Latest News

Dropdown Menu

Showing posts with label သတင်းဆောင်းပါး. Show all posts
Showing posts with label သတင်းဆောင်းပါး. Show all posts

Wednesday, February 19, 2014

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ်မြို့များသည် ပြည်ထောင်စု ကားလမ်းမကြီးဖြင့် တစ်ဆက်တစ်စပ်တည်း ဆက်စပ်တည်ရှိလျက်ရှိသည်။ ကျိုင်းတုံမြို့သည် ရှေးယခင်ကပင် ထင်ရှား ကျော်ကြားသည့် သစ်တစ်ပင်တောင်၊ နောင်တုံကန်၊ ဗျာဒိတ်ပေး ရပ်တော်မူဘုရား နှင့် ရေပူစမ်းတို့မှာ ခရီးသွားပြည်သူများ ဆွဲဆောင် နေသည့်နေရာများပင်ဖြစ်ပါသည်။ ထို့အတူ နှစ်နိုင်ငံနယ်စပ်များနှင့် ထိစပ်လျက်ရှိသည့် တာချီလိတ်မြို့တွင်လည်း ရွှေတိဂုံစေတီ၊ တာလော့ဈေး၊ ရွှေတြိဂံပါရာဒိုက်ဟိုတယ်၊ မိုင်းဖုန်းဒေသ စသည်တို့ဖြင့် ခရီးသွားပြည်သူများနှင့် နိုင်ငံခြားသားဧည့်သည်များ စည်ကားလျက်ရှိပြီး၊ နေ့စဉ်နှင့်အမျှ စည်ကားလှသည့် ရှမ်းအရှေ့ သဘာဝအလှတရားများပင်ဖြစ်ပါသည်။


သို့ရာတွင် မိုင်းဖြတ်မြို့သည် တာချီလိတ်မှ(၅၁)မိုင်၊ ကျိုင်းတုံသွားလျှင်မိုင်(၅၁)သာ ကွာဝေးသော်လည်း
ခရီးသွားများမှာ မိုင်းဖြတ်ဆိုသည့် အတိုင်း ဖြတ်သွားဖြတ်လာဖြင့်သာ တည်ရှိနေသည့် မြို့ကလေးသာ ဖြစ်ပါသည်။ ယခုအခါ မိုင်းဖြတ်မြို့မှတဆင့်  မိုင်းဖြတ်-မိုင်းယောင်းသွားလမ်း ၁၆ မိုင်ခန့်အကွာ ပြည်ငြိမ်းအေးကျေးရွာမှ တဆင့် ၅ မိုင်ခန့်ဆက်လက် သွားရောက်ပါက ထူးခြားတင့်တယ် နက်နဲဆန်းကြယ် သဘာဝအလှတရားများနှင့် ပြည့်စုံကာ ခရီးသွားပြည်သူများ နဲ့ နိုင်ငံခြားဧည့်သည်များ စိတ်ဝင်စားဖွယ်ဆွဲဆောင်နေသည့် စွမ်ဟိန်းဂူ ခေါ် ဓမ္မဂမ္ဘီရသာသနာ့လိုဏ်ဂူတော်ကြီးကို တွေ့ရှိရမည်ဖြစ်ပါသည်။

အဆိုပါ စွမ်ဟိန်းဂူ ခေါ် ဓမ္မဂမ္ဘီရ သာသနာ့လိုဏ်ဂူသည် ထူးခြားမှုအပေါင်းတို့ ပေါင်းစုရာဟု တင်စား
ရလောက်အောင် တည်ရှိနေသည်ကို ဗဟုသုတဖြစ်ဖွယ် တင်ပြရလျှင်- သာသနာသက္ကရာဇ် ၁၄၄၀ကျော်ခန့်က  တရုတ်နိုင်ငံ ၀ိသေဟိုင်းပြည်မှ ကျေးဟုန်နိုင်ငံ ( ရှမ်းနိုင်ငံ)ကို ကျူးကျော် ၀င်ရောက်လာသောအခါ  ကျေးဟုန် နိုင်ငံဘုရင် အာလ၀ီမင်းကြီးက တိုင်းပြည်မှ မဆုတ်ခွာမီ ဂူကြီး တစ်ဂူ၌ လာရောက်ပုန်းအောင်နေထိုင်ရန် အိပ်မက်တော် မြင်မက်သဖြင့် မူးကြီး မတ်ရာများအား မေးမြန်းရှာဖွေစေပြီး၊ မင်းကြီးမြင်မက်သည့် ဂူကြီးတစ်ဂူကို မူးကြီးမတ်ရာများ ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအခါ ဂူအတွင်း၌ ရှောင်တိမ်းနေထိုင်ခဲ့ကြောင်း သိရသည်။ လုံခြုံမှု မရှိနိုင်သဖြင့် နမ့်ခေါင်(မဲခေါင်မြစ်)ဘက်သို့  ဆင်းလာပြီး ကျိုင်းလပ်တွင် ခေတ္တစခန်းချကာ လန်းခ(လာအို)နှင့်  လန်းနား (ကျင်းဟိုင်း)တို့တွင် ခိုလုံမည်ဆိုပါကလည်း နိုင်ငံရေး တည်ငြိမ်မှုမရှိသဖြင့် ပါလျှိုးမှ တဆင့်  လွယ်တော်ခမ်း တောင်ဘက်သို့ ပြန်တက်လာခဲ့ရာ မိုင်းလင်းကျောင်းရှိ သာသနာ့မြေ သိမ်တော်သို့  ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ အာလ၀ီမင်းကြီး၏ မိဖုရားကြီးသည် စွမ်ကြန့်အမည်တွင်သော သားတော်တစ်ပါး ဖွားမြင်၍ အဆိုပါနေရာတွင် စွမ်ကြန့်စေတီ တည်ထားခဲ့ကြောင်း သိရသည်။


နယ်မြေအေးချမ်းတည်ငြိမ်သည့်အခါ ပထမ ခိုလုံခဲ့သော လိုဏ်ဂူအတွင်း ပြန်လည်နေထိုင်ကာ
ဝိသေဟဘုရင်၏ ငြိမ်းချမ်းရေးဆင့်ဆိုမှုကြောင့် ကျေးဟုန် နိုင်ငံသို့ မပြန်မီ ပါလာသော ရတနာပစ္စည်းများကို မြှပ်နှံထားခဲ့ကြောင်း သိရှိရပြီး လိုဏ်ဂူတော်ကြီး၏ သမိုင်း စတင်ခဲ့ကြောင်း ဒေသနေပြည်သူများက ယုံကြည် လျက်ရှိသည်။


ထိုမျှမက သာသနာသက္ကရာဇ် ၂၀၀၀ ခန့်က မိုင်းယောင်းဘုရင် ကျောက်စုနန္ဒကုမ္မာန်သည် ညတစ်ည၌
နိုင်ငံရေး၊ တိုင်းရေး၊ ပြည်ရေး စစ်မက်ရေးရာများ ဖြစ်ပွားတော့မည်ဖြစ်ကြောင်း၊ စစ်မက်ဖြစ်ပွားပါက ရတနာ ပစ္စည်းများကို အခြားတိုင်းပြည်များသို့ ပါမသွားစေရန် ဂူအတွင်း မြှပ်နှံထားပါဟု အိပ်မက်မြင်မက်ခဲ့ကြောင်း၊ ထိုမြင်မက်ခဲ့သည့် ဂူတစ်ဂူကို ရှာဖွေခဲ့ရာ မိုင်းယောင်းဘုရင်မြင်မက်ခဲ့သည့် ဂူကြီးပင်ဖြစ်နေကြောင်း သိရသည်။ ထို့အတူ ကျိုင်းတုံဘုရင်ကျောက်ဖကျိုင်းအွမ်မင်းကြီးလည်း လိုဏ်ဂူကြီးအား အိပ်မက်မြင်မက်ခဲ့ကြောင်း ယုံကြည်လျက်ရှိပေသည်။


ယင်းလိုဏ်ဂူကြီးအား ဒေသခံများ၏ အဆိုအရ ထမ်ဘုတ်(ခေါ်)၀ါးရုံများ ဂူအ၀တွင်ပေါက်ရောက်လျက်
ရှိသဖြင့် ၀ါးရုံဂူဟူ၍လည်းကောင်း၊ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ခန့်ကာလက ထမ်ဘုတ်ဂူ၏ အရှေ့မြောက်ဘက်၌ မိုင်းဟစ်(မိုင်းဟိ)မြို့ပြနိုင်ငံငယ် ပေါ်ပေါက်ခဲ့ရာမှ  မိုင်းဟိဂူဟူ၍လည်းကောင်း ခေါ်ထွင်ခဲ့ကြောင်းနှင့် ၂၀၀၆ ခုနှစ်တွင်  မိုင်းလင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ၀ိမလ သည်  မိုင်းယောင်းမြို့သို့  မကြွမီ ညတွင် ပုဂ္ဂိုလ်(၃)ဦးက ပန်းကုံး၊ ဖယောင်းတိုင်တို့ဖြင့် မိုင်းဖြတ်-မိုင်းယောင်း လမ်းပေါ်ရှိ မိမိတို့မြို့အား  လမ်းကြုံလျှင် ၀င်ခဲ့ပေးရန် ဖိတ်ကြားပြီး၊  ဆရာတော်ဘုရားကလည်း   အကြောင်းညီညွတ်မည်ဆိုပါက ၀င်ခဲ့မည်ဟုဆိုကာ ပန်းကုံးများလက်ခံခဲ့ကြောင်း၊ သို့သော်လည်း မြို့အမည်ကို မမေးဖြစ်ခဲ့ကြောင်း အိပ်မက်မြင်မက်ခဲ့သည်။

ဆရာတော်ဘုရားသည် မိုင်းလင်းမှ မိုင်းဖြတ်၊ မိုင်းယောင်းမြို့များသို့ ခရီးထွက်ခဲ့ရာ မိုင်းဖြတ်မြို့တွင်
ခေတ္တခဏနားစဉ် တပည့်တကာများအား လမ်းခုလတ်၌ မြို့ရှိသေးလားဟု မေးမြန်းခဲ့ရာ မရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည် ဆိုပါသည်။ ထိုစဉ် ဆရာတော်သည် မိုင်းယောင်းမြို့တွင် သီတင်းသုံးခဲ့စဉ် ညအခါ၌ အဆိုပါ ပုဂ္ဂိုလ်(၃)ဦးကပင် ပန်းကုံးများဖြင့် ဆက်ကပ်ကာ ၄င်းတို့၏မြို့အား အပြန်လမ်းခရီးတွင် ၀င်ခဲ့ရန် ထပ်မံဖိတ်ကြားခဲ့ကြောင်း အိပ်မက်မြင်မက်ခဲ့ပြန်ပါသည်။ အပြန်လမ်းခရီးတွင် တပည့်ဒကာများအား လမ်းခုလတ်တွင် မြို့ရှိသေးလားဟု မေးမြန်းရာ မရှိကြောင်း လျှောက်တင်ခဲ့သဖြင့် မိုင်းလင်းကျောင်းသို့သာ ပြန်ကြွခဲ့ကြောင်း မိန့်ကြားပါသည်။


ထို့အပြင် ၂၀၀၇ခုနှစ်တွင် ဆရာတော်သည် ကျိုင်းတုံမြို့သို့ ကြွရန်ရှိသောအခါတွင်လည်း အသွားရော
အပြန်ပါ အထက်ပါအတိုင်း အိပ်မက်မြင်မက်သော်လည်း မ၀င်ဖြစ်ခဲ့ပေ။ ၂၀၀၈ခုနှစ်အရောက်တွင်လည်း
ကျိုင်းတုံမြို့သို့သွားရောက်စဉ် အိပ်မက်မြင်မက်ခဲ့ပြန်သည်။ ၂၀၀၉ခုနှစ်တွင် ဆရာတော်ဘုရား မိုင်းယန်း၊
မိုင်းခတ်ခရီးစဉ်၌လည်း အသွားရော အပြန်ခရီးတွင် အိပ်မက်မြင်မက်သဖြင့် အပြန်ခရီးတွင် မိုင်းဖြတ်၌
ခဏနားစဉ် ဘုရားဒကာ၊ ပန်းဒကာတို့အား မိုင်းဖြတ်နှင့်မိုင်းယောင်းကြားတွင် လက်ရှိမြို့မဟုတ်ဘဲ ယခင်က မြို့ဟောင်းအမည်တွင်သည့် မြို့ရွာများရှိလေသလားဟု မေးမြန်းရာ မိုင်းဟိဟုသော မြို့ဟောင်းရှိခဲ့ပြီး၊ ယခုအခါ ကျေးရွာအဆင့်သာ ရှိနေကြောင်း သိရသဖြင့် ဆရာတော်သည် ကားဖြင့်သွားရောက်ခဲ့သည် ဆိုပါသည်။

