Latest News

Dropdown Menu

Showing posts with label အသင်းအဖွဲ့. Show all posts
Showing posts with label အသင်းအဖွဲ့. Show all posts

Saturday, December 28, 2013

ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် နယ်စပ်ဒေသမြို့ တစ်မြို့ဖြစ်သည့် တာချီလိတ်၌ စေသနာ ထက်သန်စွာဖြင့် အသီးသီးဖွဲ့စည်း တည်ထောင်ထားကြသော လူမှုကူညီရေးအသင်း (၁၀)သင်းအထက် ရှိသည်အနက် ၂၀၁၃ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့ နံနက်(၁၀)နာရီက ဒေသခံ တိုင်းရင်းသားများမှ စုပေါင်းအင်အားဖြင့် "လူမှုကူညီရေးအသင်း(မိုင်းကိုး)"အား ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ယနေ့ ဒီဇင်ဘာလ(၂၈)ရက် နံနက်(၁၀း၃၀)နာရီက အဆိုပါရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင် စက်ခလုတ်နှိပ် ဖွင့်လှစ်ခြင်း အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ ဖွင့်ပွဲတွင် ရုံးအဆောက်အဦအား အသင်းနာယက ဦးကြာအေ့၊ အသင်းဥက္ကဋ္ဌ ဦးဆူးဝမ်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အသင်းဆိုင်းဘုတ်အား ခရိုင်စီမံကိန်းဦးစီးမှူး ဦးမင်းသိမ်းက စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ဆက်လက်၍ ခရိုင်စီမံကိန်းဦးစီးမှူး ဦးမင်းသိမ်းက အမှာစကားပြောကြားပြီး၊ အသင်းဥက္ကဋ္ဌ ဦးဆူးဝမ်းက အသင်းဖွဲ့စည်း တည်ထောင်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်၍ အခမ်းအနားအား ပြီးမြောက်စေခဲ့ကြသည်။

အဆိုပါ လူမှုကူညီရေးအသင်း(မိုင်းကိုး)အား ဖွဲ့စည်းနိုင်ရန်အတွက် မိုင်းကိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးကပ်ခမ်းမှ ဦးဆောင်ကာ ကျေးရွာအုပ်စုအတွင်းရှိ ရွာလူကြီးများ၊ ဘာသာရေးခေါင်းဆောင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ နှင့် တိုင်းရင်းသားများမှ တွေ့ဆုံစည်းဝေးကာ ယခုလို လူမှုကူညီရေးအသင်အား အောင်မြင်စွာ ဖွဲ့စည်းလာခဲ့တာဖြစ်ပြီး အဆိုပါ အသင်း၏ အဓိက ရည်ရွယ်ချက်မှာ လူမျိုးမရွေး၊ ဘာသာမရွေး၊ တိုင်းရင်းသားမရွေး၊ အခက်အခဲရှိသူများကို စေတနာဖြင့် အခမဲ့ ပြန်လည် အကူအညီပေးသွားရန်ဖြစ်ပြီး သာရေး၊ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ စသည့် လူမှုရေးအကျိုးပြု လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကူညီဆောင်ရွက်သွားဖြစ်ကြောင်း သိရှိရသည်။

"မိုင်းကိုးကျေးရွာအုပ်စုဆိုတာက တိုင်းရင်းသားတွေ တော်တော်များများနေထိုင်ကြပြီး မြို့ထဲမှာ ရှိတဲ့ လူမှုကူညီရေးအသင်းတွေနဲ့ အလှမ်းဝေးတဲ့ ဒေသပါ၊ အခုလို တိုင်းရင်းသားကျေးရွာထဲမှာ ထိထိရောက်ရောက် ကူညီမှုတွေ ပေးနိုင်ရန်အတွက် ဖွဲ့စည်းလိုက်ကြတာကို သိလိုက်ရတဲ့အတွက် ၀မ်းသာပါတယ်၊ မြို့ထဲမှာ ရှိတဲ့ လူမှုရေးအသင်းအဖွဲ့တွေနဲ့လည်း အချိတ်အဆက် လုပ်ထားနိုင်ကြမယ်ဆိုရင် အားလုံးလက်တွဲ ဆောင်ရွက်နိုင်ကြလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်"ဟု မြို့မမြို့ဖ တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။
သတင်း။   ။ မောင်ဆွေငြိမ်း၊ မြင့်မိုရ်၊ ကိုဇောင်း
ဓါတ်ပုံ။  ။ မောင်ဆွေငြိမ်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Saturday, March 2, 2013

တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ ဓမ္မာရုံ(ရပ်ကွက်ရုံးဘေး)မှာ နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှု အခြေခံသင်တန်းကို ၂၀၁၃ခုနှစ် မတ်လ(၄)ရက်နေ့မှ မေလ(၁၆)ရက်နေ့ထိ ပို့ချမှာဖြစ်ကြောင်း သိရပါတယ်။

သင်တန်းဆရာများရဲ့ ရည်ရွယ်ချက်ကတော့ နွေရာသီကျောင်းပိတ်ရက်ကာလမှာ လူငယ် လူရွယ်များအနေနဲ့ အချိန်ကို အလဟဿမဖြစ်စေဖို့နဲ့ အသိပညာတိုးပွားစေရေးကို ရည်ရွယ်ပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှု အခြေခံသဘောတရားများ၊ ယဉ်ကျေးလိမ္မာ အသိတရားများကို သင်ကြားပို့ချပေးဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။


အခု သင်ကြားပို့ချပေးမဲ့ သင်တန်းဆရာများကတော့ ၀မ်ကောင်းရပ်ကွက် ပရဟိတ လူငယ်များအဖွဲ့ကဖြစ်ပြီး အဆိုပါအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ကျောင်းဖွင့်ကာလများမှာလည်း ကျောင်းပိတ်ရက်ဖြစ်တဲ့  တနင်္ဂနွေနေ့ ညနေတိုင်းမှာ အခုလို သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ မတ်လ(၄)ရက်နေ့မှ မေလ(၁၆)ရက်နေ့ထိ သင်ကြားပေးရာမှာ သင်တန်းချိန်ကိုတော့ ညနေ(၆)နာရီမှ (၈)နာရီထိ သတ်မှတ်ထားပြီး မည်သူမဆို အဆိုပါသင်တန်းသို့ စာရင်းပေးသွင်းကာ လာရောက် သင်ကြားနိုင်ကြောင်းလည်း  သိရပါတယ်။ အခုလောလောဆယ်မှာတော့ လူဦးရေ(၅၀)ကျော်သွားပြီလို့လည်း သိရပါတယ်။

Sunday, February 17, 2013

၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့ ညနေပိုင်းက တာချီလိတ်မြို့ရှိ Myanmar Anti-Narcotics Association (MANA) အသင်းရုံးခန်းမှာ MANAအသင်း၏ အလုပ်အမှုဆောင်အဖွဲ့အား ပြန်လည်
 ပြင်ဆင်ဖွဲ့စည်းခြင်းအဖြစ်ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။


