Latest News

Dropdown Menu

Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Sunday, February 23, 2014

၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင်ကျင်းပသော
ပညာရေးဝန်ကြီးဌာနမှ ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်မည့် ကျောင်းထောက်ပံ့ကြေး၊ပညာသင်ထောက်ပံ့ကြေး Programများအား Stakeholder များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ရှမ်းပြည်နယ်အရှေ့ပိုင်း ပညာရေးဌာန ကိုယ်စားပြုသည့် ပြည်နယ်ပညာရေးမှူး ဦးခွန်စိန်မြင့် ဦးဆောင်သော (၆)ဦး ပညာရေးအဖွဲ့တွင် ပါဝင်ခွင့်ရသဖြင့် တက်ရောက်ခွင့်ရခဲ့ပါသည်။


အဆိုပါ ဆွေးနွေးပွဲတွင် ဆွေးနွေးချက်များအရ ကမ္ဘာ့ဘဏ် IDA Credit အမေရိကန်
ဒေါ်လာသန်း (၆၀)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျောင်းထောက်ပံ့ကြေးများ ထောက်ပံ့ရေးဆိုင်ရာ စီမံချက်နှင့်ပတ်သက်၍ တက်ရောက်လာသူများအား အစီအစဉ်
မူကြမ်းများကို ရှင်းလင်တင်ပြပြီး တက်ရောက်လာသူများက ဆွေးနွေးညှိနှိုင်းမှုများဆောင်
ရွက်ကြခြင်းဖြစ်ပါသည်။

တက်ရောက်လာသူများတွင် ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ၊ ပညာရေးဌာနဆိုင်ရာ
ညွှန်ကြားရေးမှူးချုပ် အဆင့်မှ မူလတန်းကျောင်းအုပ်အဆင့်အထိ ကိုယ်စားလှယ်များ၊
ပြည်နယ်နှင့်တိုင်း လူမှုရေးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ INGO အဖွဲ့အစည်း
အသီးသီးမှ တာဝန်ရှိသူများ၊ မိဘ ကိုယ်စားလှယ်များ တက်ရောက်ကြသည်ကိုတွေ့ရှိရပါသည်။


ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းလည်း တက်ရောက်ပါသည်။ ညှိနှိုင်းဆွေးနွေးပွဲတွင်
အမှန်တကယ် အောက်ခြေအဆင့်အထိ ထိထိရောက်ရောက် အောင်မြင်အောင် ဆောင်ရွက်
နိုင်ရေးအတွက် ကိုယ်စားလှယ်များ အနေဖြင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးကြသည်မှာ ပွင့်လင်း
မြင်သာသည့် ဒီမိုကရေစီစနစ်ကို သွားနေသည့် မြန်မာနိုင်ငံအနေဖြင့် ရလဒ်ကောင်းများအတွက်
အခြေပြုနေသည်ဟု ထင်မိပါသည်။

တစ်ဦးကဆွေးနွေးသည်ကို တစ်ဦးက အပြုသဘောနှင့် ဆွေးနွေးကြခြင်းဖြင့် ဆွေးနွေးပွဲကိုအောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။ ၂၀၁၄-၂၀၁၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံအတွင်းရှိ မူလတန်းကျောင်းအဆင့်ထိ ငွေကြေးပံ့ပိုးမှုများကြောင့် ရုပ်ပိုင်းဆိုင်ရာ ပိုမိုတိုးတက်လာသော လိုအပ်ချက်များပိုမိုပြည့်စုံလာသော မြန်မာကျောင်းများနှင့်အတူ စာကြိုးစားသော နွမ်းပါးသော ကျောင်းသားများအား ထောက်ပံ့မှုနှုန်းထား ပိုမိုလာမည်ဖြစ်သဖြင့် ပညာကို ပိုမို အားစိုက်သင်ယူလာကြမည့် မြန်မာ့ကျောင်းသားများအတွက် ဆရာစိတ်ဖြင့် များစွာဝမ်းသာခဲ့ရပါသည်။

ရှမ်းအရှေ့ ကိုယ်စားပြု )

ရှမ်းအရှေ့ ပြည်နယ်အဆင့် ပညာရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်တက်ရောက်ခဲ့သည့် မိုင်းတုံမြို့နယ်ပညာရေးမှူး ဆရာကြီး ဦးမောင်မောင်၏ ပြောကြားချက်အရ ယခုရက်ပိုင်း အတွင်းတွင် တောင်ကြီးတွင် ပြုလုပ်သော အစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ရှမ်းပြည်နယ်မြို့နယ်များမှ အထောက်အကူပြုကော်မတီအဖွဲ့များ၊ ရှမ်းပြည်နယ်ပညာရေးဌာန ညွှန်မှူး၊ဒုညွှန်မှူး များနှင့်အတူ မြို့နယ်ပညာရေးမှူးများအားလုံး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။


အဆိုပါဆွေးနွေးပွဲတွင်လည်း မြို့နယ်အထောက်အကူပြုအဖွဲ့များ နှင့် မြို့နယ်ပညာရေးမှူးများ၏
မိမိတို့မြို့နယ်များ၏ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပွင့်လင်းမြင်သာသော ညှိနှိုင်းဆွေးနွေးခြင်းများကို တွေ့ခဲ့ရကြောင်း သိရှိရပါသည်။ ရှမ်းပြည်နယ်ပညာရေး တိုးတက်လာမည့်  ဆောင်ရွက်ချက်များဟု စာရေးသူ သုံးသပ်ရင်း ၀မ်းမြောက်မိပါသည်။ အခြားပြည်နယ်တိုင်းများလည်း ဆောင်ရွက်နေမည်ဟု ထင်ပါသည်။

ပညာရေးလုပ်ငန်းများ တိုးတက်ရန်ဆိုရာတွင် တစ်ဦးတစ်ယောက်တည်း ဆောင်ရွက်ခြင်းဖြင့်
မည်သို့မှအောင်မြင်မည် မဟုတ်သည်မှာ အားလုံးနားလည်ပြီးဖြစ်ပါသည်။ အောက်ခြေအဆင့်မှသည်
အထက်အဖွဲ့အစည်း လူထုလူတန်းစားအားလုံးသည် ဆွေးနွေးညှိနှိုင်းပြီး အမှန်တကယ် ထိရောက်အောင် ဆောင်ရွက်ခြင်းများဖြင့် မြန်မာ့ပညာရေးသည် ယခုထက်ပိုမို တိုးတက်အောင်မြင်ပါစေကြောင်း
ဆုတောင်းလျက် ဆောင်းပါးအား နိဂုံးချုပ်အပ်ပါသည်။
  ဆောင်းပါးရှင်  -  မြတ်မျိုးမြင့်မာန်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Saturday, February 22, 2014

ပေငါးထောင်ကျော် ခြောက်ထောင်နီးပါး တောင်တန်းကြီးများကို ဖြတ်သန်းကွေ့ဝိုက်ကာ ဖောက်လုပ်ထားသည့်လမ်းမို့ တဖက်မှာက တောင်ကမ်းပါးယံ၊ တဖက်မှက နက်ရှိုင်းလှသော ချောက်ကမ်းပါးကြီးတွေ ၊ ဒီလမ်းမျိုးမှာ မော်တော်ကားစီးရသည်မှာ အသည်းယားဘွယ်ကောင်းလှပေမယ့် တောင်စွယ်တောင်တန်းများကို လှပစွာ ထုဆစ်ပုံဖော်ထားသည့် လှေကားထစ် လယ်ယာ စိုက်ခင်းလေးများကလဲ ရှုမ၀နိုင်သည့် သဘာဝအလှမို့ ကြောက်စိတ်နှင့်ကြည်နူး
စိတ်က ဒွန်တွဲလို့နေသည်။

{ နှစ်တစ်ရာအိမ်ကြီး }

စာရေးသူတို့ သွားရောက်နေသည့် ခရီးကတော့ ရှမ်းဘာသာဖြင့် လွိုင်မွေဟုထင်ရှားသည့် နှင်းတောင်မြို့လေးဆီသို့ဖြစ်သည်။ လွိုင်မွေ တောင်စခန်းမြို့လေးသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၏ မြို့တော်ကျိုင်းတုံနှင့် မိုင် ၂၀အကွာတွင် တည်ရှိနေပြီး ထင်ရှားလှပသည့် တောင်စခန်းမြို့လေးဖြစ်သည်။ပင်လယ်ရေမျက်နှာပြင်အထက် ၅၅၄၂ပေတွင်တည်ရှိကာ  မြို့တည်သက်တမ်းအားဖြင့် နှစ်ရာပြည့်ပွဲတော်ကို ဆင်နွှဲနိုင်ခဲ့သည့် သက်တမ်းရင့်မြို့လေးဟုလည်း သတ်မှတ်နိုင်ပါမည်။

{ ချယ်ရီပင်တန်း }

လွိုင်မွေမြို့လေးအား ကိုလိုနီခေတ်က တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ယနေ့ထက်တိုင် ကိုလိုနီခေတ်လက်ရာ အုတ်တိုက်နီနီလေးများဖြင့် သာယာလှပသော တောင်စခန်းမြို့လေးအဖြစ် ကမ္ဘာလှည့်ခရီးသည်များ အထူးနှစ်ခြိုက်စွာ လာရောက်လေ့လာ လည်ပတ်ကြသည့် ဥရောပဆန်သော မြို့လေးလည်းဖြစ်ပေသည်။ ထင်းရှူး ၊ ယူကလစ် ၊ ချယ်ရီ ၊ မက်မန်း ၊ ပင်စိမ်း ၊ သစ်တော် ၊ မက်မွန်ပင်များဖြင့် ၀န်းရံထားပြီး တိမ်ပြာပြာတို့ထိစပ်နေသော လွိုင်မွေမြို့လေး၏ အထူးတင်ရှားသော သင်္ကေတကား နှစ်တစ်ရာအိမ်ကြီးဟု လူသိများသည့်  ကိုလိုနီခေတ် လက်ရာအဆောက်အအုံကြီးဖြစ်လေသည်။ ရှေးယခင်က အင်္ဂလိပ်အရေးပိုင်မင်း နေထိုင်ခဲ့သည့် အိမ်ဟု ဒေသခံများကပြောကြားသည့် ယင်း
နှစ်တစ်ရာအိမ်ကြီးမှာ ၁၉၁၈ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ရေးထိုးထားသည့် မော်ကွန်းစာအရသိရှိရပေသည်။

{ မက်မွန်ပင်နှင့်မက်မွန်သီးကင်းလေးများ }

ထုထည်ခိုင်ခန့်စွာဖြင့် တည်ဆောက်ထားကာ ယနေ့ခေတ်လို သံထည်များမပါပဲ ကျောက်တုံးကြီးများ၊ မြေအုတ်များဖြင့် လှပသေသပ်စွာ တည်ဆောက်ထားပြီး တောင်ပေါ်ဒေသ အလွန်အေးချမ်းသော ရာသီဥတုနှင့်လိုက်လျောညီထွေစွာ အခန်းတိုင်းတွင် မီးလင်းဖိုကြီးများကို ထည့်သွင်းစီမံထားလေသည်။ အထူးအားဖြင့် လွိုင်မွေမြို့လေးကို အပေါ်စီးမှရှုမြင်နိုင်သည့် တောင်ကုန်းမြင့်မြင့်ပေါ်တွင် တည်ဆောက်ထားသည်မို့ မြို့လေး၏ အလှကိုလည်း တစိမ့်စိမ့်ကြည့်ရှုနိုင်လေသည်