ဆရာတော်သည် မိုင်းဟိရွာအနီးရှိ ဂူ သို့ သွားရောက်ခဲ့ပြီး ဂူပေါက်ဝတွင် အဓိဋ္ဌာန်ပြုကာ ဂူဝကျောက်
နံရံအား ညာလက်ဖြင့် ပုတ်လိုက်ရာ တစ်ကိုယ်လုံး တစ်ကြိမ်တစ်ခါမျှ မဖြစ်ဘူး၊ မကြုံဘူးသော ကြက်သီးမွေးညင်း များ ထခဲ့ကြောင်း မိန့်ကြားပါသည်။ ဆရာတော်ဘုရားသည် ဂူအတွင်း၌  ညပိုင်းသီတင်းသုံးကာ တရားထိုင်ခဲ့ ပါသည်။ တရားထိုင်စဉ် အိုးစည်ဗုံမောင်းတီးကာ ရွှေဝေါယာဉ်ဖြင့် ၎င်းတို့၏ နန်းတော်အတွင်းသို့ ကြွရောက် ပေးရန် ပင့်ဆောင်၍၊ ပင့်ဆောင်ထားခဲ့သည်မှာ (၃)နှစ်မျှ ကြာပြီးမှသာ ကြွတော်မူသဖြင့် စောင့်ရသည်မှာ မောလှပြီဖြစ်ကြောင်း၊ ထိုစဉ်မှသာ အိပ်မက်ထဲတွင် မြင်မက်ခဲ့သည့် ပုဂ္ဂိုလ်များသည် လူမဟုတ်ဘဲ နတ်များဖြစ် နေသည်ဟု ဆရာတော်က မိန့်ကြားတော်မူပါသည်။


ဆရာတော်က လမ်းလျှောက်လိုက်မည်ဟု မိန့်သော်လည်း ကုသိုလ်ယူပါရစေဟု ဆိုသောကြောင့် ဝေါယာဉ်ဖြင့် စီးကာလိုက်ပါလာရာ မြို့ရွာများကိုဖြတ်ပြီး နန်းတော်တွင်းသို့ ၀င်ရောက်ခဲ့သည်။ ထိုသို့ဝင်ရောက်စဉ် နန်းတော်အစည်းအဝေးခန်းမ၌ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ ကျေးဟုန်၊ လန်းချား(လာအို)၊ လန်းနား (ကျင်းမိုင်) တို့မှ ဘုရင်များ အစဉ်လိုက်မိတ်ဆက်ကာ  ရိုးရာပွဲလမ်းသဘင်များဖြင့် ပူဇော်ဆက်ကပ်၍နတ်မင်းများဖြစ်နေရခြင်းကို လျှောက်ထားကြကြောင်း၊ သီလတောင်းသဖြင့် ငါးပါးသီလပေးကာ မေတ္တာပို့ အမျှဝေသောအခါ ရေစက်ချသည့်အသံကြားမှ ပြန်သတိရလာပြီး၊ နတ်လောကအဖွဲ့များပင့်ဆောင်မှုကို အာရုံဖြင့် ကြွသွားသည်ကို သိရှိလိုက်ရကြောင်း
ဆရာတော်မှ မိန့်ကြားတော်မူခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အစောင့်မင်းများ၊ နဂါးမင်းများစောင့်နေသည့် ဂူဖြစ်ခြင်း၊ တရားကျင့်၍ ရဟန္တာဖြစ်ကာ ပျံလွန်
တော်မူခဲ့သည့် ဂူဖြစ်ခြင်း၊ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များနှင့် ရသေ့များ တရားကျင့်ကာ သီတင်းသုံးတော်မူခဲ့သည့် ဂူဖြစ်ခြင်းတို့ကြောင့် ( စွမ်=မုနိချွန်၊ မြင့်မြတ်မှု၊ ဟိန်း=ကျော်ကြား၊ခန်းနား၊ထိန်လင်းခြင်း)မြင့်မြတ်ကျော်ကြားသော ပုဂ္ဂိုလ်များ အသွင်သဏ္ဍန်အမျိုးမျိုးဖြင့် နေထိုင်ခဲ့သည်ဟူသော အဓိပ္ပါယ်တို့ဖြင့်  စွမ်ဟိန်းဂူ ဟူ၍ လည်းကောင်း၊  ဂမ္ဘီရ ရသေ့ကြီး တရားကျင့်ကြံအားထုတ်ခဲ့ခြင်း၊ လိုဏ်ဂူတော်အတွင်း ဓမ္မက္ခန္ဓာပေါင်း ၈၄၀၀၀ ရည်မှန်းကာ ဘုရားဆင်းတုတော်၊ ရုပ်ပွားတော်ပေါင်း ၈၄၀၀၀ တည်ထားကိုးကွယ်ရန် ရည်သန်ထားသည့်အတွက်  ဓမ္မဂမ္ဘီရ သာသနာ့လိုဏ်ဂူတော်(ခေါ်) စွမ်ဟိန်းဂူ ဟု အမည်နာမခေါ်ထွင်ခဲ့စေကြောင်း မိုင်းလင်းဆရာတော်ဘုရားကြီးက မိန့်ကြားခဲ့သည်ကို
မှတ်သားသိရှိရသည်။

ဖော်ပြပါ ထူးခြားချက်များသာမက ရဟန္တာ(၁၆)ပါး တရားကျင့်ကြံအားထုတ်ရင်း ပျံလွန်တော်မူခဲ့ကြောင်း၊
ပျံလွန်တော်မူသွားခဲ့သော ရဟန္တာ(၁၆)ပါးအနက်မှ (၄)ပါး၏ ဓာတ်တော်များ ရရှိပြီးဖြစ်ကြောင်း၊ လိုဏ်ဂူတော် အတွင်း မိုင်းတင်း၊ လန်းဆတ်၊ နမ့်နန်းတို့မှ စီးဆင်းလာသော ချောင်းရေအားလုံးတို့သည် ဖြတ်သန်းစီးဆင်းကာ မိုင်းယောင်းမြို့သို့ စီးဝင်ရောက်ရှိကြောင်းသိရသည်။ ထို့အပြင် လမ်းကြောင်းလေးကြောင့်ပွင့်ပြီး ပထမလမ်းကြောင်းသည် ကျိုင်းတုံ ထမ့်ဖာတ သို့လည်းကောင်း၊ မိုင်းယောင်းဂူသို့လည်းကောင်း၊ ထမ့်လုံဂူသို့လည်းကောင်း၊ ထမ်ကျင့်လောင် ဂူသို့လည်းကောင်း ပေါက်ကြောင်း မိုင်းလင်းဆရာတော်က မိန့်ကြားတော်မူပါသည်။ အဆိုပါ လိုဏ်ဂူတော်အတွင်း၌ ဆရာတော်သည် ၁၃၇၄ခုနှစ်နှင့် ၁၃၇၅ခုနှစ်တို့တွင် ၀ါတွင်းကာလ တရားကျင့်ကြံ အားထုတ်တော်မူခဲ့ပြီး၊
၁၃၇၆ ခုနှစ်၊ ၀ါတွင်းကာလအတွင်း ဆက်လက်တရားကျင့်ကြံအားထုတ်မည် ဖြစ်ကြောင်း
သိရသည်။

ထို့အပြင် လိုဏ်ဂူတော်အတွင်း  မိုင်းဖုန်းဆရာတော်ဘုရားကြီးနှင့်  မိုင်းလင်းဆရာတော်ဘုရားကြီးတို့ သာသနာပြု လုပ်ငန်းများကို အစွမ်းကုန်ဆောင်ရွက်ရန် ကတိသစ္စာပြုထားကြောင်းလည်း သိရှိရသည်။ လိုဏ်ဂူ တော်ကြီးသည် သဘာဝတောတောင်စိမ့်စမ်းများအကြား ဂမ္ဘီရဆန်သော နက်နဲဆန်းကြယ်သည့် ၀ိသေသများနှင့် အတူ သဘာဝအလျောက် သာယာလှပစွာတည်ရှိနေခြင်းတို့ကြောင့် သာသနာ့လိုဏ်ဂူတော် နယ်မြေကို ဘက်စုံဖွံ့ဖြိုးပြီး၊ သာသနာတော်ကြီ နေလိုလလို ထွန်းလင်းတောက်ပကာ၊ နယ်မြေအေးချမ်းသာယာပြီး၊ ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် မိုင်းလင်းဆရာတော်ဘုရားကြီး ဦးစီးဦးဆောင်ပြု၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မိုင်းဖြတ်၊ တာချီလိတ်ခရိုင်နှင့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တို့နှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနဲ့ ရပ်နီးရပ်ဝေးမှ စေတနာရှင် အလှူရှင် လုပ်ငန်းရှင်များပေါင်းစုကာ လိုဏ်ဂူတော်ကြီးဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိသည်။

လိုဏ်ဂူတော်ကြီး ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ဘုရားလည်းဖူး၊ ခရီးသွားလာမှုလုပ်ငန်းများ ဖွံ့ဖြိုးလာပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလန်းများ တိုးပွားကာ လူမှုစီးပွားဘ၀ တိုးတက်လာမှာဖြစ်ပါသည်။ ယခုအခါ လိုဏ်ဂူတော်ကြီး သွားလာလွယ်ကူကောင်းမွန်စေရန် လမ်းအကျယ်ပေ(၃၀)ဖောက်လုပ်ခြင်း၊ ဂူအတွင်း အပြင် လျှပ်စစ်မီး ရရှိရေးလုပ်ငန်းဆောင်ရွက်ခြင်း၊ လိုဏ်ဂူတော်အတွင်း ဓမ္မက္ခန္ဓာပေါင်း (၈၄၀၀၀) ရည်မှန်းကာ ဘုရားဆင်းတုတော်၊ ရုပ်ပွားတော်များ တည်ထားကိုးကွယ်ခြင်း၊ လိုဏ်ဂူတော်အတွင်း အပြင် သဘာဝအရင်းအမြစ်များ မူလအတိုင်း မပျောက်ပျက်ဘဲ ပြင်ဆင်ဆောင်ရွက်ခြင်း၊ လိုဏ်ဂူတော်အပြင်ဘက်တွင် သာသနိက အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ပတ်ဝန်းကျင်ရှိ တောတောင်စိမ့်စမ်းများကိုလည်း စိန်းလန်းစိုပြေ သာယာလှပကာ သဘာဝဘေးမဲ့တောအဖြစ် ထိန်းသိမ်းထားရှိခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် စီစဉ် ဆောင်ရွက်လျက်ရှိသည်။

ယခုအခါ လိုဏ်ဂူတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီတို့က မိုင်းဖုန်းဆရာတော် ဘုရားကြီးနှင့် မိုင်းလင်းဆရာတော် ဘုရားကြီးတို့၏ လိုဏ်ဂူအတွင်းအပြင် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဆန္ဒပြည့် စေလိုသည့်အတွက် အလှူခံမဏ္ဍပ်များဖွင့်လှစ် အလှူခံခြင်း၊ ရပ်ဝေးရပ်နီးရှိ စေတနာရှင်အလှူရှင်များ ပါဝင်လှူဒါန်း ကုသိုလ်ပြုနိုင်စေရန်လည်း အင်တာနက်၊ သတင်းစာ၊ ဂျာနယ်များတွင် ကြော်ငြာထည့်သွင်း အလှူခံခြင်း ဆောင်ရွက်လျက်ရှိပေသည်။


ထိုသို့ဆောင်ရွက်လျက်ရှိသည့်အတွက် မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင်အလှူရှင်များက အလှူငွေနှင့် ပစ္စည်းများ၊ စက်ယာဉ်ယန္တရားများ ပံ့ပိုးကူညီခြင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ် နှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများသည် ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလ (၂၆) ရက်က လိုဏ်ဂူတော်အတွင်း ရောက်ရှိလေ့လာကာ မိုင်းလင်းဆရာတော်ဘုရားအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။

