Latest News

Dropdown Menu

Showing posts with label NLD. Show all posts
Showing posts with label NLD. Show all posts

Monday, October 28, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကျင်းပပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း သိကောင်းစရာများ ရှင်းလင်းဟောပြောပွဲကို ၂၀၁၃ခုနှစ် အောက်တိုဘာလ ၂၈ရက် နံနက် ၉နာရီခွဲမှ နေ့လည် ၁နာရီအချိန်ထိ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပပြုလုပ်ရာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များ နှင့် ပါတီဝင်များ အပါအ၀င် ဧည့်သည်တော် ၃၀၀ ကျော်ခန့် တက်ရောက်လာခဲ့ကြပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်လိုသူ ၂၈၅ ဦး နှင့် အသစ်ရေးဆွဲလိုသူ ၁၅ ဦးရှိကြောင်း သိရသည်

အဆိုပါ ရှင်းလင်းဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ် သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်၊ ရှမ်းပြည်နယ် ဥက္ကဌ ဒေါ်ခင်မိုးမိုး၊စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင် ဒေါ်မီးမီး တို့နှင့် ကျိုင်းတုံမြို့မှ ပါတီဝင်များအပြင် တာချီလိတ်ခရိုင်အတွင်းရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်လာခဲ့ကြောင်း သိရသည်။


ဟောပြောပွဲ၌ ဒေါ်ခင်မိုးမိုးက အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီမှ ရှမ်းပြည်နယ်ရှိ ခရိုင် ၁၃ခရိုင်ကို လှည့်လည်၍ ပြည်သူ့ဆန္ဒကို ကောက်ခံရမှာဖြစ်ရာ ယခုအခါမှာ တာချီလိတ်ခရိုင်သည် လှည့်လည် ဆန္ဒကောက်ခံမှု ခရီးစဉ်၏ ၉ ခရိုင်မြောက် ဖြစ်ကြောင်း၊ ပြည်သူ့ဆန္ဒသဘောတရားကို ပါတီ ဗဟို ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ထံ နိုဝင်ဘာလ ၁၅ ရက် နောက်ဆုံးထား တင်ပြရမှာဖြစ်တာကြောင့် ၁၃ခရိုင်လုံးကို အောက်တိုဘာလကုန်အပြီး ကောက်ခံမည်ဖြစ်ကြောင်း ကနဦး ရှင်းလင်းပြောကြားသွားသည်။

ယင်းနောက် ဟောပြောပွဲတွင် ဦးဆောင်ဆွေးနွေး ဟောပြောသူ  ဦးထွန်းထွန်းဟိန်က လွှတ်တော်တွင် ပြည်သူများအနေဖြင့် ၁၀၀ ရာခိုင်နှုန်း အပြည့်အ၀ မရရှိပဲ ၂၅ ရာခိုင်နှုန်းကို တပ်မတော်က ရယူထားတာနဲ့ ပတ်သက်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်အသီးသီးမှာ နေရာယူထားတာဟာ စစ်မှန်တဲ့ ပါတီစုံ ဒီမိုကရေစီ စနစ်နဲ့ မကိုက်ညီကြောင်း၊ ရှေ့နောက်မညီသည့် ဥပဒေများအကြောင်း၊ ယခုဖွဲ့စည်းပုံ အခြေခံဥပဒေသည် One Man Show ဥပဒေ သဖွယ်ဖြစ်နေကြောင်း နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်များနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။

ဟောပြောမှုအပြီးတွင် တက်ရောက်လာသည့် နိုင်ငံရေး ပါတီများ၊ ပါတီဝင်များ နှင့် ဧည့်သည်တော်များက မိမိတို့၏ ဆန္ဒသဘောတရားကို ထုတ်ဖော်ပြောကြား မေးမြန်းဆွေးနွေးကြပြီးနောက် ဦးထွန်းထွန်းဟိန်မှ အဆိုပါ ဆွေးနွေးမေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့သည်။

