြေကွက်၏ တည်နေရာသည် မေဖလားဝါးကွင်း၏ အနီးနားမှာ တည်ရှိပြီး မြို့ပတ်လမ်းနှင့်လည်း နီးစပ်လျှက်ရှိသည့်အပြင် ယခုအခါမှာ အနီးအနားတ၀ိုက်တွင် အဆောက်အဦကြီးများ တည်ဆောက်လျှက်ရှိပြီး ဆန်ဆိုင်းဈေး၊ ပြည်တော်သာဈေး နှင့်လည်း နီးသည့်အတွက် ဈေးသွားဈေးလာအတွက်လည်း အဆင်ပြေစေသည်။


( လေးကွက်တွဲ မြေကွက် )

ယခုရောင်းချမည့် မြေကွက်သည် ပေ ၄၀ ပေ ၆၀ စီရှိသည့် လေးကွက်တွဲဖြစ်သော်လည်း တစ်ကွက်စီခွဲထုတ်၍ ရောင်းချပေးမည်မဟုတ်ပဲ လေးကွက်တွဲဖြင့်သာ ရောင်းချလိုကြောင်း သိရသည်။ သတ်မှတ်ဈေးနှုန်းကိုတော့ ၀ယ်ယူလိုသူနှင့် ရောင်းချလိုသူတို့ နှစ်ဦးနှစ်ဖက် ညှိနှိုင်းဈေးဖြင့် ရောင်းပေးမှာ ဖြစ်ကြောင်း သိရသည်။

{ မြို့ပတ်လမ်း အကွေ့}


အဆိုပါ မြေကွက်နှင့်ပတ်သက်၍ ၀ယ်ယူလိုသည်ဖြစ်စေ စုံစမ်းလိုသည်ဖြစ်စေ အောက်ပါ ဆက်သွယ်ရန် ဖုန်းနံပါတ်မှ တဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ရှုမ၀စတိုး
မြန်မာဖုန်း ။       ။ 09 - 250 130 633
              ။       ။ 09 - 524 1409
ရွှေငါးအိမ်ဆောက်ပစ္စည်းဆိုင်ဘေး၊
မကာဟိုခမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းဘေး၊ တာချီလိတ်မြို့။


~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Flag Counter
မဲခေါင်မြစ်တစ်လျှောက် ထိုင်းနိုင်ငံ ချင်းရိုင်း၊ ချင်းဆဲန်၊ ချင်းခေါင်၊ မယ့်ကျန်၊ နှင့် ၀ဲန်ကင် စသည့် ခရိုင်တို့တွင် တောင်ပေါ်သား အမြှောက်အများ နေထိုင်လျှက်ရှိသည်ဖြစ်ရာ အချို့သော တောင်ပေါ်သား သက်ကြီး ရွယ်အိုများသည် မည်သည့်နိုင်ငံသားအဖြစ်မှ ခံယူထားခြင်းမရှိသော သူများဖြစ်နေသည့်အပြင် လျှောက်ထားဆဲရှိသူများ နှင့် တောင်ပေါ်သားနေထိုင်ခွင့် ယာယီကဒ် ကိုင်ဆောင်ထားကြသူများ ဖြစ်နေကြသည့် အတွက် တောင်ပေါ်သား သက်ကြီးရွယ်အိုများကို ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် ထိုင်းနိုင်ငံ တောင်ပေါ်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် ပရဟိတကျန်းမာရေးဖွဲ့တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ (၂၃)ရက်နေ့က ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုသည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ယင်းကဲ့သို့ တောင်ပေါ်သားများအား ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်းကိစ္စနှင့် ပတ်သက်၍ ၂၀၁၂ခုနှစ် ထိုင်းနိုင်ငံ လ၀က ဥပဒေစည်းမျဉ်းအရ သတ်မှတ်တာဖြစ်ပြီး အဆိုပါ စည်းမျဉ်းများ အနက် ထိုင်းနိုင်ငံ နယ်နမိတ်တွင် နေထိုင်လျှက်ရှိသော တောင်ပေါ်သား သက်ကြီးရွယ်အိုများသည် သန်းခေါင်စာရင်း လျှောက်လိုပါက လက်ရှိ နေထိုင်သည့် ကျေးရွာ၏ ထောက်ခံစာနှင့် လျှောက်နိုင်ပြီး နိုင်ငံတစ်ခုခုတွင် သန်းခေါင်စာရင်း မပေးထားသော သူဖြစ်ရမည်။ထိုကဲ့သို့ လျှောက်ထားရာတွင် နိုင်ငံသားအဖြစ် သတ်မှတ်ခြင်း မသတ်မှတ်ခြင်းသည် လျှောက်ထားသည့် အချက်အလက်များကို စစ်ဆေး၍ ဆုံးဖြတ်ပေးမည်။ တောင်ပေါ်သား သက်ကြီးရွယ်အိုများမှာ ထိုင်းစာနှင့် ထိုင်းဘာသာစကား နားမလည်သည့်အတွက် နိုင်ငံသားအဖြစ် ပေးလေ့မရှိသလို နိုင်ငံရေး၊ လူမှုရေး နှင့် ကျန်းမာရေး ကုသခံစားခွင့်များကို မပေးပါဟု ထိုင်းလ၀က ဥပဒေမှ ချမှတ်ထားသည်။

