Latest News

Dropdown Menu

Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Thursday, June 20, 2013

တာချီလိတ်မြို့တွင် 800MHz CDMA ဖုန်းကဒ်(၂၇၀၀)ကျော်ကို နောက်ဆုံးအကြိမ် မဲနှိုက်ရောင်းချရာ ယခုအကြိမ်တွင် လာရောက်လျှောက်ထားသူ (၂၄၆၂)ဦးရှိပြီး ယခင်မဲမပေါက်ပဲ ကျန်ရှိနေသည့်(၈၃၆)ဦး၏ လျှောက်လွှာများ အပါအ၀င် စုစုပေါင်း (၃၂၉၈)ဦးရှိပြီး ယခုအကြိမ်သည် 800MHz CDMA များကို မဲနှိုက်ရောင်းချပေးသည်မှာ တာချီလိတ်မြို့နယ်အတွက် နောက်ဆုံးအကြိမ်ဖြစ်ပြီး နောက်လာမည့် လများတွင် WCDMA နှင့် GSM များကိုသာ မဲနှိုက် ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရသည်။


ယခုအကြိမ်တွင် ဖုန်းကဒ်များကို မဲနှိုက်ပေးရာမှာ ပထမအကြိမ်နှင့် ဒုတိယအကြိမ်တို့မှ မပေါက်ပဲ ကျန်ရှိနေသည့် လျှောက်လွှာများအပါအ၀င် စုစုပေါင်း လျှောက်လွှာ(၃၂၉၈)စောင်ထဲမှ လျှောက်လွှာ(၂၇၀၀)ကျော်ကို ပေါက်မဲအဖြစ် မဲနှိုက်မည်ဆိုပါက အချိန်ကြန့်ကြာနိုင်မည် ဖြစ်တာကြောင့် ပယ်မဲ(၆၀၀)ကျော်ကို နှိုက်ခဲ့ကြပြီး ကျန်ရှိသည့် မဲများကို ပေါက်မဲများအဖြစ် အများဆန္ဒဖြင့် သဘောတူညီကာ မဲနှိုက်စေခဲ့ကြောင်း သိရသည်။

 ပထမအကြိမ်နှင့် ဒုတိယအကြိမ်တုန်းက ဖုန်းလိုင်းဆွဲအား ကောင်းမွန်ခြင်းမရှိ၍ ကျန်လူများမှာ စိတ်ဝင်စားမှုမရှိကြပဲဖြစ်ခဲ့သော်လည်း ပြီးခဲ့သော ရက်များက   တာချီလိတ်မြို့ရှိ ရုပ်မြင်သံကြားကုန်းပေါ်မှာ CDMA အတွက် နောက်ထပ် တိုင်တစ်တိုင် စိုက်ထူလိုက်သည့် နောက်ပိုင်း၌ CDMA ဖုန်းကဒ် ရလိုသူများ များပြားလာခဲ့ကြောင်း သိရသည်။

ဖုန်းကဒ်ရရှိသော လျှောက်လွှာရှင်အမည်စာရင်းများကို အောက်ပါ Link အား နိပ်၍ တိုက်ကြည့်နိုင်သည်။

မဲပေါက်သော စာရင်များကြည့်ရန်
တာချီလိတ်မြို့နယ်အတွက် CDMAကဒ် ၂၇၀၀ ကျော် ပေါက်မဲ စာရင်းများ
84 photos

ပုံများကိုကြည့်ရန်
800MHz CDMA ကဒ်(၂၇၀၀)ကျော်ကို နောက်ဆုံးအကြိမ် မဲနှိုက်ရောင်းချ
31 photos


