Latest News

Dropdown Menu

Showing posts with label အကြံပြုသပ်သုံးချက်. Show all posts
Showing posts with label အကြံပြုသပ်သုံးချက်. Show all posts

Friday, July 6, 2012

ကျွန်တော့်အနေနဲ့ ပေးစာ/တိုင်စာကိစ္စ နဲ့ပတ်သက်ပြီး ပြောချင်နေခဲ့တာ လွန်ခဲ့သော (၆)လခန့်ကတည်းပါ။ အခုတော့ ပေးစာကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့အမြင်များကို ရေးသားထားခြင်းဖြစ်သလို ပေးစာနဲ့ပတ်သက်ပြီး လုပ်သင့်တာများကို လုပ်တတ်ကြစေဖို့အတွက် ရေးသားလိုက်ရခြင်းဖြစ်ကြောင်း ဦးစွာ ၀န်ခံလိုပါသည်။

သတင်းဆိုတာ
ဟိုအရင်တစ်ချိန်တုန်းက ကျွန်တော်တို့တွေဟာ သတင်းဆိုတာနဲ့ တီဗီရှေ့မှာထိုင်ပြီး ကြည့်နေခဲ့ရတဲ့ "ရောက်ရှိ မှာကြား ကြည့်ရှုစစ်ဆေး" ဆိုတဲ့ အချက်တွေနဲ့ အမြဲပြည့်နှက်နေတဲ့ ပြကွက်ကို ဖန်တရာတေအောင် ကြည့်ခဲ့ဖူးပါရဲ့။ ကြည့်နေရင်းနဲ့ အပျော်ဆုံးအချိန်တွေလည်းရှိခဲ့ပါတယ်။

အဲ့ဒါကတော့ ကြော်ငြာလာတဲ့အချိန်ပေါ့ဗျာ.....။ ဆိုလိုချင်တာကတော့ တစ်ချိန်တုန်းက သတင်းဆိုရင် စိတ်ဝင်စားစရာ သိပ်မရှိလှတဲ့ပြကွက်တွေဖြစ်တယ်လို့ ပြောချင်ပါတယ်။ အဲ့ဒီတုန်းက လူတွေဟာ သတင်းဆိုရင် စိတ်ဝင်စားစရာ မကောင်းတဲ့ ပုံပြင်တစ်ပုဒ်လို့ ယူဆကြပါတယ်။

အခုတော့ သတင်းဆိုတဲ့ စကားလုံးဟာ လူစိတ်ဝင်စားခံရဆုံးနဲ့ ရေပန်းအစားဆုံးစကားလုံး တစ်ခုဖြစ်လာခဲ့တယ်ဆိုတာ စာဖတ်သူ အသိပဲ ဖြစ်ပါလိမ့်မယ်။ သတင်းဆိုတာနဲ့ပတ်သက်လို့ စာဖတ်သူ သတိထားမိမလားပဲ ပုရွတ်ဆိတ်လေးတွေ တန်းစီပြီးသွားလာကြတဲ့အခါ တစ်ကောင်နဲ့ တစ်ကောင် ခေါင်းရှောင်မသွားကြပဲ တစ်ကောင်နဲ့တစ်ကောင်တစ်ချက်လောက် တို့ထိတိုက်မိပြီးမှ သွားစရာရှိတဲ့လမ်းကို ဆက်သွားကြပါတယ်။

ကျွန်တော့်အထင် သူတို့လည်း တစ်ကောင်နဲ့တစ်ကောင် ဘာထူးလဲ ဆိုတဲ့ အမေးသဘောနဲ့များလားလို့ ထင်မြင်ယူဆမိပါသေးတယ်။ အဲ့လိုပဲ လူတွေလည်း တစ်ယောက်နဲ့တစ်ယောက် တွေ့တဲ့အခါမှာ သတင်းနဲ့ပတ်သက်ရင် ဒီနေ့ဘာထူးလဲ၊ ဟိုသတင်းကြားပြီးပြီလား ဟိုဝဘ်ဆိုက်မှာ ဟိုသတင်းတွေ့တယ်၊ Facebook မှာတော့ ဘယ်သတင်းဌာနက ဒီလို ပြောထားတယ်၊ ဟိုမင်းသမီးက ဟိုလိုဖြစ်တယ်၊ ဒီမင်းသားက မိန်းမယူတော့မယ် တဲ့ စသည်ဖြစ်ပေါ့ဗျာ လူတွေဟာ ဘာဖြစ်ဖြစ် သတင်းနဲ့ပတ်သက်လာရင် ထူးပေ့ ဆန်းပေ့ ဟုတ်ပေ့ ဆိုတာကြီးပါပဲ။

အခုနောက်ပိုင်းမှာ လူတွေဟာ သတင်းနဲ့ပတ်သက်လာရင် ပွင့်လင်းလာကြတယ်၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ကျောင်းသား/သူတွေ၊ အနုပညာသည်တွေ၊ လူငယ်/လူလတ်/လူကြီးတွေ အများအပြားဟာ သတင်းဂျာနယ်တွေကို ၀ယ်ဖတ်မဲ့အစား Facebook ပေါ်က သတင်းဌာနတွေရဲ့
Fan Pages တွေကို Like နိပ် ၀င်ရောက်ပြီး သတင်းတွေကို ဖတ်ရှု့လေ့လာကြတာကို တွေ့မြင်ရပါတယ်။ အဲ့ဒီလို အွန်လိုင်းပေါ်က သတင်းတွေကို ဖတ်ရှု့တဲ့အခါမှာ တချို့တွေဟာ ၀ါဒဖြန့်တဲ့ သတင်း၊ နိုင်ငံတော်ကို ဆူပူမှုဖြစ်စေတဲ့သတင်း၊ ပါတီသတင်း၊ ပရဟိတသတင်း၊ အနုပညာဖျာ်ဖြေရေးသတင်း၊ သာရေးနာရေးသတင်း၊ မနာလိုမုန်းထားပေးစာများ စသည်ဖြင့် သတင်းပုလင်းပေါင်းစုံကို တင်နေကြသလို ဖတ်သူကလည်း ဖတ်လို့ ပြန်လည်ဖွသူကလည်း ဖွကြပါတယ်။

အင်တာနက်ကို အသုံးပြုပြီး သတင်းတွေကို ဖတ်တဲ့လူဟာ အင်တာနက်ရဲ့ အကျိုးကျေးဇူးကို ခံစားသိမြင်နိုင်ပေမဲ့ အင်တာနက်ကို အသုံးပြုပြီး မဟုတ်မမှန်တဲ့ သတင်းကိုတင်တဲ့အခါမှာ သတင်းကနေ အတင်းဖြစ်သွားစေခဲ့ပါတယ်။ အဲ့လို မမှန်တဲ့ သတင်းကို တင်ပေးလိုက်တဲ့အခါမှာ အသိပညာတိုးတက် စ ဖြစ်နေသေးတဲ့ စာဖတ်သူများအတွက် အယူလွဲမှားစွာ ကောက်ချက်ချသွားတတ်ကြပါတယ်။ ဆိုတော့ကာ သတင်းမှသည် အတင်း မဖြစ်ဖို့အရေးကြီးပါတယ်။

"သတင်းသည် လူတို့၏ စိတ်နှင့်ဦးနှောက်အတွက် အာဟာရတစ်ခုဖြစ်သည်" လို့ မှတ်ချက်ပေးပါရစေ။