များသောအားဖြင့် အခြားဒေသမှ ပြောင်းရွေ့လာသော တောင်ပေါ်သား သက်ကြီးရွယ်အို အချို့မှာ ဒုက္ခသည်များ ဖြစ်နေကြပြီး အလုပ်သမားများလည်းဖြစ်နေကြသည်။ လျှောက်ထားရာတွင် မိမိဒေသဟောင်းဖြစ်သည့် နေရာရပ်သို့ ပြန်ရန် မလိုအပ်သူများကို လျှောက်ထားခွင့်ပြုပြီး ထိုင်းရိုးရာဓလေ့ ထုံးစံများကို လိုက်နာ ကျင့်သုံးနေထိုင်နိုင်ရမှာဖြစ်ပြီး တရားဝင်နေထိုင်နိုင်ရန်အတွက် သန်းခေါင်စာရင်း သွင်းခံထားသူဖြစ်ရန်လည်း လိုသည်။

၎င်းတို့၏ သတ်မှတ်ထားသော လ၀က ဥပဒေနှင့် ညီညွှတ် ပြည့်စုံပါက ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုနိုင်ရန် အတွက် လျှောက်ထားနိုင်မှာ ဖြစ်ကြောင်း ထိုင်းနိုင်ငံ နေ့စဉ်ထုတ်သတင်းစာ၏ ရေးသားဖော်ပြချက်အရ သိရှိရသည်။

ထိုင်းနိုင်ငံ မဲခေါင်မြစ်တစ်လျှောက်တွင် နေထိုင်ကြသည့် တောင်ပေါ်သားများအနက် အာခါ၊ လားဟူ၊ ရှမ်း နှင့် ပလောင် စသည့် တိုင်းရင်းသားများလည်း ပါဝင်ကြောင်း သိရသည်။

Photo: dailynews

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Sunday, February 23, 2014


မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်၍ တာချီလိတ်အွန်လိုင်း၏ ပင်တိုင်ကာတွန်းဆရာဖြစ်တဲ့ ကာတွန်းဆရာ ရုပ်သေးရုပ်က ပုံဖော်ရေးဆွဲပေးထားတာဖြစ်ပါတယ်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
   တာချီလိတ်မြို့ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း
အဝေးအား ဖေဖေါ်ဝါရီလ (၂၃)ရက်၊ နေ့လည် (၁)နာရီအချိန်က တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ
ဦးအောင်မျိုးဝင်း+ဒေါ်စိုးဥမ္မာတို့၏ နေအိမ်တွင်ကျင်းပရာ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ
ဝင်များနှင့် စိတ်ပါဝင်စားသူများတက်ရောက်ကြပါသည်။