Saturday, May 25, 2013


မေလ(၂၀)ရက်နေ့ နေ့လည်(၁၂)နာရီခန့်က တာချီလိတ်မြို့မှာ အခြားမြို့နယ်မှတဆင့် ဖုန်းခေါ်ဆိုလာပြီး (၁၅၀၀)ကျပ်တန် ဖုန်းနှင့်ပတ်သက်၍ ကံစမ်းမဲပေါက်သည်ဟု ပြောဆိုကာ နိုင်ငံတော် အခွန်ကြေးအဖြစ် ငွေလွှဲလာရန်အတွက် ပြောဆို လိမ်လည်လာမှု တရပ်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့နယ် ဟောင်လိတ်ကျေးရွာအုပ်စု ဟွေခိုက်ရွာသစ်တွင် နေထိုင်သူ ဒေါ်သန္တာစိုး၏ လက်ကိုင်ဖုန်းဖြစ်သော (0936013---)အား ခေါ်ဆိုလာပြီး တဖက်မှ မိမိကိုယ်ကို မြန်မာ့ဆက်သွယ်ရေးမှ ဦးမောင်မောင်ဟု အမည်ပြောကာ လူနှစ်ဦးသည်( 0973028---)ဖုန်းဖြင့် ဆက်သွယ်လာကာ ယခု လက်ရှိ မဲနှိုက်ရောင်းချပေးနေလျှက်ရှိသော (၁၅၀၀)ကျပ်တန် တန်ဖိုးနည်းဖုန်းကဒ်လျှောက်ထားသူများမှာမှ ဖုန်းကဒ်ရရှိထားသူများကို နိုင်ငံတော်မှ ကျပ်သိန်း(၃၀၀) နှင့် (၄၂)လက်မရှိသော TV တစ်လုံးအား ချီးမြှင့်ရန်အတွက် ထပ်မံ၍ ကံစမ်းမဲအနေဖြင့် နှိုက်ရာ တစ်နိုင်ငံလုံးအနေနဲ့ မဲပေါက်သူမှာ(၃၅၀)ရှိပြီး မဟာကံထူးရှင်အဖြစ် (၃)ဦးကို ထပ်မံရွေးချယ်ခဲ့ကြရာ ရန်ကုန်မြို့မှ ဒေါ်လင်းလင်း၊ ပြည်မြို့မှ ဦးအုန်းကျော် နှင့် တာချီလိတ်မြို့မှ ဒေါ်သန္တာစိုးတို့ မဲပေါက်ကြောင်း ပြောဆိုလာခဲ့သည်။

ယခုလို မဲပေါက်တဲ့အတွက် TV တစ်လုံးကို ကားဂိတ်မှတဆင့် လွှဲပေးမှာဖြစ်ပြီး ကျန်တဲ့ ငွေသား သိန်း(၃၀၀)ကိုတော့ မရယူမီ နိုင်ငံတော်ကို ပြန်ပြီးတော့ အခွန်ဆောင်တဲ့အနေနဲ့ (၄)ကျပ်နှုန်းနဲ့ စုစုပေါင်း ကျပ်(၁၂)သိန်း ကို လှူရမှာဖြစ်ကြောင်း အဲ့ဒီအတွက် အရင်ဆုံး ကျပ်(၁၂)သိန်းကို ဘဏ်ကနေ ၎င်းတို့ထံ လွှဲပေးစေလိုကြောင်း ထိုသို့လွှဲပြီးမှသာ သိန်း(၃၀၀)တန် ချက်လက်မှတ်ကို ပြန်လည်ပို့ပေးမှာဖြစ်ကြောင်းနဲ့ ငွေလွှဲရမည့်အချိန်မှာ နေ့လည်(၁း၃၀)နာရီထက် နောက်မကျစေလိုကြောင်းအပြင် ငွေလွှဲရမည့်လိပ်စာကိုလည်း ဘဏ်ရောက်မှ ပေးမှာဖြစ်ကြောင်း ဖုန်းထဲမှ တဆင့် ထပ်မံ ပြောကြားလာသည်။