{ ပင်စိမ်းပင် }

နှစ်တစ်ရာအိမ်ကြီး တည်ရှိရာ တောင်ကုန်းပေါ်သို့ ရောက်ရှိသွားသည်နှင့် သန့်ရှင်းလတ်
ဆတ်သော လေလေးကို သင်းပျံ့သော ထင်းရှူးနံ့ ၊ ယူကလစ်နံ့တို့နှင့်အတူ ရှူရှိုက်လိုက်ရသည်မို့ လန်းဆန်းတက်ကြွသွားစေမှုကလည်း ထူးခြားသော ဆွဲဆောင်မှုတစ်ရပ်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း နှစ်စဉ်နှစ်တိုင်း ဥရောပသား ကမ္ဘာလှည့်ခရီးသည်များ လာရောက် လည်ပတ်လေ့လာကြခြင်းဖြစ်ပေမည်။

{ လွိုင်မွေဒေသထွက် နှစ်ချို့ဝိုင် }

ထို့အပြင် လွိုင်မွေဒေသ၏ ထင်ရှားသော အမှတ်သင်္ကေတကား ဒေသထွက် သစ်သီးများဖြင့် စီမံ ဖော်စပ်ထားသည့် ၀ိုင်မျိုးစုံပင်ဖြစ်သည်။ ယနေ့ခေတ်လို ဓာတုဗေဒပစ္စည်းမျိုးစုံ အရောအနှောတွေဖြင့် အစားအစာမျိုးစုံကို ထုတ်လုပ်နေကြချိန်ဝယ် လွိုင်မွေဒေသထွက် ချယ်ရီ ၊ သစ်တော် ၊ မက်မန်း ၊ ပင်စိမ်း ၊ မက်မွန် ၊ စတော်ဘယ်ရီ ၊ နာနတ်စသည့် သန့်ရှင်းလတ်ဆတ်သော သဘာဝသီးနှံများဖြင့် ရှေးရိုးစဉ်လာ နည်းပညာအတိုင်း ထုတ်လုပ်ထားသည့် နှစ်ချို့ဝိုင်လေးများကား ချိုမြမြရှိန်းတိန်းတိန်းလေးဖြင့် သောက်သုံးသူတို့နှစ်ခြိုက်ကြသည့် လိွုင်မွေဒေသ ထွက်ကုန်လည်းဖြစ်ပေသည်။

{ ချယ်ရီပန်း }

သို့မို့ကြောင့်လည်း လှပသော တောတောင်သဘာဝကိုခံစားကာ လတ်ဆတ်သော လေကောင်းလေသန့်ကိုရှူရိုက်ရင်း နှစ်ခြို့ဝိုင်လေးများ၏ ချိုရှရှအရသာကိုခံစားနိုင်စေဖို့အတွက် လွိုင်မွေတောင်စခန်းမြို့လေးနှင့် နှစ်တစ်ရာအိမ်ကြီးအား တခါတခေါက်လာရောက်လည်ပတ်ကာ အပန်းဖြေအနားယူနိုင်ကြပါစေကြောင်း ဖိတ်ခေါ်ရေးသားလိုက်ရပါတော့သည်။

ဆောင်းပါးရှင်။ ။မောင်ယဉ်ကျေး

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Wednesday, February 19, 2014

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ်မြို့များသည် ပြည်ထောင်စု ကားလမ်းမကြီးဖြင့် တစ်ဆက်တစ်စပ်တည်း ဆက်စပ်တည်ရှိလျက်ရှိသည်။ ကျိုင်းတုံမြို့သည် ရှေးယခင်ကပင် ထင်ရှား ကျော်ကြားသည့် သစ်တစ်ပင်တောင်၊ နောင်တုံကန်၊ ဗျာဒိတ်ပေး ရပ်တော်မူဘုရား နှင့် ရေပူစမ်းတို့မှာ ခရီးသွားပြည်သူများ ဆွဲဆောင် နေသည့်နေရာများပင်ဖြစ်ပါသည်။ ထို့အတူ နှစ်နိုင်ငံနယ်စပ်များနှင့် ထိစပ်လျက်ရှိသည့် တာချီလိတ်မြို့တွင်လည်း ရွှေတိဂုံစေတီ၊ တာလော့ဈေး၊ ရွှေတြိဂံပါရာဒိုက်ဟိုတယ်၊ မိုင်းဖုန်းဒေသ စသည်တို့ဖြင့် ခရီးသွားပြည်သူများနှင့် နိုင်ငံခြားသားဧည့်သည်များ စည်ကားလျက်ရှိပြီး၊ နေ့စဉ်နှင့်အမျှ စည်ကားလှသည့် ရှမ်းအရှေ့ သဘာဝအလှတရားများပင်ဖြစ်ပါသည်။


သို့ရာတွင် မိုင်းဖြတ်မြို့သည် တာချီလိတ်မှ(၅၁)မိုင်၊ ကျိုင်းတုံသွားလျှင်မိုင်(၅၁)သာ ကွာဝေးသော်လည်း
ခရီးသွားများမှာ မိုင်းဖြတ်ဆိုသည့် အတိုင်း ဖြတ်သွားဖြတ်လာဖြင့်သာ တည်ရှိနေသည့် မြို့ကလေးသာ ဖြစ်ပါသည်။ ယခုအခါ မိုင်းဖြတ်မြို့မှတဆင့်  မိုင်းဖြတ်-မိုင်းယောင်းသွားလမ်း ၁၆ မိုင်ခန့်အကွာ ပြည်ငြိမ်းအေးကျေးရွာမှ တဆင့် ၅ မိုင်ခန့်ဆက်လက် သွားရောက်ပါက ထူးခြားတင့်တယ် နက်နဲဆန်းကြယ် သဘာဝအလှတရားများနှင့် ပြည့်စုံကာ ခရီးသွားပြည်သူများ နဲ့ နိုင်ငံခြားဧည့်သည်များ စိတ်ဝင်စားဖွယ်ဆွဲဆောင်နေသည့် စွမ်ဟိန်းဂူ ခေါ် ဓမ္မဂမ္ဘီရသာသနာ့လိုဏ်ဂူတော်ကြီးကို တွေ့ရှိရမည်ဖြစ်ပါသည်။

အဆိုပါ စွမ်ဟိန်းဂူ ခေါ် ဓမ္မဂမ္ဘီရ သာသနာ့လိုဏ်ဂူသည် ထူးခြားမှုအပေါင်းတို့ ပေါင်းစုရာဟု တင်စား
ရလောက်အောင် တည်ရှိနေသည်ကို ဗဟုသုတဖြစ်ဖွယ် တင်ပြရလျှင်- သာသနာသက္ကရာဇ် ၁၄၄၀ကျော်ခန့်က  တရုတ်နိုင်ငံ ၀ိသေဟိုင်းပြည်မှ ကျေးဟုန်နိုင်ငံ ( ရှမ်းနိုင်ငံ)ကို ကျူးကျော် ၀င်ရောက်လာသောအခါ  ကျေးဟုန် နိုင်ငံဘုရင် အာလ၀ီမင်းကြီးက တိုင်းပြည်မှ မဆုတ်ခွာမီ ဂူကြီး တစ်ဂူ၌ လာရောက်ပုန်းအောင်နေထိုင်ရန် အိပ်မက်တော် မြင်မက်သဖြင့် မူးကြီး မတ်ရာများအား မေးမြန်းရှာဖွေစေပြီး၊ မင်းကြီးမြင်မက်သည့် ဂူကြီးတစ်ဂူကို မူးကြီးမတ်ရာများ ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအခါ ဂူအတွင်း၌ ရှောင်တိမ်းနေထိုင်ခဲ့ကြောင်း သိရသည်။ လုံခြုံမှု မရှိနိုင်သဖြင့် နမ့်ခေါင်(မဲခေါင်မြစ်)ဘက်သို့  ဆင်းလာပြီး ကျိုင်းလပ်တွင် ခေတ္တစခန်းချကာ လန်းခ(လာအို)နှင့်  လန်းနား (ကျင်းဟိုင်း)တို့တွင် ခိုလုံမည်ဆိုပါကလည်း နိုင်ငံရေး တည်ငြိမ်မှုမရှိသဖြင့် ပါလျှိုးမှ တဆင့်  လွယ်တော်ခမ်း တောင်ဘက်သို့ ပြန်တက်လာခဲ့ရာ မိုင်းလင်းကျောင်းရှိ သာသနာ့မြေ သိမ်တော်သို့  ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ အာလ၀ီမင်းကြီး၏ မိဖုရားကြီးသည် စွမ်ကြန့်အမည်တွင်သော သားတော်တစ်ပါး ဖွားမြင်၍ အဆိုပါနေရာတွင် စွမ်ကြန့်စေတီ တည်ထားခဲ့ကြောင်း သိရသည်။


နယ်မြေအေးချမ်းတည်ငြိမ်သည့်အခါ ပထမ ခိုလုံခဲ့သော လိုဏ်ဂူအတွင်း ပြန်လည်နေထိုင်ကာ
ဝိသေဟဘုရင်၏ ငြိမ်းချမ်းရေးဆင့်ဆိုမှုကြောင့် ကျေးဟုန် နိုင်ငံသို့ မပြန်မီ ပါလာသော ရတနာပစ္စည်းများကို မြှပ်နှံထားခဲ့ကြောင်း သိရှိရပြီး လိုဏ်ဂူတော်ကြီး၏ သမိုင်း စတင်ခဲ့ကြောင်း ဒေသနေပြည်သူများက ယုံကြည် လျက်ရှိသည်။


ထိုမျှမက သာသနာသက္ကရာဇ် ၂၀၀၀ ခန့်က မိုင်းယောင်းဘုရင် ကျောက်စုနန္ဒကုမ္မာန်သည် ညတစ်ည၌
နိုင်ငံရေး၊ တိုင်းရေး၊ ပြည်ရေး စစ်မက်ရေးရာများ ဖြစ်ပွားတော့မည်ဖြစ်ကြောင်း၊ စစ်မက်ဖြစ်ပွားပါက ရတနာ ပစ္စည်းများကို အခြားတိုင်းပြည်များသို့ ပါမသွားစေရန် ဂူအတွင်း မြှပ်နှံထားပါဟု အိပ်မက်မြင်မက်ခဲ့ကြောင်း၊ ထိုမြင်မက်ခဲ့သည့် ဂူတစ်ဂူကို ရှာဖွေခဲ့ရာ မိုင်းယောင်းဘုရင်မြင်မက်ခဲ့သည့် ဂူကြီးပင်ဖြစ်နေကြောင်း သိရသည်။ ထို့အတူ ကျိုင်းတုံဘုရင်ကျောက်ဖကျိုင်းအွမ်မင်းကြီးလည်း လိုဏ်ဂူကြီးအား အိပ်မက်မြင်မက်ခဲ့ကြောင်း ယုံကြည်လျက်ရှိပေသည်။