    အစည်းအဝေးတွင် ရှေးဦးစွာ ကော်မတီအတွင်းရေးမှူး ဦးအောင်ဖြိုးရှိန်မှ ဖေဖေါ်ဝါရီလ (၁၈)ရက်
နေ့တွင် ကျင်းပခဲ့သော ပဏာမအစည်းအဝေးမှတ်တမ်းနှင့် ကော်မတီဖွဲ့စည်းပုံအား ရှင်းလင်းပြောကြားကာ ကော်မတီ နာယက ဦးမြင့်ဦးမှ အမှာစကားပြောကြားပါသည်။ ယင်းနောက် နာယက ဦးတင်နွယ် ၊ ဥက္ကဋ္ဌ ဦးတင့်ဆွေ နှင့် ကော်မတီဝင်များ ၊ တက်ရောက်လာကြသူများမှ ၀ိုင်းဝန်းဆွေးနွေးအကြံပြုကြကာ
(၁) ဗိုလ်ချုပ်ကြေးရုပ်ပုံစံအား အွန်လိုင်းမှတဆင့် အများပြည်သူသို့ချပြကာ ဆန္ဒတောင်းခံအတည်ပြုရေး
(၂) အပတ်စဉ်စနေနေ့တိုင်း ရှမ်းရိုးမကွင်းတွင် အများပြည်သူ ထည့်ဝင်လှူဒါန်းနိုင်ရေးအတွက် အလှူခံ
ဌာနဖွင့်လှစ်ရေး
(၃) ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ကော်မတီများမှတဆင့် ကြေးရုပ်တည်ဆောက်ခွင့်နှင့် မြေနေရာ
တောင်းခံရေး
(၄) ဗိုလ်ချုပ်ကြေးရုပ်အား မြန်မာမှုပညာရှင် တမ္မ၀တီ ဦးဝင်းမောင်ထံ လုပ်ငန်းအပ်နှံရေး
(၅) ဗိုလ်ချုပ်ကြေးရုပ် အရွယ်အစားအား ဘုရင့်နောင်မင်းတရားကြီးရုပ်ထုထက် အတန်ငယ်သေးငယ်
သောအရွယ်အစားဖြင့် သွန်းလုပ်ရေးတို့အား ဆွေးနွေးဆုံးဖြတ်ကြပါသည်။


     ထို့နောက် ဘဏ္ဍာရေးမှူး ဒေါ်စိုးဥမ္မာမှ အစည်းအဝေးဆုံးဖြတ်ချက်များအား ဖတ်ကြားအတည်ပြု
ကာ နာယက ဦးမြင့်ဦး ၊ ဥက္ကဋ္ဌ ဦးတင့်ဆွေ ၊ တွဲဖက်အတွင်းရေးမှူး ဦးစည်သူမောင် ၊ကော်မတီဝင်
ဦးမောင်လှ နှင့် အခြားအလှူရှင်များက ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးအတွက် ငွေကျပ် သိန်းတစ်ရာ
ကျော်အား စုပေါင်းထည့်ဝင်လှူဒါန်းကြပြီး အစည်းအဝေးတက်ရောက်သူများအားလုံးမှ ဘုရင့်နောင်
မင်းတရားကြီးရုပ်တုသို့သွားရောက်ကာ အရွယ်အစားအားတိုင်းတာကြရာ ဘုရင့်နောင် မင်းတရားကြီး
၏ရုပ်တုမှာ ၁၃ ပေကျော်ကျော်ရှိသည့်အတွက် ဗိုလ်ချုပ်ကြေးရုပ်အား ၁၂ပေ အမြင့်အရွယ် သွန်းလောင်းရန် အများသဘောတူ ဆုံးဖြတ်ကြပါသည်။


ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသူများအား ဗယ်လင်တိုင်းကဖေးမိသားစုမှ နေ့လည်စာဖြင့် တည်ခင်းဧည့်ခံဒါနပြုကြောင်း သိရှိရပါသည်။
သတင်းပေးပို့သူ ။        ။ မောင်ယဉ်ကျေး
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Saturday, February 22, 2014

ပေငါးထောင်ကျော် ခြောက်ထောင်နီးပါး တောင်တန်းကြီးများကို ဖြတ်သန်းကွေ့ဝိုက်ကာ ဖောက်လုပ်ထားသည့်လမ်းမို့ တဖက်မှာက တောင်ကမ်းပါးယံ၊ တဖက်မှက နက်ရှိုင်းလှသော ချောက်ကမ်းပါးကြီးတွေ ၊ ဒီလမ်းမျိုးမှာ မော်တော်ကားစီးရသည်မှာ အသည်းယားဘွယ်ကောင်းလှပေမယ့် တောင်စွယ်တောင်တန်းများကို လှပစွာ ထုဆစ်ပုံဖော်ထားသည့် လှေကားထစ် လယ်ယာ စိုက်ခင်းလေးများကလဲ ရှုမ၀နိုင်သည့် သဘာဝအလှမို့ ကြောက်စိတ်နှင့်ကြည်နူး
စိတ်က ဒွန်တွဲလို့နေသည်။