ပေးစာ (သို့မဟုတ်)တိုင်စာ

အင်တာနက်ဆိုတာ ဘာကြီးလဲ အာဒံနဲ့ဧ၀တို့ရဲ့ ပန်းသီးတစ်လုံးလိုမျိုး အဆိပ်သင့်စေတဲ့ အသီးကြီးလား၊ အင်တာနက်ဆိုတာ တီဗီအကြီးကြီးလား အဲ့လို အင်တာနက်ဆိုတာကို ဘာမှန်းမသိသေးတဲ့လူတွေရှိသလို၊ အင်တာနက်ဆိုတာနဲ့ ၀န်ထမ်းတွေဟာ သတင်းဖော်ပြရာ နေရာဆိုတာထက်ကြောက်စရာကောင်းတဲ့ မဟူရာတွင်းကြီးလို့ မြင်မိကြတာကိုလည်း ကျွန်တော်တွေ့မိပါသေးတယ်။

ဘာကြောင့် အဲ့လို သူတို့တွေက ထင်မြင်ကြရတာလဲ မေးစရာရှိလာပါတယ်။ အင်တာနက်.... အင်တာနက်လို့ ပြောလိုက်တာနဲ့ လူတွေဟာ ဗဟုသုတရှာစရာနည်းပညာတွေ စုဆောင်းစရာ အပေါင်းအသင်းကောင်းတွေ ရနိုင်တဲ့ နေရာလို့ အကောင်းမမြင်နိုင်ကြတော့ပဲ အင်တာနက်မှာ တိုင်စာ/ပေးစာလေးတွေရေးပို့ချင်လို့ဆိုပြီး အသက် ၃၀ အထက်လူကြီးများဟာ စိတ်အားထက်သန်ကြပါတယ်။ အဲ့လို လူမျိုးတွေကိုလည်း တော်တော်များများ မြင်မိ တွေ့မိပါတယ်။

သူတို့တွေ ဘာကြောင့် ပေးစာ/တိုင်စာ ပေးကြတာလဲ?

ပြည်သူတွေကို မျက်စိပိတ် နားပိတ် နှစ် နှစ်ဆယ်ကျော် လုပ်ခဲ့တာတွေကြောင့် ပြည်သူတွေရဲ့ စိတ်ထဲမှာ မျိုသိပ်ခံစားမှုတွေ များနေကြတာကိုတွေ့ရပါတယ်။ အဲ့လိုမျိုးတွေဖြစ်နေတဲ့အခါကြတော့ ဌာနဆိုင်ရာတွေနဲ့ ပတ်သက်ရင် လက်အောက်ငယ်သားတွေကို အထက်လူကြီးက ဖိနှိပ်တာမျိုးတွေ လုပ်လာတဲ့အခါ ဘယ်ကို သွားတိုင်ရမှန်းမသိဖြစ်လာတတ်ကြပါတယ်။ အဲ့ဒါကြောင့် အင်တာနက်က သတင်းဌာနတွေစီကို ပေးစာ/တိုင်စာတွေပေးပို့လာတဲ့ စနစ်ကို ရောက်လာခဲ့ကြတော့တာပါပဲ။

တစ်ချို့က အမှန်တကယ် နစ်နာကြလို့၊ တစ်ချို့က လိုတာမရလို့၊ တစ်ချို့က မနာလိုလို့၊ တစ်ချို့က မတရားဖိနှိပ်ခံရလို့၊ တစ်ချို့က ခေါင်းပုံဖြတ်ခံရလို့၊ တစ်ချို့က သူတစ်ပါးစားနေရတာကို မနာလိုလို့၊ တစ်ချို့က အောင်မြင်နေတာကို မမြင်ချင်လို့၊ တစ်ချို့ကမျက်စိဆံပင်မွှေးစူးလို့၊ တစ်ချို့က.... တစ်ချို့က...
စသည်ဖြင့် အကြောင်းအမျိုးမျိုးရေးပြီး အင်တာနက်က ပြင်ပ သတင်းဌာန တွေဆီကို ပေးစာလေးတွေ ပေးပို့တတ်ကြပါတယ်။ အဲ့လိုပေးစာတွေ ပေးခွင့်လူတိုင်းမှာ ရှိပါတယ်။ လွတ်လပ်တဲ့ မီဒီယာခေတ်ကြီးထဲမှာ ဘယ်သူမှ တားဆီးပိတ်ပင်လို့ မရပါဘူး။
သို့သော်... မိမိအနေနဲ့ ပေးပို့လိုက်တဲ့ ပေးစာမှာ အချက်အလက်တွေ မှန်ကန်တိကျဖို့လိုပါတယ်။ မမှန်မကန်မရေးမိစေဖို့ အထူးလိုပါတယ်။ မှန်ကန်နေရင်ကိစ္စမရှိပေမဲ့ မှားယွင်းနေရင် တစ်ဖက်သားအပေါ် နစ်နာစေပါတယ်။

ဘာကြောင့် ပေးစာလက်မခံတာလဲ

ပြင်ပမှာရှိတဲ့ သတင်းမီဒီယာတိုင်းဟာ ပေးစာကဏ္ဍကို သိပ်လက်ခံလေ့မရှိပါဘူး။ ဘာကြောင့်လက်မခံကြသလဲဆိုတာ အဖြေရှိပါတယ်။ မှားနေလား မှန်နေလား မသိရတဲ့ ပေးစာတစ်စောင်ကြောင့် မိမိတို့အနေနဲ့ ငွေအား၊ လူအား၊ ဥာဏ်အားတွေနဲ့ စိုက်ထုတ်ပြီး တည်ထောင်ထားတဲ့သတင်းဌာနတစ်ခု နာမည်ဆိုးမထွက်လိုခြင်း နာမည်မပျက်လိုခြင်းတို့အတွက်ကြောင့် လက်ခံဖော်ပြပေးခြင်းမရှိတာဖြစ်တယ်လို့ ယူဆမိပါတယ်။

ပေးစာတိုင်းရဲ့ ဖော်ပြချက်တိုင်းမှာ အမှားဆိုတာပါသလို အမှန်ဆိုတာလည်းပါနေတတ်ပါတယ်။ အမှားအမှန်ရောထွေးနေတာကြောင့် သန့်ရှင်းစွာ ရပ်တည်လိုတဲ့ သတင်းဌာနတွေ အနေနဲ့ ပေးစာတစ်ခုကြောင့် သတင်းမှားကို ဖော်ပြပေးမှုဆိုတဲ့ ရှုံ့ချမှုတွေ တစ်ဖက်သားအပေါ် လုပ်ကြံအသရေဖျက်မှုတွေဆိုတဲ့ စကားလုံးတွေကို လက်မခံနိုင်တာကြောင့် ပေးစာကို လက်ခံခြင်း မရှိတာလို့ မြင်ပါတယ်။