ထို့အပြင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လိုဏ်ဂူတော်ကြီး ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန် အလှူငွေကျပ်သိန်း(၅၀)လှူဒါန်းပေးခဲ့ပြီး ဘက်စုံ ဖွံ့ဖြိုးရေးလုပ်ငန်းများပြုပြင် တည်ဆောက်ရာတွင်လည်း မူလသဘာဝ အရင်းအမြစ်များ မပျက်စီးစေဘဲ စီစဉ် ဆောင်ရွက်ရန် လမ်းညွှန်ခဲ့သည့်အတိုင်း ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများက ဆောင်ရွက်လျက်ရှိပါကြောင်း ထူးခြားတင့်တယ် နက်နဲဆန်းကြယ် သဘာဝအလှများနှင့် ပြည့်စုံနေသည့် ရှမ်းအရှေ့မှ စွမ်ဟိန်းဂူ ခေါ် ဓမ္မဂမ္ဘီရ သာသနာ့လိုဏ်ဂူတော်ကြီး အကြောင်းကို ရေးသားလိုက်ရပါသည်။

သတင်းဆောင်းပါး။         ။  ဝေယံလင်း(မိုင်းဖြတ်)

ကိုးကား - 
မိုင်းလင်းဆရာတော်ဘုရား၏ ဓမ္မဂမ္ဘီရသာသနာ့လိုဏ်ဂူတော်ကြီးသမိုင်းစာအုပ်  

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Monday, January 13, 2014

ရှမ်းပြည်နယ်၏ အရှေ့ပိုင်းဒေသ နယ်စပ်မြို့လေးတစ်မြို့ဖြစ်သည့် တာချီလိတ်မြို့သည် ယခုအခါမှာ ယခင်ကာလများထက် အုပ်ချုပ်ရေး၊ လူမှုရေး၊ ဘာသာရေး၊ စီးပွားရေးနှင့် ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုများမှာ
ပြောင်းလဲတိုးတတ်နေပြီး ပိုမို၍ တွင်ကျယ်လာသည်မှာ လူမှုရေး စိတ်ဓါတ်များပင် ဖြစ်ပါသည်။

လူမှုရေးအသိစိတ်ဓါတ်များကို အခြေခံ၍ တစ်ဦးနှင့်တစ်ဦး ကူညီဖေးမမှုများ၊ အမြင်မတော်သည်များ၊ ၀င်ရောက်ကူညီခြင်းများ နှင့် မိမိတို့ တက်နိုင်သည့်ဘက်မှ ကူညီပေးနေမှုများကို အများဆုံး တွေ့မြင်ရနိုင်သည်မှာ တာချီလိတ်မြို့ပင် ဖြစ်ပေသည်။

ဟုတ်ပါသည်။ တာချီလိတ်မြို့နယ်တွင် ဆင်းရဲနွမ်းပါးသူများအား အယုတ် အလတ် အမြတ် မရွေး အခမဲ့ စေတနာ မေတ္တာစိတ်များဖြင့် ကူညီမှုများပေးနေသော လူမှုရေးအသင်းအဖွဲ့ (၁၅)ဖွဲ့မနည်း ရှိပြီး မြို့၏ "နတ်မျက်စိ"ဟု တင်စားခေါ်ဝေါ်ထိုက်သည့် "အငှားဆိုင်ကယ်ပြေးဆွဲသူများ" တာချီလိတ် အခေါ်အဝေါ် အနေဖြင့် "ဆိုင်ကယ် Taxi သမား"များပင် ဖြစ်လေသည်။ အဆိုပါ ဆိုင်ကယ် Taxi သမားများနှင့် ပတ်သက်၍ ယခု သတင်းဆောင်းပါးကို ဖော်ညွှန်းလိုက်ပါသည်။

တာချီလိတ်မြို့တွင် အချို့သော ယာဉ်တိုက်မှု၊ လုပ်ကြံမှု၊ ခိုးမှု၊ လူသတ်မှု၊ လုယက်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု စသည်ဖြင့် မှုခင်းကိစ္စရပ်များကို ရဲတပ်ဖွဲ့နှင့် တရားရေးရာများအတွက် အထောက်အကူဖြစ်စေသော၊ ဘာအကျိုးမှ မမျှော်လင့်ပဲ ကူညီမှုများ တတ်နိုင်သလောက် ပေးနေသူများကို ဖော်ပြပါဆိုလျှင် ဆိုင်ကယ် Taxi သမားများကိုသာ ဖော်ပြရပါမည်။ ထို့ကြောင့်လည်း "နတ်မျက်စိများ"ဟု တင်စားရပေသည်။

အဆိုပါ ဆိုင်ကယ် Taxi သမားများနှင့် ပတ်သက်၍ ၂၀၁၄ခုနှစ်၏ ဇန်န၀ါရီလ ပထမ အပတ်မှာ အဖွင့်လှခဲ့သည်ကတော့ လူမှုရေးအသိစိတ်ကြောင့် ကလေးနှစ်ဦးအား ကူညီနိုင်ခဲ့သည့်အပြင် သိန်း(၆၀)၀န်းကျင်ရှိ လက်ဝတ်ရတနာ ခိုးမှု တစ်ခုကိုလည်း ဖော်ထုတ်နိုင်ခဲ့လေသည်။


ဖြစ်စဉ်များနှင့် ပတ်သက်၍ ဇန်န၀ါရီလ(၁၁)ရက် နေ့လည် (၁၁း၃၀)နာရီဝန်းကျင်က တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ အ.ထ.က(တာချီလိတ်) ကျောင်းအနီး၊ ရွှေတိဂုံဘုရားလမ်း၌ အသက်(၈)နှစ် နှင့် (၉)နှစ်အရွယ်ရှိ ကျောင်းသူလေး နှစ်ဦးအား မသင်္ကာဖွယ်ရာ လူတစ်ဦးမှ အတင်းအဓမ္မ ခေါ်ဆောင်ရန် ကြံစည်သည်ဟု အများမှ ယူဆကြ၍ အနီးအနားရှိ ဆိုင်ကယ် Taxi သမား (၆)ဦး နှင့် အနီးဝန်းကျင်မှ လူများက မသင်္ကာဖွယ်ရှိသူ အမျိုးသားတစ်ဦးအား ၀ိုင်းဝန်းထိန်းသိမ်းပြီး ရဲတပ်ဖွဲ့သို့ အပ်နှံပေးခဲ့သည်။ တဆက်တည်းမှာပင် တာချီလိတ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ မသင်္ကာဖွယ်အမျိုးသားအား ခေါ်ယူ စစ်ဆေးပြီးနောက် ယင်းကိစ္စမှာ ကြံစည်မှု မဟုတ်ကြောင်း စစ်ဆေးချက်အရ သိရှိရသည်။

ကြံစည်မှုမဟုတ်သော်လည်း အဆိုပါ ဆိုင်ကယ် Taxi (၆)ဦး၏ လူမှုအသိစိတ် နှင့် တာဝန်သိစိတ် တို့ကြောင့် ကလေးနှစ်ဦး၏ မိဘများမှ စိုးရိမ်ကြောင်းကြမှု ကင်းဝေစေခဲ့တာတော့ အမှန်ပင်ဖြစ်ပေသည်။

တဆက်တည်း တင်ပြရပါမူ ပြီးခဲ့သည့် ဇန်န၀ါရီလ(၅)ရက် သန်းခေါင်အလွန် ည (၁း၁၅)အချိန်က တာချီလိတ်မြို့ နဂါးနှစ်ကောင်ဘုန်းကြီးကျောင်းအတွင်း၌ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ မိုင်းဖုန်းဆရာတော်၏ မွေးနေ့အား လာရောက်ကြသူများအနက် ရှမ်းအမျိုးသမီးတစ်ဦး၏ လက်ဝတ်ရတနာများ ခိုးခံရမှု ဖြစ်ပွားခဲ့ရာမှ မိုးသောက်ကြယ်ဆိုင်ကယ်ဂိတ်မှူး နှင့် ဂိတ်သားတစ်ဦးအပါအ၀င် ရွှေတာချီခရီးသွားလုပ်ငန်းမှ ကော်မတီဝင်တို့မှ (၂)ရက်အတွင်း လိုက်လံရှာဖွေပေးနိုင်ခဲ့ပြီး ရဲတပ်ဖွဲ့လက်ထဲသို့ အပ်နှံပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အသက်(၁၉)နှစ်အရွယ်ရှိ မောင်ဖြိုး(အမည်လွဲ)သည် မိန်းမစိတ်ပေါက်နေပြီး အဆိုပါ ဘုရားဖူးအဖွဲ့များကြား၌ အိပ်နေပြီး လက်ဝတ်ရတနာပစ္စည်းအား ခိုးယူကာ ထွက်ပြေးရာမှ ဘုန်းကြီးကျောင်းဝန်းထဲမှ ကဗျာကယာပြေးထွက်လာသည့် ပုံသဏ္ဍာန်အား ဆိုင်ကယ်သမားများမှ တွေ့မြင်နေကြပြီး မောင်ဖြိုးအား ဆိုင်ကယ်သမားများအနေဖြင့် ယခင်ကတည်း တွေ့မြင်ဖူးသည် ဖြစ်တာကြောင့် နှစ်ရက်အလွန်မှာ ရှာဖွေဖမ်းဆီးနိုင်ခဲ့တာဖြစ်ကြောင်း သိရသည်။

အထက်ပါ ကိစ္စများနှင့်ပတ်သက်၍ ယနေ့ ဇန်န၀ါရီလ(၁၃)ရက် ညနေ(၄)နာရီဝန်းကျင်တွင် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် ဌာနဆိုင်ရာများ အပါအ၀င် မြို့နယ်အထာက်အကူပြုကော်မတီ နှင့် ရွှေတာချီခရီးသွားလုပ်ငန်း ဥက္ကဌ ဦးစိုင်းကျော်စံ တို့က ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ကြောင်း ဟု ဆိုကာ အဆိုပါ ဆိုင်ကယ် Taxi သမား (၉)ဦးအတွက် ဂုဏ်ပြုခြင်း အခမ်းအနားအား ပြုလုပ်ပေးခဲ့ကြပါသည်။


ဂုဏ်ပြုချီးမြှင့်ရာတွင် မသင်္ကာဖွယ်လူတစ်ဦးမှ ကလေး(၂)ဦးအား  အတင်းအဓမ္မ ခေါ်ဆောင်ရန် ကြံစည်သည်ဟု ယူဆရ၍ ၀င်ရောက် ကူညီခဲ့သည့် ဆိုင်ကယ်အင်္ကျီနံပါတ် (498) ဦးဇော်ဝင်း၊ (634) ဦးမျိုးညွှန်၊ (248) ဦးမျိုးလင်းအောင်၊ (500) ဦးထွန်းညွှန့်၊ (494) ဦးဝဏ္ဏ နှင့် (277) ဦးအောင်မင်း အပါအ၀င် လက်ဝတ်ရတနာများအား ခိုးခံရမှုတွင် တရားခံအား ရှာဖွေဖမ်းဆီးပေးနိုင်ခဲ့သည့် မိုးသောက်ကြယ်ဂိတ်မှူး ဦးမင်းသူ (691)၊  ဦးအောင်ကျော်လင်း (678) နှင့် ရွှေတာချီခရီးသွားလုပ်ငန်း ကော်မတီဝင် ဦးကျော်မြင့်တို့အား ဂုဏ်ပြုလက်ဆောင်များကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြသည်။

ဆက်လက်ပြီး ယခုလို လူမှုအသိစိတ်များဖြင့် ကူညီပေးခဲ့ကြသည့် ဆိုင်ကယ် Taxi သမားများအား ထပ်မံ၍ ဂုဏ်ပြုသည့်အနေဖြင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် ဇနီး ဒေါ်နွေးနွေးလင်း မိသားစုမှ ငွေကျပ်(၁)သိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် ဇနီး ဒေါ်ရွှေမိုးသူဇာ မိသားစုမှ
ငွေကျပ်(၁)သိန်း နှင့် မြို့နယ်အထောက်အကူပြုကော်မတီမှ ငွေကျပ်(၁)သိန်း စုစုပေါင်း
ငွေကျပ်(၃)သိန်းတို့ကိုလည်း ထပ်ဆင့် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း မြို့ပေါ်လမ်းများရှိ လမ်းဆုံများနှင့် သက်ဆိုင်ရာ လူစည်ကားရာ အရပ်ဒေသ လမ်းထောင့်များတွင် ဆိုင်ကယ် Taxi ဂိတ်များ အများအပြားရှိနေသည် ဖြစ်တာကြောင့် မြို့တွင်း အကြမ်းဖက်မှုများ၊ မြို့၏ လှပသော ဂုဏ်အင်္ဂါရပ်များကို ရိုက်ချိုးဖျက်ဆီးလိုသူများအတွက် အဟန့်အတားသဖွယ် ဖြစ်ပေသည်။ ထို့အတွက်ကြောင့် တာချီလိတ်မြို့နယ်၏ လှပထည်ဝါမှုသည် အဆိုပါ နတ်မျက်စိများ၏ ဒေါက်ထောင့်ကြည့်နေမှုများ တစိတ်တဒေသမှ ပါဝင်နေခြင်းကြောင့်ဟူ၍လည်း ဆိုလိုနိုင်ပါကြောင်း ဤသတင်းဆောင်းပါးဖြင့် ဆိုင်ကယ် Taxi သမားများအား ဂုဏ်ပြု ရေးသားတင်ပြလိုက်ပါသည်။