ဆွေးနွေးမှုအပြီးမှာ တက်ရောက်လာသည့် ဧည့်သည်များအား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်လိုသူ နှင့် အသစ်ပြန်လည်ရေးဆွဲလိုသူများ ရှိပါက လက်ထောင်၍ ဆန္ဒပြုရန် တောင်းဆိုသည့်အခါမှာ အခြေခံ ဥပဒေအား ပြင်ဆင်လိုသူ ၂၈၅ ဦး နှင့် အသစ်ပြန်လည်ရေးဆွဲလိုသူ ၁၅ ဦး ရှိကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီတွင် ဦးထွန်းထွန်းဟိန်၊ ဦးအောင်သိန်း၊ ဦးကျော်ဟိုး၊ ဦးကြည်ဝင်း ( လပွတ္တာ )၊ ဦးမောင်ဖေတင်၊ ဦးကိုနီ၊ ဦးဌေးဦးတို့ ပါဝင်ကြပြီး  ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီအား ၂၀၁၃ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က ဖွဲ့စည်းထားတာဖြစ်ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
တာချီလိတ် NLD မှ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း ရှင်းလင်းဟောပြော
57 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Friday, September 27, 2013

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တည်ထောင်ခြင်း ၂၅နှစ်မြောက် ငွေရတုအထိမ်းအမှတ်အဖြစ် အခမ်းအနားအား တာချီလိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ စက်တင်ဘာလ ၂၇ ရက် နံနက်ပိုင်းက ပြုလုပ်ကျင်းပခဲ့ပြီးနောက် ပါတီဝင်များမှ စုပေါင်း၍ သွေးလှူမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ငွေရတုအထိမ်းအမှတ် အခမ်းအနားအား ကျင်းပရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏   ပြည်နယ်တွဲဖက်အတွင်းရေးမှူး ဦးတင်မြင့်ဝင်းမှ ငွေရတုအခမ်းအနား ဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားသွားခဲ့ပြီး အဖွဲ့ချုပ်နာယက ဖြစ်သူ ဦးတင်ဦးမှ ပေးပို့လာသော သ၀ဏ်လွှာအား မြို့နယ် ဥက္ကဌ ဦးဌေးဝင်းမှ ဖတ်ကြားခဲ့သည်။ ယင်းနောက် ဗဟိုကော်မတီဝင် တာချီလိတ်ခရိုင် ဥက္ကဌ ဦးစိုင်းစွံဆိုင်းမှ သွေးလှူရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသွားခဲ့ကြောင်း သိရသည်။


အခမ်းအနားပြီးမြောက်ပြီးနောက် ပါတီဝင်များက တာချီလိတ်မြို့ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ သွေးလှူဒါန်းမှူများပြုလုပ်ကြသည်။

"သွေးလှူမဲ့ ပါတီဝင်တွေ စာရင်းပေးထားတာ အယောက် ၇၀ ကျော်ပေမဲ့လည်း ဆေးရုံမှာ လှူဒါန်းထားတဲ့ သွေးအိတ်တွေကို သိမ်းဆည်းနိုင်ဖို့ အအေးစက်ရဲ့ အခက်အခဲကြောင့် ပါတီဝင် ၁၈ ဦးပဲ သွေးလှူဖြစ်ခဲ့ကြပါတယ်"ဟု ပါတီဝင်တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

ယင်းနောက် ငွေရတုအထိမ်းအမှတ်အဖြစ်  တာချီလိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အောက်တိုလတွင် ပြုလုပ်မည်ဖြစ်သော သက်ကြီးရွယ်အိုဘိုးဘွားများအား ပူဇော်ကန်တော့ပွဲနေ့အတွက် အလှူငွေ ကျပ်တစ်သိန်း လှူဒါန်းမှာဖြစ်ကြောင်းလည်း သိရှိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Sunday, September 22, 2013

စက်တင်ဘာလ ၂၇ရက်နေ့တွင် ကျရောက်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၂၅နှစ်မြောက် ငွေရတုအထိမ်းအမှတ် အခမ်းအနားအား ကျင်းပနိုင်ရေးအတွက် တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ စက်တင်ဘာလ ၂၃ရက်၊ နံနက် ၁၀နာရီအချိန်က အစည်းအဝေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။



အဆိုပါ အစည်းအဝေးတွင် အဖွဲ့ချုပ်အဖွဲ့ဝင်အများစု၏ သဘောဆန္ဒအရ ထိုနေ့ နံနက် ၉နာရီတိတိတွင် ရုံးခန်းမဆောင်၌ အခမ်းအနားကျင်းပပြီး တာချီလိတ်မြို့ ပြည်သူ့ဆေးရုံသို့ စုပေါင်းသွေးလှူပွဲ ကျင်းပပြုမည်ဖြစ်ကြောင်းနှင့် အခမ်းအနားတွင် တာချီလိတ်ရှိ ပြည်သူများမှလည်း မည်သူမဆို အဆိုပါ စုပေါင်း သွေးလှူဒါန်းပွဲတွင် ပါဝင်ကုသိုလ်ယူ၍ လှူဒါန်းနိုင်ကြောင်းလည်း သိရှိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Friday, August 23, 2013

တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ မြတ်လေးလမ်းရှိ တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ သြဂုတ်လ ၂၃ရက်နေ့ နံနက် ၁၀နာရီမှ ညနေ ၄နာရီ ၄၀ မိနစ်အချိန်ထိ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့ရုံးချုပ်မှ စီမံကိန်းမန်နေဂျာ ဦးမောင်မောင်လေးနှင့် အဖွဲ့မှ လူ့အခွင့်ရေးအလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ရာ ဆွေးနွေးပွဲတွင် ပြည်နယ် NLD အတွင်းရေးမှူး ဦးတင်မြင့်ဝင်း၊ တာချီလိတ်ခရိုင် NLD ဥက္ကဌ ဦးစိုင်းစွံဆိုင်း၊ မြို့နယ် NLD ဥက္ကဌ ဦးဌေးဝင်းနှင့် ပါတီဝင်များအပါအ၀င်
အဆိုပါဆွေးနွေးပွဲအား စိတ်ပါဝင်စားသူ ၄၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် ပြည်နယ် NLD အတွင်းရေးမှူး ဦးတင်မြင့်ဝင်းက လူ့အခွင့်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီး လူ့အခွင့်ရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဆက်ဆံရေး တာဝန်ခံ ဦးအောင်ဇော်ဦးမှ "လူ့အခွင့်ရေးဆိုတာဘာလဲ"ခေါင်းစဉ်အား လည်းကောင်း၊ စီမံကိန်းမန်နေဂျာ ဦးမောင်မောင်လေးမှ "လူ့အခွင့်ရေးတွေ ဘာကြောင့် ပေါ်ပေါက်လာသလဲ”၊ “လူ့အခွင့်ရေးကို ဘာကြောင့်ချိုးဖောက်ကြသလဲ”၊ “ကလေးစစ်သားအဖြစ် အသုံးပြုခြင်း”၊ “လယ်ယာမြေ သိမ်းဆည်းခံရခြင်းဖြစ်စဉ်”၊  “နိုင်ငံရေး သမားရဲ့အခွင့်အရေး”စသည့် ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ရုံးအဖွဲ့မှူး ဦးလင်းနိုင်မှ “လူ့အခွင့်ရေးချိုးဖောက်မှုဆိုတာ ဘာလဲ” ခေါင်းစဉ်အား လည်းကောင်း ဆွေးနွေးပြီး၊ ရုံးအဖွဲ့မှူး ဦးမောင်မောင်လေး က နိဂုံးချုပ် ကျေးဇူးတင်စကား ပြောကြားပြီးနောက် ပြည်နယ် NLD အတွင်းရေးမှူး ဦးတင်မြင့်ဝင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စား ကျေးဇူးတင် နှုတ်ဆက်စကားပြောကြားကာ ဆွေးနွေးပွဲအား ပြီးဆုံးခဲ့ကြောင်း သိရှိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Tuesday, August 20, 2013

တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ရန်ကုန်မြို့မှ ရောက်ရှိလာသည့် စာရေးဆရာ သက်ပိုင်ထွန်းသည် သြဂုတ်လ ၂၀ ရက်၊ ည ၇ နာရီခန့်က ဒီမိုကရေစီ၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် နိုင်ငံရေးအသိအမြင်များကို ဆွေးနွေးဟောပြောသွားခဲ့ရာ ဒီမိုကရေစီသည် လွတ်လပ်စွာ နေထိုင်ခွင့်နှင့် လွတ်လပ်စွာ ရေးသားပိုင်ခွင့် ဆိုသည့် ဖွင့်ဆိုချက် နှစ်ခုတည်းမဟုတ်ကြောင်း နှင့် ဘေးထိုင်ဘုပြော၍ မပြီး မိမိကိုယ်တိုင် နိုင်သည့်ဝန်ကို ၀င်ရောက်ထမ်းရွက်နိုင်မှလည်း နည်းလမ်းကျမည် ဖြစ်ပါကြောင်း စသည်ဖြင့် ရှင်းလင်း ဟောပြောသွားခဲ့ကြောင်း သိရသည်။



