Latest News

Dropdown Menu

Showing posts with label ဒေါ်သန်းသန်းဌေး. Show all posts
Showing posts with label ဒေါ်သန်းသန်းဌေး. Show all posts

Thursday, October 31, 2013

အောက်တိုဘာ(၁)ရက်နေ့ နေ့လည် (၁၁) နာရီခွဲအချိန်၊ ရှမ်း ရှေ့ပိုင်း မိုင်းတုံမြို့နယ်လေးရဲ့ တစ်နေရာ ကုန်းဆင်းလေးအတိုင်း ဆိုင်ကယ် (၂)စီး မောင်းနှင်လာပြီး ရှေ့(၁)စီး မှာ ကျောက်ခဲ ချော်နင်းမိပြီး ဆိုင်ကယ်မှောက်သွားခဲ့ကာ ရေချောင်းထဲကို ကျသွားခဲ့ပါတယ်။ နောက်မှ ဆိုင်ကယ်မှ ကောင်လေးက ရှေ့ကမှောက်သွားတဲ့ ကလေးကို ဆင်းကယ်ပြီး မိုင်းတုံဆေးရုံကို အမြန်ပို့ဆောင်ဆေးကုသမှု ခံခဲ့ရပါတယ်။ ဆိုင်ကယ်စီးဦးထုတ် မဆောင်းတဲ့အတွက် ပြုတ်ကျချိန်မှာ ဦးခေါင်းကို ထိခိုက်မိပြီး နဖူးမှာ(၄)ချက် ချုပ်လိုက်ရပါတယ်။ ဦးခေါင်းထိတဲ့ ဒဏ်ရာပြင်းထန်တဲ့အတွက် သတိလစ်မေ့မျောလို့ နေခဲ့ပါတယ်။


မိုင်းတုံပြည်သူ့ဆေးရုံမှာ (၃)ရက် ဆေးကုပေမယ့် ပြန်လည်သတိမရတဲ့အတွက် မိုင်းဆတ်ဆေးရုံကို ဆက်လက် ပို့ဆောင်ကုသမှုခံယူခဲ့ပါတယ်။ မိုင်းဆတ်မှာလည်း ဆေးဝါး မစုံလင်တဲ့အတွက် မိုင်းဆတ်မြို့ရှိ မဇ္ဈိမလူမှု့ကူညီရေးအသင်းခွဲနဲ့ ဆက်သွယ်ပြီး (၄.၁၀.၂၀၁၃) ညနေ (၄)နာရီခွဲအချိန် တာချီလိတ်ကို ဆက်လက် ဆေးကုသရန် မိုင်းဆတ် မဇ္ဈိမလူမှု့ကူညီရေးအသင်းသား (၃)ယောက်နဲ့အတူ တာချီလိတ်ကို ဆက်လက် ထွက်လာခဲ့ကြပါတယ်။

တာချီလိတ်မြို့ မဇ္ဈိမလူမှုကူညီရေးအသင်းမှာ အတွင်းရေးမှူး တာဝန်ယူထားတဲ့ ကျွန်မထံ ဆက်သွယ် လာခဲ့ပါတယ်။ လုံးဝသတိမရတဲ့ ကလေးကို ခေါ်ဆောင်လာပါ။ အတတ်နိုင်ဆုံး ကျွန်မတို့ အသင်းမှ ကူညီပါ့မယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။ ည (၈)နာရီ အချိန်မှာတော့ တာချီလိတ်ဆေးရုံကို ရောက်ခဲ့ပါတယ်။

တာချီလိတ်ဆေးရုံကို မေတ္တာစေတနာသက်သက်ဖြင့် မိုင်းဆတ်မှ ကားဖြင့် ကူညီပို့ဆောင်ပေးခဲ့သော ကားပိုင်ရှင် မိုင်းဆတ်မြို့ ဝိန်းနေ၊ ဝိန်းကျောက် ရပ်ကွက်နေ ဦးသောင်းဟန် နှင့် ဒေါ်ခင်မေသန်း တို့ရဲ့ စေတနာကလည်း အံ့မခန်းပါဘဲ လေးစားပါတယ်ရှင်။ အခုလို ငွေကြေးလည်း မတတ်နိုင်၊ သွားဖို့လည်း အရမ်းခက်ခဲတဲ့ အချိန်မှာ စာနာစိတ်အပြည့်နဲ့ ကူညီပို့ဆောင်ပေးတဲ့ စိတ်ဓာတ်တွေကို ကျွန်မလေးစားဂုဏ်ယူမိပါတယ်။

တာချီလိတ်ဆေးရုံရောက်ပြီဆိုတော့ ကျွန်မဆေးရုံမှာ ကြိုစောင့်နေပါတယ်။ ဆေးရုံတက်ဖို့ လိုအပ်တာများ ပြုလုပ်ပေးရင်းနဲ့၊ ကျွန်မတို့ ဥက္ကဋ္ဌကို သတင်းပို့ အကြောင်းကြားလိုက်ပါတယ်။ (၁၀)မိနစ်အတွင်း အသင်းရဲ့ဥက္ကဋ္ဌ ဦးတင့်ဆွေ ရောက်လာပြီး လူနာကလေးကို လိုအပ်တာ ဆောင်ရွက်ပေးဖို့ ဆေးကုသပေးဖို့ ပြောကြားခဲ့ပါတယ်။

သတိလစ်မေ့မျောနေတဲ့ ကောင်လေးအမည်ကို မေးကြည့်တော့ မောင်ဝင်းထွန်းဝင်း အသက် (၂၇)နှစ် ရှိပြီဖြစ်ကြောင်းနဲ့တကွ ကျိုင်းတုံမြို့အလုပ်သမားကျေးရွာမှာ အမေရယ်၊ အဖွားရယ်၊ မောင်နှမ(၆)ယောက်ရှိပြီး သားအကြီးဆုံးဖြစ်ကြောင်း သိရပါတယ်။ လက်သမား ပညာတတ်တဲ့အတွက် မိုင်းတုံမြို့မှာ ညီအကို(၂)ယောက် အလုပ်သွားလုပ်နေကြောင်း၊ ပါလာတဲ့ ညီဖြစ်သူက ပြောပြပါတယ်။ အမေက ကျပန်းလုပ်ပြီး၊ အဖွားက ကုန်စိမ်းရောင်းတယ်လို့ သိရပါတယ်။ တစ်နေ့လုပ် တစ်နေ့စားရတဲ့ မိသားစုအတွက် ဆေးကုသဖို့ ဘယ်တတ်နိုင်ပါ့မလဲရှင်။ ဆေးကုသစရိတ်မရှိရင်တော့ အသက်ဆက်ရှင်ဖို့ ဘယ်လွယ်နိုင်ပါ့မလဲ။

(၅)ရက်မြောက်ထိ သတိရခြင်းမရှိသေးပါဘူး။ သိတချက် မသိတချက်နဲ့ ဝေဒနာကို ခံစားနေရတဲ့ မောင်ဝင်းထွန်းဝင်းကို ကြည့်ပြီး ကျွန်မစိတ်မကောင်းဖြစ်မိပါတယ်။ မိခင်နဲ့ ဝေးတဲ့အရပ်မှာ အလုပ်သွားလုပ်ပြီး ယခုလို ဝေဒနာပြင်းထန်စွာ ခံစားနေရတာကို အမေနဲ့ အဖွားတွေ့ရင် ဘယ်လောက်သောကတွေ ခံစားရမလဲလို့ တွေးမိပါတယ်။ သတိလစ်မေ့မျောနေတဲ့ ကောင်လေးကို ကျွန်မတို့ အသင်းမှ တာဝန်ယူဆေးကုသပေးခဲ့ပါတယ်။ သူရဲ့ အမေနဲ့ အဖွားကိုလည်း အကြောင်းကြားခဲ့ပါတယ်။

၆.၁၀.၂၀၁၃ နေ့မှာတော့ (၅)ရက်လုံးလုံး မေ့မျောနေတဲ့ မောင်ဝင်းထွန်းဝင်းဟာ သေဆုံးခြင်းကို ကျော်လွန်ပြီး ပြန်လည်သတိရလာခဲ့ပါတယ်။ သူ့ကံတရားကတော့ ဝမ်းသာစရာပါဘဲ။ စွန့်ပစ်ရတော့မလားလို့ စောင့်ကြည့်နေကြတဲ့ ညီလေးနဲ့ သူငယ်ချင်း၊ ကျွန်မတို့အသင်းသားတွေ အတွက် ဝမ်းသာစရာသတင်းပါဘဲ။ အဖွားနဲ့အမေရဲ့ မေတ္တာတွေ ပို့လွတ်လို့ သတိပြန်ရလာသလားလို့ ထင်မိပါတယ်။ မကြာခင် အချိန်မှာဘဲ အဖွားနဲ့အမေ ရောက်လာခဲ့ပါတယ်။

