Latest News

Dropdown Menu

Showing posts with label လူမှုရေးဆောင်းပါး. Show all posts
Showing posts with label လူမှုရေးဆောင်းပါး. Show all posts

Tuesday, November 5, 2013

ကာလ ဒေသပေါ်မူတည်ပြီး ကျွန်တော့်အနေနဲ့ ရေးမိလိုက်တဲ့ ဆောင်းပါလေးကတော့ အသင်းအဖွဲ့ ဆိုင်ရာ စိတ်ဓါတ်နဲ့ အသင်းအဖွဲ့တွေဆိုတာ ဘာအတွက်ကြောင့် လုပ်နေကြတယ် ဘာကြောင့် ပေါ်ထွက်လာရတယ် ဆိုတာလေးပါ...


ကျွန်တော်တို့ အသင်းအဖွဲ့တွေမှာ ဘာကြောင့် စ၀င်ပြီး အခမဲ့ လုပ်အားပေးရလဲဆိုတာကနေ  စတင် စဉ်းစားကြည့်ရအောင်။ ကျွန်တော်တို့ အသင်းအဖွဲ့တွေထဲဝင်ပြီး အခမဲ့ လုပ်အားဒါနပေးကြတယ်၊ဘာ့ကြောင့်လဲ ကျွန်တော်တို့ သေရင်ပါဖို့လား၊ ကုသိုလ်လိုချင်လို့လား၊ သေချာတာ စဉ်းစားရင် ဒါတွေက စဉ်းစားစရာမလိုတဲ့ အရာတွေပါ ကျွန်တော်တို့တွေဟာ စိတ်သန့်ရှင်းစွာနဲ့ ပေးဆပ်ရတဲ့ အတွက် သေရင် ပြောစရာမလိုအောင် ပါလာမှာပါ၊ ဒီလိုဘဲ ကုသိုလ်လဲပါမှာဘဲ၊ ဒါဆို နည်းနည်း အဆင့်မြှင့်ပြီး စဉ်းစားကြည့်ရအောင်၊ သေချာတာက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ လိုအပ်နေတဲ့ လူ့အဖွဲ့အစည်း။

လူ့အဖွဲ့အစည်းကို ပြောင်းလဲချင်ကြလို့ပါဘဲ၊ ကျွန်တော်တို့ ဒီနေ့ခေတ်မှာ ပြောပြောနေကြတဲ့ "ဒီမိုကရေစီ"ဆိုတဲ့ ခေါင်းစဉ်အောက်နဲ့ လူ့အခွင့်အရေး၊ လူ့ယဉ်ကျေးမှုကို ပြောင်းလဲချင်ကြလို့ပါဘဲ၊ ကမ္ဘာ့ခေါင်းဆောင်တွေလဲ Change ဆိုတဲ့ စကားလုံးကို ရေလဲ သုံးစွဲနေကြပါတယ်။ ပြောင်းလဲခြင်းဖြစ်စဉ်ကို ဖြစ်ဖို့အတွက် အဆင့် (3)ဆင့် လိုပါတယ်....
  • (၁)    Knowledge (ဗဟုသုတ)
  • (၂)    Atttribute (ပင်ကိုယ်အရည်အချင်း)
  • (၃)    Behaviour (အမှုအကျင့်)
ဒီ(၃)ခု လိုအပ်ပါတယ်။ ပြောင်းလဲခြင်းမှာ ဒီ(၃)ခုနဲ့ ဖြတ်ကျော်ပြောင်းလဲရမှာပါ၊  ဘာဖြစ်လို့လဲဆိုတော့
လူတစ်ဦးတစ်ယောက်ဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုလုံးဖြစ်ဖြစ် ပြောင်းလဲဖို့အတွက် ဗဟုသုတ၊ အသိဥာဏ်လိုပါတယ်၊ ဒီအသိဥာဏ်ကမှ ဟုတ်တယ်မှန်တယ်လို့ လက်ခံတဲ့ ကိုယ်ပိုင် အရည်အချင်း ကျင့်ဆောင်မှုဖြစ်မယ်၊ နောက်ဆုံးအနေနဲ့ သတိကပ်စရာ မလိုဘဲ ကိုယ်ပိုင်အမှုအကျင့် ကိုယ်ပိုင်ဟန် ဖြစ်လာမှာပါ။