သတင်းဆောင်းပါး ။   ။ ကိုဇောင်း

ပုံများကိုကြည့်ရန်
တာချီလိတ်၌ ဆိုင်ကယ် Taxi သမား ၉ ဦးအား ဂုဏ်ပြု
33 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Tuesday, January 7, 2014

 ““ မယ်ဇလီဆိပ် တာချီလိတ် ”” ဟု မြန်ပြည်တလွှား ထင်ရှားကျော်ကြားတဲ့ ကျွန်တော်တို့ တာချီလိတ်မြို့လေးဟာ အလွန်သာယာလှပတဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်။ ရှမ်း-အာခါ-လားဟူ-ပအို့ဝ် - ကချင်-ချင်း-၀-ကရင်-ရခိုင်-ဗမာ စတဲ့ တိုင်းရင်းသားညီကိုများ စုပေါင်း နေထိုင်ကြတဲ့ တာချီလိတ်မြို့လေးကို ရောက်ရှိခဲ့ဖူးတဲ့ ဧည့်သည်တိုင်းက သဒ္ဒါတရားကောင်းတဲ့မြို့ ၊ စေတနာတရားနဲ့ ကိုယ်ချင်းစာစိတ်ကြွယ်ဝတဲ့မြို့လေး ၊ တာချီလိတ်သားတွေများ ဘယ်အချိန် ကြည့်ကြည့် မျက်နှာလေးတွေကပြုံးရွှင်နေကြတာပဲ ဟု မုဒိတာအပွားခံရတဲ့မြို့လေး
ဖြစ်ပါတယ်။

     သို့သော်လည်း ဆွမ်းဆန်ထဲ ကြက်ချေးရောဆိုသလို ကျွန်တော်တို့မြို့ရဲ့ အလှကိုဖျက်ဆီး
နေတဲ့ အကြောင်းအရာလေး တခုကတော့ မကြာခဏကြားကြားနေရတဲ့ ““ မြေယာပိုင်ဆိုင်မှု
အငြင်းပွားပြဿနာ”” တွေပဲဖြစ်ပါတယ်။

မြန်မာပြည် အနယ်နယ်အရပ်ရပ်ကနေ ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့နေထိုင်ကြသူတွေဟာ တာချီလိတ်မြို့လေးမှာ အလျဉ်းသင့်ရာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြရင်း ရေရှည်မှာ အိမ်ငှားဘ၀နဲ့ မနေထိုင်လိုကြတဲ့အတွက် မိမိတို့ရဲ့ ချွေးနည်းစာလေးတွေကို ကုတ်ခြစ်စုဆောင်းကြပြီး အိုးပိုင်အိမ်ပိုင်ဘ၀ကိုရရှိဘို့ ကြိုးစားကြပါတယ်။ ငွေကြေးအတန်အသင့် စုဆောင်းမိလာတဲ့အခါ မိမိတို့နဲ့သင့်လျော်မယ့် မြေကွက်ကလေးတွေကိုဝယ်ယူကြပါတယ်။ ဒီလိုဝယ်ယူကြရာမှာ မိမိပိုင်မြေကို ရိုးရိုးသားသားတန်ရာတန်ကြေးနဲ့ရောင်းချကြသူများ ရှိသလို မသမာသောနည်းတွေနဲ့ ကျူးကျော်မြေတွေ ၊ တပါးသူပိုင်မြေတွေကို စာရွက်စာတမ်း အတုတွေနဲ့ လိမ်ညာရောင်းချကြသူအချို့လည်းရှိပါတယ်။

ဒီတော့ လိမ်ညာရောင်းချသူတွေက ငွေထုပ်ပိုက်ပြီး ပျော်မြူးနေချိန်မှာ ပိုင်ရှင်အစစ်အမှန်ပေါ်လာလို့ အနှစ်နှစ်အလလ ချွေတာစုဆောင်းထားတဲ့ ငွေလေးနဲ့ ၀ယ်ထားတဲ့မြေကွက်လေး ဆုံးရှုံးရလို့ မျက်ရည်နဲ့မျက်ခွက်ဖြစ်ရသူက ရိုးသားတဲ့ မြေ၀ယ်သူတွေပါ။ ငွေကြေးလဲဆုံးရှုံးရ ၊ ရုံးရောက်ဂတ်ရောက် ၊ အချင်းချင်းလည်း အမုန်းပွားရနဲ့ အလွန်စိတ်သောကရောက်ကြရတာကို မြင်တွေ့နေရပါတယ်။

ဒါ့ကြောင့် စာရေးသူအနေနဲ့ မြေကွက် (သို့) အိမ် အရောင်းအ၀ယ်ပြုတော့မယ်ဆိုရင်
(၁)   ရောင်းချသူရဲ့ ရိုးသားတည်ကြည်မှုကို အရင်ဆုံး စုံစမ်းလေ့လာပါ။
(၂) သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနလိုမျိုး ရုံး/ဌာနတွေမှာ မြေယာပိုင်ဆိုင်မှု ခိုင်မာမှု ရှိ/မရှိ  
        အရင်ဆုံးစိစစ်ကြည့်ပါ။
(၃) အရောင်းအ၀ယ်ပြုလုပ်ရာမှာလည်း ပေါ့ပေါ့ဆဆ သာမာန်အရပ်သုံးစာချုပ်တွေနဲ့ မချုပ်ဆိုပဲ
       ဥပဒေပညာရှင်တွေနဲ့ သေချာစွာ လေ့လာ တိုင်ပင် ညှိနှိုင်းပြီးမှ ၀ယ်ယူ ချုပ်ဆိုကြပါလို့ စေတနာရှေ့ထားကာ တိုက်တွန်းရေးသားလိုက်ရပါတော့တယ်ခင်ဗျား။
သတင်းဆောင်းပါး။        ။ မောင်ယဉ်ကျေး

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Sunday, January 5, 2014

    ၂၀၁၄ခုနှစ် ဇန်န၀ါရီလ ၄ရက်နေ့သည်ကား ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ထူးမြတ်သော ၀ိသေ
သများဖြင့် ထုံးမွှမ်းနေသော လွတ်လပ်ရေးနေ့အခါသမယဖြစ်ပေသည်။ ထိုနေ့တွင် မြန်မာနိုင်ငံတော်
တ၀ှမ်းရှိ ရဟန်း-ရှင်-လူအပေါင်း ပျော်ရွှင်တက်ကြွစွာဖြင့် လွတ်လပ်ရေး အောင်ပွဲသဘင်များအား ဆင်ယင် ကျင်းပကြပါသည်။ ထူးမြတ်သော လွတ်လပ်ရေးနေ့အခါသမယတွင် ထူးခြားသော မွေးနေ့ပွဲတစ်ရပ်ကို တက်ရောက်ဖို့ အခွင့်ကြုံရပါလေပြီ။

 

      ထူးခြားသည့်မွေးနေ့ပိုင်ရှင်ကား လွန်ခဲ့သော ၆၆ နှစ်ကြာကာလ ယခုလို နှင်းမှုန်တွေ ဖွေးဖွေးဖြင့်
ချမ်းအေးလှသော အချိန်အခါ နံနက် ၄နာရီ ၂၀မိနစ်တွင် ကိုလိုနီနယ်ချဲ့တို့၏ လက်အောက်မှ ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် လုံးဝအချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် လွတ်လပ်ရေး
အောင်ပန်းအား ဆွတ်ခူးနိုင်ခဲ့ပြီးနောက် နာရီပိုင်း အကြာ ရှမ်းရိုးမတောင်တန်းကြီး တနေရာတွင် လွတ်
လပ်ရေးနှင့်အတူ မွေးဖွားသန့်စင်ခဲ့သော အာခါတိုင်းရင်းသားခေါင်းဆောင် ဦးအာဇီး၏ (၆၆)နှစ်ပြည့်
မွေးနေ့မင်္ဂလာပင် ဖြစ်ပေသည်။

{ ဦးအာဇီး နှင့် သူ၏ ပုံတူကျောက်ရုပ်တု}

                  မှန်ပေသည်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) သံလွင်အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်
လွယ်တော်ခမ်းကျေးရွာအုပ်စု အာဒီးရွာကလေးတွင် အာခါတိုင်းရင်းသား အဖ ဦးဂျလယ် +  အမိ
ဒေါ်မီချူး တို့မှ ၁၉၄၈ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ နံနက် ၉ နာရီတွင် ဦးအာဇီးအား မွေးဖွားသန့်စင်ခဲ့ပြီး သားသမီး (၇)ဦးအနက် ဒုတိယမြောက်သားဖြစ်ကာ အကိုကြီးဖြစ်သူ ဦးအာဒီးမှာလည်း အာခါတိုင်းရင်းသား ခေါင်းဆောင်အဖြစ် နိုင်ငံတော်နှင့် ဒေသအကျိုးတို့အား စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်ပါသည်။

{ ဦးအာဇီး ပုံတူ ကျောက်ရုပ်တု}

             ဦးအာဇီးသည် အခြေအနေ အချိန်အခါအရ အတန်းပညာအား သေချာဂဃစွာ သင်ကြားခွင့်
မရခဲ့သော်လည်း ဖြတ်ထိုးဥာဏ်ကောင်းမွန်သူ တစ်ဦးဖြစ်ကာ သူ၏ အတွေးအခေါ်တို့က ခေတ်မီသည်
ဟုဆိုနိုင်လေသည်။ ခေတ်အဆက်ဆက် နိုင်ငံတော်နှင့်ဒေသ၏အကျိုး ၊ အာခါတိုင်းရင်းသားတို့၏
အကျိုးအား ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ဆောင်ရွက်ခဲ့သည့်အတွက် ပြည်သူ့ကောင်စီခေတ် ၊ တပ်မ
တော်အစိုးရခေတ်တို့တွင် လွယ်တော်ခမ်းကျေးရွာအုပ်စု ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသလို
ဒေသတွင်းသောင်းကျန်းသူများအားလည်း ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးအဖြစ် တပ်မတော်နှင့်အတူ
လက်တွဲကာ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ယခုလက်ရှိတွင်လည်း အာခါ
တိုင်းရင်းသားတို့၏ အကျိုးစီးပွားအတွက် ဦးဆောင်လမ်းပြ ဆောင်ရွက်နေသူတစ်ဦးလည်း ဖြစ်ပေသည်။


               ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသအတွင်း ဘိန်းအစားထိုးသီးနှံအား ပထမဆုံး စံနမူနာပြ
စိုက်ပျိုးခဲ့သူဖြစ်ကာ လိုင်ချီးစ်နှင့် ရာဘာပင်များအားစိုက်ပျိုးခဲ့လေသည်။ အမျိုးသားညီလာခံကိုယ်စား
လှယ်အဖြစ် ၁.၉.၁၉၉၃ခုနှစ်မှ ၃၁-၈-၂၀၀၇အထိ ဆောင်ရွက်ခဲ့ကာ အခြေခံဥပဒေပေါ်ထွန်းလာရေး
အတွက် တစ်တပ်တစ်အားပါဝင်ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ မူးယစ်ဆေးဖြတ်စခန်းအား  ၂၂-၁၁-
၂၀၀၄ ခုနှစ်တွင် ထူထောင်ပေးခဲ့ကာ အနာဂတ်လူငယ်များအား မူးယစ်ဆေးဝါး၏သားကောင်အဖြစ်မှ
ဖယ်ရှားပေးနိုင်ခဲ့လေသည်။

       
    ထို့အပြင် အာခါတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုလက်မှုပစ္စည်းများ၊ တောင်ယာ
ဥယျာဉ်များမှ ထွက်ရှိသော သစ်သီးဝလံနှင့် အသားငါးများအား သန့်ရှင်းလတ်ဆတ်စွာရောင်းချ
နိုင်ရေးအတွက် ၂-၃-၁၉၉၇ ခုနှစ်တွင် ပုဂ္ဂလိက အာခါဈေးအား ဖွင့်လှစ်ပေးခဲ့ကာ ယနေ့အထိ ကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်လျှက်ရှိပါသည်။ ထိုကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးအား ကိုယ်ကျိုးမဖက်ပဲ ဆောင်ရွက်ခဲ့သည့်အတွက်လည်း ချီးမြှင့်ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မင်္ဂလာတပါးဟု ဆိုရိုးစကားနှင့်အညီ နိုင်ငံတော်အစိုးရမှ အာခါတိုင်းရင်းသား ဦးအာဇီးအား ၆-၁-၂၀၀၆ ရက်နေ့
တွင် လူမှုထူးချွန် (ဒုတိယဆင့်)ဆုအား ချီးမြှင့်ဂုဏ်ပြုခဲ့လေသည်။