{ နှစ်တစ်ရာအိမ်ကြီး }

စာရေးသူတို့ သွားရောက်နေသည့် ခရီးကတော့ ရှမ်းဘာသာဖြင့် လွိုင်မွေဟုထင်ရှားသည့် နှင်းတောင်မြို့လေးဆီသို့ဖြစ်သည်။ လွိုင်မွေ တောင်စခန်းမြို့လေးသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၏ မြို့တော်ကျိုင်းတုံနှင့် မိုင် ၂၀အကွာတွင် တည်ရှိနေပြီး ထင်ရှားလှပသည့် တောင်စခန်းမြို့လေးဖြစ်သည်။ပင်လယ်ရေမျက်နှာပြင်အထက် ၅၅၄၂ပေတွင်တည်ရှိကာ  မြို့တည်သက်တမ်းအားဖြင့် နှစ်ရာပြည့်ပွဲတော်ကို ဆင်နွှဲနိုင်ခဲ့သည့် သက်တမ်းရင့်မြို့လေးဟုလည်း သတ်မှတ်နိုင်ပါမည်။

{ ချယ်ရီပင်တန်း }

လွိုင်မွေမြို့လေးအား ကိုလိုနီခေတ်က တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ယနေ့ထက်တိုင် ကိုလိုနီခေတ်လက်ရာ အုတ်တိုက်နီနီလေးများဖြင့် သာယာလှပသော တောင်စခန်းမြို့လေးအဖြစ် ကမ္ဘာလှည့်ခရီးသည်များ အထူးနှစ်ခြိုက်စွာ လာရောက်လေ့လာ လည်ပတ်ကြသည့် ဥရောပဆန်သော မြို့လေးလည်းဖြစ်ပေသည်။ ထင်းရှူး ၊ ယူကလစ် ၊ ချယ်ရီ ၊ မက်မန်း ၊ ပင်စိမ်း ၊ သစ်တော် ၊ မက်မွန်ပင်များဖြင့် ၀န်းရံထားပြီး တိမ်ပြာပြာတို့ထိစပ်နေသော လွိုင်မွေမြို့လေး၏ အထူးတင်ရှားသော သင်္ကေတကား နှစ်တစ်ရာအိမ်ကြီးဟု လူသိများသည့်  ကိုလိုနီခေတ် လက်ရာအဆောက်အအုံကြီးဖြစ်လေသည်။ ရှေးယခင်က အင်္ဂလိပ်အရေးပိုင်မင်း နေထိုင်ခဲ့သည့် အိမ်ဟု ဒေသခံများကပြောကြားသည့် ယင်း
နှစ်တစ်ရာအိမ်ကြီးမှာ ၁၉၁၈ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ရေးထိုးထားသည့် မော်ကွန်းစာအရသိရှိရပေသည်။

{ မက်မွန်ပင်နှင့်မက်မွန်သီးကင်းလေးများ }

ထုထည်ခိုင်ခန့်စွာဖြင့် တည်ဆောက်ထားကာ ယနေ့ခေတ်လို သံထည်များမပါပဲ ကျောက်တုံးကြီးများ၊ မြေအုတ်များဖြင့် လှပသေသပ်စွာ တည်ဆောက်ထားပြီး တောင်ပေါ်ဒေသ အလွန်အေးချမ်းသော ရာသီဥတုနှင့်လိုက်လျောညီထွေစွာ အခန်းတိုင်းတွင် မီးလင်းဖိုကြီးများကို ထည့်သွင်းစီမံထားလေသည်။ အထူးအားဖြင့် လွိုင်မွေမြို့လေးကို အပေါ်စီးမှရှုမြင်နိုင်သည့် တောင်ကုန်းမြင့်မြင့်ပေါ်တွင် တည်ဆောက်ထားသည်မို့ မြို့လေး၏ အလှကိုလည်း တစိမ့်စိမ့်ကြည့်ရှုနိုင်လေသည်

{ ပင်စိမ်းပင် }

နှစ်တစ်ရာအိမ်ကြီး တည်ရှိရာ တောင်ကုန်းပေါ်သို့ ရောက်ရှိသွားသည်နှင့် သန့်ရှင်းလတ်
ဆတ်သော လေလေးကို သင်းပျံ့သော ထင်းရှူးနံ့ ၊ ယူကလစ်နံ့တို့နှင့်အတူ ရှူရှိုက်လိုက်ရသည်မို့ လန်းဆန်းတက်ကြွသွားစေမှုကလည်း ထူးခြားသော ဆွဲဆောင်မှုတစ်ရပ်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း နှစ်စဉ်နှစ်တိုင်း ဥရောပသား ကမ္ဘာလှည့်ခရီးသည်များ လာရောက် လည်ပတ်လေ့လာကြခြင်းဖြစ်ပေမည်။

