Latest News

Dropdown Menu

Showing posts with label ခရီးသွားဆောင်းပါး. Show all posts
Showing posts with label ခရီးသွားဆောင်းပါး. Show all posts

Saturday, March 16, 2013

ဂျောပရွာသို့ ခရီးတစ်ခေါက်  (ခရီးသွားဆောင်းပါး) 
ဆောင်းပါးရှင်။        ။ မြတ်မျိုးမြင့်မာန်


တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဂျောပကျေးရွာသို့ (၁၂.၃.၂၀၁၃) တွင် ရောက်ရှိခဲ့ပါသည်။ ရွာရှိ ပညာရေးမိသားစုမှ ညီငယ် မူလတန်းကျောင်းအုပ်ဆရာကြီး ဦးဇော်မင်း၏ ဖိတ်ကြားချက်အရဖြစ်ပါသည်။ မိမိအနေဖြင့်လည်း ခရီးသွားဆောင်းပါးများ ရေးသားခြင်းကိုနှစ်သက်သဖြင့် ရောက်ဖြစ်အောင် သွားရောက်ခဲ့ပါသည်။

လွယ်တော်ခမ်းကျေးရွာအုပ်စုသည် တာချီလိတ်မြို့မှ မိုင်းဆတ်မြို့အထွက် လမ်းဘေးညာဘက်တွင် တည်ရှိပါသည်။ ကျောက်တုံးကြီးများအား ညီညာသပ်ရပ်စွာ ခင်းထားသော တာချီလိတ် မိုင်းဆတ် လမ်းမကြီးအတိုင်း သွားပြီး လမ်း၏ ညာဖက်တွင် "ဂျောပသို့ သုံးမိုင်" ဟု ဆိုင်းဘုတ်ငယ်ရေးထားသည့်
 မြေနီလမ်းမတွင်ဝင်ပြီး တောင်ဆင်းတောင်တက် နာရီဝက်ခန့်ကျော်ပါက ဂျောပရွာသို့
ရောက်ရှိပြီဖြစ်သည်။ မတ်စောက်သော အတက်အဆင်းများကို ဖြတ်ကျော်ခဲ့ရ သော်လည်း သာယာလှပသော တောင်ပေါ်ရှုခင်းများကို ကြည့်ရှုခွင့်ရသဖြင့် ကြည်နူးအမောပြေစေပါသည်။

လွန်ခဲ့သောနှစ်အနည်းငယ်က စတင်ကြိုးစားသင်ကြားခဲ့သော စာသင်ကျောင်းငယ်ကိုတွေ့ခဲ့ရသည်။
လူကြီးများ အရေးကြီးသောကိစ္စ ရှိ၍ မဟုတ်ဘဲ ရောက်ရှိလေ့မရှိသောနေရာ ဖြစ်လင့်ကစား ညီငယ် ဦးဇော်မင်းသည် သူတတ်နိုင်သလောက် ကျောင်းနှင့်တူသော ကျောင်းဖြစ်အောင်ကြိုးစားနေသည်ကို မျက်ဝါးထင်ထင်တွေ့ရှိခဲ့ရသည်။

ထို့ပြင် ကျေးရွာသူကြီးဦးလော်ရိုးနှင့်လည်း စကားပြောခွင့်ရရှိခဲ့ပါသည်။ ထူးခြားသည်မှာကျေးရွာသူကြီးအဖြစ် ကာလရှည်ကြာ ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ ကျေးရွာ၏ ကြည်ညိုလေးစားယုံကြည်မှုကြောင့် ဖြစ်ကြောင်းသိရပါသည်။ ပညာရေးကို အားပေးသဖြင့် တိုးတက်မှုရှိကြောင်းသိရပါသည်။ ယခင်က ယခုကျောင်းမှာ ဆရာတည်မြဲလေ့မရှိဘဲ လက်ရှိကျောင်းအုပ်ဆရာကြီး လက်ထက်မှ ဆရာတည်မြဲလာခြင်းဖြစ်ကြောင်း သိရပါသည်။ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများဖြင့် စားဝတ်နေရေး အဆင်ပြေကြကြောင်း သိရှိရသည်။


ဤခရီးတွင်ထူးခြားစွာ သိရှိခဲ့ရသည့် အကြောင်းအရာတစ်ခုကို တင်ပြပါမည်။
ဒေသခံ အာခါတိုင်းရင်းသားများအား ပိုမိုတိုးတက်စေရန်အတွက် စီမံကိန်းတစ်ခုကို ၂၀၁၃တွင် စတင်နေခြင်းပင်ဖြစ်ပါသည်။ ၎င်းစီမံချက်မှာ မယ်ဖလုန် (Mae Fae Luang)ဒေသဖွံ့ဖြိုးရေး စီမံချက်ပင်ဖြစ်ပါသည်။ ၎င်းစီမံချက် ကွင်းဆင်းမန်နေဂျာ ဦးဝင်းမြတ်နှင့် တွေ့ဆုံခွင့်ရရှိခဲ့ပါသည်။ ဦးဝင်းမြတ်သည် အာခါတိုင်းရင်းသား ပညာတတ်တစ်ဦးဖြစ်ပြီး လူမှုရေးလုပ်ငန်းများတွင် ယခင်ကလည်း စိတ်အားထက်သန်စွာ ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရှိခဲ့ရသည်။ ဂျောပရွာ ဘုရားကျောင်း တွင် ယာယီရုံးခန်းဖွင့်ထားပြီး စီမံကိန်းရုံး အဆောက်အဦ ဆောက်လုပ်ရေးလုပ်ငန်းကို စီစဉ်နေသလို ဒေသဖွံ့ဖြိုးရေးစီမံကိန်းကိုလည်း စတင်ကြိုးစားနေပြီဖြစ်ကြောင်းသိရသည်။


အာခါတိုင်းရင်းသားအများစုနေထိုင်သော ဒေသပြည်သူလူထု၏  လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး တို့ကို အဓိကကူညီသွားမည်ဖြစ်ကြောင်း၊ ၎င်းကဏ္ဍများနှင့်
အတူ ပညာရေး၊ ကျန်းမာရေး စသည်တို့ကိုလည်း ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
စီမံကိန်းကာလမှာ(၆)နှစ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း၊ ဂျောပကျေးရွာအပါအ၀င် ကျေးရွာပေါင်း(၁၄)ရွာ အတွက် အဓိကဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း သိရပါသည်။ ယခုစီမံကိန်းကို ထိုင်းဘုရင့်အစီအစဉ်ဖြင့် ကူညီပံ့ပိုးခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။