ထူးခြားချက်အနေဖြင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမှသည် ခေတ်အဆက်ဆက် နိုင်ငံတော်အား ဦးဆောင်လမ်းညွှန်ခဲ့သည့် နိုင်ငံတော်အကြီးအကဲများ၏ ဓာတ်ပုံများ ၊ မြန်မာ့ငွေကြေးများအား အမြတ်တနိုးတန်ဘိုးထားကာ ခမ်းနားဝင့်ထည်စွာထိန်းသိမ်းထားသည့် ဦးအာဇီး၏ နိုင်ငံချစ်စိတ်ကား စံပြုဘွယ်ပင်ဖြစ်လေသည်။


             
ယခုအခါ ဦးအာဇီးသည် သား-သမီး-မြေး-မြစ်များနှင့်အတူ တာချီလိတ်မြို့တွင် အခြေချ
နေထိုင်ရင်း ဘိန်းအစားထိုး သီးနှံများစိုက်ပျိုးခြင်း၊ ကျေးလက်ဒေသများ မီးလင်းရေး ၊ ရေကောင်း ရေသန့်ရရှိရေး ၊ ကျေးလက်လမ်းများ အဆင့်မြှင့်တင်ရေးစသည့် ဒေသအကျိုးပြုလုပ်ငန်းများအား ကျန်းမာ ရွှင်လန်းတက်ကြွစွာဖြင့် ဆောင်ရွက်လျှက်ရှိသည်ကို အားကျဘွယ်ရာတွေ့ရှိရသည့်အတွက် လွတ်လပ်ရေးနှင့် အတူ မွေးဖွားသန့်စင်ခဲ့သော အာခါတိုင်းရင်းသားခေါင်းဆောင်ဦးအာဇီးအား ဤစာစုဖြင့် ဂုဏ်ပြုမှတ်တမ်းတင်လိုက်ရပါတော့သည်။
သတင်းဆောင်းပါး။          ။ မောင်ယဉ်ကျေး

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~








Saturday, December 14, 2013

မြန်မာနိုင်ငံထဲတွင် တိုင်းရင်းသားလူမျိုးစုများစွာရှိသည့်အနက် "မင်္ဂလာပါ"ဟု အဓိပ္ပာယ်သက်ရောက်သည့် "နီဆားအိုလူး" (Nee Sar Ovq Luvq-ur )ဟု နှုတ်ဆက်တတ်သော တိုင်းရင်းသားလူမျိုးသည် "အာခါတိုင်းရင်းသား"ပင်ဖြစ်ပေသည်။ အာခါတိုင်းရင်းသားလူမျိုးများသည် မည်သည့်ခုနှစ်ကတည်းက ရှိနေသည်ကို မသိရှိရသော်လည်း ၁၉၂၇ခုနှစ်ကတည်းက အာခါစာပေများနှင့် တစ်စိတ်တစ်ဒေသ ဆက်နွယ်မှုများ ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။


လူမျိုးစုတိုင်း၊ တိုင်းရင်းသားတိုင်း၌ မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများရှိကြသည်ဖြစ်ရာ ၎င်းတို့အနေဖြင့် ရိုးရာဓလေ့ ပူဇော်မှုများ၊ ပွဲလမ်းသဘင်များကို ပြုလုပ်ကျင်းပလေ့ရှိသည်ဖြစ်တဲ့အတွက် ယနေ့ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၁၄)ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌  ဆဋ္ဌမအကြိမ်မြောက် အာခါရိုးရာ ခါးထောင်းဖား စုပေါင်းနှစ်သစ်ကူးပွဲတော်၏ ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ
ပြုလုပ်ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးပီတာသောင်းစိန် ကိုယ်တိုင် တက်ရောက်ပြီး ပွဲတော်သို့ ဆင်နွှဲ့ခဲ့တာကိုလည်း တွေ့ရှိရသည်။


အဆိုပါ ပွဲတော်ကျင်းပမည့် နံနက်ပိုင်းတွင် ကောင်းကင်တစ်ခွင်လုံး တိမ်စိုင်တိမ်မဲများ ဖုံးလွှမ်းနေပြီး မိုးများလည်း မစွတ်မပွတ်ကျနေသည့်အတွက် ပွဲစီစဉ်သူများက ဖွင့်ပွဲအတွက် နေရာရွှေ့ပြောင်းကျင်းပရန်
အောင်မြတ်ခန်းမတွင် ကြိုတင်ပြင်ခဲ့ကြသေးသော်လည်း နံနက် ၈နာရီဝန်းကျင်မှာ မိုးရွာသွန်းမှု အခြေအနေ ငြိမ်သက်နေသည့်အတွက် လက်ရှိကျင်းပရာ နေရာဖြစ်သည့် ရှမ်းရိုးမကွင်းမှာပဲ ဖွင့်ပွဲပြုလုပ်ရန် ဆုံးဖြတ်ချက် ချခဲ့တာကိုလည်း သိရှိရပြန်သည်။

ဖွင့်ပွဲပြုလုပ်ရန်အတွက် ဆဋ္ဌမအကြိမ်မြောက် အာခါရိုးရာ ခါးထောင်းဖားပွဲတော်ကျင်းပရေးကော်မတီက
ပြင်ဆင်မှုများပြုလုပ်ကြပြီး နံနက် (၁၀)နာရီ (၄၅)မိနစ်အချိန်ခန့်မှာ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးပီတာသောင်းစိန်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ဆဋ္ဌမအကြိမ်မြောက် အာခါရိုးရာ ခါးထောင်းဖားပွဲတော်ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးချစ်ဂျွေ့တို့မှ အဆိုပါပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး နှစ်သစ်မင်္ဂလာပန်းခြင်းလက်ဆောင်များဖြင့် အပြန်အလှန်ပေးအပ်ခဲ့ကြသည်။



တစ်ဆက်တည်းမှာပဲ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက ဆဋ္ဌမအကြိမ်မြောက် အာခါရိုးရာ ခါးထောင်းဖားပွဲတော်အတွက် နှစ်သစ်သ၀ဏ်လွှာဖတ်ကြားပြီး အာခါရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးမင်းညိုက နှစ်သစ်နှုတ်ခွန်းဆက် သ၀ဏ်လွှာကို အာခါတိုင်းရင်းသား ဘာသာစကားဖြင့် ဖတ်ကြားသွားခဲ့တာကိုလည်း တွေ့ရှိရသည်။


ယင်းနောက်မှာတော့ ပွဲတော်သို့ တက်ရောက်ဆင်နွှဲကြသည့် အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးပီတာသောင်းစိန် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တစ်ခုလုံးရှိ အာခါတိုင်းရင်းသားများနှင့် ရပ်နီးရပ်ဝေးနိုင်ငံများမှ အာခါတိုင်းရင်းသားများကို တာချီလိတ်၊ မိုင်းလား၊ မိုင်းဆတ်၊ ကျိုင်းတုံစသည့် မြို့များမှ အာခါတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များမှ အာခါတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် ရိုးရာဓလေ့အကများဖြင့် ဖျော်ဖြေတင်ဆက်သွားတာကိုလည်း တွေ့ရပြန်သည်။

အကများကို ဖျော်ဖြေတင်ဆက်ပြီးမှာတော့ ဆဋ္ဌမအကြိမ်မြောက် အာခါရိုးရာ ခါးထောင်းဖားပွဲတော် မိတ်ဆုံစားပွဲအဖြစ် ၀ိုင်းဖွဲ့ကာ ပျော်ပျော်ပါးပါး ဧည့်ခံစားသောက်နေကြသည်မှာ တိုင်းရင်းသားလူမျိုးများ အချင်းချင်း ချစ်ခင်ရင်းနှီးမှုနှင့် နွေးထွေးပျူငှာမှုကို ပေါ်လွင်စေသည်မှာ ဧကန်မလွဲပင်။

တာချီလိတ်မြို့တွင် တိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်များအဖြစ် အာခါ၊ လားဟူ၊ ရှမ်း စသည့် တိုင်းရင်းသားများအနေဖြင့် ပွဲတော်များ ကျင်းပပြုလုပ်လေ့ရှိသည်မှာ ထူးခြားမှုနှင့် စိတ်ဝင်စားမှုများ ပေါများလှသည်ကိုလည်း တွေ့ရှိရပြန်သည်။


ဤသည်က ၎င်းတို့၏ ရိုးရာဝတ်စုံ၊ ရိုးရာအစားအစာ၊ ရိုးရာဂီတ စသည်ဖြင့် ချစ်စဖွယ် အမွေအနစ်တွေနဲ့ အမြင်ဆန်းလှပါသည်။ ယနေ့ ပြုလုပ်သည့် နှစ်သစ်ကူးပွဲတော်တွင် အာခါတိုင်းရင်းသားများ၏ တစ်ဦးချင်းစီအလိုက် ၀တ်စုံများရဲ့ တန်ဖိုးမှာ ဈေးနှုန်းကြီးမားလှသည်ကိုလည်း သတိထားမိတယ်၊ ၎င်းတို့၏ ၀တ်စုံများပေါ်ရှိ ပန်းကနုတ်ဟု သတ်မှတ်ရမည့် အပွင့်အခက် အလှအပများကို များသောအားဖြင့် လက်ဖြင့်သာ သီကုံးထားသည့် ပန်းကုံးသဖွယ် သေသေချာချာပင် ချည်ဖြင့် ထိုးချုပ်၍ ပြုလုပ်ထားရကြောင်း သိရသည်။

ဝတ်စုံများရဲ့ တန်ဖိုးကြီးမှုနှင့် ပတ်သက်၍ အာခါတိုင်းရင်းသား တစ်ဦးအား မေးမြန်းသည့်အခါမှာ "တောရွာတွေမှာ အာခါတိုင်းရင်းသားတွေအနေနဲ့ ကိုယ်ဝတ်မဲ့ အင်္ကျီကို ကိုယ့်ဘာသာပဲ အကွက်ဖော်ချည်ထိုးပြီး ပွဲလမ်းသဘင်တွေမှာ ၀တ်ဆင်ကြပါတယ်၊ အဲ့လို အကွက်ဖော် ချည်ထိုးတဲ့အခါမှာလည်း သေသေချာချာ ထိုးရတာဆိုတော့ လက်ထိပ်လေးတွေ နာတတ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်မထိုးပဲ ထိုးပြီးသား ၀ယ်မယ်ဆိုရင် ဈေးကြီးတာဖြစ်ပါလိမ့်မယ်။ ကိုယ့်ဘာသာ ထိုးထားတဲ့ ၀တ်စုံဆိုတော့ ပိုလို့ တန်ဖိုးထားတတ်ကြပါတယ်"ဟု ရှင်းပြပါသည်။

အ၀တ်အထည်များပေါ်တွင် ချည်မျှင်များဖြင့် ချုပ်လုပ်ထားတာ တခုတည်းမဟုတ်ပဲ ငွေပြားများ၊ ငွေပြားကို သွန်းလုပ်၍ ပန်းကနုတ်သဏ္ဍာန်များ စသည်ဖြင့် ပုံဖော်ဆန်းသစ်၍ တန်ဆာ ဆင်ထားကြသည်ကို
တွေ့ရှိရသူတိုင်း စိတ်ဝင်စားမှုရှိမည်မှာ မလွဲပါ။

တာချီလိတ်မြို့တွင် အာခါရိုးရာနှစ်သစ်ကူးပွဲတော်များနှင့် ပတ်သက်၍ ပထမအကြိမ်ကို (၂၀၀၈)ခုနှစ်က စတင်၍ ပြုလုပ်ကျင်းပခဲ့တာဖြစ်ပြီး ယခု (၂၀၁၃)ခုနှစ်တွင် အာခါရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပလာခဲ့သည်မှာ (၆)ကြိမ်မြောက်ပြီ ဖြစ်ပါသည်။

