Latest News

Dropdown Menu

Showing posts with label အားကစား. Show all posts
Showing posts with label အားကစား. Show all posts

Wednesday, February 12, 2014

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွင် ပထမဦးဆုံးကျင်းပပြုလုပ်သည့် အဆင့်မြင့် ကလပ် ဘောလုံး အသင်း (၉)သင်းပါဝင်သည့် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဖလား ကလပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ယနေ့ ဖေဖော်ဝါရီလ (၁၂)ရက် ပြည်ထောင်စုနေ့မှာ တာချီလိတ်မြို့၊ မြို့မအားကစားကွင်း၌ (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြုသောအားဖြင့် ဖွင့်ပွဲအခမ်းအနားဖြင့် ညနေ (၃)နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။



  အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး မှ အားကစား သမားများနှင့် ပတ်သက်၍ ရိုးသား ကြိုးစား၍ ယှဉ်ပြိုင်သွားကြရန် စသည်ဖြင့် အမှာစကား ပြောကြားသွားပြီး ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၈၅)ဦး ပါဝင်သည့် ပန်းပွားအကအဖွဲ့ နှင့် ဘင်ခရာအတီးအမှုတ်အဖွဲ့တို့မှ အိုလံပစ် သင်္ကေတနှင့် TACHILEIK စာလုံးဖော်၍ ဖျော်ဖြေသွားခဲ့ကြသည်။


ယခု ပြိုင်ပွဲတွင် ကလပ်အသင်းများအနေဖြင့် အာခါ FC ၊ ဂျိမ်းဖေါရတနာ FC ၊ The Banner FC ၊ Golden Dragon FC ၊ i-Store FC ၊ TarLay FC ၊ Steel Men FC ၊ ရွှေအောင်မြင် FC နှင့် တောင်ပေါ်သား FC စသည့် ကလပ်အသင်း (၉)သင်း ပါဝင်ရာ ပြိုင်ပွဲ၏ ကာလကို ယနေ့ ဖေဖော်ဝါရီလ(၁၂)ရက်နေ့မှ မတ်လ(၄)ရက်နေ့ထိ သတ်မှတ်ထားကြောင်း သိရသည်။

ဖွင့်ပွဲ၏ ပွဲဦးထွက် ပြိုင်ပွဲအဖြစ် အာခါ FC နှင့် ဂျိမ်းဖေါရတနာ FC တို့ ယှဉ်ပြိုင်သွားကြရာ အာခါ FC မှ ဂျိမ်းဖေါရတနာ FC အား တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
ခရိုင်အဆင့် ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတာချီလိတ်၌စတင်
78 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Wednesday, January 22, 2014

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွင် ပထမဦးဆုံးကျင်းပပြုလုပ်သည့် ရှမ်း/ရှေ့ဒေသ အဆင့်မြင့် ကလပ်အသင်းများပါဝင်မည့် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဖလား ကလပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက် ပြည်ထောင်စုနေ့တွင် တာချီလိတ်မြို့၊ မြို့မအားကစားကွင်း၌ (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြုသောအားဖြင့် ဖွင့်ပွဲအခမ်းအနားဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ပြိုင်ပွဲတွင် ကျိုင်းတုံကိုယ်စားပြု ကလပ်များဖြစ်သည့် ဂျိန်းဖော့ရတနာကလပ် နှင့် တောင်ပေါ်သားကလပ်၊ မိုင်းဖြတ်ခရိုင် ကိုယ်စားပြုကလပ်၊ တာလေမြို့နယ်ခွဲ ကိုယ်စားပြုကလပ်ဖြစ်သည့် Tar Lay FC နှင့် အတူ တာချီလိတ်ခရိုင်လက်ရွေးစင်များဖြင့် ဖွဲ့စည်းထားသည့် ကလပ်အသင်း (၆)သင်းအပြင် မြန်မာနိုင်ငံအတွင်းမှ ကြေးစားကစားသမားများပါ ခေါ်ယူအားဖြည့် ဖွဲ့စည်းထားသည့် ကလပ်အသင်းများလည်း ပါဝင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲအား ၁၂.၂.၂၀၁၄ မှ ၈.၃.၂၀၁၄ ထိ တာချီလိတ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Saturday, January 4, 2014

ယနေ့ ၂၀၁၄ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့မှာ ကျရောက်လာသော လွတ်လပ်ရေးနေ့အား အထူး ဂုဏ်ပြုသောအားဖြင့် တာချီလိတ်မြို့၌ အားကစားနည်း (၁၄)မျိုး ထည့်သွင်း၍ ပြိုင်ပွဲများကို ၂၀၁၃ခုနှစ် ဒီဇင်ဘာလ နောက်ဆုံး အပတ်ထဲက စ၍ ယနေ့ ဇန်န၀ါရီလ(၄)ရက်နေ့ထိ ပြိုင်ပွဲများအား စည်းကားသိုက်မြိုက်စွာ ကျင်းပခြင်းနှင့် တဆက်တည်းမှာပင် ဆုပေးပွဲ အခမ်းအနားအား တာချီလိတ်မြို့၊ မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။