မြန်မာနိုင်ငံနှင့် ကပ်လျှက်ရှိသော ထိုင်းနိုင်ငံ ချင်းရိုင်း ခရိုင်အတွင်းတွင်လည်း မယ်ဖလုန် (Mae Fae Luang) ဟူသည့် ဒေသတစ်ခုရှိပါသည်။ ၎င်းဒေသတွင် ထိုင်းနိုင်ငံသား အာခါလူမျိုးများနေထိုင်ပြီး လှပသော ပန်းဥယျာဉ်၊ အဆင့်အတန်း မြင့်မားသော လူနေမှုအဆောက်အဦများ
ရေမီး ပြည့်စုံမှု၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုများ ရှိနေပြီဖြစ်ပါသည်။ ဤ ကဲ့သို့ မယ်ဖလုန်ဒေသဖွံ့ဖြိုးရေးအတွက်ကိုလည်း ထိုင်းဘုရင့် အစီအစဉ်ဖြင့် အကောင်းဆုံး
ဆောင်ရွက်ပေးထားကြောင်းသိရပါသည်။ မယ်ဖလုန်ဒေသဖွံ့ဖြိုးမှုမှာ နေ့စဉ် နိုင်ငံခြားသားများစွာ လာရောက်လေ့လာကြည့်ရှုသည့် အခြေအနေသို့ပင် ရောက်ရှိနေပြီး စည်စည်ကားကားဖြင့်
နိုင်ငံခြားဝင်ငွေများစွာပင် ရရှိနေပြီဖြစ်ပါသည်။


စာရေးသူ ကျွန်တော့်အနေဖြင့် လွန်ခဲ့သော ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စာရေးဆရာကြီး လယ်တွင်းသားစောချစ်၊ စာရေးဆရာနေ၀င်းမြင့်၊ ခင်ခင်ထူး တာချီလိတ် စာရေးဆရာအသင်းက ညီအစ်ကိုများနှင့်အတူ တစ်ခေါက် ရောက်ခဲ့ပြီးဖြစ်၍ ယခုဆောင်းပါးကို
ရေးဖြစ်ခြင်းလည်းဖြစ်သည်။ ဒေသခံများ၏ ပါးစပ်ရာဇ၀င်အရ ထိုင်းဘုရင့်မိသားစုနှင့်ပတ်သက်၍ အာခါလူမျိုးများက တစ်ချိန်တစ်ခါက
 ကျေးဇူးရှိခဲ့သဖြင့်
 ပြန်လည်ကျေးဇူးဆပ်သည်ဟု ပြောဆိုကြပါသည်။
မည်သို့ပင်ဖြစ်စေကာမူ ယနေ့ခရီးထွက်ခွာသည့် ကာလလေးတစ်ခုတွင် မြန်မာ့နွယ်ဖွား အာခါတိုင်းရင်းသားများ၏ တိုးတက်မှု့ဖြစ်စေမည့် အခြေအနေကောင်းတစ်ခုကို  တွေ့မြင်ခဲ့ရသဖြင့် ၀မ်းသာရပါသည်။

နောက်တစ်ကြိမ် ဂျောပရွာသို့ အလည်ခရီးတစ်ခေါက် ရောက်ခဲ့ပါမူ ဖွံ့ဖြိုးတိုးတက်နေသော
မြန်မာ့မြေတွင်းမှ အာခါကျေးရွာများကို မြင်တွေ့တင်ပြသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးရင်း ဆောင်းပါးကိုနိဂုံးချုပ်အပ်ပါသည်။

ဆောင်းပါးရှင်။        ။ မြတ်မျိုးမြင့်မာန်

Friday, March 15, 2013

ရွှေတြိဂံတစ်ခေါက်
=----------------------------------=
ခင်မောင်ညို ( ေ ဘ ာ ဂ ေ ဗ ဒ )

စာတွေ အဆက်မပြတ်ရေးခဲ့တာ၊ ရေးနေတာမှန်ပေမယ့် ကျွန်တော့်ကို စာရေးဆရာတစ်ယောက် အနေနဲ့  ဖိတ်ကြားဟောပြောတာထက် စီးပွားရေးပညာနဲ့ပတ်သက်လို့ ဖိတ်ကြားဟောပြောစေတာက ပိုများပါတယ်။ ဒါကြောင့် တာချီလိတ်မှာ ''စာပေဟောပြောပွဲ လုပ်မယ်၊ လိုက် နိုင်မလား''လို့ ဆရာချစ်ဦးညိုကလှမ်းမေးတော့ ကျွန်တော့်ကိုဖိတ် တာသေချာရဲ့လား'' လို့ ပြန်မေးရတယ်။
သေချာပါတယ်။ စီးပွားရေးအကြောင်းတွေ ကြားချင်တာလို့ ပြန် ဖြေပါတယ်။ သူက-

          ဒီကြားထဲမှာမိတ်ဆွေတစ် ယောက်က ''ဆရာတာချီလိတ်သွားမလို့ဆို။ ဟိုကသူ့မိတ်ဆွေတွေကိုမှာထားလိုက်မယ်တဲ့'' ဆိုတော့ ဘယ် လိုလုပ်သိသလဲလို့ ပြန်မေးကြည့် တယ်။ အင်တာနက်မှာတာချီလိတ်  သတင်းတွေ တောက်လျှောက်တက် နေတယ်ဆိုတော့ တယ်ဟုတ်ပါလားဆိုပြီးဖွင့်ကြည့်တယ်။ နောက်တော့ ဘယ်နေ့လာရမယ်၊ သွားရမယ်ဆိုတဲ့ ကိစ္စ၊ ကိုယ်ရေးရာဇဝင်ပေးတဲ့ကိစ္စ၊ ဟောမယ့်ခေါင်းစဉ်ကိစ္စတွေအားလုံးကိုအင်တာနက်  Facebook သုံးပြီးပြောကြဆိုကြရာကနောက်တော့ တယ်လီဖုန်းနဲ့ပါ အဆက်အသွယ် ရသွားခဲ့ပါတယ်။

          စာပေဟောပြောပွဲနဲ့အတူစာအုပ်ရောင်းပွဲ လုပ်မယ်ဆိုတော့ စာအုပ်ဆိုင်တွေ လာပြကြ၊ ရောင်းကြမယ်လို့ ထင်ထားမိတာ၊ လက်ဆောင် ပေးဖို့ စာအုပ်တွေ တော်တော်များများသယ်သွားပါတယ်။ ဒါပေမဲ့ ရောင်းဖို့ မပါလေတော့ တချို့ကိုရောင်းဖို့ထဲထည့်လိုက်ရတယ်။ ဒီအပြင် ဘယ်အကြောင်းအရာတွေ သိချင်သေးတယ်ဆိုတော့ ရေးပြီးသားစာအုပ်ရှိတယ်လို့ ပြန်ဖြေမိရာကမှာပေးပါ ဆိုတာနဲ့ မြန်မာဖုန်းရော၊ ထိုင်းဖုန်းနဲ့ပါ ဆက်ပြီးမှာတယ်။ ဘယ်နှအုပ်မှာရမလဲလို့ မေးတော့ များနေတာနဲ့ မကုန်ရင်လည်းစိတ် မပူပါနဲ့၊ ငွေချေပေးလိုက်မယ်။ထားခဲ့ ပါလို့ပြောတယ်။

