Latest News

Dropdown Menu

Showing posts with label ခရီးသွားမှတ်တမ်း. Show all posts
Showing posts with label ခရီးသွားမှတ်တမ်း. Show all posts

Thursday, April 25, 2013


နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဦးကျော်သူသည် မြန်မာပြည်အဝှမ်း နယ်မြို့များရှိ ပရဟိတအသင်းအဖွဲ့များ၊ ပရဟိတစိတ်ဓါတ်များ ပိုမိုတိုးတက်လာစေရန်နှင့် ပရဟိတအသင်းအဖွဲ့ အချင်းချင်း စနစ်တကျနှင့် ပိုမို၍စည်း လုံးမှုရှိစေရန် ဒေသတစ်ခုတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အသင်းအဖွဲ့ အချင်းချင်းဆက်သွယ်ကူညီမှုများ ပေးနိုင်ရန်အတွက်ရည်ရွယ်၍ ပရဟိတဟောပြောပွဲများပြုလုပ်ခဲ့ရာ မြန်မာပြည်အလယ်ပိုင်းနှင့် ရှမ်းပြည်နယ်ရှိမြို့ အတော်များများတွင် ဟောပြောပွဲများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။
{ကျိုင်းတုံမြို့ စော်ဘွားကြီးသချုင်္ိင်းတွင် ဦးကျော်သူ နှင့် “နှလုံးလှပိုင်ရှင်များ” နာရေးကူညီမှုအသင်း၊ မဇ္ဈိမလူမှုကူညီရေးမှု အသင်းသားများ အမှတ်တရ}

ယခင်လအတွင်း၌ ဖြစ်ပွားခဲ့သော လူမျိုးရေးပဋိပက္ခများကြောင့် လူစုလူဝေးများဖြစ်စေမည့် ဟောပြောပွဲများအား ခေတ္တရပ်နားထားခဲ့ရာ ယခု အခြေအနေများ ကောင်းမွန် ငြိမ်သက်သွားခဲ့ပြီဖြစ်သဖြင့် လူမှုရေးပရဟိတ ဟောပြောပွဲများအား ပြန်လည်စတင်ခဲ့ပြီဖြစ်သည်။

{“နှလုံးလှပိုင်ရှင်များ”နာရေးကူညီမှုအသင်း၏ ရုံးဖွင့်ပွဲ}

၂ဝ.၄.၂ဝ၁၃ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ မဟာအနှစ်၏ ရင်သွေး “နှလုံးလှပိုင်ရှင်များ”နာရေးကူညီမှုအသင်း၏ ရုံးဖွင့်ပွဲနှင့် လူမှုရေးပရဟိတဟောပြောပွဲအား ကျိုင်းတုံမြို့တွင် ကျင်းပပြုလုပ်ခဲ့ကာ ယင်းနေ့ညနေပိုင်းတွင် “နှလုံးလှပိုင်ရှင်များ” နာရေးကူညီမှုအသင်းရုံးခန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဦးကျော်သူမှ ဖွင့်လှစ်ပေးခဲ့ပြီး ည(၈းဝဝ)နာရီအချိန်တွင် ဟောပြောပွဲအား ကျင်းပခဲ့သည်။

{တာချီလိတ်မြို့က ဒီလိုကြိုဆိုနေကြ}

ထိုသို့ ဟောပြောခဲ့ရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဦးကျော်သူမှ “ဗြဟ္မစိုရ်ခြေလှမ်းများ” ခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့ပြီးနောက် ကိုအလင်းဆက်(IR)မှ “ပဉ္စမမဏ္ဍိုင်၏စိန်ခေါ်မှုများ”ခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့သည်။ ၎င်းဟောပြောပွဲသို့ မြို့ခံပရိသတ်များနှင့် လူမှုရေးအဖွဲ့အစည်းများမှလာရောက် အားပေးခဲ့ကြသည်။ “နှလုံးလှပိုင်ရှင်များ” နာရေးကူညီမှုအသင်းသည် လူငယ်များဖြင့်ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပြီး မဟာအနှစ်ဗုဒ္ဓဘာသာတရားပွဲများ ဖြစ်မြောက်ရေးအဖွဲ့၏ ရင်သွေးငယ်များလည်း ဖြစ်သည်။ “နှလုံးလှပိုင်ရှင်များ”နာရေးကူညီမှုအသင်း၏ ဥက္ကဌ ဦးကျော်သူအောင် ဦးဆောင်၍ တက်ကြွစွာလှုပ်ရှားနေသော လူငယ်အဖွဲ့အား မြင်တွေ့ရသည်မှာ ၄င်းတို့၏ အသင်းအတွက် အားတက်စရာပင်ဖြစ်တော့သည်။

{ဆရာတော်ဦးသာဂရ၏ ရုပ်ကလာပ်တော်အား ဖူးမျှော်}

ထို “နှလုံးလှပိုင်ရှင်များ” နာရေးကူညီမှုအသင်း၏ ရုံးဖွင့်ပွဲတွင် တိုက်ဆိုင်စွာဖြင့် အလှူရှင်များမှ လှူဒါန်းသော နာရေးနိဗ္ဗာန်ယာဉ် (၂) စီးအား လက်ခံရရှိခဲ့လေသည်။ နောက်တနေ့နံနက်တွင် ကျိုင်းတုံမြို့ရှိ ကျိုင်းတုံစော်ဘွား၏ ဂူသင်္ချိုင်းဗိမာန်အား သွားရောက်လေ့လာခဲ့ကာ ကျိုင်းတုံစော်ဘွား၏ နောက်ဆုံးမျိုးဆက်ဖြစ်သူနှင့် တွေ့ဆုံခွင့်ရရှိခဲ့ပြီး စော်ဘွားများ၏ သင်္ချိုင်းဂူဗိမာန် (၉) ခုအား ဂါရဝပြုကာ ပြုခဲ့သမျှသော ကောင်းမှုကုသိုလ်တို့အား မေတ္တာပို့သ အမျှပေးဝေခဲ့ကြသည်။