MANA(တာချီိလိတ်) အသင်းအနေဖြင့် အစည်းအဝေး မပြုလုပ်ရသည်မှာ (၃)နှစ်ခန့်ကြာပြီဖြစ်ပြီး အသင်း၏ လုပ်ဆောင်ချက်များ ရပ်တန့်နေရခြင်းမှာ ဥက္ကဌမှာလည်း အလုပ်တာဝန်များပြားနေတာဖြစ်ပြီး အလုပ်အမှုအဆောင်အဖွဲ့နဲ့လည်း ထိတွေ့မှုမရှိဘဲ ကင်းကွာနေတာကြောင့် အခုလို အလုပ်အမှုဆောင် ကော်မတီများနဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းတာဖြစ်ပါတယ်။

ယခု ပြင်ဆင်ဖွဲ့စည်းရာမှာ အလုပ်အမှုဆောင်(၁၀)ဦးနဲ့ ဖွဲ့စည်းတာဖြစ်ပြီး ဥက္ကဌအဖြစ် ဦးသိန်းဝင်း၊ ဒုဥက္ကဌအဖြစ် ဒေါ်နန်းကောင်ခမ်း၊ အတွင်းရေးမှူးအဖြစ် ဦးသိန်းထွန်းတို့က တာဝန်အသီးသီး ခွဲဝေရယူကာ ကျန်(၇)ဦးအား တာဝန်ကိုယ်စီပေးအပ်ပြီး ဘဏ္ဍာရေးကိစ္စများကိုလည်း ရှင်းလင်းခဲ့ကြပါတယ်။

ဖေဖော်ဝါရီ(၁၄)ရက်နေ့ကလည်း ရန်ကုန်မြို့ရှိ မူးယစ်ပြတိုက်မှာ (၁၄)ကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးကို ကျင်းပခဲ့ကြကြောင်းလည်းသိရပါတယ်။

မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(မဆသ) Myanmar Anti-Narcotics Association (MANA)ကို ၁၉၉၄ခုနှစ် ဇွန်လ(၂၆)ရက်နေ့က စတင်ဖွဲ့စည်းတာဖြစ်ပြီး ဖွဲ့စည်းပြီးသော MANAအသင်းဝင် တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်နှင့်မြို့နယ်စာရင်းအနေဖြင့်  စုစုပေါင်း(၁၇၁)သင်း ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရပါတယ်။

Tuesday, February 12, 2013

အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေးအဖွဲ့မှ ၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၁၃)ရက်ကနေ (၂၀)ရက်နေ့အထိ ဆရာတော်ကြီး (၄)ပါးဖြင့် (၈)ညတိုင်တိုင် အထူးတရားပွဲကို တာချီလိတ်မြို့ ရှမ်းရိုးမကွင်းမှာ ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။

တရားပွဲဖြစ်မြောက်ရန်အတွက် ပြင်ဆင်မှုနှင့်ပတ်သက်၍ (၁)ကြိမ်မှ (၁၈)ကြိမ်မြောက်အထိ  ပြင်ဆင်ရာမှာ (၅)ရက်မှ (၇)ရက်အထိအချိန်ကြာကြာ ပြင်ဆင်ပြုလုပ်ခဲ့ရသော်လည်း ယခု(၁၉)ကြိမ်မြောက်မှာတော့ ရှမ်းရိုးမကွင်းအတွင်း နှစ်သစ်ကူးပွဲတော်ရက်ပြီးချိန်နှင့် နီးကပ်နေတာကြောင့် နံနက်(၆)နာရီမှ ည(၇)နာရီထိ တစ်နေ့တည်းအပြီး တရားပွဲဖြစ်မြောက်ရေး အဖွဲ့များမှကြိုးစား ပြင်ဆင်ပြုလုပ်နေကြတာကို တွေ့ခဲ့ရပါတယ်။

တရားပွဲဖြစ်မြောက်ရန်အတွက် ပြင်ဆင်မှုကို ယခင်အကြိမ်များနဲ့မတူ တစ်ရက်တည်းပြီးအောင် လုပ်နိုင်ခဲ့တဲ့အတွက် တရားပွဲဖြစ်မြောက်ရေးအဖွဲ့ဝင်တစ်ဦးက  "ကျွန်တော်တို့ ခါတိုင်းဆိုရင်တော့
မြေညှိရတာတွေ သဲဖို့ရတွေ မြေကြွင်းတူးရတာတွေ လုပ်ရတာဆိုတော့ ရက်က တပတ်လောက် ကြာသွားတတ်တယ်၊ မနေ့က ဒီကွင်းထဲမှာပဲ နှစ်သစ်ကူးပွဲတော် ကျင်းပခဲ့တာဆိုတော့
မြေညှိစရာမလိုတော့ဘူးလေ၊ တရားပွဲနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ ပြင်ဖို့ဆင်ဖို့ နဲ့ တရားဟောစတိတ်စင် တပ်ဆင်ဖို့အတွက်ပဲ လိုတာပါ၊ သံထည်ပစ္စည်းတွေ ဖျာတွေကိုတော့ မနေ့ညကတည်းကပဲ ကြိုတင်ပြီးတော့ ကားနှစ်စီးပေါ် တင်ထားကြတယ်။ နက်ဖြန်ဆိုရင် တရားစဟောမဲ့ ယောဆရာတော်က ကြွလာတော့မယ်၊ ဒါကြောင့် ဒီနေ့အပြီးလုပ်မှဖြစ်မယ်ဆိုတဲ့ စိတ်တွေနဲ့ တနေကုန် လုပ်လာခဲ့ကြတာ၊  အခုတော့ ပြင်ဆင်မှုက ပြီးသွားပါပြီ၊ အဲ့ဒီအတွက်လည်း ကျွန်တော်တို့အတွက် အမောပြေစေပါတယ်၊ ပီတိလည်းဖြစ်ရပါတယ်။ လာရောက် ကုသိုလ်ယူ လုပ်အားပါဝင်ဖြည့်ကြတာကတော့ အယောက်(၃၀)နီးပါလောက်ရှိတယ်၊ နက်ဖြန်မနက် ဆရာတော်ကို သွားကြိုဖို့ပဲ လုပ်ရတော့မယ်"လို့ ပြောကြားသွားပါတယ်။

အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေးအနေဖြင့် ယခုအခါမှာ (၁၉)ကြိမ်မြောက်အဖြစ် တရားပွဲကိုပြုလုပ်မှာဖြစ်ပြီး အကြိမ်(၂၀)မြောက်ကိုတော့ မတ်လ(၂၃)ရက်မှ ဧပြီလ(၈)ရက်နေ့ထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး၂၀၁၃ခုနှစ်ရဲ့ အပိတ်ပွဲအဖြစ်လည်း ပြုလုပ်မှာဖြစ်ကြောင်း ကြိုတင်သိရှိရပါတယ်။ တဆက်တည်းမှာပင် ၂၀၁၃ခုနှစ် မတ်လ(၂၃)ရက်နေ့မှ(၂၆)ရက်နေ့ထိ (၅)ညတိုင်တိုင် အထူးတရားပွဲကိုလည်း တာလေမြို့နယ်ခွဲမှာ ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။


