Latest News

Dropdown Menu

Showing posts with label မိုင်းဖုန်း. Show all posts
Showing posts with label မိုင်းဖုန်း. Show all posts

Saturday, January 18, 2014

တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝှေလေလန်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို  ဇန်န၀ါရီလ(၁၈)ရက် နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။


အဆိုပါပွဲတော်သို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲထူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ
ဥက္ကဌ ဦးစိုင်းကျော်ဇံ၊ ခေတ္တမြို့နယ်ပညာရေးမှူး အ.ထ.က ဆန်ဆိုင်းကျောင်းအုပ် ဆရာကြီး ဦးဝင်းမြင့်၊ မြို့နယ်စာရေးဆရာအသင်း ဥက္ကဌ ဦးထိန်မင်း၊ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ ၊ မိုင်းဖုန်း(ခ)ကျောင်းမိသားစုမှူး ဝှေလေလန်မူလွန်ကျောင်းအုပ်ဆရာကြီးဦးမြင့်ဝင်းလှနှင့် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်းရှိ ကျောင်းအုပ်ကြီးများ ဆရာဆရာမများ၊ စေတနာရှင် ရွှေတြိဂံ ပါရာဒိုက်ဟိုတယ်မန်နေဂျာဦးကျော်ကျော်စိုးနှင့်အလှူရှင်များ၊ ကျောင်းအကျိုးဆောင်များ၊
ကျေးရွာအုပ်စုအဆင့်၊ ကျေးရွာအဆင့်အုပ်ချုပ်ရေးအဖွဲ့များ၊ မိဘပြည်သူများ ၆၀၀ကျော် တက်ရောက်လာခဲ့ကြသည်။


ဝှေလေလန်(မူလွန်)စုံညီပွဲတော်ကို ၁၅.၁.၁၄ ရက်နေ့မှစ၍ အားကစားနှင့် ဘက်စုံထူးချွန်ပြိုင်ပွဲများကို ၁၇.၁.၁၄ရက်နေ့အထိ ကျင်းပခဲ့ကြောင်းသိရှိရပြီး ယနေ့ပြုလုပ်သော ပညာရေးစုံညီပွဲတော် အခမ်းအနားတွင် ပညာရည်ချွန်ဆုများ၊ ကျောင်းစီမံခန့်ခွဲရေးနှင့်ကျောင်းကောင်စီအသင်းလုပ်ငန်းထူး
ချွန်ဆုများပေးအပ်ခြင်း၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ အားကစား ထူးချွန်ဆုများချီးမြှင့်ခြင်း၊ ပန်းချီအနုပညာနှင့် လက်မှုထူးချွန်ဆုများပေးအပ်ခြင်း စသည့်တို့ကို တာဝန်ရှိသူများမှ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ဝှေလေလန်(မူလွန်)ကျောင်းသားကျောင်းသူများ၏ အဆိုအကဖျော်ဖြေရေးအစီအစဉ် (၁၆)ခုနှင့် မိုင်းဖုန်း
(ခ)ကျောင်းအုပ်စုဝင် ကျောင်းများမှ ကျောင်းသားကျောင်းသူကလေးများကလည်း ဖျော်ဖြေတင်ဆက်
ခဲ့ကြောင်းသိရှိရသည်။

သတင်းပေးပို့သူ။     ။ မြတ်မျိုးမြင့်မာန်


~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Monday, January 6, 2014

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်းအုပ်စုရှိ မိုင်းဖုန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဉာဏသံဝရ၏ သာသနာနယ်မြေများကို မှန်ကန်စွာဖြစ်စေရေးနှင့် ဥပဒေနှင့်အညီ ဖြစ်စေရေးအတွက် ၂၀၁၄ခုနှစ် ဇန်န၀ါရီလ(၆)ရက်နေ့က လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် အဖွဲ့ခေါင်းဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်၊ တာချီလိတ်မြို့နယ်မြေစာရင်းဦးစီး ဦးရဲရင့်ထွဋ် နှင့် အဖွဲ့တို့မှ သွားရောက် ကွင်းဆင်း၍ လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ဆရာတော်၏ သာသနာနယ်မြေများကို မြေစာရင်းပုံစံ (၁၀၅)နှင့် မြေဂရန်ရရှိရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်ထံ တင်ပြသွားမည်ဖြစ်ပြီး ခွင့်ပြုချက်နှင့်အညီ ဆရာတော်ဘုရားကြီး၏ ၀တ္တကမြေနေရာအားလုံးကို ရာသက်ပန် မှတ်တမ်းပြု၍ သာသနာတော် ထွန်းကား ပြန့်ပွားရေးအတွက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း လယ်ယာမြေကော်မရှင် အဖွဲ့ခေါင်းဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန် ထံမှ သိရှိရသည်။

{ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန် နှင့် အဖွဲ့}

မိုင်းဖုန်းဆရာတော်၏ သာသနာပြုရာ နယ်မြေများအား မြေဂရန်ရရှိစေရေးအတွက် လာရောက် ကွင်းဆင်းသည့်  လယ်ယာမြေကော်မရှင် အဖွဲ့ခေါင်းဆောင် မိုင်းပျဉ်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်သည် ဆရာတော်အား မြန်မာပြည်သို့ ပြန်လည်ကြွခွင့်ရရှိရေးအတွက် လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သုံးဦးအနက် တစ်ဦးအပါအ၀င်ဖြစ်ကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်သည် မွေးနေ့ပွဲလွန်မြောက်ပြီးနောက် ထိုင်းနိုင်ငံသို့ ခေတ္တကြွမြန်းပြီး၊ တာချီလိတ်သို့ ပြန်လည်ကြွရောက်ကာ ရန်ကုန်မှတဆင့် ဗုဒ္ဓဂါယာသို့ ကြွမြန်းမည်ဖြစ်ကြောင်း သိရသော်လည်း သတ်မှတ်ရက်ကိုတော့ မသိရှိသေးကြောင်း ဆရာတော်၏ ဒကာတစ်ဦးထံမှ သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Sunday, December 8, 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်သည် မြို့ပေါ်ရပ်ကွက် ကျေးလက်တောရွာများဖြင့် ဖွဲ့စည်းထားသည့် နယ်စပ်မြို့လေးတစ်မြို့ ဖြစ်သည်နှင့်အညီ လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်သက်၍ ယခုအခါမှာ သွားလာမှု အဆင်ပြေလွယ်ကူစေရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ စသည်တို့မှ ကြိုးစားအားထုတ်၍ ငွေအား လုပ်အားဖြင့် လမ်းများကို ဖောက်လုပ်ပြုပြင်မှုများ ပြုလုပ်နေလျှက်ရှိရာ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ နမ့်လုတ်(အာခါ)ရွာ၏ အ၀င်လမ်းအား ရွှေတြိဂံပါရာဒိုက်ရီဆော့ဟိုတယ် မန်နေဂျာ ဦးကျော်ကျော်စိုး  မိသားစု နှင့် ဟိုတယ်ဝန်ထမ်းများက ကျပ်ငွေ သိန်း(၆၀)ခန့် အကုန်အကျ ခံကာ ကွန်ကရစ်လမ်းအဖြစ် ခင်းကျင်းပေးခဲ့ကြကြောင်း သိရသည်။


ကွန်ကရစ်လမ်းအဖြစ် ခင်းကျင်းခဲ့ပြီးသည့် အဆိုပါလမ်းအား ဖွင့်ပွဲအဖြစ် ယနေ့ ဒီဇင်ဘာလ(၈)ရက် နံနက်(၉)နာရီအချိန်က ပြုလုပ်ရာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ ရွှေတြိဂံပါရာဒိုက်ရီဆော့ဟိုတယ် မန်နေဂျာ ဦးကျော်ကျော်စိုး နှင့် မိုင်ဖုန်း(ခ)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းနေ၀င်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။


ယင်းနောက် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက အဖွင့်အမှာစကားပြောကြားခြင်း၊ ရွှေတြိဂံပါရာဒိုက်ရီဆော့ဟိုတယ် မန်နေဂျာ ဦးကျော်ကျော်စိုး က ကွန်ကရစ်လမ်းသစ်ခင်းပေးလှူခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ အဖွဲ့ဝင် ဦးအောင်မြင့်မှ ကျေးဇူးတင်စကား ပြောကြားခြင်းများ
ပြုလုပ်ခဲ့ကြသည်။


နမ့်လုတ်(အာခါ)ရွာ ကွန်ကရစ်လမ်းသစ်အား ၂၀၁၃ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့က စတင်၍ ပြုလုပ်ရာ ဒီဇင်ဘာလ (၃)ရက်နေ့က ပြီးစီးသွားခဲ့ပြီး ယနေ့မှ ဖွင့်ပွဲပြုလုပ်တာ ဖြစ်ကြောင်း၊ အဆိုပါလမ်းအား
ရွှေတြိဂံပါရာဒိုက်ရီဆော့ဟိုတယ် မန်နေဂျာ ဦးကျော်ကျော်စိုး မိသားစု နှင့် ဟိုတယ်ဝန်ထမ်းများက ကျပ်ငွေ သိန်း(၆၀)အကုန်အကျ ခံပြီး  ကျေးရွာသူ ကျေးရွာသားများ၏ လုပ်အားဒါနတို့ဖြင့်
ပြုလုပ်ထားတာဖြစ်ကြောင်း နှင့် အဆိုပါလမ်း၏ အရှည်သည် (၂၃၃)မီတာ ရှည်ပြီး လမ်းအကျယ်မှာ (၃)မီတာကျယ်သည့်အပြင် ထုထည်မှာ (၁၂)စင်တီမီတာရှိကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Friday, November 15, 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်းရှိ မိုင်းဖုန်းဒေသတွင်  ရှမ်းတိုင်းရင်းသားများနှင့် မြန်မာလူမျိုးများအပြင် ထိုင်းနိုင်ငံနှင့်အခြားနိုင်ငံများကပင် "မိုင်းဖုန်းဆရာတော်"ဟု လူသိများသော မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရသည် ထိုင်းနိုင်ငံ၌ ၁၀ နှစ် ၀န်းကျင်အကြာ သီတင်းသုံး နေထိုင်တော်မူပြီးနောက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ မှ တဆင့် မြန်မာနိုင်ငံ တာချီလိတ်မြို့ ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်သို့  ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁၅ရက် နေ့လည် ၁၁ နာရီ ၆မိနစ်အချိန်က ရောက်ရှိတော်မူလာသည်။


