Latest News

Dropdown Menu

Showing posts with label ကော်မတီ. Show all posts
Showing posts with label ကော်မတီ. Show all posts

Sunday, December 22, 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် အတွင်း၌ရှိသော အချို့သော တိုင်းရင်းသားကျေးရွာများရှိ အဓိက သွားလာမှုလမ်းများအား ချောင်းကြီး၊ ချောင်းငယ်များဖြင့် ဟန့်တားနေမှုများကြောင့် ကျေးလက်ဒေသများမှာ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေသည့်အပြင် ကျေးရွာသူ၊ ကျေးရွာသားများ အနေဖြင့် သွားလာမှု အခက်အခဲများရှိနေသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသအုပ်ချုပ်ရေးဆိုင်ရာ အာဏာပိုင်များ၊ သက်ဆိုင်ရာဌာနများ နှင့် မြို့မိမြို့ဖများဖြင့် စုပေါင်းကာ ဖွဲ့စည်းထားသည့် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့မှ ယနေ့ ဒီဇင်ဘာလ(၂၂)ရက် နံနက်က မိုင်းကိုးကျေးရွာအုပ်စု အတွင်း လိုအပ်သည့် တံတားများအား ဆောက်လုပ်ပေးနိုင်ရန်အတွက် သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ကြကြောင်း သိရသည်။


ထိုသို့ သွားရောက်ကြည့်ရှု့ရာတွင် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ထွန်း၊ ဦးကြည်မြင့်၊ ဦးထိန်မင်းတို့အပြင် ပြည်ခိုင်ဖြိုးပါတီမှ ခရိုင်ကော်မတီဝင် ဦးဘိုစံ၊ မြို့နယ်အတွင်းရေးမှူး ဦးစိုင်းရွှေထွန်း နှင့် ပြည်ခိုင်ဖြိုးပါတီမှ ကော်မတီဝင်များ ပါဝင်ပြီး မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ ချောင်းကြီး၊ ချောင်းငယ်မှ ဖြတ်သန်းသွားလာရသော လမ်းအခြေအနေများကို မြေပြင်ကွင်းဆင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။


ယင်းနောက် လှည့်လည်ကြည့်ရှုရာတွင် မိုင်းဟဲ(အောက်)ရွာ နှင့် ကျန်တစ်လမ်းမှ တာလေမြို့နယ်ခွဲထိသို့ ပေါက်စေမည်ဖြစ်သည့်အပြင် ကျေးရွာကြီး(၁၀)ရွာနှင့် ရွာငယ်များအား အကျိုးပြုစေမည့် ချောင်းဆုံ(ဟွေဆာ)တံတားငယ်အား အသစ်တည်ဆောက်ပေးရန်လိုကြောင်း၊ နားမွန်ကျေးရွာအ၀င် နှင့် အထွက်တို့တွင်လည်း တံတား တစ်ခုစီ တည်ဆောက်ရန် အထူးလိုအပ်နေကြောင်းကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါ တံတား(၃)စင်းအတွက်  ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ (အထူး)လုပ်ငန်း တစ်ရပ်အနေဖြင့် အမြန်ဆုံးတင်ပြဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။ သည့်အပြင် မောရှည်(လားဟူ)ရွာတွင်လည်း တံတားတည်ဆောက်ပေးရန် လိုအပ်ကြောင်းကို ကြည့်ရှုလေ့လာတွေ့ရှိရသည့်အတွက် ယင်းတံတားအတွက်  ဖွံ့ဖြိုးရေးလုပ်ငန်းငွေဖြင့် တည်ဆောက်ပေးသွားရန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ တိုင်းရင်းသားကျေးရွာများအား ဒေသဖွံ့ဖြိုးမှုရှိစေရန် နှင့် ချောင်းကူးလမ်းများကို တံတားတည်ဆောက်ပေးနိုင်ရန်အတွက် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့မှ ကြိုးပမ်းဆောင်ရွက်နေကြပြီး ဆက်လက်၍လည်း တိုင်းရင်းသားကျေးရွာများအတွက် ကွင်းဆင်းကြည့်ရှုမှုများကို ပြုလုပ်ရန် ရှိကြောင်းကိုလည်း သိရှိရသည်။