ယင်းလိုဏ်ဂူကြီးအား ဒေသခံများ၏ အဆိုအရ ထမ်ဘုတ်(ခေါ်)၀ါးရုံများ ဂူအ၀တွင်ပေါက်ရောက်လျက်
ရှိသဖြင့် ၀ါးရုံဂူဟူ၍လည်းကောင်း၊ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ခန့်ကာလက ထမ်ဘုတ်ဂူ၏ အရှေ့မြောက်ဘက်၌ မိုင်းဟစ်(မိုင်းဟိ)မြို့ပြနိုင်ငံငယ် ပေါ်ပေါက်ခဲ့ရာမှ  မိုင်းဟိဂူဟူ၍လည်းကောင်း ခေါ်ထွင်ခဲ့ကြောင်းနှင့် ၂၀၀၆ ခုနှစ်တွင်  မိုင်းလင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ၀ိမလ သည်  မိုင်းယောင်းမြို့သို့  မကြွမီ ညတွင် ပုဂ္ဂိုလ်(၃)ဦးက ပန်းကုံး၊ ဖယောင်းတိုင်တို့ဖြင့် မိုင်းဖြတ်-မိုင်းယောင်း လမ်းပေါ်ရှိ မိမိတို့မြို့အား  လမ်းကြုံလျှင် ၀င်ခဲ့ပေးရန် ဖိတ်ကြားပြီး၊  ဆရာတော်ဘုရားကလည်း   အကြောင်းညီညွတ်မည်ဆိုပါက ၀င်ခဲ့မည်ဟုဆိုကာ ပန်းကုံးများလက်ခံခဲ့ကြောင်း၊ သို့သော်လည်း မြို့အမည်ကို မမေးဖြစ်ခဲ့ကြောင်း အိပ်မက်မြင်မက်ခဲ့သည်။

ဆရာတော်ဘုရားသည် မိုင်းလင်းမှ မိုင်းဖြတ်၊ မိုင်းယောင်းမြို့များသို့ ခရီးထွက်ခဲ့ရာ မိုင်းဖြတ်မြို့တွင်
ခေတ္တခဏနားစဉ် တပည့်တကာများအား လမ်းခုလတ်၌ မြို့ရှိသေးလားဟု မေးမြန်းခဲ့ရာ မရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည် ဆိုပါသည်။ ထိုစဉ် ဆရာတော်သည် မိုင်းယောင်းမြို့တွင် သီတင်းသုံးခဲ့စဉ် ညအခါ၌ အဆိုပါ ပုဂ္ဂိုလ်(၃)ဦးကပင် ပန်းကုံးများဖြင့် ဆက်ကပ်ကာ ၄င်းတို့၏မြို့အား အပြန်လမ်းခရီးတွင် ၀င်ခဲ့ရန် ထပ်မံဖိတ်ကြားခဲ့ကြောင်း အိပ်မက်မြင်မက်ခဲ့ပြန်ပါသည်။ အပြန်လမ်းခရီးတွင် တပည့်ဒကာများအား လမ်းခုလတ်တွင် မြို့ရှိသေးလားဟု မေးမြန်းရာ မရှိကြောင်း လျှောက်တင်ခဲ့သဖြင့် မိုင်းလင်းကျောင်းသို့သာ ပြန်ကြွခဲ့ကြောင်း မိန့်ကြားပါသည်။


ထို့အပြင် ၂၀၀၇ခုနှစ်တွင် ဆရာတော်သည် ကျိုင်းတုံမြို့သို့ ကြွရန်ရှိသောအခါတွင်လည်း အသွားရော
အပြန်ပါ အထက်ပါအတိုင်း အိပ်မက်မြင်မက်သော်လည်း မ၀င်ဖြစ်ခဲ့ပေ။ ၂၀၀၈ခုနှစ်အရောက်တွင်လည်း
ကျိုင်းတုံမြို့သို့သွားရောက်စဉ် အိပ်မက်မြင်မက်ခဲ့ပြန်သည်။ ၂၀၀၉ခုနှစ်တွင် ဆရာတော်ဘုရား မိုင်းယန်း၊
မိုင်းခတ်ခရီးစဉ်၌လည်း အသွားရော အပြန်ခရီးတွင် အိပ်မက်မြင်မက်သဖြင့် အပြန်ခရီးတွင် မိုင်းဖြတ်၌
ခဏနားစဉ် ဘုရားဒကာ၊ ပန်းဒကာတို့အား မိုင်းဖြတ်နှင့်မိုင်းယောင်းကြားတွင် လက်ရှိမြို့မဟုတ်ဘဲ ယခင်က မြို့ဟောင်းအမည်တွင်သည့် မြို့ရွာများရှိလေသလားဟု မေးမြန်းရာ မိုင်းဟိဟုသော မြို့ဟောင်းရှိခဲ့ပြီး၊ ယခုအခါ ကျေးရွာအဆင့်သာ ရှိနေကြောင်း သိရသဖြင့် ဆရာတော်သည် ကားဖြင့်သွားရောက်ခဲ့သည် ဆိုပါသည်။

ဆရာတော်သည် မိုင်းဟိရွာအနီးရှိ ဂူ သို့ သွားရောက်ခဲ့ပြီး ဂူပေါက်ဝတွင် အဓိဋ္ဌာန်ပြုကာ ဂူဝကျောက်
နံရံအား ညာလက်ဖြင့် ပုတ်လိုက်ရာ တစ်ကိုယ်လုံး တစ်ကြိမ်တစ်ခါမျှ မဖြစ်ဘူး၊ မကြုံဘူးသော ကြက်သီးမွေးညင်း များ ထခဲ့ကြောင်း မိန့်ကြားပါသည်။ ဆရာတော်ဘုရားသည် ဂူအတွင်း၌  ညပိုင်းသီတင်းသုံးကာ တရားထိုင်ခဲ့ ပါသည်။ တရားထိုင်စဉ် အိုးစည်ဗုံမောင်းတီးကာ ရွှေဝေါယာဉ်ဖြင့် ၎င်းတို့၏ နန်းတော်အတွင်းသို့ ကြွရောက် ပေးရန် ပင့်ဆောင်၍၊ ပင့်ဆောင်ထားခဲ့သည်မှာ (၃)နှစ်မျှ ကြာပြီးမှသာ ကြွတော်မူသဖြင့် စောင့်ရသည်မှာ မောလှပြီဖြစ်ကြောင်း၊ ထိုစဉ်မှသာ အိပ်မက်ထဲတွင် မြင်မက်ခဲ့သည့် ပုဂ္ဂိုလ်များသည် လူမဟုတ်ဘဲ နတ်များဖြစ် နေသည်ဟု ဆရာတော်က မိန့်ကြားတော်မူပါသည်။


ဆရာတော်က လမ်းလျှောက်လိုက်မည်ဟု မိန့်သော်လည်း ကုသိုလ်ယူပါရစေဟု ဆိုသောကြောင့် ဝေါယာဉ်ဖြင့် စီးကာလိုက်ပါလာရာ မြို့ရွာများကိုဖြတ်ပြီး နန်းတော်တွင်းသို့ ၀င်ရောက်ခဲ့သည်။ ထိုသို့ဝင်ရောက်စဉ် နန်းတော်အစည်းအဝေးခန်းမ၌ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ ကျေးဟုန်၊ လန်းချား(လာအို)၊ လန်းနား (ကျင်းမိုင်) တို့မှ ဘုရင်များ အစဉ်လိုက်မိတ်ဆက်ကာ  ရိုးရာပွဲလမ်းသဘင်များဖြင့် ပူဇော်ဆက်ကပ်၍နတ်မင်းများဖြစ်နေရခြင်းကို လျှောက်ထားကြကြောင်း၊ သီလတောင်းသဖြင့် ငါးပါးသီလပေးကာ မေတ္တာပို့ အမျှဝေသောအခါ ရေစက်ချသည့်အသံကြားမှ ပြန်သတိရလာပြီး၊ နတ်လောကအဖွဲ့များပင့်ဆောင်မှုကို အာရုံဖြင့် ကြွသွားသည်ကို သိရှိလိုက်ရကြောင်း
ဆရာတော်မှ မိန့်ကြားတော်မူခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အစောင့်မင်းများ၊ နဂါးမင်းများစောင့်နေသည့် ဂူဖြစ်ခြင်း၊ တရားကျင့်၍ ရဟန္တာဖြစ်ကာ ပျံလွန်
တော်မူခဲ့သည့် ဂူဖြစ်ခြင်း၊ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များနှင့် ရသေ့များ တရားကျင့်ကာ သီတင်းသုံးတော်မူခဲ့သည့် ဂူဖြစ်ခြင်းတို့ကြောင့် ( စွမ်=မုနိချွန်၊ မြင့်မြတ်မှု၊ ဟိန်း=ကျော်ကြား၊ခန်းနား၊ထိန်လင်းခြင်း)မြင့်မြတ်ကျော်ကြားသော ပုဂ္ဂိုလ်များ အသွင်သဏ္ဍန်အမျိုးမျိုးဖြင့် နေထိုင်ခဲ့သည်ဟူသော အဓိပ္ပါယ်တို့ဖြင့်  စွမ်ဟိန်းဂူ ဟူ၍ လည်းကောင်း၊  ဂမ္ဘီရ ရသေ့ကြီး တရားကျင့်ကြံအားထုတ်ခဲ့ခြင်း၊ လိုဏ်ဂူတော်အတွင်း ဓမ္မက္ခန္ဓာပေါင်း ၈၄၀၀၀ ရည်မှန်းကာ ဘုရားဆင်းတုတော်၊ ရုပ်ပွားတော်ပေါင်း ၈၄၀၀၀ တည်ထားကိုးကွယ်ရန် ရည်သန်ထားသည့်အတွက်  ဓမ္မဂမ္ဘီရ သာသနာ့လိုဏ်ဂူတော်(ခေါ်) စွမ်ဟိန်းဂူ ဟု အမည်နာမခေါ်ထွင်ခဲ့စေကြောင်း မိုင်းလင်းဆရာတော်ဘုရားကြီးက မိန့်ကြားခဲ့သည်ကို
မှတ်သားသိရှိရသည်။

ဖော်ပြပါ ထူးခြားချက်များသာမက ရဟန္တာ(၁၆)ပါး တရားကျင့်ကြံအားထုတ်ရင်း ပျံလွန်တော်မူခဲ့ကြောင်း၊
ပျံလွန်တော်မူသွားခဲ့သော ရဟန္တာ(၁၆)ပါးအနက်မှ (၄)ပါး၏ ဓာတ်တော်များ ရရှိပြီးဖြစ်ကြောင်း၊ လိုဏ်ဂူတော် အတွင်း မိုင်းတင်း၊ လန်းဆတ်၊ နမ့်နန်းတို့မှ စီးဆင်းလာသော ချောင်းရေအားလုံးတို့သည် ဖြတ်သန်းစီးဆင်းကာ မိုင်းယောင်းမြို့သို့ စီးဝင်ရောက်ရှိကြောင်းသိရသည်။ ထို့အပြင် လမ်းကြောင်းလေးကြောင့်ပွင့်ပြီး ပထမလမ်းကြောင်းသည် ကျိုင်းတုံ ထမ့်ဖာတ သို့လည်းကောင်း၊ မိုင်းယောင်းဂူသို့လည်းကောင်း၊ ထမ့်လုံဂူသို့လည်းကောင်း၊ ထမ်ကျင့်လောင် ဂူသို့လည်းကောင်း ပေါက်ကြောင်း မိုင်းလင်းဆရာတော်က မိန့်ကြားတော်မူပါသည်။ အဆိုပါ လိုဏ်ဂူတော်အတွင်း၌ ဆရာတော်သည် ၁၃၇၄ခုနှစ်နှင့် ၁၃၇၅ခုနှစ်တို့တွင် ၀ါတွင်းကာလ တရားကျင့်ကြံ အားထုတ်တော်မူခဲ့ပြီး၊
၁၃၇၆ ခုနှစ်၊ ၀ါတွင်းကာလအတွင်း ဆက်လက်တရားကျင့်ကြံအားထုတ်မည် ဖြစ်ကြောင်း
သိရသည်။