နံနက်ပိုင်းအချိန်က ဆရာတော်သည် မြန်မာနိုင်ငံဘက်သို့ ပြန်လည် မကြွလာမီ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မြို့ပိုင်ရုံးမှာ တရားအလှူပေးပြီး ပြန်လည်ကြွချီလာခြင်းဖြစ်ရာ ထိုင်းနိုင်ငံဘက်မှ ဆရာတော်အား ကြည်ညိုကြသူများက အမှတ်(၁) ချစ်ကြည်ရေးတံတား အလယ်သို့ လိုက်ပါ ပို့ဆောင်ပေးခဲ့ကြပြီး မြန်မာနိုင်ငံဘက်မှ ပရိသတ် ဦးရေ ငါးသောင်းဝန်းကျင်ခန့်က ချစ်ကြည်ရေးတံတားအလယ်မှ နဂါးနှစ်ကောင်ကျောင်းတိုက်သို့ လိုက်ပါ ပို့ဆောင်ခဲ့ကြရာ တာချီလိတ်မြို့ရှိ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက် စည်ကားသိုက်မြိုက်မှု၏ မြင်ကွင်းမှာ တာချီလိတ်မြို့၏ ထူးခြားသော ပထမဆုံး စည်ကားသိုက်မြိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

 
{ သတင်းမှတ်တမ်း}

မိုင်းဖုန်းဆရာတော် မြန်မာပြည်သို့ ပြန်လည်ကြွချီလာသည့် ခရီးစဉ်အား နဂါးနှစ်ကောင်ဆရာတော်မှ ဦးဆောင်၍  မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၁) တံတား၏ အလယ်၌   ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင် နှင့် လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလှရှဲန် တို့ အပါအ၀င် ဆရာတော်အား ပြန်လည်ပင့်ဆောင်ခွင့်ရရေး ကိစ္စနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး၌ အဆိုတင်သွင်းခဲ့ကြသော မိုင်းပျဉ်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်၊ မိုင်းဆတ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခတ္တိယနှင့် မိုင်းတုံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ကြည်၊ ရှမ်းပြည်နယ်မှ ပြည်သူ့လွှတ်တော်/ပြည်နယ်လွှတ်တော်/အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အပြင် နိုင်ငံရေးပါတီများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေး ခရိုင်/မြို့နယ် အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ရှမ်းပြည်နယ် အမြို့မြို့အနယ်နယ်မှ ရှမ်းတိုင်းရင်းသားများ စုစုပေါင်း ငါးသောင်းဝန်းကျင်ခန့် ကြိုဆိုခဲ့ကြတာကို တွေ့ရှိရသည်။


ဆရာတော်အား မိုင်းဖုန်းရွှေတြိဂံဒေသဘက်သို့ ပြန်လည် ပင့်ဆောင်ကိုးကွယ်နိုင်ရန်အတွက် အထက်ပါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သုံးဦးမှ ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး၌ အဆိုတင်သွင်းရာ သာသနာရေးဝန်ကြီးဌာန နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က ကန့်ကွက်ရန် မရှိကြောင်း ဖြေကြားခဲ့တာကြောင့် ပြည်နယ်အစိုးရအဖွဲ့မှ (၈.၂.၂၀၁၃)ရက် နေ့စွဲပါ စာအမှတ်၊(၁၄၂၁)/ ၅ -၁၃၃/ အစရ(ရှမ်း) ၏ ခွင့်ပြုသဘောတူညီချက်ကြောင့် (၁၂.၆.၂၀၀၄)ရက်နေ့က ရေးထိုးခဲ့သော  ကိစ္စကို ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့က တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြန်လည်ရုပ်သိမ်းကြောင်း အမိန့်ထုတ်ပြန်လိုက်တာကြောင့် ဆရာတော်အား ယခုလို မြန်မာနိုင်ငံသို့ ပြန်လည်ပင့်ဆောင်နိုင်တာဖြစ်ကြောင်း သိရသည်။

ဆရာတော်အား မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ထွက်ခွာတော်မူခြင်းနှင့် ပတ်သက်၍ ဆရာတော်၏ အလှူ့ဒကာများနှင့် ကြည်ညိုသူများက ထင်ကြေး အမျိုးမျိုးပြောဆိုနေကြသည့် စကားများအနက် န.အ.ဖ စစ်အစိုးရမှ မိုင်းဖုန်းဆရာတော်အား ရှမ်းခေါင်းဆောင် လက်နက်ကိုင်များကို စည်းရုံးရေး တရားဟောခြင်း၊ ပြည်ထောင်စုမှ ခွဲထွက်ရေး တရားဟောခြင်း စသည့် မတရား စွပ်စွဲမှုများဖြင့် ဆရာတော်အား ဖမ်းဆီးရန် ကြံစည်လာသဖြင့် ဒကာ၊ဒကာမ များ၏ အသနားခံ လျှောက်ထားမှုကြောင့် ထိုင်းနိုင်ငံသို့ ခေတ္တ ရှောင်တိမ်းကြွချီ ရာမှ ပြန်လည် ပြည်ဝင်ခွင့် မပေးတော့တာဖြစ်ကြောင်း သိရှိရသည်။

"ဆရာတော်က မိုင်းဖုန်းမှာပဲ သီတင်းသုံးမှာပါ၊ သာသနာပြုခရီးစဉ်အနေနဲ့တော့ ရှမ်းပြည်နယ် မြောက်ပိုင်းကို ကြွဖို့ရှိတယ်လို့တော့ သိရတယ်၊ ဘယ်နေ့လည်းဆိုတာတော့ မပြောတတ်သေးဘူး"ဟု ဆရာတော်၏ ဒကာတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

ဆရာတော်သည် ထိုင်းနိုင်ငံသို့ ကြွချီထွက်ခွာတော်မူပြီးနောက် ၂၀၀၄ခုနှစ် ဇွန်လ ၁၂ ရက်နေ့က တာချီလိတ်မြို့နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီရုံး၌  ဒေသ အာဏာပိုင် အဖွဲ့အစည်းများရှေ့မှာ မိုင်းဖုန်းဆရာတော်ကျောင်း ဂေါပကအဖွဲ့ဖြစ်သည့် ဦးစိုင်းလုံကီး အပါအ၀င် အဖွဲ့ဝင်(၄)ဦးအား ခေါ်ယူ၍ ဆရာတော်အနေဖြင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ ပြန်လည် ကြွရောက်ခွင့် မပြုကြောင်းနှင့် ပတ်သက်၍ လက်မှတ်ရေးထိုး၍ ပိတ်ပင်ခဲ့သည်မှာ ၁၀ နှစ်နီးပါးကြာမြင့်ခဲ့ပြီး ယနေ့ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁၅ရက်နေ့မှာ မိုင်းဖုန်းဆရာတော်မှ အမိမြန်မာနိုင်ငံသို့ ပြန်လည်ကြွရောက်တော်မူလာခြင်းဖြစ်ကြောင်း သိရှိရသည်။


ပုံများကိုကြည့်ရန်
မိုင်းဖုန်းဆရာတော် ပြန်လည်ကြွချီလာရာစောင့်မျှော်ကြိုဆိုနေကြသူများ
52 photos

မိုင်းဖုန်းဆရာတော် ကြိုဆိုသူ ထိုင်း-မြန်မာ ငါးသောင်းကျော်ခန့်ရှိ
76 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~



Tuesday, September 17, 2013

တာချီလိတ်မြို့နယ်၊ မိုင်းဖုန်းကျေးရွာအုပ်စုရှိ ပါခုတ်စစ်ဆေးရေးဂိတ်အား ကွင်းရှောင်သော လမ်းတစ်နေရာတွင် စက်တင်ဘာလ ၁၆ရက်နေ့ ည ၇နာရီ မိနစ်၃၀အချိန်ခန့်က ၀မ်ပုံဘက်မှ တာချီလိတ်ဘက်သို့မောင်းနင်လာသော Pajero အမျိုးအစား ကားတစ်စီးအား မသင်္ကာ၍ တာချီလိတ်မူးယစ်(အထူး)မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့မှ ရှာဖွေစစ်ဆေးရာ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၃၈၉၆၀၀ပြားအား ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ တာချီလိတ်မူးယစ်(အထူး)အဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့မှ ပါခုတ်စစ်ဆေးရေးဂိတ်အား ကွင်းရှောင်သောလမ်းတွင် မူးယစ်ဆေးဝါးသတင်းအရ ပိတ်ဆို့ရှာဖွေမှုများပြုလုပ်နေစဉ် ၀မ်ပုံဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်များအား ရပ်တန့်ရှာဖွေစစ်ဆေးနေချိန်တွင် Pajero အမျိုးအစား ကားတစ်စီးမှာ စစ်ဆေးမှု ခံယူခြင်းမပြုဘဲ အနောက်ဘက်သို့ ပြန်လှည့်မောင်းနှင်သွားရာ အဆိုပါပူးပေါင်းအဖွဲ့မှ  မော်တော်ယာဉ်ဖြင့် လိုက်လံပိတ်ဆို့တားဆီးသည့်အခါမှာ ကားပေါ်တွင်ပါရှိသော ယာဉ်မောင်းနှင့် ကျန်အမျိုးသားတစ်ဦးသည် ယာဉ်အား ရပ်တန့်ထားခဲ့ပြီး ရာဘာတောအတွင်းသို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