ဓါတ်ပုံ။      ။ သာစည်မျိုးသန့်

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Wednesday, October 9, 2013


ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ ( တာချီလိတ် )
Caring and Negotiating Committee for Myanmar Citizens in Mae Sai , Thailand ( Tachileik ) 
သတင်းထုတ်ပြန်ချက် (၁/၂၀၁၃)

ရက်စွဲ ။   ။ ၂၀၁၃ခုနှစ် အောက်တိုဘာလ ၉  ရက်




၁။ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီအား (၂၆-၈-၂၀၁၃)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ 

၂။ (၆-၉-၂၀၁၃)ရက်နေ့တွင် မယ်ဆိုင်မြို့  နန်းကျန်းရပ်ကွက်ရှိ Prove Garment C၀.Ltd ပိုင် အထည်ချုပ်စက်ရုံတွင် မြန်မာနိုင်ငံသား အလုပ်သမားများအပေါ် စက်ရုံပိုင်ရှင်မှ လစာပုံမှန် ပေးချေမှုမရှိခြင်း၊ MOU ပါ အချက်အလက်များကို ချိုးဖေါက်ခြင်း၊ ယာယီနိုင်ငံကူးလက်မှတ်များကို သိမ်းဆည်းထားခြင်းများ အပါအ၀င် အခွင့်အရေး အရပ်ရပ်အား ဖေါက်ဖျက်ကျူးလွန်နေကြောင်း ကော်မတီထံသို့ လာရောက်သတင်းပို့ တိုင်ကြားခဲ့ရာ ကော်မတီမှ (၇-၉-၂၀၁၃)ရက်နေ့တွင် တာဝန်ရှိသူအချို့အား မယ်ဆိုင်မြို့ပိုင်ရုံး၏ အကူအညီဖြင့် အဆိုပါစက်ရုံသို့  စေလွှတ်ကာ သွားရောက်လေ့လာ စုံစမ်းခဲ့ပါသည်။ ထိုစုံစမ်းချက်များအပေါ် အခြေခံကာ (၉-၉-၂၀၁၃)ရက်နေ့တွင် ချိန်းရိုင်းခရိုင် အလုပ်သမားညွှန်ကြားရေးမှူးရုံးနှင့် ဆက်သွယ်ကာ အဆိုပါစက်ရုံကိစ္စအား မည်သို့ဆောင်ရွက်သင့်ပါကြောင်း ညှိနှိုင်းဆောင်ရွက်ခဲ့ရာ (၁၀-၉-၂၀၁၃)ရက်နေ့တွင် ယင်းကိစ္စအား ဆွေးနွေးရန်အတွက် ချိန်းရိုင်းခရိုင် အလုပ်သမား ညွှန်ကြားရေးမှူးရုံးသို့ ကြွရောက်ပါရန် ဖိတ်ကြားခဲ့သည့် အတွက် ကော်မတီဝင်အချို့အား စေလွှတ်ကာ တွေ့ဆုံဆွေးနွေးစေခဲ့ပါသည်။ 

၃။ ထို့အပြင် စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေရသော စက်ရုံရှိ မြန်မာနိုင်ငံသားများနှင့် ထိုင်းနိုင်ငံသားများအား ကော်မတီ၏ ဦးဆောင်မှုဖြင့် တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့မှ စေတနာရှင်ပြည်သူများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများ၏ လှူဒါန်းမှုဖြင့် ၁၄-၉-၂၀၁၃တွင်တစ်ကြိမ် ၊၂၁-၉-၂၀၁၃တွင်တစ်ကြိမ် ၊ ၂၇-၉-၂၀၁၃တွင် တစ်ကြိမ် စုစုပေါင်း(၃)ကြိမ်တိတိ သွားရောက်ကာ ဆန် ၃၈ အိတ် ၊ ဆီ ၁၁ ပုံး ၊ ငါးသေတ္တာ ၁၃ ဖာ ၊ ကြက်ဥ ၅၉၇၀လုံး ၊ ရိက္ခာစုံအထုပ် ၁၈၆ထုပ် အပါအ၀င် ငပိဗူး၊ ငါးခြောက်၊ ခေါက်ဆွဲခြောက်၊ လက်ဖက်၊ ဟင်းသီးဟင်းရွက် စသည့် စားနပ်ရိက္ခာများအား ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ စက်ရုံရှိ မီးဖွားပြီးသူ တစ်ဦးနှင့် ကိုယ်ဝန်ဆောင် (၆)ဦးအားလည်း သီးခြားထောက်ပံ့ငွေနှင့် အားဖြည့်အစားအစာများအား လှူဒါန်းခဲ့ပါသည်။