          ဟုတ်သားပဲ။ ဂျာနယ်တစ်စောင် ကို မြန်မာငွေ ၁ဝဝဝိ/- လောက် ပေးမှ ဖတ်လို့ရတယ်။ Jazzဆိုတဲ့ ကော်ဖီဆိုင်လေးကိုညဘက်သွားထိုင် တော့ ကိုယ့်ဂျာနယ်အဟောင်းတစ် စောင် တွေ့တယ်။ စာအုပ်ဆိုင်က နှစ်ဆိုင်လောက်ရှိတယ်။ ဒါပေမဲ့ ဂျာနယ်တွေပဲများပါတယ်။ ထူးခြားတာကတရားခွေ၊ ဟောပြောပွဲခွေ၊ သီချင်းခွေတွေ အတော်လေးစုံအောင် ရှိတယ်။ ဒီထက်ထူးခြားတာကအခါ၊ လားဟူ၊ ရှမ်းတိုင်းရင်းသားဘာသာတွေနဲ့ သီချင်းတွေ၊ သရုပ်ဆောင်ထားတဲ့ MTV တွေရှိတယ်။ ဇာတ်လမ်းခွေတွေတောင်ရှိတယ်။ စာနယ်ဇင်း က နောက်ကျပေမယ့် တခြားမီဒီယာတွေ ထိုးဖောက်ဝင်ရောက်နေရာယူနေလိုက်ကြတာ။

          ထူးခြားတာတစ်ခုကတာချီလိတ်မှာ မြို့နယ်စာရေးဆရာအသင်း က ကိုယ်ပိုင်မြေယာနဲ့ ရုံးခန်းရှိတာကိုတွေ့ခဲ့ရတယ်။ အရင်တစ်ခေါက်ကပဲေ ဟာပြောပွဲလုပ်သေးတယ်။ အခုဟောပြောပွဲကို စာရေးဆရာ ၈ ယောက်လောက်နဲ့လုပ်တယ်။ လေယာဉ်စရိတ်၊ ဟိုတယ်စရိတ်၊ ဧည့်ခံစရိတ်တွေ ကုန်လိုက်မယ် ဖြစ်ခြင်း။ ဒါကြောင့် ကိုယ်ဟောပြောတာတွေ က သူတို့တစ်တွေ ကုန်ရကျိုးမနပ် မှာပူပန်မိတယ်။ မျိုးချစ်စိတ်ဓာတ် တွေ ထက်သန်စေဖို့ အမှန်တရားကိုချစ်မြတ်နိုးဖို့၊ ဗဟုသုတရရှိစေဖို့ စာရေးဆရာတွေကဟောကြပြောကြတယ်။

ပြန်မယ့်နေ့မှာ မိတ်ဆွေတွေက ဦးအောင်ဇေယျဘုရားကုန်းနဲ့ မယ်ဆိုင်မှာရှိတဲ့ Tesco Lotus ကုန်တိုက် ကိုလိုက်ပို့တယ်။ တစ်ရက်ကအချိန် မရလို့ မဝင်ခဲ့ရဘူးလေ။ လိုက်ပို့တဲ့ မိတ်ဆွေက မီးဖိုဆောင်သုံးပစ္စည်းတွေ၊ ဟင်းချက်စရာတွေ ဝယ်တယ်။ နေ့လယ်စာစားတော့ KFCနဲ့ MK နှစ်ခုရှိတာမှာ KFCကိုရွေးတယ်။ ရန်ကုန်ကမိသားစုအတွက်လည်းဝယ်တယ်။ ဆေးဆိုင်တွေ့လို့ မေး ကြည့်တော့ ကိုယ့်အတွက် သွေးတိုးကျဆေးကမရှိဘူး။ စာအုပ်ဆိုင်တွေ့တော့ အားရဝမ်းသာသွားကြည့် တော့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်တာဆိုလို့ အဘိဓာန်နဲ့ ကလေးစာအုပ် တွေရှိတယ်။

          မြန်မာတွေ ဘယ်လောက် အရောက်အပေါက်များတယ် မပြောတတ်၊ ထိုင်းစာနဲ့ မြန်မာစာတွဲပြီး ထိုးထားတာတွေ့ရတယ်။ ဈေးဝယ်နေကြတဲ့ သူတွေထဲမှာ မြန်မာတွေ အတော်များတာသတိရမိတယ်။ အဲဒီမှာနည်းနည်းမောသွားတယ်။ တာချီလိတ်က မြန်မာတွေ၊ မြန်မာလိုဖတ်စရာစာအုပ်တွေလည်းမရှိ၊ မယ် ဆိုင် မှာလည်း အင်္ဂလိပ်လိုဖတ်စရာမရှိ။ ထိုင်းလိုတတ်မှ ဖတ်လို့ရမယ်။ တာချီလိတ်မှာ မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့စာအုပ်တွေ၊ ပညာရပ်စာအုပ်တွေ ပျံ့နှံ့ရေးဟာ အမျိုးသားရေး တာဝန်ကြီးတစ်ရပ်

 ဖြစ်လေမလားလို့ တွေးမိတယ်။ တနိုင်တပိုင်တော့ ကိုယ်လာတဲ့အခါ ယူပေးမယ်၊ မှာရင် ပို့ပေးမယ်လို့တော့ ပြောခဲ့ပါတယ်။ နောက်ဆို တာချီလိတ်လာတဲ့အခါ ယိုးဒယားစကားပြန်နဲ့များ လာရလေမလားစိုးရိမ်ကြောင်း ဟောပြောပွဲမှာထည့်ပြောခဲ့မိတယ်။ တာချီလိတ်ကိုထိုင်းနယ်စပ်က မြို့တစ်မြို့၊ ရှေ့တန်းခံတပ်မြို့တစ်မြို့အဖြစ်နဲ့ မြင်ယောင် လာတယ်။ 
ခင်မောင်ညို ( ေ ဘ ာ ဂ ေ ဗ ဒ )