အထက်ပါကိစ္စများမပြောလာမီ ဒေါ်သန္တာစိုးအား အရင်ဦးဆုံး အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မိသားစုဝင်ဦးရေ၊ လက်ရှိအခြေအနေနှင့် မိသားစုထဲ၌ ၀န်ထမ်းရှိမရှိ စသည်များကို မေးမြန်းပြီးနောက် (၁၅၀၀)ကျပ်တန်ဖုန်းနှင့်ပတ်သက်၍ ကံစမ်းမဲပေါက်ကြောင်း ပြောကြားလာသည်။ ငွေသားကိစ္စ မပြောမီမှာ (၄၂)လက်မ TV မဲပေါက်တဲ့အတွက် နေရပ်လိပ်စာပြောကြားစေလိုကြောင်းနဲ့ မည်သည့်ကားဂိတ်နှင့် နီးစပ်ကြောင်းလည်း မေးမြန်းလာသည်။ ဒေါ်သန္တာစိုးမှလည်း အဟုတ်ထင်မှတ်ကာ ၀မ်းသာအားရဖြင့် ၎င်းတို့အနေဖြင့် ရွှေမြို့တော် ကားဂိတ်နှင့် နီးကြောင်း ပြန်လည်ဖြေကြားသည့်အခါမှာ တစ်ဖက်မှာလည်း ဟုတ်ပြီ ဒါဆိုရင် ညနေ ရွှေမြို့တော်ကား ဆိုက်တဲ့အချိန်မှာ ကားဂိတ်ကိုသွားပြီး TV ကို သွားရောက် ထုတ်ယူနိုင်ကြောင်း ပြောဆိုကာ မက်လုံးပေးလာခဲ့သည်။

ထို့နောက် နောက်ထပ်ကျန်ရှိနေသေးတဲ့ ကျပ်သိန်း(၃၀၀)အတွက် ပြောဆိုရာမှာ သတ်မှတ်ချိန်အတွင်း ငွေကျပ်(၁၂)သိန်းကို လွှဲပေးစေလိုကြောင်း ငွေလွှဲရောက်ပြီဆိုတာနှင့် ၎င်းတို့ဘက်မှ ချက်လက်မှတ်ကို ဖက်စ် ဖြင့် ပို့ပေးမှာဖြစ်ကြောင်း လိမ်လည်ပြောဆိုလာခဲ့ကြောင်းကို ဒေါ်သန္တာစိုး၏ ခင်ပွန်းဖြစ်သူ ဦးစန်းငွေလင်းမှ ပြန်လည် ပြောပြလာသည်။

"သူတို့ ကျွန်တော့်အမျိုးသမီးကို ဖုန်းထဲကနေ စည်းရုံးနေတာ (၄၅)မိနစ်လောက် ကြာတယ်ဗျ၊ ဖုန်းဆက်လာတာက လူနှစ်ယောက်၊ သူတို့ရဲ့ အသံတွေကို နားထောင်ပြီး အသက်ကို ခန့်မှန်းကြည့်မယ်ဆိုရင် တစ်ယောက်က (၅၅)နှစ်ဝန်းကျင်နဲ့ နောက်တစ်ယောက်က အသက်(၅၀)၀န်းကျင်လောက်ရှိမယ်လို့ ခန့်မှန်းရတယ်၊ ကျွန်တော့် အမျိုးသမီးကလည်း ရိုးသားလွန်းတော့ အယုံလွယ်ပြီး သူတို့ပြောတဲ့အတိုင်း ငွေလွှဲမယ်လုပ်နေတာ၊ ငွေလွှဲဖို့ကိုလည်း သူတို့က မြန်မာ့စီးပွားရေးဘဏ်က ငွေထုတ်ရတာ အဆင်မပြေဘူး၊ kbz နဲ့ နီးရင် kbz ကပဲ လွှဲပေးပါတဲ့၊ ငွေလွှဲမဲ့ အကောင့်ကိုလည်း ဘဏ်ရောက်မှ ပြောမယ်ဆိုပဲဗျာ.."ဟု ဦးစန်းငွေလင်းမှ ရှင်းပြသည်။