ကျန်ရှိနေခဲ့သောကားအား ပူးပေါင်းအဖွဲ့မှ ဆက်လက်ရှာဖွေစစ်ဆေးရာ ဆာလာအိတ် ၂အိတ်အတွင်း အနီရောင် ရွှေငါးတံဆိပ်ပါ ပလပ်စတစ်အိတ်ဖြင့် ထုပ်ထားသည့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား တစ်ထုပ်လျှင် ၁၀၀၀၀ပြားစီပါ ၁၈ထုပ်၊ ၉၆၀၀ပြားပါ ၁ထုပ် စုစုပေါင်းဆေးပြား ၃၈၉,၆၀၀ပြားအား ရှာဖွေစစ်ဆေးတွေ့ရှိရပြီး အဆိုပါဆေးပြားများ၏ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ်သန်းပေါင်း ၇၇၉.၂သန်းခန့် ရှိကြောင်း သိရသည်။

အမှုမှ တရားခံ(၂)ဦးအား ဖမ်းဆီးရမိရေးအတွက် မူးယစ်(အထူး)အဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့၊ နယ်မြေခံ ပါခုတ်ကျေးရွာ ပြည်သူ့စစ်အဖွဲ့များနှင့်အတူ ပူးပေါင်းစုံစမ်းဆောင်ရွက်လျက်ရှိပြီး ပိုင်ရှင်ဖြစ်သူနှင့် ယာဉ်မောင်း ဖြစ်သူတို့အား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁၁၆/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ သြဂုတ်လ ၃၁ရက်နေ့မှ စက်တင်ဘာလ ၁၆ရက်နေ့ထိ မူးယစ်ဆေးဝါးများအား ၆ကြိမ်ခန့် ဖမ်းဆီးရမိရာ WY အမှတ်တံဆိပ်ပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၁,၃၇၄,၈၇၃ ပြားခန့် ဖမ်းဆီးရမိကြောင်း သိရှိရသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Thursday, August 22, 2013

တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါးသတင်းအရ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု အတွင်း၌ သြဂုတ်လ ၂၁ရက်၊ ည ၇နာရီ မိနစ် ၅၀ ခန့်က စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ပြားကို တရားခံနှင့်အတူ ဖမ်းဆီး သိမ်းဆည်းရမိကြောင်း သိရသည်။


ဖြစ်စဉ်မှာ တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့သည် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါခုတ်ရွာအား ကွင်းရှောင်သောလမ်း၌ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် သတင်းရရှိမှုကြောင့် ကားများ၊ ဆိုင်ကယ်များအား ရပ်တန့်ရှာဖွေ စစ်ဆေးမှုများပြုလုပ်နေစဉ် ပါခုတ်ကျေးရွာဘက်သို့ မောင်းနင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်အတွင်း၌ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီ ထည့်ထားသော ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၅ထုတ် စုစုပေါင်း အပြား ၁၀၀၀ပြားအား  ရှာဖွေတွေ့ရှိရသည်ဖြစ်တာကြောင့် အဆိုပါအဖွဲ့မှ  အသက် ၄၀ နှစ်အရွယ်ရှိ တရားခံအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးသိမ်းဆည်းခဲ့ကြောင်း သိရပြီး ဖမ်းဆီးရမိသော တရားခံအား နမစ(၀မ်ပုံ) မယ (ပ)၈/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉ (က)အရ အမှုဖွင့်ထားရှိပြီး စစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သတင်းရရှိသည်။

Tuesday, July 23, 2013

မိုင်းဖုန်းဆရာတော် ဦးဉာဏသံဝရ(ခူးဝါးဝန်းစုမ့်)
သတင်းဆောင်းပါး။      ။ ကမာနီလာ

၂၀၁၀ မတ်လ၊ ၁၄ရက် နေ့က ဂျပန်နိုင်ငံ ယိုကိုဟားမားရှိ ကမာကုရ ဘုရားဘက် တဝိုက်ကို ရောက်ရှိ သွားခဲ့ပါတယ်၊ မထင်မှတ်ဘဲ ကြုံတွေ့ဖူးမျှော်လိုက် ရတာ ကတော့ သျှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ယူနန်ပြည်နဲ့ ထိုင်းနိုင်ငံ ဘက်တွေမှာ ထင်ရှားပြီး ကျော်ကြားလှတဲ့ မိုင်းဖုန်းဆရာတော် ကိုပါဘဲ၊ ဆရာတော်ဟာ ထိုင်းနိုင်ငံက ဗုဒ္ဓဘာသာ ဒကာ၊ ဒကာမတွေနဲ့ အတူ ဂျပန်ကို ဘုရားဖူးကြွချီ လာတာဖြစ်ပြီး ၂၀၁၀ခုနှစ်၊ မတ်လ၊ ၁၄ရက် နေ့က ယိုကိုဟားမားမှာ ရှိတဲ့ ကမာကုရ ရုပ်ပွားတော်မြတ်နဲ့ အနီးမှာရှိတဲ့ ဘုရားကျောင်းတွေကို လှည့်လည် ဖူးမျှော်နေတာနဲ့ ကြုံတွေ့ လိုက်ရတာမို့ ရလိုက်တဲ့ လျှပ်တပြက် အချိန်လေးမှာ ကင်မရာခလုတ်ကို နှိပ်ရင်း မှတ်တမ်း တင်ထားလိုက်မိတယ်။


ဆရာတော်ကို ၁၉၆၅ ခုနှစ် ၊ဇန်နဝါရီလ၊ ၅ ရက်နေ့က ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ကျိန်းဆဲမြို့နယ်နေ သျှမ်းမိဘများက ဖွားမြင်တော် မူခဲ့တာဖြစ်ပြီး၊ ၁၀ နှစ်သား ကတည်းက သင်္ဃန်းဝတ် ရှင်ပြုခဲ့ပြီး ဝါတော် ၂ ဝါရလာ တဲ့အခါ ထိုင်း၊ သျှမ်း၊ လာအိုနယ်စပ် ဖြစ်တဲ့ ရွှေတြိဂံဒေသ မိုင်းဖုန်းဒေသမှာ သာသနာပြုရာမှ မိုင်းဖုန်း ဆရာတော်ဟူ၍ လူသိများခဲ့တာ ဖြစ်ပါတယ်။

ဆရာတော်ရဲ့ ဘွဲ့အမည်ကတော့ သျှမ်းလို ခူးဝါးဝန်းစုမ့်ခေါ် ဦးဉာဏသံဝရ ဖြစ်ပြီး မိုင်းဖုန်း ဆရာတော်လို့ လူသိများ ထင်ရှားလှသလို၊ တန်ခိုးကြီးဆရာတော် အဖြစ် ကိုးကွယ်ဆည်းကပ်သူ ဒကာ၊ ဒကာမတွေ များပြားလှပါတယ်။

ဗိုလ်ခင်ညွန့် အာဏာရှိစဉ်က ဆရာတော်ကို သွားရောက်ဖူးမျှော်ပြီး ငွေသားအမြောက်အများ လှူဒါန်းခဲ့ပေမယ့် အဲဒီအလှူခံ ရရှိငွေတွေ အားလုံးကို ဒကာ၊ ဒကာမတွေကို ပြန်စွန့်ကြဲလှူ လိုက်ပါတယ် ဆိုတာတွေ ပြည်သူတွေ ပါးစပ်ဖျား ပြောစမတ် ဖြစ်ကြရတယ်။

ဆရာတော်ရဲ့ မှန်မှန်ကန်ကန် ရပ်တည် ကျင့်သုံးမှုတွေကို စစ်အာဏာပိုင်တွေက အလိုမကျ တာတွေကြောင့် ၂၀၀၄ခုနှစ် အလည်မှာတော့ မိုင်းဖုန်းဆရာတော်အား သျှမ်းခေါင်းဆောင်များကို စည်းရုံးရေး တရားဟောခြင်း၊ ပြည်ထောင်စုမှ ခွဲထွက်ရေး တရားဟောခြင်း စသော န.အ.ဖ စစ်အစိုးရရဲ့ မတရား စွပ်စွဲမှုများဖြင့် ဆရာတော်အား ဖမ်းဆီးရန် ကြံစည်လာသဖြင့် ဒကာ၊ဒကာမ များ၏ အသနားခံ လျှောက်ထားမူကြောင့် ထိုင်းနိုင်ငံသို့ ခေတ္တ ရှောင်တိမ်းကြွချီ ရာမှ ပြန်လည် ပြည်ဝင်ခွင့် မပေးတော့ဘဲ ပြည်ဝင်ခွင့် ပိတ်ထားစဲ ဖြစ်သဖြင့် ချက်ကြွေဇာတိ သျှမ်းပြည်သို့ မပြန်နိုင်ဘဲ ယနေ့ထက်တိုင် ထိုင်းနိုင်ငံ၌သာ သီတင်းသုံး နေထိုင်တော်မူလျှက် ရှိပါတယ်။