ဘာကြောင့်ပေးစာလက်ခံတာလဲ
ပေးစာကဏ္ဍကို လက်ခံတဲ့ သတင်းဌာနတွေကိုလည်း လက်ချိုးရေတွက်လို့ရသလို ပေးစာကဏ္ဍကို လက်ခံတဲ့ သတင်းဌာနဟာ နာမည်ရလိုမှုအတွက် လက်ခံတယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုရင် လူတွေဟာ သတင်းဆိုတဲ့ သပွတ်အူထဲက ပေးစာကဏ္ဍကို စိတ်ဝင်စားသူများပြား တာကြောင့်ဖြစ်ပါတယ်။ ပေးစာကို လက်ခံတဲ့ သတင်းဌာနတွေအနေနဲ့ သူတို့ကို ပေးပို့လာတဲ့ ပေးစာမှန်သမျှကို မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ တင်ပေးလိုက်တာပဲဖြစ်တယ်။ ပေးစာတစ်စောင်အပေါ် သူတို့အနေနဲ့ သေချာခြင်း၊ မှန်ကန်ခြင်းရှိမရှိ ဆိုတာကို စီစစ်မှုမရှိပါဘူး။ အဲ့လိုပဲ သူတို့အနေနဲ့ တင်ပေးလိုက်ကြတယ်။ ဖြစ်လာတဲ့နောက်ဆက်တွဲမှာ တာဝန်ယူမှုဆိုတာလည်း မရှိပါဘူး။

ဥပမာ အနေဖြင့် ဖော်ပြရရင်

ဟစ်တိုင်ဝဘ်ဆိုက် ကို လူတိုင်း သိကြမယ်ထင်ပါတယ်။ အဲ့ဒီဝဘ်ဆိုက်ကို မြန်မာပြည်က လူတွေတော်တော်များများ ၀င်ရောက်ကြည့်ကြပါတယ်။ ၀င်ရောက်ကြည့်သူတွေဟာ ဟစ်တိုင်က တင်တဲ့ သတင်းကို ကြည့်တာမဟုတ်ပဲ ပေးစာကဏ္ဍကို ကြည့်ကြတာများပါတယ်။ ဟစ်တိုင်ကို
လူတွေက သတင်းဌာနတစ်ခုလို မသတ်မှတ်တော့ပဲ ပေးစာတစ်ခုကိုအမြဲတင်ပေးတဲ့ ကျောက်သင်ပုန်းတစ်ခုလို သတ်မှတ်ကာ ကြည့်နေကြခြင်းဖြစ်သလို ဟစ်တိုင်ထဲက ပေးစာတွေဟာလည်း အဖြတ်အတောက်မရှိ တင်ပေးသလို တစ်ဖက်မှ ပြန်လည်ချေပမှုများ စတာတွေကိုတင်ပေးနေတာတွေ့ရပါတယ်။ သူတို့တွေအနေနဲ့ သတင်းကနေ အတင်းဖြစ်ဖြစ် ပို့လာသမျှ တင်လိုက်ရင်ပြီးရောဆိုတဲ့ သဘောနဲ့ ပေးစာတွေကို ဟုတ်မှန်သလား ဆိုတာ မစီစစ်ပဲ တင်ပေးတာတွေ တွေ့ရတယ်။ အဲ့ဒီမှာ တင်ပေးထားတဲ့ ပေးစာတွေမှာ တစ်ယောက်နဲ့တစ်ယောက် မနာလိုလို့ ပေးတဲ့ ပေးစာတွေ၊ ကျောင်းဆရာ/ဆရာမအချင်းအချင်း ၊ ရပ်ကွက်အုပ်ချုပ်သူအချင်းချင်း၊ ဌာနဆိုင်ရာအုပ်ချုပ်သူအချင်းချင်း မနာလိုလို့ တိုင်ကြားတဲ့ စာတွေ ပြန်လည်ချေပချက်တွေနဲ့ စည်းကမ်းမဲ့စွာ ဖော်ပြနေတဲ့ အတင်းဌာနတစ်ခုလို့ အများက မြင်နေကြပါတယ်။

စာဖတ်သူအနေနဲ့ လေ့လာနိုင်ပါတယ်။ မည်သည့်အလုပ်ကိုမဆို တာဝန်ယူမှုရှိရပါတယ်။ တာဝန်ယူမှုမရှိပဲ လုပ်နေတဲ့ ဌာနတစ်ခုက ပေးစာတွေကို ယုံသင့်သလား မယုံသင့်သလား စဉ်းစားဖို့ပဲလိုပါတယ်။ တချို့တွေက ပြောကြပါသေးတယ်။ ဟစ်တိုင်ကပေးစာတွေမှာ ဟိုဖက်ကလာရင် တင်ပေးလိုက်၊ ဒီဖက်ကလာရင် တင်ပေးလိုက်နဲ့ အလယ်ကနေ မီးမှုတ်ပေးနေသလိုပဲ တဲ့၊ ဟုတ်လား မဟုတ်လားဆိုတာကိုတော့ စာဖတ်သူတို့ လေ့လာနိုင်ပါတယ်။ အခုလို ဥပမာနဲ့ ပြောလိုက်ရတာကတော့ စာရေးသူအနေနဲ့ဟစ်တိုင်ကို စော်ကားခြင်းမဟုတ်ပါ။

ပေးစာနဲ့ပတ်သက်ရင် ဖြစ်တတ်တာကို ထောက်ပြခြင်းဖြစ်သလို ဟစ်တိုင်ကိုလည်း ဒီဆောင်းပါးနဲ့ ထောက်ပြခြင်းလည်းဖြစ်ပါတယ်။

အီလက်ထရောနစ် ဥပဒေ

အဲ့လိုမျိုး ပေးစာတွေကို တင်ပေးတဲ့ သတင်းဌာန တစ်ခုဟာပြည်တွင်းက ဆိုရင်တော့ ပေးစာထဲကအတိုင်းမှန်နေသူတွေဟာ ငြိမ်ကုတ်နေကြမှာဖြစ်ပြီး မှားနေတယ်ဆိုရင်တော့ အွန်လိုင်းသတင်းဌာနတည်ထောင်သူ သို့မဟုတ် အယ်ဒီတာကို "အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအရ"တရားစွဲကြမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်တွင်းက သတင်းဌာနတွေအနေနဲ့ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ပေးစာတွေကို လက်မခံခြင်းဖြစ်ကြပါတယ်။
ု

ရုပ်လုံးထွက်ပြပြီး တာဝန်ယူနိုင်ခဲ့တဲ့ မီဒီယာတွေရှိခဲ့တယ်

၁၉၃၉ခုနှစ် အောက်တိုဘာလ ၂၁ရက်နေ့မှာ ထုတ်တဲ့ ဂျာနယ်ကျော် သတင်းဂျာနယ်မှာဆိုရင် ပေးစာတွေကို လက်ခံထားပြီး ဖော်ပြပေးတာတွေ တွေ့ရပါတယ်။ ခေါင်းစဉ်ကိုက "မကြောက်မညှာ မျက်နှာမရွေး မှန်တိုင်းရေးလိမ့်"တဲ့။ သိပ်ကောင်းတဲ့ လုပ်ရပ်ဖြစ်သလို ပေးစာတွေကို လက်ခံပေးခဲ့လို့လည်း ကျေးဇူးတင်စရာဖြစ်ခဲ့တယ်။ ဘာကြောင့်လည်း.... သူတို့မှာ ပေးစာနဲ့ပတ်သက်ပြီး ဖြစ်လာတဲ့ ပြသာနာအပေါ် ဖြေရှင်းပေးနိုင်တဲ့ သတ္တိ နဲ့ အသိစိတ်တွေ ရှိနေလိုပဲဖြစ်တယ်။ မီဒီယာသမားဆိုတာ မိမိလုပ်ရပ်ကြောင့် ဖြစ်လာတဲ့ ပြသာနာအပေါ် တာဝန်ယူနိုင်မှသာ မီဒီယာသမားကောင်း ပီသမယ်လို့ မြင်မိပါတယ်။ ပေးစာကို လက်ခံပြီး ဖြစ်လာတဲ့ပြသာနာတွေအပေါ် မဖြေရှင်းပေးနိုင်တဲ့ သတင်းဌာနတွေဟာ ဘယ်တော့မှ ရုပ်လုံးမထွက်ပြရဲကြပါဘူး။ အမှောင်ထဲမှာပဲ ရှင်သန်နေတတ်ကြပြီး ထိုသူတို့ဟာ အမြဲပဲ မှောင်နေတာကို လင်းနေတယ်လို့ ယူဆနေတတ်ကြပါတယ်။