ယခုပြုလုပ်မည့် (၁၉)ကြိမ်မြောက်တရားပွဲမှာ အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ အဖွဲ့ကြီး၏ ကျန်းမာရေးကဏ္ဍတစ်ခုဖြစ်တဲ့ ဇီဝကအခမဲ့ဒါန ဆေးကုသခန်းကိုလည်း ဖေဖော်ဝါရီ(၁၃)ရက်မှ (၂၀)ရက်နေ့အထိ တရားပွဲကျင်းပနေစဉ် အတွင်း ညစဉ်ညတိုင်း အခမဲ့ဒါနအဖြစ် ကုသပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။



တာချီလိတ်မြို့တွင် လူမှုကူညီရေးအသင်းများ များစွာရှိသည့်အနက် အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာအဖွဲ့ကြီးမှာလည်း ကဏ္ဍများခွဲကာ အဖွဲ့သုံးဖွဲ့အဖြစ် ဖွဲ့စည်းထားကြောင်း သိရပါတယ်။
ဘာသာရေးအနေဖြင့် အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေးအဖွဲ့၊ ကျန်းမာရေးအနေဖြင့် ဇီဝက အခမဲ့ ဒါန ဆေးကုသခန်း၊ လူမှုရေးအနေဖြင့် မေတ္တာရှင် သာရေး/နာရေးကူညီမှု စတဲ့ အဖွဲ့သုံးဖွဲ့ကို ဖွဲ့စည်းထားလျှက်ရှိရာ ဇီဝက အခမဲ့ဒါန ဆေးကုသခန်းကို ၀မ်ကောင်းရပ်ကွက်ရှိ ဘုရင့်နောင်ဈေးမှာ ဖွင့်လှစ်မှာဖြစ်ပြီး မေတ္တာရှင် သာရေး/နာရးကူညီမှု ရုံးခန်းကိုတော့ လောလောဆယ်မှာ ပါလျှံ(၃) ဆောင်းဦးပန်းချီလမ်းကြားရှိ အိမ်အမှတ် ( ၄၂/၂ )မှာ ယာယီဖွင့်လှစ်ထားကြောင်း သိရပါတယ်။ ဆက်လက်၍လည်း ဇီဝက အခမဲ့ဒါန ဆေးကုသခန်းကို လာမဲ့ မတ်လ(၂၃)ရက်နေ့မှ စ၍ စတင်ဖွင့်လှစ် ကုသပေးမှာဖြစ်ပြီး ဆေးကုသချိန်မှာ နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီအဖြစ် သတ်မှတ်ထားကာ တနလာင်္၊ ဗုဒ္ဓဟူး နှင့် စနေနေ့များမှာ ကုသပေးမှာဖြစ်ကြောင်း သိရပါတယ်။

ပုံများကိုကြည့်ရန်

Sunday, February 3, 2013

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်း မေဖလားဝါးကွင်းထဲရှိ ဟုတ်တက် ဗုဒ္ဓဘာသာဘုရားကျောင်း မှာ လူမှုကူညီရေးအသင်း၊တာချီလိတ်၏ နာယက/ကော်မတီဝင်များနှင့် အသင်းသားများ သင်းလုံးကျွတ်ဆန္ဒခံယူပွဲကို ၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၃)ရက်နေ့ မွန်းလွှဲ(၁)နာရီမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 {ရွှေတာချီ ခရီးသွားလုပ်ငန်း}


အဆိုပါ အခမ်းအနားသို့ အငှားဆိုင်ကယ်ပြေးဆွဲသူ (၉၂၀)ဦး အနက် (၆၉၆)ဦး တက်ရောက်လာခဲ့ကြပြီး ပွင့်လင်းမြင်သာစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြတာကို တွေ့ရပါတယ်။ ၎င်းတို့ အပြန်အလှန် ဆွေးနွေးတင်ပြရာမှာ "လူမှုကူညီရေးအသင်း တာချီလိတ်" အမည်ဖြင့် အငှားဆိုင်ကယ်ကိစ္စ၊ အသင်း၏ဖွဲ့စည်းပုံ၊ စည်းကမ်းချက်များ၊ ရှေ့ဆက်မည့် လုပ်ငန်းစဉ်များ၊ ငွေစာရင်းရှင်းတမ်းများ စသည့်ကိစ္စများကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။


အငှားဆိုင်ကယ်ပြေးဆွဲသူများ၏ ၀တ်စကုတ်များပေါ်တွင်  "လူမှုကူညီရေးအသင်း တာချီလိတ်" အမည်ဖြင့်ရေးထိုး၍ ၀တ်ဆင်ပြေးဆွဲနေရာ ယခုအခါမှာ "ရွှေတာချီ ခရီးသွားလုပ်ငန်း" အမည်ဖြင့် ပြောင်းလဲကာ အငှားဆိုင်ကယ်များ ပြေးဆွဲရန်အတွက် အများဆန္ဒခံယူတာဖြစ်ပါတယ်။ အများဆန္ဒသဘောတူညီချက်အရ ယခုလထဲမှာပင် "ရွှေတာချီ ခရီးသွားလုပ်ငန်း"အမည်ဖြင့် အငှားဆိုင်ကယ်များ ပြေးဆွဲနိုင်တော့မှာ ဖြစ်ပါတယ်။


အခမ်းအနားသို့ တက်ရောက်လာသူ အငှားဆိုင်ကယ်ပြေးဆွဲသူတစ်ဦးမှ " ဆိုင်ကယ်အင်္ကျီတွေမှာက လူမှုကူညီရေးအသင်း တာချီလိတ် ဆိုတော့ တစ်ချို့တွေက ဆိုင်ကယ်ကို အလကား စီးလို့ရတယ် လို့ ထင်နေကြတာ။ တစ်ခါတလေဆို မင်းတို့က လူမှုကူညီရေးအသင်းလည်း ပြောတယ် ပိုက်ဆံလည်း တောင်းတယ်လို့ အပြောခံလိုက်ရသေးတယ်၊ အခုလို အမည်ပြောင်းလဲ လိုက်တယ်ဆိုတော့ ကောင်းတာပေါ့"ဟု တာချီလိတ်အွန်လိုင်းသို့ ပြောကြားသွားပါတယ်။