သတိရစကလေးကို တွေ့ရင်ဘဲ အဖွားနဲ့အမေ ဖက်ငိုလိုက်တော့ ကျွန်မဖြင့် စိတ်ထဲမှာ သနားမိပါတယ်။ နောက်တော့ တစ်ဆင့်တိုးလို့ ရေနဲ့နို့ တိုက်ကျွေးတာ သောက်လာတဲ့ အဆင့်ဖြစ်လာပါတယ်။ ဒါဟာလည်း တာချီလိတ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိဆရာဝန်၊ ဆရာမများရဲ့ ကူညီဆေးကုသပေးမှုကြောင့်လည်း အမြန်ဆုံးကောင်းလာရခြင်းပါဘဲ။ ကောင်လေး သတိရလာတာ သိရတော့ ကုသပေးနေတဲ့ ဆရာဝန်ကြီးနဲ့တကွ ဆရာမတွေလည်း ဝမ်းသာနေကြတာတွေ့ရပါတယ်။ ကောင်လေးကိုယ်စား ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။

၇.၁၀.၂၀၁၃ နေ့မှာတော့ မိဘအိမ်က ကျိုင်းတုံမှာရှိတဲ့အတွက် ဆေးကုသမှုကို ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံကြီးမှာ ဆက်လက်ဆေးကုသလိုက်ကြောင်း လူနာရှင်ဖြစ်တဲ့ အဖွား နဲ့ အမေက ပြောလာတဲ့အတွက် ဆရာဝန်များနဲ့ တိုင်ပင်ပြီး ကျွန်မတို့ နေ့လည် (၁၁) နာရီ အချိန်မှာ အသင်းရဲ့ကားနဲ့ ကျိုင်းတုံပြည်သူ့ဆေးရုံကို ပို့ဆောင်နိုင်ရန် ကျွန်မတို့ ဥက္ကဋ္ဌ ဦးတင့်ဆွေ မှ အစစအရာရာ ဆေးကုသရိတ်၊ စားစရိတ်နဲ့ လိုအပ်တဲ့ အောက်စီဂျင်ဘူး အရေးပေါ်သုံးရန်က အစ စီစဉ်ပေးပြီး ကျိုင်းတုံမြို့သို့ ကျွန်မနဲ့တကွ အသင်းသူ(၂)ယောက်၊ အသင်းသား(၂)ယောက် လိုက်ပါပို့ဆောင် ပေးခဲ့ကြပါတယ်။ ကျိုင်းတုံပြည်သူ့ဆေးရုံကို ညနေ (၃)နာရီအချိန်မှာ ရောက်ခဲ့ပါတယ်။

ကျိုင်းတုံရောက်တယ်ဆိုရင်ဘဲ ကျိုင်းတုံမြို့ နှလုံးလှပိုင်ရှင်များလူမှု့ကူညီရေးအသင်းမှ ဦးကျော်သူအောင် ကိုယ်တိုင် လာရောက်စောင့်နေပြီး ဆေးရုံတက်နိုင်ရန် ဝိုင်းဝန်းကူညီပေးခဲ့ပါတယ်။ ကျိုင်းတုံဆေးရုံ၌ လိုအပ်တဲ့ ဆေးကုသမှုခံယူရန်အတွက် ဆရာဝန်များထံ အပ်နှံပေးပြီး လိုအပ်သော ဆေးများဝယ်ပေးခဲ့ပြီး ဆက်လက်ဆေးကုသနိုင်ရန်လည်း အသင်းမှ ဆေးကုသစရိတ်ကို အဖွားထံမှာ လှူဒါန်းပေးခဲ့ပါတယ်။ လှူဒါန်းပေးတဲ့ ငွေကိုကိုင်ပြီး မျက်ရည်ကျ ဝမ်းသာစွာ လက်ခံခဲ့တဲ့အဖွားက ပြောလိုက်တဲ့ စကားကြောင့် ပင်ပန်းသမျှတွေ အမောပြေသွားခဲ့ပါတယ်။

အဖွားက ဘာပြောလဲဆိုတော့ အဖွားတို့မှာ ဆေးကုသစရိတ်မရှိတဲ့အတွက် ဒီကလေးခုလို အသက်ရှင်မှာ မဟုတ်ပါဘူးတဲ့၊ ဆရာတို့ ဆရာမတို့ မဇ္ဈိမလူမှုကူညီရေးအသင်းကသာ ကူညီဆေးကုသ၊ ကူညီစောင့်ရှောက်ပေးလို့ သူ့မြေးလေး ယခုလို အသက်ရှင်ခွင့်ရတာမို့ ကျေးဇူးတင်လွန်းလို့ ဘယ်တော့မှ မမေ့ကြောင်း ပြောပါတယ်။ ဒီစကားကြားရတော့ ကျွန်မရင်ထဲ ပီတိဖြစ်ရပါတယ်။ ကျွန်မတို့ ဥက္ကဋ္ဌနဲ့ အသင်းကြီးရဲ့ ကူညီစောင့်ရှောက်မှု့ကြောင့် လူတစ်ယောက် အသက်ရှင်သွားရပြန်ပြီဆိုတဲ့ ဝမ်းသာပီတိဟာ ရင်ထဲမှာ စဉ်းစားတိုင်း သာဓုခေါ်မိပါတယ်။ ညနေ(၄)နာရီ (၁၅)မိနစ်မှာတော့ ကျွန်မတို့ ကျိုင်းတုံဆေးရုံမှ တာချီလိတ်ကို ပြန်ဖို့ နှုတ်ဆက်တဲ့အချိန်၊ လူနာဖြစ်တဲ့မောင်ဝင်းထွန်းဝင်းရဲ့ နှုတ်မှ ကျေးဇူးတင်ပါတယ်ဗျာလို့ ပြောလိုက်တဲ့ အသံကြားရတော့ပြန်ခါနီး ကျွန်မတို့အသင်းသူ၊ အသင်းသားတွေ အံ့သြသွား စေပါတယ်။ ကောင်လေးရဲ့ အဖွားက ဆရာတို့ ဆရာမတို့တွေရဲ့ မေတ္တာကြောင့် ကျွန်မတို့ မြေးလေး အသက်ပြန်ရှင်ပြီတဲ့လေ။ ကျွန်မတို့လည်း ပြောမပြတတ်အောင် ဝမ်းသာမိပါတယ်။ လူ့အသက်တစ်ချောင်းကို သေတွင်းမှ ကယ်လိုက်နိုင်တဲ့အတွက် တာချီလိတ်အပြန် ကျွန်မတို့အဖွဲ့ ပေါ့ပါးလန်းဆန်းတက်ကြွ နေခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို ပြန်သုံးသပ်မိတယ်ဆိုရင် ပထမအချက် ပြည်သူလူထုအားလုံး ဆိုင်ကယ်စီးရင် ဦးထုတ်ဆောင်းပါလို့ ကြေငြာနေတဲ့ ယာဉ်ထိန်းရဲတွေကို ကျေးဇူးတင်ရမှာပါ။ ဦးထုတ်မဆောင်းဘဲ ဆိုင်ကယ်စီးခဲ့တဲ့အတွက် ဆိုင်ကယ်မှောက်ချိန်မှာ မောင်ဝင်းထွန်းဝင်း တစ်ယောက် ဦးခေါင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုအားလုံး ဒီဖြစ်ရပ်လေးကို ကြည့်ပြီး သင်ခန်းစာ ယူလို့ ဆိုင်ကယ်ဦးထုတ်လေးတွေ ဆိုင်ကယ်စီးတိုင်း ဆောင်းစေချင်ပါတယ်။

နောက်တစ်ချက်ကတော့ ကားလမ်းတလျှောက် လူနာရဲ့ လက်ကလေးကို ကိုင်ပြီး နှုတ်မှ တဖွဖွ တရားတော်တွေရွှတ် မေတ္တာတွေပို့နေတဲ့ အမေနဲ့ အဖွားအိုတို့ရဲ့မေတ္တာတွေ၊ သားအချစ် မြေးအနှစ်ဆိုတဲ့အတိုင်း အဖွားတစ်ယောက်ရဲ့ တုန်ရီနေတဲ့ လက်တွေဟာ မြေးအတွက် အားဆေးသဖွယ် ဆုတ်ကိုင်ယုယပေးနေတဲ့ မေတ္တာအကြင်နာတွေကို တွေ့ရပြန်ပါတယ်။

မောင်ဝင်းထွန်းဝင်း ယခုလိုသတိရ ပြန်လည်ကောင်းမွန်လာခြင်းဟာ ကျွန်မတို့ ပရဟိတလုပ်ကြတဲ့ အသင်းတွေ တစ်သင်းနဲ့တစ်သင်း ချိတ်ဆက်မိနေကြလို့ ပိုပြီး အောင်မြင်တာကိုလည်း ကျွန်မကိုယ်တိုင် မြင်တွေ့နေရပါတယ်။ မိုင်းဆတ်မဇ္ဈိမလူမှု့ကူညီရေးအသင်းမှ  တာချီလိတ်မဇ္ဈိမလူမှု့ကူညီရေးအသင်းကို လွှဲအပ်ပြီး ကျိုင်းတုံနှလုံးလှပိုင်ရှင်များလူမှုကူညီရေး အသင်းတို့ တသွေးထဲ တသားထဲ စိတ်ဓာတ်တူညီစွာ ချိတ်ဆက်ကူညီခဲ့ကြလို့ အသက်တစ်ချောင်း ရှင်သန်ခွင့်ရသွားတာဟာ ကျွန်မတို့ ပရဟိတ လုပ်ဆောင်မှုရဲ့ အောင်မြင်မှု မှတ်တိုင်တစ်ခုပါဘဲ။