ထို့အပြင် လိုဏ်ဂူတော်အတွင်း  မိုင်းဖုန်းဆရာတော်ဘုရားကြီးနှင့်  မိုင်းလင်းဆရာတော်ဘုရားကြီးတို့ သာသနာပြု လုပ်ငန်းများကို အစွမ်းကုန်ဆောင်ရွက်ရန် ကတိသစ္စာပြုထားကြောင်းလည်း သိရှိရသည်။ လိုဏ်ဂူ တော်ကြီးသည် သဘာဝတောတောင်စိမ့်စမ်းများအကြား ဂမ္ဘီရဆန်သော နက်နဲဆန်းကြယ်သည့် ၀ိသေသများနှင့် အတူ သဘာဝအလျောက် သာယာလှပစွာတည်ရှိနေခြင်းတို့ကြောင့် သာသနာ့လိုဏ်ဂူတော် နယ်မြေကို ဘက်စုံဖွံ့ဖြိုးပြီး၊ သာသနာတော်ကြီ နေလိုလလို ထွန်းလင်းတောက်ပကာ၊ နယ်မြေအေးချမ်းသာယာပြီး၊ ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် မိုင်းလင်းဆရာတော်ဘုရားကြီး ဦးစီးဦးဆောင်ပြု၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မိုင်းဖြတ်၊ တာချီလိတ်ခရိုင်နှင့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တို့နှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနဲ့ ရပ်နီးရပ်ဝေးမှ စေတနာရှင် အလှူရှင် လုပ်ငန်းရှင်များပေါင်းစုကာ လိုဏ်ဂူတော်ကြီးဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိသည်။

လိုဏ်ဂူတော်ကြီး ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ဘုရားလည်းဖူး၊ ခရီးသွားလာမှုလုပ်ငန်းများ ဖွံ့ဖြိုးလာပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလန်းများ တိုးပွားကာ လူမှုစီးပွားဘ၀ တိုးတက်လာမှာဖြစ်ပါသည်။ ယခုအခါ လိုဏ်ဂူတော်ကြီး သွားလာလွယ်ကူကောင်းမွန်စေရန် လမ်းအကျယ်ပေ(၃၀)ဖောက်လုပ်ခြင်း၊ ဂူအတွင်း အပြင် လျှပ်စစ်မီး ရရှိရေးလုပ်ငန်းဆောင်ရွက်ခြင်း၊ လိုဏ်ဂူတော်အတွင်း ဓမ္မက္ခန္ဓာပေါင်း (၈၄၀၀၀) ရည်မှန်းကာ ဘုရားဆင်းတုတော်၊ ရုပ်ပွားတော်များ တည်ထားကိုးကွယ်ခြင်း၊ လိုဏ်ဂူတော်အတွင်း အပြင် သဘာဝအရင်းအမြစ်များ မူလအတိုင်း မပျောက်ပျက်ဘဲ ပြင်ဆင်ဆောင်ရွက်ခြင်း၊ လိုဏ်ဂူတော်အပြင်ဘက်တွင် သာသနိက အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ပတ်ဝန်းကျင်ရှိ တောတောင်စိမ့်စမ်းများကိုလည်း စိန်းလန်းစိုပြေ သာယာလှပကာ သဘာဝဘေးမဲ့တောအဖြစ် ထိန်းသိမ်းထားရှိခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် စီစဉ် ဆောင်ရွက်လျက်ရှိသည်။

ယခုအခါ လိုဏ်ဂူတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီတို့က မိုင်းဖုန်းဆရာတော် ဘုရားကြီးနှင့် မိုင်းလင်းဆရာတော် ဘုရားကြီးတို့၏ လိုဏ်ဂူအတွင်းအပြင် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဆန္ဒပြည့် စေလိုသည့်အတွက် အလှူခံမဏ္ဍပ်များဖွင့်လှစ် အလှူခံခြင်း၊ ရပ်ဝေးရပ်နီးရှိ စေတနာရှင်အလှူရှင်များ ပါဝင်လှူဒါန်း ကုသိုလ်ပြုနိုင်စေရန်လည်း အင်တာနက်၊ သတင်းစာ၊ ဂျာနယ်များတွင် ကြော်ငြာထည့်သွင်း အလှူခံခြင်း ဆောင်ရွက်လျက်ရှိပေသည်။


ထိုသို့ဆောင်ရွက်လျက်ရှိသည့်အတွက် မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင်အလှူရှင်များက အလှူငွေနှင့် ပစ္စည်းများ၊ စက်ယာဉ်ယန္တရားများ ပံ့ပိုးကူညီခြင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ် နှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများသည် ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလ (၂၆) ရက်က လိုဏ်ဂူတော်အတွင်း ရောက်ရှိလေ့လာကာ မိုင်းလင်းဆရာတော်ဘုရားအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။

ထို့အပြင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လိုဏ်ဂူတော်ကြီး ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန် အလှူငွေကျပ်သိန်း(၅၀)လှူဒါန်းပေးခဲ့ပြီး ဘက်စုံ ဖွံ့ဖြိုးရေးလုပ်ငန်းများပြုပြင် တည်ဆောက်ရာတွင်လည်း မူလသဘာဝ အရင်းအမြစ်များ မပျက်စီးစေဘဲ စီစဉ် ဆောင်ရွက်ရန် လမ်းညွှန်ခဲ့သည့်အတိုင်း ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများက ဆောင်ရွက်လျက်ရှိပါကြောင်း ထူးခြားတင့်တယ် နက်နဲဆန်းကြယ် သဘာဝအလှများနှင့် ပြည့်စုံနေသည့် ရှမ်းအရှေ့မှ စွမ်ဟိန်းဂူ ခေါ် ဓမ္မဂမ္ဘီရ သာသနာ့လိုဏ်ဂူတော်ကြီး အကြောင်းကို ရေးသားလိုက်ရပါသည်။

သတင်းဆောင်းပါး။         ။  ဝေယံလင်း(မိုင်းဖြတ်)

ကိုးကား - 
မိုင်းလင်းဆရာတော်ဘုရား၏ ဓမ္မဂမ္ဘီရသာသနာ့လိုဏ်ဂူတော်ကြီးသမိုင်းစာအုပ်  

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Monday, January 13, 2014

ရှမ်းပြည်နယ်၏ အရှေ့ပိုင်းဒေသ နယ်စပ်မြို့လေးတစ်မြို့ဖြစ်သည့် တာချီလိတ်မြို့သည် ယခုအခါမှာ ယခင်ကာလများထက် အုပ်ချုပ်ရေး၊ လူမှုရေး၊ ဘာသာရေး၊ စီးပွားရေးနှင့် ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုများမှာ
ပြောင်းလဲတိုးတတ်နေပြီး ပိုမို၍ တွင်ကျယ်လာသည်မှာ လူမှုရေး စိတ်ဓါတ်များပင် ဖြစ်ပါသည်။

လူမှုရေးအသိစိတ်ဓါတ်များကို အခြေခံ၍ တစ်ဦးနှင့်တစ်ဦး ကူညီဖေးမမှုများ၊ အမြင်မတော်သည်များ၊ ၀င်ရောက်ကူညီခြင်းများ နှင့် မိမိတို့ တက်နိုင်သည့်ဘက်မှ ကူညီပေးနေမှုများကို အများဆုံး တွေ့မြင်ရနိုင်သည်မှာ တာချီလိတ်မြို့ပင် ဖြစ်ပေသည်။

ဟုတ်ပါသည်။ တာချီလိတ်မြို့နယ်တွင် ဆင်းရဲနွမ်းပါးသူများအား အယုတ် အလတ် အမြတ် မရွေး အခမဲ့ စေတနာ မေတ္တာစိတ်များဖြင့် ကူညီမှုများပေးနေသော လူမှုရေးအသင်းအဖွဲ့ (၁၅)ဖွဲ့မနည်း ရှိပြီး မြို့၏ "နတ်မျက်စိ"ဟု တင်စားခေါ်ဝေါ်ထိုက်သည့် "အငှားဆိုင်ကယ်ပြေးဆွဲသူများ" တာချီလိတ် အခေါ်အဝေါ် အနေဖြင့် "ဆိုင်ကယ် Taxi သမား"များပင် ဖြစ်လေသည်။ အဆိုပါ ဆိုင်ကယ် Taxi သမားများနှင့် ပတ်သက်၍ ယခု သတင်းဆောင်းပါးကို ဖော်ညွှန်းလိုက်ပါသည်။

တာချီလိတ်မြို့တွင် အချို့သော ယာဉ်တိုက်မှု၊ လုပ်ကြံမှု၊ ခိုးမှု၊ လူသတ်မှု၊ လုယက်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု စသည်ဖြင့် မှုခင်းကိစ္စရပ်များကို ရဲတပ်ဖွဲ့နှင့် တရားရေးရာများအတွက် အထောက်အကူဖြစ်စေသော၊ ဘာအကျိုးမှ မမျှော်လင့်ပဲ ကူညီမှုများ တတ်နိုင်သလောက် ပေးနေသူများကို ဖော်ပြပါဆိုလျှင် ဆိုင်ကယ် Taxi သမားများကိုသာ ဖော်ပြရပါမည်။ ထို့ကြောင့်လည်း "နတ်မျက်စိများ"ဟု တင်စားရပေသည်။

အဆိုပါ ဆိုင်ကယ် Taxi သမားများနှင့် ပတ်သက်၍ ၂၀၁၄ခုနှစ်၏ ဇန်န၀ါရီလ ပထမ အပတ်မှာ အဖွင့်လှခဲ့သည်ကတော့ လူမှုရေးအသိစိတ်ကြောင့် ကလေးနှစ်ဦးအား ကူညီနိုင်ခဲ့သည့်အပြင် သိန်း(၆၀)၀န်းကျင်ရှိ လက်ဝတ်ရတနာ ခိုးမှု တစ်ခုကိုလည်း ဖော်ထုတ်နိုင်ခဲ့လေသည်။


ဖြစ်စဉ်များနှင့် ပတ်သက်၍ ဇန်န၀ါရီလ(၁၁)ရက် နေ့လည် (၁၁း၃၀)နာရီဝန်းကျင်က တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ အ.ထ.က(တာချီလိတ်) ကျောင်းအနီး၊ ရွှေတိဂုံဘုရားလမ်း၌ အသက်(၈)နှစ် နှင့် (၉)နှစ်အရွယ်ရှိ ကျောင်းသူလေး နှစ်ဦးအား မသင်္ကာဖွယ်ရာ လူတစ်ဦးမှ အတင်းအဓမ္မ ခေါ်ဆောင်ရန် ကြံစည်သည်ဟု အများမှ ယူဆကြ၍ အနီးအနားရှိ ဆိုင်ကယ် Taxi သမား (၆)ဦး နှင့် အနီးဝန်းကျင်မှ လူများက မသင်္ကာဖွယ်ရှိသူ အမျိုးသားတစ်ဦးအား ၀ိုင်းဝန်းထိန်းသိမ်းပြီး ရဲတပ်ဖွဲ့သို့ အပ်နှံပေးခဲ့သည်။ တဆက်တည်းမှာပင် တာချီလိတ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ မသင်္ကာဖွယ်အမျိုးသားအား ခေါ်ယူ စစ်ဆေးပြီးနောက် ယင်းကိစ္စမှာ ကြံစည်မှု မဟုတ်ကြောင်း စစ်ဆေးချက်အရ သိရှိရသည်။