အဆိုပါ ဟောပြောပွဲ၌ တာချီလိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ အဖွဲ့ဝင်မဟုတ်သော ဧည့်သည်တော်များ တက်ရောက် နားဆင် မှတ်သားကြသည်ကို တွေ့ရှိရသည်။


Sunday, August 18, 2013

တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များသည်  တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲ၊နားယောင်းကျေးရွာအုပ်စု၊ ဟွေခိုက်ကျေးရွာရှိ ပါတီဝင်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများအား သြဂုတ်လ ၁၈ရက်၊ နေ့လည်ပိုင်းက သွားရောက်တွေ့ဆုံခဲ့ကြကြောင်း သိရသည်။


"ကျွန်တော်တို့  နားယောင်းကို သွားတဲ့ ကိစ္စကတော့ ပါတီဝင်တွေနဲ့ ကျေးရွာသူ၊ ကျေးရွာသားတွေရဲ့ အခြေအနေတွေကို သိချင်လို့ သွားတဲ့သဘောပါ၊ ဟိုရောက်တော့ ရွာသားတွေအနေနဲ့ မြေပိုင်ဆိုင်မှု ကိစ္စတွေကို တင်ပြလာတာတွေ ရှိပါတယ်"ဟု တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးခင်မောင်တင့်က တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။


၎င်းတို့ တွေ့ဆုံရာတွင် အဆိုပါကျေးရွာရှိ ပါတီဝင်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများက ကျေးရွာအတွင်း လိုအပ်ချက်များနှင့် လယ်ယာမြေကိစ္စရပ်များ၊ သတ္တုတူးဖော်ရေး လုပ်ငန်း ကိစ္စရပ်များအပြင် အခြားကိစ္စရပ်များအား ဆွေးနွေးတင်ပြလာခဲ့ကြကြောင်း သိရသည်။

"ခေါင်းမှာ အမြီးလိုမျိုးထားပြီး ဆံပင်တကွက်လောက် ရှည်နေတာ ၁၀ နှစ်လောက်ရှိပြီ သူ့ခေါင်းကို သွားကိုင်ရင် ခေါင်းမူးတယ်လို့ ပြောတဲ့ ရွာသားတစ်ဦးကို ထူးခြားမှုအနေနဲ့လည်း တွေ့ခဲ့ရသေးတယ်"ဟု ဦးခင်မောင်တင့်မှ ဆက်လက်ပြောပြသည်။

Wednesday, June 19, 2013

ဇွန်လ(၁၉)ရက်နေ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ (၆၈)နှစ်မြောက် မွေးနေ့ဖြစ်ရာ တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်၏ (၆၈)နှစ်မြောက် မွေးနေ့အား ဂုဏ်ပြုသည့်အနေဖြင့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် တာချီလိတ်မြို့နယ်အတွင်းမှ ကျောင်းသား ကျောင်းသူ(၉၂)ဦးတို့အား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ယနေ့ နံနက်(၈)နာရီက ပြုလုပ်ကျင်းပခဲ့ကြသည်။