ပြိုင်ပွဲများတွင် များသောအားဖြင့် ထက်/လယ်/မှု ကျောင်းသား၊ ကျောင်းသူများ ပါဝင် ယှဉ်ပြိုင်ကြတာကို တွေ့ရှိရပြီး လူကြီး၊ လူလတ်၊ လူငယ်မရွေး သက်ဆိုင်ရာအလိုက် ပြိုင်ပွဲများမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြတာကို တွေ့ရသည်။ ယခုအကြိမ်ပြုလုပ်သော အားကစားနည်းများတွင် သက်ဆိုင်ရာ အားကစားနည်းများ အလိုက် စီးပွားရေးလုပ်ငန်းရှင်များမှ ပံ့ပိုးကူညီပူးပေါင်း၍ ပြုလုပ်သော အားကစားပွဲများလည်း ပါဝင်ကြောင်း သိရသည်။


"အခုလို ကလေးတွေကို နိုင်ငံတော်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အားကစားပွဲတွေ ပြုလုပ်ပေးတော့ သူတို့တွေ အနေနဲ့ တက်ကြွမှုလည်းရှိစေသလို အထိမ်းအမှတ်နေ့တွေကိုလည်း မမေ့စေအောင်လည်း ပြုလုပ်ပေးရာ ရောက်တာပေါ့၊ အဲ့ဒီအတွက် အခုလို နောက်များမှာလည်း အထိမ်းအမှတ်နေ့တွေမှာ ကလေးတွေအတွက် အားကစားပြိုင်ပွဲတွေ ပြုလုပ်ပေးနိုင်ကြပါစေ"ဟု ပါလျှံရပ်ကွက်မှ အဘိုးတစ်ဦးက ပြောသည်။


ပြိုင်ပွဲတွင် ရရှိသူများအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး အပါအ၀င် သက်ဆိုင်ရာ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် ပြိုင်ပွဲများအား မွန်းလွှဲပိုင်းမှာ ပြီးမြောက်စေခဲ့ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ...
58 photos
(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲမှ ဆုပေး
79 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Thursday, January 2, 2014

မြန်မာနိုင်ငံ၌ ယခု ၂၀၁၄ခုနှစ်တွင် ကျရောက်မည့် (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အား ဂုဏ်ပြုသည့်အနေဖြင့် တာချီလိတ်မြို့တွင် အားကစားနည်း (၁၄)မျိုးဖြင့် အားကစားပြိုင်ပွဲများကို ၂၀၁၃ခုနှစ် ဒီဇင်ဘာလ၏ နောက်ဆုံးအပတ်ထဲက စ၍ ကျင်းပလာခဲ့သည်ဖြစ်ရာ ယနေ့ ၂၀၁၄ခုနှစ် ဇန်န၀ါရီလ(၂)ရက် နံနက် (၆)နာရီ အချိန်က တာချီလိတ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန နှင့် "ဟိုတယ်တာချီလိတ်"တို့မှ ကြီးမှူးကျင်းပသည့်  (၁၂)မိုင်ကျော်ရှိ မာရသွန်အပြေးပြိုင်ပွဲအား တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုရှိ ရန်ကုန်ရွာမှ တာထွက်ကာ တာချီလိတ်မြို့ ရှမ်းရိုးမကုန်တိုက်ရှေ့သို့ ပြေး၍ ပန်းဝင်လာကြရာ ပြိုင်ပွဲဝင် (၁၃၂)ဦးရှိကြောင်း သိရသည်။


မာရသွန်အပြေး အားကစားသမားများ အနေဖြင့် စတင် တာထွက်ရန်အတွက် ရန်ကုန်ရွာသို့ မသွားရောက်မီ ရှမ်းရိုးမကုန်တိုက်ရှေ့၌ နံနက် (၃း၃၀)နာရီအချိန်မှစ၍ စုစည်းစေခဲ့ကြပြီးနောက် နံနက်(၅)နာရီ အချိန်တွင် အဆိုပါ ကုန်တိုက်ရှေ့၌ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် မြို့နယ်အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့်(တော်ဝင်မြန်မာ)တို့က ပြိုင်ပွဲဝင် အားကစားသမားများအား အားပေးစကားပြောကြားပြီး အဆိုပါနေရာမှတဆင့် ကားများဖြင့် တာထွက်မည့် ရန်ကုန်ရွာသို့ ဆက်လက်၍ ထွက်ခွာသွားခဲ့ကြသည်။