{ လွိုင်မွေဒေသထွက် နှစ်ချို့ဝိုင် }

ထို့အပြင် လွိုင်မွေဒေသ၏ ထင်ရှားသော အမှတ်သင်္ကေတကား ဒေသထွက် သစ်သီးများဖြင့် စီမံ ဖော်စပ်ထားသည့် ၀ိုင်မျိုးစုံပင်ဖြစ်သည်။ ယနေ့ခေတ်လို ဓာတုဗေဒပစ္စည်းမျိုးစုံ အရောအနှောတွေဖြင့် အစားအစာမျိုးစုံကို ထုတ်လုပ်နေကြချိန်ဝယ် လွိုင်မွေဒေသထွက် ချယ်ရီ ၊ သစ်တော် ၊ မက်မန်း ၊ ပင်စိမ်း ၊ မက်မွန် ၊ စတော်ဘယ်ရီ ၊ နာနတ်စသည့် သန့်ရှင်းလတ်ဆတ်သော သဘာဝသီးနှံများဖြင့် ရှေးရိုးစဉ်လာ နည်းပညာအတိုင်း ထုတ်လုပ်ထားသည့် နှစ်ချို့ဝိုင်လေးများကား ချိုမြမြရှိန်းတိန်းတိန်းလေးဖြင့် သောက်သုံးသူတို့နှစ်ခြိုက်ကြသည့် လိွုင်မွေဒေသ ထွက်ကုန်လည်းဖြစ်ပေသည်။

{ ချယ်ရီပန်း }

သို့မို့ကြောင့်လည်း လှပသော တောတောင်သဘာဝကိုခံစားကာ လတ်ဆတ်သော လေကောင်းလေသန့်ကိုရှူရိုက်ရင်း နှစ်ခြို့ဝိုင်လေးများ၏ ချိုရှရှအရသာကိုခံစားနိုင်စေဖို့အတွက် လွိုင်မွေတောင်စခန်းမြို့လေးနှင့် နှစ်တစ်ရာအိမ်ကြီးအား တခါတခေါက်လာရောက်လည်ပတ်ကာ အပန်းဖြေအနားယူနိုင်ကြပါစေကြောင်း ဖိတ်ခေါ်ရေးသားလိုက်ရပါတော့သည်။

ဆောင်းပါးရှင်။ ။မောင်ယဉ်ကျေး

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျေးရွာ စာကြည့်တိုက်များ
စံ(၅)ရပ်နှင့်ညီညွှတ်သော စာကြည့်တိုက်များ ဖြစ်ပေါ်လာရေးအတွက် စာအုပ်တစ်မျိုးသာလိုသော စာကြည့် တိုက်များအား စာအုပ်များဖြည့်ဆည်းပေးခြင်း၊ အဆောက်အဦလိုသောစာကြည့်တိုက်များအား အဆောက် အဦရရှိရေးအတွက် ကျေးရွာတာဝန်ရှိသူများနှင့် ညှိနှိုင်းခြင်းတို့ဆောင်ရွက်လျက်ရှိသည်။


ဖေဖော်ဝါရီ ၂၁ ရက်နံနက်တွင် ခရိုင်ဦးစီးအရာရှိ ဦးမောင်ကြည် ၊မေတ္တာရှင်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးဘိုစံနှင့်အဖွဲ့သည် မိုင်းကိုး ကျေးရွာ အုပ်စု ကော်မယ်လိတ်ကျေးရွာသို့ သွားရောက်ပြီးကျေးရွာမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ကာ စာကြည့်တိုက် ဆောက်လုပ်ရေးကိစ္စဆွေးနွေးညှိနှိုင်းသည်။


စာကြည့်တိုက်ဆောက်လုပ်ရေးအတွက် ကျေးရွာ ပိုင်မြေနေရာမှ အလျား(၄၀)ပေ၊ အနံ(၃၀)ပေရှိမြေနေရာအား စာကြည့်တိုက်မြေနေရာအဖြစ် ကျေးရွာ
တာဝန်ရှိသူများက သဘောတူဆုံးဖြတ်ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နိုင်ငံတော် မတည်ငွေ သို့မဟုတ် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းတို့မှ ထောက်ပံ့ငွေများရရှိရေးဆက်လက် တင်ပြပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
သတင်းပေးပို့သူ။   ။ မောင်ဆွေငြိမ်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Friday, February 21, 2014