ဆရာတော်ကို ဖူးမျှော်ဖို့ ကြုံတောင့် ကြုံခဲရခဲလှတာမို့ မှတ်တမ်းတင်လိုက်တဲ့ ဓာတ်ပုံတော်ကို မျှဝေဒါနပြု လိုက်ပါတယ်။



မိုင်းဖုန်းဆရာတော် ဦးဉာဏသံဝရ(ခူးဝါးဝန်းစုမ့်)၏ ထူးခြားချက်များ

၁. ငယ်စဉ်ကတည်းကစပြီး သက်သတ်လွတ် ဘုဉ်းပေးခြင်း။

၂.ငယ်စဉ်ကတည်းကစပြီး ကမ္မဋ္ဌာန်းဘာဝနာ ကျင့်ကြံခြင်း။

၃. လူသူကင်းမဲ့သည့် တောတောင်အတွင်းရှိ ဂူများတွင် တစ်ပါးတည်း မကြောက်မရွံ့ တရားအားထုတ်ခြင်း။

၎. ဘာသာစကားအမျိုးမျိုး စာပေအမျိုးမျိုး သင်ယူခြင်းမပြုဘဲ အလိုလိုတတ်မြောက်နေခြင်း။

၅. မတ်တတ်အနေအထားဖြင့် ခုနှစ်ရက်တိုင်တိုင် မလှုပ်မရှားပဲ
တစ်ဆက်တည်း ကျင့်ကြံနိုင်ခြင်း။

၆. ထိုင်လျှက်အနေအထားဖြင့် ခုနှစ်ရက်တိုင်တိုင် တစ်ထိုင်တည်း တရားအားထုတ်နိုင်ခြင်း။

၇. ၀ါတွင်းသုံးလအတွင်း ဂူ (သို့) တောတောင်တစ်နေရာရာတွင် စဉ်ဆက်မပြတ်
တရားထိုင်ခြင်း။

၈. ၀ါတွင်းသုံးလ ဂူအောင်းနေစဉ် ဆွမ်းဘုဉ်းပေးခြင်းမရှိဘဲ သစ်သီး၊ သစ်ဥ၊
သစ်ဖုများကိုသာ အဟာရအဖြစ်မှီဝဲခြင်း။

၉. ၀ါတွင်းသုံးလကာလအတွင်း အမြဲတမ်း ၀စီပိတ် ကျင့်ကြံခြင်း။

၁၀. လူ၊နတ်၊ သတ္တ၀ါ တို့အား သွန်သင်ဆုံးမသြ၀ါဒစကား ကို
တရားတော်များ နာပွားနေခြင်းမှ အလိုလို ပေါ်ပေါက်လာခြင်း။

၁၁. လူ၊နတ်၊ သတ္တ၀ါအားလုံး အဆင့်အတန်း မခွဲခြားဘဲ မျှမျှတတ မေတ္တာထားဆက်ဆံခြင်း။

၁၂. အများတကာမှာ အလွန်ချမ်းနေပြီး ဖိနပ်၊ ခြေအိတ် အပြည့်အစုံနှင့် သွားလာ
နေထိုင် သော်လည်း ဆရာတော်မှာ ဗလာခြေဖြင့်ကြွတော်မူခြင်း။

၁၃. အများတကာမှာ အလွန်ပူလောင်နေသည့် ကျောက်ခဲ ကျောက်စရစ် သဲပြင်များတွင် ဖိနပ်ဖြင့်သာ သွားလာ၍ရသော နေရာများတွင်လည်း ဆရာတော်မှာ ဗလာခြေဖြင့်သာ ကြွချီတော်မူခြင်း။

၁၄. ရွှေ ၊ငွေ၊ ရတနာ အ၀တ်အစား အသုံးအဆောင် အစားအစာများအားလုံး
နှမြောတွန့်တိုခြင်း မရှိဘဲ လူအများသို့ ဒါန ပေးလှူခြင်း။

၁၅. မရေမတွက်နိုင်သော သာသနိက အဆောက်အဦး၊ စေတီ၊ ပုထိုး
တည်ဆောက်ရေးလုပ်ငန်း တို့တွင် ပါဝင်လှူဒါန်းခြင်း။

၁၆. ရပ်နီး၇ပ်ဝေး မည်သည့်နိုင်ငံ၊ မည်သည့်နေရာဋ္ဌာနသို့မဆို အဓိဋ္ဌါန်ပြုပါက အခက်အခဲမရှိ ကြွရောက်တော်မူနိုင်ခြင်း။

၁၇. မိမိ၏အတိတ်ဘ၀ အဆက်ဆက်ကို သိတော်မူခြင်း။

၁၈. မိမိ၏ အနာဂတ်ကို ကြိုတင်သိတော်မူခြင်း။

၁၉. မျက်နှာမြင်ရုံမျှဖြင့် တစ်ဖက်သား၏ အတွင်းစိတ်ကို သိတော်မူခြင်း။

၂၀. နေ့စဉ် နံနက်၊ ည မပျက်မြတ်စွာဘုရားထံ ၀တ်ပြုဆုတောင်းမေတ္တာပို့သခြင်း။

၂၁. ဗုဒ္ဓသာသနာဆိုင်ရာ တန်ခိုးကြီး အထွတ်အမြတ်နေရာဋ္ဌာန အားလုံးကို သိမြင်တော်မူခြင်း။

၂၂. သီလ၊ သမာဓိဂုဏ်ကြောင့် အဆိပ်ရှိသတ္တ၀ါများ အကိုက်ခံရခြင်းမရှိခြင်း။

၂၃. ကိုယ်ခန္ဓာမကြီးမသေး၊ မနိမ့်မမြင့်၊ မ၀မပိန်၊ အသံသြဇာရှိခြင်း။ လူအများက သူထက်ငါဖူး မြော်လိုခြင်း၊ တစ်ကြိမ်ထက်မက လှူဒါန်းလိုခြင်း၊ တရားနာပြီးရင်း ထပ်မံနာလိုခြင်း၊ သတင်းကြားရုံဖြင့် ဖူးမြော်လိုစိတ် အလိုလိုပေါ်ပေါက်ခြင်း။

၂၄. မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လောနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘူတန်နိုင်ငံတို့မှ ဆရာတော်များက
ဘွဲ့တံဆိပ် ဆက်ကပ်ခြင်းကို ခံရခြင်း တို့ဘဲဖြစ်ပါတယ်။





Sunday, July 21, 2013

မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရသည် (၃)နှစ် ကာလတိုင်တိုင် ဂူပိတ် တရားကျင့်ကြံပြီး ယခုအခါမှာ တရားဟောရန်အတွက် ဇူလိုင်လ(၁၉)ရက်နေ့က ခေတ္တဂူထွက်လာကြောင်း သိရသည်။

ဆရာတော်သည်   ဂူပိတ် တရားကျင့်ကြံနေသည်ဖြစ်တာကြောင့် ဆံတော်များနှင့် မုတ်ဆိတ်၊ နှုတ်ခမ်းမွှေးများ ရှည်လျားနေလျှက်ရှိသည်ကို တွေ့ရပြီး ဂူကထွက်လာအပြီးမှာတော့ ဆံတော်များ ရိတ်ပယ်ထားသည်ကို တွေ့ရှိရသည်။

{ ဂူမှ ထွက်လာချိန်}

ဆရာတော်သည် ဂူပိတ်တရားကျင့်နေစဉ်အတွင်း သစ်သီးဆွမ်းသာ ဘုန်းပေးကြောင်း နှင့် ဇူလိုင်(၂၂)ရက်နေ့မှာ ၀ါဆိုကာ ဂူပိတ်တရားပြန်လည်ကျင့်ကြံမှာ ဖြစ်ကြောင်း သိရသည်။

{ ဂူမှ ထွက်လာချိန်}

"ဆရာတော်က ၀ါဆိုပြီးရင် ဂူပိတ်တရားပြန်ကျင့်မှာပါ၊ ဆရာတော်ရဲ့ မွေးနေ့ဖြစ်တဲ့ သက်တော်(၅၀)ပြည့် ၂၀၁၄ခုနှစ် ၁လပိုင်း ၅ရက်နေ့လောက်မှာ ဂူပြန်ထွက်မယ်လို့ သိရပါတယ်"ဟု ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ဆရာတော်အား သွားရောက်ဖူးမျှော်သူမှ ပြောကြားလာသည်။

{ ဆံတော် ရိတ်ပယ်ထားချိန်}

ဆရာတော်အား ဖူးမျှော်ရန်နှင့် တရားနာယူနိုင်ရန်အတွက် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၊ တာချီလိတ်မြို့နယ်မှ တိုင်းရင်းသားများ အပါအ၀င် ထိုင်းနိုင်ငံ ဘက်မှ ဆရာတော်အား ကြည်ညိုကြသူများသည် ဆရာတော်ရှိရာ သွားရောက် ဖူးမျှော်ကြသည်မှာ လူဦးရေ ထောင် သောင်းမက ရှိကြောင်း သိရသည်။