ကျိုင်းတုံမြို့ အပြန်လမ်းမှာတော့ ပီတိတွေကိုယ်စီနဲ့ ကျွန်မတို့ အသင်းသူ၊ အသင်းသားတွေ ပျော်ရွှင်နေကြပါတယ်။ မောင်ဝင်းထွန်းဝင်း တစ်ယောက် ဒီထက်ပိုပြီး အမြန်ဆုံး ကျန်းမာ၍ ဒီအမေ၊ ဒီအဖွားတွေနဲ့ ပျော်ရွှင်စွာ ကျန်းမာပြီး အလုပ်တွေ ပြန်လုပ်နိုင်ပါစေလို့ ကျွန်မတို့ မဇ္ဈိမလူမှုကူညီရေးအသင်းရဲ့ မေတ္တာဂရုဏာတွေနဲ့ ဆုတောင်းပေးလိုက်ပါတယ်။

ဆောင်းပါးရှင်။     ။ ဒေါ်သန်းသန်းဌေး ( မဇ္ဈိမလူမှုကူညီရေးအသင်း )

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Wednesday, October 2, 2013

မအားလို့ မရေးဖြစ်တဲ့ ကျွန်မအတွက် ရေးစရာအကြောင်းလေး ပေါ်လာပြန်တော့ ဖြစ်ကြောင်းကုန်စင် ရေးလိုက်ရပြန်ပါပြီ။


၁၆-၉-၂၀၁၃ ညနေ (၅) နာရီခွဲလောက်အချိန်မှာပေါ့ အသက် (၂၁) နှစ်အရွယ် တက်သစ်စ လူငယ်လေးတစ်ယောက် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့လေးမှာ ယောင်လည်လည်နဲ့ ဘယ်သွားရမှန်းမသိ၊ ဂျိုင်းထောက်ကိုအားပြုလို့ အမိမြန်မာနိုင်ငံအလံတွေ လွှင့်ထူထားတဲ့ တာချီလိတ်မြို့ကို မြင်လိုက်ရတော့ လှမ်းနေတဲ့ခြေလှမ်းတွေ၊ အမိမြန်မာနိုင်ငံကို အားကိုးကြီးစွာနဲ့ မယ်ဆိုင်-တာချီလိတ် အမှတ် (၁) ချစ်ကြည်ရေးတံတားပေါ်မှာ ယိုင်နဲ့နဲ့ခြေလှမ်းတွေနဲ့ အားအင်တွေထည့်ပြီး လျှောက်ခဲ့တာ ည (၆) နာရီ မှောင်စပျိုး တံတားကြီးပိတ်တော့ တာချီလိတ်မြို့ကို ရောက်ခဲ့ရပြီပေါ့။

တာချီလိတ်မြို့ကို ရောက်ခဲ့ပြန်တော့ အားကိုးစရာ ရှာခဲ့ရပြန်ပါတယ်။ အားတင်းလျှောက်နေရင်း ဗြုန်းဆို မိုးတွေ ရွာချလိုက်ပါရော၊ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို အသိမရှိ၊ သွားစရာမရှိ၊ စားစရာမရှိ အားငယ်စိတ်တွေနဲ့ ပြန်လာခဲ့ပေမယ့် ဘယ်သွားလို့ ဘယ်လာရမှန်းမသိတော့ ရှေ့မှာမြင်တွေ့ရတဲ့ ရပ်ကွက်ရုံးလေး တစ်ခုကိုဝင်ပြီး နားခိုခွင့်လေးတောင်းလိုက်ပါတယ်။ အော်သာခေါ်နေပေမယ့် ရုံးထဲမှာ လူမရှိတဲ့အတွက် အိပ်စက်နားခိုခွင့် မရခဲ့ပါဘူး။

ဒီလိုနဲ့ နီးစပ်ရာ ရှမ်းဘုန်းကြီးကျောင်းကို သွားရောက်ပြီး အိပ်ခွင့်တောင်းပေမယ့် မိုးတွေရွာနေတာရယ်၊ ဂျိုင်းထောက်တစ်ဖက်နဲ့လူမို့ တောင်းစားတဲ့သူများ ထင်သလားမသိ၊ အိပ်စက်နားခိုခွင့်မရခဲ့ပြန်ပါဘူး။ မိုးသည်းသည်းမှာ အားတင်းပြီး ခေါင်းငိုက်စိုက်ချကာ လမ်းမအတိုင်း လျှောက်လိုက်တာ အမှတ် (၁) ချစ်ကြည်ရေးတံတားပေါ်ကို ပြန်ရောက်ခဲ့ပါတယ်။ တံတားပေါ်က ကူညီပါရစေဆိုတဲ့အတိုင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ တာဝန်ကျတဲ့ရုံးခန်းကို အားကိုးကြီးစွာရောက်ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ စာနာကူညီမှုကြောင့် မိုးစိုနေတဲ့ အဝတ်တွေလဲခွင့်ရပြီး တစ်ညတာ ရဲကင်းမှာ အိပ်စက်ခဲ့ရတဲ့အတွက် ကောင်လေးရဲ့ ရင်မှာ ကျေးဇူးတင်နေမိပါတယ်။ ရဲတပ်ဖွဲ့ဝင်ရဲ့ ကူညီပြောပြမှုကြောင့် (၁၇-၉-၂၀၁၃) နံနက်မှာ တာချီလိတ်မြို့ ပြန်လည်ထူထောင်ရေးစခန်းရှေ့ကို ရောက်ခဲ့ရပါတယ်။

ပြန်လည်ထူထောင်ရေးရုံးဟာ မူးယစ်ဆေးဝါးဖြတ်ပြီးတဲ့ သင်တန်းသားတွေနေတဲ့ နေရာဖြစ်တဲ့အတွက် ဘယ်သွားရပါ့မလဲဆိုတဲ့ အသိတွေနဲ့ ဝမ်းနည်းအားငယ်နေတဲ့ ကောင်လေးအကြောင်း သိရတော့ မဇ္ဈိမလူမှုကူညီရေးအသင်းမှ ပြန်ကြားရေးတာဝန်ယူထားတဲ့ မောင်ထက်ကျော်လင်းနဲ့ အတူကျွန်မ ကောင်လေးရှိနေတဲ့ ပြန်လည်ထူထောင်ရေးရုံးရှေ့ကို ရောက်ခဲ့ရပါတယ်။

 ကောင်လေးကိုတွေ့လိုက်တာနဲ့ ကျွန်မရင်ထဲ စိတ်မကောင်းခြင်း များစွာဖြစ်မိပါတယ်။ ဂျိုင်းထောက် တစ်ဖက်နဲ ခြေတစ်ဖက်မရှိတဲ့ ကလေးကို တွေ့လိုက်ရတော့ ကျွန်မရင်ထဲခံစားရတာ အမှန်ပါ။ အမေမွေးတုန်းက ခြေလက်အင်္ဂါပြည့်စုံပေမယ့် ဒီလိုဘဝမျိုး အမေကသားကို ပြန်တွေ့ခဲ့ရင် မိခင်ရင်မှာ ဘယ်လောက်ကြေကွဲမလဲဆိုတဲ့ ခံစားမှုမျိုး ကျွန်မရင်ထဲဖြစ်ပေါ်မိပါတယ်။

ကလေးရဲ့နာမည်ကို မေးလိုက်တော့ မောင်စောလှနိုင် (ခ) မောင်နိုင်စိုး ဖြစ်ကြောင်း၊ အသက် (၂၁) နှစ်ရှိပြီး၊ မွန်ပြည်နယ်၊ မုတ္တမမြို့ဇက်ဆိပ်အမှတ် (၂) မှာ မွေးချင်းမောင်နှမ (၄) ယောက်နဲ့အတူ မိခင်မုဆိုးမနဲ့ အတူနေထိုင်ပြီး၊ သူဟာ တတိယမြောက်သားဖြစ်တဲ့ အကြောင်းပြောပြပါတယ်။ လွန်ခဲ့တဲ့ (၆) နှစ်က ထိုင်းနိုင်ငံတောင်ပိုင်း ကျွန်ဖုန်မြို့မှာရှိတဲ့ ရော်ဘာခြံတွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး၊ လွန်ခဲ့သော ၂လခန့်က ရော်ဘာခြံအတွင်း နေထိုင်ကြသူ မြန်မာအချင်းချင်း စကားများရာမှ မတော်တဆ ထိခိုက်မိပြီး ညာဘက်ခြေထောက် ဒူးအောက်ပိုင်း ပြတ်တောက်သွားခဲ့ရပါတယ်။ ကျွန်ဖုန်မြို့နယ်ဆေးရုံမှာ ၂ လကြာ တက်ရောက်ခဲ့ပြီး ဆေးရုံတက်စဉ်အချိန် ထိုင်းနိုင်ငံဆေးရုံမှ ဆရာမများ၏ ကူညီစောင့်ရှောက်မှုဖြင့် နေခဲ့ရကြောင်းပြောပြပါတယ်။ ၂ လပြည့်လို့ ခြေထောက် သက်သာချိန်မှာတော့ ဆရာမတွေရဲ့ ကူညီပေးမှုကြောင့် ဘန်ကောက်မြို့ပေါ်ရောက်ခဲ့ရပါတယ်။