ယနေ့ ပြုလုပ်သော ပွဲတော်နှင့် ပတ်သက်၍ "အခု (၆)ကြိမ်မြောက် အာခါနှစ်သစ်ကူးပွဲတော်ကို တာချီလိတ်မှာရှိတဲ့ အာခါတိုင်းရင်းသားတွေအပြင် တရုတ်၊ လာအို၊ ထိုင်း နဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းတစ်ခုလုံးက အာခါတိုင်းရင်းသားတွေ လာကြတာ၊ ပွဲတော်ပြုလုပ်တိုင်း တာချီလိတ်မှာ အစည်ကားဆုံးလို့ ပြောလို့ရတာပေါ့..."ဟု ပွဲတော်ကျင်းပရေး ကော်မတီဝင် တစ်ဦးကလည်း ပြောပြပါသည်။

အာခါတိုင်းရင်းသားတို့တွင် ယခုအခါမှာ ခေတ်ပညာတတ် လူငယ် မောင်မယ်များ များပြားလာလျှက်ရှိပြီး ကဏ္ဍအသီးသီးတို့တွင် ၎င်းတို့ တတ်စွမ်းသမျှကို ကြိုးစားလုပ်ဆောင်နေကြသလို အာခါတိုင်းရင်းသားများ နေထိုင်ရာ ရှမ်း(အရှေ့)နှင့် အိမ်နီးချင်းနိုင်ငံများမှ အာခါတိုင်းရင်းသားများအတွက် ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ မပျောက်မပျက်ရန်နှင့် အာခါစာပေနှင့်ပတ်သက်၍ အတည်တကျဖြစ်စေရန်အတွက် အာခါစာပေသင်ရိုးညွှန်းတမ်းကိုလည်း AQKAQ SANQ BOVQ DZAW DMQ (1+2) နှင့် Dawq Siq Paer Tanr (1+2)အဖြစ် ချမှတ် ထုတ်လုပ်ထားလိုက်ပြီ ဖြစ်ကြောင်းလည်း သိရသည်။

သတင်းဆောင်းပါးရှင် ။       ။ ကိုဇောင်း

ပုံများကိုကြည့်ရန်
(၆)ကြိမ်မြောက် အာခါရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲ တာချီလိတ်၌ ဆင်နွှဲ
88 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Monday, September 30, 2013

ကျွန်တော်သည် ပင်စင်စားတစ်ဦး အနေဖြင့် (၂၃.၉.၂၀၁၃) ရက်နေ့တွင် တာချီလိတ်မြို့
မြန်မာ့စီးပွားရေးဘဏ်သို့ လစာထုတ်ယူရန် ရောက်ရှိခဲ့ပါသည်။ လစာမထုတ်ဖြစ်သည်မှာ (၄)လခန့်
ကြာမြင့်ပြီဖြစ်သဖြင့် ဘဏ်မှ ပင်စင်တာဝန်ယူထားသည့် လက်ထောက်မန်နေဂျာထံတွင် တင်ပြရာ
ထပ်တိုးလစာငွေကို အဆင်ပြေချောမွေ့စွာဖြင့် အချိန်တိုအတွင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ယင်းနောက် အီး-ပင်စင်ကတ်ပြားဖြင့် ပင်စင်ထုတ်ယူခဲ့ရာ အချိန်တိုအတွင်း ကျွန်တော်ခံစားရမည့်
ပင်စင်လစာငွေများကို စိတ်ချမ်းသာစွာဖြင့် ရရှိခဲ့ပါသည်။

ထုတ်ယူရရှိသည့် အချိန်ကာလတိုအတွင်း ပင်စင်စားများစွာ ဘဏ်တွင် လစာငွေများလာရောက်ထုတ်
ယူနေသည်ကို တွေ့ရသဖြင့် ပင်စင်စားများ၏ ဘ၀အထွေထွေကိုလည်း တစ်စေ့တစ်စောင်း လေ့လာခွင့် ရရှိခဲ့သလို ဘဏ်ဝန်ထမ်းများ၏ လုပ်ငန်းဆောင်တာများကို လည်း ကိုယ်ချင်းစာ နားလည်ခဲ့ရပါ
သည်။

တာချီလိတ်မြို့နယ်တွင်ရှိသော ပင်စင်စားဦးရေ များစွာ လစဉ်ထုတ်ပေးလျက်ရှိကြောင်းကိုလည်း သိရှိရပါသည်။ ယင်းကဲ့သို့ အငြိမ်းစားဝန်ထမ်းများ၏ ဘ၀ဆက်လက် ရပ်တည်ရေးအတွက်
အထူးလုပ်ဆောင်နေရသည့် ဘဏ်ဝန်ထမ်းများ၏ နွေးထွေးသောအပြုံး လှိုက်လှဲသောဆက်ဆံမှုများ ကိုလည်း တွေ့ခဲ့ရပါသည်။ မြန်မာ့စီးပွားရေးဘဏ်သည် ပြင်ပ ပုဂ္ဂလိကဘဏ်များနှင့် ကွဲပြားခြားနားသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများစွာကိုလည်း  လုပ်ဆောင်နေရသည်ကို သိရှိခဲ့ရပါသည်။
ငွေစုခြင်း၊ ငွေလွှဲခြင်းကဲ့သို့သော အမြတ်အစွန်းရရှိသည့် လုပ်ငန်းများကိုလည်း ပြည်သူလူထုအတွက် တက်ကြွဖော်ရွေစွာဖြင့် ၀န်ဆောင်မှုများ ပေးနေသည်ကိုလည်း တွေ့ခဲ့ရပါသည်။

မြန်မာ့စီးပွားရေးဘဏ်သည်  မြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာ ဌာနပေါင်း များစွာ၏ လစဉ်
လစာငွေများကို စနစ်တကျ အချိန်မီ ပေးအပ်နိုင်ရေး အတွက်ကိုလည်း ဆောင်ရွက်နေရကြောင်း
သိရှိခဲ့ရပါသည်။

ပင်စင်စားဝန်ထမ်းများတွင်လည်း လက်ရှိဘ၀ရပ်တည်မှု အဆင်ပြေနေသူများ ရှိသကဲ့သို့ ဘဝ
တည်မှုအခြေအနေ အဆင်မပြေသဖြင့် ပင်စင်လစာငွေကို အားကိုးနေရသူများကိုလည်းတွေ့ရှိ
ရပါသည်။ ပင်စင်လစာထုတ်ပေးလျက်ရှိရာတွင် လက်ရှိ ဘဏ်မန်နေဂျာကြီးမှ ပင်စင်စားများ
အဆင်ပြေလွယ်ကူ ချောမောစေရေးအတွက် မန်နေဂျာရုံးခန်းတွင်းတွင် ထိုင်နေခြင်းမရှိဘဲ
လုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းခွင်အတွင်း အနီးကြီးကြပ် ဆောင်ရွက်ပေးနေကြောင်းကိုလည်း လေးစားဖွယ် တွေ့ရှိရပါသည်။

ကျွန်တော်သည် ပင်စင်စားတစ်ဦးအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်၊ တာချီလိတ်မြို့သို့ ရောက်ရှိခဲ့
ရာတွင် နိုင်ငံတော်၏ ဘဏ်တစ်ခုအနေဖြင့် အမြတ်အစွန်းရရှိရေးကို အဓိကထားရှိနိုင်ခြင်းမရှိဘဲ ပြည်သူလူထု စိတ်ချမ်းသာအဆင်ပြေစေရေးကို အဓိကထားဆောင်ရွက်နေကြခြင်းနှင့်
နိုင်ငံဝန်ထမ်းများ၊ ပင်စင်စားများ၏ အကျိုးဝန်ဆောင်မှုများကိုအချိန်၊ စိတ်စေတနာပြည့်ဝစွာဖြင့် ကြိုးစားလုပ်ဆောင်နေရသည့် အခြေအနေမှန်များကို သုံးသပ်ဆင်ခြင်မိသလို ဘဏ်ဝန်ထမ်းများ၏
နိုင်ငံအကျိုးကို လုပ်ဆောင်နေရသည့် လုပ်ငန်းတာဝန်ကြီးမားမှုကိုလည်း အသိအမှတ်ပြုမိခဲ့ပါသည်။

ကျွန်တော့်အနေဖြင့်လည်း ဘဏ်သို့ရောက်ရှိခိုက်တွင် နွေးထွေးပျုငှာစွာ ကူညီဆောင်ရွက်ပေးခဲ့သဖြင့်
အထူး စိတ်ချမ်းသာမှု ပီတိခံစားခဲ့ရပါကြောင်း တင်ပြလျက်  ယခုဆောင်းပါးအား နိဂုံးချုပ်ပါသည်။

သတင်းဆောင်းပါးရှင်။      ။ ပင်စင်စားတစ်ဦး (တာချီလိတ်)

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Friday, August 23, 2013

တာချီလိတ်မြို့နယ်တွင် မဇ္ဈိမ လူမှုကူညီရေးအသင်းက ပညာရေး၊ ကျန်းမာရေး အခန်းကဏ္ဍတွေကို အဘက်ဘက်က ကူညီဆောင်ရွက်ပေးနေသည်ကို တွေ့ရသဖြင့်  အလွန်တရာ ၀မ်းသာမှုများ အခါခါဖြစ်ခဲ့ရသည်။

မဇ္ဈိမအသင်းတည်ထောင်သည်မှာ နှစ်ပိုင်းပင်ရှိလင့်ကစား မကူညီဖူးသည့်လုပ်ငန်း မရှိသလောက်ပင် တွေ့ခဲ့ရသည်။ တာချီလိတ်မြို့၏ အလင်းရောင် တစ်ခု အဖြစ် တင်စားမိခဲ့သည်။


ယနေ့ ၂၂.၈.၁၃ ရက်နေ့တွင် ကျွန်တော်သည် ပညာရေးဝန်ထမ်း အုပ်စုမှူးတစ်ယောက် ဖြစ်သည်နှင့်အညီ ပညာရေးတာဝန်ဖြင့် မြို့နယ်ပညာရေးမှူးရုံးသို့ အုပ်စုတွင်းကျောင်းများ မူကြိုဆိုင်ရာ သင်တန်းတက်ရောက်ရေးနှင့် အခြားပညာရေး လုပ်ငန်းတာဝန်များ ဆောင်ရွက်ရန် မြို့နယ်ရုံးသို့ ရောက်ရှိခဲ့ပါသည်။ မြို့နယ်ပညာရေးအကြီးအကဲဖြစ်သူ မြို့နယ်ပညာရေးမှူး
ဆရာကြီး ဦးစိန်ထွန်းလှ၏ ပြောကြားချက်အရ တာချီလိတ်ပညာရေးအတွက် အလင်းရောင်ကြီးတစ်ခုအား ထပ်မံတွေရှိခဲ့ပါသည်။

၁၃.၈.၁၃ တွင်ကျင်းပသည့် ခရိုင်စီမံခန့်ခွဲရေးကော်မတီင်္၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီ။မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်ပညာရေးမှူးသည် မြို့နယ်ပညာရေး၏ မိဘဖြစ်သည့်အပြင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး ဥက္ကဌအဖြစ် ဦးဆောင်သောမြို့နယ်စီမံခန့်ခွဲကော်မတီ၏ အဖွဲဝင်ဖြစ်သည့် အတွက် အဆိုပါအစည်းအဝေးတွင် ဟောင်လိတ် အထကကျောင်း ရေကြီးရေလျှံမှု ဖြစ်ပွားခြင်းကို လည်းကောင်း၊ တာလော့ မူလွန်ကျောင်း အနိမ့်ပိုင်းကျသဖြင့် မြေဖို့ရန် လိုအပ်နေကြောင်းကိုလည်းကောင်း တင်ပြခဲ့ကြောင်းသိရပါသည်။

ထို့ပြင် ၎င်းအစည်းအဝေးမတိုင်ခင်ကလည်း မြို့နယ်ပညာရေးမှူး၏ မေတ္တာရပ်ခံချက်အရ အထကဆန်ဆိုင်းကျောင်း ရှေ့ အနိမ့်ပိုင်းကွင်းပြင်တစ်ခုလုံးမြေဖို့ရန်အတွက် စီးပွားရေးလုပ်ငန်းရှင် ဦးမြင့်ဦီး ဦးဆောင်သော ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္ထုလုပ်ငန်းရှင်များအသင်းက ကူညီပေးခဲ့ကြောင်းလည်းသိရှိရပြီး မြေများကိုတော့ ဟိုတယ်တာချီလိတ် ပိုင်ရှင် ဦးထွန်းနေဦးက လှူဒါန်းတာဖြစ်ကြောင်း သိရပြန်သည်။