၂၀၁၂-၂၀၁၃  ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများမှာ အ.ထ.က(တာချီလိတ်)မှ (၂၀)ဦး၊
အ.ထ.က(ဆန်ဆိုင်း)မှ (၇)ဦး၊ အ.ထ.က(ဟောင်လိတ်)မှ (၃)ဦး၊ အ.ထ.က(မိုင်းကိုး)မှ (၇)ဦး၊ အ.ထ.က(တာလေ)မှ (၁၀)ဦးနှင့် အပြင်ဖြေ ဘော်ဒါဆောင်များအနေဖြင့် မီးအိမ်သစ်၊ ပျိုးခင်း၊ ပန်းတိုင်၊ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း နှင့် ပညာရောင်ခြည်တို့မှ (၄၅)ဦး စုစုပေါင်း ကျောင်းသား/သူ (၉၂)ဦးတို့အား ဂုဏ်ပြုဆုများချီးမြှင့်ကြရာ ဂုဏ်ပြုမှတ်တမ်းလွှာအပါအ၀င် (၅)ဘာသာ ဂုဏ်ထူးရှင်အား ကျပ်(၁)သိန်း၊ (၃)ဘာသာ ဂုဏ်ထူးရှင်အား ကျပ်(၄)သောင်း၊ (၁)ဘာသာ ဂုဏ်ထူးရှင်အား ကျပ်(၂)သောင်း အသီးသီး ချီးမြှင့်ကြပြီး ကျန်ကျောင်းသား/သူများကို ဂုဏ်ပြုလွှာနှင့် လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ထိုသို့ ဆုများပေးအပ်ချီးမြှင့်ရာမှာ တာချီလိတ်မြို့နယ် ကော်မရှင် ဥက္ကဌ ဦးစိုင်းမုတ်နွန်း နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်နယ်တွဲဘက် အတွင်းရေးမှူး ဦးတင်မြင့်ဝင်း၊ ပြည်နယ်အဖွဲ့ဝင် ဦးစိုင်းဆိုင်တွီ၊ ခရိုင် ဥက္ကဌ ( ဗဟိုကော်မတီဝင် )ဦးစိုင်းစွံဆိုင်း၊ မြို့နယ် ဥက္ကဌ ဦးဌေးဝင်း၊ မြို့နယ် ဒု-ဥက္ကဌ ဦးစိုင်းလုံစံခတ်၊ မြို့နယ်အတွင်းရေးမှူး ဦးခင်မောင်တင့်၊ မြို့နယ်တွဲဘက် အတွင်းရေးမှူး ဦးဝင်းစွမ်  မြို့နယ် ဘဏ္ဍာရေးမှူး ဦးစိုင်းခမ်းလျှန်၊ ရန်ကုန်တိုင်းဒေသကြီး ဒု-ဥက္ကဌ (ပညာရေးကွန်ယက်အဖွဲ့ဝင်၊ ဗဟိုသတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင်၊ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း သင်ကြားရေး ဌာနမှူး ) Dr.Bio (ခ) ဒေါက်တာ စိုးဝင်းဦး၊ ပုန်းထွန်ကျောင်းအုပ်ဟောင်း ဦးမောင်ငယ်၊ ဦးထွန်းနေဦး(ဟိုတယ်တာချီလိတ်)၊ ဦးမြင့်ဦး(မြင့်ဦးအောင် သတ္တုတူးဖော်ရေး)၊ တို့မှ ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။

ထူးချွန်ကျောင်းသား ကျောင်းသူများကို ဆုများချီးမြှင့်ပြီးနောက် ၎င်းတို့ပါတီအား အဖက်ဖက်မှ စွမ်းစွမ်းတမံ တက်ကြွစွာ ပါဝင်ပံ့ပိုးကူညီပေးခဲ့သူများအဖြစ် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ရာ ခရိုင်ဥက္ကဌ ဦးစိုင်းစွံဆိုင်းမှ လူမှုရေးအသင်းအဖွဲ့များ၊ သတင်းမီဒီယာများ နှင့် စီးပွားရေးလုပ်ငန်းရှင်များအား ပေးအပ်ခဲ့သည်။

မိုင်းဖြတ်မြို့တွင် ချို့တဲ့စွာပညာသင်ကြားရပြီး (၅)ဘာသာဂုဏ်ထူးရ ထူးချွန်ကျောင်းသားကိုလည်း တာချီလိတ်ခရိုင်/မြို့နယ် NLD အနေဖြင့် သွားရောက်ကာ ယခုကဲ့သို့ ဂုဏ်ပြုဆုချီးမြှင့်ရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
အမေစု၏မွေးနေ့မှာ တာချီလိတ်NLDမှ ထူးချွန်ကျောင်းသားများအားဂုဏ်ပြု
149 photos


Wednesday, June 12, 2013

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲ နားဟိုင်းလုံကျေးရွာမှ လယ်သမားများသည် တောင်ပေါ်ရွှေတူးဖော်လုပ်ကွက်များမှ  စီးဆင်းလာသော ရေနှင့်သဲများ စိုက်ပျိုးလယ်မြေများသို့ ၀င်ရောက် အနည်ထိုင်မှုကြောင့် စိုက်ပျိုးရန် အခက်အခဲဖြစ်နေကြောင်းကို  နေပြည်တော်အထိ တိုင်စာပေးပို့ထားသည့် ကိစ္စနှင့်ပတ်သက်၍ တာချီလိတ်ခရိုင်/မြို့နယ် အဆင့်ရှိ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ တာချီလိတ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကော်မတီဝင်များမှလည်း အဆိုပါကျေးရွာသို့ ပူးပေါင်းလိုက်ပါလာပြီး နှစ်ဦ်းနှစ်ဖက် ပြေလည်စေရန် ညှိနှိုင်းပေးရန်အတွက်  ဇွန်လ(၁၂)ရက်နေ့က သွားရောက်ခဲ့ကြကြောင်းသိရသည်။