အခမ်းအနားတွင် "လူမှုကူညီရေးအသင်း တာချီလိတ်"စဖွဲ့စဉ်ကတည်းက အသင်းသို့ လစဉ်ကြေးပုံမှန်သွင်းသူများ၊ လူမှုကူညီရေးများတွင် ၀င်ရောက်၍ ကူညီဆောင်ရွက်ကြသူများ စုစုပေါင်း အငှားဆိုင်ကယ်ပြေးဆွဲသူ(၃၈)ဦးကို အင်ဂျင်ဝိုင်များ၊ ဆိုင်ကယ်ကျွတ်များစသည်တို့ဖြင့် ဆုအဖြစ်ပေးအပ်သွားခဲ့ကြပါတယ်။ ဆက်လက်ပြီး ဒု-ဥက္ကဌဖြစ်သူ ဦးဘိုစံမှ အသင်း၏ ဆုံးဖြတ်ချက်ဖြစ်သော  ဆုံးဖြတ်ချက်(၇)ချက်အား ဖတ်ကြားသွားခဲ့ပြီး အခမ်းအနားအစီအစဉ်အား ပြီးမြောက်စေခဲ့ကြပါတယ်။

ဆုံးဖြတ်ချက်(၇)ချက်မှာ-
  • ဆုံးဖြတ်ချက် (၁)
လူမှုကူညီရေးအသင်းနှင့် ရွှေတာချီ ခရီးသွားလုပ်ငန်း၏ ဆိုင်ကယ်အသင်းသားများ ဆိုင်ကယ်ပြေးဆွဲခြင်း လုပ်ငန်းအား "ရွှေတာချီ ခရီးသွားလုပ်ငန်း"အမည်ဖြင့်(၁၅.၂.၂၀၁၃)မှစ၍စတင်ပြေးဆွဲနိုင်ရေးအပြီး ဆောင်ရွက်ရန်
  • ဆုံးဖြတ်ချက် (၂)
ရွှေတာချီ ခရီးသွားလုပ်ငန်း၏  ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး နှင့် အဖွဲ့ဝင်(၅)ဦးအား အောက်ပါအတိုင်း တာဝန်ပေးအပ်ပါသည်။
(၁) ဦးစိုင်းကျော်စံ - ဥက္ကဌ
(၂) ဦးဘိုစံ - ဒု-ဥက္ကဌ
(၃) ဦးကျော်ဆွေ - အတွင်းရေးမှူး
(၄) ဦးဘမိုးမြင့် - အဖွဲ့ဝင်
(၅) ဦးကျော်မြင့် - အဖွဲ့ဝင်
(၆) ဦးသောင်းထိန်စိုး - အဖွဲ့ဝင်
(၇) ဦးကျော်သန်း - အဖွဲ့ဝင်
(၈) ဦးထွန်းထွန်း - အဖွဲ့ဝင်
  • ဆုံးဖြတ်ချက် (၃)
လစဉ်ထောက်ပံ့ငွေများအား အောက်ပါအတိုင်း ထုတ်ပေးရန်
(၁) ဥက္ကဌ - ၅၀၀၀ ဘတ်
(၂) ဒု-ဥက္ကဌ - ၄၅၀၀ ဘတ်
(၃) အတွင်းရေးမှူး နှင့် ကော်မတီအဖွဲ့ဝင်များ - ၄၀၀၀ ဘတ်
  • ဆုံးဖြတ်ချက် (၄)
မြို့သာယာဖွံ့ဖြိုးတိုးတက်ရေးအတွက် လစဉ်(၁၅၀၀၀)ဘတ် လှူဒါန်းပေးရန်
  • ဆုံးဖြတ်ချက်(၅)
ရွှေတာချီခရီးသွားလုပ်ငန်းနှင့် ဂိတ်များအားလုံး သတ်မှတ်ထားသော စည်းကမ်းများအား ဆိုင်ကယ်အသင်းသားများ အားလုံးက တိတိကျကျ လိုက်နာသွားရန်
  • ဆုံးဖြတ်ချက်(၆)
လူမှုကူညီရေးအသင်း စတင်တည်ထောင်သည့်နေ့မှစ၍ ယနေ့ ငွေရှင်းတမ်းများအား အတည်ပြုခြင်း
  • ဆုံးဖြတ်ချက် (၇)
ကော်မတီအဖွဲ့သို့ ထပ်မံဝင်ရောက်လိုသူတိုင်း ဆိုင်ကယ်ပြေးဆွဲသူများသာ ရွေးချယ်တာဝန်ပေးအပ်ရန်
စသည့် အချက်(၇)ချက် ဖြစ်ပါတယ်။
"လူမှုကူညီရေးအသင်း၊တာချီလိတ်"အသင်း၏ လက်အောက်တွင် အငှားဆိုင်ကယ်ပြေးဆွဲသူများနှင့် အိမ်ထောင်စုစာရင်းဝင်များ၏ သာရေး/နာရေးကူညီမှုများကို  ဆောင်ရွက်ပေးနေသော မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်းနှင့် ယခု ဖွဲ့စည်းလိုက်သော "ရွှေတာချီ ခရီးသွားလုပ်ငန်း"ဟူ၍ ဖွဲ့စည်းထားကြောင်း သိရပါတယ်။

လူမှုကူညီရေးအသင်း၊တာချီလိတ်အမည်ဖြင့် အငှားဆိုင်ကယ်များကို ၁.၁.၂၀၁၃မှာ စတင်ပြေးဆွဲခဲ့တာဖြစ်ပြီး ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလထဲမှာတော့ ထိုအမည်ကို ပြောင်းလဲကာ ရွှေတာချီ ခရီးသွားလုပ်ငန်းအမည်ဖြင့် ပြေးဆွဲမှာဖြစ်ပါတယ်။

သတင်းဓါတ်ပုံများကို ကြည့်ရန်

Wednesday, January 30, 2013

 ပြီးခဲ့သော တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် တာချီလိတ်မြို့၌် အောင်ချက်အများဆုံးဖြစ်သော မိုင်းကိုးကျေးရွာအုပ်စုရှိ ပန်ဟတ်ရွာ အခြေခံပညာအထက်တန်းခွဲတွင် မဇ္ဈိမ လူမှုကူညီရေးအသင်း(တာချီလိတ်)မှ ပညာရေးထောက်ပံ့မှုအဖြစ် ဆိုင်ကယ်/စက်ဘီးထားသော အဆောက်အဦအတွက် လိုအပ်ချက်များကို၂၀၁၃ခုနှစ် ဇန်န၀ါရီ(၃၀)ရက်က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
ကျောင်းဝန်းအတွင်း ဆိုင်ကယ်/စက်ဘီး ရပ်နားရန် အဆောက်အဦမဆောက်လုပ်မီက စက်ဘီးများကို ကျောင်းဝန်းပြင်ပတွင်သာ ရပ်ထားရပြီး မကြာခဏဆိုသလို စက်ဘီးများ ပျောက်ဆုံးနေမှုနှင့် ကြုံရတာကြောင့် ကျောင်းအုပ်ဆရာကြီး ဦးအေးသိန်းနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ ယခုလို အဆောက်အဦဆောက်ရတာဖြစ်ကြောင်း သိရပါတယ်။ ယခုအခါမှာ အဆိုပါ အဆောက်အဦ် ခင်းရန် အတွက် ဘိလပ်မြေ (၁၁၂)အိတ် လိုအပ်နေသည်ဖြစ်ရာ  မဇ္ဈိမ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ နှင့် အသင်းသားများ မှာ (၁၅၀၀၀)ဘတ်တိတိကို သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

