Latest News

Dropdown Menu

Showing posts with label မဇ္ဈိမလူမှုကူညီရေးအသင်း. Show all posts
Showing posts with label မဇ္ဈိမလူမှုကူညီရေးအသင်း. Show all posts

Friday, February 7, 2014

မဇ္ဈိမလူမှုကူညီရေးအသင်း(တာချီလိတ်)မှ အသင်းရုံးခန်းသစ် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် တတိယအကြိမ်မြောက် စာပေဟောပြောပွဲကို စာရေးဆရာ ဦးဘုန်း(ဓါတု) နှင့် စာရေးဆရာ ညီမင်းညို တို့ဖြင့် ဖေဖော်ဝါရီလ(၆)ရက်မှ (၇)ရက်နေ့ထိ နှစ်ညတိုင်တိုင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။


ထိုသို့ ကျင်းပပြုလုပ်ရာမှာ ပထမညနှင့် ဒုတိယညတွင် စာရေးဆရာ ဦးဘုန်း(ဓါတု)မှ "အရပ်ကောင်းမှ အလောင်းလှမယ်"ခေါင်းစဉ်ဖြင့် လည်းကောင်း၊ "ချိုချဉ်"ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောခဲ့ပြီး စာရေးဆရာ ညီမင်းညိုမှ  ပထမညနှင့် ဒုတိယညတွင် "ခေတ်ကိုထင်ဟပ်သော ဝတ္တူများ"ခေါင်းစဉ်ဖြင့် လည်းကောင်း၊ "၂၀၁၅"ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောခဲ့ကြသည်။


အဆိုပါ စာရေးဆရာ နှစ်ဦးတို့သည် မဇ္ဈိမလူမှုကူညီရေးအသင်း(တာချီလိတ်) ဥက္ကဌ ဦးတင့်ဆွေ၏ စီစဉ်ပေးမှုဖြင့် စာပေဟောပြောပွဲ မကျင်းပမီ ဖေဖော်ဝါရီလ(၆)ရက်နေ့ မွန်းလွဲပိုင်းက အ.ထ.က(ဆန်ဆိုင်း)နှင့် အ.ထ.က(ရွှေမဟာ)တို့တွင် ဓါတုဘာသာရပ်နှင့် ဘိုင်အိုဘာသာရပ်တို့ကို (၉)တန်းနှင့်(၁၀)တန်း ကျောင်းသား/သူ စုစုပေါင်း အယောက်(၆၀၀)၀န်းကျင်တို့အား သင်ကြားပြသပေးခဲ့သည်။

ယင်းမတိုင်မီ ဖေဖော်ဝါရီလ(၅)ရက်နေ့ ညပိုင်းက မဇ္ဈိမလူမှုကူညီရေး(တာချီလိတ်)ရုံးတွင် အသင်းရုံးခန်း ဖွင့်ပွဲသို့ ကြိုတင်ရောက်ရှိလာကြသော ထိုင်းနိုင်ငံ မယ်ဆိုင်၊ ချင်းမိုင် နှင့် ချင်းရိုင်းတို့မှ လူမှုကူညီရေးအသင်းများ၊ လာအိုနိုင်ငံမှ လူမှုကူညီရေးအသင်းနှင့် ကျိုင်းတုံမြို့မှ လူမှုကူညီရေးအသင်း အပါအ၀င် တာချီလိတ်မြို့မှ လူမှုကူညီရေးအသင်းများမှ အသင်းသား/သူများကိုလည်း စာပေရေးရာ အသိပညာပေး ဟောပြောမှုကိုလည်း ပြုလုပ်ခဲ့ကြသည်။

ပုံများကိုကြည့်ရန်
မဇ္ဈိမလူမှုကူညီရေးအသင်းမှ ပြုလုပ်သည့် ပထမည စာပေဟောပြောပွဲ
29 photos
မဇ္ဈိမလူမှုကူညီရေးအသင်း၏ နှစ်ညတာ စာပေဟောပြောပွဲ ပြီးမြောက်
35 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ တာချီလိတ်မြို့တွင်  လူမှုအကျိုးပြုလုပ်ငန်းများကို အခမဲ့ စေတနာ မေတ္တာဖြင့် လုပ်ကိုင်ဆောင်ရွက်ပေးနေကြသည့် လူမှုကူညီရေးအသင်း များစွာရှိသည့်အနက် ဖေဖော်ဝါရီလ(၆)ရက် နံနက်(၉း၃၀)နာရီအချိန်က တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စု၊ အာခါဈေးအနောက်ဘက်ရှိ တည်နေရာတွင် မဇ္ဈိမလူမှုကူညီရေးအသင်းမှ အသင်းဖွဲ့စည်းမှု တစ်နှစ်ကျော်ကြာလာခဲ့ပြီးမှ အသင်း၏ ရုံးခန်းသစ်ဖွင့်ခြင်းကို အောင်မြင်စွာဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြသည်။


ထိုသို့ ဖွင့်လှစ်ရာတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ စာရေးဆရာ ဦးဘုန်း(ဓါတု)၊ စာရေးဆရာ ညီမင်းညို နှင့် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး အသင်းမိတ်ဆက်စကားကို အသင်း ဥက္ကဌ ဦးတင့်ဆွေမှ ရှင်းလင်းပြောကြားပြီး မဇ္ဈိမလူမှုကူညီရေးအသင်းအား ထောက်ပံ့ကူညီ လှူဒါန်းခဲ့ကြသော စေတနာရှင် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ကြသည်။


အဆိုပါ ဖွင့်လှစ်ပွဲသို့ တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်စွာလင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး ပါဝင်သည့် ခရိုင်/မြို့နယ်အဆင့်ရှိ ဖိတ်ကြားထားသော ဌာနဆိုင်ရာများအပြင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ “စေတနာ” နာရေးကူညီမှု အသင်း၊ ချင်းရိုင်းမြို့မှ ကရုဏာ နာရေးကူညီရေးအသင်း၊ မယ်ဆိုင်မြို့မှ လူမှုကရုဏာ လူမှုကူညီရေးအသင်း၊ လာအိုနိုင်ငံမှ လာအိုနိုင်ငံရောက်  စေတနာရှင် မြန်မာပရဟိတ လူငယ်လေးများအသင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့မှ နှလုံးလှပိုင်ရှင်များ(အခမဲ့) လူမှုကူညီရေးအသင်း၊ မိုင်းဆတ်မြို့မှ မဇ္ဈိမလူမှုကူညီရေးအသင်း(ရုံးခွဲ) တို့ တက်ရောက်လာခဲ့ကြပြီး တာချီလိတ်မြို့ရှိ လူမှုကူညီရေးအသင်းများမှ အသင်းသား/သူများလည်း တက်ရောက်ခဲ့ကြသည်။


မဇ္ဈိမလူမှုကူညီရေးအသင်းအား ၁၂.၁၂.၂၀၁၂ ခုနှစ်က စတင်၍ တည်ထောင်ခဲ့တာဖြစ်ပြီး ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ(၆)ရက်မှ အသင်းရုံးခန်းသစ်အား ဖွင့်လှစ်နိုင်ခဲ့တာဖြစ်သလို မဇ္ဈိမလူမှုကူညီရေးအသင်းမှ မိုင်းဆတ်မြို့တွင်လည်း မဇ္ဈိမလူမှုကူညီရေးအသင်း(မိုင်းဆတ်) အမည်ဖြင့်ပင် ဖွဲ့စည်းတည်ထောင်၍ လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နေလျှက်ရှိပြီး သဘာဝဘေးအန္တရာယ် ခံစားရသူများ၊ မရှိနွမ်းပါးများအား အ၀တ်အထည်များ ထောက်ပံ့ပေးအပ် လှူဒါန်းနိုင်ရန်အတွက် "ဆိုင်းငံ့ဝတ်စုံ"အမည်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လူမှုကူညီရေးအသင်းတစ်သင်းဖြစ်ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
မဇ္ဈိမလူမှုကူညီရေးအသင်း ရုံးခန်းသစ်ဖွင့်လှစ်
136 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Friday, January 17, 2014

ရှမ်းပြည်နယ်၊ မိုင်းဖြတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ပန်ကျေးရွာအုပ်စု၊ နမ့်ဝိုးထောင်ကျေးရွာတွင် ဇန်န၀ါရီ (၂)ရက်က လူနေအိမ်ခြေများ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၃၈)အိမ်ရှိသည့်အနက် (၂၃)အိမ် မီးလောင်ပြာကျသွားခဲ့သည့်အတွက် မီးဘေးသင့် ကျေးရွာသူ/သားများအား တာချီလိတ်မြို့ရှိ မဇ္ဈိမလူမှုကူညီရေးအသင်းမှ အဓိက ဦးဆောင်၍ စေတနာရှင် အလှူရှင်များဖြင့် စုပေါင်းကာ ဒုတိယအကြိမ်မြောက်အဖြစ် ထောက်ပံ့မှုကို ဇန်န၀ါရီလ(၁၅)ရက်နေ့က သွားရောက် ကူညီပံ့ပိုးခဲ့ကြကြောင်း သိရသည်။