ပေးစာအတွက် သတ္တိရှိပါ
ကျွန်တော်တို့ မြန်မာတွေဟာ ယူနီဖောင်းမြင်တာနဲ့ ကြောက်တတ်ကြတယ်ဆိုတာကို အထူးပြောနေဖို့လိုမယ်မထင်ပါဘူး။ အဲ့ဒီလို အကြောက်တရားရှိအောင် လုပ်ခဲ့တာလည်း နှစ်နဲ့ချီဆိုတော့ အထူးအဆန်းမဟုတ်တော့ပါဘူးလေ။ သို့သော်လည်း အခုခေတ်ဟာ ပြောင်းလဲနေပါပြီ၊
ပြောင်းလဲနေပြီဆိုတဲ့နေရာမှာ အများကြီးမဟုတ်ရင်တောင် နည်းနည်းလေးပြောင်းလဲနေပြီလို့ ပြောရင် စာဖတ်သူ လက်ခံပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဌာနဆိုင်ရာတွေမှာ ပေးစာတွေကို လက်ခံနေကြပြီလို့ သိရပါတယ်။

ရပ်ကွက်မှ မြို့နယ်၊ မြို့နယ်မှခရိုင်၊ ခရိုင်မှ အစိုးရ၀န်ကြီးများ၊ ၀န်ကြီးများကနေ နောက်ဆုံး သမ္မတကြီးအထိ တိုင်ကြားနိုင်ပြီလို့သိရပါတယ်။ ရက်ကွက်စကားတစ်ခုကို စာဖတ်သူတို့ အမှတ်ရမယ်ထင်ပါတယ် "ဒီနေရာမှာမှ အရေးမယူပေးရင် တိုင်းထိတက်မယ်ဟေ့"ဆိုတဲ့ စကားမျိုးပေါ့။ စာဖတ်သူအနေနဲ့ အွန်လိုင်းမှာ ပေးစာတွေ ပို့နေမဲ့အစား မိမိရဲ့ တိုင်ကြားစာ အမှန်တကယ်ဖြစ်ရပ်မှန်ဆိုရင် မြို့နယ်ဥက္ကဌ/ ခရိုင်ဥက္ကဌ ဆီကိုသွားပြီး တိုင်ကြားနိုင်ကြပါတယ်။ ထိုသူတို့မှ အရေးမယူပေးရင် သူတို့ရဲ့ အထက်ကို သွားရောက်ပေးပို့ တိုင်ကြားနိုင်ပါတယ်။

မိမိအပေါ် အနိုင်စီးနင်းဗိုလ်ကျနေတဲ့လူကို မကျေနပ်လို့ သူ့ကို အထက်က အမှန်တကယ် အပြစ်ပေးတာမျိုးဖြစ်စေချင်တယ်ဆိုရင် ဌာနဆိုင်ရာအကြီးအကဲကို သွားရောက်တိုင်ကြားနိုင်မယ်ဆိုရင် ထိရောက်ပါလိမ့်မယ်။

အွန်လိုင်းပေါ်မှာ ပေးစာတွေကို တခြားမြို့တွေ နိုင်ငံတကာက မြန်မာတွေကြည့်နေကြတာဖြစ်တာကြောင့် ကိုယ့်မြို့ကိုယ့်ရွာပဲ ရုပ်ဆိုးစေပါတယ်။ တစ်နည်းပြောရရင် ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်စေပါတယ်။ အဲ့ဒါနဲ့ စကားစပ်မိလို့ ပြောရရင် ပေးစာတစ်ခုကို သွားမြင်မိပါတယ်။ အဲ့ဒီပေးစာတစ်ခုမှာ လိုရင်းကို ဆိုလိုချင်တာကတော့ ဂိမ်းခုံတွေကို ပိတ်ပေးစေချင်တဲ့ လိုရင်းပါပဲ။ သို့သော် ပေးစာမှာ ရေးထားတာကတော့ " မူးယစ်ဆေးဝါးနှင့် မကောင်းမှုများအမြစ်တွယ်ရာ နယ်စပ်မြို့ဆိုလျှင်မမှားနိုင်ပါ။ ထို့ကြောင့် မကောင်းမှုများနှင့်ယဉ်ပါးနေသည့် ထိုမြို့၏ အကျည်းတန်စွာဖြစ်နေသည့် ....... တစ်ခုကို တင်ပြမိပါသည်..." လို့ ရေးထားတာကို တွေ့ရပါတယ်။

စာရေးသူအနေနဲ့ သုံးသပ်မိတာကတော့ ဒီလိုမျိုးအရေးအသားတွေဟာ မိမိမကျေနပ်သူ တစ်ဦးတစ်ယောက်အပေါ် ညွှန်းဆိုပေမဲ့ တကယ်တမ်းတော့ မြို့ဂုဏ်ကို ထိခိုက်စေတယ်လို့မြင်မိပါတယ်။

မည်သို့ဖြစ်စေ အွန်လိုင်းမှာ ပေးစာ တိုင်စာ ပေးပို့ခြင်းဟာ အရာမရောက်ပါဘူး၊ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အရှက်ခွဲခြင်းပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် အွန်လိုင်းက ပေးစာတိုင်းဟာ မမှန်တတ်ကြလို့ပါပဲ။

အမှန်တကယ် ထိရောက်စေချင်တယ် ကိုယ့်ဘက်ကလည်း အချက်အလက်တွေနဲ့ တိကျမှန်ကန်နေမယ်ဆိုရင်တော့ ပေးစာများကို အထက်မှာ ပြောထားသလိုပဲ သက်ဆိုင်သည့်ဌာနရဲ့ အကြီးအကဲတွေဆီ ပေးပို့မှသာ ထိုသူကို အရေးယူပေးနိုင်မယ် ခေါ်ယူဆုံးမပေးနိုင်ကြမယ်လို့ ယူဆပါတယ်။

"သင့်ရဲ့ ပေးစာတစ်စောင်ကြောင့် လူတစ်ယောက်ရဲ့ စိတ်ကို မသေသွားပါစေနဲ့မိတ်ဆွေ"

ဒီဆောင်းပါးနဲ့ပတ်သက်ပြီး ဝေဖန်အကြံပေးမှုများကို အောက်ပါ Facebook မှာ ဆက်လက်ဆွေးနွေးနိုင်ပါသည်။

( ဆောင်းပါးရှင် ကိုဇောင်း )