မြို့နယ်ပညာရေးမှူး ၏ ခေါ်ယူချက်အရ တာလော့ မူလွန်တွင် မြေဖို့ခြင်းလုပ်ငန်းများကို ဖေါ်ပြပါအစည်းအဝေးတွင် ညှိနှိုင်းချက်များအရ ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္ထုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ဦး ဦးဆောင်သောလုပ်ငန်းရှင်
များက ဆောင်ရွက်နေခြင်းကို သွားရောက်ကြည့်ရှုမှတ်တမ်းတင်ခွင့်ရရှိခဲ့ပါသည်။

ရောက်ရှိချိန်တွင် အံ့သြစရာကောင်းသောရှုခင်းအား စတင်တွေ့ခဲ့ရပါသည်။ တချိန်က ကျောင်းအကျယ်အ၀န်း၏ ထက်ဝက်ခန့် ထောင့်ဖြတ်ဖြစ်နေသော ချိုင့်ကြီးး လုံးဝမရှိတော့ပါ။
မြေတင်ကားကြီးးများ ဆက်တိုက်သယ်ချဆောင်ရွက်ခြင်းဖြင့်လည်းကောင် ၊ မြေညှိကားကြီးများဖြင့် မြေညှိခြင်းဖြင့် လည်းကောင်း အားကြိုးမာန်တက်ဆောင်ရွက်နေသည်ကို တွေ့လိုက်ရပါသည်။

ကျောင်းအုပ်ဆရာမကြီးဒေါ်နန်းကောင်ခမ်း ကလှိုက်လှဲစွာကြိုဆိုပြီးလုပ်ငန်းများ ပြီးစီးမှုကို မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှထံ တင်ပြပါသည်။ ဆရာ ဆရာမများမှာ ပျော်ရွှင်နေပြီး လာရောက်ကူညီနေသူများကို ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံနေကြပါသည်။

အထူးလေးစားစရာကောင်းသည်မှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္ထုလုပ်ငန်းရှင်များအသင်း ဦးမြင့်ဦးမှာ ကိုယ်တိုင် ကျောင်းမှာပင် နေ့လည်စာသုံးဆောင်ပြီး အပင်ပန်းခံကာ ပညာရေးအတွက် ကူညီပေးနေခြင်းဖြစ်ပါသည်။

ကျွန်တော့်အနေဖြင့်လည်း ပညာရေးဌာန ကိုယ်စား ကျေးဇူးအထူးတင်မိပါသည်။ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှနှင့် ကျွန်တော်တို့ ဦးမြင့်ဦးနှင့်ဆွေးနွေးချက်များအရ ယခုကူညီခြင်းလုပ်ငန်းများကို သတ္ထုလုပ်ငန်းရှင်များက လှိုက်လှဲစွာ ကူညီခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ထို့ပြင် အထက-ဟောင်လိတ်၊ အလက-ပုန်းထွန်ကျောင်းများ မြေဖို့ခြင်းလုပ်ငန်းများ ကိုလည်းဆက်လက်ကူညီသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ တာလော့ကျောင်းတွင်
ယခုကဲ့သို့မြေဖို့ခြင်းဖြင့် အားကစားကွင်းနှင့် စုဝေးကွင်းခန့်ညားစွာပေါ်ထွက်လာမည်ဖြစ်ပြီး နှစ်စဉ်ရေကြီးရေလျှံပါက တွေ့ကြုံရသော အခက်အခဲကြီးများမှ ကင်းဝေးနိုင်တော့မည်ဖြစ်ပါသည်။

ထပ်မံကူညီမည့် ကျောင်းများမှာလည်း ယင်းဘေးဒုက္ခများ ကင်းဝေးတော့မည်ဖြစ်ပါသည် ယခုမြေဖို့ခြင်းလုပ်ငန်းမှာ အပြောလွယ်သလောက် အလုပ်ခက်သည်ကို ကျွန်တော်တို့ ပညာရေးဝန်ထမ်းများ ပြည်သူများသိပါသည်။ ငွေကြေးမြောက်မြားစွာကုန်ကျမှသာ ဖြစ်နိုင်မည်ကို အားလုံးသိကြပါသည်။

ယင်းအခက်အခဲများကို ကူညီပေးသည့် အောင်မြင်နေသော စီးပွားရေးလုပ်ငန်းရှင် စေတနာရှင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္ထုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ဦး ဦးဆောင်သော သတ္ထုလုပ်ငန်းရှင်များကို အထူးမှတ်တမ်းတင်မိပါသည်။ စေတနာ၏အကျိုး ပိုမိုခံစားကြပါစေဟု ဆုမွန်ကောင်းတောင်းပေးပါသည်။

ပေးဆပ်သူတို့၏ ဖြူစင်သောနှလုံးသားမှ စေတနာများကို ကျောင်းတည်ရှိရာ ဒေသခံကျောင်းသားကျောင်းသူများ အားလုံးလည်း ခံစားရတော့မည်ဖြစ်ပါသည် နောက်နောင်များတွင်လည်း ယခုကဲ့သို့ ပညာရေးအတွက် ထာဝရ အလင်းရောင်ကြီးများကို ရရှိရန်လည်း မျှော်လင့်မိပါသည်။

တာချီလိတ်သည် တစ်နေ့ထက်တစ်နေ့ ပညာအလင်းရောင် ထွန်းပြောင်စေရေးအတွက် ကူညီနေသူများကို ဂုဏ်ပြုမှတ်တမ်းတင်လျှက် ဤဆောင်းပါးကို နိဂုံးချုပ်လိုက်ရပါသည်။

ဆောင်းပါးရှင်။         ။ မြတ်မျိုးမြင့်မာန်

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Tuesday, August 20, 2013

မိမိတို့၏ မြို့နယ်များ၊ ကျေးရွာများ အသီးသီးတွင် တစ်ရွာတစ်ပုဒ်ဆန်း ဆိုသည့်အတိုင်း ထူးဆန်းမှုလေးတွေ၊ အံ့သြစရာလေးတွေ တခုမဟုတ် တခုတော့ ရှိနေကြသည်ကို မိတ်ဆွေတို့လည်း အသိဖြစ်ပါလိမ့်မည်။

တာချီလိတ်မြို့၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ ၀မ်လုံကျေးရွာအတွင်းမှာ အသက် ၅၆ နှစ်ရှိ ဦးစိုင်းသာဟု အမည်ရှိသည့် မွေးရာပါ မျက်မမြင် ရှမ်းအမျိုးသားကြီးတစ်ဦးသည် မျက်မမြင်ဖြစ်သော်လည်း သာမာန်လူများကဲ့သို့ သွားလာလှုပ်ရှားလျှက်ရှိပြီး၊ အိမ်မှုကိစ္စအ၀၀အပြင် ၀က်စာကျွေးခြင်းများ ကိုလည်း စွမ်းဆောင်နိုင်သူဟု သိရသည့်အပြင် နေအိမ်မှ အခြားနေရာ ၎င်းအိမ်နှင့် အနီးအနားရှိ ဘုန်းကြီးကျောင်းထိ သွားရာမှာလည်း တုတ်အသုံးမပြုပဲ ခြေထောက်ဖြင့် စမ်း၍သာ ငယ်စဉ်ကတည်းကနေ ယခုအထိ သွားလာလှုပ်ရှားလျှက်ရှိကြောင်း သိရှိရ၍ ဦးစိုင်းစွံဆိုင်း၏ အကူအညီဖြင့် ၀မ်လုံကျေးရွာဆီသို့ သွားရောက်ကာ ဦးစိုင်းသာနှင့်တွေ့ဆုံခဲ့ပြီး ၎င်း၏ ထူးခြားချက်များနှင့် ပြောဆိုချက်များကို မေးမြန်းရင်း ဗီဒီယိုမှတ်တမ်းအဖြစ်ရိုက်ကူးခဲ့ပါသည်။

{ ဦးစိုင်းသာမှ သူဝါသနာပါသည့်အတိုင်း သီချင်းဆိုပြနေစဉ် }

"မသန်သော်လည်း စွမ်းသည်၊ မမြင်သော်လည်း ကြားသည်"ဆိုသည့်အတိုင်း ဦးစိုင်းသာ၏ နောက်ထပ် ထူးခြားချက်တစ်ခုမှာ သီချင်း အဆိုကောင်းခြင်းပင်ဖြစ်သည်။ ၎င်း၏ ကျေးရွာအတွင်း ရှင်ပြုနားသ၊ မင်္ဂလာဆောင် နှင့် အလှူများပြုရာတွင် ဖျော်ဖြေရေး အစီအစဉ်ပါရှိပါက ၎င်းအနေဖြင့် သီချင်းဆိုကာ ဖျော်ဖြေပေးရသည်ဟု ထပ်မံသိရှိရပြန်သည်။

{ မျက်မမြင်သော်လည်း ၀က်စာကျွေးနိုင်တဲ့ ဦးစိုင်းသာ}

"သီချင်းတွေ ဆိုရတာ အရမ်းဝါသနာပါပါတယ်၊ အလှူတွေမှာလည်း ဖိတ်ရင် ဆိုဖြစ်တယ်၊ သီချင်းကတော့ ရှမ်းသီချင်းတွေပဲ ဆိုတတ်တော့ ဒါတွေပဲ ဆိုဖြစ်ပါတယ်"ဟု ဦးစိုင်းသာမှ ပြောပြပါသည်။

{ ဦးစိုင်းစွံဆိုင်းမှ တာချီလိတ်အွန်လိုင်းကိုယ်စား ဦးစိုင်းသာ အား တွေ့ဆုံမေးမြန်းပေးနေစဉ် မှတ်တမ်းဗီဒီယို }
[ ရှမ်း-မြန်မာ နှစ်ဘာသာ ] 

"သီချင်းတွေကို ရေးတတ်ချင်ပေမဲ့၊ အခုလို အခြေအနေနဲ့ဆိုတော့ ကော်ပီသီချင်းတွေပဲ ၀ါသနာအရ ဆိုဖြစ်ပါသေးတယ်"ဟု ၎င်းမှ ဆက်လက် ပြောပြပါသည်။

{ ဘာအကူမှ မလိုပဲ သွားလာလှုပ်ရှားနိုင်သည်ကို ပြသနေသည့် ဦးစိုင်းသာ}

ဦးစိုင်းသာ၏ ၀ါသနာများကို မေးကြည့်သည့်အခါမှာ သီချင်းဆိုရသည်ကို အလွန်ဝါသနာပါကြောင်း ဖြေပြီး အခုလို သီချင်းတွေဆိုလာတာဟာလည်း သူ့ရဲ့ အဖော်ဖြစ်သည့် ရေဒီယိုကြောင့်ဟု ရယ်မောကာ ခင်မင်ဖွယ် အပြုံးဖြင့် ဖြေကြားလာသည်။

ဦးစိုင်းသာသည် ယခုအခါမှာ အသက် ၅၆နှစ်(၂၀၁၃) ရှိပြီဖြစ်ပြီး လူလွတ်တစ်ယောက်ဖြစ်သည့်အတွက် ၎င်း၏ ဆွေမျိုးအိမ်မှာ နေထိုင်လျှက်ရှိပြီး အားသည့်အခါတိုင်းမှာ ရေဒီယိုတစ်လုံးဖြင့်သာ အဖော်ပြုနေကြောင်း သိရသည်။

ဦးစိုင်းသာအနေဖြင့် လမ်းလျှောက်သည့်အခါ အကူမပါ၊ တုတ်မပါပဲ မည်သို့ လမ်းလျှောက်သည်ကို
မေးမြန်းသည့်အခါ "ဒီလိုပါပဲ.. သွားချင်တဲ့နေရာကို ခြေထိပ်လေးနဲ့ စမ်းပြီးသွားပါတယ်၊ အဲ့လို သွားလာတဲ့အခါမှာ ကားတွေ ဆိုင်ကယ်တွေကို နားကနေ အာရုံစွံ့ပြီးတော့ သွားပါတယ်၊ တခါတလေ ရှေ့မှာ ကား သို့မဟုတ် ဆိုင်ကယ် ဖြတ်တော့မယ်ဆိုရင် တစ်စုံတစ်ယောက်က ကျွန်တော့်ရဲ့ ခြေထောက်ကို ဆွဲထားပြီး သတိပေးသလိုမျိုး ခံစားရပါတယ်၊ တကယ်တော့ ဘေးမှ ဘယ်သူမှ မရှိပါဘူး၊ တခါတလေ အမျိုးတွေနဲ့တွေ့ရင် သူတို့က ရှေ့မှာ ကားလာတော့မယ်၊ ဆိုင်ကယ်လာတော့မယ်ဆိုပြီး လှမ်းအော်ပြောပေးတာလည်း ရှိပါတယ်"ဟု ဦးစိုင်းသာမှ ပြောပြသည်။