ရန်ကုန်ရွာသို့ အားကစားသမားများ ရောက်ရှိကြပြီးနောက် တာချီလိတ် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်း နှင့် မြို့နယ်အထောက်အကူပြုကော်မတီ ဦးထွန်းနေဦး (ဟိုတယ်တာချီလိတ်)တို့က ပြိုင်ပွဲဝင် အားကစားသမားများအား အားပေးစကားပြောကြားရင်း ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ဖတ်ကြားသွားခဲ့ကြပြီး နံနက်(၆)နာရီတိတိမှာ ဒုတိယရဲမှူးကြီးဝင်းထွန်းက သေနတ်မိုးပေါ်ထောင် ပစ်ဖောက်၍ တာလွှတ်ပေးခဲ့ရာ ပြိုင်ပွဲဝင် အပြေးသမား (၁၃၂)ဦးထဲမှ ကျောနံပါတ် (၁၁၀) ကိုလှအေး(ပုန်းထွန်)က ပထမဦးဆုံးအဖြစ် (၇)နာရီ (၂၂)မိနစ် (၃၈)စက္ကန့်၊ ကျောနံပါတ် (၁၁၁) ကိုနောင်တိန်(တာလေ) က ဒုတိယအဖြစ် (၇)နာရီ (၃၄)မိနစ် (၅၂)စက္ကန့် နှင့် ကျောနံပါတ် (၁၀၀) ကိုဆန်းဝင်း(ရွှေနဂါး-၈၈)မှ တတိယ စသည်ဖြင့် ပန်းဝင်သွားခဲ့ကြသည်။


ပြိုင်ပွဲတွင် ဆုများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု စသည့် ဆု(၃)ဆု အပါအ၀င် နှစ်သိမ့်ဆု (၁၀)ဆု၊ ဇွဲဆု (၃၇)ဆု တို့အား ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေ အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဆုများရရှိသည့် ပြိုင်ပွဲဝင်များအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယခုပြုလုပ်သော ပြိုင်ပွဲအား တာချီလိတ်မြို့၊ ရီဂျီးနားဂေါက်ကွင်းအနီး၌ ဖွင့်လှစ်ထားသည့် "ဟိုတယ်တာချီလိတ်"မှ အဓိက ကူညီပံ့ပိုးပေးထားပြီး၊ ဦးမောင်လေး ("အဆွေတော်"မိသားစု)မှ အချိုရည်ဗူးများ၊ ဦးကြည်မြင့်+ဒေါ်နန်းခမ်း ( "တော်ဝင်မြန်မာ" မိသားစု ) မှ သောက်ရေသန့်များ နှင့် "သူရိယ သင်္ကန်းတိုက်"မိသားစုမှ ဆုရရှိသော ပြိုင်ပွဲဝင် အားကစားသမားများအတွက် ကတ္တီပါဖိနပ် အရံ(၁၀၀)၊ စသည်တို့ကို အသီးသီး ပံ့ပိုးကူညီခဲ့ကြကြောင်း သိရသည်။

ယခုပြိုင်ပွဲတွင် စာရင်းပေးသွင်းထားသူမှာ (၁၆၃)ဦး ရှိသော်လည်း လာရောက်ယှဉ်ပြိုင်သူများမှာ (၁၃၂)ဦးသာရှိကြောင်းနှင့် အများဆုံး ၀င်ရောက်ယှဉ်ပြိုင်သည့် အားကစားသမားများမှာ ရွှေမဟာ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသားများဖြစ်ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ် မာရသွန် ၁
28 photos
တာချီလိတ် မာရသွန် ရန်ကုန်ရွာမှ တာထွက်
109 photos
တာချီလိတ် မာရသွန် ရန်ကုန်ရွာမှ တာထွက်၍ ရှမ်းရိုးမရှေ့သို့ ပန်းဝင်
66 photos
တာချီလိတ် မာရသွန်ပြိုင်ပွဲမှ ဆုရရှိသူများ
80 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Tuesday, December 31, 2013

(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသော အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် သံလွင်မိုးသတ္တုတူးဖော်ရေးကုမ္ပဏီတို့မှ ကြီးမှူးကျင်းပသည့် အမျိုးသား အလွတ်တန်း နှင့် အခြေခံပညာကျောင်းပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ နှင့် ဆုပေးပွဲအား ယနေ့ ဒီဇင်ဘာလ (၃၁)ရက် ညနေပိုင်းက တာချီလိတ်မြို့နယ်အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။


ဆုများရှိသော အသင်းများအား အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင် ဦးထွန်းနေဦး၊ အ.ထ.က(ဆန်ဆိုင်း) ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်တို့မှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။