ထိုသို့ သွားရောက်လှူဒါန်းရာတွင် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ ဦးဆောင်သည့် အသင်းသား၊ အသင်းသူ (၃၀)ဦးခန့် နှင့် စေတနာရှင် အလှူရှင်အချို့မှလည်း လိုက်ပါခဲ့ပြီး တာချီလိတ်မြို့ပေါ်ရှိ စေတနာရှင်များမှ အဆိုပါကျေးရွာအတွင်းရှိ အိမ်ခြေ(၃၈)အိမ်မှ မိသားစုဝင်များအတွက် စုပေါင်းလှူဒါန်းသည့် စောင်၊ ဆန်၊ ငါးသေတ္တာ၊ ခေါင်းအုံး၊ ခေါက်ဆွဲခြောက်၊ ရေပုံးမဲ၊ ရေဆွဲပုံး၊ ရေပုံးကြီး၊ ပန်းကန်ပြား၊ ပန်းကန်လုံး၊ ရေခွက်သေး၊ ရေချိုးခွက်၊ ဟင်းခတ်ဇွန်း၊ ဓါးမ၊ ပုဆိန်၊ (၂)လက်မ ရေပိုက်ရှည်+ရေပိုက်ဆက်ပစ္စည်းများ နှင့် ရေသန့်ဗူးများ စသည်တို့ကို မီးဘေးသင့် ရွာသူ/သားများ၏ လက်ဝယ်သို့အရောက် ပံ့ပိုးကူညီပေးအပ် လှူဒါန်းခဲ့ကြသည်။


နမ့်ဝိုးထောင်ကျေးရွာသည် တောင်ထိပ်ပေါ်တွင် တည်ရှိနေပြီး ရေတွင်း၊ ရေကန်ဟူ၍ သိုလှောင်ထားမှု မရှိသည့်အတွက် အရေးပေါ် ရေရရှိရေးနှင့် ကျေးရွာအတွင်း သုံးရေများကို အလွယ်တကူရရှိစေရန်အတွက် (၂)လက်မ ရေပိုက်အချောင်း (၅၀)ကို လှူဒါန်းခဲ့ကြောင်းသိသည်။


အဆိုပါအသင်းမှ မကြာသေးမီကာလက စတင်အကောင်အထည်ဖော်လျှက်ရှိသည့် "ဆိုင်းငံ့ဝတ်စုံ"များကို ကျေးရွာသူ/သားများအား ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။ "ဆိုင်းငံ့ဝတ်စုံများသည်" မိုင်းဖြတ်မီးဘေးသင့် ရွာသူ/သားများအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ စေတနာ နာရေးကူညီမှုအသင်း(ချင်းမိုင်)မှ ပေးအပ်လှုဒါန်းသော အ၀တ်အထည်များနှင့် တာချီလိတ်မြို့မှ ပညာရေးဌာန အပါအ၀င် မြို့ပေါ် စာသင်ကျောင်းများမှ အ၀တ်အထည်များ၊ စေတနာရှင်များမှ လှူဒါန်းသော အ၀တ်အထည်များ စသည်တို့ကို တဆက်တည်း ပံ့ပိုးလှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းလာသည့်အတွက် ကျေးရွာအတွင်းရှိအကြီးအကဲမှ ရွာသူရွာသားများ ကိုယ်စား ကျေးဇူးအထူးတင်ရှိကြောင်း နှင့် မီးလောင်ကျွမ်းသွားသော တဲများကိုလည်း ပေးအပ်လှူဒါန်းလာသော ဓါး၊ ပုဆိန်များဖြင့် သစ် ၀ါးများ ခုတ်ထွင်၍ ကြိုးစားဆောက်လုပ်သွားမည်ဖြစ်ကြောင်း မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေအား ပြောကြားကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
မိုင်းဖြတ်မီးဘေး မဇ္ဈိမလူမှုကူညီရေးအသင်းမှ သွားရောက် လှူဒါန်း
109 photos


~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Monday, October 21, 2013

တာချီလိတ်မြို့ မဇ္ဈိမလူမှုကူညီရေးအသင်း မှ မရှိနွမ်းပါးသူများနှင့် အ၀တ်အစားလိုအပ်နေသူများအတွက် ဖြည့်စွမ်းပေးနိုင်ရန် အထူးရည်ရွယ်ကာ ဆိုင်းငံ့ဝတ်စုံ လက်ခံ/လှူဒါန်းပေးမှု စတင်ခြင်း အခမ်းအနားအား ဖွင့်ပွဲအဖြစ် ၂၀.၁၀.၂၀၁၃ရက် နံနက် ၉နာရီ ၄၅မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ရာ စေတနာရှင် အလှူရှင်များမှ မိမိတို့ မ၀တ်တော့သည်ဖြစ်သော အ၀တ်များကို ဆိုင်းငံ့ဝတ်စုံများအဖြစ် လာရောက် လှူဒါန်းခဲ့ကြပြီး အခမ်းအနားအား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ တက်ရောက် အားပေးခဲ့သည်။


ဆိုင်းငံ့ဝတ်စုံ လက်ခံ/လှူဒါန်းပေးမှု  ဖွင့်ပွဲအခမ်းအနားအား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ တာချီလိတ်မြို့နယ် စာရေးဆရာအသင်း ဥက္ကဌ ဦးထိန်မင်း နှင့် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ မှ ဖွင့်ပွဲပြုလုပ်ရခြင်းနှင့် ဆိုင်းငံ့ဝတ်စုံ လက်ခံ/လှူဒါန်းပေးမှု ကိစ္စနှင့် ပတ်သက်၍ "ဆိုင်းငံ့ဝတ်စုံ ဖြစ်ပေါ်လာပုံမှာ  အီတလီ ကျေးလက်ပုံပြင်လေး တစ်ပုဒ်ဖြစ်သည့် ဆိုင်းငံ့ကော်ဖီ အကြောင်းအရာလေးကို အခြေခံ၍ အကောင်အထည်ဖော်တာဖြစ်ကြောင်း၊ ဆိုင်းငံ့ဝတ်စုံများကို အမှန်တကယ်လိုအပ်သည့်နေရာ ဒေသများသို့ ပို့ဆောင်၍ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် ချိတ်ဆက်ကာ လှူဒါန်းပေးသွားမှာဖြစ်ကြောင်း" ရှင်းလင်း ပြောကြားသွားခဲ့သည်။ ယင်းနောက် တာချီလိတ်မြို့နယ် စာရေးဆရာအသင်း ဥက္ကဌ ဦးထိန်းမင်းမှ ဆိုင်းငံ့ဝတ်စုံ နှင့် ပတ်သက်၍ အမှာစကား ပြောကြားသွားခဲ့သည်။


{ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေမှ ဆိုင်းငံ့ဝတ်စုံ အကြောင်းပြောကြား } 

ဖွင့်ပွဲတွင် တာချီလိတ်မြို့မှ စေတနာရှင် အလှူရှင်များမှ လာရောက်လှူဒါန်းထားသည့် အ၀တ်အထည်များတွင် အမျိုးသား၊ အမျိုးသမီး နှင့် ကလေး အရွယ်ဝတ် အ၀တ်အထည် ၅၂၇ ထည် ရှိကြောင်း သိရသည်။

{ ဆိုင်းငံ့ဝတ်စုံ ဖွင့်ပွဲမှ တာချီလိတ်မြို့နယ် စာရေးဆရာအသင်း ဥက္ကဌ ဦးထိန်မင်း}

"လောလောဆယ် အလှူခံရရှိထားတဲ့ အ၀တ်အထည် ၅၂၇ ထည်ထဲက အထည် ၃၀၀ ကို မြ၀တီမြို့ မီးဘေးဒုက္ခသည်တွေ အတွက် မြ၀တီမြို့စေတနာ နာရေးကူညီမှုအသင်းကနေ တဆင့် ပို့ပြီးတော့ လှူဒါန်းပေးဖို့ ရှိပါတယ်"ဟု မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။


၎င်းမှ ဆက်လက်၍ "မဇ္ဈိမလူမှုကူညီရေးအသင်းကနေပြီးတော့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တာချီလိတ်မြို့ ရှမ်းရိုးမကွင်းထဲမှ မဏ္ဍပ်ထိုးပြီး အ၀တ်အထည်တွေကို ဆိုင်းငံ့ဝတ်စုံ အဖြစ် အလှူခံသွားဖို့ အစီအစဉ်ရှိပါတယ်"ဟု ပြောပြသည်။