ဘန်ကောက်မြို့မှ မဲဆောက်ကိုသွားရင် မုတ္တမပြန်လို့ရပြီဆိုတာ သိထားတာမို့ တွေ့တဲ့ မီးရထားပေါ် တက်စီးပြီးလာခဲ့တာ ကျင်းမိုင်မြို့ကိုရောက်သွားခဲ့ပါတယ်။ ကျင်းမိုင်မှတဆင့် မဲဆောက်သွားချင်ကြောင်း ပြောပေမယ့် နားကြားမှားပြီး၊ မယ်ဆိုင်ကားပေါ်ကို စီးနင်းလိုက်ပါခဲ့ရပြန်ပါတယ်။ မယ်ဆိုင်မြို့ရောက်မှ မဲဆောက်မြို့မဟုတ်ကြောင်း သိလိုက်ရတဲ့အတွက် အားကိုးတကြီး မြန်မာနိုင်ငံဘက်ကို ရောက်ရင် ကူညီမယ့်သူတွေ့မှာဘဲ ဆိုတဲ့အသိလေးနဲ့ အားကိုးစွာလာခဲ့ကြောင်း ပြောပြပါတယ်။

ကျွန်မလည်း မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင့်ဆွေထံ အမြန်အကြောင်းကြားပြီး လောလောဆယ် နေထိုင်စားသောက်ရန်အတွက် စီစဉ်ရင်း ပြန်လည်ထူထောင်ရေးစခန်းမှ ဆရာဦးမိုးဦးအား အကူအညီတောင်းပြီး ၁ရက် ၂ရက်နေခွင့်ပြုပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။

မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင့်ဆွေမှာ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တကွ "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ"နှင့် တွေ့ဆုံပေးခဲ့ပြီး နေရပ်ပြန်ရန်အတွက် အကူညီပေးခဲ့ကြပါတယ်။ ကြက်ခြေနီအသင်းမှလည်း ခြေတုတပ်ဆင်နိုင်ရန် ဆက်သွယ်မှုတွေ ပြုလုပ်ပေးလိုက်ပါတယ်။ ခရီးစရိတ်များကိုလည်း ကျွန်မတို့အသင်းနဲ့အတူ "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ"မှလည်း လှူဒါန်းပေးခဲ့ကြပါတယ်။ လေယာဉ်ကွင်းအထိ ကျွန်မတို့ လိုက်လံပို့ဆောင်ပေးခဲ့ကြပါတယ်။

{ လေဆိပ်သို့ လိုက်ပါ ပို့ဆောင်ပေးစဉ်}

အရေးကြီးရင် သွေးစည်းတယ်ဆိုတဲ့ စကားအတိုင်း ကျွန်မတို့ မြန်မာတွေရဲ့စိတ်ဓာတ်က မြန်မာပြည်သား ဒုက္ခရောက်နေတာကို ကြည့်မနေဘဲ ဆွေမျိုးပမာ ကူညီစောင့်ရှောက်ကြတဲ့ စိတ်ဓာတ်က လေးစားလောက်ပါပေတယ်။ လေယာဉ်ကွင်းရောက်တော့ မိခင်ထံပြန်ရတော့မယ်၊ အမေ့ကိုတွေ့ရတော့မယ်ဆိုတဲ့ စိတ်ကြောင့် ဝမ်းသာမှုရင်မှာ အပြည့်ရှိနေပေမယ့် ဒုက္ခိတဘဝနဲ့ မိဘရင်ခွင်ပြန်နိုင်ဖို့ အားတင်းတဲ့ ခြေလှမ်းတွေနဲ့ လေယာဉ်ပေါ်ကို တက်သွားခဲ့ပါတယ်။ မောင်နိုင်စိုးရဲ့ နောက်ကျောပြင်ကိုကြည့်ရင်း ဝမ်းသာ၊ ဝမ်းနည်း ကျွန်မရင်ထဲမှာ ခံစားခဲ့ရပါတယ်။

ဝမ်းသာတာကတော့ အခက်အခဲတွေ၊ ဒုက္ခတွေကြုံခဲ့ရပေမယ့် ကူညီမယ့်သူတွေနဲ့ တွေ့ရပြီး အဆင်ပြေစွာ မိဘနဲ့ပြန်ဆက်သွယ်ပေးနိုင်ခဲ့တာကို ပီတိဖြင့် ဝမ်းသာရပေမယ့်၊ မွေးရပ်မြေ မုတ္တမမြို့မှာရှိတဲ့ အိမ်ကိုရောက်ရင်တော့အမေရေ သားပြန်လာပြီလို့ အော်ပြောလိုက်တဲ့ အချိန် ခွဲခွာနေတာကြာပြီး အဆက်အသွယ်မရတဲ့သားရဲ့ အသံကိုကြားလို့ အိမ်ထဲကနေ သားလေးပြန်လာပြီ ဆိုပြီး ပြေးထွက်လာမယ့် အမေတစ်ယောက်ရဲ့ ခြေလှမ်းတွေဟာ သားလေးမောင်နိုင်စိုးရဲ့ ဒုက္ခိတဘဝလေးကို တွေ့လိုက်တယ်ဆိုရင် မိခင်တစ်ယောက်ရဲ့ရင်ထဲက သားသမီးအပေါ် ထားရှိတဲ့မေတ္တာတွေနဲ့ ဆို့နင့်ကြေကွဲပြီး သားကိုရင်မှာပွေ့ဖက်လို့ ငိုလိုက်မည့်ဖြစ်ခြင်းရယ်လို့ ကျွန်မတွေးရင်း ဝမ်းနည်းမိပါတယ်။

ဒီဖြစ်ရပ်မှန်ဇာတ်လမ်းလေးဟာလည်း ကျွန်မတို့ မဇ္ဈိမလူမှုကူညီရေးအသင်းရဲ့ အမှတ်တရတစ်ခု ဖြစ်ရပြန်ပါတယ်။

အသက် (၂၁) နှစ်အရွယ်ဆိုတာ ပညာရှာရမယ့် အရွယ်ဘဲရှိပါသေးတယ်။ အခုတော့ မိသားစုစားဝတ်နေရေးကြောင့် မိဘကို လုပ်ကျွေးဖို့ ရေခြားမြေခြားတိုင်းတစ်ပါးကိုသွားပြီး ရတဲ့အလုပ် လုပ်၊ ဒုက္ခတွေနဲ့ရင်ဆိုင်နေကြရတာ အများကြီးပါဘဲ၊ အကောင်းဆုံးကတော့ ဒီအရွယ်မှာ မိဘရဲ့ အေးမြတဲ့ရင်ခွင်မှာနေပြီး လုံခြုံစိတ်ချရတဲ့ အမိမြန်မာနိုင်ငံတော်မှာဘဲ အလုပ်တွေလုပ်စေချင်ပါတယ်။

 အကယ်၍များ မသွားမဖြစ်လို့ တိုင်းတစ်ပါးကို အလုပ်သွားလုပ်ကြရတဲ့ လူငယ် မောင်မယ်များကို ပြောပြချင်တာကတော့ တိုင်းတစ်ပါးမှာ ဒုက္ခတွေနဲ့ တွေ့ကြုံတဲ့အခါ ငါတို့အတွက် အမိမြန်မာနိုင်ငံတော်မှာ မြန်မာနိုင်ငံသားတွေအတွက် ကူညီစောင့်ရှောက်ပေးတဲ့အသင်းတွေ အဖွဲ့တွေရှိနေပါလားဆိုတာကို မမေ့ပါနဲ့၊ သတိရလိုက်ပါ။ အခက်အခဲကြုံက အမိမြန်မာနိုင်ငံတော်ကို အမြန်ပြန်လာခဲ့ပါ။ မြန်မာနိုင်ငံမှာ ကူညီမယ့်သူတွေ အဆင်သင့်စောင့်ကြိုနေပါတယ်ဆိုတာ ကမ္ဘာတစ်ဝှမ်းမှာ နေထိုင်အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသူ/သားတွေကို ပြောလိုက်ပါရစေ။

ဒီလိုဘဲ မောင်နိုင်စိုးအတွက် နွေးထွေးတဲ့ အမိရင်ခွင်မှာ နားခိုပြီး မိသားစုနဲ့ ကျန်ရှိတဲ့ ဘဝခရီးကို အားမလျှော့ဘဲ ယိုင်နေတဲ့ခြေလှမ်းတွေ ခြေတုလေးတပ်လို့ မယိမ်းမယိုင် ဆက်လက်လျှောက်လှမ်းနိုင်ပါစေလို့ မဇ္ဈိမလူမှုကူညီရေးအသင်းဥက္ကဋ္ဌ အစ်ကိုကြီး ဦးတင့်ဆွေနဲ့ ကျွန်မတို့ အသင်းသူ၊ အသင်းသားများမှ ဆုတောင်းပေးလိုက်ပါတယ်။

ဒီဆောင်းပါးလေးကို ကျွန်မနဲ့ ထပ်တူ ဝေမျှခံစားပေးနိုင်ကြပါစေ။


အများအတွက် ပေးဆပ်ရင်း ကျေနပ်နေမယ့်
ဒေါ်သန်းသန်းဌေး
မဇ္ဈိမလူမှုကူညီရေးအသင်း

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Sunday, August 18, 2013

ဘဝဆိုတာ မွေးဖွားသည့် အချိန်မှစ၍ သေဆုံးသည့် အချိန်ထိ ဘဝဟုဆိုပါလျှင် လူ့လောကထဲ ၂ရက်သာ ရောက်ရှိခဲ့ပြီး ၃ရက်မပြည့်ခင် အချိန်လေးမှာ လူမမယ်ကလေးရဲ့ ဘဝဟာ သေဆုံးခြင်းဆိုတဲ့ အချိန်ကို ရောက်ရတာ မြန်လွန်းလှပါတယ်။