၂၁.၄.၂ဝ၁၃ ရက်နေ့တွင် တာချီလိတ်မြို့သို့ ရောက်ရှိခဲ့ကြပြီး “မဇ္ဇျိမ” လူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ၏ ဦးဆောင်စီစဉ်မှုဖြင့် ယင်းနေ့ ည(၈းဝဝ)နာရီအချိန်တွင် ဟုတ်တက် ဗုဒ္ဓဘာသာဘုရားကျောင်းတွင် လူမှုရေးပရဟိတ ဟောပြောပွဲကျင်းပခဲ့သည်။ ထိုဟောပြောပွဲတွင်လည်း ကောင်းသော အကြောင်းတရားကြောင့် ကောင်းသောအကျိုးတရား ဖြစ်ထွန်းသည်ဟုပင် ဆိုရလေမလားမသိ။
{လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံ | တာချီလိတ်}

“မဇ္ဇျိမ” လူမှုကူညီရေးအသင်းသို့ အများပြည်သူ အလှူရှင်များမှ လှူဒါန်းခဲ့သော အလှူငွေများနှင့် မြို့နေပြည်သူလူထုတို့၏ အင်တိုက်အားတိုက် အားပေးခြင်းခံယူရရှိခဲ့လေသည်။ ၂၂.၄.၂ဝ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်မြို့၏ သုဿန်သို့ သွားရောက်လေ့လာခဲ့ပြီး နေ့လည်(၁၂းဝဝ)နာရီအချိန်တွင် တာချီလိတ်မြို့ရှိ “မဇ္ဇျိမ” လူမှုကူညီရေးအသင်းနှင့် မြို့ခံပရဟိတအဖွဲ့များ၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ လူမှုဂရုဏာအသင်း(မယ်ဆိုင်) အစရှိသည့် လူမှုရေးအဖွဲ့များတို့အား ဇန်းမွန်အာခါဟိုတယ်တွင်  တွေ့ဆုံခဲ့ကြပြီး ပရဟိတအဖွဲ့များမှ သိလိုသောအချက်များအား မေးမြန်းခဲ့ရာ ဦးကျော်သူမှ ပြန်လည်ဖြေကြား၍ အမှတ်တရပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

{မဇ္ဈိမလူမှုကူညီရေးအသင်းမှ ပြုပြင်ဆောက်လုပ်လှုဒါန်းထားသော မီးရှို့သည့်အုတ်ခုံအား ကြည့်ရှု့}

ယခုကဲ့သို့ အများပြည်သူတို့အတွက် ပရဟိတဟောပြောပွဲများ အယူသီးမှုပပျောက်ရေးနှင့် အသိပညာပေးဟောပြောပွဲများ ပြုလုပ်ပေးခဲ့သော ကျွန်တော်တို့၏ပေးဆပ်မှုအကြောင်းများကြောင့် ယခုခရီးစဉ်တွင် ကျိုင်းတုံမြို့ရှိ လွန်ခဲ့သောနှစ်ပေါင်း(၂၃)နှစ်က ပျံလွန်တော်မှုခဲ့ပြီး ယနေ့တိုင် မပုပ်မသိုး၊ မပျက်ယွင်းဘဲ အကောင်းပကတိအလား သက်တော် (၇၆)နှစ်ရှိ ဆရာတော်ဦးသာဂရ၏ ရုပ်ကလာပ်တော်အား ဖူးမျှော်ခွင့်ရရှိခဲ့သလို ကျိုင်းတုံစော်ဘွားများ၏ ဂူသင်္ချိုင်းဗိမာန်များအားလည်း လေ့လာဂါရဝပြုခွင့်ရရှိခဲ့သော အကျိုးထူးကိုရရှိခဲ့ကာ ကျိုင်းတုံမြို့ရှိမဟာအနှစ်၏ရင်သွေး “နှလုံးလှပိုင်ရှင်များ” နာရေးကူညီမှုအသင်း၏ ဥက္ကဌ ဦးကျော်သူအောင်နှင့် တာချီလိတ်မြို့ရှိ “မဇ္ဇျိမ” လူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေတို့၏ ဗြဟ္မစိုရ်စိတ်ဓါတ် အကြောင်းတို့ကြောင့် မော်တော်ယာဉ်များ၊ အလှူငွေများနှင့် ပြည်သူလူထုတို့၏ ထောက်ခံအားပေးမှု အကျိုးတရားများ ရရှိခဲ့ပါကြောင်းနှင့်“ကိုယ်ပြုသောကံ ပဲ့တင်သံကိုယ့်ထံပြန်လာမည်” ဖြစ်ပါကြောင်း ထိုထူးမြတ်လှသည့် ကုသိုလ်ထူး၊ အကျိုးထူးများအား အများပြည်သူ တို့အား မျှဝေလိုက်ရပါတော့သည်။

ကျော်သူ

မှတ်ချက်။        ။ ဦးကျော်သူ၏ Facebook တွင် ရေးသားထားသော အကြောင်းအရာအား မူရင်းအတိုင်း ပြန်လည်ဖော်ပြထားပြီး ပုံများကိုတော့ Tachileik Online News မှ ဖြည့်စွတ်ထားပါသည်။