အ.ထ.က-ခွဲ(မိုင်းကိုး)တွင် အထက်တန်းပြ ဘာသာရပ် ဆရာ မပြည့်စုံ၍ တာချီလိတ်မြို့ပေါ်မှ ၂၀၁၂-၂၀၁၃ ပညာသင်နှစ် မှစ၍ နေ့စဉ် အဆိုပါကျောင်းသို့ သချာင်္ဆရာကြီး ဦးဝင်းအောင်(အငြိမ်းစား)နှင့် ရူပဗေဒဘာသာ ဆရာမ ဒေါ်သန်းသန်းလှတို့က လာရောက်သင်ကြားပေးတာဖြစ်ပြီး ဘက်စုံပညာထူးချွန်ကျောင်းသူအဖြစ် တက္ကသိုလ်ဝင်တန်း အတွဲ(၇)မှ မနန်းအောင်မော်မော်အား ရွေးချယ်ခြင်းခံရကြောင်းသိရှိရပါတယ်။


မဇ္ဈိမ လူမှုကူညီရေးအသင်းမှ ပညာရေးထောက်ပံ့မှုအဖြစ် အ.မ.က(၀မ်မိုင်)တွင် (၃၂၆၀၀)ဘတ်၊ အ.ထ.က(တာချီလိတ်)တွင် (၂၀၀၀၀)ဘတ် နှင့် ယခု အ.ထ.က-ခွဲ(မိုင်းကိုး)တွင် (၁၅၀၀၀)ဘတ် တို့ကို ပညာရေးထောက်ပံ့မှုအဖြစ် လှူဒါန်းခဲ့တာဖြစ်ပြီး ယခုအကြိမ်သည်  မဇ္ဈိမ လူမှုကူညီရေးအသင်း၏ တတိယအကြိမ်မြောက် ပညာရေးထောက်ပံ့မှုဖြစ်ကြောင်း သိရပါတယ်။  မဇ္ဈိမ လူမှုကူညီရေးအသင်းသည် သာရေး/နာရေး၊ အရေးပေါ်ကယ်ဆယ်ခြင်းနှင့်နာမှုကူညီထောက်ပံ့ခြင်း၊ ပညာရေး စသည့် လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်နေသည်ဖြစ်ရာ ယခုအခါမှာ  မဇ္ဈိမ လူမှုကူညီရေးအသင်းအနေဖြင့် နာရေးကူညီမှု(၉)ခု၊ နာမှုကူညီထောက်ပံ့မှု(၆)ခု နှင့် ပညာရေးထောက်ပံ့မှု(၃)ခု ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရပါတယ်။

မဇ္ဈိမ လူမှုကူညီရေးအသင်းအား လှူဒါန်းမှုနှင့်ပတ်သက်၍ဖြစ်စေ အကူအညီလို၍ ဖြစ်စေ ဆက်သွယ်ရန်မှာ
မဇ္ဈိမ လူမှုကူညီရေးအသင်း - တာချီလိတ်မြို့
အမှတ်(၇၅)| ၀ိန်းကျောက်| ဟောင်လိတ်အုပ်စု| တာချီလိတ်မြို့ (ယာယီရုံးခန်း)
 (မြန်မာဖုန်း) 094 580 43760
(ထိုင်းဖုန်း) 0873052999
www.mizzimasas.com
www.fb.com/MizzimaSAS

Saturday, January 12, 2013

၂၀၁၃ခုနှစ် ဇန်န၀ါရီ(၁၂)ရက်(ကရင်နှစ်သစ်ကူးနေ့)မှာ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ၀မ်မိုင်ကျေးရွာရှိ အ.မ.က ၀မ်မိုင်(၂)၌ ပညာရေးစုံညီပွဲတော်ပြုလုပ်ရန်နှင့် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားပြုလုပ်ခဲ့ကြပါတယ်။

{မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ}
{ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဆွေ}

ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဆွေ နှင့် ဆရာမများ၊ မဇ္ဈိမလူမှုကူညီရေးအသင်းမှ အသင်းဥက္ကဌ ဦးတင့်ဆွေ နှင့်အတူ အသင်းတာဝန်ခံများ အသင်းဝင်များ၊ ဆန်ဆိုင်း(ခ) အုပ်ချုပ်ရေးမှူး ဦးစိုင်းလုံဟောင် နှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ စုံလင်စွာ တက်ရောက်လာခဲ့ကြတာကိုတွေ့ရပြီး  ကျောင်းသားမိဘများ နှင့် ကျောင်းသား/သူများအား ကြာဇံဟင်းခါးဖြင့် ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာမများ အပါအ၀င် ကျောင်းအကျိုးတော်ဆောင်များက တည်ခင်းဧည့်ခံခြင်း၊ ထူးချွန်ကျောင်းသား/သူများအား ထူးချွန်ဆုဂုဏ်ပြုလွှာများပေးအပ်ခြင်း၊ ဖိတ်ကြားထားသော အထူးဧည့်သည်တော်များအား အကျွေးအမွေးဖြင့် ဧည့်ခံခြင်း တို့ကို ပြုလုပ်ခဲ့ကြပြီးနောက် အားကစားပြိုင်ပွဲကို ကျင်းပခဲ့ကြပါတယ်။


ပညာရေးစုံညီပွဲတော်ဖြစ်မြောက်ရန်အတွက် မဇ္ဈိမ လူမှုကူညီရေးအသင်း မှ ၀ာာဝန်ယူ၍ ကူညီထောက်ပံ့ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး ၎င်းတို့အသင်းအနေဖြင့် ယခုလို ကူညီဆောင်ရွက် ပေးရခြင်းကို အသင်း၏ ဥက္ကဌဖြစ်သူ ဦးတင့်ဆွေမှ "ကျောင်းနေကလေးသူငယ်များ ကျောင်းနေပျော်၍ စာတော်စေရန်အတွက်သော်လည်းကောင်း၊ ကျောင်း၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ယခုလို ပညာရေးစုံညီပွဲတော်ကို ပုံမှန်မပျက် ကျင်းပနိုင်စေရန်အတွက်သော်လည်းကောင်း၊ မဇ္ဈိမလူမှုကူညီရေးအသင်းအနေဖြင့် ပညာရေးကို တဖက်တလှမ်းမှ အထောက်အပံ့ ဖြစ်ရန် အတွက်သော်လည်းကောင်း" ရည်ရွယ်ကာ ကူညီပေးခြင်းဖြစ်ကြောင်း အခမ်းအနား၏ အဖွင့်အမှာစကားမှာ ပြောကြားခဲ့ပါတယ်။


 အ.မ.က ၀မ်မိုင်(၂) ကျောင်းအနေဖြင့် နောက်နှစ်များတွင်လည်း ယခုလို အကူအညီလိုအပ်ပါက မဇ္ဈိမလူမှုကူညီရေးအသင်းအနေဖြင့် အသင်း၏ ဥက္ကဌ ဦးတင့်ဆွေမှ ကူညီပေးသွားမှာဖြစ်ကြောင်း ပြောကြားလာပါတယ်။