ဆက်လက်၍ ပြိုင်ပွဲအား ပံ့ပိုးကူညီပေးကြသူများအား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက ဂုဏ်ပြုလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယခုပြိုင်ပွဲအား ဒီဇင်ဘာလ(၂၉)ရက်မှ ယနေ့ ဒီဇင်ဘာလ(၃၁)ရက်နေ့ထိ ကျင်းပပြုလုပ်တာဖြစ်ပြီး (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်ကျင်းပသော အားကစားနည်း (၁၄)မျိုးအနက် တစ်ခုအပါအ၀င်ဖြစ်ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်မြို့မှ ၆၆နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုဘော်လီဘောဆုပေးပွဲ
94 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Monday, December 30, 2013

 တာချီလိတ်မြို့၌ အားကစားနည်း (၁၄)မျိုးဖြင့် (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများအား ဒီဇင်ဘာလ နောက်ဆုံးအပတ်ကစ၍ ပြုလုပ်ကျင်းပလာခဲ့သည့်ဖြစ်ရာ ၁.၁.၂၀၁၄ တွင် ကျင်းပပြုလုပ်မည့် "မာရသွန်"အပြေးပြိုင်ပွဲအား သတ်မှတ်ကျင်းပရက်မှ ၂.၁.၂၀၁၄ သို့ ရွှေ့၍ ကျင်းပမှာဖြစ်ကြောင်း သိရှိရသည်။


မာရသွန်ပြိုင်ပွဲကို ၁.၁.၂၀၁၄ရက်နေ့မှာ ကျင်းပပြုလုပ်ရန် စီစဉ်ထားကြသော်လည်း အဆိုပါနေ့ မတိုင်မီ ဒီဇင်ဘာလ (၃၁)ရက်မှ (၁)ရက်နေ့ အကူး နှစ်သစ်ကူးကို ကြိုဆိုကြမည့်သူ များပြားသည့် အတွက် ပြိုင်ပွဲဝင်များ အနေဖြင့်လည်း ကြိုဆိုပါက ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မှုအား ထိခိုက်နိုင်မည် ဖြစ်သည့်အတွက် သတ်မှတ်ရက်အား ရွှေ့လိုက်ပြီး ဇန်န၀ါရီလ (၂)ရက်နေ့မှာ ဆက်လက်ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်းသိရသည်။

"နှစ်သစ်ကူးကြိုမဲ့ လူတွေက ည ၁နာရီ ကနေ ၃ နာရီထိ ရှိကြတာဆိုတော့ မာရသွန်မှာ ၀င်ပြိုင်မဲ့ အားကစားသမားတွေလည်း နှစ်သစ်ကိုကြိုမယ်ဆိုရင်သူတို့တွေ အိပ်ရေးပျက်ပြီး မပြေးနိုင်မှာလည်း စိုးရိမ်ရတယ်လေ၊ နောက်ပြီး ကရင်နှစ်သစ်ကူးလည်းရှိတယ်ဆိုတော့ ဇန်န၀ါရီလ (၂)ရက်နေ့ကိုပဲ အားလုံးသဘောတူညီစွာနဲ့ သတ်မှတ်လိုက်တာပါ"ဟု ပြိုင်ပွဲကျင်းပရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ အများသိသာရန်အတွက် ရှင်းပြလာသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Friday, December 27, 2013

အေးသောရာသီ၊ ချမ်းသောရာသီ နှင့် နှစ်သစ်သို့ကူး နှစ်ဆုံးဖြစ်သော ဒီဇင်ဘာလ၏ လေးလပတ် လမ်းလျှောက်ပွဲကို တာချီလိတ်မြို့၌ ဒီဇင်ဘာလ(၇)ရက်နေ့မှ ဒီဇင်ဘာလ(၁၄)ရက်၊ ဒီဇင်ဘာလ(၂၁)ရက် နှင့် ယနေ့ ဒီဇင်ဘာလ(၂၈)ရက် စသည့် သတ်မှတ်ရက် (၄)ကြိမ်တိုင်တိုင် စနေနေ့တိုင်း နံနက်(၅)နာရီအချိန်မှာ တာချီလိတ်မြို့ ရှမ်းရိုးမကုန်တိုက်မှ မြို့မအားကစားသို့ စုပေါင်း လူထုလမ်းလျှောက်ပွဲကို တက်ကြွလှုပ်ရှားခဲ့ကြသည်ဖြစ်ရာ ယနေ့ဆိုလျှင် ၂၀၁၃ခုနှစ်၏ နောက်ဆုံး လူထုလမ်းလျှောက်ပွဲ ဖြစ်ပါသည်။

ထိုသို့ လမ်းလျှောက်ရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး ဦးဆောင်သည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ ဦးဆောင်သော ပညာရေးမှ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ကျောင်းသူများ၊ အား/ကာမှ တာဝန်ရှိသူများနှင့် အားကစားသမားများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အသီးသီးမှ ပြည်သူလူထုများ စုပေါင်း၍ ပါဝင်ခဲ့ကြသည်။