 { ဆရာတော်အား ဖူးမျှော်ရန် နှင့် တရားနာရန် ရောက်ရှိလာကြသူများ }

ဆရာတော်အား မူလ သီတင်းသုံးရာ ကျောင်းဖြစ်သော ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းဖုန်းဒေသသို့  နိုင်ငံတော်မှ ပြန်လည် ပင့်ဆောင်ခွင့်ပြုချက်အရ ပြန်လည် ပင့်ဆောင် နိုင်ရန်အတွက် ဖေဖော်ဝါရီလ(၂၇)ရက်နေ့က ကျောင်းဂေါပကများ နှင့် ရှမ်းတိုင်းရင်းသားများက
ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။

{တရားတော် ဟောကြားနေစဉ်}

 { ဆရာတော်အား ဖူးမျှော်ရန် နှင့် တရားနာရန် ရောက်ရှိလာကြသူများ }

"ဆရာတော် ဂူထဲမှာ တရားကျင့်နေချိန် မိုင်းဖုန်းပြန်ကြွဖို့ လျှောက်တိုင်း လျှောက်တိုင်း ဆရာတော်က ပြန်ကြွမယ်၊ ပြန်မကြွဘူးလို့လည်း မဟုတ်ဘူး၊ သာဓု.. သာဓု.. သာဓု လို့ပဲ မိန့်ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ကတော့ မိုင်းဖုန်းကို ပြန်ကြွမယ်လို့ မျှော်လင့်နေလျှက်ပါ"ဟု ဆရာတော်အား အနီးကပ် ဆည်းကပ်ကိုးကွယ်ခဲ့သူ ရှမ်းတိုင်းရင်းသား တစ်ဦးမှ ပြောကြားလာသည်။

မိုင်းဖုန်းဆရာတော်သည် ငယ်စဉ်ကတည်းက တရားဓမ္မ ကျင့်ကြံ ပွားများအားထုတ်ခြင်း၊ အကျင့်သီလ မြဲမြံမှုရှိခြင်း၊ စေတီပုထိုးများစွာ တည်ထား၍ သာသနာပြုခြင်း တို့ကြောင့် မြန်မာပြည်မှ တိုင်းရင်းသားများ ရှမ်းတိုင်းရင်းသားများအပြင် ထိုင်းနိုင်ငံမှလည်း ကြည်ညိုကိုးကွယ်သူများ များပြားကြောင်း သိရှိရသည်။
Photo Thank : Kitti Sara Facebook | Ponthip Yangjang Facebook

Tachileik Online News


Friday, July 12, 2013

ဇူလိုင်လ(၁၂)ရက်နေ့ နံနက် (၆း၃၀)နာရီအချိန်ခန့်က တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါကောင်ရွာတွင် စကားများရန်ဖြစ်ရာမှ လူသတ်မှုနှင့် သေကြောင်း ကြံစည်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ပါကောင်ရွာနေ ဦးအိုက်ရှဲန်နှင့် ဆွေမျိုးနီးစပ် တော်စပ်သူ အိုက်ရှဲန်နွန်းတို့ အချင်းများရာမှ အိုက်ရှဲန်နွန်းမှ ဓါးဖြင့် ခုတ်လိုက်ရာ ဦးအိုက်ရှဲန်၏ လည်ပင်းအား ခုတ်မိသွားပြီး အဆိုပါ ဒဏ်ရာဖြင့်ပင် ဦးအိုက်ရှဲန်(အသက်၆၀)နှစ်မှာ သွေးထွက်လွန်ကာ သေဆုံးသွားပြီး အိုက်ရှဲန်နွန်းမှလည်း အဆိုပါ ဓါးဖြင့်ပင် မိမိလည်ပင်းကို ပြန်လည်လှီးကာ သေကြောင်းကြံစည်ခဲ့သော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူတို့ အချိန်မီရောက်ရှိသွားသဖြင့် သေဘေးမှ လွတ်ကင်းသွားခဲ့သည်။

"အိုက်ရှဲန်နွန်းက ဒီရွာကမဟုတ်ပါဘူး၊ ဆွတ်ဆိုင်ရွာမှာ နေတာပါ၊ လွန်ခဲ့တဲ့ (၃)ရက်လောက်ထဲက အိမ်ထောင်ရေး အဆင်မပြေလို့ စိတ်လေပြီး လျှောက်သွားနေတာလို့ သိရပါတယ်၊ မနေ့ညနေကမှ သေဆုံးသူ ဦးအိုက်ရှဲန်ရဲ့ နေအိမ်ကို ရောက်ရှိလာတာပါ၊ ဒီနေ့ မနက်စောစောမှာ သူတို့နှစ်ယောက်စကားများ ရန်ဖြစ်ကြရာကနေ အခုလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ရတာပါ"ဟု ပါကောင်ကျေးရွာ ဒေသခံတစ်ဦးမှ ပြောပြပါသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ တာချီလိတ်မြို့နယ် ၀မ်ပုံရဲတပ်ဖွဲ့စခန်းမှ လူသတ်မှုကျူးလွန်ပြီး မိမိကိုယ်ပါသေကြောင်းကြံစည်ခဲ့သည့် အိုက်ရှဲန်နွန်း(ဘ) ဦးလုံးကွမ်း၊ အသက် (၂၀)နှစ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတွင် နေထိုင်သူအား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ(၃၀၂)၊ အမှုတွဲ ၉/၂၀၁၃ဖြင့် အမှုဖွင့်လှစ် အရေးယူထားပြီး ၎င်းအား တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကာ ဆေးကုသမှု ခံယူစေထားကြောင်း သိရှိရသည်။
သတင်းပေးပို့သူ။    ။ မောင်ယဉ်ကျေး

Monday, July 1, 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖုန်းဒေသရှိ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရသည် ထိုင်းနိုင်ငံတွင် သီတင်းသုံးနေထိုင်ပြီး ယခုအခါမှာ နိုင်ငံတော်မှ ပြန်လည်ပင့်ဆောင်ခွင့် ရပြီဖြစ်တာကြောင့် ဆရာတော်အား ပြန်လည်ပင့်ဆောင်ရေးနှင့် ပြန်လည်မပင့်ဆောင်မီ ဆရာတော်၏ ကျောင်းဆောင်အား ပြန်လည်မွမ်းမံမှုများ ပြုလုပ်နိုင်ရေးအတွက် ဇွန်လ(၃၀)ရက်နေ့က မိုင်းဖုန်းဒေသသို့ နဂါးနှစ်ကောင်ဆရာတော်နှင့် ဒေသအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများက သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။

ထိုသို့ သွားရောက် ကြည့်ရှု့စစ်ဆေးရာမှာ နဂါးနှစ်ကောင်ဆရာတော် နှင့် စစ်ဗျူဟာ(အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သောင်းထိုက်ရွှေ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး နေမျိုးထွဋ်၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မိုင်းဖုန်းကျောင်း ဂေါပကအဖွဲ့ဝင်များ၊ ပြည်ခိုင်းဖြိုးပါတီမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအပြင် အခြားသောတာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါလာခဲ့တာကို တွေ့ရသည်။


အဆိုပါအဖွဲ့တို့သည် မိုင်းဖုန်းသာသနာနယ်မြေအတွင်းရှိ မိုင်းဖုန်းဆရာတော်၏ ကျောင်းဆောင်များအား လိုက်လံကြည့်ရှုကြရာ ဆရာတော်၏ ကျောင်းဆောင်တံခါးပေါက်မှာ သော့ဖြင့်ခတ်၍ ချိတ်ပိတ်ထားသော်လည်း  ဘေးတစ်ဖက် ပြုတင်းပေါက်မှတဆင့် ၀င်ရောက်ထားသည်ကိုလည်း တွေ့ရှိရသည့်အပြင် အဆိုပါကျောင်းဆောင်၏ ဘေးရှိ ၀ရံတာတွင် သစ်များမှာ ဆွေးမြေ့နေပြီး ကျိုးပဲ့ပျက်စီးမှုများဖြစ်ပေါ်နေသည်ကိုလည်း တွေ့ရသည်။

 ထိုမှတဆင့် တစ်ပင်တိုင်မြနန်း( မြနန်းဆောင်)ဟု ခေါ်သော မျှော်စင်တွင် အတွင်းစတီးတံခါးများကို သော့ဖြင့် ခတ်ထားသော်လည်း မသမာသူများက ဖျက်စီးဝင်ရောက်ကာ အပေါ်ထပ်ရှိ ရှေးဟောင်းဘုရားများကို ခိုးယူသွားခဲ့သည့်နောက် ရှေးဟောင်းဘုရားမဟုတ်သော ရုပ်ပွားတော်ဆင်းထု အနည်းအငယ်သာ ကျန်ရှိခဲ့သည်။

နှီးဘုရားတည်ရှိရာ ကျောင်းဆောင်သို့သွားရောက် ကြည့်ရှု့စစ်ဆေးသည့်အခါမှာလည်း ပျက်စီးဆုံးရှုံးမှုအနည်းသာတွေ့ရှိရပြီး နမ့်ခေါင်ကျောင်းဆောင်သို့ သွားရောက် ကြည့်ရှုသည့်အခါမှာ အဆိုပါကျောင်းဆောင်သည် ကျွန်းသစ်များဖြင့် အလှဆင်ထားသည်ဖြစ်တာကြောင့် ၀ရံတာများ၊ ကြမ်းခင်းများ နှင့် အချို့သောနေရာများမှာ ပျက်စီးယိုယွင်းနေပြီး ကျောင်းဆောင်အတွင်းမှာလည်း ပျက်စီးမှုများဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ နဂါးနှစ်ကောင်ဆရာတော်မှ မိုင်းဖုန်းဆရာတော်ပြန်မကြွလာမီ ပြုပြင်စရာများကို ပြုပြင်နိုင်ရန်အတွက် ပြန်လည်ပြုပြင်မွမ်းမံရေးကော်မတီဖွဲ့စည်း၍ လုပ်ဆောင်သွားရန်အတွက် မိန့်ကြားသွားခဲ့ပြီး သက်ဆိုင်ရာများနှင့် မိုင်းဖုန်းကျောင်းဂေါပကအဖွဲ့များကလည်း ရက်သတ်မှတ်ကာ ပြုပြင်မွမ်းမံမှုများကို ပြုလုပ်သွားမှာဖြစ်ကြောင်း သိရသည်။