                 ကျွန်တော်တို့အသင်းအဖွဲ့ထဲမှာ စတင်လုပ်ကိုင်စဉ်က ဘာမှသိပ်မသိခဲ့ဘူး၊ ဒါပေမယ့် ပတ်ဝန်းကျင်ကို ပြင်ရမယ်၊ ပတ်ဝန်းကျင်ကို ပြင်ဖို့အတွက် ကိုယ်တိုင်ပြုပြင်ဖို့လည်း လိုတယ်ဆိုတာကို သိမြင်လာတယ်။ ကျွန်တော်တို့ကို အသိဥာဏ်ဖွင့်ပေးတာ စာပေဟောပြောပွဲတွေကပါ၊ တာချီလိတ်မြို့ကို စာရေးဆရာတွေ ဟောပြောပွဲလာပြီးနောက်၊ ဆရာတော်တွေ တရားလာဟောပြီးနောက် တာချီလိတ်မြို့မှာ အသင်းအဖွဲ့ အသီးသီး ထွက်ပေါ်လာပြီး ကျွန်တော်တို့မြို့ရဲ့ လိုအပ်နေတဲ့ လူ့ပတ်ဝန်းကျင်ကို တတ်နိုင်သလောက် ဖြည့်တင်း ပြုပြင်လာကြတယ်၊ လူငယ်အသီးသီးကလဲ ငါတို့လက်ထက်မှ ပြုပြင်ပြောင်းလဲမှု မလုပ်ရင် ငါတို့သားသမီးတွေ နောင်မျိုးဆက်သစ်တွေ ငါတို့လို ဘာမှမသိဘဲ ဖြစ်လိမ့်မယ်ဆိုတဲ့ အသိစိတ်တွေ ၀င်လာကြတယ်၊ မသိလိုက် မသိဘာသာဆိုတာကို ပြောင်းလဲလာကြတယ်။

                   အရင်တုန်းက လမ်းမှာဆိုင်ကယ်တိုက်လို့ လဲနေရင်တောင် အမှုတွဲထဲမပါချင်လို့ မကူညီကြတဲ့ လူတွေ အခုဆိုပြေးထူ၊ ဆေးရုံပို့၊ ဒါလောက်တော့ လုပ်လာကြတယ်။ ကျွန်တော်တို့ ဘာကြောင့် ဒီလိုလုပ်တာလဲ ဆိုတော့ ပထမဆုံး အဆင့် knowledge တွေ တိုးပွားလာလို့၊ နောက်ပြီး Attribute (ကိုယ်ပိုင်အရည်အချင်းတွေ) တိုးပွားလာလို့ဘဲ၊ နောက်ဆုံးတော့ ကျွန်တော်တို့ဟာ အမှုအကျင့်တွေပါ ပြောင်းလဲပြီး ပတ်ဝန်းကျင်က လူတွေကိုပြောင်းလဲ လာအောင်၊ သူတို့ကိုယ်တိုင်လဲ ပြောင်းလဲချင်တဲ့စိတ် ဖြစ်လာအောင် ကျွန်တော်တို့ ကိုယ်တိုင်ပြောင်းလဲကြတာပါ။ ဒီလိုဘဲ ကျွန်တော်တို့ အသင်းအဖွဲ့ထဲ ကလူတွေဟာ စိတ်တူ၊ ဆန္ဒတူတွေဖြစ်တဲ့အတွက် ပြောင်းလဲခြင်းကို အတူတူ လုပ်ဆောင်နေကြတာပါ။