အားကစားကွင်း၌ သွေးပူလေ့ကျင့်ခန်းအဖြစ် (၁၀)မိနစ် ပြုလုပ်ကြပြီးနောက် လူထုလမ်းလျှောက်ပွဲသို့ ဆင်နွှဲကြသူများအား သက်ဆိုင်ရာ ရပ်ကွက်များက ကောက်ညှင်းပေါင်း ပဲပြုတ်များ ပေးဝေပြီး ခရိုင်/မြို့နယ် အဆင့်ရှိ ဌာနဆိုင်ရာများအား မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးခဲ့ကြကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Wednesday, December 25, 2013

မြန်မာနိုင်ငံတွင် ကျရောက်မည့် (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသော အထိမ်းအမှတ်အဖြစ် အားကစားနည်း(၁၄)မျိုးဖြင့် ပြိုင်ပွဲများ အသီးသီးကျင်းပပြုလုပ်လျှက်ရှိရာ တာချီလိတ်မြို့ မိုးလုံလေလုံ အားကစားရုံ၌ ယနေ့ ဒီဇင်ဘာလ(၂၆)ရက် နံနက်ပိုင်းမှစ၍   (Table tennis) စားပွဲတင် တင်းနစ်ပြိုင်ပွဲ ကို ဒီဇင်ဘာလ(၂၇)ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။


စားပွဲတင် တင်းနစ်ပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ စသည်တို့မှ ဆုရရှိသူများကို ဇန်န၀ါရီလ (၄)ရက် လွတ်လပ်ရေးနေ့ နံနက်ပိုင်း၌ မြို့မအားကစားကွင်းတွင် ဆုများအသီးသီး ပေးအပ်ချီးမြှင့်မှာ ဖြစ်ကြောင်း သိရသည်။


ပြိုင်ပွဲများ၏ အစဖြစ်သော ကြက်တောင်ရိုက်ပြိုင်ပွဲအား ဒီဇင်ဘာလ(၁၈)ရက်နေ့က စတင်ကျင်းပလာခဲ့ပြီး ဆုပေးပွဲ အခမ်းအနားကို ဒီဇင်ဘာလ (၂၁)ရက် ညနေပိုင်းကပြုလုပ်ခဲ့ပြီးဖြစ်သလို ကျန်ရှိသည့် အားကစားပြိုင်ပွဲများကိုလည်း ဆက်လက်၍ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Saturday, December 21, 2013

၂၀၁၄ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသော အထိမ်းအမှတ်အဖြစ်  တာချီလိတ်မြို့၌ အားကစားနည်း (၁၄)မျိုးထည့်သွင်း၍ ကျင်းပပြုလုပ်မည်ဖြစ်ရာ ကျင်းပပြုလုပ်မည့် ပြိုင်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင်လိုသူများ အနေဖြင့် မိမိတို့ ၀င်ရောက်ယှဉ်ပြိုင်လိုသော ပြိုင်ပွဲအတွက် တာချီလိတ်မြို့ရှိ အားကစားရုံသို့ သွားရောက်၍ သတ်မှတ်ရက် မကျော်လွန်မီ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

ကျင်းပပြုလုပ်မည့် အားကစားနည်း (၁၄)မျိုးမှာ ၁။ မာရသွန်၊ ၂။ အပြေးပြိုင်ပွဲ၊ ၃။ အလျားခုန်/အမြင့်ခုန်ပြိုင်ပွဲ၊ ၄။ သံလုံးပစ်/လှံတံပစ်ပြိုင်ပွဲ၊ ၅။ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ ၆။ အာလူးကောက်ပြိုင်ပွဲ၊  ၇။ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ၈။ လွန်ဆွဲပြိုင်ပွဲ၊ ၉။ ချောတိုင်တက်ပွဲ၊ ၁၀။ ဖယောင်းတိုင်ထွန်းပြိုင်ပွဲ၊ ၁၁။ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ၁၂။ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ၁၃။ ဘော်လီဘောပြိုင်ပွဲ ၁၄။ ကြက်တောင်ရိုက်ပြိုင်ပွဲ စသည့် ကစားနည်းများ ပါဝင်ကြောင်း သိရသည်။

မာရသွန်ပြိုင်ပွဲ
မာရသွန်ပြိုင်ပွဲ( အလတ်တန်း )အား ၁.၁.၂၀၁၄ရက်နေ့တွင် ကျင်းပပြုလုပ်မှာဖြစ်ပြီး ရန်ကုန်ရွာမှ တာထွက်၍ ပန်းဝင်ရမည့်နေရာမှာ ရှမ်းရိုးမကွင်းဖြစ်ကြောင်းနှင့် ဆုအမျိုးအစားများအနေဖြင့် ပထမ၊ ဒုတိယ၊ တတိယ နှင့် နှစ်သိမ့်ဆု (၁၀)ဆု ပါဝင်ပြီး ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်လိုသူများ အနေဖြင့် ယနေ့မှ စ၍ ၃၀.၁၂.၂၀၁၃ ရက်နေ့ နောက်ဆုံးထားကာ တာချီလိတ်မြို့ရှိ အားကစားရုံ၌ စာရင်းလာရောက် ပေးသွင်းရမှာ ဖြစ်ကြောင်း သိရသည်။