၂၀၀၄ခုနှစ် ဇွန်လ(၁၂)ရက်နေ့က  ဆရာတော်အား မြန်မာနိုင်ငံဘက်သို့ ပြန်လည်ကြွရောက်ခွင့်မပြုကြောင်းကို ဆရာတော်ထံ လျှောက်ထားရန်အတွက် တာချီလိတ်မြို့နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီရုံးမှာ ဒေသ အာဏာပိုင်အဖွဲ့အစည်းများရှေ့၌ မိုင်းဖုန်းဆရာတော်ကျောင်း ဂေါပကအဖွဲ့ဖြစ်သည့် ဦးစိုင်းလုံကီး အပါအ၀င် အဖွဲ့ဝင်(၄)ဦးကို လက်မှတ်ရေးထိုးစေခဲ့ကြသည်။

ယခုအခါမှာ ပြည်ခိုင်ဖြိုးပါတီမှ မိုင်းပျဉ်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်၊ မိုင်းဆတ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခတ္တိယ နှင့် မိုင်းတုံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ကြည်တို့မှ  ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် တင်သွင်းသည့် အဆိုကြောင့် ပြည်နယ်အစိုးရအဖွဲ့၏ (၈.၂.၂၀၁၃)ရက် နေ့စွဲပါ စာအမှတ်၊(၁၄၂၁)/ ၅ -၁၃၃/ အစရ(ရှမ်း) ၏ ခွင့်ပြုသဘောတူညီချက်ကြောင့် (၁၂.၆.၂၀၀၄)ရက်နေ့က ရေးထိုးခဲ့သော ကိစ္စကို ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့က တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြန်လည်ရုပ်သိမ်းကြောင်း အမိန့်ထုတ်ပြန်လိုက်သည်ဖြစ်သည့်အတွက် ယခုအခါမှာ မိုင်းဖုန်းဆရာတော်အား ပြန်လည်ပင့်ဆောင်ရန်ကြိုးစားနေကြပြီး ဆရာတော်မှ ပြန်လည်ကြွမြန်းဖို့ကိုတော့ သတ်မှတ်ရက်မသိရှိရသေးကြောင်း သိရသည်။

ကျောင်းအနေအထားနှင့် ပျက်စီးမှု မှတ်တမ်းဓါတ်ပုံများအား ကြည့်ရန်
မိုင်းဖုန်းဆရာတော်ကျောင်း ပျက်စီး ယိုယွင်း ပျောက်ဆုံးမှုများပြား
85 photos




Thursday, June 27, 2013

တာချီလိတ်မြို့နယ်တွင် ယခုနှစ် စတင်သင်ကြားသည့် အလယ်တန်းဆင့် ဘ၀တွက်တာ ကျွမ်းကျင်စရာ
သင်ရိုးညွှန်းတမ်း သင်ကြားမှုများအား တတ်မြောက်မှုအခြေအနေ ကနဦး ကွင်းဆင်းစစ်ဆေးခြင်းများကို အထူးရွေးချယ်ထားသည့် ကျောင်း(၆)ကျောင်းအား စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကျောင်းများမှာ အထက -ဆန်ဆိုင်း၊ အလက(ခွဲ) မယ်ဟုတ်၊ အလက(ခွဲ)နားအွန်၊ မူလွန်ရန်အောင်မြေ၊ မူလွန်ဝမ်ပုံ နှင့် မူလွန် ပါခုတ်တို့ ဖြစ်ကြသည်။ ၂၇.၆.၂၀၁၃ ရက်နေ့တွင် တာချီလိတ်မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ၏ အစီအစဉ်ဖြင့် မနက်ပိုင်းတွင် မူလွန်ဝမ်ပုံ နှင့် ညနေပိုင်းတွင် မူလွန်ပါခုတ်ကျောင်းတို့အား စစ်ဆေးခဲ့ကြသည်။ ၎င်းစစ်ဆေးရေးဆောင်ရွက်ခြင်းများကို မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန ပညာရေးလေ့ကျင့်ရေးနှင့်စီမံကိန်းဦးစီးဌာနမှ ဘ၀တွက်တာ ကျွမ်းကျင်စရာသင်ရိုးပညာရှင် ဆရာမကြီး ဒေါ်ဝင်းဝင်းအောင်ကိုယ်တိုင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း၊ ကွင်းဆင်းကျောင်းများတွင် သက်ဆိုင်ရာ ပညာရေးအုပ်စုမှူးများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

 မြန်မာနိုင်ငံတွင် အထက်တန်းဆင့် ဘ၀တွက်တာ ကျွမ်းကျင်စရာ သင်ရိုးများကို ၂၀၁၄ -၂၀၁၅
ပညာသင်နှစ်တွင် သင်ကြားနိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ အဆိုပါ ဘာသာရပ်သည် ကလေးများဘ၀အတွက် အရည်အချင်း(၉)ရပ်ပြည့်မီပြီး ငယ်ရွယ်စဉ်ကပင် လူ့ဘ၀ကို ရင်ဆိုင်ရာတွင် အခက်အခဲ လုံးဝမရှိစေဘဲ မိမိတို့၏ မှန်ကန်သော အသိဥာဏ်ဖြင့် ဆုံးဖြတ်နိုင်ရန် နိုင်ငံတကာအဆင့်မီ စီစဉ်သင်ကြားစေခြင်းဖြစ်ကြောင်းသိရှိရသည်။    
သတင်းပေးပို့သူ။   ။ မြတ်မျိုးမြင့်မာန်


Wednesday, May 29, 2013

တာချီလိတ်မြို့နယ် ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ အပါအ၀င် အမာခံအသင်းသူ အသင်းသားတို့သည် တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)အုပ်စု ပါဆာ/ဆမ်ဖူးကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဒေသခံ ရှမ်းတိုင်းရင်းသား ကျောင်းနေအရွယ် ကလေးသူငယ်များအတွက် လိုအပ်သည့် ပညာရေးကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် သွားရောက်ခဲ့ကြကြောင်း သိရသည်။

{ ကျောင်းအတွက် အလံလှူ }

အဆိုပါအဖွဲ့တို့သည် ပါဆာ/ဆမ်ဖူးကျေးရွာသို့ သွားရောက်ပြီး ကျောင်း၏အခြေအနေ နှင့် ကလေးသူငယ်များ၏ အခြေအနေများကို လေ့လာကြည့်ရှုခဲ့ကြပြီး ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ အပါအ၀င် အမာခံအသင်းသူ အသင်းသားတို့က ကျောင်းအတွက် အလံ နှင့် ကလေးသူငယ်များအတွက် ကျောင်းသုံးဗလာစာအုပ်များကို ပေးဝေခဲ့ကြပြီး ကျောင်းတွင် လက်ရှိကျောင်းအုပ်ဆရာမကြီးနှင့်အတူ တွဲဖက်ခန့်အပ်ထားနိုင်ရန်အတွက် ဆရာမ ဒေါ်နှင်းအိဖြူကိုလည်း ကျောင်းသားမိဘများနှင့် မိတ်ဆက်ပေးခဲ့ကြသည်။

{ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့်  မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေတို့မှ စာအုပ်လှူ}

မေလ(၂၃)ရက်နေ့က မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ နှင့် အသင်းသားတစ်ချို့သည် မိုင်းဖုန်း(က)အုပ်စုဘက်သို့ ပညာရေးနှင့်ပတ်သက်သည့် လိုအပ်ချက်များကို ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် သွားရောက်ခဲ့ရာမှ အဆိုပါကျောင်းတွင် စာသင်ကြားပေးနိုင်ရန်အတွက် ဆရာ/မ လိုအပ်နေကြောင်းကို သိရှိရ၍ မေလ(၂၈)ရက်နေ့ နေ့လည်ပိုင်းက ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့်တွေ့ဆုံကာ အဆိုပါကိစ္စအား ပြောဆိုဆွေးနွေးကြပြီးနောက် ယနေ့မှာ ပါဆာ/ဆမ်ဖူးကျေးရွာရှိ မူလတန်းကျောင်းသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။


ပါဆာ/ဆမ်ဖူးကျေးရွာရှိ ရွာသူကြီး ဦးအိုက်ကောင်၏ ပြောဆိုချက်အရ မိုင်းဖုန်း(က)အုပ်စု ပါဆာ/ဆမ်ဖူးကျေးရွာရှိ မူလတန်းကျောင်းတွင် ယခင်နှစ်က စာသင်ကြားပေးနေသော ဆရာမမှာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဌေး တစ်ဦးတည်းသာရှိနေပြီး ကျောင်းအုပ်ဆရာမကြီးမှာ ကျန်းမာရေးအရ ဆေးဝါးကုသမှုမျိုးနှင့်ကြုံလာသည့်အခါမျိုးတွင် ကျောင်းပိတ်သွားခဲ့ပြီး ခွင့်ယူရတာမျိုးလည်းရှိခဲ့သည်။ ထိုအခါမျိုး၌ ကျောင်းသား/သူ ကလေးသူငယ်များမှာ ဆရာမ အပိုမရှိ၍ ကျောင်းပျက်ရက် တစ်ချို့နှင့် ကြုံရသည်ဟု သိရသည်။