 ဦးစန်းငွေလင်းမှ " သူတို့က ထပ်ပြောသေးတယ်၊  လူထုအုံကြွမှုတွေမဖြစ်စေရန်အတွက် အခုလို ကံစမ်းမဲပေါက်တဲ့ကိစ္စကို ဘယ်သူ့မှ မပြောပါနဲ့လို့လည်း မှာသွားသေးတယ်၊ အခုလို ကံစမ်းမဲအစီစဉ်ကို နိုင်ငံတော်က လစဉ်လုပ်သွားမှာလို့လည်း ပြောသွားသေးတယ်၊ ငွေလွှဲလာဖို့ကိစ္စကို ပြောပြီးတော့ ဖုန်းချသွားတယ်၊ ဘဏ်ရောက်ရင် ဖုန်းပြန်ဆက်ခိုင်းတယ်၊ ငွေပို့ဖို့ အကောင့်ပေးဖို့ပေါ့၊ ကျွန်တော်တို့ကလည်း ဟုတ်မဟုတ်ဆိုတာလည်း သိချင်တာရယ်၊ လိမ်တယ်လို့လည်း ယူဆမိတာကြောင့် သူ့ရဲ့ ဘဏ်အကောင့်သိအောင်လို့ ဖုန်းပြန်ဆက်လိုက်တဲ့အခါမှာ ကျွန်တော်တို့ ဘဏ်ရောက်နေပါပြီ ငွေလွှဲပေးပါ့မယ် ဘဏ်အကောင့်ပေးပါလို့ ပြောလိုက်တော့ သူတို့ သတ်မှတ်ထားတဲ့အချိန် ကျော်သွားပါပြီ မရတော့ပါဘူးတဲ့၊ TV ကိုတော့ ပို့လိုက်ပြီ ညနေ ကားဂိတ်မှာ သွားကြည့်လိုက်ပါလို့ ပြောပြီး ဖုန်းချသွားတယ်၊ နောက် ပြန်ခေါ်တာမရတော့ဘူး၊ ညဖက်ခေါ်တော့လည်း မရတော့ဘူး.. TV ကို ပို့လိုက်ပြီပြောပေမဲ့လည်း တကယ်တမ်းတော့ မရောက်လာခဲ့ပါဘူး"ဟု ဆက်လက်ရှင်းပြသည်။

"ကျွန်တော့် ယောက္ခမက နေပြည်တော်မှာရှိတယ်၊ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဖုန်းဆက်လှမ်းပြောတော့ ဟာ.. ပိုက်ဆံပို့လိုက်ပြီလားတဲ့ မေးလာတယ်၊ ကျွန်တော်ကလည်း မပေးရသေးဘူးလို့၊ ပို့မယ်လို့ ပြောလိုက်တော့လည်း လက်မခံတော့ဘူး အချိန်ကျော်သွားပြီလို့ ပြောလာတယ်လို့ပြောလိုက်တော့၊ ဟုတ်လား သွားမပို့မိစေနဲ့ ပဲခူးမှာ နှစ်ရက်ပဲရှိသေးတယ် လိမ်သွားတာ သိန်း(၂၀)၊ အယုံလွယ်ပြီး ငွေလွှဲလိုက်တဲ့ အဖွားတစ်ယောက်က ဘဏ်မှာ ရူးမတတ်ပဲ ချက်လက်မှတ်လွှဲလာမယ်ဆိုပြီး ထိုင်စောင့်နေတာတဲ့ "ဟု ဦးစန်းငွေလင်းမှ တဆင့်ပြန်လည်ရှင်းပြသည်။

"မြန်မာနိုင်ငံအတွင်းမှာက ကံစမ်းမဲနဲ့ပတ်သက်လို့ သိန်းဂဏန်းမပြောနဲ့ သောင်းဂဏန်းနဲ့တောင် သတင်းစာမှာထည့်တာ၊ ခုလို ကိစ္စကို ဘယ်သူမှမသိစေနဲ့ဆိုကတည်းက စဉ်းစားစရာဖြစ်သလို လိမ်တယ်လို့လည်း သိနိုင်တယ်လေ၊ ဒါကြောင့် အခုလို ကိစ္စမျိုး လူတိုင်းလူတိုင်း ကြုံလာကြမယ်ဆိုရင် အယုံလွယ်ပြီး ငွေမလွှဲမိစေဖို့နဲ့ အလိမ်ခံရမှန်းသိနိုင်အောင်အတွက် အခုလို Tachileik Online News မှာ ဖော်ပြပေးဖို့ တောင်းဆိုလိုက်ပါတယ်"ဟု ဦးစန်းငွေလင်းမှ ၎င်းအနေဖြင့် ကြုံခဲ့ရသည့် ဖုန်းလိုင်းပေါ်က ငွေလိမ်လည် တောင်းခံသည့်ကိစ္စကို အများသိစေရန်အတွက် ရှင်းလင်းပြောကြားလာခဲ့သည်။