                       ကျွန်တော် အဓိကပြောချင်တာကတော့ ကျွန်တော်တို့ ကိုယ်တိုင်လုပ်နေကြတာဟာ နောက်ဘ၀အတွက် လှည့်ကြည့်စရာမလိုအောင် စိတ်သဒ္ဒါသန့်ရှင်းစွာနဲ့ အများအကျိုးဆောင်ရွက်နေတဲ့ အတွက် ကုသိုလ်ရပြီးသားပါ၊ အားလုံးဒီထက်ပိုပြီး စဉ်းစားမိစေချင်လို့ ဒီဆောင်းပါးလေးကို ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။
ဆောင်းပါးရှင်။     ။ စောလှမင်း ( မဇ္ဈိမလူမှုကူညီရေးအသင်း )

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Monday, May 13, 2013


အသင်းအဖွဲ့၏ ခေါင်းဆောင်နှင့်အရည်အသွေး၊ ဗြဟ္မစိုရ်တရား
စောလှမင်း(မဇ္ဈိမ) | မေ(၁၄)




မဇ္ဈိမလူမှုကူညီရေးအသင်းမှ အသင်းသားများဖြစ်တဲ့ ကျွန်တော်နဲ့ မသန်းသန်းဌေး အပါအ၀င် မယ်ဆိုင်မြို့ လူမှုဂရုဏာအသင်းက ကိုစိုးမင်းတို့နဲ့အတူ 25-4-2013 ရက်နေ့က Asia Wings လေယာဉ်ကြီးနဲ့ ရန်ကုန်မြို့တော်ကို လူမှုရေးလုပ်ငန်းများနဲ့ပတ်သက်သော ပညာများကို ဦးကျော်သူ၏ နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ သင်ယူရန်အတွက် ထွက်ခွါသွားခဲ့ပါတယ်။

{သင်တန်းသွားရောက် တက်သူ ကိုစိုးမင်း၊ မသန်းသန်းဌေး၊ ကိုစောလှမင်း }

အခုလို သင်တန်းသွားရောက် တက်လာခဲ့တာနဲ့ ပတ်သက်ပြီး အမောင်၊ မင်းဘာတွေ တတ်လာသလဲမေးရင် ဆရာတွေ မေတ္တာနဲ့ သင်ကြားပို့ချပးခဲ့သည်များကို ကျွန်တော် မှတ်မိသလောက် သိလာသလောက်  ပြန်လည်ဝေမျှလိုက်ပါရစေ........။

ကျွန်တော်တို့ 26-4-2013 ရက်နေ့မှ 4-5-2013 ရက်နေ့အထိ သင်တန်း(၇)ရက်တာ အချိန်အတွင်း သင်ခဲ့ရတာတွေထဲက ကျွန်တော်ပြောပြချင်တာကတော့ အသင်းအဖွဲ့၏ ခေါင်းဆောင်နှင့် အရည်အသွေးလေးတွေကို စပြောချင်ပါတယ်

"အသင်းအဖွဲ့ဆိုတာ ဘာကိုဆိုလိုသလဲ"
အသင်းအဖွဲ့ဆိုတာ ရည်ရွယ်ချက်ချင်း တူညီသော လူတစ်စုဟာ တူညီသောပန်းတိုင်သို့ ဦးဆောင်သူ လူတစ်ဦးနှင့် အတူသွားရောက်ခြင်းဆိုရင် မှားနိုင်မည်မဟုတ်ပါ။ အောင်မြင်နေတဲ့ အသင်းအဖွဲ့တိုင်းမှာ ခေါင်းဆောင်ကောင်း တစ်ယောက်ရှိသလို သူ့နောက်မှာ ခေါင်းဆောင်လောက် မတော်ရင်တောင် မညံ့တဲ့ လူတွေနဲ့ ဖွဲ့စည်းထားတာကိုမြင်ရမှာပါ။ နောက်ပြီး ခေါင်းဆောင်တွေက သူတို့ ဘယ်ကိုသွားတယ် သူတို့ နောက်ကလိုက်တဲ့ Temp တွေကို နောက်လိုက်တွေကိုလဲ ပါလာအောင် ခေါ်ဆောင်နိုင်တယ်ဗျ။