 အဆိုပါကျောင်းတွင် ယခင်က ဆရာမ တစ်ဦးတည်းသာ ရှိနေပြီး ကျောင်းသာ/သူ အရေအတွက်မှာ (၄၀)ခန့်ရှိပြီး ပါဆာ/ဆမ်ဖူးကျေးရွာတွင် အိမ်ခြေ(၈၀)နှင့် လူဦးရေ(၃၄၀)ကျော် နေထိုင်ကြောင်း သိရသည်။

ပါဆာ/ဆမ်ဖူးကျေးရွာမှ အပြန်တွင် ၀မ်ပုံရှိ မူလွန်ကျောင်းသို့ဝင်ရောက်ကာ မြို့နယ် ပညာရေးမှူး ဦးစိန်ထွန်းလှမှ ကျောင်းအတွင်းရှိ ဆရာ/မများနှင့် မဇ္ဈိမလူမှုကူညီရေးအသင်းအား မိတ်ဆက်ပေးပြီး ကျောင်း၏ အခြေအနေအား ကြည့်ရှု့ခဲ့ကြပြီးနောက်  မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေမှ ကျောင်းအတွက် (၂၀၀၀)ဘတ်ကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းအေး နှင့် ဆရာ/မများထံ ပေးအပ်လှူဒါန်းခဲ့ကြသည်။ အဆိုပါကျောင်းတွင်လည်း ဆရာမ(၆)ဦး ဆရာ(၁)ဦးနှင့် ကျောင်းသား/သူ အရေအတွက်မှာ (၂၀၀)ခန့်ရှိကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
မြို့နယ်ပညာရေး နှင့် မဇ္ဈိမလူမှုကူညီရေးအသင်းတို့မှ မိုင်းဖုန်းသို့
50 photos


Wednesday, April 10, 2013

တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်းရှိ ပါကောင်၊ ပါခုတ်၊ နမ့်လုတ်(ရွာသစ်)၊ နမ့်လုတ်(ရွာဟောင်း) အစရှိတဲ့ ကျေးရွာ(၆)ရွာ မှာ (၂၄)နာရီ လျှပ်စစ်မီးရရှိတဲ့အနေနဲ့ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။

{ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းနေ၀င်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် မြို့မီးလင်းရေးကော်မတီ ဒု-ဥက္ကဌ ဦးကြည်မြင့်တို့မှ ဖဲကြိုးဖြတ်}

အဆိုပါကျေးရွာများမှ ကျေးရွာပြည်သူလူထုများက ငွေကြေးစိုက်ထုတ်ပြီး တာချီလိတ်မီးလင်းရေးကော်မတီရဲ့ ကြီးကြပ်မှုနဲ့ ၂၀၁၂ခုနှစ် ဒီဇင်ဘာလရဲ့ ဒုတိယအပတ်ကစပြီး ဆောင်ရွက်ခဲ့တာဖြစ်တဲ့ လျှပ်စစ်မီးလင်းရေးကိစ္စမှာ ယခုအခါမှာ အားလုံးပြီးစီးသွားပြီဖြစ်တာကြောင့် ယနေ့နံနက်က နမ့်လုတ်ရွာသစ်မှာ အခုလို မီးရရှိခြင်းအထိမ်းအမှတ်အဖြစ် ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။


ဖွင့်ပွဲအခမ်းအနားမှာ တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးသက်အောင်၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ တာချီလိတ်မြို့ မီးလင်းရေးကော်မတီ ဒု-ဥက္ကဌ ဦးကြည်မြင့် နဲ့ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းနေ၀င်းအပါအ၀င် ကျေးရွာသူ/သား စုစုပေါင်း (၁၀၀)ခန့် တက်ရောက်လာခဲ့ကြပြီး  မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မြို့မီးလင်းရေးကော်မတီ ဒု-ဥက္ကဌ ဦးကြည်မြင့် နဲ့ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းနေ၀င်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။


ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးက အဖွင့်အမှာစကားပြောကြားပြီး မြို့မီးလင်းရေးကော်မတီ ဒု-ဥက္ကဌ ဦးကြည်မြင့်က လျှပ်စစ်လိုင်းတည်ဆောက်ခြင်းနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပြီးနောက်မှာတော့ ကျေးရွာရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဒေါ်နန်းရှဲန်ခမ်းက ကျေးဇူးတင်စကားပြောကြားခဲ့တာဖြစ်ပါတယ်။


မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၆)ရွာအနေနဲ့ ယခုလို (၂၄)နာရီ လျှပ်စစ်မီးရရှိလာတဲ့အတွက်
ကျေးရွာသူ ကျေးရွာသားများအနေဖြင့် များစွာပျော်ရွှင်ဝမ်းသာနေကြကြောင်းလည်း သိရပါတယ်။

ပုံများကိုကြည့်ရန်


Wednesday, February 27, 2013

ဖေဖော်ဝါရီလ(၂၇)ရက်နေ့ နေ့လည်ပိုင်းက တာချီလိတ်မြို့ရှိ ပြည်ခိုင်ဖြိုးပါတီရုံးရဲ့ အစည်းအဝေးခန်းမမှာ မြို့နယ်ဂေါပကအဖွဲ့ဝင်များ၊ မိုင်းဖုန်းဆရာတော်ရဲ့ အနီးကပ်ဒကာများ တွေ့ဆုံခဲ့ကြပြီး မိုင်းဖုန်းဆရာတော်ကို ထိုင်းနိုင်ငံကနေ တာချီလိတ်မြို့ကို ပြန်လည် ပင့်ဆောင်ရန်အတွက် ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့ သိရပါတယ်။

 {မိုင်းဖုန်းဆရာတော်} [photo: ครูบาบุญชุ่ม ญาณสํวโร]

မိုင်းဖုန်းဆရာတော်ကို ပြန်လည်ပင့်ဆောင်နိုင်ဖို့အတွက် ပြည်ခိုင်ဖြိုးပါတီမှ  မိုင်းပျဉ်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်၊ မိုင်းဆတ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခတ္တိယ နဲ့ မိုင်းတုံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ကြည် တို့က ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရ ကို မိုင်းဖုန်းရွှေတြိဂံဒေသဘက်သို့ ပြန်လည် ပင့်ဆောင်ကိုးကွယ်ဖို့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ ခွင့်ပြုရန် အစီအစဉ်ရှိ မရှိ မေးမြန်းခဲ့ကြတယ်လို့ သိရပါတယ်။

 ပြည့်သူလွှတ်တော်ကိုယ်စားလှယ်(၃)ဦးရဲ့  မေးမြန်းချက်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ သာသနာရေးဝန်ကြီးဌာန နဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့က ကန့်ကွက်ရန် မရှိကြောင်း ဖြေကြားခဲ့တာကြောင့် ဆရာတော်ပြန်လည်ပင့်ဆောင်ရေးကော်မတီကို ဖွဲ့စည်းပြီး တာချီလိတ်မြို့နယ် သံဃနာယကအဖွဲ့ရဲ့ ဆန္ဒနဲ့အတူ ပင့်ဆောင်ကိုးကွယ်ရန်အတွက် ကော်မတီအနေနဲ့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။


{ဆရာတော်အား ပြန်လည်ပင့်ဆောင်ရန် တွေ့ဆုံဆွေးနွေးစဉ်}

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံဘက်သို့ ပြန်လည်ကြွရောက်ခွင့်မပြုကြောင်းကို ဆရာတော်ထံ လျှောက်ထားရန်အတွက် ၂၀၀၄ခုနှစ် ဇွန်လ(၁၂)ရက်နေ့က တာချီလိတ်မြို့နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီရုံးမှာ ဒေသ အာဏာပိုင်အဖွဲ့အစည်းများရှေ့မှာ မိုင်းဖုန်းဆရာတော်ကျောင်း ဂေါပကအဖွဲ့ဖြစ်တဲ့ ဦးစိုင်းလုံကီး အပါအ၀င် အဖွဲ့ဝင်(၄)ဦးကို လက်မှတ်ရေးထိုးစေခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့  ပြည့်သူလွှတ်တော်ကိုယ်စားလှယ်(၃)ဦးရဲ့ တင်သွင်းတဲ့အဆိုကြောင့် ပြည်နယ်အစိုးရအဖွဲ့ရဲ့ (၈.၂.၂၀၁၃)ရက် နေ့စွဲပါ စာအမှတ်၊(၁၄၂၁)/ ၅ -၁၃၃/ အစရ(ရှမ်း) ရဲ့ ခွင့်ပြုသဘောတူညီချက်ကြောင့် (၁၂.၆.၂၀၀၄)ရက်နေ့က ရေးထိုးခဲ့တဲ့ ကိစ္စကို ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့က တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြန်လည်ရုပ်သိမ်းကြောင်း အမိန့်ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