မဇ္ဈိမ လူမှုကူညီရေးအသင်းသည် သာရေး၊ နာရေး၊ ဘာသာရေး၊ ပညာရေး နှင့် လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းထားသော အသင်းကြီးဖြစ်ပြီး အသင်းအား ၁၂.၁၂.၂၀၁၂ခုနှစ်က ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါအသင်းအား ဆက်သွယ်လိုပါက
    မဇ္ဈိမ လူမှုကူညီရေးအသင်း - တာချီလိတ်မြို့
    အမှတ်(၇၅)| ၀ိန်းကျောက်| ဟောင်လိတ်အုပ်စု| တာချီလိတ်မြို့ (ယာယီရုံးခန်း)
    (မြန်မာဖုန်း) 094 580 43760
    (ထိုင်းဖုန်း) 0873052999
   Website: : www.mizzimasas.com
    FacebooK: :https://www.facebook.com/MizzimaSAS
ပုံများကိုကြည့်ရန်

Sunday, December 30, 2012

၂၀၁၂ခုနှစ် ဒီဇင်ဘာ(၃၀)ရက်နေ့ နံနက်(၁၁)နာရီက Top လက်ဖက်ရည်ဆိုင်၏ မင်္ဂလာခန်းမမှာ မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်းသို့ အလှူငွေပေးအပ်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။


မြန်မာငွေ (၁၀)သိန်းကျော် နှင့် ညီမျှသော ထိုင်းဘတ်ငွေ(၄၀၀၀၀)ကို  တာချီလိတ်မြို့ တော်ကော့ရပ်ကွက်ရှိ အေးမြစည်အောင်သီလရှင်ကျောင်းတိုက်ရှိ သီလရှင်ကြီးများဖြစ်ကြသော ဒေါ်ခေမာစာရီ နှင့် ဒေါ်အေးသိင်္ဂီတို့မှ တာချီလိတ်မြို့တွင် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်နေသော အသင်းတခုဖြစ်သည့် မေတ္တာရှင် သာရေး/နာရေးအသင်းအနေဖြင့် လူမှုအကျိုးကို ဆက်လက် လုပ်ဆောင်နိုင်ရန်အတွက် ရည်စူးကာ လာရောက် လှူဒါန်းတာဖြစ်ကြောင်း သိရပါတယ်။

မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း
web: http://mts.tachileik.net

Monday, December 24, 2012

ဒီဇင်ဘာလ(၂၃)ရက် နေ့လည်(၁၂)နာရီက တာချီလိတ်မြို့ရှိ ကြက်ခြေနီရုံး၏ အစည်းအဝေးခန်းမမှာ လူမှုကူညီရေးအသင်း တာချီလိတ်၏ ကော်မတီအဖွဲ့ဝင်များ နှင့် ဆိုင်ကယ်အငှားယာဉ်(Taxi) ဂိတ်မှူးများ တွေ့ဆုံပွဲနှင့် လုပ်ငန်းညှိနှိုင်းမှု အစည်းအဝေးကို ပြုလုပ်ခဲ့ကြပါတယ်။

လူမှုကူညီရေးအသင်း တာချီလိတ်၏ ကော်မတီအဖွဲ့ဝင်များ နှင့် ဆိုင်ကယ်အငှားယာဉ်(Taxi) ဂိတ်မှူးများ တွေ့ဆုံပွဲနှင့် လုပ်ငန်းညှိနှိုင်းမှု အစည်းအဝေးပြုလုပ်ရာမှာ ယခင်ကဖွဲ့စည်းထားသော တာချီလိတ်ဆိုင်ကယ်အစည်းအရုံး (တာချီလိတ်ဆိုင်ကယ်အသင်း) မှ လူမှုကူညီရေးအသင်း တာချီလိတ် ဟူ၍ ပြောင်းလဲဖွဲ့စည်းကြောင်းနှင့် အငှားဆိုင်ကယ်ပြေးဆွဲသူများ၊ ဂိတ်မှူးများ နှင့် အသင်း၏ ကော်မတီဝင်များက ရှေ့လုပ်ငန်းစဉ်များကို အကြုံပြု တင်ပြဆွေးနွေး ကြတာဖြစ်ပါတယ်။


ယခုပြောင်းလဲဖွဲ့စည်းမည့် လူမှုကူညီရေးအသင်း တာချီလိတ်တွင် ဆိုင်ကယ်အသင်းသားများထံ တစ်လလျှင် ယခင်ကောက်မြဲဖြစ်သော ဘတ်(၁၅၀)ကို ကောက်ခံမှာဖြစ်ပြီး ကောက်ခံရရှိသော ငွေများကို လူမှုကူညီရေးအသင်း တာချီလိတ် ဟု အမည်ပေးထားသည်နှင့်အညီ လူမှုရေးလုပ်ငန်းများကို ပြုလုပ်မှာဖြစ်ပြီး ဆိုင်ကယ်အသင်းသားများမှလည်း သာရေး/နာရေးကိစ္စရပ်များ ဖြစ်ပေါ်လာပါက ကူညီပေးသွားရန်ဖြစ်ကြောင်း နှင့် ယခုကောက်ခံမည့် ဘတ်(၁၅၀)ကိုလည်း လစဉ်ကြေးနှုန်းလို့ သတ်မှတ်မထားစေလိုပဲ လူမှုကူညီရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန်အတွက် လူမှုကူညီရေးအသင်း တာချီလိတ် သို့ လစဉ်အလှူငွေထည့်ဝင်သည့် သဘောမျိုးထားရန် လိုအပ်ကြောင်း ကို အသင်း၏ တာဝန်ရှိသူ ကော်မတီဝင်တစ်ဦးမှ အစည်းအဝေးမှာ ပြောကြားသွားပါတယ်။


ဆက်လက်ပြီး ဂိတ်မှူးတစ်ဦးမှ လစဉ်ကြေးများကို အသင်းအခြေခိုင်သွားပြီးနောက်ပိုင်းမှာ လျော့ချကောက်ခံပေးဖို့ တင်ပြရာမှာ ကော်မတီဝင်တစ်ဦးမှ (၂၀၁၃)နှစ်ဝက်လုံးလုံး လစဉ်ကြေးများကို ပုံမှန်သွင်းသွားနိုင်မည်ဆိုပါက အားလုံးအဆင်ပြေစေရန်အတွက် လျော့ချသတ်မှတ် ကောက်နိုင်ဖွယ်ရှိကြောင်း ထပ်မံပြောကြားသွားပါတယ်။ ဂိတ်မှူးများမှ လိုအပ်ချက်များကို ဆက်လက်ဆွေးနွေးတင်ပြကြပြီးနောက် အခမ်းအနားကို ပြီးမြောက်စေခဲ့ပါတယ်။