(၁)  အသင်းဝင်တိုင်းမှာ ပထမဆုံး အချင်းချင်း လက်ခံပေးနိုင်တဲ့ ကိုယ်နှုတ် အမူအရာနဲ့ ပြောဆိုဆက်ဆံမှုရှိရမယ်။ behaviour လို့ခေါ်တယ်ပေါ့၊ ဘာလို့ ရှိရမှာလဲဆိုတော့ တစ်ဦးနဲ့ တစ်ယောက်နဲ့ ယဉ်ကျေးလိမ္မာစွာ ပြောဆိုဆက်ဆံမှ သူတစ်ပါးအမြင်လဲ သင့်တော်မယ်၊ လေးစား၊ ဂုဏ်ယူ အားကျမယ်။ တကယ်တော့ ကျွန်တော်တို့
ပရဟိတလုပ်တဲ့ သူတွေကို ကောင်းတာကို လုပ်ရင် မချီးကျူးဘဲနေရင် နေမယ် ဆိုးတာကို လုပ်မိရင်တော့ ၀ိုင်းလက်ညှိုးထိုးမယ်ဆိုတာ သေချာပါတယ်။ တကယ်တော့ ပေးဆပ်သူများသက်သက်တွေပါ။

(၂)  အသင်းပုံရိပ် identity ကို ပေါ်လွင်အောင် ဝေမျှဖေါ်ဆောင်နိုင်ရမည်၊ အသင်းရဲ့ ပုံရိပ်ဆိုတာဘာလဲ တကယ်တော့ အသင်းရဲ့ပုံရိပ်ဆိုတာ အသင်းရဲ့ Missionကို ဖေါ်ဆောင်ခြင်းနဲ့ အသင်းရဲ့ ပန်းတိုင်ကို ဖေါ်ဆောင်ခြင်းပါဘဲ။ ဥပမာ ဦးကျော်သူရဲ့ ရန်ကုန်နာရေးအသင်းရဲ့ ပုံရိပ်ဆို လူတွေရဲ့ နာရေးကိုလုပ်တယ် ပြီးတော့ ပေးဆပ်သူများဆိုတဲ့ အတိုင်း သူတို့ ရဲ့ စိတ်ဝိညာဉ်ခန္ဓာကို အပ်နှင်းပြီး ပြည်သူပြည်သားတွေအတွက် လိုအပ်တဲ့နေရာမှာ ပေးဆပ်မယ်ဆိုတဲ့အတိုင်း သူတို့ကြိုးစားကြတယ်။သူတို့ ကြိုးစားတဲ့အတိုင်း သူတို့ကို တစ်ကမ္ဘာလုံးက လူသားတွေ လက်ခံပေးနိုင်ကြတယ်။