ကြံစည်မှုမဟုတ်သော်လည်း အဆိုပါ ဆိုင်ကယ် Taxi (၆)ဦး၏ လူမှုအသိစိတ် နှင့် တာဝန်သိစိတ် တို့ကြောင့် ကလေးနှစ်ဦး၏ မိဘများမှ စိုးရိမ်ကြောင်းကြမှု ကင်းဝေစေခဲ့တာတော့ အမှန်ပင်ဖြစ်ပေသည်။

တဆက်တည်း တင်ပြရပါမူ ပြီးခဲ့သည့် ဇန်န၀ါရီလ(၅)ရက် သန်းခေါင်အလွန် ည (၁း၁၅)အချိန်က တာချီလိတ်မြို့ နဂါးနှစ်ကောင်ဘုန်းကြီးကျောင်းအတွင်း၌ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ မိုင်းဖုန်းဆရာတော်၏ မွေးနေ့အား လာရောက်ကြသူများအနက် ရှမ်းအမျိုးသမီးတစ်ဦး၏ လက်ဝတ်ရတနာများ ခိုးခံရမှု ဖြစ်ပွားခဲ့ရာမှ မိုးသောက်ကြယ်ဆိုင်ကယ်ဂိတ်မှူး နှင့် ဂိတ်သားတစ်ဦးအပါအ၀င် ရွှေတာချီခရီးသွားလုပ်ငန်းမှ ကော်မတီဝင်တို့မှ (၂)ရက်အတွင်း လိုက်လံရှာဖွေပေးနိုင်ခဲ့ပြီး ရဲတပ်ဖွဲ့လက်ထဲသို့ အပ်နှံပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အသက်(၁၉)နှစ်အရွယ်ရှိ မောင်ဖြိုး(အမည်လွဲ)သည် မိန်းမစိတ်ပေါက်နေပြီး အဆိုပါ ဘုရားဖူးအဖွဲ့များကြား၌ အိပ်နေပြီး လက်ဝတ်ရတနာပစ္စည်းအား ခိုးယူကာ ထွက်ပြေးရာမှ ဘုန်းကြီးကျောင်းဝန်းထဲမှ ကဗျာကယာပြေးထွက်လာသည့် ပုံသဏ္ဍာန်အား ဆိုင်ကယ်သမားများမှ တွေ့မြင်နေကြပြီး မောင်ဖြိုးအား ဆိုင်ကယ်သမားများအနေဖြင့် ယခင်ကတည်း တွေ့မြင်ဖူးသည် ဖြစ်တာကြောင့် နှစ်ရက်အလွန်မှာ ရှာဖွေဖမ်းဆီးနိုင်ခဲ့တာဖြစ်ကြောင်း သိရသည်။

အထက်ပါ ကိစ္စများနှင့်ပတ်သက်၍ ယနေ့ ဇန်န၀ါရီလ(၁၃)ရက် ညနေ(၄)နာရီဝန်းကျင်တွင် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် ဌာနဆိုင်ရာများ အပါအ၀င် မြို့နယ်အထာက်အကူပြုကော်မတီ နှင့် ရွှေတာချီခရီးသွားလုပ်ငန်း ဥက္ကဌ ဦးစိုင်းကျော်စံ တို့က ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ကြောင်း ဟု ဆိုကာ အဆိုပါ ဆိုင်ကယ် Taxi သမား (၉)ဦးအတွက် ဂုဏ်ပြုခြင်း အခမ်းအနားအား ပြုလုပ်ပေးခဲ့ကြပါသည်။


ဂုဏ်ပြုချီးမြှင့်ရာတွင် မသင်္ကာဖွယ်လူတစ်ဦးမှ ကလေး(၂)ဦးအား  အတင်းအဓမ္မ ခေါ်ဆောင်ရန် ကြံစည်သည်ဟု ယူဆရ၍ ၀င်ရောက် ကူညီခဲ့သည့် ဆိုင်ကယ်အင်္ကျီနံပါတ် (498) ဦးဇော်ဝင်း၊ (634) ဦးမျိုးညွှန်၊ (248) ဦးမျိုးလင်းအောင်၊ (500) ဦးထွန်းညွှန့်၊ (494) ဦးဝဏ္ဏ နှင့် (277) ဦးအောင်မင်း အပါအ၀င် လက်ဝတ်ရတနာများအား ခိုးခံရမှုတွင် တရားခံအား ရှာဖွေဖမ်းဆီးပေးနိုင်ခဲ့သည့် မိုးသောက်ကြယ်ဂိတ်မှူး ဦးမင်းသူ (691)၊  ဦးအောင်ကျော်လင်း (678) နှင့် ရွှေတာချီခရီးသွားလုပ်ငန်း ကော်မတီဝင် ဦးကျော်မြင့်တို့အား ဂုဏ်ပြုလက်ဆောင်များကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြသည်။

ဆက်လက်ပြီး ယခုလို လူမှုအသိစိတ်များဖြင့် ကူညီပေးခဲ့ကြသည့် ဆိုင်ကယ် Taxi သမားများအား ထပ်မံ၍ ဂုဏ်ပြုသည့်အနေဖြင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် ဇနီး ဒေါ်နွေးနွေးလင်း မိသားစုမှ ငွေကျပ်(၁)သိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် ဇနီး ဒေါ်ရွှေမိုးသူဇာ မိသားစုမှ
ငွေကျပ်(၁)သိန်း နှင့် မြို့နယ်အထောက်အကူပြုကော်မတီမှ ငွေကျပ်(၁)သိန်း စုစုပေါင်း
ငွေကျပ်(၃)သိန်းတို့ကိုလည်း ထပ်ဆင့် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း မြို့ပေါ်လမ်းများရှိ လမ်းဆုံများနှင့် သက်ဆိုင်ရာ လူစည်ကားရာ အရပ်ဒေသ လမ်းထောင့်များတွင် ဆိုင်ကယ် Taxi ဂိတ်များ အများအပြားရှိနေသည် ဖြစ်တာကြောင့် မြို့တွင်း အကြမ်းဖက်မှုများ၊ မြို့၏ လှပသော ဂုဏ်အင်္ဂါရပ်များကို ရိုက်ချိုးဖျက်ဆီးလိုသူများအတွက် အဟန့်အတားသဖွယ် ဖြစ်ပေသည်။ ထို့အတွက်ကြောင့် တာချီလိတ်မြို့နယ်၏ လှပထည်ဝါမှုသည် အဆိုပါ နတ်မျက်စိများ၏ ဒေါက်ထောင့်ကြည့်နေမှုများ တစိတ်တဒေသမှ ပါဝင်နေခြင်းကြောင့်ဟူ၍လည်း ဆိုလိုနိုင်ပါကြောင်း ဤသတင်းဆောင်းပါးဖြင့် ဆိုင်ကယ် Taxi သမားများအား ဂုဏ်ပြု ရေးသားတင်ပြလိုက်ပါသည်။

သတင်းဆောင်းပါး ။   ။ ကိုဇောင်း

ပုံများကိုကြည့်ရန်
တာချီလိတ်၌ ဆိုင်ကယ် Taxi သမား ၉ ဦးအား ဂုဏ်ပြု
33 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Tuesday, January 7, 2014

 ““ မယ်ဇလီဆိပ် တာချီလိတ် ”” ဟု မြန်ပြည်တလွှား ထင်ရှားကျော်ကြားတဲ့ ကျွန်တော်တို့ တာချီလိတ်မြို့လေးဟာ အလွန်သာယာလှပတဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်။ ရှမ်း-အာခါ-လားဟူ-ပအို့ဝ် - ကချင်-ချင်း-၀-ကရင်-ရခိုင်-ဗမာ စတဲ့ တိုင်းရင်းသားညီကိုများ စုပေါင်း နေထိုင်ကြတဲ့ တာချီလိတ်မြို့လေးကို ရောက်ရှိခဲ့ဖူးတဲ့ ဧည့်သည်တိုင်းက သဒ္ဒါတရားကောင်းတဲ့မြို့ ၊ စေတနာတရားနဲ့ ကိုယ်ချင်းစာစိတ်ကြွယ်ဝတဲ့မြို့လေး ၊ တာချီလိတ်သားတွေများ ဘယ်အချိန် ကြည့်ကြည့် မျက်နှာလေးတွေကပြုံးရွှင်နေကြတာပဲ ဟု မုဒိတာအပွားခံရတဲ့မြို့လေး
ဖြစ်ပါတယ်။

     သို့သော်လည်း ဆွမ်းဆန်ထဲ ကြက်ချေးရောဆိုသလို ကျွန်တော်တို့မြို့ရဲ့ အလှကိုဖျက်ဆီး
နေတဲ့ အကြောင်းအရာလေး တခုကတော့ မကြာခဏကြားကြားနေရတဲ့ ““ မြေယာပိုင်ဆိုင်မှု
အငြင်းပွားပြဿနာ”” တွေပဲဖြစ်ပါတယ်။

မြန်မာပြည် အနယ်နယ်အရပ်ရပ်ကနေ ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့နေထိုင်ကြသူတွေဟာ တာချီလိတ်မြို့လေးမှာ အလျဉ်းသင့်ရာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြရင်း ရေရှည်မှာ အိမ်ငှားဘ၀နဲ့ မနေထိုင်လိုကြတဲ့အတွက် မိမိတို့ရဲ့ ချွေးနည်းစာလေးတွေကို ကုတ်ခြစ်စုဆောင်းကြပြီး အိုးပိုင်အိမ်ပိုင်ဘ၀ကိုရရှိဘို့ ကြိုးစားကြပါတယ်။ ငွေကြေးအတန်အသင့် စုဆောင်းမိလာတဲ့အခါ မိမိတို့နဲ့သင့်လျော်မယ့် မြေကွက်ကလေးတွေကိုဝယ်ယူကြပါတယ်။ ဒီလိုဝယ်ယူကြရာမှာ မိမိပိုင်မြေကို ရိုးရိုးသားသားတန်ရာတန်ကြေးနဲ့ရောင်းချကြသူများ ရှိသလို မသမာသောနည်းတွေနဲ့ ကျူးကျော်မြေတွေ ၊ တပါးသူပိုင်မြေတွေကို စာရွက်စာတမ်း အတုတွေနဲ့ လိမ်ညာရောင်းချကြသူအချို့လည်းရှိပါတယ်။