Thursday, March 7, 2013

တာချီလိတ်၌ မြန်မာပိုက်ဆံအိတ်ကို ဆွဲပိတ်လိုက်ခြင်း
  မောင်သာချို
 

(တစ်)
တာချီလိတ်သို့ ရောက်လျှင်ရောက်ချင်း ဒေသခံ စာပေချစ်သူများက ခရီးရောက်မဆိုက် နှင်းအပ်လိုက်သည့် လက်ဆောင်မှာကား စာအိတ်ကလေး တစ်အိတ်စီပင် ဖြစ်ပါသည်။ ဘာများပါလိမ့်။ အခုပဲ တာချီလိတ်လေဆိပ်ကိုဆင်း၊ အခုပဲ ရှမ်းရိုးရာ အိုးစည်ဗုံမောင်းတို့နှင့်ကြိုဆို၊ အခုပဲ မြန်မာ၊ ထိုင်း၊ လာအို သုံးပွင့်ဆိုင် ရွှေတြိဂံဒေသ၏မြို့တော် တာချီလိတ်ကို မြို့တစ်ပတ်လှည့်လည်ပြသ၊ အခုပဲ ဟိုတယ်ရှိရာဆီပြန်ရောက်၊ အခုပဲ ကိုယ်လက်သန့်စင် ရေမိုးချိုးလို့မှ ပြီးလုပြီးခင်ကလေးရှိသေး...ရော့ ဆရာတို့အတွက်ဟုဆိုကာ လက်ထဲကိုယ်စီ ရောက်လာကြသည်က စာအိတ်ပေါက်စကလေးတွေပါ။ ၀ဏ္ဏသိန်းသန်း သတ္တုကုမ္ပဏီ၏ ခရီးဦးကြိုလက်ဆောင်တဲ့။

အို ...ဖောက်လိုက်တော့ အထဲမှာပိုက်ဆံတွေ။ မြန်မာပိုက်ဆံမဟုတ်။ ထိုင်းပိုက်ဆံ။ ဘတ်ငွေတွေပါလား။ အရေအတွက် မများလှ။ ဘတ် ၁၀၀၀ တန် လေးရွက်။ ထိုင်းနိုင်ငံသုံး ပိုက်ဆံတစ်ဘတ်ကို မြန်မာငွေ ၂၈ ကျပ်ကနေ ကျပ် ၃၀ ၀န်းကျင်ကြား၌ ပြေးလွှားနေသည့် ၂၀၁၃ ခုနှစ်ဝန်းကျင် တစ်ဝိုက် နေ့ရက်များဖြစ်လေရာ မြန်မာငွေတစ်သိန်းဝန်းကျင်ခန့် ကျွန်တော်တို့ကို ပေးလိုက်ခြင်းပင် ဖြစ်ပါသည်။ လိုချင်တာကလေးတွေဝယ်ဖို့၊ ပြီးတော့ အသေးသုံးဖို့တဲ့။ ဘာဖြစ်လို့ မြန်မာကျပ်ငွေ မပေးကြတာပါလိမ့်။ ပထမတော့ ကျွန်တော်တို့နားမလည်။ နောက်တော့ တာချီလိတ်တစ်မြို့လုံးအနှံ့ ခြေဆန့်လိုက်လေတော့မှ သြော်..မြန်မာငွေထည့်ထားသည့် ကျွန်တော်တို့၏ ပိုက်ဆံအိတ်ကလေးများကို ပြန်လည်၍ သိမ်းဆည်းထားရလောက်အောင် တာချီလိတ်မြို့၌ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ထိုင်းဘုရင့်တံဆိပ် ခတ်နှိပ်ထားသည့် ထိုင်းပိုက်ဆံတို့ ပလူပျံနေပုံကိုကြည့်ကာ ကျွန်တော်တို့ကို ခရီးရောက်မဆိုက် အပ်နှင်းလာသည့် အသေးသုံးဘတ်ငွေများကိုကြည့်ပြီး သဘောပေါက်သွားခဲ့ရခြင်း ဖြစ်ပါသည်။

(နှစ်)

တာချီလိတ်က ရှမ်းအရှေ့တံခါးပေါက်၏ မြို့တော်ပဲဖြစ်ပါသည်။ မြန်မာ၊ လာအိုနှင့် ထိုင်းတို့ သုံးပွင့်ဆိုင်ထားသည့် ရွှေတြိဂံဒေသ၌ စည်ပင်ဝေဆာနေသည့်မြို့လည်း ဖြစ်ပါ၏။ တာချီလိတ်၏ ဟိုမှာဘက်ကမ်းက ထိုင်းနိုင်ငံ၏ နယ်စပ်မြို့ မဲဆိုင်(Mae Sai)။ အချို့ကလည်း မယ်ဆိုင်တဲ့။ နိုင်ငံနှစ်နိုင်ငံစပ်ကြား တာချီလိတ်နှင့် မဲဆိုင်ကို ခြားထားသည်က မဲဆိုင်ချောင်းကလေး။ ကြည်လင်၍ အေးမြသော တောင်ကျချောင်းကလေး။ မဲဆိုင်က ကျဉ်းမြောင်း၍ တိမ်သော်လည်း ရေစီးသန်သန်ဖြင့် အနောက်ကနေ အရှေ့ဆီသို့ စီးဆင်းလာကာ မဲခေါင်မြစ်ထဲသို့ ၀င်ရောက်သွားမည့် ချောင်းကလေးပဲ ဖြစ်ပါလေသည်။

မြန်မာမြို့ တာချီလိတ်နှင့် ထိုင်းမြို့ မဲဆိုင်ကို ဆက်သွယ်ထားသည်က သည်မဲဆိုင်ချောင်းပေါ်က တံတားကလေး။ တံတားသည်ဘက်ထိပ်မှာက မြန်မာစစ်ဆေးရေးဂိတ်။ တံတားဟိုဘက်ထိပ်မှာက ထိုင်းစစ်ဆေးရေးဂိတ်။ မနက်မိုးလင်းပြီဆိုသည်နှင့် မြန်မာဘက်အခြမ်းကလူတွေ ခြေလျင်တွေရော၊ ဆိုင်ကယ်တွေနှင့်ရော၊ ကားတွေနှင့်ရော သည်တံတားကို ဖြတ်ဖြတ်ပြီး မဲဆိုင်ဘက်ကို သွားနေလိုက်ကြတာ။ ဈေးသွားရောင်းသူတွေ၊ အောက်ခြေသိမ်း အလုပ်မှန်သမျှ သွားလုပ်မည့် အလုပ်သမားတွေ၊ ဈေးဝယ်ထွက်သူတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေ။

“ပုံမှန်နေ့စဉ် ထိုင်းဘက်ကို သွားတဲ့သူက ၃၅၀၀ ကနေ ၄၀၀၀ ကြားလောက် ရှိမှာပေါ့”

လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ယောက်က ကျွန်တော့်ကို ရှင်းပြလာခြင်း ဖြစ်ပါသည်။ မဲဆိုင်တံတားကနေ နေ့စဉ်အ၀င်အထွက်လုပ်သူ ဒေသခံတွေက အလုပ်မရှုပ်စေရန် စာအုပ်လုပ်ထားလိုက်ပါသည်။ မြန်မာဘက်သို့ ပေးရသည်က စာအုပ်တစ်အုပ်အတွက် တစ်ပတ်ကို ဘတ် ၃၀၀ ။ ဟိုဘက်ခြမ်း မဲဆိုင်ဘက်သို့ ပေးရသည်က တစ်ခေါက် ဘတ် ၁၀။ တစ်ခေါက်ဆိုသည်က မဲဆိုင်၌ တစ်ပတ်နေခွင့်ကို ဆိုလိုခြင်းဖြစ်ပါသည်။ ယာယီသာ အ၀င်အထွက် လုပ်မည့်သူတွေက တစ်ခေါက်အတွက် လူတစ်ယောက် ဘတ် ၅၀၀။ ဆိုင်ကယ်ပါလာပါက နောက်ထပ် ဘတ် ၅၀၀။ မဲဆိုင်ဘက်ကတော့ ဘတ် ၁၀ က ဘတ် ၁၀ သာ။

“တာချီလိတ်ကနေ မဲဆိုင်ဘက်ကူးပြီး ကျောင်းသွားတက်တာက နေ့စဉ် ဖယ်ရီကားအစီး ၂၀ လောက်ရှိမှာပေါ့။ ကျောင်းသား၊ ကျောင်းသူအားလုံးရဲ့ တစ်ရာခိုင်နှုန်းလောက် ရှိမယ်ထင်ပါရဲ့”

လူဝင်မှုကြီးကြပ်ရေးအရာရှိက တွေးတွေးဆဆနှင့် ခန့်မှန်းပြောဆိုလာပါသည်။ ဟုတ်ပါသည်။ မနက်လင်းလျှင် ကျောင်းကားတွေ၊ ကျောင်းကားတွေ မဲဆိုင်ဘက်ခြမ်းသို့ မောင်းဝင်၍ သွားကြမြဲ။ ညနေခင်းပြန်တော့ တာချီလိတ်ဘက်ခြမ်းသို့ မောင်းဝင်၍ ပြန်လာကြမြဲ။ သူတို့တွေက မြန်မာကျောင်းမနေကြ။ ထိုင်းဘက်သို့ကူးကာ ထိုင်းစာသင်ကျောင်းတွေမှာ မူလတန်းပြီးသည်အထိ တက်ကြသည်။ အချို့က အလယ်တန်းပြီးသည်အထိ။ အချို့က အထက်တန်းအောင်မြင်ကာ ဘန်ကောက်အထိတက်ပြီး ထိုင်းတက္ကသိုလ်တစ်ခုခုကနေ ဘွဲ့ရသည်အထိ။

“ဒါ့ကြောင့်များလားမသိ။ တာချီလိတ်မြို့ထဲမှာက ထိုင်းစာနှင့်မလွတ်။ စားသောက်ဆိုင် ဆိုင်းဘုတ်က ထိုင်းစာနှင့် အစားအသောက်စာရင်းစာရွက်က ထိုင်းစာနှင့်။ မီးသတိပြုစာတမ်းက ထိုင်းစာနှင့်။ ရှမ်းသီချင်းခွေကြော်ငြာတွေက ထိုင်းစာနှင့်။ မူးယစ်ဆေးဝါး သတိပေးဆိုင်းဘုတ်က ထိုင်းစာနှင့်။ ရွှေဆိုင်ဆိုင်းဘုတ်က ထိုင်းစာနှင့်။ သစ်တောသစ်ပင် ချစ်ခင်စောင့်ရှောက်ဖို့ သတိပေးနှိုးဆော်စာက ထိုင်းစာနှင့်။ ဘီယာပုလင်းမှာ ထိုင်းစာ။ အချိုရည်ပုလင်းမှာ ထိုင်းစာ။ မန်ကျည်းဖျော်ရည်ပုလင်းမှာ ထိုင်းစာ။ အိမ်သာအ၀င်အထွက် ကျား၊ မ စာတန်းမှာ ထိုင်းစာ။ ရေပုလင်းမှာ ထိုင်းစာ။ သွားကြားထိုးတံဘူးမှာ ထိုင်းစာ။ ဟိုတယ်တိုင်းမှာ ထိုင်းစာ။ အနှိပ်ခန်းမှာ ထိုင်းစာ။ ကာရာအိုကေခန်းမှာ ထိုင်းစာ။ ဒါ့ကြောင့်လည်း တာချီလိတ်ဒေသခံတို့ ထိုင်းစာကို ထမင်းစား ရေသောက်လောက်ကတော့ ပြောတတ်ကြပြီး တာချီလိတ်မြို့ထဲ၌ ထိုင်းစကား၊ ထိုင်းစာသင်တန်းတို့ လူဝင်လူထွက်များပြားနေရုံမျှသာမက ဟိုဘက်နိုင်ငံ၏ နယ်စပ်မြို့ မဲဆိုင်ထဲအထိသွားကာ သူတို့ကလေးများ၏ အနာဂတ်ပညာရေးအတွက် ခြေလှမ်းကျဲနေကြခြင်းမှာ သိပ်ပြီးဆန်းကြယ်လှသော ကိစ္စတော့မဟုတ်ပါ။


(သုံး)
တာချီလိတ်မြို့ရှိ ထိုင်းလို တွဲစပ်ရေးသားထားသည့် လမ်းအသွယ်သွယ်ကြားတွင် လျှောက်သွားခဲ့ရင်းက အခြေခံလူသုံးကုန်ပစ္စည်းကလေးများ၏ ဈေးနှုန်းကလေးများကို စနည်းနာမိကြောင်း ၀န်ခံလိုပါသည်။

စာအုပ်အငှားဆိုင်ကလေး တစ်ဆိုင်ထဲသို့ ၀င်မိပါသည်။ ဘာစာအုပ်ဖတ်ဖတ်တစ်ရက် ဘတ် ၁၀ ။ ဂျာနယ်အရောင်းဆိုင်ကလေးတစ်ဆိုင်ရှေ့သို့ သွားရပ်မိရာ ဘာဂျာနယ်ယူယူ တစ်စောင် ဘတ် ၄၀ တဲ့။ သန့်စင်ခန်းထဲသို့ နှစ်ခါသုံးခါဝင်မိရာ တာလော့ဈေးက ငါးဘတ်။ မြို့မဈေးက သုံးဘတ်။ ချဉ်ပေါင်ရွက်တစ်စည်း နှစ်ဘတ်။ ဘဲဥတစ်လုံး သုံးဘတ်။ လက်ဖက်ရည်တစ်ခွက် ခုနစ်ဘတ်။ ကောက်ညှင်းပေါင်းတစ်ထုပ် ဘတ် ၁၀ ။ ကွမ်းယာက လေးယာကို ငါးဘတ်။ ရှားရှားပါးပါး တာချီလိတ်မြို့ထဲ၌ မုန့်ဟင်းခါးဆိုင်တစ်ဆိုင်ရှိရာ မုန့်ဟင်းခါးတစ်ပွဲ နှစ်ဆယ့်ငါးဘတ်။ ခေါင်းတစ်ခါညှပ် ဘတ် ၄၀ ။ ကန်စွန်းရွက်ကြော်တစ်ပွဲ ဘတ်ခြောက်ဆယ်။ ၀က်အူချိုကြော် ဘတ်နှစ်ရာ။ အမျိုးသမီးတစ်ယောက်နှင့် တစ်နေ့တာ အတူနေထိုင် ကြည်နူးပျော်ရွှင်ခွင့် ဘတ် ၁၅၀၀ စသည် စသည် စသည်။ သြော် .. တစ်ဘတ်ကို မြန်မာငွေ ၂၈၊ ၂၉၊ ၃၀ ကျပ်များနှင့်သာ မြှောက်ကြည့်လိုက်ပါလေတော့။