မဇ္ဈိမလူမှုကူညီရေးအသင်းအား ၁၂.၁၂.၂၀၁၂ခုနှစ်က စတင်ဖွဲ့စည်း၍ ဥက္ကဌ ဦးတင့်ဆွေမှ တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိတွင် သာရေး၊ နာရေး၊ ကျန်းမာရေးနှင့် လူမှုကူညီရေးများကို
ဖြည့်ဆည်းဆောင်ရွက်ပေးနေသော အသင်းတစ်သင်းဖြစ်ကြောင်း သိရသည်။

ပုံများကိုကြည့်ရန်
မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဆိုင်းငံ့ဝတ်စုံ စတင် အကောင်အထည်ဖော်
27 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Saturday, June 29, 2013

၂၀၁၃ခုနှစ် ဇွန်လ(၅)ရက်နေ့ နေ့လည် (၁)နာရီခန့်က မဇ္ဈိမလူမှုကူညီရေးအသင်းရဲ့ ပြန်ကြားရေးဖုန်းကို ဖုန်းဝင်လာပါသည်။ ဓမ္မသစ္စာဘုန်းကြီးကျောင်းမှ ဆရာတော် ဦးကောဝိဒရဲ့ ဖုန်းဖြစ်နေလို့ အရှင်ဘုရား ဘာများတပည့်တော်တို့အသင်းမှ ကူညီပေးရမလဲလို့ လျှောက်ထားလိုက်တော့ "ဆေးရုံမှာ မီးလောင်ဒဏ်ရာနဲ့ ဒကာတစ်ယောက် ဒုက္ခရောက်ပြီး ဆေးကုသဖို့ အခက်အခဲဒုက္ခရောက်နေတဲ့အတွက် မဇ္ဈိမလူမှုကူညီရေးအသင်းက ကူညီပေးတယ်လို့ကြားရလို့ ဖုန်းဆက်အကူအညီ တောင်းခံတာပါ"လို့ မိန့်ကြားလာတဲ့အတွက် ကျွန်မတို့ အသင်းသူ အသင်းသားတွေ တာချီလိတ်ပြည်သူ့ဆေးရုံကို ရောက်ရှိခဲ့ပြီး လူနာကို သွားရောက်တွေ့ဆုံကြည့်ရှုကြသည်။


လူနာရဲ့ နာမည်က ကိုအေးဝင်းဖြစ်ပြီး အသက် ( ၃၆ ) နှစ်ဖြစ်ပြီး ကိုအေးဝင်းဟာ နတ်မောက်မြို့သား၊ ရှမ်းပြည်နယ် မိုင်းဆတ်မြို့မှာ သွားရောက်အလုပ်လုပ်တဲ့သူဖြစ်သည်။ ညနေပိုင်း မှောင်စပြိုးတဲ့အချိန် သူနေတဲ့ တဲလေးမှာ သူငယ်ချင်း(၂)ယောက် ထမင်းစားမလို့ လုပ်ကြသည်။ ထုံးစံအတိုင်း အသောက်အစားရှိတဲ့သူဖြစ်တဲ့အတွက် အရက်သောက်ရင်း မှောင်လာပြီဖြစ်လို့ မီးခွက်မီးထွန်းဖို့ လုပ်တော့ မီးခွက်ထဲမှာ ဆီမရှိတဲ့အတွက် ဓါတ်ဆီကို မီးခွက်ထဲ ထည့်ထွန်းဖို့လောင်းထည့်နေပါသည်။ သူငယ်ချင်း (၂)ယောက်မှ တစ်ယောက်က မီးမမြင်ရလို့ မီးခြစ် ခြစ်လိုက်တော့သည်။

 အဲ့ဒီအချိန်မှာ ဓာတ်ဆီထည့်နေတဲ့ အတွက် မီးခြစ် ခြစ်လိုက်ခြင်းကနေ မီးစွဲလောင်ခဲ့သည်။လက်ထဲမှ လောင်နေတဲ့ မီးခွက်ကို ပစ်ချလိုက်တော့ ကိုအေးဝင်းရဲ့ ကျောပေါ်ကို ဓာတ်ဆီနဲ့ မီးလောင်းချလိုက်သလို ဖြစ်သွားတဲ့အတွက် ကိုအေးဝင်းရဲ့ကျောပေါ်မှာ မီးတောက်ကြီးတောက်လောင်နေခဲ့ပါသည်။

 ဒါ့အပြင် ၎င်းတို့နေတဲ့ တဲအိမ်လေးပါ လောင်မြိုက်ခဲ့ရသည်။ ကိုအေးဝင်းဟာ မီးလောင်လျက် လျှောက်ပြေးနေပြီး လူတွေရောက်တဲ့အချိန်မှာ မြေပေါ်မှာ လူးလိမ့်လိုက်တဲ့အတွက် ကျောပေါ်မှာ လောင်နေတဲ့မီး ငြိမ်းသွားခဲ့သည်။ နောက်တော့ မိုင်းဆတ်ပြည်သူ့ ဆေးရုံမှာ ဆေးရုံတက်ကုသခဲ့ရပါသည်။။

မီးလောင်ခံရတဲ့ ကိုအေးဝင်းက "နောက်ကျောမီးလောင်ဒဏ်ရာကို ဆရာမတွေက ဆေးစည်းဖို့ အရေခွံခွာလိုက်တော့ သွေးစိမ်းရှင်ရှင်တွေ ထွက်တာပေါ့။ နာလိုက်တာ မျက်ရည်တောင်ကျပါတယ်။ တချိန်တည်းမှာပဲ အတွေးရလိုက်တာက တချိန်က နတ်မောက်မှာ နေခဲ့တုန်းက ကိုအေးဝင်းဟာ နွားသတ်တဲ့ အလုပ်ကိုလုပ်ခဲ့တဲ့သူဖြစ်ပါတယ်။ နွားသတ်ခဲ့တဲ့ အချိန်ကလည်း ဒီလိုပဲ နွားရဲ့ကျောက အရေခွံတွေကို ဒီလိုပဲ ဆုတ်ခွာခဲ့ဖူးပါတယ်"ဟု ပြောပါသည်။

ဒီအချိန်မှာ ကိုအေးဝင်းအနေဖြင့် သူ့ရဲ့နောက်ကျောက ဒဏ်ရာ နာကျင်တဲ့ဒဏ်ကို သူမငိုတော့ဘဲ နောင်တ အသိဝင်ခဲ့မိသည်။ ဝဋ်ဆိုတာ ချက်ခြင်း ပြန်လည်တယ်လို့ သိလိုက်ရချိန်မှာ ငါဟာ သူ့အသက်ကိုသတ်ပြီး သူ့ကျောက အရေခွံကို ဆုတ်ခွာခဲ့မိတဲ့ ဝဋ်ဟာ ငါအခုကို မီးလောင်ပြီး ဒဏ်ရာကို အရေခွံဆုတ်ခွာခံနေရတဲ့ နာကျင်မှုဟာ ဝဋ်ကြွေးပြန်ဆပ်နေရတာပဲလို့ သိလိုက်ရချိန်မှာ နောင်တအကြီးအကျယ်ရပြီး နာကျင်မှုကို အံကြိတ်ခံလို့ ဝဋ်ကြွေးဆပ်ရတယ် အသိကို သိလိုက်ရပါသည်။

 မိုင်းဆတ်ဆေးရုံမှာ မသက်သာတဲ့အတွက် တာချီလိတ်ပြည်သူ့ဆေးရုံမှာ ဆက်လက်ကုသဖို့ ရောက်ရှိခဲ့သည်။ တာချီလိတ်ဆေးရုံရောက်တော့ ထပ်မံ ဒဏ်ရာတွေ ဆေးကြောသန့်စင်ဖို့ နောက်ကျောပြင်က အရေခွံအမည်းတွေ ထပ်ခွာခံရပြန်သည်။

ဒီအချိန်မှာတော့ ကိုအေးဝင်းဟာ နောင်တတွေနဲ့အတူ ဝဋ်ကြွေးကို မျက်ရည်မကျဘဲ အံကြိတ်လို့ ပေးဆပ်ခဲ့ရပြန်သည်။ တာချီလိတ်မြို့ မဇ္ဈိမလူမှုကူညီရေးအသင်းရဲ့ကူညီစောင့်ရှောက်မှုကို ကိုအေးဝင်း တွေ့လိုက်ရတော့ ဒီမဇ္ဈိမလူမှုကူညီရေးအသင်းသာ သူ့ကို မကူညီခဲ့ရင် သူဟာဆေးဆက်ကုသဖို့ မတတ်နိုင်တဲ့အတွက် အသက်ရှင်ဖို့ မလွယ်ကြောင်းပြောပြီး ကျေးဇူးတင်လွန်းလို့ ဒီအသင်းဟာ သူ့ကို အမြင်မှန်တွေ ရစေခဲ့တဲ့အတွက် ဆရာတော်ဦးကောဝိဒ စမ္မသစ္စာမြန်မာရွာဘုန်းကြီးကျောင်းထံမှာ ရာသက်ပန်သူ့တပါးရဲ့ အသက်မသတ်တော့ကြောင်း၊ အရက်ကိုလည်း ရာသက်ပန် မသောက်ဘဲ လှူကြောင်းပြောလာသည်။ ဆရာတော်လည်း ဝမ်းသာလွန်းလို့ ဒီအသင်းရဲ့ ကူညီမှုကြောင့် သူ့ဒကာ ကိုအေးဝင်း အမြင်မှန်ရသွားတာမို့ ကျေးဇူးတင်ကြောင်းပြောသည်။