"ရင်သွေးဟူက ချစ်မဝ"တဲ့ ဆိုရိုးစကားရှိတဲ့အတိုင်း မိခင်တွေဟာ သန္ဓေသားကို ဝမ်းမှာ လွယ်ထားတဲ့ အချိန်မှစ မွေးဖွားတဲ့အချိန်ထိ မိမိရဲ့ရင်သွေး ဖြူလား၊ မဲလား မသိခင်ကတည်းက အနေအထိုင် အစားအသောက် အသွားအလာ ဂရုစိုက်ပြီး မေတ္တာတရား အပြည့်ပေးခဲ့ပြီး ချစ်ခဲ့ကြပါတယ်။

ဝမ်းမှမွေးဖွားလာပြန်တော့ ကိုယ်မွေးတဲ့ ရင်သွေးမှာ ခြေလက်အင်္ဂါစုံရဲ့လား၊ ကျန်းမာရဲ့လားဆိုတဲ့ စိုးရိမ်ပူပန်ခြင်းတွေနဲ့ မွေးဖွားခဲ့ရပြန်ပါတယ်။ ပြည့်စုံကောင်းမွန်ဖို့ ဆုတောင်းရတာလည်း မိခင်တွေရဲ့ ရင်ထဲမှာ အကြိမ်ကြိမ်အခါခါပါဘဲ။

အကယ်၍များ ဝဋ်ကြွေးကံကြမ္မာများပါခဲ့လို့ မိမိရဲ့ ရင်သွေးမွေးလာတဲ့ ကလေးမှာ ကိုယ်လက်အင်္ဂါမစုံ၊ ချို့တဲ့မှု့တွေ၊ ရောဂါတွေ ဘယ်လောက်ပဲ ဖြစ်နေပါစေ သားသမီးဆိုတာ ရတနာဘဲမို့ မပစ်ရက်ဘဲ သနားအကြင်နာပိုပြီး အရိပ်တကြည့်ကြည့်နဲ့ နို့ချိုတိုက်ကြွေး ချစ်ခင်မှုအပြည့်နဲ့ မေတ္တာတွေပေးခဲ့ကြတဲ့ မိခင်တွေရဲ့ မေတ္တာဟာ အနှိုင်းအဆမဲ့ ကြီးမားလှပါတယ်။

ဒီလိုမေတ္တာတွေ အခြေခံပြီး မိခင်နဲ့သားလေးတစ်ယောက်အကြောင်း ကျွန်မရင်ထဲမှာ မေ့မရတဲ့အတွက် ခံစားမျှဝေမိပါတယ်။

၂၀၁၃ခုနှစ် သြဂုတ်လ ၁၄ရက် ဗုဒ္ဓဟူးနေ့ ညအချိန်ကာလဖြစ်ပါတယ်။ ကျွန်မတို့ရဲ့မြို့ တာချီလိတ်မှာ နေထိုင်တဲ့ ကိုသိန်း......... နဲ့ မမြင့်........ တို့ရဲ့သားလေးဟာ လူ့လောကကို ရောက်ရှိလာခြင်းမှာ ၂ ရက်ဘဲ ရှိပါသေးတယ်။ ဒီကလေးရဲ့ ရှေးဘဝက ဝဋ်ကြွေးကံကြမ္မာ ပါလာတယ်လို့ ဆိုရမလား။ မွေးရာပါဖြစ်တဲ့ နှာခေါင်းဝထိပ်မှာ အသားပိုလုံး ၂လုံးပါရှိပြီး၊ အသက်ရှုဖို့ခက်ခဲစွာနဲ့ ဖြတ်သန်းနေရပါတယ်။

နှုတ်ခမ်းလေးကလည်း ကွဲနေခဲ့ပါတယ်။ နောက်ထပ် ဆိုးဝါးချက်ကတော့ ဝမ်းဗိုက်သားပါးလွှာပြီး ဝမ်းထဲမှာရှိတဲ့ အူတွေ မြင်နေရတဲ့ အူကျွံတဲ့ ဝေဒနာလက္ခဏာ ပါလာခဲ့ပြန်ပါတယ်။ ဘယ်လောက် သနားစရာကောင်းလိုက်တဲ့ ကလေးလေးလဲလို့ ကျွန်မစိတ်မကောင်းဖြစ်ရပါတယ်။

ဒီလိုဝဋ်ကြွေး ကံကြမ္မာတွေပါလာတဲ့ ကလေးလေးကို မိဘတွေအနေနဲ့ ပြစ်ရက်ပါ့မလား၊ သားလေးရဲ့ အဖြစ်ကို မကြည့်ရက်တဲ့အတွက် တဖက်နိုင်ငံဆေးရုံကို အမြန်သွားရောက်ကုသပေးခဲ့ပေမယ့် ဆရာဝန်တွေ လက်လျှော့လို့ ပြန်ခဲ့ရတဲ့ ကလေးရဲ့ ဘဝဟာ ဘယ်လိုပုံစံဖြစ်နေပါစေ မိမိရဲ့ ရင်သွေးကလေးကို သနားကြင်နာမှု့တွေနဲ့ မပြစ်ရက် ချစ်လျက်ပါဘဲ။

ဒါပေမယ့် ဘယ်လောက်ပဲ ကိုယ့်ရင်သွေးလေးကို ချစ်နေပါစေ ဘဝကံကြမ္မာကို မလွန်ဆန်နိုင်တဲ့အတွက် ၂ရက်သာရှိပါသေးတယ် ထွက်မသွားပါရစေနဲ့လို့ မရဏသေမင်းရဲ့ အမိန့်ကို တားဆီးလွန်ဆန်လို့ မရခဲ့ပါဘူး။ မိခင်ရဲ့ နို့ချိုကိုတိုက်ကျွေးလို့မှ အားမရသေး ဒီအမေနဲ့ ဒီသားလေးကို ရက်စက်တဲ့ ကံတရားက ရုတ်တရက်ခွဲလိုက်ကြပြီပေါ့။

၂၀၁၃ခုနှစ် သြဂုတ်လ ၁၄ရက် ည ၇ နာရီအချိန်မှာ လူ့လောကကို ၂ရက်ဘဲ ရောက်ရှိလာပြီး လူ့လောကအကြောင်း ဘာမှမသိခင်အချိန်မှာဘဲ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။ ကလေးလေး သေဆုံးသွားတော့ ကျွန်မတို့  မဇ္ဈိမလူမှုကူညီရေးအသင်းကို ကူညီပေးဖို့ ပြောလာပါတယ်။ ကလေးရဲ့ အဖွားဟာ ကျွန်မတို့ အသင်းဝင်တစ်ဦးဖြစ်တဲ့အတွက် ကျွန်မတို့ ဘယ်လိုကူညီရမလဲဆိုတာ မေးခဲ့ပါတယ်။ အဖွားနဲ့တကွ မိဘနှစ်ပါးက ညမိုးချုပ်ကြီး ဒီကလေးကို မစွန့်ပစ်ရက်ပေမယ့် ရှေးကျတဲ့ အယူသီးမှုတွေက ရက်သားကလေးမို့ ကြမ်းနွေးအောင် မထားရဘူးလို့ ပြောကြတဲ့ အယူအဆတွေကြောင့် ညတွင်းချင်း သင်္ဂြိဟ်ချင်ကြောင်း ပြောလာပါတယ်။

ကျွန်မလည်း ရှေးက အယူသီးမှုတွေကို ပယ်သင့်ကြောင်း မနက်မိုးလင်းမှ ကလေးကို ကောင်းမွန်စွာ သင်္ဂြိုဟ်လို့ရကြောင်း ပြောပေမယ့် ရှေးထုံးစံဖျက်မရဆိုတဲ့ အယူသီးလွန်ကဲမှုတွေ၊ အနီးပတ်ဝန်းကျင်က ခိုက်တယ်လို့ ပြောမှာစိုးတဲ့အတွက် ချက်ချင်းသင်္ဂြိုဟ်ပေးဖို့ အကူညီတောင်းလာတဲ့ နာရေးရှင်တွေ စိတ်ချမ်းသာ အပူအေးစေဖို့ ကျွန်မနီးစပ်ရာ အသင်းသား ၁၀ယောက် အမြန်စုရုံးပြီး နာရေး အိမ်မှ မြို့မသုဿာန်သို့ ည ၉ နာရီ အချိန်ရောက်ရှိ မြေမြုပ်သင်္ဂြိုဟ်ပေးခဲ့ကြရပါတယ်။

မှောင်မဲနေတဲ့ သင်္ချိုင်းမှာ လက်နှိပ်ဓါတ်မီးရောင် မှိန်မှိန်လေးနဲ့ မြေကျင်းတူးကြတဲ့ အသင်းသားတွေရဲ့ စိတ်ထဲမှာ ကလေးအပေါ် သနားမှု မိဘတွေရဲ့ ရင်နာကြေကွဲမှုတွေ မျှဝေခံစားရင်း ကောင်းမွန်စွာ ကလေးလေးကို မြေမြုပ်သင်္ဂြိုဟ်ပေးခဲ့ကြပါတယ်။ ဒီညရဲ့ အဖြစ်အပျက်ဟာ ကျွန်မတို့ အသင်းအတွက် မမေ့နိုင်စရာ ဖြစ်ရပ်ကလေးပါပဲ။