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နှင့် အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့်‌ပြုသော နိုင်ငံများ

(က)   အထူးနိုင်ငံကူးလက်မှတ်/သံတမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ

စဉ်       နိုင်ငံ                                                 နေခွင့်‌ ခွင့်ပြုပေးသောကာလ
(၁)       CHINA                                                                                   (၃၀)    ရက်
(၂)       DEMOCRATIC PEOPLE’s REPUBLIC OF KOREA                          (၃၀)    ရက်
(၃)       CAMBODIA                                                                           (၃၀)    ရက်
(၄)       PHILIPPINES                                                                         (၃၀)    ရက်
(၅)       VIETNAM                                                                              (၃၀)    ရက်
(၆)       MALAYSIA                                                                            (၃၀)    ရက်
(၇)       SINGAPORE                                                                          (၃၀)    ရက်
(၈)       THAILAND                                                                            (၃၀)    ရက်
(၉)       LAOS                                                                                    (၃၀)    ရက်
(၁၀)    BELARUS                                                                                (၃၀)    ရက်
(၁၁)    MONGOLIA                                                                             (၃၀)    ရက်
(၁၂)    BRUNEI                                                                                  (၁၄)    ရက်
(၁၃)    INDONESIA                                                                            (၁၄)    ရက်
(၁၄)    RUSSIA                                                                                  (၉၀)    ရက်
(၁၅)    BANGLADESH                                                                         (၉၀)    ရက်
(၁၆)    INDIA                                                                                    (၉၀)    ရက်
(၁၇)    KOREA                                                                                   (၉၀)    ရက်

(ခ)       သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ
စဉ်        နိုင်ငံ                                                        နေခွင့်‌ ခွင့်ပြုပေးသောကာလ
(၁)       CAMBODIA                                                                             (၁၄)    ရက်
(၂)       PHILIPPINES                                                                           (၁၄)    ရက်
(၃)       VIETNAM                                                                                (၁၄)    ရက်
(၄)       LAOS                                                                                      (၁၄)    ရက်

မှတ်ချက်။       ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူအင်အားဝန်ကြီးဌာန
                      ( http://goo.gl/5HsTqe ) မှ ကူးယူဖော်ပြသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
     လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို  မြန်မာနိုင်ငံတ၀ှမ်းလုံးတွင် တရားဝင်လိုင်စင်ထုတ်ပေးမှု
စီမံချက်အား ဖေဖေါ်ဝါရီလ (၁၇)ရက်နေ့မှစတင်ကာ ဆောင်ရွက်ပေးလျှက်ရှိရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးတွင် ဖေဖေါ်ဝါရီလ (၁၇)ရက်နေ့မှစတင်ကာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာ့အာမခံလုပ်ငန်း၊မြန်မာ့စီးပွားရေးဘဏ်စသည့် ဌာနဆိုင်ရာများမှ ပူးပေါင်းကာOne Stop Service စနစ်ဖြင့် ပြည်သူများအား နေ့ချင်းပြီး မော်တော်ဆိုင်ကယ် လိုင်စင်များကို ဆောင်ရွက်ပေးလျှက် ရှိပါသည်။


     ““ကျွန်တော်တို့ ဖေဖေါ်ဝါရီလ(၁၇)ရက်နေ့ နံနက် ရုံးဖွင့်ချိန်မှစတင်ပြီး ဌာနဆိုင်ရာ(၆)ခု ပူးပေါင်းကာ
လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေကို နေ့ချင်းပြီးဆောင်ရွက်ပေးလျှက်ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ
ပြည်သူများ လွယ်လင့်တကူဆောင်ရွက်နိုင်စေဖို့ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် သတ်မှတ်ရက်လေး
တွေနဲ့ဆောင်ရွက်ပေးတဲ့အတွက် ပြည်သူတွေအနေနဲ့ အချိန်ကုန် လူပမ်းမဖြစ်တော့ပါဘူး"" ဟု တာဝန်
ရှိသူတစ်ဦးမှ ပြောကြားပါသည်။