ဒီလိုပါပဲ ကျွန်မတို့ အသင်းကြီးရဲ့ ကိုယ်စား ဥက္ကဌ ဦးတင့်ဆွေရဲ့ စေတနာမေတ္တာတွေနဲ့အတူ ပေးဆပ်ကူညီခွင့်ရတဲ့အတွက် ကိုအေးဝင်းရဲ့ ရာသက်ပန်စောင့်ထိန်းတော့မဲ့ သီလ(၂)ပါးအတွက် ဝမ်းသာပီတိဖြစ်ရပါသည်။

ကိုအေးဝင်းရလိုက်တဲ့ သတိနဲ့ အသိဟာ အမှန်တရားပါပဲ။ သတိမရှိတဲ့ အတွက် မီးလောင်သည်၊ အသိမရှိတဲ့အတွက် တိရိစ္ဆာန်ရဲ့ အသက်ကိုသတ်ခဲ့ပြီး ဝမ်းစာရှာခဲ့သည်။ ဒါတွေကြောင့် ဝဋ်ကြွေးဟာ ခုဘဝမှာတင် ပြန်ဆပ်ခဲ့ရသည်။ ကြောက်စရာကောင်းတဲ့ ဝဋ်ကြွေးပါ။ အခု သတိ-တရားနဲ့ ဆင်ခြင်ပြီး အသိတရားတွေရှိလာတဲ့အတွက် ကျွန်မတို့ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌဦးတင့်ဆွေနဲ့တကွ ကျွန်မတို့ အသင်းသူ အသင်းသားအားလုံးက ကိုအေးဝင်းအတွက် နှိုင်းမရတဲ့ ပိတီဖြစ်ရပါသည်။

ကိုအေးဝင်းတစ်ယောက် အမြန်ဆုံး ဒဏ်ရာတွေပျောက်ပြီး သတိလေးနဲ့အသိတရားတွေကို ရာသက်ပန် ထိန်းသွားတော့မယ်ဆိုတဲ့ စကားကို ကြားရတဲ့အတွက် ကျွန်မတို့မဇ္ဈိမလူမှုရေးကူညီရေး အသင်းကြီး ကလည်း စွမ်းသမျှအကုန်ပေးဆပ်နေအုန်းမှာပါပဲ။ လူသားအားလုံးစာနာစိတ်နဲ့ သတိနဲ့အသိ ရှိနိုင်ကြပါစေ။


ဆောင်းပါးရှင်။      ။ ဒေါ်သန်းသန်းဌေး(မဇ္ဈိမလူမှုကူညီရေးအသင်း)

မှတ်ချက်။ ။ ပုံများသည် ဆောင်းပါရှင်မှ လူနာအား သွားရောက်ကြည့်ရှုစဉ်ဖြစ်ပါသည်။

Flag Counter


Saturday, June 22, 2013

ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ ခေမရဋ္ဌဗျာဒိတ်တော်ပေးရပ်တော်မူဘုရားကြီးအား ကိုယ်လုံးတော်ပြည့် ရွှေသင်္ဃန်းကပ်လှူပူဇော်မည်ဖြစ်ရာ တာချီလိတ်မြို့ရှိ မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေ အပါအ၀င် အသင်းသား/သူ (၂၇)ဦးတို့ ရွှေပြား(၈၁)ချပ်ကို ဇွန်လ(၂၁)ရက်နေ့က သွားရောက်လှူဒါန်းကြောင်း သိရသည်။


ထိုသို့လှူဒါန်းရာမှာ ဇွန်လ(၁၉)ရက်နေ့က ပြုလုပ်သော မဇ္ဈိမလူမှုကူညီရေးအသင်း၏ (၆)လပြည့် ဂုဏ်ပြုညစာ စားပွဲတွင် တက်ရောက်လာသည့် အသင်းသား/သူ (၆၅)ဦးအတွက် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တစ်ဦးလျှင် ရွှေပြားတစ်ချပ်နှုန်းဖြင့် စုစုပေါင်း ကျပ်နှစ်ဆယ့်နှစ်သိန်း ခုနှစ်သောင်းငါးထောင်ကျပ်(၂၂၇၅၀၀၀) တန်ဖိုးရှိသော ရွှေပြား(၆၅)ချပ်အား လှူဒါန်းပေးပြီး အဆိုပါအသင်းသူ/သားများနှင့် တာချီလိတ်မြို့ရှိ အလှူရှင်များမှ စုပေါင်း၍ ကောက်ခံရရှိသော ရွှေပြား(၁၆)ပြား တန်ဖိုးရှိသည့် အလှူငွေ (၄၆၈၀၀၀)ကျပ်နှင့် (၂၅၉၀)ဘတ်တို့အား လှူဒါန်းရာ စုစုပေါင်း ရွှေပြား(၈၁)ချပ်အား ဥက္ကဌ ဦးတင့်ဆွေမှ ဂေါပက ဦးတင်မောင်အေး ထံ ပေးအပ်လှူဒါန်းခဲ့ကြသည်။


တစ်ဆက်တည်းမှာပင် တရားတော်ဟောကြားရန်ကြွတော်မူလာသည့် ဆရာတော်များ သီတင်းသုံးနိုင်ရန်အတွက် ရပ်တော်မူကုန်း တောင်တန်း သာသနာပြုကျောင်း၌ ဆောက်လုပ်နေဆဲဖြစ်သည့် ကျောင်းဆောင်အတွက် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေမှ ကျပ်ငွေသိန်း(၂၀)ကို ကျောင်းထိုင်ဆရာတော် ထံ ဆက်ကပ်လှူဒါန်းခဲ့သည်။


ခေမရဋ္ဌဗျာဒိတ်တော်ပေးရပ်တော်မူဘုရားကြီးအား ကိုယ်လုံးတော်ပြည့် ရွှေသင်္ဃန်းကပ်လှူပူဇော်မည်ဖြစ်ရာ ရွှေသင်္ကန်းတစ်ချပ်လျှင် (၃၅၀၀၀)ကျပ် ဖြစ်ပြီး ပါဝင်ကုသိုလ်ယူ လှူဒါန်းလိုသူများအနေဖြင့်လည်း ရပ်တော်မူကုန်းရှိ ဂေါပက အဖွဲ့ထံသို့ သွားရောက် လှူဒါန်းနိုင်ကြောင်း သိရသည်။

ဆက်လက်ပြီး မဇ္ဈိမလူမှုကူညီရေးအသင်းမှ ထိုင်းဘတ်ငွေ (၂၁၀၀၀)တန်ဖိုးရှိသော စတီးအခေါင်းတစ်လုံးအား  ကျိုင်းတုံမြို့ရှိ နှလုံးလှပိုင်ရှင်များ(အခမဲ့)လူမှုကူညီရေးအသင်းသို့ ပံ့ပိုး လှူဒါန်းခဲ့ကြောင်းလည်း သိရှိရသည်။

ပုံများကိုကြည့်ရန်
ကျိုင်းတုံမြို့ ခေမရဋ္ဌဗျာဒိတ်တော်ပေးရပ်တော်မူဘုရားကြီး ရွှေသင်္ကန်းလှူ
24 photos

Sunday, June 16, 2013

လာမည့် ၂၀၁၃ခုနှစ် ဇူလိုင်လ(၇)ရက်နေ့သည် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ဖြစ်ရာ တာချီလိတ်မြို့ရှိ မဇ္ဈိမလူမှုကူညီရေးအသင်းမှ အဆိုပါနေ့၌ ကျောင်းများနှင့်ဆေးရုံများအပါအ၀င် သစ်ပင်စိုက်ပျိုးလိုသူများ အနေဖြင့် ဆက်သွယ်အကူအညီတောင်းလာပါက သစ်ပင်များစိုက်ပျိုးပေးမှာဖြစ်ကြောင်း သိရသည်။