၎။ (၂၆-၉-၂၀၁၃)  ရက်နေ့တွင် မယ်ဆိုင်မြို့ လက်ထောက်မြို့ပိုင်နှင့်အတူ စက်ရုံသို့ ထပ်မံသွားရောက်လေ့လာခဲ့ပြီး တွေ့ရှိချက်များအား ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးသို့ တင်ပြခဲ့ပါသည်။ (၃၀-၉-၂၀၁၃)ရက်နေ့တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားရေးရာ သံအရာရှိ ဦးကျော်ကျော်လွင်ဦးဆောင်ကာ ကော်မတီဝင်များသည် ထိုင်းနိုင်ငံ အလုပ်သမားဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ချိန်းရိုင်းမြို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရုံးတွင် အလုပ်သမားများ၏ အခွင့်အရေးဆိုင်ရာများအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံပွဲတွင်     အလုပ်သမားများ၏ လုပ်ခလစာများ အပြည့်အ၀ပြန်လည်ရရှိရေး၊ MOUပါ အချက်အလက်များအား တိကျစွာလိုက်နာရေး၊ အလုပ်သမားများ၏ ပတ်စ်ပို့နှင့်ဝပ်ပါမစ်များအား ပြန်လည်ပေးအပ်ရေး၊ အလုပ်ရှင်မှတဖက်သတ် အလုပ်ထုတ်ပစ်ခဲ့မှုအပေါ် ထိုက်သင့်သော လျော်ကြေးငွေများ ပေးအပ်ရေးတို့အား  အဓိကဆွေးနွေးခဲ့ကြပါသည်။  

၅။ (၂-၁၀-၂၀၁၃)  ရက်နေ့တွင် မယ်ဆိုင်မြို့ပိုင်ရုံးတွင် ထိုင်းနိုင်ငံ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်းကာ အလုပ်သမား(၁၈၀)ကျော်၏ အခွင့်အရေးအတွက် လိုအပ်သော အချက်အလက်များကို   ပုံစံရေးသွင်းခြင်း၊ လစာနှင့်လျော်ကြေးငွေများကို  တွက်ချက်ခြင်း၊ အလုပ်သမားအခွင့်အရေးဆိုင်ရာ ရှေ့နေနှင့် တိုင်ပင်ဆွေးနွေးခြင်းများ  ပြုလုပ်ခဲ့ပြီး ယင်းနေ့ညနေ (၄)နာရီတွင် ကော်မတီ၏ ဦးဆောင်မှုဖြင့် ထိုင်းနိုင်ငံ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ  တာဝန်ရှိသူများ၊ အလုပ်သမားအခွင့်အရေးဆိုင်ရာ ရှေ့နေ တို့နှင့်အတူ အလုပ်သမား(၁၈၀)ကျော်တို့ပါလိုက်ပါလျှက် မယ်ဆိုင်မြို့ ရဲစခန်းသို့သွားရောက်ကာ ယင်းတို့၏ ပတ်စ်ပို့များ သိမ်းဆည်းခံထားရမှုနှင့် ပါတ်သက်ပြီး ရဲတပ်ဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းခဲ့ပါသည်။ ထို့အပြင် ငှားရမ်း  နေထိုင်သည့် အိမ်ခန်းများအား လစာပေးဆောင်ရန်  အခက်အခဲဖြစ်နေသော အလုပ်သမားများ၏    နေထိုင်ရေးအတွက် မယ်ဆိုင်မြို့ပိုင်ရုံး၏ အကူအညီဖြင့် သက်သာသောနှုန်းထားဖြင့်  ဆက်လက်ငှားရမ်း နေထိုင်ခွင့်ပြုပါရန် အိမ်ရှင်နှင့်ညှိနှိုင်းကာ လိုအပ်သောငွေကြေးများအား ကော်မတီဝင်များနှင့် ထိုင်းနိုင်ငံ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများက စုပေါင်းကာ လှူဒါန်းပေးခဲ့ကြပါသည်။