Monday, May 20, 2013


မေလ(၂၀)ရက် တနင်္လာနေ့နံနက်(၉)နာရီက တာချီလိတ်မြို့ အောင်မြတ်ခန်းမမှာ (၁၅၀၀)ကျပ်တန် တန်ဖိုးနည်း CDMA-800MHz ဖုန်းကဒ်များကို ဒုတိယအကြိမ်အဖြစ် မဲနှိုက်ကာ ရောင်းချပေးခြင်း အစီအစဉ်အား ပြုလုပ်ခဲ့ကြသည်။
 { မဲစာရွက်များအား စတင်ခေါက်နေစဉ် }

ပထမအကြိမ်တုန်းက လျှောက်လွှာများမှာ (၉၄၀)စောင်ရှိခဲ့ပြီး ယခုအခါမှာတော့ ဒုတိယအကြိမ်အတွက် လာရောက်လျှောက်ထားသူများမှာ(၁၁၉၆) ရှိပြီး  ပထမအကြိမ်က မဲမပေါက်ပဲ ကျန်ရှိနေသည့် လျှောက်လွှာ(၂၉၃)စောင်အား ထည့်သွင်း၍ မဲနှိုက်ရာ လျှောက်လွှာစုစုပေါင်း(၁၄၈၉)စောင် ရှိပြီး ဖုန်းကဒ်(၆၅၀)ကို ယခုလို မဲနှိုက်ရောင်းချပေးတာဖြစ်ကြောင်းသိရသည်။



{ မဲနှိုက်ရာမှာ လျှောက်ထားသူများမှ }

"ဖုန်းကဒ် မဲပေါက်တာတော့ ပျော်ပါတယ်၊ ၁၅၀၀ကျပ်တည်းနဲ့ ဖုန်းကဒ်ရတယ်ဆိုတော့လေ၊ ဒါပေမဲ့လည်း မြို့ထဲမှာ ဖုန်းလိုင်းက မကောင်းဘူး ဖုန်းဆက်မယ်ဆိုရင် တိုင်ထောင်ထားတဲ့ ဗျူဟာကုန်းနားမှာ သွားဆက်ရမလိုဖြစ်နေတယ်၊ တကယ်ဆိုရင် CDMA အတွက် တိုင်ကို မြို့ထဲမှာ လာတပ်ထားရင် အားလုံးအတွက် အဆင်ပြေမှာပဲ"ဟု ပထမအကြိမ်က ဖုန်းကဒ်မဲပေါက်ခဲ့သူ ဈေးသည်တစ်ဦးမှ ပြောကြားလာသည်။

ဖုန်းကဒ် ပေါက်မဲစာရင်းများအား ကြည့်ရှု့ရန်
တာချီလိတ်၏ ဒုတိယအကြိမ် ၁၅၀၀ကျပ်တန် ဖုန်းကဒ် ပေါက်မဲစာရင်းများ
31 photos

သတင်းဓါတ်ပုံများအားကြည့်ရန်
တာချီလိတ်၌ ဒုတိယအကြိမ် ၁၅၀၀ကျပ်တန် ဖုန်းကဒ်များအား မဲနှိုက်
25 photos

Friday, May 17, 2013

၁၅၀၀ကျပ်တန် တန်ဖိုးနည်း CDMA-800MHz ဖုန်းကဒ်များကို ဒုတိယအကြိမ်အဖြစ် တာချီလိတ်မြို့၌ မေလ(၂၀)ရက်နေ့တွင် ပထမအကြိမ်နည်းတူ မဲနှိုက်ကာ ရောင်းချပေးနိုင်ရန်အတွက် လျှောက်လွှာများအား မေလ(၁၉)ရက်နေ့အထိ လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