မဇ္ဈိမလူမှုကူညီရေးအသင်းမှ ကျွန်း၊ မယ်ဇလီ၊ ယူကလစ်၊ ဗန်ဒါ၊ ကံ့ကော်၊ ခရေ၊ ပျဉ်းမ၊ ယင်းမာ၊ မန်ကျည်း၊ ပိတောက်၊ စွယ်တော်၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ စိန်တံချူ နှင့် ပြည်ပန်းညို စသည့် သစ်ပင်များကို စိုက်ပျိုးပေးမှာဖြစ်ပြီး ဇူလိုင်လ(၇)ရက်နေ့မတိုင်မီ (၅)ရက်အလို၌ မိမိတို့ စိုက်ပျိုးလိုသော သစ်ပင်များကိုရွေးချယ်၍ မဇ္ဈိမလူမှုကူညီရေးအသင်း၏ ဖုန်းနံပါတ်သို့ ဆက်သွယ်ကာ စာရင်းပေးနိုင်ကြောင်းနှင့် သစ်ပင်များကို စိုက်ပျိုးပေးပြီးသည့်နောက်ပိုင်းမှာ ဆက်လက်ရှင်သန်စေဖို့ကိုတော့ မိမိတို့ကိုယ်တိုင်သာ တာဝန်ယူရမှာဖြစ်ကြောင်း သိရသည်။

ယခုလို သစ်ပင်များစိုက်ပေးမှုနှင့်ပတ်သက်၍ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေမှ "သဘာဝသယံဇာတ အရင်းအမြစ်များနဲ့ ကမ္ဘာမြေ စိုပြည်ရေးအတွက်ဖြစ်သလို  သဘာဝပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြည်တည်တံ့ရေးအတွက် တစ်ဖက်တစ်လမ်းကနေ ၀ိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးကြတဲ့ အနေနဲ့ အခုလို ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့မှာ သစ်ပင်တွေ လိုက်စိုက်ပေးဖို့ ရည်ရွယ်ထားပါတယ်၊ အခု စိုက်ပျိုးပေးမဲ့ သစ်ပင်တွေကိုတော့ သစ်တောဦးစီးဌာနက ဖြန့်ဝေပေးတဲ့ သစ်ပင်တွေကို ရယူပြီး စိုက်ပျိုးပေးမှာပါ၊ အားလုံးလည်း အဲ့ဒီနေ့မှာ ကျွန်တော်တို့နဲ့အတူ လာရောက်ပူးပေါင်း လုပ်ဆောင်ကြဖို့လည်း ဖိတ်ခေါ်ပါရစေ"ဟု ပြောဆိုလာသည်။

သစ်ပင်စိုက်ပျိုးလိုသူများအနေဖြင့် အသေးစိပ်သိရှိနိုင်ရန်အတွက် မဇ္ဈိမလူမှုကူညီရေးအသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ရန်မှာ -


မဇ္ဈိမ လူမှုကူညီရေးအသင်း (တာချီလိတ်မြို့)
မှတ်(၇၅)| ၀ိန်းကျောက်| ဟောင်လိတ်အုပ်စု| တာချီလိတ်မြို့ (ယာယီရုံးခန်း)
(မြန်မာဖုန်း) 094 580 43760 ( အသင်းဖုန်း )
(ထိုင်းဖုန်း) 0873052999 ( အသင်းဖုန်း )
www.mizzimasas.com
www.facebook.com/MizzimaSAS


 ဦးတင့်ဆွေ ( ဥက္ကဌ |  မဇ္ဈိမလူမှုကူညီရေးအသင်း )
( မြန်မာဖုန်း ) 095 241342
( ထိုင်းဖုန်း ) 089 4343777



Wednesday, May 29, 2013

တာချီလိတ်မြို့နယ် ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ အပါအ၀င် အမာခံအသင်းသူ အသင်းသားတို့သည် တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)အုပ်စု ပါဆာ/ဆမ်ဖူးကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဒေသခံ ရှမ်းတိုင်းရင်းသား ကျောင်းနေအရွယ် ကလေးသူငယ်များအတွက် လိုအပ်သည့် ပညာရေးကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် သွားရောက်ခဲ့ကြကြောင်း သိရသည်။

{ ကျောင်းအတွက် အလံလှူ }

အဆိုပါအဖွဲ့တို့သည် ပါဆာ/ဆမ်ဖူးကျေးရွာသို့ သွားရောက်ပြီး ကျောင်း၏အခြေအနေ နှင့် ကလေးသူငယ်များ၏ အခြေအနေများကို လေ့လာကြည့်ရှုခဲ့ကြပြီး ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ အပါအ၀င် အမာခံအသင်းသူ အသင်းသားတို့က ကျောင်းအတွက် အလံ နှင့် ကလေးသူငယ်များအတွက် ကျောင်းသုံးဗလာစာအုပ်များကို ပေးဝေခဲ့ကြပြီး ကျောင်းတွင် လက်ရှိကျောင်းအုပ်ဆရာမကြီးနှင့်အတူ တွဲဖက်ခန့်အပ်ထားနိုင်ရန်အတွက် ဆရာမ ဒေါ်နှင်းအိဖြူကိုလည်း ကျောင်းသားမိဘများနှင့် မိတ်ဆက်ပေးခဲ့ကြသည်။

{ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့်  မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေတို့မှ စာအုပ်လှူ}

မေလ(၂၃)ရက်နေ့က မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ နှင့် အသင်းသားတစ်ချို့သည် မိုင်းဖုန်း(က)အုပ်စုဘက်သို့ ပညာရေးနှင့်ပတ်သက်သည့် လိုအပ်ချက်များကို ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် သွားရောက်ခဲ့ရာမှ အဆိုပါကျောင်းတွင် စာသင်ကြားပေးနိုင်ရန်အတွက် ဆရာ/မ လိုအပ်နေကြောင်းကို သိရှိရ၍ မေလ(၂၈)ရက်နေ့ နေ့လည်ပိုင်းက ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့်တွေ့ဆုံကာ အဆိုပါကိစ္စအား ပြောဆိုဆွေးနွေးကြပြီးနောက် ယနေ့မှာ ပါဆာ/ဆမ်ဖူးကျေးရွာရှိ မူလတန်းကျောင်းသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။


ပါဆာ/ဆမ်ဖူးကျေးရွာရှိ ရွာသူကြီး ဦးအိုက်ကောင်၏ ပြောဆိုချက်အရ မိုင်းဖုန်း(က)အုပ်စု ပါဆာ/ဆမ်ဖူးကျေးရွာရှိ မူလတန်းကျောင်းတွင် ယခင်နှစ်က စာသင်ကြားပေးနေသော ဆရာမမှာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဌေး တစ်ဦးတည်းသာရှိနေပြီး ကျောင်းအုပ်ဆရာမကြီးမှာ ကျန်းမာရေးအရ ဆေးဝါးကုသမှုမျိုးနှင့်ကြုံလာသည့်အခါမျိုးတွင် ကျောင်းပိတ်သွားခဲ့ပြီး ခွင့်ယူရတာမျိုးလည်းရှိခဲ့သည်။ ထိုအခါမျိုး၌ ကျောင်းသား/သူ ကလေးသူငယ်များမှာ ဆရာမ အပိုမရှိ၍ ကျောင်းပျက်ရက် တစ်ချို့နှင့် ကြုံရသည်ဟု သိရသည်။

 အဆိုပါကျောင်းတွင် ယခင်က ဆရာမ တစ်ဦးတည်းသာ ရှိနေပြီး ကျောင်းသာ/သူ အရေအတွက်မှာ (၄၀)ခန့်ရှိပြီး ပါဆာ/ဆမ်ဖူးကျေးရွာတွင် အိမ်ခြေ(၈၀)နှင့် လူဦးရေ(၃၄၀)ကျော် နေထိုင်ကြောင်း သိရသည်။

ပါဆာ/ဆမ်ဖူးကျေးရွာမှ အပြန်တွင် ၀မ်ပုံရှိ မူလွန်ကျောင်းသို့ဝင်ရောက်ကာ မြို့နယ် ပညာရေးမှူး ဦးစိန်ထွန်းလှမှ ကျောင်းအတွင်းရှိ ဆရာ/မများနှင့် မဇ္ဈိမလူမှုကူညီရေးအသင်းအား မိတ်ဆက်ပေးပြီး ကျောင်း၏ အခြေအနေအား ကြည့်ရှု့ခဲ့ကြပြီးနောက်  မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေမှ ကျောင်းအတွက် (၂၀၀၀)ဘတ်ကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းအေး နှင့် ဆရာ/မများထံ ပေးအပ်လှူဒါန်းခဲ့ကြသည်။ အဆိုပါကျောင်းတွင်လည်း ဆရာမ(၆)ဦး ဆရာ(၁)ဦးနှင့် ကျောင်းသား/သူ အရေအတွက်မှာ (၂၀၀)ခန့်ရှိကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
မြို့နယ်ပညာရေး နှင့် မဇ္ဈိမလူမှုကူညီရေးအသင်းတို့မှ မိုင်းဖုန်းသို့
50 photos