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Tuesday, June 19, 2012


ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်သို့ သွားရောက် လုပ်ကိုင်နေကြသော /သွားလာလှုပ်ရှားနေကြသော မြန်မာနိုင်ငံသားများသည် မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်ရှိ ထိုင်းအစိုးရ၀န်ထမ်းများသည် တရားဝင်သတ်မှတ်ကြေငြာထားသောနှုန်းဖြင့်မဟုတ်ပဲ မြန်မာငွေ ကျပ်တစ်သိန်းနှင့်နီးစပ်သောငွေကြေးနှုန်းဖြင့် ကောက်ခံနေသည်ကို သတိမပြုမိ မသိရှိကြသလို မြန်မာအစိုးရဘက်မှ တာဝန်ရှိပုဂ္ဂိုလ်များမှလည်း မသိရှိကြသေးသည်ဖြစ်၍ ယခုလို လူငယ်များအနေဖြင့် စုံစမ်းကာ ရေးသားဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း ဦးစွာအသိပေးလိုပါသည်။
------------=-----------------

ကျွန်တော်တို့ မြို့လေးမှာ လူတန်းစားမျိုးစုံ နေထိုင်ကြတာနဲ့အညီ အလုပ်အကိုင်မျိုးစုံဖြင့် အသက်မွေးဝမ်းကျောင်းပြုရတာတွေရှိပါတယ်။ တစ်နေ့လုပ် တစ်နေ့စားအနေဖြင့် ဆိုင်ကယ်Taxi မောင်းနှင်ခြင်း၊ ကားTaxi မောင်းနှင်ခြင်း၊ ထိုင်းမြန်မာ ချစ်ကြည်ရေးတံတားပေါ်တွင် ဟိုဘက်ပစ္စည်း ဒီဘက်ပို့ ၊ ဒီဘက်ပစ္စည်းဟိုဖက်ပို့စသည့် ကယ်ရီအလုပ်ဖြင့် လုပ်နေကြခြင်း ၊ နှစ်နိုင်ငံချစ်ကြည်ရေးတံတားထိပ်ရှိ သုံးဘီးဆိုင်ကယ်များ ရှမ်းရိုးရာဆိုက္ကားများ စသည်တို့သည် ထိုင်းနိုင်ငံမှ ရောက်လာမည့် ဧည့်သည်များကို တစ်နေကုန်ထိုင်စောင့်ပြီး ဧည့်သည်များသွားလည်ချင်သည့်နေရာများသို့ လိုက်လံပို့ဆောင်ပေးရသော အလုပ်ကိုလုပ်နေကြခြင်း၊ ပန်းရံအလုပ်၊ သူများအ၀တ်အား နေ့ပြတ်လျှော်ဖွပ်ပေးရသောအလုပ် စသည့် အလုပ်များဖြင့် လုပ်ကိုင်စားသောက်နေရသော လက်လုပ်လက်စားပြည်သူအများအပြားရှိနေသော နယ်စပ်မြို့လေးဖြစ်ပါသည်။

ထိုအထဲတွင် မြန်မာဘက်မှ နေ၍ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ထဲသို့သွားရောက်ကာ အလုပ်လုပ်နေသူတို့သည် ဈေးရောင်းသောအလုပ်ကို လုပ်ကြခြင်း၊ ဆောက်လုပ်ရေးနှင့်ပတ်သက်၍ ပန်းရံသွားရောက်လုပ်ကိုင်ခြင်း နှင့် အိမ်ဆေးသုတ်အလုပ်များ စသည်တို့ကို လုပ်ကိုင်ကြပါသည်။ ထိုသူတို့၏ အလုပ်တည်နေရာသည် ဝေးတဲ့နေရာရှိသလို နီးတဲ့နေရာတွေလည်းရှိကြသည်။ ဝေးသောနေရာများသို့ သွားရောက်ဖို့ရန်အတွက် မိမိတို့၏ အိမ်မှ ဆိုင်ကယ်များနှင့် မြန်မာဘက်မှ ထိုင်းဘက်သို့သွားရောက်ကြရသည်။ ထို့သို့ ဆိုင်ကယ်များဖြင့် သွားရောက်နိုင်ရန်အတွက် မြန်မာဘက်တွင် ယာဉ်ဖြတ်သန်းသွားလာခမှာ မြန်မာအစိုးရ၏ သတ်မှတ်ကြေးများကိုသာ ကောက်ခံကြပြီး ထိုင်းနိုင်ငံဘက်အ၀င်သို့ရောက်သောအခါ ထိုင်းဘက်သို့ တစ်ခါမှ မ၀င်ရောက်ဖူးသေးသော ဆိုင်ကယ်များကို Barcode System Stacker ဟုခေါ်သော တံဆိပ်ပြားလုပ်ရန်အတွက် ဘတ်ငွေ ၃၀၀၀ တောင်းခံပါသည်။ မော်ဒယ်လ်နိမ့်သော ဆိုင်ကယ်များကိုတော့ ဘတ်ငွေ ၂၀၀၀ မှ ၂၅၀၀ အထိ ကောက်ပါသည်။ ထိုသို့ကောက်ခံရခြင်းမှာ Barcode System Stacker အတွက်ဟုဆိုသည်။ ထို့နောက်တဖန် ဆိုင်ကယ်လျှောက်လွှာအတွက် ဘတ်ငွေ ၇၀ ပေးရသည်။ ထိုဘတ် ၇၀ သည် လျှောက်လွှာစာရွက်ပထမဆုံးအကြိမ်တွင် ပေးဆောင်ရခြင်းဖြစ်သည်။ ကောက်ခံငွေအတိအကျကို အောက်တွင် ဆက်ဖတ်နိုင်ပါသည်။

ထိုသို့ကောက်ခံနေခြင်းမှာ 2009-2010 ကာလမှစ၍ ယနေ့ထိ ကောက်ခံနေခြင်းဖြစ်ပြီး ယခုကဲ့သို့ ကောက်ခံခြင်းမှာ ထိုင်းအစိုးရမှ တရားဝင်ချမှတ်ထားသော ကောက်ခံနှုန်းဖြင့် ကောက်ခံခြင်းမဟုတ် ဟုဆိုတာလည်း သိရပါသည်။ ယခုဆိုလျှင် မြန်မာအစိုးရဖက်မှ ဆိုင်ကယ်များကို လိုင်စင်ဆောင်ခွင့် ( ၄ )လတိတိ ပေးထားသည်ဖြစ်ရာ (၄)လတိတိတွင် လိုင်စင်ဆောင်ပြီးမည့် ဆိုင်ကယ်အစီးပေါင်း
( ၁၂၀၀၀ ) ကျော်တို့သည်လည်း ထိုင်းနိုင်ငံဘက်သို့ အလုပ်သဘောအရဖြစ်စေ၊ အလည်အပတ်ဖြစ်စေ၊ ဆေးရုံဆေးခန်းစသည့်ကိစ္စများဖြင့် ဖြစ်စေ သွားရောက်ကြမည်ဟု အတတ်ပြောနိုင်ပါသည်။

ထို့သို့ သွားရောက်ကြမည်ဆိုပါက ထိုင်းဘက်တံတားပေါ်ရှိ ထိုင်းအစိုးရဘက်မှ ၀န်ထမ်းတို့သည် ဖြတ်သန်းခအတွက် ကောက်ခံခငွေကို မြင့်မားသောနှုန်းဖြင့် ကောက်ခံမြဲ ကောက်ခံနေမည်ဟု ယုံကြည်ပါသည်။