၆။ (၈-၁၀-၂၀၁၃) ရက်နေ့တွင် ကော်မတီဝင်များသည် မြန်မာ - ထိုင်း နယ်ခြားကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ချိန်းရိုင်းမြို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရုံးတွင် ထိုင်းနိုင်ငံ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများ   ၊  အလုပ်သမား အခွင့်အရေးဆိုင်ရာ ရှေ့နေ တို့နှင့် ထပ်မံတွေ့ဆုံ   ဆွေးနွေးခဲ့ရာ အောက်ပါ အချက်အလက်များအား သဘောတူညီမှုရရှိခဲ့ပါသည်။
(က) အလုပ်သမားများ၏  ၂၀၁၃ခုနှစ်  စက်တင်ဘာလအတွက် လုပ်အားခများနှင့် ၀ပ်ပါမစ်များအား (၁၀-၁၀-၂၀၁၃)ရက်နေ့တွင် မယ်ဆိုင်မြို့ပိုင်ရုံးတွင် ပေးအပ်ပါမည်။
    (ခ) အလုပ်သမားများ၏  ယာယီနိုင်ငံကူးလက်မှတ်များကိုလည်း သက်ဆိုင်ရာရဲစခန်းမှ လက်ခံရရှိပြီးဖြစ်ကာ လိုအပ်သော  စိစစ်မှုများ    ဆောင်ရွက်ပြီးပါက အလုပ်သမားများထံ အမြန်ဆုံးပြန်လည် အပ်နှံသွားမည်ဖြစ်ပါသည်။
(ဂ) အလုပ်သမားများ ထိုင်းနိုင်ငံအတွင်း ဆက်လက်အလုပ်လုပ်လိုပါက ခိုင်မာသည့် ကုမ္ပဏီတစ်ခုတွင် နေ့စားခ အမျိုးသမီး (၂၈၀ဘတ်) ၊ အမျိုးသား (၃၀၀ဘတ်) နှုန်းဖြင့် လုပ်ကိုင်နိုင်ရန် စီမံဆောင်ရွက်ပေးသွားပါမည်။

၇။ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေး နှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ(တာချီလိတ်)သည်  ထိုင်းနိုင်ငံတွင်းရှိ   မြန်မာနိုင်ငံသားများ၏  ဥပဒေနှင့်အကျုံးဝင်သည့် အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်များ၊ ဆုံးရှုံးနစ်နာမှုများအား တရားမျှတစွာ ရရှိခံစားနိုင်ရေးအတွက် တာချီလိတ် မြို့နယ်အတွင်းရှိ ပြည်သူများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုဖြင့် ဆောင်ရွက်ပေးလျှက်ရှိသလို ဆက်လက်ပြီးလည်း မြန်မာနိုင်ငံသားများ၏    အကျိုးစီးပွားအား ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ပါကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား 
ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ 
( တာချီလိတ် )
Facebook : www.fb.com/groups/thmaesaiworker

သတင်းထုတ်ပြန်ချက် EBook အား ရယူရန် ။  Download Here



▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~ 
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Monday, September 23, 2013