ဒီတော့ လိမ်ညာရောင်းချသူတွေက ငွေထုပ်ပိုက်ပြီး ပျော်မြူးနေချိန်မှာ ပိုင်ရှင်အစစ်အမှန်ပေါ်လာလို့ အနှစ်နှစ်အလလ ချွေတာစုဆောင်းထားတဲ့ ငွေလေးနဲ့ ၀ယ်ထားတဲ့မြေကွက်လေး ဆုံးရှုံးရလို့ မျက်ရည်နဲ့မျက်ခွက်ဖြစ်ရသူက ရိုးသားတဲ့ မြေ၀ယ်သူတွေပါ။ ငွေကြေးလဲဆုံးရှုံးရ ၊ ရုံးရောက်ဂတ်ရောက် ၊ အချင်းချင်းလည်း အမုန်းပွားရနဲ့ အလွန်စိတ်သောကရောက်ကြရတာကို မြင်တွေ့နေရပါတယ်။

ဒါ့ကြောင့် စာရေးသူအနေနဲ့ မြေကွက် (သို့) အိမ် အရောင်းအ၀ယ်ပြုတော့မယ်ဆိုရင်
(၁)   ရောင်းချသူရဲ့ ရိုးသားတည်ကြည်မှုကို အရင်ဆုံး စုံစမ်းလေ့လာပါ။
(၂) သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနလိုမျိုး ရုံး/ဌာနတွေမှာ မြေယာပိုင်ဆိုင်မှု ခိုင်မာမှု ရှိ/မရှိ  
        အရင်ဆုံးစိစစ်ကြည့်ပါ။
(၃) အရောင်းအ၀ယ်ပြုလုပ်ရာမှာလည်း ပေါ့ပေါ့ဆဆ သာမာန်အရပ်သုံးစာချုပ်တွေနဲ့ မချုပ်ဆိုပဲ
       ဥပဒေပညာရှင်တွေနဲ့ သေချာစွာ လေ့လာ တိုင်ပင် ညှိနှိုင်းပြီးမှ ၀ယ်ယူ ချုပ်ဆိုကြပါလို့ စေတနာရှေ့ထားကာ တိုက်တွန်းရေးသားလိုက်ရပါတော့တယ်ခင်ဗျား။
သတင်းဆောင်းပါး။        ။ မောင်ယဉ်ကျေး

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Sunday, January 5, 2014

    ၂၀၁၄ခုနှစ် ဇန်န၀ါရီလ ၄ရက်နေ့သည်ကား ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ထူးမြတ်သော ၀ိသေ
သများဖြင့် ထုံးမွှမ်းနေသော လွတ်လပ်ရေးနေ့အခါသမယဖြစ်ပေသည်။ ထိုနေ့တွင် မြန်မာနိုင်ငံတော်
တ၀ှမ်းရှိ ရဟန်း-ရှင်-လူအပေါင်း ပျော်ရွှင်တက်ကြွစွာဖြင့် လွတ်လပ်ရေး အောင်ပွဲသဘင်များအား ဆင်ယင် ကျင်းပကြပါသည်။ ထူးမြတ်သော လွတ်လပ်ရေးနေ့အခါသမယတွင် ထူးခြားသော မွေးနေ့ပွဲတစ်ရပ်ကို တက်ရောက်ဖို့ အခွင့်ကြုံရပါလေပြီ။

 

      ထူးခြားသည့်မွေးနေ့ပိုင်ရှင်ကား လွန်ခဲ့သော ၆၆ နှစ်ကြာကာလ ယခုလို နှင်းမှုန်တွေ ဖွေးဖွေးဖြင့်
ချမ်းအေးလှသော အချိန်အခါ နံနက် ၄နာရီ ၂၀မိနစ်တွင် ကိုလိုနီနယ်ချဲ့တို့၏ လက်အောက်မှ ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် လုံးဝအချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် လွတ်လပ်ရေး
အောင်ပန်းအား ဆွတ်ခူးနိုင်ခဲ့ပြီးနောက် နာရီပိုင်း အကြာ ရှမ်းရိုးမတောင်တန်းကြီး တနေရာတွင် လွတ်
လပ်ရေးနှင့်အတူ မွေးဖွားသန့်စင်ခဲ့သော အာခါတိုင်းရင်းသားခေါင်းဆောင် ဦးအာဇီး၏ (၆၆)နှစ်ပြည့်
မွေးနေ့မင်္ဂလာပင် ဖြစ်ပေသည်။

{ ဦးအာဇီး နှင့် သူ၏ ပုံတူကျောက်ရုပ်တု}

                  မှန်ပေသည်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) သံလွင်အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်
လွယ်တော်ခမ်းကျေးရွာအုပ်စု အာဒီးရွာကလေးတွင် အာခါတိုင်းရင်းသား အဖ ဦးဂျလယ် +  အမိ
ဒေါ်မီချူး တို့မှ ၁၉၄၈ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ နံနက် ၉ နာရီတွင် ဦးအာဇီးအား မွေးဖွားသန့်စင်ခဲ့ပြီး သားသမီး (၇)ဦးအနက် ဒုတိယမြောက်သားဖြစ်ကာ အကိုကြီးဖြစ်သူ ဦးအာဒီးမှာလည်း အာခါတိုင်းရင်းသား ခေါင်းဆောင်အဖြစ် နိုင်ငံတော်နှင့် ဒေသအကျိုးတို့အား စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်ပါသည်။

{ ဦးအာဇီး ပုံတူ ကျောက်ရုပ်တု}

             ဦးအာဇီးသည် အခြေအနေ အချိန်အခါအရ အတန်းပညာအား သေချာဂဃစွာ သင်ကြားခွင့်
မရခဲ့သော်လည်း ဖြတ်ထိုးဥာဏ်ကောင်းမွန်သူ တစ်ဦးဖြစ်ကာ သူ၏ အတွေးအခေါ်တို့က ခေတ်မီသည်
ဟုဆိုနိုင်လေသည်။ ခေတ်အဆက်ဆက် နိုင်ငံတော်နှင့်ဒေသ၏အကျိုး ၊ အာခါတိုင်းရင်းသားတို့၏
အကျိုးအား ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ဆောင်ရွက်ခဲ့သည့်အတွက် ပြည်သူ့ကောင်စီခေတ် ၊ တပ်မ
တော်အစိုးရခေတ်တို့တွင် လွယ်တော်ခမ်းကျေးရွာအုပ်စု ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသလို
ဒေသတွင်းသောင်းကျန်းသူများအားလည်း ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးအဖြစ် တပ်မတော်နှင့်အတူ
လက်တွဲကာ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ယခုလက်ရှိတွင်လည်း အာခါ
တိုင်းရင်းသားတို့၏ အကျိုးစီးပွားအတွက် ဦးဆောင်လမ်းပြ ဆောင်ရွက်နေသူတစ်ဦးလည်း ဖြစ်ပေသည်။


               ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသအတွင်း ဘိန်းအစားထိုးသီးနှံအား ပထမဆုံး စံနမူနာပြ
စိုက်ပျိုးခဲ့သူဖြစ်ကာ လိုင်ချီးစ်နှင့် ရာဘာပင်များအားစိုက်ပျိုးခဲ့လေသည်။ အမျိုးသားညီလာခံကိုယ်စား
လှယ်အဖြစ် ၁.၉.၁၉၉၃ခုနှစ်မှ ၃၁-၈-၂၀၀၇အထိ ဆောင်ရွက်ခဲ့ကာ အခြေခံဥပဒေပေါ်ထွန်းလာရေး
အတွက် တစ်တပ်တစ်အားပါဝင်ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ မူးယစ်ဆေးဖြတ်စခန်းအား  ၂၂-၁၁-
၂၀၀၄ ခုနှစ်တွင် ထူထောင်ပေးခဲ့ကာ အနာဂတ်လူငယ်များအား မူးယစ်ဆေးဝါး၏သားကောင်အဖြစ်မှ
ဖယ်ရှားပေးနိုင်ခဲ့လေသည်။

       
    ထို့အပြင် အာခါတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုလက်မှုပစ္စည်းများ၊ တောင်ယာ
ဥယျာဉ်များမှ ထွက်ရှိသော သစ်သီးဝလံနှင့် အသားငါးများအား သန့်ရှင်းလတ်ဆတ်စွာရောင်းချ
နိုင်ရေးအတွက် ၂-၃-၁၉၉၇ ခုနှစ်တွင် ပုဂ္ဂလိက အာခါဈေးအား ဖွင့်လှစ်ပေးခဲ့ကာ ယနေ့အထိ ကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်လျှက်ရှိပါသည်။ ထိုကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးအား ကိုယ်ကျိုးမဖက်ပဲ ဆောင်ရွက်ခဲ့သည့်အတွက်လည်း ချီးမြှင့်ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မင်္ဂလာတပါးဟု ဆိုရိုးစကားနှင့်အညီ နိုင်ငံတော်အစိုးရမှ အာခါတိုင်းရင်းသား ဦးအာဇီးအား ၆-၁-၂၀၀၆ ရက်နေ့
တွင် လူမှုထူးချွန် (ဒုတိယဆင့်)ဆုအား ချီးမြှင့်ဂုဏ်ပြုခဲ့လေသည်။


ထူးခြားချက်အနေဖြင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမှသည် ခေတ်အဆက်ဆက် နိုင်ငံတော်အား ဦးဆောင်လမ်းညွှန်ခဲ့သည့် နိုင်ငံတော်အကြီးအကဲများ၏ ဓာတ်ပုံများ ၊ မြန်မာ့ငွေကြေးများအား အမြတ်တနိုးတန်ဘိုးထားကာ ခမ်းနားဝင့်ထည်စွာထိန်းသိမ်းထားသည့် ဦးအာဇီး၏ နိုင်ငံချစ်စိတ်ကား စံပြုဘွယ်ပင်ဖြစ်လေသည်။


             
ယခုအခါ ဦးအာဇီးသည် သား-သမီး-မြေး-မြစ်များနှင့်အတူ တာချီလိတ်မြို့တွင် အခြေချ
နေထိုင်ရင်း ဘိန်းအစားထိုး သီးနှံများစိုက်ပျိုးခြင်း၊ ကျေးလက်ဒေသများ မီးလင်းရေး ၊ ရေကောင်း ရေသန့်ရရှိရေး ၊ ကျေးလက်လမ်းများ အဆင့်မြှင့်တင်ရေးစသည့် ဒေသအကျိုးပြုလုပ်ငန်းများအား ကျန်းမာ ရွှင်လန်းတက်ကြွစွာဖြင့် ဆောင်ရွက်လျှက်ရှိသည်ကို အားကျဘွယ်ရာတွေ့ရှိရသည့်အတွက် လွတ်လပ်ရေးနှင့် အတူ မွေးဖွားသန့်စင်ခဲ့သော အာခါတိုင်းရင်းသားခေါင်းဆောင်ဦးအာဇီးအား ဤစာစုဖြင့် ဂုဏ်ပြုမှတ်တမ်းတင်လိုက်ရပါတော့သည်။
သတင်းဆောင်းပါး။          ။ မောင်ယဉ်ကျေး

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~








Thursday, January 2, 2014

ပညာမြင့်မှ လူမျိုးတင့်မည် စေတနာအသိနှင့် တင်ပြပါသည်
ဆောင်းပါးရှင် ။            ။ မြတ်မျိုးမြင့်မာန်