ယခုဆိုလျှင် မြန်မာဘက်မှ ဆိုင်ကယ်များကို လိုင်စင်ဆောင်ခွင့်ပေးထားသော နှုန်းထားမှာ ဘတ်ငွေဖြင့်တွက်သော် ဘတ် ၃၀၀၀ မှ ၄၀၀၀ အထိရှိပါသည်။ မြန်မာဘက်တွင် ဆိုင်ကယ်များ၏ လိုင်စင်ဆောင်ခနှင့် ညီမျှနေသော ထိုင်းအစိုရ၀န်ထမ်းတို့၏ ကောက်ခံငွေသည် များပြားနေပြီး လက်လုပ်လက်စားပြည်သူများအဖို့ ထိုငွေကို ပေးဖို့ရာ ခက်ခဲကြပါသည်။ သို့ပါ၍ မြန်မာအလုပ်သမားများအနေဖြင့် အိမ်တွင် ဆိုင်ကယ်ရှိသော်လည်း ထိုင်းအစိုးရ၀န်ထမ်းတို့၏ ပထမတစ်ကြိမ် ကောက်ခံသော ငွေ ၃၀၀၀ဘတ်ကို မပေးနိုင်၍ ခြေလျင် အလုပ်သွားအပြန်ဖြစ်နေကြရသည့်အပြင် အရေးကြီးကိစ္စဖြင့် ထိုင်းဘက်သို့ ဆိုင်ကယ်ဖြင့် သွားရောက်လိုသူများသည်လည်း ငွေကြေးတတ်နိုင်သူ အနည်းအကျဉ်းမျှသာ သွားနိုင်ကြပြီး ငွေကြေးမတတ်နိုင်သူ အများအပြားအနေဖြင့် မသွားနိုင်ဖြစ်နေကြသည်ကို ထိုင်းနိုင်ငံဘက်မှ သက်ဆိုင်ရာ လူကြီးမင်းများကို သိစေချင်ပါသည်။


( Barcode System Stacker )
ဆိုင်ကယ်အတွက် ကောက်ခံနှုန်း
မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် ( ၁ ) မယ်ဆိုင်-တာချီလိတ် တွင် မယ်ဆိုင်ဘက်ရှိ ထိုင်းအစိုးရ၀န်ထမ်းများမှ မြန်မာနိုင်ငံသားများအပေါ် ကောက်ခံသည့်နှုန်းထားများမှာ Barcode System Stackerဟုခေါ်သော တံဆိပ်ပြားတစ်ခုအတွက် ဆိုင်ကယ် မော်ဒယ်လ်အနိမ့်အမြင့်အလိုက်
  • 3000 ဘတ်
  • 2000 ဘတ်
  • 1500 ဘတ်
ဖြင့် ထုတ်ပေးပြီး Barcode System Stacker တစ်ခုရဲ့ သက်တမ်းမှာ (၁)လဖြစ်သည်။ ၎င်း Barcode System Stackerအား တစ်လပြည့်လို့မှ နောက်တစ်လအတွက် အသစ်ပြန်မလဲလျှင် တစ်ရက်ကျော်သွားပါ တစ်ရက်စာအတွက် (၁၀၀) ဘတ်နှုန်း ဒဏ်ရိုက်ပါသည်။
( သက်တမ်းကုန်သွားပြီး ထပ်တိုးရင်တော့ ( ၅၀ ) ဘတ်သာကျပါသည်)

ထိုင်းဘက်သို့ ၀င်ရောက်ရန်အတွက် လျှောက်လွှာစာရွက်ပြုလုပ်ခကိုတော့ (၇0)ဘတ်ပေးရသည်။ အကြောင်းမသိလျှင် (၁၀၀) ဘတ်ပေးရသည်။


ကားများအတွက် ကောက်ခံနှုန်း
မြန်မာနိုင်ငံမှ တရားဝင် အခွန်ဆောင်ပြီးသော လိုင်စင်ရှိ ကားများကိုလည်း ဆိုင်ကယ်များနည်းတူ ကောက်ခံပါသည်။
ထိုင်းဖက်မှလာသော ထိုင်းလူမျိုးများကို အထက်ပါဈေးနှုန်းများအတိုင်း ကောက်ခံခြင်းမရှိပဲ မြန်မာများကိုသာ အထက်ပါဈေးနှုန်းအတိုင်း ကောက်ခံကြောင်းသိရပါသည်။
ကျွန်တော်တို့ လူငယ်များအနေဖြင့် ထိုင်းအစိုးရအကြီးအကဲများမှ နယ်စပ်ဖြတ်သန်းသွားလာခကို တရားဝင်သတ်မှတ်ကြေးနှုန်းအတိုင်း ကောက်ခံရန် သတ်မှတ်ပေးသင့်သည်ဟု မြင်မိပါသည်။

ထို့အတူ တရားဝင်ကြေးနှုန်းဖြင့် အတိအကျ သတ်မှတ်ကောက်ခံပေးနိုင်ရန်အတွက်လည်း မြန်မာဘက်မှ တာဝန်ရှိ ပုဂ္ဂိုလ်များအနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်လျှင် မြန်မာနိုင်ငံသားများအတွက် အထူးကောင်းမွန်ပြီး ပြည်သူပြည်သားများအနေဖြင့် ကျေးဇူးတင်နေမှာ မလွဲပါကြောင်း ယခုလို တင်ပြလိုက်ရပါသည်။

အထက်ပါ ကိစ္စအား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ အသိပေးခဲ့ပြီးဖြစ်သည်နှင့်အညီ ၎င်းတို့မှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရ၍ ကျွန်တော်တို့မှ ကျေးဇူးအထူးတင်ပါကြောင်း ထပ်မံပြောလိုက်ပါသည်။



တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net
tachileik@tachileik.net

Monday, June 11, 2012


ကျွန်တော်တို့ မြို့လေးဟာ နယ်စပ်မြို့လေးဖြစ်တာနဲ့အညီ တိုင်းရင်းသား လူမျိုးများစုံလင်လှသလို အောက်ပြည်အောက်ရွာမှ လူအများအပြားလည်း လာရောက်ကြပြီး စားဝတ်နေရေးအတွက် လုပ်ကိုင်နေထိုင်ကြပါတယ်။ အလုပ်ကိုင်တွေကတော့ စုံလင်ကြပါတယ်။ အဲ့ဒီအလုပ်ကိုင်တွေထဲမှာ တစ်ဖက်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်ကို နေ့သွားညပြန် အလုပ် လုပ်နေကြတာတွေ တာချီလိတ်မြို့ထဲမှာ အလုပ်လုပ်နေကြတာတွေရှိပါတယ်။ တာချီလိတ်မြို့မှာ နေထိုင်လုပ်ကိုင်ကြသူတိုင်းဟာ ပျက်စီးသူတွေ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကား သောက်သုံးနေကြသူများမဟုတ်ပါ။