(၃)  အသင်းဝင်တိုင်း မိမိကိုယ်ကို အသင်း၏ အစိတ်အပိုင်း တစ်ခုအဖြစ် လက်ခံပြီး ပြုမူဆောင်ရွက်မှု
ဟုတ်ပြီဗျာ ဘာကို ဆိုလိုသလဲဆိုတော့ ပထမဆုံးကျွန်တော်တို့ အခြေခံ အကြောင်းတရားကစ စဉ်းစားကြည့်ရအောင် ကျွန်တော်တို့ ဘာလို့ အသင်းတွေထဲ ၀င်ကြတာလဲ ကုသိုလ်လိုချင်လို့ နောက်ပြီးတော့ သူများအကျိုးစွမ်းဆောင်ချင်လို့၊ ကူညီချင်လို့ ဟုတ်တယ်နော် အိုကေ စဉ်စားကြည်ဗျာ ကိုယ်က ကောင်းစေချင်လို့ သူတစ်ပါးကို ကူညီလိုက်တယ် ဒါပေမယ့် စေတနာ ဝေဒနာဖြစ်စေတဲ့ အကြောင်းတွေ အများကြီး အဲဒါဆို ဘယ်သူကို အပြစ်တင်မလဲ၊ သေချာတယ် ကိုယ့်အသင်း ကိုယ့်အဖွဲ့ကိုဆိုတာဘဲ၊ အဲတော့ သူများကို ကူညီဖို့ ကိုယ့်မှာ ကူညီဖို့လုံလောက်တဲ့ အရည်အချင်းနဲ့ အပြုအမူလိုတယ်ဗျာ၊ နောက်ပြီး ကိုယ်လုပ်နိုင်၏ မလုပ်နိုင်၏ဆိုတဲ့ ဆင်ခြင်စဉ်းစားနိုင်မှုလဲ လိုတယ်ဗျာ......။


ဆိုင်ကယ်မှောက်တဲ့ လူတစ်ယောက်ကိုတွေ့လို့ ကိုယ်က ပြေးပြီး မလိုက်ပါပြီတဲ့ သူ့ခါးကနေပေါ့ သူ့မှာ ခါးရိုးကျိုးနေတယ်ဆို ကိုယ်မလိုက်လို့ ပိုကျိုးသွားရင်ကော၊ နောက် ကီလို(၅၀)လောက်ရှိတဲ့ သူက ကီလို(၁၀၀)လောက်ရှိတဲ့သူကို မမယ်ဆိုရင်ကော ဖြစ်နိုင် မဖြစ်နိုင် သေချာစဉ်စားကြည့်သင့်တယ် ရေနစ်နေတဲ့သူကို ဆင်းကယ်ပါပြီတဲ့ ခုန်ဆင်းပြီးခါမှ သိတယ် ကိုယ် ကိုယ်တိုင်
ရေမကူးတတ်ဘူးဆိုတာ၊ ဘယ်လိုလုပ်မလဲ စေတနာတစ်ခုတည်းနဲ့ လုပ်လို့မရနိုင်ဘူး။

(၄)  တာဝန်ယူနိုင်မှု/တာဝန်ခံနိုင်မှု (Accountability)
 ဒါကတော့ ဘာကိုဆိုလိုတာလဲဆိုတာ ဟုတ်ပြီ ကိုယ့်ကို အကူအညီတောင်းတဲ့သူကို ပထမဆုံး သူတောင်းတဲ့ အကူအညီကို သေချာနားလည်အောင် မေးမြန်းပြီး ကိုယ့်အသင်းက ပေးတဲ့ ၀န်ဆောင်မှုကို ပြောပြပြီး ကိုယ်ဘယ်လောက် ဘယ်အတိုင်းအတာ၊ ဘယ်လိုမျိုး လုပ်ပေးနိုင်ပါတယ်ဆိုတာကို နားလည်အောင် ရှင်းပြမှဖြစ်မှာပေါ့။ အသုဘတစ်ခု ကူညီရမယ်ဆိုပါဆို ကိုယ့်အသင်းက ဘာလုပ်ပေးတယ်ဆိုတာ မပြောပြထားဘဲ ကျွန်တော်တို့ တာဝန်ယူပါတယ် အခမဲ့ ကူညီပါတယ်လို့ဘဲ သွားပြောရင် သူက အဲ့ဒါဆို အသုဘအတွက် ရက်လည်ဆွမ်းတို့၊ ယပ်တောင်တို့၊ တရားစာအုပ်တို့၊ ဘုန်းကြီး ပွဲတို့ပါ တောင်းရင် ဘယ်လိုလုပ်မလဲ ကိုယ်တတ်နိုင်သလောက်ကို ကိုယ်ရှင်းပြမှ သူတို့နဲ့ နားလည်မှု မလွဲမှာပေါ့ မဟုတ်ရင် သူတို့က အလကား လုပ်ပေးတယ်ဆိုပြီး ဘာမှလဲမဟုတ်ပါဘူးဗျာဆိုရင် ကိုယ့်စေတနာ ဘာဖြစ်သွားမလဲ။