ဆိုင်ကယ်အသင်းသားတစ်ဦးမှ ယခုပြောင်းလဲဖွဲ့စည်းလိုက်သည့် အသင်းနှင့်ပတ်သက်၍ " အခုလို ဆိုင်ကယ်အသင်းကို ပြောင်းလဲဖွဲ့စည်းလိုက်တာက ကျွန်တော်တို့ ဆိုင်ကယ်သမားတွေအတွက် အကျိုးရလဒ်တွေ အပြောင်းအလဲဖြစ်သွားမယ်လို့ ထင်ပါတယ်"လို့ ပြောကြားလာပါတယ်။

လွန်ခဲ့သော (၂၀၀၁)ခုနှစ် ဇူလိုင်လအတွင်းက တာချီလိတ်ဆိုင်ကယ်အစည်းအရုံးကို ဖွဲ့စည်းတည်ထောင်ခဲ့ကြပြီး တာချီလိတ်ဆိုင်ကိုယ်အသင်း ဟူ၍ လိမ္မော်ရောင် အင်္ကျီများကို တံဆိပ်ရိုက်နိပ်ကာ အငှားဆိုင်ကယ်များမှာ (၂၀၁၂)ထိ ပြေးဆွဲနေလျှက်ရှိရာ (၂၀၁၃)တွင် လူမှုကူညီရေးအသင်း Tachileik ဟူ၍ အမည်ပြောင်းလဲကာ အငှားဆိုင်ကယ်များ ပြေးဆွဲတော့မှာဖြစ်ပါတယ်။

Monday, November 19, 2012

တာလေမြို့နယ်ခွဲရှိ အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေးအဖွဲ့၏ ပထမဆုံးအကြိမ်မြောက် တရားပွဲအား (၃)ညတိုင်တိုင် ကျင်းပလာခဲ့ရာ နိုဝင်ဘာ(၁၉)ရက်နေ့မှာ ပြီးမြောက်စေခဲ့ပါတယ်။


တရားပွဲ၏ ပထမညတွင် တရားနာပရိသတ် (၇၀၀)ခန့်၊ ဒုတိယညတွင် တရားနာ ပရိသတ်ဦးရေ(၉၀၀)ကျော် နှင့် တတိယ နောက်ဆုံးညတွင် တရားနာပရိသတ် (၁၄၀၀)ခန့် လာရောက် တရားနာလာကြတာကို တွေ့မြင်ခဲ့ရပါတယ်။




တာလေမြို့၌ ယခုကဲ့သို့ ခမ်းခမ်းနားနား တရားပွဲမျိုး မလုပ်ခဲ့ဖူးသည့်အပြင် တရားပွဲများပြုလုပ်လေ့မရှိသည့်အတွက် ဗုဒ္ဓဘာသာနွယ်ဝင်များဟာ ယခုလိုတရားပွဲမျိုးကို တောင်းတနေသည်မှာ တရားပွဲ၌ လုပ်အားပေးသူများကိုကြည့်ခြင်းဖြင့်သော်လည်းကောင်း တရားနာပရိသတ်များကို ကြည့်ခြင်းဖြင့်သော်လည်းကောင်း သိရှိနိုင်မှာဖြစ်ပါတယ်။



အဆိုပါတရားပွဲသို့ တရားနာလာကြသော တရားနာပရိသတ်များကို တာလေမြို့နယ်ခွဲရှိ စေတနာရှင် လူငယ် မောင်မယ်များမှ ခေါက်ဆွဲကြော်များ အအေးဗူးများ ရေများ ပေးဝေလှူဒါန်းကြသလို တာချီလိတ်လူငယ်များအဖွဲ့မှ အဖွဲ့ဝင်သူငယ်ချင်းများမှလည်း ကော်ဖီခွက်(၁၄၀၀)စာ ဖျော်၍ ဒါနပြုကြတာကို တွေ့ရပါတယ်။

{တာချီလိတ်လူငယ်များအဖွဲ့မှ ကော်ဖီလှူဒါန်း}

ထို့အပြင် ယခုမှ အစပြုလျှက်ရှိသည့် တာလေမြို့နယ်ခွဲရှိ အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေးအဖွဲ့သို့ တာချီလိတ်မြို့နေ  ဦးတင့်ဆွေ(  မဇ္ဈိမဟိုတယ် )မှ ဖျာအချပ်(၃၀) နှင့် ကျန်အလှူရှင်များမှ စုပေါင်း၍ ဖျာ(၄၅)ချပ် စုစုပေါင်း (၇၅)ချပ်လှူဒါန်းခဲ့ကြပါတယ်။

{တရားပွဲဖြစ်မြောက်ရေးအဖွဲ့}

တာလေဇာတိဖွားဖြစ်သော ညီအစ်ကိုမောင်နှမများအနေဖြင့်  အဆက်အသွယ်ပြတ်နေသော ဆွေမျိုးမိတ်ဆွေများအား ဆက်သွယ်လို၍ဖြစ်စေ လှူဒါန်းလိုသည်ဖြစ်စေ   တာလေမြို့နယ်ခွဲရှိ အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေးအဖွဲ့ သော်လည်းကောင်း လောကပါလ ပရဟိတ သာရေး/နာရေးကူညီမှုအသင်းသို့ သော်လည်းကောင်း ဆက်သွယ် အကူအညီတောင်းခံ နိုင်ပါကြောင်း အဖွဲ့ဝင်တစ်ဦးမှ ပြောပါတယ်။

ဆက်သွယ်ရန် ဖုန်းနံပါတ်များမှာ-
( မြန်မာဖုန်းများသာ )
ဦးညိမ်းသောင် [ 094 580 34754 ]
ဦးစိုးမိုးစံ [ 094 282 12031 ]
ဦးမျိုးခိုင် [ 094 282 21436 ]

မှတ်တမ်းဓါတ်ပုံများကို ကြည့်ရန်

Wednesday, October 31, 2012


တာချီလိတ်လူငယ်များအဖွဲ့မှ သီတင်းကျွတ်လပြည့်နေ့ည (၃၀.၁၀.၂၀၁၂) (၅)နာရီ မှ ည(၈)နာရီထိ တာချီလိတ်ရွှေတိဂုံစေတီရင်ပြင်တော်ပေါ်သို့ ဘုရားဖူးလာ ဧည်သည့်များအား အအေးလှူခြင်းများပြုလုပ်ခဲ့ကြပြီးနောက်  တာချီလိတ်လူငယ်များအဖွဲ့ စာလုံးပုံစံ ပုံဖော်ကာ  ဆီမီးတစ်ထောင်ပူဇော်ခြင်းများကို ပြုလုပ်ခဲ့ကြပါတယ်။