Sunday, April 28, 2013



ဦးကျော်သူ၏ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပြုလုပ်သော ပရဟိတအသင်းများ စွမ်းဆောင်ရည်မြှင့်သင်တန်း အမှတ်စဉ် (1/13)အား (၂၇.၄.၂၀၁၃)ရက်နေ့မှ (၄.၅.၂၀၁၃)ရက်နေ့ထိ  သင်တန်းဖွင့်လှစ်ရာ တာချီလိတ်မြို့ရှိ မဇ္ဈိမလူမှုညီကူညီရေးအသင်း မှ အသင်းသား အသင်းသူ (၂)ဦး နှင့် မယ်ဆိုင်မြို့ရှိ လူမှုဂရုဏာအသင်း မှ အသင်းသား တစ်ဦးတို့သည် ဧပြီလ(၂၅) ရက်နေ့က ရန်ကုန်သို့ သွားရောက် သင်တန်းတက်လျှက်ရှိကြောင်း သိရသည်။

 { နာရေးကူညီမှုအသင်း[ရန်ကုန်]တွင် သင်တန်းပို့ချ}

ဧပြီလ(၂၇)ရက်နေ့မှ မေလ(၄)ရက်နေ့ထိ သင်ကြားပို့ချမည့် သင်တန်းတွင် ဆရာ အလင်းဆက်မှ နိုင်ငံတကာဆက်ဆံရေး အသွင်အပြင်သစ်များ၊ ဆရာမ ဒေါ်မြင့်မြင့်ခင်ဖေမှ ဗုဒ္ဓဓမ္မနှင့်ပရဟိတ၊ ဆရာမ အေးမြလှိုင် The Sun မှ Critical Thinking၊ ဆရာမ ဒေါ်သန်းမြင့်အောင်မှ လူငယ်နှင့်ပရဟိတ ၊ စားသုံးသူအခွင့်အရေး၊ ဆရာနေလင်းအောင်မှ အသင်းအဖွဲ့အတွင်း ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ၊ ဆရာ ဦးဖူးကျော်ဇင်မှ Leadership Skills၊ ဆရာ ဦးသန်းနိုင်မှ သန့်စင်သော ရေရရှိရန် ပြုလုပ်ပုံအဆင့်ဆင့်၊ ဆရာမ ဒေါ်သီတာမှ Working In Group နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ကြက်ခြေနီအဖွဲ့မှ အရေးပေါ် ရှေးဦးသူနာပြုစုနည်းများကို သင်ကြားပေးသွားမှာ ဖြစ်ကြောင်းသိရသည်။

{ အသင်းသားများအား စနစ်တကျ အစားအသောက်များယူဆောင်နေပုံ }

ဧပြီလအတွင်းက တာချီလိတ်မြို့သို့ ရောက်ရှိလာခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌဖြစ်သူ ဦးကျော်သူသည် တစ်မြို့နယ်တွင် သင်တန်းသား(၂)ဦး လက်ခံကြောင်း ရန်ကုန်သို့ လာရောက်မည်ဆိုပါက လမ်းစရိတ်သာ အကုန်အကျခံစေလိုပြီး ၎င်းတို့အနေဖြင့် နေစရိတ် စားစရိတ်နှင့် သင်တန်းပြီးသည်အထိ တာဝန်ယူမှာဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

သင်တန်းတက်ရောက်နိုင်ရန်အတွက် မဇ္ဈိမလူမှုကူညီရေးသင်းမှ ဥက္ကဌဖြစ်သူ ဦးတင့်ဆွေ၏ တောင်းဆိုချက်အရ သင်တန်းသို့ နှစ်ဦးအထက် စေလွှတ်နိုင်ခဲ့ပြီး သင်တန်းသွားတက်သူ (၃)ဦးအတွက် လမ်းစရိတ်ကိုလည်း မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေက အကုန်အကျခံကာ ပို့ဆောင်ပေးတာဖြစ်ကြောင်းလည်း သိရသည်။

{ သင်တန်းပို့ချနေကြစဉ်}

မဇ္ဈိမလှုမှုကူညီရေးအသင်းမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ သင်တန်းတက်ရောက်နိုင်ရန်အတွက် စေလွှတ်ရာမှာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်မှာ ၂၀၁၂ခုနှစ် နိုဝင်ဘာလတုန်းက စေလွှတ်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

{ နာရေးကူညီမှုအသင်း[ရန်ကုန်]၏ လှုပ်ဆောင်ချက်များအား ပြသစဉ် }

ယခုလို နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ သင်တန်းတက်ရောက်နိုင်ရန်အတွက် စေလွှတ်ရခြင်း၏ ရည်ရွယ်ချက်ကို သိရှိနိုင်ရန်အတွက် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေအား ဆက်သွယ်မေးမြန်းရာ " တာချီလိတ်မြို့မှာ ရှိတဲ့ အသင်းမှန်သမျှ ဒီလိုမျိုး လူမှုရေးနဲ့ပတ်သက်တဲ့ ကယ်ဆယ်ရေးမှာပဲဖြစ်ဖြစ် သာရေး/နာရေးမှာပဲဖြစ်ဖြစ် ကူညီမှုပေးတဲ့အခါမှာ စနစ်တကျဖြစ်ဖို့ လိုတာပေါ့၊ ဘာသင်တန်းမှ မတက်ထားပဲနဲ့ ဒီလိုမျိုး လူမှုကူညီရေးအသင်းတွေက အလုပ်တခုလုပ်မယ်ဆိုရင် အမှားအယွင်းတွေဖြစ်သွားခဲ့ရင် အသက်တွေ ဘာတွေ ဆုံးရှုံးမယ်ဆိုရင် တကယ် ကိုယ်ကယ်တင်လိုက်တဲ့ လူတွေအနေနဲ့  နံပါတ်(၁)က ဆုံးရှုံးနစ်နာမှု အရင်ဖြစ်မယ်၊ နံပါတ်(၂)က လူမှုကူညီရေးအသင်းတွေကွာ ဒီလိုမျိုးတွေ လျှောက်လုပ်လို့ ဒီလိုဖြစ်ကုန်တယ် စသဖြင့်ပေါ့ အသင်းတွေကို ထိခိုက်နစ်နာကုန်မှာ အဲ့ဒါကြောင့် တကယ်အလုပ်လုပ်မဲ့ ဘယ်အသင်းပဲဖြစ်ဖြစ် သင်တန်းတက်ချင်တယ် လမ်းစရိတ်မတတ်နိုင်ဘူး အကူအညီလိုတယ်ဆိုရင် ကိုယ့်အနေနဲ့ ကုန်ကျစရိတ်ခံပြီးတော့ ဦးကျော်သူတို့ အသင်းမှာ သင်တန်းဖွင့်တိုင်း လွှတ်ပေးသွားမယ်၊ တကယ်တော့ ဒီအလုပ်က ကိုယ်အလုပ်ချင်ဆုံးအလုပ်ပါ၊ သို့သော်လည်း တစ်ယောက်တည်းလုပ်လို့မရတဲ့ အလုပ်တွေမှာ အများနဲ့ပေါင်းပြီး လုပ်ရမှာပေါ့၊ လူမှုရေးလုပ်ငန်းတွေကို လုပ်တဲ့အခါမှာ ကျွမ်းကျွမ်းကျင်ကျင်နဲ့ စနစ်တကျ လုပ်တတ်သွားဖို့ဆိုတာ သိပ်အရေးကြီးတယ်၊ ကိုယ်လုပ်ချင်တဲ့အလုပ်ကို ဖြည့်ဆည်းပေးနေကြတာလို့ သဘောထားပြီး ကိုယ့်အနေနဲ့ အခုလို စေလွှတ်ပေးတာပါ"ဟု ပြောကြားလာသည်။





Saturday, February 23, 2013

ဖေဖော်ဝါရီလ(၃)ရက်နေ့က ကျိုင်းတုံမြို့ရှိ တိုင်းရင်းသားကျေးရွာများမှာ မိုးသီးဒဏ်ခံရပြီး
 နေအိမ်တစ်ချို့ပျက်စီးမှုများဖြစ်သွားခဲ့တာကြောင့် လူမှုရေးအသင်းအဖွဲ့များအနေဖြင့် ကူညီလှူဒါန်းမှုများ ပြုလုပ်နေလျှက်ရှိရာ တာချီလိတ်မြို့ကမဇ္ဈိမလူမှုကူညီရေးအသင်းကလည်း ဖေဖော်ဝါရီလ(၂၀)ရက်နေ့က သွားရောက်လှူဒါန်းခဲ့ကြောင်းသိရပါတယ်။