(၅)  Empathy ဆိုတဲ့ ကိုယ်ချင်းစာတတ်မှု၊ မျှဝေခံစားနိုင်မှု၊ ချီးကျူး/နှစ်သိမ့်၊ ဖေးမနိုင်မှု

ဘာကို ဆိုလိုသလဲဆိုတာ  ကလေးအသုဘ တစ်ခုတွေ့ပါပြီတဲ့ ကိုယ်က သူတို့ရှေ့သွားပြီး "ဟေးလေးဝါးလား"သွားနေလို့သင့်မလား၊ ဒါမှမဟုတ် အော်.. ငါ့ကလေး ငါ့တူလေးဆို ဘယ်လိုလုပ်မလဲ၊ ဆိုတဲ့ ကိုယ်ချင်းစာတရားနဲ့ သူ့ကိုနှစ်သိမ့်ပေးနိုင်ရမယ်၊
ဒီလိုဘဲ တော်တဲ့သူတွေ ချီးကျူးထိုက်သူတွေ
တွေ့ရင်ကော ဒီလိုဘဲ ချီးကျူးရမှာပေါ့ ဟုတ်ပြီဗျာ ရိုင်းစိုင်းတဲ့သူတွေ့ရင်ကော အော် သူရိုင်းစိုင်းတာ စာမတတ်လို့ပါလား၊ အေ ငါလဲ စာတတ်အောင်ကြိုးစားရမယ်လို့ခံယူတတ်တဲ့စိတ် ရှိဖို့လိုတယ်

(၆)  ရိုးသားမှု 
 ရိုးသားမှုဆိုတာ အတူတူ အလုပ်လုပ်ကိုင်နေသူအချင်းချင်းရိုးသားရမယ်ဗျာ ကိုယ်တွေက အများကောင်းကျိုးအတွက် အတူတူ အလုပ်လုပ်ကြမဲ့ သူတွေလေ ဒီလိုဆို ယောက်ျားလေးကော၊ မိန်းကလေးကော မောင်နှမစိတ်ဓါတ်နဲ့မှဖြစ်မှာပေါ့ ခြွင်းချက် အပျိုလူပျိုကတော့ သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကော နောက်တစ်ခုက ငွေကြေးကိစ္စမှာ ရိုးသားရမယ်၊ မဟုတ်ရင် အသင်းလဲ ကြာရှည်မရပ်တည်နိုင်သလို သူများတွေရဲ့ ယုံကြည်မှု ပျောက်ဆုံးလိမ့်မယ်၊ ကျွန်တော်ရဲ့ ဆောင်းပါးခေါင်းစဉ်ဖြစ်တဲ့ ဗြဟ္မစိုရ်တရားအကြောင်းပြောချင်ပါတယ်။ ဘာကို ဆိုလိုချင်တာလဲဆိုတော့ ဗြဟ္မစိုရ်ဆိုတာ ဗြဟ္မ၀ိဟာရဆိုတဲ့ စကားလုံးကလာတာပါ၊ ဗြဟ္မဆိုတာ မြင့်မြတ်သော ၀ိဟာရဆိုတာ နေထိုင်ခြင်း ဒါဆိုရှင်းနေပြီး မြင့်မြတ်သောနေထိုင်ခြင်းပေါ့ ဟုတ်ပြီဗျာ ဒါဆိုမြင့်မြတ်သော နေထိုင်ခြင်းထဲမှာ ဘာတွေပါသလဲ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပက္ခာဆိုတဲ့ နေထိုင်ခြင်းမျိုးပါ။