အချိန်တန်လို့ နို့သက်လာပြီး သောက်သုံးမဲ့သားလေးမရှိတော့တဲ့ မိခင်တစ်ယောက်ရဲ့ရင်ထဲက ကြေကွဲမှု၊ ဝဋ်ကြွေးတွေအပြည့် ဝေဒနာတွေအပြည့်နဲ့ ၂ရက်သာ လူ့ဘဝထဲကို ရောက်လာခဲ့ကြပြီး မိခင်ရဲ့ နို့ချိုချိုကို ၂ရက်သာသောက်ပြီး ဘာမှမသိလိုက်ရဘဲ မိခင်ရင်ခွင်မှ ပြန်လည်ထွက်ခွာခဲ့တဲ့ ကလေးရဲ့ ဘဝကို စာနာမှုတွေအပြည့်နဲ့ ကျွန်မတို့ အသင်းသားတွေ ရင်ထဲမှာ အတူတကွ ဆုတောင်းပေးလိုက်မိပါတယ်။

ကောင်းမွန်တဲ့ ဘုံဘဝကို ရောက်ပါစေကလေးရယ်။ နောင်ဘဝတွေများ ရှိခဲ့မယ်ဆိုရင် ဒီအမေနဲ့ ဒီသားလေး ဒီလို ဝဋ်ကြွေးကံကြမ္မာမှ ကင်းလွတ်ပြီး အမိရဲ့ ရင်ခွင်မှာ နို့ချိုတွေကို သောက်သုံးပြီး ပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်ခံစားရှင်သန်နိုင်ပါစေလို့ မဇ္ဈိမလူမှုကူညီရေး ဥက္ကဌဦးတင့်ဆွေနဲ့တကွ အသင်းသူ အသင်းသားများမှ ဆုတောင်းပေးလိုက်ပါတယ်။

ဒီဖြစ်ရပ်မှန်လေးကို ရင်ထဲမှာ ခံစားရသမျှ ဝေမျှလိုက်ရပါတယ်။ အယူသီးမှုတွေ အမြန်ဆုံးပပျောက်နိုင်ပါစေ။

ဆောင်းပါးရှင် ။    ။ ဒေါ်သန်းသန်းဌေး ( မဇ္ဈိမလူမှုကူညီရေးအသင်း )


Monday, July 29, 2013

                   မိဘဆိုတာ သားသမီးတွေကို ဝမ်းတွင်းမှာ သန္ဓေတည်စက သားလား၊ သမီးလား မသိခင်ကတည်းက ဂရုတစိုက်နဲ့ ချစ်လာကြတယ် မဟုတ်လား။ မိခင်မေတ္တာကြီးမားသလို ဖခင်မေတ္တာကြီးမားတဲ့ အဖေ့မေတ္တာလေးနဲ့ ရင်နင့်စရာ ဖြစ်ရပ်မှန်လေးကို သိစေချင်လို့ အခုလို ဝေမျှလိုက်ရပါတယ်။

မိဘဆိုတာ သား/သမီး ဘယ်နှစ်ယောက်ဘဲရှိရှိ ဘယ်လောက်ဘဲဆင်းရဲပါစေ သားသမီးတွေကို ကျွေးမွေးပြုစု ကျောင်းထားပြီး အသက်အရွယ်လေး ရောက်လာတော့ အိမ်ထောင်ချထားပေး တာဝန်တွေ ကျေခဲ့ကြပါတယ်။ သားသမီးပေါ်မှာထားတဲ့ မေတ္တာဟာလဲ နှိုင်းတုမရနိုင်ပါဘူး။ စကားပုံလေးတခုပေါ့။ မိဘနှစ်ပါးက သားသမီးဆယ်ယောက်ကို ကျွေးမွေးစောင့်ရှောက်နိုင်ပေမယ့် သားသမီးဆယ်ယောက်ဟာ ဒီမိဘနှစ်ယောက်ကို ကျွေးမွေးစောင့်ရှောက်နိုင်တယ်ဆိုတာ ခက်ခဲလှပါတယ်။

၂၀၁၃ခုနှစ် ဇွန်လ ၂၀ရက်နေ့ ညနေပိုင်း အချိန်လေးမှာ အစ္စလာမ်ဘာသာဝင် အမျိုးသမီးလေးတစ်ယောက် ကျွန်မတို့ မဇ္ဈိမလူမှုကူညီရေးအသင်းကို လာရောက် အကူအညီ တောင်းခဲ့ပါတယ်။ လူတစ်ယောက် ရှမ်းရိုးမကုန်တိုက် နံဘေးမှာ အသဲအသန်ဖြစ်နေလို့ ကြည့်မဲ့သူမရှိတဲ့အတွက် ကူညီပေးနိုင်မလားဆိုလို့ ကျွန်မရယ် သူငယ်ချင်း အသင်းသူတစ်ယောက်ဖြစ်တဲ့ မသီတာနဲ့ သွားကြည့်ခဲ့ပါတယ်။

ရှမ်းရိုးမကုန်တိုက်ထဲက နေရာကိုရောက်သွားတဲ့အခါမှာ အသက်ကို မဝတဝရှူနေရတဲ့ ဦးလေးကြီးတစ်ယောက်ကို တွေ့ရပါတယ်။ သူ့ရဲ့နံမည်က ဦးစော.... လို့ခေါ်ပါတယ်။ အခြေအနေမကောင်းတဲ့အတွက် ဥက္ကဌနဲ့ အသင်းကို အကြောင်းကြားပြီး ကျွန်မတို့ ပြည်သူ့ဆေးရုံကို တင်ပြီး ဆေးကုသပေးခဲ့ကြပါတယ်။ သွေးဝမ်းတွေကလဲ သွားလို့ပါဘဲ ။ သူ့ရဲ့ရောဂါကို မေးကြည့်တော့ အသည်းလည်းမကောင်း၊ အစာအိမ်လည်းသွေးကြောပေါက်တဲ့အတွက် သွေး(၄)ပုလင်းသွင်းပေးပြီး ဆေးဆက်တိုက် ကုသပေးခဲ့ရပါတယ်။

၁ပတ်လောက်နေတော့ သက်သာလာပါတယ်။ ဦးလေးမှာ သားသမီးမရှိဘူးလားလို့ မေးကြည့်တော့ ရှိကြောင်းပြောပါတယ်။ အကြောင်းကြားပေးရမလားမေးတော့ သမီးလေးနဲ့ သားများက တဖက်ထိုင်းနိုင်ငံ ချင်းရိုင်းမြို့မှာနေကြောင်းနဲ့ ယခုမှ မီးဖွားပြီးစအချိန်ဖြစ်တာမို့ အကြောင်းမကြားရန်ပြောခဲ့ပါတယ်။ ဖခင်မေတ္တာပါဘဲ။ သားသမီးစိတ်ပူပန်မှာစိုးလို့တဲ့၊ နောက် ကျွန်မသူ့ရဲ့သမီး မနွေး.... ဆိုသူနဲ့ အဆက်အသွယ်ပြုခဲ့ပါတယ်။ နွေးနွေးဟာသမီးလေးတစ်ယောက် ၂နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ မီးဖွားစအချိန် မဟုတ်ပါဘူး။ ဒါဟာဖခင်တစ်ယောက်ရဲ့ သားသမီးကို အပူမီးမပေးချင်တဲ့ ဆန္ဒနဲ့ လိမ်ခဲ့ခြင်းဖြစ်ပါတယ်။


နောက်တော့ ဆေးကုသမှုခံယူပြီး ဇူလိုင်လ ၁၃ရက်နေ့မှာ ဆေးရုံကဆင်းပြီး သူနေခဲ့တဲ့ ရှမ်းရိုးမကုန်တိုက်ကြီးနံဘေးမှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ အားမရှိသေးတဲ့အတွက် ကျွန်မနဲ့တကွ သူငယ်ချင်းအသင်းသူ၊ အသင်းသားဖြစ်တဲ့ ကိုတင်အေး၊ မသီတာ၊ ကိုနေမျိုးတို့နဲ့အတူ တလှည့်စီ သွားရောက် အာဟာရကျွေးမွေးပြီး လိုအပ်တာ ဆက်လက် ကူညီစောင့်ရှောက်ခဲ့ပါတယ်။

တာချီလိတ်မြို့ရှမ်းရိုးမ ကုန်တိုက်နံဘေးမှာနေတဲ့ သူတွေကတော့ ပိုင်ရှင်ဆွေမျိုးမရှိ၊ ကြည့်ရှူ့မဲ့သူ မရှိတဲ့သူတွေ အထူးသဖြင့် အိမ်ခြေရာခြေမဲ့သူတွေ နေထိုင်ကြတာပေါ့။ သားသမီး(၄)ယောက်ရှိပါလျက်နဲ့ လမ်းဘေးမှာနေရတဲ့ ဦးစော... ရဲ့ ဖခင်ဘဝဟာ ရင်နာစရာပါဘဲ။ ကြည့်ရှူ့မဲ့သူဝေးလို့ အနီးအနားဆိုင်ခန်းတွေက ကျွေးတဲ့ အစာလေးစားရင်း အသက်ရှင်ခဲ့ရတယ်။ ကျွန်မလည်းဘယ်ဘဝက အမျိုးတော်စပ်ခဲ့သလဲမသိပါဘူး။ ရင်ထဲမှာ စာနာစိတ်၊ သနားစိတ်က ထိန်းမရတဲ့အတွက် နေ့စဉ် ငှက်သိုက်ဘူးတိုက်ကျွေး အာဟာရဖြည့်ခဲ့ပါတယ်။