လက်ရှိဘ၀အခြေအနေနှင့် ပတ်သက်၍ ဦးစိုင်းသာ၏ စိတ်ခံစားချက်ကို မေးမြန်းသည့်အခါမှာ "မျက်လုံးမမြင်ရဘူးဆိုတော့ အားငယ်မိတာတော့ အမှန်ပေါ့ဗျာ၊ ဒါပေမဲ့ မျက်မမြင်ပေမဲ့ အခုလို ကိုယ်လုပ်နိုင်တာတွေကို လုပ်လို့ရနေတဲ့အတွက်၊ ခြေ၊ လက်၊ နား၊ မျက်လုံးကောင်းပြီး ဘာမှမလုပ်တဲ့ လူတွေထက်စာရင်၊ အဆိုးထက် အကောင်းကို တွေးပြီး ဂုဏ်ယူမိပါတယ်။"ဟု သူ၏ စိတ်ခံစားချက်ကို ဖွင့်ဟလာပါသည်။

ဦးစိုင်းသာ ကဲ့သို့ပင် ဟောင်လိတ်ကျေးရွာအုပ်စုထဲ၌ မျက်မမြင် အဖိုးအိုတစ်ဦးရှိသည်ကိုလည်း
တွေ့ခဲ့ရသည်။ အဆိုပါ အဖိုးအိုမှာ အသက် ၈ နှစ်အရွယ်ကတည်းက မျက်လုံးကွယ်သွားခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ ကျန်းမာရေး အနည်းအငယ် ချို့တဲ့နေတာကိုလည်း တွေ့ရသည်။

မှတ်ချက်။           ။ ဦးစိုင်းသာမှ ပြောကြားထားသော အချက်အလက်များကို မြန်မာ-ရှမ်း နှစ်ဘာသာဖြင့် တင်ဆက်ထားသည့် ဗီဒီယိုအား အထက်တွင် ကြည့်နိုင်ပါသည်။


Monday, August 5, 2013

ကျွန်တော်တို့ မဇ္ဈိမလူကူညီရေးအဖွဲ့သားများသည် အသင်းတာဝန်တစ်ခုဖြင့် မဲခေါင်မြစ် ကမ်းနဘေး မိုင်းဖုန်းကျေးရွာအုပ်စုထဲက ပါဆာ/ဆမ်ဖူး ရွာလေးတစ်ရွာသို့ 18-7-2013 ကြာသပတေးနေ့က ရောက်သွားခဲ့ပါသည်။ အသင်းတာဝန်များပြီးဆုံး၍ တာချီလိတ်သို့ ပြန်မည့်အချိန်တွင် ထိုရွာမှ တာဝန်ရှိသူတစ်ဦး ပြောလာသည်မှာ သူတို့ရွာနှင့် မလှမ်းမကမ်း သစ်ခေါက်ခြံထဲတွင် စိတ်ဝေဒနာရှင် လူငယ်တစ်ဦးအား ခြေထောက်ကို သံကြိုးချည်ထားသည်မှာ ကြာပြီဖြစ်ကြောင်းနှင့် အဲဒီလို ဝေဒနာရှင်မျိုးအား အကိုတို့မဇ္ဈိမလူကူညီရေးအသင်းမှ အကူအညီပေးသလားဟု ပြောလာပါသည်။

{ သံချောင်းတန်းလန်းဖြင့် တွေ့မြင်ရပုံ}

ကျွန်တော်လည်း သေချာအောင် နောက်တစ်ခါထပ်မေးလိုက်ပါသည်။ သေချာနားထောင်ပြီးမှ သူ့ကိုပြန်ပြောပြရပါတယ် တတ်နိုင်သမျှ ကျွန်တော်တို့ ကူညီပေးပါ့မယ် ဒါပေမယ့် အရင်သွားကြည့်ကြမယ်ဟု ပြောလိုက်ပြီး ထိုရွာလေးမှ (၁၀)မိနစ်ခန့် ကားမောင်းသွားလိုက်သောအခါ သစ်ခေါက်ခြံထဲသို့ အ၀င်လမ်းသည် ကားမောင်းဝင်၍မရသော လမ်းကျဉ်းလေး ဖြစ်နေတဲ့အတွက် လမ်းဘေးတွင် ကားများကိုရပ်ခဲ့ကာ (၅)မိနစ်ခန့် လမ်းလျှောက်လိုက်ရင်ဖြင့် တွေ့ရပါပြီ (၃)ဧကလောက် ကျယ်ဝန်းမည့် သစ်ခေါက်ခြံကြီးထဲတွင် တဲကလေးတစ်လုံး ဖြည်းဖြည်းချင်းဆက်၍ လမ်းလျှောက်သွားရာ အနားရောက်တော့ ရုပ်ရည်သန့်သန့်ပြန့်ပြန့်နှင့် လူငယ်တစ်ဦး ခြေထောက်အား သံကြိုးချည်ထားသည်ကို တွေ့လိုက်ရသောအခါ ရင်ထဲမှာ စို့နင့်စွာခံစားလိုက်ရပြီး စိတ်မကောင်းဖြစ်မိလိုက်ပါသည်။

ချက်ချင်းအသိဝင်ကာ စိတ်ထိန်း၍ ``ဪ...၀ဋ်ကြီးလိုက်တာ ညီလေးရာ´´ဟုစိတ်ထဲမှာပြောနေမိပါ သည်။

သူ့အနားရောက်၍ သေချာ ကြည့်လိုက်သောအခါ ထိုလူငယ်မှပြုံးပြပါသည်။ ကျွန်တော်တို့အဖွဲ့လည်း တတ်သလောက် မှတ်သလောက် ရှမ်းဘာသာစကားဖြင့် နေကောင်းလား၊ ထမင်းစားပြီးပြီလား၊ တစ်ယောက်တည်းလား စသည်ဖြင့် အာလာပ၊ သလာပ စကားများပြောရာ ကျွန်တော်တို့က စကား တစ်ခွန်းပြောလျှင် သူပြန်ပြောနေတာက စကားအခွန်းပေါင်းမြောက်များစွာ ကျွန်တော်တို့လည်း သိတဲ့ဟာသိ မသိတဲ့ဟာ မသိနဲ့ တော်တော်လေး ချွေးပြန်ခဲ့ရတဲ့ အချိန်ပေါ့ (ကြားဖြတ်ပေါ်လာသော ဖြစ်စဉ်ဖြစ်ခြင်းကြောင့် ရှမ်းဘာသာစကားကျွမ်းကျင်စွာပြောတတ်သူကို ခေါ်မလာမိခြင်းဖြစ်ပါသည်။) သူ့ကို ဒီတဲလေးမှာနေတာ ဘယ်နှနှစ်ရှိပြီလဲမေးတော့ (၂၆)နှစ်ဟုပြောပါသည်။ အသက် ဘယ်လောက်ရှိ ပြီလဲမေးတော့ (၂၅)နှစ်တဲ့ ဒီစကားကိုတော့ ကျွန်တော်လဲကောင်းကောင်း နားလည်လိုက်ပါတယ်။ အသက် က(၂၅)နှစ် နေတာက(၂၆)နှစ်ဆိုတော့ သူပြောချင်တာတွေလျှောက်ပြောနေတာဘဲ...။ စောစောကလည်း သူပြောချင်တာတွေလျှောက်ပြောနေတာဖြစ်မှာဘဲဆိုပြီး တွေးမိလိုက်ပါတယ်။

{ ကိုအောင်သူမှ ဆေးလိပ်တိုက်နေစဉ်}

ကျွန်တော်လည်း ရှမ်းပြည်ရောက်တဲ့ (၁၉)နှစ်တာ ကာလအတွင်း တတ်ထားသမျှ ရှမ်းစကား အကုန်ပြောပစ်တာ ဘာမှပြောစရာမကျန်တော့ဘူး ဆက်လဲမပြောတတ်တော့ဘူး အဲ့ဒါနဲ့ သူ့ကိုကြိုးချည်ထားတဲ့ သစ်ခေါက်ပင်ကို ဗွီဒီယိုရိုက်ဖို့ပြောလိုက်ရာ သံကြိုးဖေါက်၍ချည်ထားသော သစ်ပင်မှာ အသားတက်၍ ပိတ်နေပါပြီ စိတ်မကောင်းစရာပါ။ (ကျွန်တော်တို့ မှတ်တမ်းတင်ခဲ့သော ဓါတ်ပုံများနှင့် ဗွီဒီယိုဖိုင်ကို ပူးတွဲဖော်ပြထားပါသည်။)

ကျွန်တော်နှင့်အတူ ပါလာသော မဇ္ဈိမလူမှုကူညီရေးအသင်းသား မောင်ဘာသဲလ်(ခ)ကိုအောင်သူကို ထိုလူငယ်အား ဆေးလိပ်မီးညှိ့တိုက်ရန်နှင့် အနားတွင်ကပ်၍ သွားထိုင်ပေးရန် ချော့ပြောလိုက်ပြီး မိမိရရ ဓါတ်ပုံအမြန်ရိုက်လိုက်ပါတယ်၊ Ipad နှင့် ရိုက်လိုက်တာဖြစ်သောကြောင့် ရိုက်ပြီးသော ဓါတ်ပုံကို ထိုလူငယ်အား ပြန်ပြရာ ချက်ချင်းမျက်လုံးအကြည့်များပြောင်းသွားသည်ကို သတိထားလိုက်မိသည်။ ကျွန်တော်လည်းချက်ချင်း ကိုအောင်သူအား အနားမှအမြန်ထလာရန်ပြောပြီး ထိုစိတ်ဝေဒနာရှင် လူငယ်အားကောင်းမွန်စွာနှုတ်ဆက်၍ ခြံထဲမှထွက်ခွါလာခဲ့ပါတော့သည်။


တာချီလိတ်မှာလည်း အာဇာနည်နေ့အခမ်းအနားအစီအစဉ်ရှိနေသောကြောင့် သူ့မိဘများနှင့်မတွေ့  ဖြစ်တော့ဘဲ ချက်ချင်းပြန်လာလိုက်ရပါသည်။

ထိုလူငယ်အကြောင်း အကျဉ်းချုံးသိရသည်မှာ စိတ်ဝေဒနာဖြစ်ရခြင်း အကြောင်းမှာ မျိုးရိုးလိုက်ဖြစ်တာဟု သိရပြီး သူ့ကိုလွှတ်ပေးထားလျှင် တွေ့ရာ ကလေး၊ လူကြီးပါမကျန် တုတ်နှင့် လိုက်ရိုက်တတ်သောကြောင့် ထိုသို့ သံကြိုးချည်ထားရခြင်းဖြစ်ကြောင်း သူ့မိဘများမှာလည်း တစ်ရက် (၃)ကြိမ်လာကြည့်ကြောင်း ထမင်းစားရန်ကိစ္စ၊ အပေါ့အလေးသွားရန်ကိစ္စများကို မိဘများမှ လာရောက် လုပ်ကိုင်ပေးသည်ဟု သိရှိရပါသည်။

{ မှတ်တမ်း ဗီဒီယို }

ထိုစိတ်ဝေဒနာရှင်လူငယ်အား ကျွန်တော်တို့ မဇ္ဈိမလူမှုကူညီရေးအသင်းမှ တတ်နိုင်သလောက် ကူညီပြီး ဆေးကုသပေးချင်ပါသည်။ မည်သို့မည်ပုံကူညီလျှင်တော့ ပို၍အဆင်ပြေနိင်မည်၊ စသောအကြံကောင်း၊ နည်းလမ်းကောင်းများရှိပါက မိဘပြည်သူ ညီအစ်ကိုမောင်နှမများမှ အကြံဥာဏ်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

 ပုထုဇနော ဥမ္မတကောတဲ့ ပုထုဇဉ်လူသားတွေဟာ အရူးတွေဘဲဆိုတဲ့အတိုင်း ပုထုဇဉ် လူသားထဲက လူချင်းမို့ အရူးချင်းအတူတူ ရွာအပြင်ပို့ခံထားရတဲ့ အပယ်ခံလူသားအား တကယ်အမှန် ကူသွားကြပါစို့လားဗျာ။။။။။။။။။။။

ကျေးဇူးရှင်တို့အား ဦးထိပ်ပန်ဆင်လျှက်.............
                             သတင်းဆောင်းပါးရှင် ။       ။      ဦးတင့်ဆွေ 
( ဥက္ကဌ - မဇ္ဈိမလူမှုကူညီရေးအသင်း - တာချီလိတ် )