ကျွန်တော် အရှည်မရှင်းတော့ပါဘူး၊ ကျွန်တော်မြင်ခဲ့တဲ့ အကြောင်းအရာလေးဘဲပြောမယ်ဗျာ၊ ကျွန်တော် တာချီလိတ်က စထွက်သွားတော့ ရန်ကုန်နာရေးကူညီမှုအသင်းကိုရောက်တယ်၊ ကျွန်တော်သူတို့ကို ကြည့်ပြီးအားကျလိုက်တာဗျာ၊ သူတို့ရဲ့ စည်းလုံးညီညွတ်မှု၊ စံစည်းကမ်းစနစ်တွေကြည့်ပြီး လေးစားလိုက်တာ ပြီးတော့ အံသြစရာ ကျပ်ငွေ သိန်း ရှစ်သောင်းနဲ့ လည်ပတ်နေတာတဲ့ ကျွန်တော် ဘဘဦးသုခရဲ့စေတနာနဲ့ ဦးကျော်သူရဲ့ စွမ်းဆောင်နိုင်မှုကို ပြောမပြတတ်လောက်အောင်ကို ချီးကျူးနေမိတယ်၊ တစ်ဖိတ်ဖိတ်တောက်နေတဲ့ သုခဆေးခန်းပြီးတော့ သန့်ရှင်းစင်ကြယ်နေတဲ့ မျက်စိခွဲစိပ်ဆောင် လုပ်အားဒါနတွေပြုနေတဲ့ ပေးဆပ်သူတွေ အားကျမိပါရဲ့ဗျာ စဉ်းစားမိတယ်။ ဪ.... ဦးကျော်သူက ပိုက်ဆံရှိလို့နိုင်ငံကျော်ရုပ်ရှင်မင်းသားကြီးပေမို့လုပ်နိုင်တာပေါ့........


ဒီလိုနဲ့ တစ်ပါတ်တိတိ စာတွေသင် သူတို့ရဲ့ စိတ်ဓါတ်တွေကိုလေ့လာရင်း စာရေးဆရာမကြီး ဒေါ်သန်းမြင့်အောင်ရဲ့ ပညာဝေငှမှုမှာ ဆရာမကြီးရဲ့ စေတနာတွေ လေးစားမိတယ် ဆရာမက သူ့ရဲ့ သုခရိပ်မြုံဆိုတဲ့ HIV ကလေးတွေချည်းဘဲ ထားတဲ့ရိပ်သာနဲ့ ခိုကိုးရာမဲ့ အမယ်အို၊ အဘိုးအိုတွေရဲ့ ဆည်းဆာရိပ်ဂီလာနရိပ်သာကို သွားလေ့လာတော့ ဆရာမရဲ့ ပရဟိတလုပ်ငန်းတွေက ကျက်သီးဖြန်းဖြန်းထမိတယ် ကျွန်တော်ထပ်စဉ်းစားမိတယ် ဆရာမကြီးက ပိုက်ဆံလည်း မချမ်းသာဘူး ဘာလို့လုပ်နိုင်တာလဲဆိုတော့ သူ့မှာ ပညာဆိုတဲ့ ထိန်လင်းနေတဲ့ အရောင်တွေ လင်းလက်နေတယ်ဆိုတာ ခံစားမိတယ်ဗျာ၊