ယနေ့ပြုလုပ်တဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ဆရာတော်ကို ပြန်လည်ပင့်ဆောင်ဖို့ကိစ္စနဲ့ပတ်သက်ပြီး ဆရာတော်ရဲ့ကျောင်းဆောင်ဖြစ်တဲ့ မိုင်းဖုန်းကျောင်းကိုလည်း ပြုပြင်ဖို့အတွက် ချိတ်ပိတ်ထားတဲ့နေရာကို ဖွင့်လှစ်ဖို့ရာ  သော့ကိစ္စကိုလည်း အထက်ကို တင်ပြသွားမှာဖြစ်ပြီး ဆရာတော်ကို
ပြန်လည်ပင့်ဆောင်ရာမှာလည်း ပြည်နယ်ဝန်ကြီးအဖွဲ့မှ ၀န်ကြီးများကိုယ်တိုင် ပင့်ဆောင်နိုင်ရန်အပြင် အခြားကိစ္စများကိုလည်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ အဆိုပါတွေ့ဆုံဆွေးနွေးပွဲမှ
ပြောကြားချက်တွေအရ သိရပါတယ်။ လောလောဆယ်မှာ မိုင်းဖုန်းဆရာတော်ဟာ ဂူပိတ်တရားကျင့်နေတာကြောင့် ဂူက ထွက်လာမှပဲ ကော်မတီအနေနဲ့ ဆရာတော်ထံ သွားရောက်ကာ ပြန်လည်ပင့်ဆောင်မှာဖြစ်ကြောင်း သိရပါတယ်။

ပုံများကိုကြည့်ရန်

Saturday, December 22, 2012

တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျောင်းမိသားစု၏ စတုတ္တအကြိမ် စီစီအေကျောင်းအုပ်စု ဆွေးနွေးပွဲကို ဒီဇင်ဘာလ(၂၂)ရက်နေ့ မနက် (၉)နာရီက ဝှေလေလန်အခြေခံပညာမှုလတန်းလွန်ကျောင်းရှိ ဇာတိမာန်ခန်းမမှာ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။


စီစီအေကျောင်းအုပ်စု ဆွေးနွေးပွဲကို ကျောင်းအုပ်စုမှူး ဦးမြင့်ဝင်းလှနှင့်အတူ အုပ်စုအတွင်းရှိ ကျောင်းအုပ်ကြီးများ လက်ထောက် အလယ်တန်းပြ၊ မှုလတန်းပြနှင့် လုပ်အားပေးဆရာ/မများ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲတွင် ယခုစာသင်နှစ်အတွင်း စီစီအေးနည်းစနစ်ဖြင့် သင်ကြားခဲ့မှုများ၊ မြန်မာစကားကြွယ်ဝပုံဖွံ့ဖြိုးရေးသင်ကြားမှုနည်းစနစ်သစ်ဖြင့် သင်ကြားနေသည့် အထူးမြို့နယ်(၂၅)မြို့နယ်တွင် တာချီလိတ်မြို့နယ်အတွင်းရှိ မိမိတို့ကျောင်းများတွင် နှစ်စမှ နေ့အထိ သင်ရိုးညွှန်းတမ်းအသစ်များဖြင့် သင်ကြားခဲ့သည့် အားနည်းချက်၊ အားသာချက် နှင့် အခက်အခဲများကို ကျော်လွှာခဲ့ပုံနှင့် သင်ထောက်ကူပစ္စည်းများဆိုင်ရာဆွေးနွေးခြင်းတို့ကို အုပ်စုတွင်း ကျောင်းအားလုံးမှ ဆွေးနွေးဆောင်ရွက်ခဲ့ကြပါတယ်။


ထို့ပြင် အုပ်စုတွင်းကျောင်းအုပ်ဆရာကြီး ဆရာမကြီးများက နှစ်စမှ ဆွေးနွေးပွဲကာလအတွင် ဌာနလမ်းညွှန်ချက်များနှင့် မြို့နယ်အဆင့်သင်တန်းများအား အောက်ခြေစာသင်ခန်းအထိ ထိရောက်အောင်မြင်စေရန် ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ကျောင်းအချင်းချင်း ပူးပေါင်း ဆောင်ရွက်နိုင်မှုအခြေအနေများကို ဆန်းစစ်ဆွေးနွေးအကြံပြုတင်ပြခြင်းများကိုလည်း ဆက်လက်ဆောင်ရွက်ခဲ့ကြပါတယ်။

အထက်ပါဆွေးနွေးချက်များအား ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ အကြံပြုဆွေးနွေးလမ်းညွှန်ခြင်းများနှင့် ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် ဆက်လက်တက်ရောက်ရမည့် မြို့နယ်အဆင့် ဆွေးနွေးပွဲ(၃)ဆိုင်ရာများကို ကျောင်းအုပ်စုမှူး ဦးမြင့်ဝင်းလှက ရှင်းလင်းပြောကြားပြီး နေ့လည်(၁၂)နာရီမှာပင် ဆွေးနွေးပွဲအခမ်းအနားပြီးမြောက်စေခဲ့ပါကြောင်း သိရှိရပါတယ်။

သတင်းပေးပို့သူ။        ။ မြတ်မျိုးမြင့်မာန်

သတင်းဓါတ်ပုံများကိုကြည့်ရန်

Sunday, August 26, 2012

အမက-နမ့်လုတ် မိုင်းဖုန်း(ခ)အုပ်စု၊ တာချီလိတ်မြို့နယ်၌ သြဂုတ်လ(၂၅)ရက်နေ့ နံနက်(၈း၃၀)တွင် ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ မိုင်းဖုန်း(ခ) ကျောင်းအုပ်စုမှူး ဝှေလေလန်(မူလွန်) ကျောင်းအုပ်ဆရာကြီးနှင့် အုပ်စုဝင်မူလွန်(ပါခုတ်)နှင့် အမကကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ နမ့်လုတ်အာခါရွာမှ ကျေးရွာသူကြီးနှင့် ဒုသူကြီးများ၊ ဆယ်အိမ်မှူးများ၊ ကျောင်းအကျိုးဆောင်ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မိဘဆရာအသင်း အလုပ်အမှုဆောင်များတက်ရောက်ခဲ့ပါသည်။




အစည်းအဝေးကျင်းပရခြင်းမှာ ပညာရေးဝန်ကြီးဌာန အမှတ်(၂)အခြေခံပညာဦးစီးဌာန၏ အမိန့်အရ နမ့်လုတ်ကျေးရွာမှ တာဝန်ခံကျောင်းအုပ်ဖြစ်သူ ဒေါ်စန်းစန်းဝင်းအား ဩဂုတ်လ(၁)ရက်နေ့မှ စတင်အလုပ်ဝင်၍ မူလတန်းကျောင်းအုပ်ဆရာမကြီးအဖြစ်ရာထူးတိုးမြှင့်ခန့်ထားခြင်းနှင့်ပတ်သက်၍ အုပ်စုမှူးမှ ဒေသနှင့်ကျောင်း ပညာရေးဝန်ထမ်းများအကြား ပိုမိုတိုးတက်သော အခြေအနေများရရှိစေရေးအတွက် လာရောက်ပေါင်းစပ်ညှိနှိုင်း ကူညီပံ့ပိုးပေးခြင်းဖြစ်ပါသည်။


အမက-နမ့်လုတ်မှာ အိမ်ခြေ(၁၀၀)၀န်းကျင်ရှိသောအာခါကျေးရွာငယ်မှကျောင်းသားကျောင်းသူများ တက်ရောက်ပညာဆည်းပူးနေသောကျောင်းဖြစ်ပါသည်။ ပညာရေးဝန်ကြီးဌာနက အခြေခံပညာမူလတန်းကျောင်းအားလုံးတွင် မူလတန်း ကျောင်းအုပ်ကြီးများ အပြည့်အ၀ခန့်ထားရေးအတွက်
ဆောင်ရွက်လျက်ရှိပြီး အရည်အချင်းစီစစ်၍ တာဝန်ခံကျောင်းအုပ်(မူပြ/လယ်ပြ)များအား မူလတန်းကျောင်းအုပ်ကြီးများအဖြစ်ရာထူးတိုးမြှင်ပေးခြင်းဖြစ်ပါသည်။
ကျောင်းအုပ်ကြီးများ ကျောင်းတိုင်းတွင် ခန့်ထားနိုင်ပါက ပညာရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်အောင်မြင်နိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။


အလားတူ (၁၈.၈.၂၀၁၂)ရက်နေ့ကလည်း အမက-၀မ်မိုင် ၊မိုင်းဖုန်း(ခ)အုပ်စု၊ တာချီလိတ်မြို့နယ်တွင် တာဝန်ခံ(အလယ်တန်းပြ)ဖြစ်သူ ဒေါ်ယဉ်ယဉ်နွဲ့အား အမက-၀မ်မိုင်လွှမ်းခြုံကျေးရွာများမှတာဝန်ရှိသူများနှင့် ပညာရေးဝန်ထမ်းများအကြား ပိုမိုတိုးတက်သောအခြေအနေများ ရရှိပြီး ကျောင်းသားကျောင်းသူများ၏ ပညာရည်မြင့်မား ရေးဦးတည်လျှက် မိုင်းဖုန်း(ခ) ပညာရေးအုပ်စုမှူး၊
ဝှေလေလန်(မူလွန်)ကျောင်းအုပ်ဆရာကြီးမှ ပေါင်းစပ်ညှိနှိုင်းကူညီ ပေးခဲ့ကြောင်းသိရှိရပါသည်။
သတင်းပေးပို့သူ။ ။ မြတ်မျိုးမြင့်မာန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net