    တာချီလိတ်ခရိုင်အတွင်း ထုတ်ပေးသော မော်တော်ဆိုင်ကယ်လိုင်စင်များအား ၃၇ယ/၇၈xxx နံပါတ်
များဖြင့် ထုတ်ပေးခြင်းဖြစ်ကာ ဖေဖေါ်ဝါရီလ(၂၀)ရက်နေ့အထိ (၃၆၃)စီး လာရောက်မှတ်ပုံတင်ပြီးဖြစ်
ကြောင်း သိရှိရသည်။

  ““ ဟိုယခင်တုံးက ဒီလို မော်တော်ဆိုင်ကယ်လိုင်စင်ထုတ်ပေးရင် တာဝန်ကျဝန်ထမ်းတွေအနေနဲ့
စနေ-တနင်္ဂနွေတောင် မနားရပဲ ညဖက် (၇)နာရီ (၈)နာရီအထိ ဆောင်ရွက်ပေးရပါတယ်။ တစ်ရက်ကို
အစီးရေ (၁၇၀)မှ (၂၀၀)ကျော်အထိ ဆောင်ရွက်ပေးခဲ့ရပါတယ်။ ခုချိန်ခါမှာတော့ နိုင်ငံတော်က ပြည်သူ
တွေအတွက် ဖြေလျော့မှုတွေဆောင်ရွက်ပေးတာကြောင့် မော်တော်ကားဈေးနှုန်းတွေကလဲကျဆင်း
လာတာက တကြောင်း၊ မော်တော်ဆိုင်ကယ်စီးနင်းမှုက အန္တရာယ်လဲ ပိုကြီးတာမို့ ယာဉ်အန္တရာယ်
အတွက် ပိုပြီးလုံခြုံစိတ်ချရတဲ့ မော်တော်ကားစီးနင်းမှုက ပိုမိုလာတာကိုတွေ့ရှိရပါတယ်။ ဒါ့ကြောင့်
အခုဆိုရင် ဆိုင်ကယ်လိုင်စင်ဆောင်ရွက်မှုဟာ ယခင်ကာလများတုံးကလို သိပ်မများတော့ပါဘူး ၊
မော်တော်ဆိုင်ကယ် လိုင်စင်စီမံချက် ပူးပေါင်းအဖွဲ့အနေနဲ့လဲ  ပြည်သူတွေအတွက် အလျင်အမြန်
ဆောင်ရွက်ပေးလျှက်ရှိသလို နိုင်ငံတော်မှ သတ်မှတ်နှုန်းထားထက်လဲ ပိုမိုကောက်ခံခြင်းမရှိပဲ သန့်ရှင်းစွာဖြင့် ဆောင်ရွက်ပေးလျှက် ရှိပါတယ် ”” ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ
တာဝန်ရှိသူတစ်ဦးက မုဒိတာစကား ပြောကြားသွားပါသည်။

သတင်း/ဓါတ်ပေးပို့သူ ။           ။ မောင်ယဉ်ကျေး

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Thursday, February 20, 2014

တာချီလိတ်မြို့နယ်မီးသတ်ဦးစီးဌာနနှင့် တာချီလိတ် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်း၍ တာချီလိတ်လေဆိပ်ရှိ လေကြောင်းလိုင်း(၈)လိုင်းမှ ၀န်ထမ်း(၁၂၀)ဦးနှင့် လုံခြုံရေးဝန်ထမ်း (၁၅)ဦး စုစုပေါင်း (၁၃၅)ဦးတို့အား လေဆိပ်မီးသတ်တပ်ဖွဲ့နှင့်အတူ ပူးပေါင်း၍ လေယာဉ် အသက်ကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်မှု သရုပ်ပြသပွဲ အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီလ(၂၁)ရက် နံနက်(၈)နာရီက ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။


ထိုသို့ သရုပ်ပြသရာမှာ တာချီလိတ်မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးအောင်ကျော်နိုင်မှ လေယာဉ် အသက်ကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေးအကြောင်း သိကောင်းစရာများအား ရှင်းလင်းပြောကြားပြီး ဒုမီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုမှ DCP မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြိမ်းသတ်မှု သရုပ်ပြသခြင်း နှင့် မီးသတ်ယာဉ်ဖြင့် လက်တွေ့ရေပက်သရုပ်ပြသခြင်းများကို ပြုလုပ်ခဲ့ကြသည်။


အဆိုပါ မီးငြိမ်းသတ်မှု သရုပ်ပြသပွဲသို့ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး အပါအ၀င် မြို့နယ်အထောက်အကူပြုကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များအပြင် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~