ယင်ကောင်တွေ ဝိုင်းဝိုင်းလည်ပြီး၊ ခြင်တွေကိုက်နေတဲ့ ဦးစော.... ကို မကြည့်ရက်တာနဲ့ ယိုးဒယားခြင်ထောင်အိမ်ကလေးတစ်လုံးဝယ်ပြီး ခြင်ထောင်နဲ့ ထားပေးခဲ့ပါတယ်။ နေ့စဉ် ဆီးဝမ်းတွေ မနိုင်တဲ့အတွက် အသင်းသား ကိုတင်အေး အကူအညီနဲ့ နေ့စဉ်သွားရောက် ကြည့်ရှူလဲလှယ်ပေးပြီး ကုသိုလ်ယူပါတယ်။ တကယ်တော့ လမ်းဘေးမှာ နေသူတစ်ယောက် ကျွန်မတို့နဲ့ ဘာမှမဆိုင်ဘူးလို့တွေးပြီး ပစ်ထားလို့ရပေမယ့် ကျွန်မတို့ နှလုံးသားထဲက လာတဲ့ ဖြူစင်တဲ့ အကြင်နာ၊ စေတနာ၊ စာနာမှု က တားမရတဲ့ အတွက် သွေးမတော် သားမစပ် ဦးစော.... ကို မိဘသဖွယ် ကိုယ်ချင်းစာစိတ်နဲ့ ပြုစုစောင့်ရှောက်ခဲ့ကြပါတယ်။

ကံကြမ္မာက ၂၅ရက် ဇူလိုင်လ ၂၀၁၃ ညနေ ၄နာရီ ၁၅မိနစ် မှာတော့ ဦးစော.... ကွယ်လွန်ခဲ့ရပါတယ်။ ဖခင်တစ်ယောက်ရဲ့ နောက်ဆုံးအချိန်မှာ သူ့သမီး နွေးနွေးနဲ့ ကျွန်မ ဖုန်းပေးဆက်ခဲ့ပါတယ်။

သူပြောတဲ့စကား ကျွန်မပြန်ကြားမိပါတယ်။ “အဖေလေ အခု ငှက်သိုက်လည်းနေ့စဉ်သောက်ရတယ်၊ ခြင်ထောင်နဲ့လည်း နေရတယ် အဖေသက်သာပါတယ် သမီးကြီးရယ် စိတ်မပူပါနဲ့ ” လို့ မသေခင်ညမှာ သမီးဖြစ်သူ မနွေး....ကို ဖုန်းပြောခဲ့ပါတယ်။ ဒါဟာ သေခါနီး နောက်ဆုံးအချိန်ဖြစ်နေတာတောင် သမီးလေး ပူပန်စိုးရိမ်မှာစိုးတဲ့အတွက် ဖခင်တစ်ယောက်ရဲ့ စေတနာမေတ္တာပါဘဲ။ သူဆုံးပါးသွားတဲ့ နောက်ဆုံးခရီးမှာ သမီးမနွေး...... လာနိုင်မလားလို့ ကျွန်မမေးကြည့်ပါတယ်။ သူလာဖို့မလွယ်ကြောင်း၊ အကိုနဲ့မောင်လေးကလည်း အဖေနေမကောင်းကြောင်းသိလို့ တာချီလိတ်အပြန်လမ်းမှာ အလုပ်သမားကဒ် မရှိတဲ့အတွက် ထိုင်းရဲများဖမ်းထားခြင်းခံရကြောင်း ပြောပြပါတယ်။ နောက်ဆုံးအချိန်မှာတောင် သားသမီး (၄)ယောက်ရှိရက်နဲ့ တစ်ယောက်မှ မလာနိုင်ကြဘူး။ နောက်ဆုံးချိန်ထိ မပြုစုကြရဘူး။ ပိုင်ရှင်မဲ့အဖြစ် လမ်းဘေးမှာနေ၊ လမ်းဘေးမှာသေသွားခဲ့ရတဲ့ ဦးစော.... ရဲ့ ဖခင်ဘဝဟာ ရင်နင့်စရာပါဘဲ။

ကျွန်မရင်ထဲမှာ ပြောနေမိပါတယ်။ “အရက်သမားဘဲဖြစ်ဖြစ် သူတောင်းစားဘဲဖြစ်ဖြစ် အဖေဟာ အဖေပါဘဲ” ၊ အဖေဟာ သားသမီးတွေ အရွယ်ရောက်တဲ့အထိ တာဝန်ကျေပြုစုစောင့်ရှောက်ခဲ့ပေမယ့် ဒီအဖေအတွက် နားခိုစရာလေးတစ်နေရာတောင်မှ မပေးနိုင်ခဲ့တဲ့ သားသမီးတွေအတွက် ရင်နာမိပါတယ်။ ဦးစော....  အသုဘကို ဇူလိုင်လ၂၅ ရက်နေ့ ညနေ၆နာရီမှာ မြို့မသုသာန်သို့ ပို့ဆောင် သဂြိုဟ်ခဲ့ကြပါတယ်။

မသေခင်မှာချစ်ကြပါ။ မသေခင်မှာ ပြုစုပါ။ မသေခင်မှာ နားခိုခွင့်ပေးပါ။ မသေခင်မှာ ကျေးဇူးဆပ်ကြပါလို့ တလောကလုံးမှာ ရှိတဲ့ သားသမီးတွေကို ပြောလိုက်ချင်ပါရဲ့။

ကျွန်မတို့ မဇ္ဈိမလူမှုကူညီရေးအသင်းရဲ့ ပြုသမျှ ကုသိုလ်တွေကို ဘဝဘဝက တော်စပ်ခဲ့တဲ့ ဦးစော.... ကောင်းရာဘဝရောက်ရှိပြီး သာဓုခေါ်နိုင်ရန် အမျှပေးဝေလိုက်ပါတယ်။

နောင်ဘဝတွေများ ရှိခဲ့ရင် ပိုင်ရှင်ရှိပေမယ့် ပိုင်ရှင်မဲ့ဘဝ ဖြစ်ခဲ့ရတဲ့ အဖေတစ်ယောက် မဖြစ်ပါစေနဲ့လို့ ကျွန်မတို့ဆုတောင်းပေးလိုက်ပါတယ်။ ဦးစော.... ကောင်းရာသုဂတိလားပါစေ လို့ ဆုတောင်းမေတ္တာပို့နေမိပါတော့တယ်။

ဆောင်းပါးရှင်။      ။ ဒေါ်သန်းသန်းဌေး ( မဇ္ဈိမလူမှု့ကူညီရေးအသင်း )


Saturday, June 29, 2013

၂၀၁၃ခုနှစ် ဇွန်လ(၅)ရက်နေ့ နေ့လည် (၁)နာရီခန့်က မဇ္ဈိမလူမှုကူညီရေးအသင်းရဲ့ ပြန်ကြားရေးဖုန်းကို ဖုန်းဝင်လာပါသည်။ ဓမ္မသစ္စာဘုန်းကြီးကျောင်းမှ ဆရာတော် ဦးကောဝိဒရဲ့ ဖုန်းဖြစ်နေလို့ အရှင်ဘုရား ဘာများတပည့်တော်တို့အသင်းမှ ကူညီပေးရမလဲလို့ လျှောက်ထားလိုက်တော့ "ဆေးရုံမှာ မီးလောင်ဒဏ်ရာနဲ့ ဒကာတစ်ယောက် ဒုက္ခရောက်ပြီး ဆေးကုသဖို့ အခက်အခဲဒုက္ခရောက်နေတဲ့အတွက် မဇ္ဈိမလူမှုကူညီရေးအသင်းက ကူညီပေးတယ်လို့ကြားရလို့ ဖုန်းဆက်အကူအညီ တောင်းခံတာပါ"လို့ မိန့်ကြားလာတဲ့အတွက် ကျွန်မတို့ အသင်းသူ အသင်းသားတွေ တာချီလိတ်ပြည်သူ့ဆေးရုံကို ရောက်ရှိခဲ့ပြီး လူနာကို သွားရောက်တွေ့ဆုံကြည့်ရှုကြသည်။


လူနာရဲ့ နာမည်က ကိုအေးဝင်းဖြစ်ပြီး အသက် ( ၃၆ ) နှစ်ဖြစ်ပြီး ကိုအေးဝင်းဟာ နတ်မောက်မြို့သား၊ ရှမ်းပြည်နယ် မိုင်းဆတ်မြို့မှာ သွားရောက်အလုပ်လုပ်တဲ့သူဖြစ်သည်။ ညနေပိုင်း မှောင်စပြိုးတဲ့အချိန် သူနေတဲ့ တဲလေးမှာ သူငယ်ချင်း(၂)ယောက် ထမင်းစားမလို့ လုပ်ကြသည်။ ထုံးစံအတိုင်း အသောက်အစားရှိတဲ့သူဖြစ်တဲ့အတွက် အရက်သောက်ရင်း မှောင်လာပြီဖြစ်လို့ မီးခွက်မီးထွန်းဖို့ လုပ်တော့ မီးခွက်ထဲမှာ ဆီမရှိတဲ့အတွက် ဓါတ်ဆီကို မီးခွက်ထဲ ထည့်ထွန်းဖို့လောင်းထည့်နေပါသည်။ သူငယ်ချင်း (၂)ယောက်မှ တစ်ယောက်က မီးမမြင်ရလို့ မီးခြစ် ခြစ်လိုက်တော့သည်။