ယခုရက်ပိုင်းအတွင်း ကျွန်တော်ကျောင်းအုပ်ကြီးအဖြစ် တာဝန်ကျတဲ့ကျောင်းမှာ ဆဌမတန်း အတန်းပိုင်ဆရာမ နေမကောင်းတာကြောင့်ကော ကျောင်းမှာ ၀န်ထမ်းအင်အား နည်းနေတဲ့အတွက်ပါ ကျွန်တော် ဆဌမတန်းကို ၀င်ရောက်သင်ကြားခဲ့ရပါတယ်။ ပုံမှန်အားဖြင့်တော့ ဆဌမတန်းကို
ကျွန်တော့်အနေနဲ့ အလျင်းသင့်သလို စစ်ဆေးကြီးကြပ် အကြံပြုတာလောက်ဘဲ ဆောင်ရွက်လေ့ ရှိတာပါ။

ဒါပေမယ့် ယခုဝင်ရောက်တဲ့ အခါမှာတော့ တစ်နှစ်တာ သင်ခန်းစာတွေအများစု ပြီးဆုံးနေတဲ့ ကာလဖြစ်တာကြောင့် သင်ခန်းစာ အသစ်တွေကို သင်ခြင်းမပြုသေးဘဲ ကလေးတွေရဲ့တတ်မြောက်မှုကို အကဲခတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲ့ဒါကြောင့် အင်္ဂလိပ်စာနဲ့ပတ်သတ်ပြီး တတ်မြောက်မှုတွေ စစ်ဆေးတဲ့အခါ လက်တွေ့အသုံးချနိုင်မှုနဲ့ နားလည်မှုပိုင်းမှာ ထင်သလောက် မပေါက်ရောက်သေးတာကို
သိရှိနားလည်လိုက်ပါတယ်။

ဒါပေမယ့် ကလေးတွေဟာ ကွက်လပ်ဖြည့်၊ မှား/မှန်ရွေး၊ မှား/မှန် စတဲ့ objective type တွေကို ထဲထဲဝင်ဝင် နားမလည်ဘဲ ကောင်းစွာ ဖြေနိုင်တာကိုလည်း အံ့သြစွာ သိလိုက်ရပါတယ်။ အဲ့ဒါကြောင့် အင်္ဂလိပ်စာနဲ့ ပတ်သတ်ရင် သူတို့ မသိနားမလည်သေးတာတွေကို အကျဉ်းချုပ်လို့ မှတ်စုတွေပေး ရှင်းလင်းရင်း ဘာတွေကို ကျက်မှတ်ထားရမယ်၊ ဘာတွေကိုနားလည်ရမယ် ဆိုတာကို
သူငယ်တန်း ကလေးတွေကို လက်ထပ်သင်ပေးသလို အသေးစိတ် ရှင်းပြခဲ့ရပါတယ်။

ဒီနေ့တော့ အဲ့ဒီဆရာမ နေကောင်းတာနဲ့ လိုအပ်တဲ့ လမ်းညွှန်မှုတွေပေးရင်း ဆရာမကိုပါ
ပြန်သင်ပေးခဲ့ရပြန်ပါတယ်။ စာတွေဖတ်ဖို့၊ လေ့လာဖို့ မသိရင်မေးဖို့ သေချာသင်ကြား ဆောင်ရွက်ဖို့ လိုအပ်ရင် မိမိထံမေးဖို့ ဆုံးမရပြန်ပါတယ်။ အလွတ်ကျက်မှတ်မှု အားကောင်းတဲ့ ကလေးတွေရဲ့ စွမ်းအားကို မှန်ကန်တဲ့နေရာမှာ အသုံးချဖို့ သေချာပြောပြရပါတယ်။

ကျွန်တော် ၂၀၁၀ ခုနှစ်မှာ သက်မွေးဝမ်းကျောင်း တက္ကသိုလ်တစ်ခုက ကထိက ဆရာတစ်ဦးနဲ့
ဆွေးနွေးလို့ သိခဲ့ရတာလေးတစ်ခုရှိပါတယ်။ သူတို့ရဲ့ တက္ကသိုလ်မှာ (၁၀)တန်းကို ဂုဏ်ထူးများစွာနဲ့
အောင်လာပေမယ့် သင်ခန်းစာရဲ့ သဘောတရားများနဲ့ ဆွေးနွေးစေတဲ့အခါ ဘာမှနားမလည်တဲ့
ကျောင်းသားမျိုးတွေ ရှိနေကြောင်း သိခဲ့ရဖူးပါတယ်။ အလွတ်ရအောင် ကျက်ပြီး
concept တွေကို ကောင်းစွာနားမလည်ဘဲ အောင်လာတာမျိုး ဖြစ်မယ်ထင်ကြောင်း ပြောပြခဲ့ဖူး
ပါတယ်။

ကျွန်တော့်ကျောင်းဟာ ထိုင်း-မြန်မာနယ်စပ်မှာရှိတာကော ထိုင်းကို အထင်ကြီးပြီး
ထိုင်းကျောင်းသွားတက်တဲ့ ကလေးတွေလည်း ရှိနေတာကြောင့် ကိုယ့်မြန်မာကျောင်းကို
အထင်ကြီးလေးစားဖို့မှာ အင်္ဂလိပ်စာ ကောင်းစွာသင်ကြားပေးနိုင်ဖို့ကိုလည်း နေ့စဉ်စိတ်ထဲမှာ အထူးကိစ္စတစ်ရပ်အနေနဲ့ ဆုံးဖြတ်ပြီး အမြဲမှာကြားနေတာပါ။ ခုနကဆွေးနွေးခဲ့တဲ့ ဆဌမတန်းကတော့
အတန်းပိုင်အနေနဲ့ ဒီနှစ်မှ ကျောင်းကိုပြောင်းလာတာ ဖြစ်ပြီး အလယ်တန်းပြလုပ်သက်ရင့် ဆရာမဆိုပြီး အထင်ကြီးလိုက်မိတာ ကျွန်တော့်ရဲ့ အားနည်းချက်တစ်ခုဖြစ်ပါတယ်။ အဲ့ဒါကြောင့် လက်ထောက်ဆရာမတွေ အားလုံးကို ဒီမနက်မှာဒီကိစ္စကိုဘဲ ကျောင်းတွင်း အစည်းအဝေးကျင်းပပြီး အင်္ဂလိပ်စာဘာသာရပ်ဆိုင်ရာမှာကြားခဲ့ရပါတယ်။

နိုင်ငံတကာသုံး ဘာသာရပ်တစ်ခုဖြစ်ပြီး အဆင့်မြင့် သိပ္ပံပညာရပ်တွေ၊ နည်းပညာတွေကို အင်္ဂလိပ်လို သင်ယူနေရတဲ့အတွက် ပညာသင်ကြားရာမှာ အရေးပါလှတဲ့အင်္ဂလိပ်စာကို မူလတန်းကတည်းက
စနစ်တကျ သင်ကြားပေးသင့်ပါတယ်။ မကြာသေးတဲ့ ကာလက MRTV4 က သတင်း ကြေညာသွားတာတစ်ခု သိရှိလိုက်ရပါတယ်။ CESR Task Force အတွင်းရေးမှူး (ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးအဖွဲ့)ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ တတိယတန်းကနေပြီး အင်္ဂလိပ်စာစသင်ဖို့ ဆွေးနွေးစီစဉ်နေကြောင်း သတင်းကြားလိုက်ရပါတယ်။ အင်မတန်မှ သင့်လျော်ပြီး မင်္ဂလာရှိသော အစီအစဉ်ဖြစ်ပါတယ်။

တိုင်းရင်းသားစကားကို နေ့စဉ်ပြောနေတဲ့ ကလေးငယ်များအတွက် ပိုပြီးသင့်တော်ပါတယ်။ သူတို့အနေနဲ့ ကျောင်းတက် တက်ချင်း ဘာသာစကားအသစ်(၂)မျိုး စသင်ရတာ အခက်အခဲ အင်မတန် ရှိပါတယ်။ ဒါ့အပြင် သူငယ်တန်းသင်တဲ့ ဆရာမက တိုင်းရင်းသား ဘာသာစကား မသိတဲ့အခါပိုလို့ဆိုးပါတော့တယ်။ဒီအထဲမှာ ပညာရေးစနစ်ကို ကောင်းစွာ နားမလည်ဘဲ တတ်အောင်မသင်နိုင်ဘဲ တစ်နှစ်ပြည့်လို့ အောင်ပေးလိုက်တဲ့အခါ အဲ့ဒီကလေးရဲ့ အနာဂတ်အတွက် အခြေခံခိုင်မာမှု ယိုင်နဲ့သွားခဲ့ပါပြီ။ အဲ့ဒါမ်ျိုးတွေ တကယ်ဖြစ်နေတာဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ တော့ တတ်အောင်သင်နိုင်မှ အောင်မယ်ဆိုတာ လက်ထောက်ဆရာတွေကို အမြဲတတွတ်တွတ် မှာကြားလျက်ရှိပါတယ်။ အခုလို တတိယတန်းမှာ မှ အင်္ဂလိပ်စာကို စသင်ပေးရင် မူလတန်းအောက်ဆင့် သူငယ်တန်းကနေ ဒုတိယတန်းမှာ မြန်မာစာနဲ့ မြန်မာစကားကို ကျွမ်းကျင်သွားပြီမို့ အင်္ဂလိပ်စာကို တတိယတန်းမှာ စပြီးသင်ကြားခွင့်ရရင် ပိုပြီး မှတ်သားနားလည် ကျွမ်းကျင်နိုင်မှာပါ။မြန်မာစကားကို ကောင်းစွာ နားလည်လာပြီဖြစ်တဲ့အတွက် မြန်မာလို အင်္ဂလိပ်စာကို နားလည်အောင် ရှင်းလင်းသင်ကြားလို့ကောင်းသွားမှာဖြစ်ပါတယ်။ကျောင်းသားကလေးလည်း စိတ်ပင်ပန်းမှုမရှိတော့ပါဘူး တိုင်းရင်းသား ကျေးရွာတွေမှာ ပိုပြီးအဆင်ပြေမှာ ဖြစ်ပါတယ်။ ကျွန်တော်နေထိုင်တဲ့ တာချီလိတ်မြို့နယ်မှာ ယနေ့ထိ တိုင်းရင်းသားဆရာတွေ အထူးသဖြင့် ရှမ်းတိုင်းရင်းသား ဆရာ၊ဆရာမတွေ နည်းနေတုန်းပါ။

အဓိကအားဖြင့်ကျေးလက် အခြေခံပညာမူလတန်းကျောင်းတွေမှာ ရှားပါးလှပါတယ်။ သူတို့လေးတွေကို
ကျွန်တော်ကျောင်းအုပ်ကြီးက စာတွေအမျိုးမျိုး ပညာတွေ အမျိုးမျိုး တတ်စေချင်ပေမယ့် ဒေသခံ ဆရာ နည်းပါးတာရယ်၊ ရွာကျောင်းမှာ တစ်နှစ်တောင် မနေချင်ကြတဲ့ ပြည်မဆရာ အများစုကြားမှာ တပည့်လေးတွေ အတွက် အဆင်ပြေနိုင်အောင် နည်းလမ်းပေါင်းစုံနဲ့ အကျိုးရှိတဲ့ အချိန်တွေကို ကြိုးစားကျော်ဖြတ်ရင်း စိတ်မောမှုများစွာနဲ့ တွေ့ရှိချက်တစ်ခုကို စေတနာ အပြည့်အ၀နဲ့ တင်ပြလိုက်ရပါတယ်ခင်ဗျား။
ဆောင်းပါးရှင် ။            ။ မြတ်မျိုးမြင့်မာန်