မိုးသီးဒဏ်ခံရတဲ့ တိုင်းရင်းသားကျေးရွာများကို သွားရောက်ရာမှာ ကျိုင်းတုံမြို့ရှိ လူမှုရေးကူညီစောင့်ရှောက်မှုအသင်းမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးစိုင်းတွီက လမ်းပြပို့ဆောင်ပေးပြီး မဇ္ဈိမလူမှုကူညီရေးအသင်းရဲ့ ဥက္ကဌ ဦးတင့်ဆွေ နဲ့ အသင်းဝင်များ၊ အလင်းရောင်ပရဟိတအသင်းမှ အတွင်းရေးမှူး ဦးအောင်မြင့်ရှိန် နဲ့ အသင်းဝင်တစ်ချို့အပါအ၀င် တာချီလိတ်မြို့မှ
စေတနာရှင်အလှူရှင်များ စုစုပေါင်း (၃၅)ဦးတို့ကသွားရောက် ခဲ့ကြတာဖြစ်ပါတယ်။


မိုးသီးဒဏ်ခံရတဲ့ ကျေးရွာအုပ်စုများမှာ ကတ်တောင်ကျေးရွာအုပ်စု၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ ၀ပ်ဆောင်းကျေးရွာအုပ်စုတို့ ဖြစ်ပြီး ကျေးရွာများမှာ (၁၈)ရွာခန့်ရှိပါတယ်။ (၁၈)ရွာပေါင်း အိမ်ခြေမှာ(၉၁၃)အိမ်ခန့်ရှိပြီး ပျက်စီးဆုံးရှုံးမှုမှာ ဘုန်းကြီးကျောင်းများ နဲ့ နေအိမ်တစ်ချို့ ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။
လူမှုရေးကူညီစောင့်ရှောက်မှုအသင်း(ကျိုင်းတုံ)က ဖေဖော်ဝါရီလ(၄)ရက်နေ့မှ(၆)ရက်နေ့အထိ သွားရောက်လှူဒါန်းခဲ့ကြတာဖြစ်ပြီး မဇ္ဈိမလူမှုကူညီရေးအသင်း နဲ့  အလင်းရောင်ပရဟိတအသင်းတို့က ဖေဖော်ဝါရီ(၂၀)ရက်နေ့က သွားရောက်လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။

မဇ္ဈိမလူမှုကူညီရေးအသင်း နဲ့  အလင်းရောင်ပရဟိတအသင်းတို့သွားရောက်လှူရာမှာ ကတ်တောင်ကျေးရွာအုပ်စုမှာရှိတဲ့ ၀မ်လောင်ရွာ ၀မ်လောင်ဘုန်းကြီးကျောင်း ကို  နှစ်သိန်းငါးသောင်းခြောက်ထောင်ကျပ် နဲ့ ကျေးရွာအတွက် ရွာသူကြီး ဦးနန်ဆိုင်း ကို ငါးသောင်းကျပ်အပါအ၀င် ဒုက္ခရောက်နေတဲ့ ရှမ်းအဖွားအို တစ်ယောက်အတွက် ငါးသောင်းကျပ်ကို လှူဒါန်းခဲ့ကြပါတယ်။

ဆက်လက်ပြီး ၀မ်ပေါင်ဘုန်းကြီးကျောင်းကိုလည်း ကျပ်နှစ်သိန်းငါးရာနဲ့ ဘတ်တစ်ရာအပြင် ကျေးရွာသူကြီး ဦးစိုင်းယီ ကို ကျပ်ငါးသောင်း လှူဒါန်းခဲ့ပြီး ၀မ်ဆောင်းရွာက ဘုန်းကြီးကျောင်းကိုလည်း ကျပ်တစ်သိန်းနဲ့ဘတ်နှစ်ဆယ် အပြင် ကျေးရွာသူကြီး ဦးနန်ယီ ကို ကျပ်ငါးသောင်း လှူဒါန်းခဲ့ကြပါတယ်။ အသင်းနှစ်သင်းနဲ့ အလှူရှင်များရဲ့ စုပေါင်းလှူဒါန်းမှုမှာ ကျပ်သိန်း(၇၅၁၅၀၀)ကျပ် နဲ့ ဘတ်ငွေ(၁၂၀)ဘတ်တို့ဖြစ်ကြပါတယ်။

 မိုးသီးဒဏ်သင့်ကျေးရွာများရှိ ဘုန်းကြီးကျောင်းများအပါအ၀င် အိမ်ခြေ(၉၁၃)အိမ်အနက် အုတ်ကြွပ်မိုးအိမ်များအားလုံးနဲ့ ထိုင်းဘိလပ်မြေပြား အချပ်ကြီးမိုး အိမ်များ ဘုန်းတော်ကြီးကျောင်းအားလုံးနီးပါး ပျက်စီးခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။ ထိခိုက်မှုကို ပြန်လည်ထူထောင်ရာမှာ ငွေကြေးတတ်နိုင်သူတစ်ချို့က အမိုးများကို ချက်ချင်း ပြုပြင်နိုင်ကြပေမဲ့လည်း ငွေကြေးအင်အားနည်းပါးသူတို့အနေဖြင့် ရုတ်တရက်မပြုပြင်နိုင်သေးတာကို  တွေ့ခဲ့ရပြီး ၀မ်လောင်ဘုန်းကြီးကျောင်းကတော့ ယနေ့အထိ ပေါက်နေတဲ့ အမိုးများကို ပြုပြင်နိုင်ခြင်း မရှိသေးတာကို တွေ့ခဲ့ရပါတယ်။

ပုံများကိုကြည့်ရန်
၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၁၉)ရက်နေ့ နံနက်ပိုင်းက ကျိုင်းတုံမြို့၊ စွံဆပ်ကုန်း၊ ခေမရဋ္ဌဗျာဒိတ်တော်ပေး ရပ်တော်မူဘုရားအနီးမှာရှိတဲ့ ထေရ၀ါဒကျေးဇူးရှင်ကြီး  ရှင်အရဟံမထေရ်မြတ် နဲ့အနော်ရထာမင်းမြတ်တို့ရဲ့  ရုပ်တုတော် ဖွင့်ပွဲ၊ ရေစက်ချပွဲအဖြစ် ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။



အခမ်းအနားမှာ တာချီလိတ်မြို့က နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးအပါအ၀င် မဟာမြတ်မုနိဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်၊ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်မှ
ကျောင်းထိုင်ဆရာတော်(ကိုယ်စား) နှင့် ၀န်ထမ်းကုန်းဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်တို့ ကြွရောက်ချီးမြှင့်ခဲ့ကြတဲ့အပြင် ကျိုင်းတုံမြို့က ပင့်ဖိတ်ထားတဲ့ဘုန်းကြီးကျောင်း (၄၈)ကျောင်းအနက် (၄၅)ကျောင်းမှ ဓမ္မောဒယဆရာတော်ဘုရားကြီးအပါအ၀င် ဆရာတော်ကြီးများကိုယ်တိုင် ကြွရောက်ချီးမြှင့်ခဲ့ကြပါတယ်။ ကြွရောက်လာတဲ့ ဆရာကြီးတော်များကို အာရုံဆွမ်းကပ်ခဲ့ကြပြီး နံနက်(၆း၅၅)နာရီမှာ  တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦး နဲ့ အလင်းရောင်ပရဟိတအသင်းရဲ့ နာယကလည်းဖြစ်တဲ့ မဇ္ဈိမ လူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေတို့က ရုပ်တုတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦးက စက်ခလုတ်နိပ်ကာ ကမ္မည်းကျောက်စာကို ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။


ဖွင့်လှစ်မှုအစီအစဉ်အပြီးမှာတော့ ပင့်ဖိတ်ထားတဲ့ ဆရာတော်ကြီးများ၊ ကျိုင်းတုံမြို့ရှိ ဌာနဆိုင်ရာများအပါအ၀င် အလှူရှင်များ နဲ့ တာချီလိတ်မြို့က အလှူရှင်များအစုံအလင်တို့က လှူဖွယ်အစုစုတို့အတွက် ရေစက်ချအမျှဝေခဲ့ကြပါတယ်။