မွန်ပြည်နယ်၊ မုတ္တမမြို့နယ်၊ အမှတ်(၂) ဇတ်ဆိပ်ရပ်ကွက်တွင် နေထိုင်သူ ကိုမောင်နိုင်စိုး (ခ) စောလှနိုင်သည် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ရာဘာခြံတွင် အလုပ်လုပ်နေရင်း လုပ်ငန်းခွင်၌ ထိခိုက်ဒဏ်ရာ ရရှိပြီး ညာဖက်ခြေထောက်၏ ဒူးအောက်ပိုင်း ပြတ်တောက်သွားသဖြင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်ပေါ်ခဲ့ပြီး နေရပ်ဇာတိသို့ ပြန်ရန်အတွက် မဲဆောက်နှင့် မယ်ဆိုင် မှားပြီး တာချီလိတ်မြို့သို့ ရောက်ရှိလာရာ "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးကော်မတီ" နှင့် မဇ္ဈိမလူမှုကူညီရေးအသင်းတို့မှ နေရပ်သို့ ပြန်နိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးလိုက်ကြောင်း သိရသည်။


ကိုမောင်နိုင်စိုးသည် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ရာဘာခြံတွင် အလုပ်လုပ်နေရင်း လုပ်ငန်းခွင်၌ ထိခိုက်မိရာမှ ညာဖက်ခြေထောက်၏ ဒူးအောက်ပိုင်း ပြတ်တောက်သွားရာ အလုပ်ရှင်မှာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ကူညီမဲ့သူမရှိတော့သည့်အတွက် အခက်အခဲဖြစ်နေရာ နေရပ်ဇာတိဖြစ်သော မုတ္တမမြို့သို့ ပြန်ရန်အတွက် ထိုင်းနိုင်ငံ တောင်ပိုင်းမှ ထွက်ခွာလာရာ တာချီလိတ်သို့ စက်တင်ဘာလ ၁၇ရက်နေ့က ရောက်ရှိလာခဲ့ပြီး မဇ္ဈိမလူမှုကူညီရေးအသင်း နှင့် တွေ့ဆုံရာမှ အဆိုပါ အသင်းမှ ကူညီမှုများပေးခဲ့ပြီး "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးကော်မတီ"နှင့် တွေ့ဆုံပေးခဲ့ကြောင်း သိရသည်။


တာချီလိတ်မှတဆင့် မုတ္တမမြို့သို့ ပြန်နိုင်ရန်အတွက်  "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးကော်မတီ" မှ လေယာဉ်လက်မှတ်ခ ၉၅၀၀၀ ကျပ် နှင့် ၅၀၀၀၀ ကျပ်၊ မဇ္ဈိမလူမှုကူညီရေးအသင်းမှ ၇၀၀၀၀ကျပ်၊ ဒေါ်စိုးဥမ္မာ၊ ဦးစည်သူမောင်+ဒေါ်နန်းကြာဖြူ နှင့် ဦးမောင်လှ တို့မှ စုစုပေါင်း ၂၀၀၀ ဘတ်  ပံ့ပိုးကူညီခဲ့ကြသည်။

"ကျွန်တော်က မုတ္တမမြို့ကို ပြန်ဖို့ ထိုင်းနိုင်ငံ တောင်ပိုင်းကနေ ထွက်လာတော့ မဲဆောက်ကို ပို့ပေးပါလို့ ထိုင်းဘာသာစကားနဲ့ ကားသမားကို ပြောတာ၊ ကားသမားက ကျွန်တော်စကားမပီတာကို နားကြားလွဲပြီး မယ်ဆိုင်ကို ပို့ပေးခဲ့တော့ တာချီလိတ်ဘက်ကို ရောက်လာတာပါ၊ တာချီလိတ်ကို ရောက်လာတော့ မမျှော်လင့်ပဲ ကျွန်တော့်ကို ကူညီပေးကြတဲ့သူတွေ အများကြီးရှိတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်လို့ ပြောပါရစေဗျာ"ဟု ကိုမောင်နိုင်စိုးမှ တာချီလိတ်အွန်လိုင်းသို့ ပြောကြားလာသည်။