{ တာချီလိတ်လူငယ်များအဖွဲ့ ဆီမီးတစ်ထောင် }


အအေးလှူဒါန်းရာမှာ ဆန်းကစ်အဆီ(၅)ဖာ၊ ရေသန့်ဗူးကြီး(၃၀)နဲ့ အအေးခွက်(၄၅၀၀)ခန့်တို့ အသုံးပြုပြီး ဘုရားဖူးလာဧည့်သည်များကို အဖွဲ့ဝင်များ သူငယ်ချင်းများမှ လှူဒါန်းခဲ့ကြပါတယ်။ သီတင်းကျွတ်လပြည့်ညဖြစ်တာကြောင့် ဘုရားဖူးများ ( ၁၀၀၀၀ )၀န်းကျင်ခန့် လာရောက်ဘုရားဖူးကြတာကို တွေ့ရပါတယ်။


တာချီလိတ်လူငယ်များအဖွဲ့မှ အအေးလှူခြင်းပြီးမြောက်သွားတဲ့နောက် ဘုရာခြေရင်းဘက်သို့ သွားရောက်ကာ အဖွဲ့ဝင်များ သူငယ်ချင်းများမှ တာချီလိတ်လူငယ်များအဖွဲ့ စာလုံးပုံစံ ပုံဖော်ကာ အားလုံးစုပေါင်းပြီး ဆီမီးပူဇော်ခဲ့ကြပါတယ်။



တာချီလိတ်ရဲ့သီတင်းကျွတ်လပြည့်ညချမ်းလေးမှာ ၀တ်ရွတ်အဖွဲ့ (၂၀၀)ခန့် တို့ရဲ့ ၀တ်ရွတ်သံများဟာ ဘုရားဖူးလာ ဧည်သည်များနဲ့အတူ စည်းကားသိုက်မြိုက်စေခဲ့ပြီး တာချီလိတ်လူငယ်များအဖွဲ့မှ လူငယ်များ သူငယ်ချင်းများရဲ့ စိတ်ရောကိုယ်ပါ သဒ္ဒါတရားထက်သန်စွာ အအေးလှူဒါန်းနေကြသည်မှာလည်း များစွာပီတိဖြစ်စေခဲ့ပါတယ်။
တာချီလိတ်လူငယ်များအဖွဲ့
Website: http://youth.tachileik.net/
Email: tachileikyouth@gmail.com
Facebook Fan : https://www.fb.com/TachileikYouth
Facebook Group: https://www.fb.com/groups/tachileikyouth/

ပုံများကို ကြည့်ရန်

Tuesday, September 18, 2012

တာချီလိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရဲ့ ပထမအကြိမ်ပါတီညီလာခံ အခမ်းအနားကို စက်တင်ဘာ(၁၈)ရက်နေ့ နံနက်(၈)နာရီက စတင်ပြီး တာချီလိတ်မြို့နယ် မကာဟိုခမ်းရပ်ကွက်မှာ ရှိတဲ့ ပြည်ခိုင်ဖြိုးပါတီရုံးမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။


အခမ်းအနားကို တာချီလိတ်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်(၂)ဦးဖြစ်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝ်ီလ်ဆင်မိုး နဲ့  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
 ဒေါ်တင်မေထွန်းတို့ အပါအ၀င် တာချီလိတ်ခရိုင်နှင့်မြို့နယ်ပါတီဝင်များ၊ တာလေမြို့နယ်ခွဲ၊ ကျိုင်းလပ်မြို့နယ်ခွဲက ပါတီဝင်များ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အလှူရှင်များနှင့် သွေးအလှူရှင်များ လည်း တက်ရောက်ခဲ့တာကို တွေ့ရှိရပါတယ်။



ပြည်ခိုင်ဖြိုးပါတီရဲ့ ဖိတ်ကြားချက်အရ မိတ်ဖက်ပါတီများဖြစ်တဲ့ NLD ပါတီ၊ တစည ပါတီ နဲ့ ကျားဖြူပါတီ တို့ရဲ့ ပါတီဝင် ပုဂ္ဂိုလ်များ တက်ရောက်လာခဲ့ကြတာကိုလည်း တွေ့ရပါတယ်။



အခမ်းအနားရဲ့ သဘာပတိကြီးဖြစ်သူ ဦးညီနပ်က အဖွင့်အမှာစကားကို ပြောကြားပြီးနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ လူ့စွမ်းအားဆု ရရှိခဲ့သူ သားဖွားဆရာမ ဒေါ်သန်းသန်းဦး၊ ၂၀၁၁ခုနှစ်က လှုပ်ခတ်သွားတဲ့ ငလျှင်ကြောင့် ငလျှင်ဒဏ်သင့်ပြည်သူများကို ကူညီခဲ့တဲ့ ပါတီဝင်များ၊ ၂၀၁၁/၂၀၁၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ထူးချွန်စွာ အောင်မြင်ခဲ့တဲ့ ကျောင်းသား/သူ (၈)ဦး နဲ့ သွေးအလှူရှင်(၅)ဦးတို့ကို ဂုဏ်ပြုလွှာနဲ့ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခြင်းအစီအစဉ်ကို စတင်ခဲ့ကြပါတယ်။
ဂုဏ်ပြုဆုငွေနဲ့ပတ်သက်၍  လွှတ်တော်ကိုယ်စားလှယ်(၂)ဦးဖြစ်တဲ့ ဦးဝီလ်ဆင်မိုးမှ (၂၀၀၀)ဘတ် နဲ့ ဒေါ်တင်မေထွန်းမှ (၁၀၀၀)ဘတ် အပြင် ၎င်းတို့ပါတီမှ (၄၀၀၀၀)ကျပ်တို့ကို ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

နံနက်(၉း၀၄)နာရီမှာ အခမ်းအနားအစီအစဉ်ကို ခဏနားပြီး (၉း၃၅)နာရီမှာ အခမ်းအနားကို
 ပြန်လည်စတင်ခဲ့ကြပါတယ်။

ဆက်လက်ပြီး မြို့နယ်အလုပ်အမှုဆောင်ပါတီကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာများကို သက်ဆိုင်ရာအသီးသီးမှ တစ်ဦးချင်းစီ ဖတ်ကြားခဲ့ကြပြီး တက်ရောက်လာကြသော ကိုယ်စားလှယ်တော်များမှ အကြုံပြုဆွေးနွေးတင်ပြခဲ့ကြရာ တဆက်တည်းမှာပင် အကြံပြုဆွေးနွေးချက်များကို  ပြန်လည်ရှင်းလင်းခဲ့ကြပါတယ်။


ပြည်နယ်ပါတီညီလာခံကို တက်ရောက်မဲ့ ကိုယ်စားလှယ်(၅)ဦးရဲ့ အမည်စာရင်းကို ကော်မရှင်အဖွဲ့ဝင် ဦးဘိုစံ(မိုင်းဖြတ်ခရိုင်ပါတီကော်မတီဝင်)မှ အတည်ပြု ကြေညာပေးခဲ့ပါတယ်။

နံနက်(၁၀း၄၁)နာရီမှာပင် သဘာပတိကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားအစီအစဉ်ကို ပြီးမြောက်စေခဲ့ကြောင်း သိရှိရပါတယ်။

မှတ်တမ်းဓါတ်ပုံ အပြည့်အစုံကိုကြည့်ရန်