ဖုန်းကဒ်များကို ၀ယ်ယူနိုင်ရန်အတွက် လျှောက်လွှာများကို ယနေ့မှစ၍ မေလ(၁၉)ရက်နေ့ထိ လက်ခံနေပြီး မေလ(၂၀)ရက်နေ့မှာတော့ အောင်မြတ်ခန်းမမှာ မဲနှိုက်မှာဖြစ်ရာ မဲနှိုက်ရာမှာလည်း ပထမအကြိမ်နည်းတူ ဖုန်းကဒ်လျှောက်ထားသူများထဲမှပင် ပေါက်မဲများကို နှိုက်ခိုင်းမှာဖြစ်ကြောင်း နှင့် ဖုန်းကဒ်များကို စတင်ရောင်းချမည့်နေ့မှာ မေလ(၂၁)ရက်နေ့မှ မေလ(၃၁)ရက်နေ့ထိ ရောင်းချပေးမှာဖြစ်ကြောင်း သိရသည်။

ဖုန်းကဒ်များကို လျှောက်ထားလိုသူများအနေဖြင့် လျှောက်လွှာ(၂)စောင်နှင့်အတူ အိမ်ထောင်စုစာရင်းမိတ္တူနှင့် မှတ်ပုံတင်မိတ္တူ(၁)စုံ လိုအပ်မှာဖြစ်ပြီး လျှောက်လွှာများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွင်းမှာ လာရောက်လျှောက်ထားနိုင်မှာဖြစ်ကြောင်း သိရှိရသည်။

ဖုန်းကဒ်မဲပေါက်သူများ၏ အမည် စာရင်းများကို တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး နှင့် ဆက်သွယ်ရေးရုံးတို့အပြင် Tachileik Online News ၏ သတင်းစာမျက်နှာ နှင့် Facebook တို့မှာ ကြည့်ရှု့နိုင်ရန်အတွက် ဖော်ပြပေးသွားပါမည်။

တာချီလိတ်မြို့အတွက် CDMA-800 MHZ လျှောက်လွှာအား ရယူရန်အတွက် နိပ်ပါ



Sunday, April 21, 2013

မြန်မာကျပ်ငွေ (၁၅၀၀)ကျပ်တန် CDMA -800 MHz တန်ဖိုးနည်း မိုဘိုင်းဖုန်းများရောင်းချပေးခြင်းကို ပထမလအဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့များအနက် ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းတုံမြို့များတွင် ပြည်သူများအား မဲစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ပထမလအတွက် မဲစနစ်ဖြင့် ရောင်းချပေးရာ
 လျှောက်လွှာများကို (၂၀.၄.၂၀၁၃)ရက်နေ့မှ (၂၂.၄.၂၀၁၃)ရက်နေ့ထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ လာရောက်လျှောက်ထားရမှာဖြစ်ပြီး အောင်မြတ်ခန်းမမှာ  (၂၃.၄.၂၀၁၃)ရက်နေ့ နံနက်(၁၀)နာရီတိတိ၌ မဲနှိုက်ရမှာဖြစ်ကြောင်းသိရသည်။ မဲပေါက်သူများအတွက် ကဒ်ထုတ်ပေးမည့်နေ့ရက် နှင့်  ငွေသွင်းရက်ကို (၂၄.၄.၂၀၁၃)ရက်နေ့ သတ်မှတ်ထားပြီး ပထမအသုတ်၏ Sim Card အရေအတွက်မှာ (၇၀၀)ခုဖြစ်သည်။ ပထမအသုတ်ပြီးသည့်နောက်ပိုင်းတွင်လည်း ယခုလို လစဉ် မဲစနစ်ဖြင့် ရောင်းချပေးသွားမှာ ဖြစ်ကြောင်းလည်း သိရသည်။

ရှမ်းပြည်နယ်တစ်ဝှမ်းလုံးအနေဖြင့် ပထမလတွင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ မြို့များဖြစ်သော တောင်ကြီး၊ ကလော၊ ဗထူး၊ ခိုလမ်၊ အောင်ပန်း၊ ဆီဆိုင်၊ ဟိုပုန်း၊ မိုင်းပန် နှင့် လင်းခေးမြို့များဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့များအနက် လားရှိုး၊ မူဆယ်၊ ကျောက်မဲ၊ လောက်ကိုင် နှင့် နောင်ချိုမြို့၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းတုံ နှင့် ကျိုင်းတုံမြို့များတွင် ပြည်သူများအား မျှတမှုရှိစေရန်အတွက် မဲနစ်ဖြင့် ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရသည်။