 ဒီလိုနဲ့သန်လျင်ဘက် သဘာဝတရားရိပ်သာဆိုတဲ့ဘက် ရောက်သွားတော့ သက်တော်(၄၄)နှစ်ရှိပြီဖြစ်ပြီး အများက ဆူနာမီဆရာတော်လို့ ခေါ်ဆိုနေကြတဲ့ ဆရာတော်ဦးဥတ္တမရဲ့ လုပ်ငန်းတွေကို အရိုးထဲထိရောက်အောင် တုန်ခိုက်မိတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရောက်ရောက်ခြင်း ဆရာတော်က တရားစကား ဘာမှမပြောဘဲ ဦးဇင်းတစ်ပါးနဲ့ ကားမောင်းပြီးလိုက်ပို့ခိုင်းတယ် ဘယ်ရောက်လဲဆိုတော့ မြေဧက(၇၀)ကျော် မြေကွက်ထဲမှာ (၁၅)ပေပတ်လည် အိမ်လေးတွေတန်းစီနေတာဘဲ အဲ့ဒါမေးကြည့်တော့ လူတစ်ဦးနေစရာမရှိရင် ဆရာတော်က သူ့ဆီ တရား (၁၅)ရက်တစ်ပါတ် ၀င်ရင်(၁၅)ပေပတ်လည် မြေကွက်ပေးတယ်တဲ့ အဲ့မှာကြည့်လိုက်တော့ အိမ်ခြေ(၂၀၀၀)ကျော်နဲ့ဗျာ နောက်ပြီးထပ်တွေ့တယ် HIV ရောဂါသည်တွေ၊ တီဘီရောဂါသည်တွေ၊ မျက်မမြင်တွေ ဂီလာနအဘိုး/အဘွားအိုတွေ အိုဘယ်လိုများ ကယ်တင်ထားပါလိမ့်ပေါ့ အသက်(၁၀၆)နှစ်ဆိုတဲ့ အမေထွားဆိုတဲ့ အဘွားအိုလည်းတွေ့မိတယ်။

အဆောင်နာမည်က ရာကျော်အဆောင်တဲ့ဗျာ၊ ကျွန်တော်ထပ်စဉ်းစားမိပြန်တယ်၊ဆရာတော်မှာ ပိုက်ဆံချမ်းသာလို့လား၊ မဟုတ်ဘူးဗျ၊ ဒါဆို ပညာတတ်လို့လား မဟုတ်ပြန်ဘူးဗျာ၊ ဒါဆိုရင်ဘာလဲ၊ ဘာလဲ၊ ဘာလဲ အထပ်ထပ်စဉ်းစားကြည့်တော့ မေတ္တာဗျ၊ ဒီလူတွေစည်းစည်းလုံးလုံးနဲ့ လူ(၅)ထောင်ခန့်ကို ထမင်းကျွေးပြီး ဘာစည်းကမ်းသတ်မှတ်ချက်မှ မပါဘဲ ထားနိုင်တာ အလုပ်အကိုင်တွေ ပေးနိုင်တာ မေတ္တာဗျ...........

ကျွန်တော်စဉ်းစားမိတဲ့ အစဉ်လိုက်အတိုင်း ပထမက ပိုက်ဆံဗျ ပိုက်ဆံနဲ့စည်းကမ်းနဲ့ အသင်းတစ်ခုကို ခိုင်မာအောင်တည်ဆောက်နိုင်တယ်၊ ပရဟိတ လုပ်နိုင်တယ်၊  ဒါပေမဲ့ ဆရာမဒေါ်သန်းမြင့်အောင်မြင်တော့ ပညာက ပိုက်ဆံထက်သာလွန်တယ်ဆိုတာ ထပ်သိပြန်တယ်၊ နောက်ဆုံးတော့ အားလုံးထက် သာတာ မေတ္တာတရားဘဲဆိုတာ ကျွန်တော်ကောင်းကောင်း သိလိုက်ရပါပြီ........

အားလုံးပေါင်းနိုင်ရင်တော့ မွန်မြတ်သောပေးဆပ်ခြင်းနဲ့ အနှိုင်းမရှိသော
 ပေးဆပ်ခြင်းတို့ဖြစ်မယ်ဆိုတာ ယုံကြည်စွာနဲ့............
စောလှမင်း(မဇ္ဈိမ
13.5.2013