ပြေးခုံပစ်ပြိုင်ပွဲများ
ပြေးခုံပစ်ပြိုင်ပွဲများဖြစ်သည့် အပြေးပြိုင်ပွဲအား မီတာ ၁၀၀ မှ ၁၅၀၀ ထိ အကြီးတန်း ကျား/မ နှင့် အလတ်တန်း ကျား/မ သတ်မှတ်ထားကြောင်း၊ အလျားခုန်/အမြင့်ခုန်ပြိုင်ပွဲကို အကြီးတန်း ကျား/မ သတ်မှတ်ထားကြောင်း၊ သံလုံးပစ်/လှံတံပစ်ပြိုင်ပွဲအား အကြီးတန်း ကျား/မ နှင့် အလတ်တန်း ကျား/မ ဟူ၍ သတ်မှတ်ထားကြောင်း၊  ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဖယောင်းတိုင်ထွန်းပြိုင်ပွဲအား အငယ်တန်း ကျား/မ သတ်မှတ်ထားကြောင်းနှင့် ခေါင်းအုံးရိုက်ပြိုင်ပွဲအား အကြီးတန်း နှင့် အလတ်တန်း သတ်မှတ်ထားကြောင်း၊ လွန်ဆွဲပြိုင်ပွဲ၊ ချောတိုင်တက်ပွဲ၊  စသည် ကစားနည်းများကို လွတ်လပ်ရေးနေ့ဖြစ်သည့် ၄.၁.၂၀၁၄ရက်နေ့တွင် မြို့မအားကစားကွင်း၌ နံနက်(၇)နာရီမှ စ၍ စတင်ကျင်းပပြုလုပ်မည်ဖြစ်ရာ ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်လိုသူများ အနေဖြင့် ယနေ့မှစ၍ ပြိုင်ပွဲ ၁.၁.၂၀၁၄ရက်နေ့ထိ နောက်ဆုံးထား၍ တာချီလိတ်မြို့ရှိ အားကစားရုံ၌ စာရင်းလာရောက် ပေးသွင်းရမှာ ဖြစ်ကြောင်း သိရသည်။

ပြေးခုန်ပစ်ပြိုင်ပွဲများအတွက် ပြိုင်ပွဲဝင်လူရွေးပွဲကို ၁.၁.၂၀၁၄ နှင့် ၂.၁.၂၀၁၄ ရက်နေ့ နံနက်ပိုင်းတို့တွင် မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဆက်လက်၍ အလွတ်တန်း(၁)ဦးချင်း၊ အလွတ်တန်း(၂)ယောက်တွဲ နှင့် အငယ်တန်း(၁)ဦးချင်းစသည့် အတန်းစားအလိုက် ယှဉ်ပြိုင်ပြုလုပ်မည့် စားပွဲတင်တင်းနစ်ပြိုင်ပွဲအား ဒီဇင်ဘာလ (၂၆/၂၇)တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ စာရင်းပေးသွားလိုသူများအနေဖြင့် ၂၅.၁၂.၂၀၁၃ရက်နေ့ နောက်ဆုံးထား၍ တာချီလိတ်မြို့ရှိ အားကစားရုံ၌ စာရင်းပေးသွင်းရမှာ ဖြစ်သည်။

၂၀၁၄ခုနှစ် ဇန်န၀ါရီလ (၁)ရက် မှ (၃)ရက်နေ့ထိ ကျင်းပပြုလုပ်မည့် ပိုက်ကျော်ခြင်းပြိုင်ပွဲ(အလွတ်တန်း) အတွက် ၃၀.၁၂.၂၀၁၃ရက်နေ့ နောက်ဆုံးထား၍  တာချီလိတ်မြို့ရှိ အားကစားရုံ၌ စာရင်းပေးသွင်းရမှာဖြစ်ပြီး ဘော်လီဘောပြိုင်ပွဲကိုတော့ ၂၆.၁၂.၂၀၁၃ မှ ၂၈.၁၂.၂၀၁၃ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ၂၅.၁၂.၂၀၁၃ရက်နေ့ နောက်ဆုံးထား၍ အဆိုပါအားကစားရုံ၌ စာရင်းပေးသွင်းရမှာ ဖြစ်သည်။