သို့သော် ၁၀၀ရာခိုင်နှုန်းမှာတော့ ၁၅ရာခိုင်နှုန်းလောက်ဟာ မူးယစ်ဆေးနဲ့ပတ်သက်နေကြပါတယ်။ (ရာခိုင်နှုန်းများကို အကြမ်းမျှသာပြောခြင်းဖြစ်ပါသည် ) အဲ့ဒီလို ပတ်သက်နေတဲ့ လူအတန်းအစားတွေကို ထောက်ပြပါဆိုရင်တော့ ကျွန်တော့်အမြင်အရပြောရရင် ဆေးသုံးစွဲသောအပေါင်းအသင်းများရဲ့ မြုဆွယ်မှုကို ခံရပြီး ဆေးစွဲသွားခြင်း၊ ငွေများများရလိုပြီး မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားရာမှ ဆေးစွဲသွားကြခြင်း၊ ပတ်ဝန်းကျင်အကြောင်း ခေတ်ပညာအကြောင်းများနဲ့ အထိအတွေ့မရှိပဲ အသိပညာဗဟုသုတနည်းပါးပြီး ဆေးစွဲသွားကြတာတွေရှိတဲ့အပြင် ပညာတတ်ပြီး စိတ်ခံစားမှုတစ်ခုကြောင့် မိမိရဲ့ ဘ၀ကို မူးယစ်ဆေး ကျေးကျွန်အဖြစ် သွတ်သွင်းပစ်လိုက်တာတွေလည်းရှိပါတယ်။ ဒါကတော့ ကျွန်တော့်ရဲ့ အမြင်အနည်းစုကို ပြောခြင်းဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့လည်း မူးယစ်ဆေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ ကြွယ်လိမ့်မယ်မြင်တာကြောင့် အတိုချုပ်ပဲ ရေးလိုက်ပါတယ်။

ကျွန်တော့်အနေနဲ့ အဓိက ပြောချင်တာက မူးယစ်ဆေးနဲ့ပတ်သက်ပြီး မိမိရဲ့သားသမီးတွေကို လမ်းတွေပေါ်၊ အမိုက်ပုံပေါ်၊ ရေချောင်း အင်းအိုင်တွေပေါ်၊ သင်္ချိုင်းကုန်းတွေပေါ် သွားရောက်စွန့်ပစ်သွားကြတဲ့ အကြောင်းလေးကို တင်ပြလိုခြင်းဖြစ်ပါတယ်။


ဒီနေ့ ၁၁.၆.၂၀၁၂ ညနေ (၆)နာရီဝန်းကျင်မှာ တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်၊ စည်ပင်ကုန်းအနီး သီရိဟံသာဘုန်းကြီးကျောင်းနားရှိ အမှိုက်ပုံဘေးမှာ အသက်(၇)နှစ်အရွယ် ကလေးလေး(ယောကျာ်းလေး) တစ်ယောက်ကို မိဘများက လာရောက်စွန့်ပစ်သွားတယ်လို့ တာချီလိတ်မြို့ရှိ အလင်းရောင်ပရဟိတအသင်းမှ အဖွဲ့ဝင်တစ်ဦးရဲ့ သတင်းပေးချက်အရသိရလို့ ကျွန်တော်သွားရောက်ခဲ့ပါတယ်။ ဟိုရောက်တော့ ကလေးလေးကို ကြည့်လိုက်တော့ စိတ်မကောင်းစရာတွေ့မြင်လိုက်ရတာက ကလေးလေးရဲ့ ဘေးမှာ အ၀တ်ထုတ်လေး(ပလပ်စတစ်အိတ်ဖြင့်)ကိုတွေ့ရပါတယ်။ ကလေးလေးကလည်း ဗိုက်ဆာတယ် ဗိုက်ဆာတယ်လို့ ပြောနေတာနဲ့ စည်ပင်ကုန်းအနီးမှာ နေထိုင်တဲ့ လူတွေက ထမင်းနဲ့ မုန့်များကို ကျွေးနေတာတွေ့ရပါတယ်။ ကလေးလေးကလည်း စိတ်တိုနေတဲ့ သဘောနဲ့ ပါးစပ်က သူ့အမေဖြစ်သူကို ရေရွတ်နေပါတယ်။ သူ့ကိုဒီလိုပစ်သွားလို့ဆိုပြီး ခဏခဏရေရွတ်လိုက် ထမင်းစားလိုက်လုပ်နေပါတယ်။

သနားစရာပိုကောင်းတာက ကလေးလေးရဲ့ စိတ်ဟာပုံမှန်မဟုတ်ပါဘူး။ ငယ်ငယ်တုန်းက ဦးခေါင်းမှာ အကြိတ်ကြီးပေါက်လို့ ဦးခေါင်းကို ( ၂ )ကြိမ်ခွဲစိတ်ရတယ်လို့လည်း သိရပါတယ်။ အဲ့လို ခွဲစိတ်ခံထားရတာကြောင့် အမြင်အာရုံသိပ်မကောင်းဘူးလို့လည်း ပြောကြပါတယ်။ ဘယ်ဘက်နားမှာလည်း အနာဖြစ်နေတာကိုတွေ့ရပါတယ်။ ဒီလိုအနေအထားကို တွေ့ရတော့ အလင်းရောင်ပရဟိတအဖွဲ့အနေဖြင့် ကလေးရဲ့ မိဘများမပေါ်လာပါက မိဘမဲ့ဂေဟာတစ်ခုခုကို သွားရောက်ပို့ဆောင်မယ်လို့ ဆုံးဖြတ်ချက်ချထားကြသည်ကို ဘေးအနီးအနားက လူတွေကလည်း သဘောတူကြပါတယ်။

သို့သော် ဥပဒေအရ တွက်ကြည့်မယ်ဆိုရင် ဦးစွာ သက်ဆိုင်ရာကို အကြောင်းကြားရမှာဖြစ်တာကြောင့် ၀မ်ကောင်းရပ်ကွက်နယ်ထိန်းကို ဖုန်းဆက်ပြီးအကြောင်းကြားစေခဲ့ပါတယ်။ အဲ့လို အကြောင်းကြားပြီး ခဏမှာ သူတို့ရောက်လာခဲ့ကြပြီး စစ်ဆေးစရာရှိတာတွေကို စစ်ဆေးနေချိန်မှာ ဘယ်နေရာက ထွက်လာမှန်းမသိရတဲ့ ကလေးအမေဆိုသူက လူအုပ်ထဲကမှတဆင့် ကလေးလေးကို ပွေ့ချီပြီး ထပြန်ဖို့လုပ်နေပါတယ်။ အဲ့လို ထပြန်ဖို့ လုပ်နေစဉ်မှ နယ်ထိန်းရဲက မေးမြန်းစစ်ဆေးနေပါတယ်။ အဲ့လို မေးသမျှကို ဖြေသည်က "သူ့အနေနဲ့ အသီးသွားခွာနေကြောင်း သူ့ဒီလောက်ချစ်တဲ့ ကလေးကို စွန့်ပစ်စရာလား"စသည်ဖြင့်ဖြေကြားပြီး နယ်ထိန်းမှ ဒါဆိုလည်း ကလေးပြန်ခေါ်သွားမယ်ဆိုရင် လက်မှတ်ထိုးပြီးမှ ခေါ်သွားစေလိုကြောင်း ပြောရင်း နောက်ဒီလိုမလုပ်ဖို့ပါ ပြောလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ ကလေးလေးလည်း သူ့အမေဖြစ်သူနောက်ကို ပါသွားပါလေရော......။

ဒီနေရာမှာ ကျွန်တော်ပြောလိုသည်က ကလေးလေးရဲ့ မိခင်ဟာ သာမန်မဟုတ်ခဲ့ပါဘူး။ ပုံပန်းသဏ္ဍာန်မှာ မူးယစ်ဆေးရဲ့ကျေးကျွန်ဖြစ်နေခဲ့ပါပြီ။ ဆေးစွဲနေတဲ့ မိခင်အနေနဲ့ ဒီလိုကလေးကို မစောင့်ရှောက်ချင်တော့လို့ လာရောက်စွန့်ပစ်သွားတယ်လို့လည်း အများကထင်နေကြပါတယ်။ စကားမစပ် ဘေးပတ်ဝန်းကျင်တွေရဲ့ ပြောကြားချက်အရ