ကိုမောင်နိုင်စိုးအနေဖြင့် ခရီးသွားလာရေး အဆင်ပြေစေရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးက ထောက်ခံစာ ပြုလုပ်ပေးလိုက်ပြီး  ကြက်ခြေနီတပ်ဖွဲ့မှ ဦးစီးမှူး၊ ဒုတိယတန်း ဦးဘမိုးမြင့်က ကိုမောင်နိုင်စိုးအား မုတ္တမတွင် ခြေတုတပ်ဆင်နိုင်ရန်နှင့် အဆိုပါမြို့ရှိ ကြက်ခြေနီတပ်ဖွဲ့မှလည်း ဆက်လက်ကူညီမှုများ ပေးနိုင်ရန်အတွက် ထောက်ခံစာများပြုလုပ်ပေးလိုက်ကြောင်း သိရသည်။


အခက်အခဲဖြစ်နေသော ကိုမောင်နိုင်စိုးအား ကော်မတီဝင်များက စက်တင်ဘာလ ၂၂ရက်နေ့ နေ့လည်ပိုင်းက တာချီလိတ်လေဆိပ်သို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရှိရသည်။

" မဲဆောက်လို့ ပြောတာကို မယ်ဆိုင်လို့ ကားသမားနားကြားလွဲတာ ဒီကောင်လေးအတွက် ကံကောင်းတာပဲ၊ ဒီမှာ သူ့အတွက် အစစအရာရာ ကူညီပေးမဲ့လူတွေရှိတော့ သူ့အတွက် အဆင်ပြေသွားတယ်။ ကျွန်တော်တို့ ကော်မတီက သူ့ကို လေယာဉ်ပေါ်ထိ လိုက်ပါ ပို့ဆောင်ပေးလိုက်ပါတယ်"ဟု ကော်မတီဝင်တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောကြားလာသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Tuesday, May 7, 2013

ယနေ့ နံနက်(၁၀)နာရီက တာချီလိတ်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များသည် ပထမအကြိမ်အဖြစ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တာချီလိတ်မြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၏ အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ကော်မတီဝင်များဖြစ်သည့် ဥက္ကဌ ဦးကြည်မြင့်၊ အတွင်းရေးမှူး ဦးကျော်ငြိမ်း၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးကျော်လှ၊စီးပွားရေးအသင်းအဖွဲ့ ကိုယ်စားလှယ် ဦးတင်နွယ်၊ တောင်သူလယ်သမားကိုယ်စားလှယ် ဦးပေတလု တို့ တက်ရောက်ခဲ့ကြသည်။

၎င်းတို့၏ ဆွေးနွေးချက်တွင် ဒေသနေပြည်သူများ၏ တင်ပြချက်များအရ မြို့နယ်အတွင်း ပညာရေး၊ ကျန်းမာရေး နှင့် လမ်းကိစ္စရပ်များကို ဆွေးနွေးအကြံပြုခဲ့ကြပြီး ဆုံးဖြတ်ချက်များကို မြို့နယ်စီမံခန့်ခွဲရေးကော်မတီသို့ တဆင့်ပြန်လည်တင်ပြကာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးကို တက်နိုင်သည့်ဘက်မှ စည်းရုံးဆောင်ရွက်သွားမည်ဖြစ်ပြီး ထို့အတူ ဌာနဆိုင်ရာများ၏ လုပ်ငန်းများအောင်မြင်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။


ကော်မတီအနေဖြင့် ယခုကဲ့သို့ လစဉ်အစည်းအဝေးများကို ပြုလုပ်၍ ဒေသနေမိဘပြည်သူများ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ အများပြည်သူများအနေဖြင့်လည်း အများအကျိုးအတွက် အမှန်တကယ်လိုအပ်နေသည်များကို အဆိုပါ ကော်မတီထံသို့ လာရောက် တင်ပြနိုင်ကြောင်းလည်း သိရသည်။

 မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီကို ၂၀၁၃ခုနှစ် မတ်လ(၂၀)ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဆိုပါကော်မတီတွင် ဥက္ကဌအဖြစ် ဦးကြည်မြင့် နှင့် အတွင်းရေးမှူးအဖြစ် ဦးကျော်ငြိမ်းတို့အပါအ၀င် ကော်မတီဝင် (၈)ဦးဖြင့် ဖွဲ့စည်းထားကြောင်းသိရသည်။