အထက်ပါဖော်ပြထားသော ပြိုင်ပွဲများအား ၀င်ရောက်ပါဝင် ယှဉ်ပြိုင်လိုသူများအနေဖြင့် စာရင်းပေးသွင်းရန်မှာ တာချီလိတ်မြို့ အားကစားရုံ၌ စာရင်းပေးသွင်းရမှာဖြစ်ပြီး မည်သည့် ပြိုင်ပွဲများကိုမဆို ၀င်ကြေးပေးသွင်းရန်မလိုကြောင်းလည်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
၂၀၁၄ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသော အထိမ်းအမှတ်အဖြစ် လူကြီးတန်း၊ အခြေခံပညာကျောင်းပေါင်းစုံ၊ အလွတ်တန်း၊ လူသစ်တန်း စသည့် ကြက်တောင်အားကစား ၀ါသနာရှင်များပါဝင်သည့်  ကြက်တောင်ရိုက်ပြိုင်ပွဲကို ဒီဇင်ဘာလ(၁၈)ရက်နေ့က စတင်ကျင်းပလာခဲ့ပြီး ဆုပေးပွဲ အခမ်းအနားကို ယနေ့ ဒီဇင်ဘာလ (၂၁)ရက် ညနေ (၄)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။


ဆုများပေးအပ်ချီးမြှင့်ရာတွင် တာချီလိတ်ရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် ခရိုင်/မြို့နယ်အဆင့်ရှိ တာဝန်ရှိသူများမှ ဆုများ ပေးအပ်ချီးမြှင့်ရာ ပြိုင်ပွဲဝင် (၁၈၄)ဦးအနက် ပထမ၊ ဒုတိယ နှင့် တတိယဆုရရှိသူ စုစုပေါင်း (၅၂)ဦးတို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ပြိုင်ပွဲတွင် အခြေခံပညာကျောင်းပေါင်းစုံမှ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အလွတ်တန်းအဆင့် စသည့် ကြက်တောင်ဝါသနာရှင် ကျောင်းသား/သူများ၊ လူကြီးတန်းမှ အလွတ်တန်း အမျိုးသား/အမျိုးသမီး  ကြက်တောင်ဝါသနာရှင်များ စုစုပေါင်း (၁၈၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူမှာ (၅၂)ဦးရှိပြီး ယခုပြိုင်ပွဲသည်  (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသော အထိမ်းအမှတ်အဖြစ် ပြုလုပ်ကျင်းပသော အားကစားပြိုင်ပွဲများ၏ ပထမဆုံးသော ပွဲစဉ်ဖြစ်ကြောင်းလည်း သိရှိရသည်။


တာချီလိတ်၌ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသော အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို ဆက်လက်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းလည်း သိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Friday, December 20, 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ လူထုလမ်းလျှောက်ပွဲကို ယနေ့ ဒီဇင်ဘာလ (၂၁)ရက် စနေနေ့ နံနက် (၅)နာရီ အချိန်မှစ၍ (၅း၄၅)နာရီအချိန်ထိ စုရပ်ဖြစ်သော ရှမ်းရိုးမကုန်တိုက်ရှေ့မှ ဘောလုံးကွင်းထိ ကိုယ်လက်လှုပ်ရှား လမ်းလျှောက်မှုကို စတင်ခဲ့ကြသည်။


ထိုသို့ လမ်းလျှောက်ရာတွင် အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာအမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုသောအားဖြင့် လူထု၏ ရှေ့တန်းမှပင် ကျောင်းသား/သူများက ဗီနိုင်းကိုင်ဆောင်ပြီး လမ်းလျှောက်ခဲ့ကြသည်။


ရှမ်းရိုးမကုန်တိုက်ရှေ့မှ စတင်၍ အဆိုပါ စုပေါင်းအဖွဲ့မှ လမ်းလျှောက်ခဲ့ကြပြီး ဘောလုံးကွင်း၌ လမ်းလျှောက်မှု ပြီးမြောက်ပြီး သွေးပူလေ့ကျင့်ခန်းကို နည်းပြဆရာမမှ ပြသပြီးနောက် ပြိုင်တူလေ့ကျင့်ခဲ့ကြပြီး လမ်းလျှောက် လှုပ်ရှားပါဝင်ကြသော လူထုအား ဆန်ဆိုင်း(က+ခ)ရပ်ကွက်တို့မှ လက်ဖက်ရည်နှင့် ကောက်ညှင်းဖြင့် ဒါနပြုခဲ့ကြသည်။


အဆိုပါ လမ်းလျှောက်ပွဲအား အပတ်စဉ် စနေနေ့တိုင်းဖြစ်ပြီး သတ်မှတ်ရက်များမှာ ဒီဇင်ဘာလ(၇)၊ (၁၄)၊ (၂၁) နှင့် (၂၈)ရက်နေ့ထိ ဖြစ်ပြီး စုရပ်မှာ တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့၌ နံနက် (၄း၃၀)နာရီ အချိန်တွင် စုစည်းပြီး ဘောလုံးကွင်းထိ လမ်းလျှောက်ကာ ကိုယ်လက် လှုပ်ရှားမှုများ ပြုလုပ်မှာ ဖြစ်သည့်အတွက် အပတ်စဉ် စနေနေ့ နံနက် (၄း၃၀)နာရီမှာ စုရပ်သို့ ရောက်ရမှာ ဖြစ်ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Thursday, December 19, 2013