ကျွန်တော်သိခဲ့ရတာကတော့ အခု ကလေးလေးကို ဒီနားမှာ စွန့်ပစ်ထားတာ (၇)ရက်ဝန်းကျင်ရှိပြီးလို့ သိရတဲ့အပြင် ကလေးလေးကလည်း သူ့ကို ရေချောင်းမှာ ခဏခဏ ထားသွားတယ်လို့လည်း ပြောပြပါတယ်။

ကလေးလေးရဲ့ လက်တွေဟာလည်း ရေနှူးနေသလိုဖြစ်နေပါတယ်။ ကျွန်တော့်အနေနဲ့ ဒီကလေးလေးကို ကြည့်ပြီး စိုးရိပ်မိခဲ့တယ်။ လာကြည့်သူ လူအများအပြားကလည်း စိုးရိပ်နေကြပါတယ်။
သဘောကတော့ အခုလူမြင်ကွင်းမှာ ကလေးလေးကို ထားသွားခဲ့ပေမဲ့ နောက်တစ်ခါ လူမမြင်ကွယ်ရာ တောထဲတွေ ရေချောင်းတွေမှာ ထားသွားမယ်ဆိုရင်............ :(
အထက်ပါအကြောင်းအရာလေးကတော့ ကျွန်တော်တွေ့မြင်ခဲ့ရတာကို ရေးသားလိုက်ခြင်းဖြစ်ပါတယ်။ မည်သို့ဖြစ်စေ အခုလို ကလေးလေးကို သူ့မိခင်က လာပြန်ခေါ်သွားတဲ့အတွက် ကလေးလေးအနေနဲ့ နောက်ထပ်ဒီလို ထပ်မဖြစ်စေပါနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်။

လူလူချင်း ရိုင်းပင်းကူညီလိုစိတ်ရှိကြပါစေ
အထက်ပါကလေးလေးကို ကျွန်တော်တို့ သွားကြည့်ကြချိန်မှာ တစ်ချို့ ဖြတ်သွားဖြတ်လာ လူတွေက အဲ့ဒါဘာဖြစ်တာလည်းလို့မေးတော့ ကျွန်တော်အနေနဲ့ ဖြစ်ရပ်ကို ဖြေပေးလိုက်ပါတယ်။ အဲ့ဒီနောက်မှာ သူတို့တွေဟာ ကလေးလေးကို ကြည့်ပြီး. "ဟာ...." လို့ လုပ်ပြီး ထွက်ခွာသွားကြပါတယ်။ အဲ့ဒီလိုလုပ်ရပ်ကို သုံးသပ်ကြည့်တဲ့အခါမှာ သူတို့တွေရဲ့ စိတ်ထဲမှာ "ဘာများလည်းလို့ကွာ"ဆိုတဲ့ သဘောမျိုးသက်ရောက်နေကြပြီး ကူညီလိုစိတ် ကူညီချင်စိတ်တွေ မရှိကြတာကို ကျွန်တော့်အနေနဲ့ စိတ်မကောင်းဖြစ်မိပါတယ်။ အခုဆိုရင် ကျွန်တော်တို့တွေရဲ့ စိတ်ထဲမှာ ပိုက်ဆံရမှ ဒီအလုပ်ကိုလုပ်မယ် ဆိုတဲ့ အတွေးမျိုးထားဖို့မသင့်ပါဘူး။ ပရဟိတစိတ်အမြဲတမ်းရှိနေဖို့လိုပါတယ်။

လူတစ်ဦးတစ်ယောက်ကို ကူညီလိုက်တာလည်း ပရဟိတစိတ်ရှိလို့ပါပဲ။ ဥပမာပြောရရင် အခု ကလေးလေးကိစ္စမှာ အလင်းရောင်ပရဟိအဖွဲ့သားတွေအနေနဲ့ မမြင်သလိုနေပြီး ရှောင်ထွက်သွားကြမယ်ဆိုရင် ကလေးလေးရဲ့ မိခင်ဆိုသူကလည်း လာခေါ်သွားမှာ မဟုတ်သလို လူတွေကလည်း ၀ိုင်းအုံပြီးကြည့်နေမှာ မဟုတ်ပါဘူး။ အဲ့ဒီအပြင် ကလေးလေးကိုလည်း အနီးအနားက လူတွေအနေနဲ့ အဖက်လုပ်ပြီး ထိတွေ့စကားပြော ဆံဆက်နေမှာ မဟုတ်သလို ထမင်းတွေ မုန့်တွေလည်း ကျွေးနေမှာ မဟုတ်ပါဘူး။ အခုလို ပရဟိတစိတ်ကလေး ရှိနေကြတာဖြစ်တာကြောင့် သက်ဆိုင်ရာတွေကို အကြောင်းကြားလိုက်တဲ့အခါမှ မိခင်ဆိုသူဟာ ပေါ်ထွက်လာပြီး ကလေးလေးလည်း သူ့အမေနဲ့အတူပါသွားခဲ့ပါတယ်။

မည်သို့ဖြစ်စေ အခုလိုဖြစ်ရပ်မျိုး နောက်များ တွေ့မြင်ရပါက မည်သည့်ကိစ္စကိုမဆို သက်ဆိုင်ရာတွေကို အကြောင်းကြားပေးဖို့ ပြောလိုပါတယ်။ အဲ့ဒီအပြင် ကျွန်တော်တို့ တာချီလိတ်မြို့မှာ သာရေး နာရေး စတဲ့ လူမှု့လုပ်ငန်းတွေကို အခမဲ့လုပ်ဆောင်ပေးနေတဲ့ အလင်းရောင်ပရဟိတအသင်းဆိုတာလည်း ရှိပါတယ်။ သူတို့ကိုဖြစ်စေ ရဲစခန်းကိုဖြစ်စေ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်သူကိုဖြစ်စေ အကြောင်းကြားနိုင်ပါတယ်။ အဲ့လို အကြောင်းကြားမှသာလျှင် ကူညီမှုကို ပြုလုပ်ပေးနိုင်မှာဖြစ်ကြောင်း ပြောလိုပါတယ်ခင်ဗျာ....။


မှတ်ချက်
သက်ဆိုင်သူ ကလေးနဲ့ မိခင်ပုံများကို တင်ပေးထားပါတယ်။ အဲ့ဒီအတွက် တစ်ဖက်သားအား ကျွန်တော့်အနေနဲ့ ထိခိုက်နစ်နာလိုစိတ်မရှိပါ။ ယခုကဲ့သို့ ကလေးသူငယ်များ စွန့်ပစ်ခံရမှုတွေမဖြစ်စေရန် နဲ့ လူအချင်းချင်း ကူညီရိုင်းပင်းတတ်စေရန်အတွက် တင်ပြခြင်းဖြစ်ပါတယ်။

ပုံများကို ကြည့်လိုပါက
စွန့်ပစ်ခံ ( ၇ )နှစ်အရွယ်ကလေးလေး သူ့မိဘမှ ပြန်လည်ခေါ်ဆောင်သွား
10 photos

တာချီလိတ်အွန်လိုင်းစာမျက်နှာ
ဆောင်းပါးရှင် ကိုဇောင်း
www.tachileik.net