တန်ဖိုးနည်းဖုန်းကဒ်များကို မဲစနစ်ဖြင့်ရောင်းချပေးခြင်းနှင့် ပတ်သက်၍ "မှန်မှန်ကန်ကန်နဲ့ မဲစနစ်အနေနဲ့ ရောင်းချပေးမယ်ဆိုတော့ အန်တီတို့အနေနဲ့ကတော့ ကောင်းပါတယ်ပဲ ပြောရတော့မှာပေါ့၊ အဲ့လိုမှ မဟုတ်ပဲ ပွဲစားကနေတဆင့်တို့၊ ၀န်ထမ်းတွေကနေ တဆင့်တို့ ဆိုရင် အများပြောစရာဖြစ်နေမှာပေါ့လေ၊ ခုမဲစနစ်မှာ မဲမပေါက်တဲ့ လူတွေရဲ့ လျှောက်လွှာတွေကိုလည်း နောက်အသုတ်တွေမှာ ထည့်ပြီး နှိုက်သွားမယ်ဆိုတော့ တစ်နေ့နေ့တော့ ရမှာပဲ ဆိုတဲ့ စိတ်နဲ့ပဲ အန်တီတို့လည်း မျှော်ရပေမှာပေါ့လေ..."ဟု ဈေးသည် အမျိုးသမီးတစ်ဦးက ပြောသည်။

တာချီလိတ်နေ ပြည်သူများအနေဖြင့် ပထမသုတ်တွင် မဲနှိုက်ရာ မဲမပေါက် သူများ စိတ်ဓါတ်မကျစေလိုပဲ နောက်အသုတ်များမှာလည်း ထပ်မံနှိုက်နိုင်ပြီး မဲပေါက်ပြီးသူများ အနေဖြင့်တော့ နောက်ထပ် ထပ်မံ၍ စာရင်းပေးသွင်းကာ မဲနှိုက်ခွင့်မရှိကြောင်းလည်း သိရသည်။

CDMA-800 MHz များကို မဲစနစ်ဖြင့် လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ "လျှောက်ထားသူများ သိရှိရန်" နှင့် "ပြည်သူလူထုအား အသိပေးကြော်ငြာခြင်း" ဆိုသည့် ကြော်ညာစာအား မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။

လျှောက်ထားသူများ သိရှိရန်
  • ၁) CDMA-800 MHz Network ရှိသော ဧရိယာတွင်သာ ဆက်သွယ်ပြောဆိုနိုင်ပါသည်။
  • ၂) ရှမ်းပြည်နယ်အတွင်း ဖော်ပြပါ မြို့နယ်ဒေသများတွင်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံး သာမက နိုင်ငံရပ်ခြားကပါ ဆက်သွယ်ပြောဆိုနိုင်မည်ဖြစ်ပါသည်။
  • ၃) ငွေဖြည့်ကဒ်များကို သီးသန့်ပြုလုပ်ထားသော CDMA-800 MHz ငွေဖြည့်ကဒ်ဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
  • ၄) ကဒ်ပျက်/ကဒ်ပျောက်နှင့် အင်တာနက်ချိတ်ဆက်အသုံးပြုမှုများသည် ယခင်မိုဘိုင်းဖုန်းများအတိုင်းဖြစ်ပါသည်။
  • ၅) လျှောက်လွှာနှင့်အတူ အိမ်ထောင်စုစာရင်းမိတ္တူနှင့် မှတ်ပုံတင်မိတ္တူ(၁)စုံတင်ပြရန်။
  • ၆) ၀ယ်ယူခွင့်ရရှိပါက ရောင်စုံလိုင်စင်ဓါတ်ပုံ (၂)ပုံ ယူဆောင်လာရပါမည်။