ကျွန်တော်က ကျပ်မသုံးဘဲ ဘာ့ကြောင့် တစ်မြို့လုံး ဘတ်သုံးကြရသလဲဟု မေးခွန်းထုတ်မိပါသည်။ သူတို့ကကျပ်သုံးရင် ရှုံးလို့တဲ့။ ဟုတ်ပါသည်။ ထိုင်းတစ်ဘတ်ကို မြန်မာ ၂၈ ဒသမ ၃၄ ကျပ်ရှိသည် ဆိုကြပါစို့။ ကျပ်ကိုကိုင်ပြီး သုံးသောအခါ ဆိုင်က တစ်ဘတ် ၂၈ ဒသမ ၃၄ ကျပ်ဆိုသည်ကို အတိအကျ တွက်မနေတော့ဘဲ တစ်ဘတ်တန်ပစ္စည်းကို ကျပ် ၃၀ ယူသည်လည်းရှိ၊ ၃၅ ကျပ်ယူသည်လည်းရှိရာ မြန်မာငွေကိုင်ထားသူက အကြီးအကျယ်နာ၍ နေပါသည်။ ထိုကြောင့် ကျပ်မကိုင်ဘဲ ဘတ်ကိုင်ကြရပါလေသတဲ့။ သို့ဖြင့် တာချီလိတ် မဲဆိုင်တစ်ဝိုက်မှာ ဘယ်နေရာကိုကြည့်ကြည့် ငွေလဲလှယ်သည့် ဆိုင်ကလေးတွေ။

ကျွန်တော်စိတ်မကောင်း ဖြစ်မိတာတစ်ခုက အချို့ဆိုင်တွေမှာ ထိုင်းပိုက်ဆံကို စားပွဲပေါ်တွင် သေသေချာချာတင်၍ထားပြီး မြန်မာငွေစက္ကူတွေကို ကြမ်းခင်းတွေပေါ်မှာ လှေကားခြေရင်းဆီမှာ ပစ်ချထားခြင်းဖြစ်ပါသည်။ ဘာ့ကြောင့်လည်းဟု ကျွန်တော်က စေ့ငုရပါသည်။

“ထိုင်းပိုက်ဆံက ထိုင်းဘုရင်ပုံနဲ့ဗျ။ ခင်ဗျားတို့ပိုက်ဆံက ဘာတွေမှန်းမသိဘူး။ ခြင်္သေ့တွေရော၊ ဆင်တွေရော တိရစ္ဆာန်ပုံတွေ”

အော် ... သူတို့ချစ်သည့် ဘုရင့်မင်းမြတ်ပုံပါသော ပိုက်ဆံကို ကျွန်တော်တို့ ပိုက်ဆံနှင့်ရော မထားချင်ဘူးတဲ့။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ မှာ ရန်ကုန်မြို့၌ ပြည်သူ ၅၅၄ ဦးတို့က လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြသလို မြန်မာငွေစက္ကူတွေပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံကိုများ ပြန်ရိုက်ရရင် ကောင်းလေမလားမသိ။

အခုတော့ တာချီလိတ်မှာက မြန်မာငွေကိုင်ထားရတာ ခက်ပါသည်။ သုံးဖို့လည်းခက်၊ ပြန်အမ်းဖို့လည်းခက်။ လူတိုင်းရဲ့လက်ထဲမှာက ဘတ်ငွေများသာ။

တစ်ချိန်က တာချီလိတ်ရောက် အာဏာပိုင်တစ်ယောက်က တာချီလိတ်တွင် ကျပ်ငွေသာသုံးရမည်ဟု ကိုယ့်ပိုက်ဆံ၏ဂုဏ်ကို အာဏာနှင့် တည်ဆောက်ကြည့်ခဲ့ဖူးပါသည်။ မရ။ လုံးဝမရ။ ကိုယ့်စီးပွားရေး၊ ကိုယ့်သြဇာ၊ ကိုယ့်အသပြာကိုမာအောင် ပညာနှင့်လုပ်မယူဘဲနှင့်တော့ ဇွတ်မရနိုင်ပါလေ။

သြော်..ကမ္ဘောဇ အရှေ့တံခါးဝသို့ ရောက်ရှိသွားသော စာရေးဆရာတွေ အိတ်ထဲမှာက မြန်မာပိုက်ဆံတွေနဲ့ တော်ပါသေးရဲ့။

တာချီလိတ်စာပေချစ်သူများက အသေးသုံးဟုဆိုကာ ဘတ်ငွေတချို့ကို ကြိုတင်ပြီး မုန့်ဖိုးပေးထားကြပေလို့သာပေါ့။ ။

မှတ်ချက်။        ။  7 Day News Journal တွင် ဖော်ပြထားသော ဆောင်းပါးအား  ပြန်လည်ဖော်ပြလိုက်ပါသည်။

Sunday, February 10, 2013

လျှပ်တစ်ပြက် တာလေ(၁)
ဆောင်းပါးရှင်။         ။  မြတ်မျိုးမြင့်မာန်

ကျွန်တော့်အနေနဲ့ အစိုးရ၀န်ထမ်းတစ်ဦးအနေနဲ့ကော လူမှုရေးအဖွဲ့အစည်းကြီးတစ်ခုရဲ့ ဦးစီးခေါင်းဆောင်တာဝန်နဲ့ပါ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက ဒေသဖွံ့ဖြိုးရေးနဲ့ ဌာန ဆိုင်ရာ
တာဝန်များနဲ့ အားစိုက်ခွန်စိုက် ဆောင်ရွက်ခဲ့တဲ့ နေရာလေးတစ်ခုဖြစ်တဲ့ တာလေမြို့နယ်ခွဲ (ယခင် တာလေကျေးရွာအုပ်စု) ကို ၃.၁.၂၀၁၃ ရက်နေ့က ရောက်ရှိခဲ့တာ လေးတွေကို တင်ပြသွားမှာ
 ဖြစ်ပါတယ်။ နောက်နောင်လည်း ရောက်ရှိခဲ့ရင် ဆက်လက်တင်ပြလိုတာကြောင့် လျှပ်တစ်ပြက် တာလေ(၁)လို့ အမည်ပေးထားတာဖြစ်ပါတယ်။