မြန်မာနိုင်ငံထဲတွင် ကျင်းပပြုလုပ်သည့် (၂၇)မြောက်ဆီးဂိမ်း မြန်မာအား ကြိုဆို ဂုဏ်ပြုသော အားဖြင့် တာချီလိတ်မြို့မှ နေပြည်တော်သို့ ဆိုင်ကယ်များဖြင့် ထွက်ခွာသွားသော အပျော်တမ်းခရီးသွား ဆိုင်ကယ်အဖွဲ့ဖြစ်သည့် Eastern Eagle Riders MC သည် ဆီးဂိမ်းဖွင့်ပွဲပြီးသည့်နောက် မြန်မာပြည် အနှံ့အပြားသို့ သွားရောက်ကာ မိဘမဲ့ ဂေဟာများနှင့်  မသန်စွမ်းဂေဟာသို့ သွားရောက်ပြီး အဖွဲ့သားများ စုပေါင်း၍ အလှူငွေ ကျပ်သိန်း (၉၀)ကျော် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။


ထိုသို့ လှူဒါန်းရာတွင် ဒီဇင်ဘာလ (၁၂)ရက်နေ့က နေပြည်တော်မှ ထွက်ခွာလာခဲ့ပြီး သာဝတ္တိမြို့ရှိ "စမတောင် မဟာ ပရဟိတဂေဟာ" သို့ သွားရောက်ကာ ကျပ် (၃၅)သိန်းအား လှူဒါန်းခဲ့ရာ  မိဘမဲ့ ကလေးသူငယ်ပေါင်း (၃၀၀)ကျော်ရှိကြောင်းလည်း သိရသည်။ ထိုမှတဆင့် ဆက်လက်၍ ခရီးထွက်လာခဲ့ပြီး ဒီဇင်ဘာလ(၁၆)ရက်နေ့က ပြင်ဦးလွင်မြို့နယ်ရှိ ဒိုးပင် အောင်ကံသာ ပရဟိတ လူငယ်ဖွံ့ဖြိုးရေးကျောင်းသို့ ၀င်ရောက်၍ ကျပ်သိန်း(၃၀) လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ ပရဟိတလူငယ်ဖွံ့ဖြိုးရေးကျောင်းတွင် မိဘမဲ့ ကလေးသူငယ်ပေါင်း (၁၆၄၂)ဦးရှိကြောင်းလည်း သိရှိရသည်။

ဆက်လက်၍ ဆိုင်ကယ်အဖွဲ့သည် ထိုမှ ထွက်ခွာလာခဲ့ကြပြီး တောင်ကြီးမြို့သို့ ရောက်ရှိရာ ဘုရားဖြူရပ်ကွက်ရှိ သူငယ်တော်ယေဇူးကျောင်း မသန်စွမ်း နှင့် မိဘမဲ့ ဂေဟာတွင် မသန်စွမ်း ဦးရေ (၁၅၀)ကျော် နှင့် မိဘမဲ့ ကလေးသူငယ် (၄၀)ကျော်တို့ရှိရာ အဆိုပါအဖွဲ့သားများမှ စုပေါင်း၍ ကျပ်ငွေသိန်း(၃၀)တို့ကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

"ကျွန်တော်တို့အဖွဲ့က လူမျိုးဘာသာ မခွဲခြားပဲ ပရဟိတဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန်ကျောင်းမှာလည်း မိဘမဲ့ ကလေးသူငယ်တွေ မသန်စွမ်း ကလေးသူငယ်တွေအတွက် အဖွဲ့သားတွေအားလုံး စုပေါင်းပြီးတော့ တတ်နိုင်သလောက် လှူဒါန်းဖြစ်ခဲ့ပါတယ်.."ဟု Eastern Eagle Riders MC မှ အဖွဲ့သားတစ်ဦးဖြစ်သူ ကိုနော်ခမ်းက တာချီလိတ်အွန်လိုင်းသို့ ဖုန်းဖြင့် ဆက်သွယ်၍ ပြောပြသည်။

Eastern Eagle Riders MC အဖွဲ့သည် တောင်ကြီးမြို့မှ တာချီလိတ်သို့ စတင်ထွက်ခွာလာပြီး ဒီဇင်ဘာလ (၂၀)ရက်နေ့မှာ တာချီလိတ်မြို့သို့ ပြန်လည်ရောက်ရှိမှာ ဖြစ်ကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~