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Monday, December 30, 2013

ရှမ်းပြည်နယ်အရှေ့ပိုင်းက တောင်ပေါ်သားလူမျိုးစုတွေဟာ ယနေ့အချိန်အထိ ''ငွေဟောင်းပြား''တွေကို အသုံးပြုနေဆဲဖြစ်ပါတယ်။ အင်္ဂလိပ်ခေတ်က သုံးစွဲခဲ့ကြတဲ့ ဂျော့ခေါင်း(ဂျော့ဂေါင်း) ဒင်္ဂါးတွေကို တစ်ဦးနဲ့တစ်ဦး တစ်ရွာနဲ့တစ်ရွာ ရောင်းဝယ်ကြရာမှာ သုံးစွဲနေကြတုန်းပါ။

{ ဆောင်းပါးရှင် ။          ။ မောင်လွမ်းနောင် (မြင်းခြံ) }

              မြန်မာငွေကြေးကို ခိုင်မာမှုမရှိဘူး လို့ ယူဆထားကြပါတယ်။ ငွေဒင်္ဂါးဆိုတာကတော့ ရေစိုလည်း ဘာမှမဖြစ်၊ မြေထဲမှာ သိမ်းထားလို့လည်း ဖြစ်တာကိုး။ ဘိန်းအရောင်းအဝယ် ငွေချေရာမှာ သာမက ကျွဲ၊ နွား၊ စပါး၊ အိမ် အစရှိတာတွေကို ငွေချေရောင်းဝယ်တဲ့ နေရာတွေမှာလည်း တွင်ကျယ်စွာ သုံးစွဲခဲ့ကြပါတယ်။

             အဲဒါ ဟိုးတုန်းခေတ်က အကြောင်းပြောတာနော်၊ အခုခေတ် ဘိန်း မရှိတော့ဘူး ယာမား ပဲရှိတယ် အဲလေ ယောင်လို့။ သူများနိုင်ငံမှာ ပြောတာပါ။ ဒီအရောင်းအဝယ်တွေမှာ တွင်ကျယ်ခဲ့တဲ့ ဒင်္ဂါးတွေကို ငွေဟောင်းပြား လို့ပဲ အားလုံးက ခေါ်ဝေါ်ကြပါတယ်။ ငွေဟောင်းပြားတွေကို မြို့ပေါ်လာတဲ့ အခါမှသာ မြို့ပေါ်သုံးတဲ့ ငွေကြေးနဲ့ လဲလှယ်သုံးစွဲဝယ်ယူကြပါတယ်။ အခုအချိန်ထိအောင် သုံးစွဲနေကြတုန်းပါ။တရားမဝင်ငွေကြေး ကြေငြာချင်သလောက်ကြေငြာ သူတို့ ဒုက္ခမရောက်ဘူး၊ လက်ထဲငွေတွေ မမိနိုင်ဘူး။ အဲလိုငွေဟောင်းပြား၊ ထိုင်းဘတ်ငွေ၊ တရုတ်ယွမ်ငွေနဲ့ ဒေါ်လာ တို့ကို လဲလှယ်ပေးတဲ့ ဆိုင်တွေလည်း အများအပြားရှိကြပါတယ်။

               ဒီဆိုင်တွေဟာလည်း ငွေဈေး အတက်အကျအပေါ် မူတည်ပြီး စားကြရပါတယ်။ ငွေလဲတဲ့ဈေးနှုန်း ထိုးကျတဲ့ အခါမျိုးဆိုရင်တော့ ခွက်ခွက်လန်အောင် အရှုံးကြီး ရှုံးတတ်ကြပါတယ်။ ငွေရှိယုံနဲ့မပြီးဘဲ ငွေဈေးအတက်အကျနဲ့ နိုင်ငံရေးဂယက် ရွှေဈေး စတာတွေကလည်း ဂယက်ရိုက်တတ်လို့ ငွေလဲ အရောင်းအဝယ် လုပ်သူတွေဟာ အမြဲမျက်ခြေမပြတ်ရှိနေရပါတယ်။ အဲဒီဆိုင်တွေကနေ တခါတရံ ဒေါင်းဒင်္ဂါး၊ အင်ဒိုချိုင်းနားသုံး ပြင်သစ်ဒင်္ဂါး၊ ရှေးဟောင်း တရုတ်ဒင်္ဂါး စတာတွေကို ရရှိတတ်ပါတယ်။

                ထူးဆန်းတဲ့အရုပ်လေးတွေ နဲ့ ငွေထည်တချို့ကိုလည်း ရတတ်ပါသေးတယ်၊ ဈေးနှုန်းကတော့ မချိုတတ်ပါ။မိုင်းဖြတ်မြို့လွန်တာနဲ့ ထိုင်းဘတ်ငွေကိုပဲ လက်ခံသုံးစွဲကြပါတော့တယ်။ တာချီလိတ်မှာဆိုရင်တော့ မြန်မာငွေကို လုံးဝမသုံးစွဲကြတော့ပါဘူး။ မိုင်းလားနယ်ဘက်မှာတော့ တရုတ်ယွမ်ငွေပဲ သုံးပါတယ်။ ကားတွေလေလံပစ်တော့ ထိုင်းက အကြီးအကျယ်ပွပေါက်တိုးပါတော့တယ်။ ကားဟောင်းတွေ အခွံစွပ်ဖို့ ထိုင်းကနေဝယ်ကြရပါတယ်။ ကားဈေးတွေလည်းချက်ခြင်းခုန်တက်၊ ငွေလဲလှယ်နှုန်းတွေမှာလည်း မြန်မာငွေဈေးတွေချက်ခြင်းကျ နဲ့ မိအေးအကြိမ်ကြိမ်ကို နာခဲ့ပါတယ်။

                  ဆိုင်ကယ်တွေ လိုင်စင်ဖွင့်ပြန်တော့လည်း ထိုင်းက ရိုက်စားခွင် မိသွားပြန်ပါတယ်။ ဟမ်းဖုန်းတွေ ချပေးပြန်တော့လည်း ထိုင်းကနေ ဟမ်းဆက်တွေဝယ်ရပြန်ပါတယ်။ ဒီလိုပါပဲ တရုတ်ပြည်ကလည်း အကြိမ်ကြိမ်ကို ပွပေါက်တိုးခဲ့ပါတယ်။ မြန်မာပြည်က ကုန်ချောမထုတ်နိုင်တဲ့ နိုင်ငံဆိုတော့ ပြည်ပအားကိုး ပုဆိန်ရိုးတွေ ဖြစ်ကုန်တာပေါ့။ ပြောရမယ်ဆိုရင်တော့ မြန်မာပြည်က မူဝါဒအလွဲအမှားတွေဖြစ်လေ၊ လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေမှားလေ ဘေးကကျား ချောင်းသလိုချောင်းနေတဲ့ စားဖါးနိုင်ငံတွေ ကောင်းစားလေပါ။

                     လူတွေရဲ့ လက်ထဲမှာတော့ ငွေကြေးက မရှိတော့ပါဘူး၊ ကားဆိုလည်းကား၊ ဆိုင်ကယ်ဆိုလည်း ဆိုင်ကယ် ဝယ်ပြီး လိုင်စင်ထည့်၊ သုံးဘီးဆိုင်ကယ် 'ဆမ်လော'့တွေ လိုင်စင်ပေးမယ် ဆိုတော့လည်း ဝယ်ထည့်၊ ဖုန်းဆိုတော့လည်း ဖုန်း ဖုန်းနဲ့ရူးကြပြန်တော့ ဘယ်မှာငွေရှိကြတော့မှာတုန်း။ ကျနော်တောင် ဒုက္ခတွေခံပြီး ကားလေလံတွေဝင်ဆွဲခဲ့သေး၊ ရူးတဲ့အထဲ ကျနော်လည်းပါခဲ့တာပေါ့။ ကားနဲ့ပတ်သက်ရင် အကျိုးမပေးဘူး အကြိမ်ကြိမ်ကို ရှုံးဖူးတယ်။ အလကားနေ လူတန်းစားပေါင်းစုံ အလွှာပေါင်းစုံက လူတွေ မွဲတေအောင် လုပ်ခဲ့ကြတယ်။

                      ဟဲဟဲ....တော်ပါပြီ ဘယ်တွေရောက်ကုန်မှန်းကို မသိတော့ပါဘူး။ ကျနော်က စာရေးအရမ်းပျင်းတယ် သူများရေးတဲ့စာပဲ ဖတ်ချင်တဲ့ကောင်ဗျ။ သိသလောက်သာ ရေးရရင်တော့ ဘာအလုပ်မှကို လုပ်ရတော့မှာ မဟုတ်တော့ပါဘူးဗျာ။ စိတ်အားတဲ့ အခါမှာတော့ ဝေးလံခေါင်ဖျားတဲ့ ရွာတွေ အများကြီး ဒီနယ်မြေထဲမှာ ရှိနေတဲ့အကြောင်း၊ ကိုယ်နိုင်ငံကို အုပ်ချုပ်သူ ဘယ်သူတွေဆိုတာတောင် မသိသူတွေ အများကြီးကို ရှိနေပါတယ်ဆိုတဲ့အကြောင်း၊ တောင်နှစ်လုံး သုံးလုံးကျော်ပြီးမှ ရောက်နိုင်တဲ့ ရွာတွေအများကြီးကို ရှိနေပါလား ဆိုတာကို ပြောပြချင်ပါသေးတယ်။ နောင်ဘယ်သူတွေ အုပ်ချုပ် အုပ်ချုပ် သူတို့ကတော့ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။

                       မဲထည့်ရင်ရော မမေးနဲ့၊ ပြည်သူ့ဆန္ဒတွေ ဘာတွေလာမပြောနဲ့ ရွာလူကြီးပဲ ကြည့်ထည့်လိုက်ပါလို့ ပြောကြပါလိမ့်မယ်။ ဒါ့ကြောင့်တခါတလေ ဖေ့စ်ဘုတ်ပေါ်က တဖက်နဲ့တဖက် အပြောအဆို အရေးအသားတွေဟာ ရယ်စရာတွေဖြစ်နေပါတယ်။ ဒေသပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ၊ လူတန်းစားပေါင်းစုံ တွေရဲ့ အထဲကို မွှေနှောက်ကြည့်လိုက်ပါ။ သူတို့ရဲ့ အကြောင်းတွေကို လေ့လာကြည့်လိုက်ပါဦး။

ဆောင်းပါးရှင်။      ။ မောင်လွမ်းနောင် (မြင်းခြံ)

မှတ်ချက် ။         ။ အင်္ဂလိပ်ခေတ်ကတည်းက သုံးစွဲခဲ့တဲ့ ငွေကြေးဆိုတော့ သက်တမ်း ၇၀ နီးပါးတော့ ရှိနေပြီ အင်းလေးမှာ အတုလုပ်ပေမယ့် ငွေလဲသူတွေက အခုခေတ်လုပ်တာလား ရှေးကတည်းက ဟာလားဆိုတာကို ငွေပြားချင်းထိခတ်သံ တချွန်ချွန်ကို ကြားယုံနဲ့ ခွဲခြားနိုင်ပါတယ်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~ 
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~