(၁.၁.၂၀၁၃)ရက်နေ့ မနက် ဌာနဆိုင်ရာ အရေးကြီးကိစ္စ တစ်ခုရှိတဲ့အတွက် စာရေးသူ တာချီလိတ်မြို့ပေါ်မှာ ဆိုင်ကယ်နဲ့ သွားလာနေတုန်း ကားတစ်စီး မိမိဆိုင်ကယ်ကို ဟွန်းတီးကျော်တက် နှုတ်ဆက်ပြီး
 ရှေ့ကနေကြိုရပ်လိုက်တာ တွေ့ရပါတယ်။ အနီးရောက်လို့ ကြည့်လိုက်တော့
 မောင်ကျော်စိုးဖြစ်နေတာ  တွေ့ရပါတယ်။
 မောင်ကျော်စိုးဆိုတာ ယခုတော့ ရှမ်းပြည်နယ် အရှေ့ပိုင်း အမှတ်(၁၀၀၉)နယ်ခြားစောင့်တပ် တပ်ရင်းမှူးအဖြစ် နိုင်ငံတော်ရဲ့လုံခြုံရေးကို အထူးတာဝန်ထမ်းဆောင်နေပြီဖြစ်တဲ့ ဗိုလ်မှူးကျော်စိုး
 ဖြစ်ပါတယ်။ ဆရာ့ကျေးဇူးဘယ်တော့မှ မမေ့ပါဘူး။ တာလေလားဟူနှစ်သစ်ကူးပွဲကို ကြွရောက်ပါ ဆရာ့အိမ်ကိုလည်း ဖိတ်ထားပါတယ် ဆိုတဲ့နှုတ်နဲ့ဖိတ်ကြားမှုတွေကြောင့်  တာလေကို တစ်ခေါက်ရောက်ခဲ့ပြန်တာပါ။

အမှန်ပါဘဲ။ ညနေအိမ်ပြန်ရောက်တော့ ဖိတ်စာရောက်နေပါပြီ။ တစ်ချိန်ကမိမိပျိုးထောင်ပေးခဲ့တဲ့
လူငယ်တစ်ဦး လောကအလယ်ပညာတတ် ဦးစီးခေါင်းဆောင် တစ်ယောက်အဖြစ်မြင်ရတဲ့ ဆရာ
တစ်ယောက် ၀မ်းသာမှုက ဖေါ်မပြနိုင်အောင်ပါဘဲ။

မနက်(၉)နာရီ တာလေက ဗိုလ်မှူးကျော်စိုးဆီ အရင်ဆုံးရောက်ရှိစဉ်မှာဘဲ  ယခင်ထက် တိုးတက်ပြောင်းလဲမှုတွေနဲ့ ပြည့်နှက်နေတဲ့ တာလေကို တွေ့ရှိခဲ့ပါတယ်။ လားဟူနှစ်
သစ်ကူးပွဲတော်အကြောင်းကတော့ ဆရာစူလဏီးရဲ့ လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော် ဆောင်းပါးမှာလည်း အပြည့်အစုံပါရှိပြီမို့ အထူးဖြည့်စွက်စရာ မကျန်တော့ပါဘူး။

ဒါပေမယ့်  သူတို့ရဲ့ခေါင်းဆောင်တွေကို လက်ဆေးမင်္ဂလာပြုပေးတာရယ် ဂါရ၀ပြု အဖွဲ့လိုက် လူကြီးအိမ်မှာ ထုံးစံနဲ့အညီ ဘူးခါးပလွေ၊ စတဲ့တူရိယာတွေနဲ့ဖျော်ဖြေကြတာကတော့ ဘယ်တော့မှ မရိုးနိုင်တဲ့ လားဟူရိုးရာ ဓလေ့ထုံးစံလေးတွေဘဲဖြစ်ပါတယ်။ အတိတ်က မောင်ကျော်စိုးရဲ့ဖခင် ၊ မိမိရဲ့ခင်မင်လေးစားရတဲ့ ဒေသလုံခြုံရေးကို လားဟူပြည်သူ့စစ်ခေါင်းဆောင်အဖြစ် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ ဗိုလ်လုံကျာရှောကိုလည်း အမှတ်ရမိပါတယ်။


    တာလေရောက်ရှိစဉ် မိမိနဲ့အတူ လိုက်ပါပေးတာကတော့ လူထုအကျိုးလုပ်ငန်းတွေအများကြီး လုပ်ခဲ့တဲ့ ကျွန်တော့်ရဲ့ဦးဆောင်မှုနောက်မှာ တက်ကြွစွာ လိုက်ပါဆောင်ရွက်ပြီး ယခုတိုင် တက်ကြွကြိုးစားနေဆဲဖြစ်တဲ့ တာလေမြို့နယ်ခွဲ၊ တာကြန့် အမက က ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်ဖြစ်ပါတယ်


  မောင်ကျော်စိုးဆီကနေ သူတို့ရဲ့ပွဲတက်ရောက်ပြီးတဲ့အခါ အတိတ်က ခင်မင်နားနေခဲ့ဘူးတဲ့ နေရာလေး
တစ်ခုဖြစ်တဲ့ တာလေဆက်သွယ်ရေးရုံးကို ရောက်ရှိခဲ့ပါတယ်။ ယခင်နှစ်နှစ်ဆယ်နီးပါးက တာလေစာတိုက်မှူးနဲ့စာရေးသူအတူတူ တာလေစာတိုက်မှာ ရိုက်ထားတဲ့ ဓာတ်ပုံလေးကိုနှိုင်းယှဉ်နိုင် အောင်ဖေါ်ပြလိုက်ပါတယ်။

ယခင်က တာလေမှာ အာတီလို့ခေါ်တဲ့ ရေဒီယိုတယ်လီဖုန်းလေး တစ်ခုတည်းနဲ့
ဌာနဆိုင်ရာပေါင်းစုံ၊ မိဘပြည်သူလူထုများအနေနဲ့ တစ်နိုင်ငံလုံးကို ဆက်သွယ်ခဲ့ကြရပါတယ်။
ဆက်သွယ်ရေး  အင်မတန်မှ ခက်ခဲသလို ဆက်သွယ်ရေးဝန်ထမ်းတွေမှာလည်း မိမိတို့ကို အထင်မလွဲအောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ခဲ့တာကို ဆက်သွယ်ရေးဝန်ထမ်းတွေနဲ့ ညီအစ်ကိုလိုပေါင်းသင်းနေထိုင်ခဲ့တဲ့ စာရေးသူအသိဆုံးလည်းဖြစ်ပါတယ်။