ကျိုင်းတုံမှာ ထုလုပ်ကိုးကွယ်ပူဇော်ထားတဲ့ ရှင်အရဟံမထေရ်မြတ်နဲ့အနော်ရထာမင်းမြတ်တို့ရဲ့ ရုပ်တုတော်ကို၂၀၁၂ခုနှစ် ဇူလိုင်လ(၁၅)ရက်နေ့က စတင်ပန္နက်ရိုက်ခဲ့တာဖြစ်ပြီး ၂၀၁၃ခုနှစ် ဇန်န၀ါရီလ(၂၂)ရက်နေ့မှာ ရုပ်တုတော်ထုလုပ်မှုပြီးစီးခဲ့ပါတယ်။ ရုပ်တုတော်ကို ထုလုပ်ကိုးကွယ်ရန်အတွက် ကျိုင်းတုံမြို့ရှိ အလှူရှင်များက ကျပ်ငွေ နှစ်ဆယ့်တစ်သိန်းခြောက်သောင်းခြောက်ထောင်ကျပ် နဲ့ တာချီလိတ်မြို့က
အလှူရှင်များမှလည်း တစ်ဆယ့်သုံးသိန်းခြောက်သောင်းကျပ်တို့ကို လှူဒါန်းခဲ့ပြီး လင်းရောင်ပရဟိတအသင်းရဲ့ နာယကလည်းဖြစ်တဲ့ မဇ္ဈိမ လူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေက ကျပ်ငွေ သိန်းတစ်ရာ့သုံးဆယ်ခုနှစ်ထောင့်ရှစ်ရာငါးကျပ် ကို လှူဒါန်းခဲ့ပါတယ်။ ရုပ်တုတော်ထုလုပ်မှုနဲ့ ပြင်ဆင်မှုအပြီးအစီးကို စုစုပေါင်း ကျပ်သိန်း တစ်ရာ့ခြောက်ဆယ့်ငါးသိန်းနှစ်သောင်းခုနှစ်ထောင့်ရှစ်ရာငါးကျပ် အကုန်အကျခံကာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါရုပ်တုတော်ကိုထုလုပ် ကိုးကွယ်ပူဇော်ရခြင်းနဲ့ပတ်သက်ပြီး မဇ္ဈိမ လူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေက "မြန်မာနိုင်ငံရဲ့ သာသနာအစ ကျေးဇူးရှင်ကြီးများကို အားကျအတုယူစေလိုတဲ့ စိတ်များပေါ်လာစေရန်နဲ့ ကျေးဇူးရှင်တို့ကို ကျေးဇူးမမေ့ပဲ ကျေးဇူးတရားကို အမြဲတမ်း သတိတရဖြစ်ပေါ်နေစေလိုတဲ့ ဆန္ဒ၊ ကျေးဇူးရှင်တို့ကို ကျေးဇူးဆပ်တတ်စေလိုတဲ့ အသိစိတ်ဓါတ်များ ရှိစေရန် စတဲ့ ရည်ရွယ်ချက်များနဲ့ ကျေးဇူးရှင်တို့ရဲ့ ပုံတော်ကို အခုလို ထုလုပ် ကိုးကွယ်ပူဇော်ရခြင်းဖြစ်ပါတယ်"လို့ ပြောကြားလာပါတယ်။


ကျိုင်းတုံမြို့မှာ အဆိုပါရုပ်တုတော်ကို ပူဇော်ခြင်းအနေဖြင့်လည်း ကျိုင်းတုံမြို့က မဟာအနှစ်(လူငယ်)အသင်း၊ တာချီလိတ်မြို့မှ မဇ္ဈိမလူမှုကူညီရေးအသင်း နဲ့ အလင်းရောင်ပရဟိတအသင်းတို့ စုပေါင်းပြီး တိပိဋကဓရ ဆရာတော်ကြီး(၃)ပါးနဲ့ (၄)ညတိုင်တိုင် တရားပွဲကိုလည်း ကျင်းပခဲ့ကြပါတယ်။

ပြီးခဲ့သော ၂၀၁၁ခုနှစ်အတွင်းက မဇ္ဈိမ လူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေ အပါအ၀င် တာချီလိတ်မြို့က အလှူရှင်များမှ ထေရ၀ါဒကျေးဇူးရှင်တို့ရဲ့ ရုပ်တုတော်ကို တာချီလိတ်မြို့ရှိ ရွှေတိဂုံကုန်းတော်ပေါ်မှာ ထိုင်းဘတ်ငွေ တစ်သိန်းကိုးသောင်း ခုနှစ်ထောင်ဘတ်တိတိအကုန်အကျခံပြီး ထုလုပ်ပူဇော်ခဲ့ပြီးနောက် ဒုတိယနေရာအဖြစ် ကျိုင်းတုံမြို့မှာ အခုလို ထုလုပ်တည်းထားကိုးကွယ်ထားတာဖြစ်ပါတယ်။

ဆက်လက်ပြီးတော့လည်း ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့နဲ့တာလေမြို့နယ်ခွဲမှာလည်း ရုပ်တုတော်ကို ထုလုပ်ကိုးကွယ်ဖို့ အစီအစဉ်ရှိကြောင်းလည်း သိရပါတယ်။

ပုံများကိုကြည့်ရန်


Saturday, January 12, 2013

၂၀၁၃ခုနှစ် ဇန်န၀ါရီ(၁၂)ရက်(ကရင်နှစ်သစ်ကူးနေ့)မှာ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ၀မ်မိုင်ကျေးရွာရှိ အ.မ.က ၀မ်မိုင်(၂)၌ ပညာရေးစုံညီပွဲတော်ပြုလုပ်ရန်နှင့် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားပြုလုပ်ခဲ့ကြပါတယ်။

{မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ}
{ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဆွေ}

ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဆွေ နှင့် ဆရာမများ၊ မဇ္ဈိမလူမှုကူညီရေးအသင်းမှ အသင်းဥက္ကဌ ဦးတင့်ဆွေ နှင့်အတူ အသင်းတာဝန်ခံများ အသင်းဝင်များ၊ ဆန်ဆိုင်း(ခ) အုပ်ချုပ်ရေးမှူး ဦးစိုင်းလုံဟောင် နှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ စုံလင်စွာ တက်ရောက်လာခဲ့ကြတာကိုတွေ့ရပြီး  ကျောင်းသားမိဘများ နှင့် ကျောင်းသား/သူများအား ကြာဇံဟင်းခါးဖြင့် ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာမများ အပါအ၀င် ကျောင်းအကျိုးတော်ဆောင်များက တည်ခင်းဧည့်ခံခြင်း၊ ထူးချွန်ကျောင်းသား/သူများအား ထူးချွန်ဆုဂုဏ်ပြုလွှာများပေးအပ်ခြင်း၊ ဖိတ်ကြားထားသော အထူးဧည့်သည်တော်များအား အကျွေးအမွေးဖြင့် ဧည့်ခံခြင်း တို့ကို ပြုလုပ်ခဲ့ကြပြီးနောက် အားကစားပြိုင်ပွဲကို ကျင်းပခဲ့ကြပါတယ်။


ပညာရေးစုံညီပွဲတော်ဖြစ်မြောက်ရန်အတွက် မဇ္ဈိမ လူမှုကူညီရေးအသင်း မှ ၀ာာဝန်ယူ၍ ကူညီထောက်ပံ့ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး ၎င်းတို့အသင်းအနေဖြင့် ယခုလို ကူညီဆောင်ရွက် ပေးရခြင်းကို အသင်း၏ ဥက္ကဌဖြစ်သူ ဦးတင့်ဆွေမှ "ကျောင်းနေကလေးသူငယ်များ ကျောင်းနေပျော်၍ စာတော်စေရန်အတွက်သော်လည်းကောင်း၊ ကျောင်း၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ယခုလို ပညာရေးစုံညီပွဲတော်ကို ပုံမှန်မပျက် ကျင်းပနိုင်စေရန်အတွက်သော်လည်းကောင်း၊ မဇ္ဈိမလူမှုကူညီရေးအသင်းအနေဖြင့် ပညာရေးကို တဖက်တလှမ်းမှ အထောက်အပံ့ ဖြစ်ရန် အတွက်သော်လည်းကောင်း" ရည်ရွယ်ကာ ကူညီပေးခြင်းဖြစ်ကြောင်း အခမ်းအနား၏ အဖွင့်အမှာစကားမှာ ပြောကြားခဲ့ပါတယ်။


 အ.မ.က ၀မ်မိုင်(၂) ကျောင်းအနေဖြင့် နောက်နှစ်များတွင်လည်း ယခုလို အကူအညီလိုအပ်ပါက မဇ္ဈိမလူမှုကူညီရေးအသင်းအနေဖြင့် အသင်း၏ ဥက္ကဌ ဦးတင့်ဆွေမှ ကူညီပေးသွားမှာဖြစ်ကြောင်း ပြောကြားလာပါတယ်။


မဇ္ဈိမ လူမှုကူညီရေးအသင်းသည် သာရေး၊ နာရေး၊ ဘာသာရေး၊ ပညာရေး နှင့် လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းထားသော အသင်းကြီးဖြစ်ပြီး အသင်းအား ၁၂.၁၂.၂၀၁၂ခုနှစ်က ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါအသင်းအား ဆက်သွယ်လိုပါက
    မဇ္ဈိမ လူမှုကူညီရေးအသင်း - တာချီလိတ်မြို့
    အမှတ်(၇၅)| ၀ိန်းကျောက်| ဟောင်လိတ်အုပ်စု| တာချီလိတ်မြို့ (ယာယီရုံးခန်း)
    (မြန်မာဖုန်း) 094 580 43760
    (ထိုင်းဖုန်း) 0873052999
   Website: : www.mizzimasas.com
    FacebooK: :https://www.facebook.com/MizzimaSAS
ပုံများကိုကြည့်ရန်