 အဲ့ဒီအချိန်မှာ ဓာတ်ဆီထည့်နေတဲ့ အတွက် မီးခြစ် ခြစ်လိုက်ခြင်းကနေ မီးစွဲလောင်ခဲ့သည်။လက်ထဲမှ လောင်နေတဲ့ မီးခွက်ကို ပစ်ချလိုက်တော့ ကိုအေးဝင်းရဲ့ ကျောပေါ်ကို ဓာတ်ဆီနဲ့ မီးလောင်းချလိုက်သလို ဖြစ်သွားတဲ့အတွက် ကိုအေးဝင်းရဲ့ကျောပေါ်မှာ မီးတောက်ကြီးတောက်လောင်နေခဲ့ပါသည်။

 ဒါ့အပြင် ၎င်းတို့နေတဲ့ တဲအိမ်လေးပါ လောင်မြိုက်ခဲ့ရသည်။ ကိုအေးဝင်းဟာ မီးလောင်လျက် လျှောက်ပြေးနေပြီး လူတွေရောက်တဲ့အချိန်မှာ မြေပေါ်မှာ လူးလိမ့်လိုက်တဲ့အတွက် ကျောပေါ်မှာ လောင်နေတဲ့မီး ငြိမ်းသွားခဲ့သည်။ နောက်တော့ မိုင်းဆတ်ပြည်သူ့ ဆေးရုံမှာ ဆေးရုံတက်ကုသခဲ့ရပါသည်။။

မီးလောင်ခံရတဲ့ ကိုအေးဝင်းက "နောက်ကျောမီးလောင်ဒဏ်ရာကို ဆရာမတွေက ဆေးစည်းဖို့ အရေခွံခွာလိုက်တော့ သွေးစိမ်းရှင်ရှင်တွေ ထွက်တာပေါ့။ နာလိုက်တာ မျက်ရည်တောင်ကျပါတယ်။ တချိန်တည်းမှာပဲ အတွေးရလိုက်တာက တချိန်က နတ်မောက်မှာ နေခဲ့တုန်းက ကိုအေးဝင်းဟာ နွားသတ်တဲ့ အလုပ်ကိုလုပ်ခဲ့တဲ့သူဖြစ်ပါတယ်။ နွားသတ်ခဲ့တဲ့ အချိန်ကလည်း ဒီလိုပဲ နွားရဲ့ကျောက အရေခွံတွေကို ဒီလိုပဲ ဆုတ်ခွာခဲ့ဖူးပါတယ်"ဟု ပြောပါသည်။

ဒီအချိန်မှာ ကိုအေးဝင်းအနေဖြင့် သူ့ရဲ့နောက်ကျောက ဒဏ်ရာ နာကျင်တဲ့ဒဏ်ကို သူမငိုတော့ဘဲ နောင်တ အသိဝင်ခဲ့မိသည်။ ဝဋ်ဆိုတာ ချက်ခြင်း ပြန်လည်တယ်လို့ သိလိုက်ရချိန်မှာ ငါဟာ သူ့အသက်ကိုသတ်ပြီး သူ့ကျောက အရေခွံကို ဆုတ်ခွာခဲ့မိတဲ့ ဝဋ်ဟာ ငါအခုကို မီးလောင်ပြီး ဒဏ်ရာကို အရေခွံဆုတ်ခွာခံနေရတဲ့ နာကျင်မှုဟာ ဝဋ်ကြွေးပြန်ဆပ်နေရတာပဲလို့ သိလိုက်ရချိန်မှာ နောင်တအကြီးအကျယ်ရပြီး နာကျင်မှုကို အံကြိတ်ခံလို့ ဝဋ်ကြွေးဆပ်ရတယ် အသိကို သိလိုက်ရပါသည်။

 မိုင်းဆတ်ဆေးရုံမှာ မသက်သာတဲ့အတွက် တာချီလိတ်ပြည်သူ့ဆေးရုံမှာ ဆက်လက်ကုသဖို့ ရောက်ရှိခဲ့သည်။ တာချီလိတ်ဆေးရုံရောက်တော့ ထပ်မံ ဒဏ်ရာတွေ ဆေးကြောသန့်စင်ဖို့ နောက်ကျောပြင်က အရေခွံအမည်းတွေ ထပ်ခွာခံရပြန်သည်။

ဒီအချိန်မှာတော့ ကိုအေးဝင်းဟာ နောင်တတွေနဲ့အတူ ဝဋ်ကြွေးကို မျက်ရည်မကျဘဲ အံကြိတ်လို့ ပေးဆပ်ခဲ့ရပြန်သည်။ တာချီလိတ်မြို့ မဇ္ဈိမလူမှုကူညီရေးအသင်းရဲ့ကူညီစောင့်ရှောက်မှုကို ကိုအေးဝင်း တွေ့လိုက်ရတော့ ဒီမဇ္ဈိမလူမှုကူညီရေးအသင်းသာ သူ့ကို မကူညီခဲ့ရင် သူဟာဆေးဆက်ကုသဖို့ မတတ်နိုင်တဲ့အတွက် အသက်ရှင်ဖို့ မလွယ်ကြောင်းပြောပြီး ကျေးဇူးတင်လွန်းလို့ ဒီအသင်းဟာ သူ့ကို အမြင်မှန်တွေ ရစေခဲ့တဲ့အတွက် ဆရာတော်ဦးကောဝိဒ စမ္မသစ္စာမြန်မာရွာဘုန်းကြီးကျောင်းထံမှာ ရာသက်ပန်သူ့တပါးရဲ့ အသက်မသတ်တော့ကြောင်း၊ အရက်ကိုလည်း ရာသက်ပန် မသောက်ဘဲ လှူကြောင်းပြောလာသည်။ ဆရာတော်လည်း ဝမ်းသာလွန်းလို့ ဒီအသင်းရဲ့ ကူညီမှုကြောင့် သူ့ဒကာ ကိုအေးဝင်း အမြင်မှန်ရသွားတာမို့ ကျေးဇူးတင်ကြောင်းပြောသည်။

ဒီလိုပါပဲ ကျွန်မတို့ အသင်းကြီးရဲ့ ကိုယ်စား ဥက္ကဌ ဦးတင့်ဆွေရဲ့ စေတနာမေတ္တာတွေနဲ့အတူ ပေးဆပ်ကူညီခွင့်ရတဲ့အတွက် ကိုအေးဝင်းရဲ့ ရာသက်ပန်စောင့်ထိန်းတော့မဲ့ သီလ(၂)ပါးအတွက် ဝမ်းသာပီတိဖြစ်ရပါသည်။

ကိုအေးဝင်းရလိုက်တဲ့ သတိနဲ့ အသိဟာ အမှန်တရားပါပဲ။ သတိမရှိတဲ့ အတွက် မီးလောင်သည်၊ အသိမရှိတဲ့အတွက် တိရိစ္ဆာန်ရဲ့ အသက်ကိုသတ်ခဲ့ပြီး ဝမ်းစာရှာခဲ့သည်။ ဒါတွေကြောင့် ဝဋ်ကြွေးဟာ ခုဘဝမှာတင် ပြန်ဆပ်ခဲ့ရသည်။ ကြောက်စရာကောင်းတဲ့ ဝဋ်ကြွေးပါ။ အခု သတိ-တရားနဲ့ ဆင်ခြင်ပြီး အသိတရားတွေရှိလာတဲ့အတွက် ကျွန်မတို့ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌဦးတင့်ဆွေနဲ့တကွ ကျွန်မတို့ အသင်းသူ အသင်းသားအားလုံးက ကိုအေးဝင်းအတွက် နှိုင်းမရတဲ့ ပိတီဖြစ်ရပါသည်။

ကိုအေးဝင်းတစ်ယောက် အမြန်ဆုံး ဒဏ်ရာတွေပျောက်ပြီး သတိလေးနဲ့အသိတရားတွေကို ရာသက်ပန် ထိန်းသွားတော့မယ်ဆိုတဲ့ စကားကို ကြားရတဲ့အတွက် ကျွန်မတို့မဇ္ဈိမလူမှုရေးကူညီရေး အသင်းကြီး ကလည်း စွမ်းသမျှအကုန်ပေးဆပ်နေအုန်းမှာပါပဲ။ လူသားအားလုံးစာနာစိတ်နဲ့ သတိနဲ့အသိ ရှိနိုင်ကြပါစေ။


ဆောင်းပါးရှင်။      ။ ဒေါ်သန်းသန်းဌေး(မဇ္ဈိမလူမှုကူညီရေးအသင်း)

မှတ်ချက်။ ။ ပုံများသည် ဆောင်းပါရှင်မှ လူနာအား သွားရောက်ကြည့်ရှုစဉ်ဖြစ်ပါသည်။

Flag Counter