ပြည်သူလူထုအား အသိပေးကြော်ငြာခြင်း
  • ၁) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ( CDMA - 800 MHZ ) မိုဘိုင်းဖုန်း ( Sim Card )များအား သတ်မှတ်တန်ဖိုးငွေ (၁၅၀၀)ကျပ်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး တာချီလိတ်မြို့ ပြည်သူများအတွက် (ပထမအသုတ်) Sim Card (၇၀၀)ခုအား (၂၃.၄.၂၀၁၃)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် "အောင်မြတ်ခန်းမ"၌ မဲစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပါသည်။
  • ၂) လျှောက်ထားလိုသူ ပြည်သူများအနေဖြင့် (၂၁-၄-၂၀၁၃)ရက်နေ့ နှင့် (၂၂-၄-၂၀၁၃) ရက်နေ့ တို့တွင် နံနက်(၀၈း၀၀)နာရီမှ ညနေ(၁၅း၀၀)နာရီ အတွင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် သတ်မှတ်လျှောက်လွှာပုံစံဖြင့် လာရောက်လျှောက်ထားနိုင်ပါသည်။ လျှောက်လွှာ(နမူနာ)ပုံစံများအား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် ကြော်ငြာပေးထားမည်ဖြစ်ပြီး လျှောက်ထားစဉ် လျှောက်လွှာ(မူရင်း)နှင့် (မိတ္တူ)တစ်ရွက်၊ တာချီလိတ်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ထုတ်ပေးထားသည့် အိမ်ထောင်စုစာရင်း(မိတ္တူ)၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူတို့အား (ပူးတွဲ)တင်ပြရန်နှင့် လာရောက်လျှောက်ထားစဉ် အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေးကတ်(မူရင်း)များအားအဖွဲ့မှ စိစစ်နိုင်ရန်အတွက် တပါတည်း ယူဆောင်လာရပါမည်။
  • ၃) အိမ်ထောင်စု (၁)ခုလျှင် လျှောက်လွှာ(၁)စောင်သာ လျှောက်ထားရမည်ဖြစ်ပြီး ယခင် မိုဘိုင်းဖုန်းရရှိထားသူများ ထပ်မံလျှောက်ထားခွင့်မရှိပါ။ အိမ်ထောင်စုဝင်များအနေဖြင့် အရွယ်ရောက်ပြီးသူ (အသက်(၁၆)နှစ်အထက်) (၁) ဦးသာ လျှောက်ထားခွင့်ရှိပါသည်။
  • ၄) သာသနာ့ဝန်ထမ်း ၊ ရဟန်း ၊ သာမဏေနှင့် ၊ သီလရှင်များအနေဖြင့် လျှောက်ထားလိုပါက သတ်မှတ်လျှောက်လွှာနှင့်အတူ သာသနာဝင်ကတ် (သို့) နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ ၊ သက်ဆိုင်ရာ ကျောင်းထိုင်ဆရာတော်၏ အတူသီတင်းသုံးနေထိုင်ကြောင်း ထောက်ခံချက်တို့ဖြင့် ပူးတွဲလျှောက်ထားရမည်ဖြစ်ပါသည်။
  • ၅) နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ အနေဖြင့် တာချီလိတ်မြို့(လ၀က)တွင် အိမ်ထောင်စုစာရင်း မ၀င်ရသေးပါက ၀န်ထမ်း မိသားစု(၁)စုလျှင် လျှောက်လွှာ(၁)စောင်နှုန်းဖြင့် လျှောက်ထားနိုင်ပြီး လျှောက်လွှာနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ ၊ သက်ဆိုင်ရာ ဌာနအကြီးအကဲမှ တာဝန်ထမ်းဆောင်နေသည်မှာ မှန်ကန်ကြောင်း(သို့) ၀န်ထမ်းနှင့်အတူနေ မိသားစုဝင်ဖြစ်ကြောင်း ထောက်ခံချက်များနှင့်အတူ ပူးတွဲတင်ပြ လျှောက်ထားရမည်ဖြစ်ပါသည်။
  • ၆) (ပထမသုတ်) ခွင့်ပြုထားသည့် (SIM card ) (၇၀၀) အား မဲစနစ်ဖြင့် ဆောင်ရွက်စဉ် ရရှိခြင်းမရှိသော လျှောက်လွှာရှင်များအား နောင်လာမည့်အသုတ်များတွင် ထပ်မံထည့်သွင်း မဲနှိုက်ပေးသွားမည်ဖြစ်ပါသည်။
  • ၇) အသေးစိတ်အချက်အလက်များ သိရှိလိုပါက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (တာဝန်ခံရုံး)နှင့်သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် စုံစမ်းနိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။