တာလေမြို့နယ်ခွဲမှာ အော်တိုတယ်လီဖုန်း စတင်ဖွင့်လှစ်ပေးခဲ့ပြီး ယခုအခါ (၁၀)လုံး သုံးစွဲနေရပြီ
ဖြစ်ကြောင်း သိရှိရပါတယ်။ ဂျီအက်စ်အမ်ဖုန်းအလုံးရေ (၂၀၀)ကိုလည်း သုံးစွဲနေပြီဖြစ်ကြောင်း သိရပါတယ်။

စာတိုက်ဆက်သွယ်ရေးအနေဖြင့်လည်း ၀န်ထမ်းအင်အားပြည့်စုံတာကြောင့်  အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ြပီဖြစ်ကြောင်းလည်း သိရှိရပါတယ်။ FAXကိုလည်း အချိန်ပြည့် ၀န်ဆောင်မှုပေးနေတဲ့ အတွက်ကြောင့် အရေးကြီး စာရွက်စာတမ်းမိတ္တူများ ကို ပေးပို့နိုင်ကြပြီဖြစ်ပါတယ်။ လျှပ်စစ်မီးကိုလည်း အချိန်ပြည့်ရရှိအောင်စီစဉ်ထားတဲ့အတွက်လုပ်ငန်းများ အဆင်ပြေချောမွေ့ကြောင်း သိရှိ ရပါတယ်။ လက်ရှိတာလေမှာ ဆက်သွယ်ရေးတာဝန်ခံ အဖြစ် ဒုကြီးကြပ်ရေးမှူး ဒေါ်ခင်ခင်သိန်းက ဦးဆောင်ပြီးလုပ်ငန်းများကိုကြိုးစား ဆောင်ရွက်နေကြောင်းသိရှိရပါတယ်။

    အဲ့ဒီကနေ တာလေ ခမရ(၃၁၆) တပ်ရင်းရှေ့ ကွင်းပြင်ကြီးကိုရောက်ခဲ့ပါတယ်။ အဲ့ဒီမှာ လွတ်လပ်ရေးနေ့အကြိုအားကစားပြိုင်ပွဲကို တာလေမြို့နယ်ခွဲအုပ်ချုပ်ရေးမှူးက
ဦးဆောင်ပြီးဌာနဆိုင်ရာပေါင်းစုံနဲ့ ဒေသ   ကျောင်းသားနဲ့ပြည်သူလူထုတွေ
 ပျော်ရွှင်စွာ ပြိုင်ပွဲပေါင်းစုံ
ကျင်းပနေတာကို တွေရပြန်ပါတယ်။ အထူးသဖြင့် ပညာရေးဝန်ထမ်းတွေက အားကစားပြိုင်ပွဲတွေမှာ အသီးသီး ကြီးကြပ်မှု တာဝန်ယူနေကြတာတွေ့ရပါတယ်။ မှတ်တမ်းဓာတ်ပုံလေး တစ်ပုံနှစ်ပုံရိုက်ဖြစ်ပါတယ်။

အဲ့ဒီကနေ အချိန်သိပ်မရှိလို့ မိမိလုပ်ငန်းတာဝန်တွေလည်းရှိသေးလို့ ပြန်မယ်လုပ်တော့ မိမိနဲ့အတူ လိုက်ပါပေးတဲ့ ဦးဝင်းမြင့်က ဆရာရယ် ကျွန်တော်တို့ရွာတော့ ခဏနားရင်းလိုက်လည်ပါအုံးလို့ ခေါ်တာနဲ့ အားနာနာနဲ့ တာကြန့်ကျေးရွာကိုရောက်ခဲ့ပါတယ်။ တာကြန့်အမက ရဲ့တိုးတက်နေမှုကို လည်းတွေ့ရပြန်ပါတယ်။ အဲ့ဒီအကြောင်းကိုတော့ နောက်များမှ ဆက်လက်တင်ပြပါ့မယ်။

တာကြန့်မှာတွေ့ခဲ့ရတဲ့ လုပ်ငန်းလေးတစ်ခုကို မိဘပြည်သူကို တင်ပြချင်ပါတယ်။ သိပြီးတဲ့သူတွေလည်းရှိပါမယ်။ မသိသေးတဲ့လူတွေလည်း ဒီလုပ်ငန်းဟာနှစ်ဦးနှစ်ဖက်
ကောင်းမွန်တာကော တာလေလို ငလျင်ဒေသမျိုးမှာ ရှိသင့်တဲ့လုပ်ငန်းတစ်ခုပါဘဲ။
အဲ့ဒါကတော့ အိမ်တိုင်ယာရောက် ဘလောက်အုတ်လုပ်ငန်းကို တာကြန့်ရွာမှာ တွေ့ရှိရတာကိုတင်ပြမှာဖြစ်ပါတယ်။ လိုတဲ့အိမ်ကို ကိရိယာဘဲယူလာပြီး လိုအပ်သူရဲ့ရှေ့မှာဘဲ ဘိလပ်မြေ၊သဲတွေကို အကောင်းဆုံး အနေအထားစပ်ယူပြီး
 ဆောင်ရွက်ကြတာဖြစ်ပါတယ်။ လာရောက်လုပ်တဲ့သူကို ဘလောက်အုတ်တစ်လုံးကို
တစ်ဘတ်နှုန်း(၃၈ကျပ်ခန့်)ပေးကြောင်းကိုလည်း သိရှိရပါတယ်။

အရည်အသွေးမီတဲ့ အုတ်ကို မျက်စိရှေ့မှာဘဲ ဆောင်ရွက်တာကြောင့်  ခိုင်ခံ့တဲ့အုတ်ကို စိတ်ချစွာ
သုံးစွဲနိုင်မှာဖြစ်ပါတယ်။ အလျင်စလို မဟုတ်ခဲ့ရင် တာလေမှာ ဒီလိုလုပ်ငန်းများနဲ့ အသက်မွေးသူတွေ
ရှိတယ်လို့သိရတာကြောင့် နှစ်ဦးနှစ်ဖက် စိတ်ချမ်းသာတဲ့လုပ်ငန်းလေးတစ်ခုဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

    ဒီတစ်ခေါက်တော့ လျှပ်တစ်ပြက်တာလေအကြောင်း ဒီမျှနဲ့ခွင့်ပြုဖို့တင်ပြလိုပါတယ်။
 နောက်တစ်ခေါက် တာလေရောက်ခဲ့ရင်လည်း မပျက်မကွက် တိုးတက်ချက်တွေကို ဆက်လက်တင်ပြပါ့မယ်။