ထိုသို့ ညှိနှိုင်းပေးရာမှာ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ အပါအ၀င် တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုကော်မတီဝင် တာချီလိတ်ခရိုင် ဥက္ကဌ ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်အဖွဲ့ဝင် ဦးစိုင်းဆိုင်တွီ၊ မြို့နယ် ဥက္ကဌ ဦးဌေးဝင်း၊ ဒု-ဥက္ကဌ ဦးစိုင်းလုံစံခတ်၊ မြို့နယ်အတွင်းရေးမှူး ဦးခင်မောင်တင့်၊ တွဲဖက်အတွင်းရေးမှူး ဦးဝင်းစွမ်၊ ရုံးအဖွဲ့မှူး ဦးဝင်းမောင် နှင့် တာလေမြို့နယ်ခွဲမှ အဖွဲ့ချုပ်အဖွဲ့ဝင်များပါဝင်ကြပြီး ကျေးရွာသူ/သား လယ်သမားတို့ အချိန်(၄) နာရီခန့်ကြာမြှင့်စွာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

တွေ့ဆုံညှိနှိုင်းကြရာမှာ အောက်ပါ အချက်(၁၁)ချက်ကို ဆွေးနွေးခဲ့ကြသည်။

၁) တောင်သူလယ်သမားများမှ ကုမ္ပဏီ၏ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုနှင့်ပတ်သက်၍ လာရောက်တင်ပြလာပါက ကုမ္ပဏီအနေဖြင့် ချက်ချင်းလိုက်ပါဆောင်ရွက်ပြီး ဖြေရှင်းပေးရန်။

၂) လယ်ဧကအား တိကျစွာ တိုင်းတာပေးရေး၊ မြေစာရင်းဦးစီးဌာနမှ ဆောင်ရွက်ပေးရန်နှင့် ရွာသူ/သားမျာမှ အချိန်နှင့်တပြေးညီ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန်။

၃) နုန်းတားဆည်အား ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းတည်ဆောက်ပေးရန်နှင့် လယ်များအတွင်းသို့ ရေသွင်းမြောင်းများအား ရေစီးဆင်းမှုမှန်ကန်စေရေးအတွက် ယခင်မူလပုံစံအတိုင်း တူးဖော်ပေးရန်။

၎) ၂၀၁၃ခုနှစ် စိုက်ပျိုးရာသီအတွင်း စိုက်ပျိုးနိုင်ရေး၊ နုန်းမြေများအား လယ်မြေများအတွင်းမှ ဖယ်ရှားပေးရန်၊ အချိန်မမီသော လယ်မြေများအား နောက်နှစ်စိုက်ပျိုးရာသီအထိ ဆက်လက်ဖယ်ရှားပေးရန်။

၅) ယခုနှစ်အချိန်မီ၍ စိုက်ပျိုးသော လယ်မြေ၏ စပါးအထွက်နှုန်းနှင့်ပတ်သက်၍ ယခင်ထွက်နှုန်းနှင့် နှိုင်းယှဉ်ကာ ပေးလျှော်ရန်နှင့် လုံးဝမစိုက်ပျိုးနိုင်သည့် လယ်ယာမြေပြုပြင်မှု အချိန်မမီသော လယ်မြေများအတွက် အထွက်နှုန်းအတိုင်း ပေးလျှော်စေရေး၊ ကုမ္ပဏီမှ တာဝန်ယူရန်။
 ( သဘာဝဘေးဒဏ်ကြောင့် ပျက်စီးက ကုမ္ပဏီတွင် တာဝန်မရှိပါ)

၆) ရေချောင်းအတွင်း တပ်ဆင်ထားရှိသည့် ကျေးရွာအိမ်သုံး ရေအားလျှပ်စစ် ဒိုင်နိမိုများအား သုံးစွဲ၍ မရနိုင်တော့သဖြင့် နေရောင်ခြည်သုံး လျှပ်စစ်ဆိုလာပြားများအား နစ်နာသူများ၏ နေအိမ်၌ ကုမ္ပဏီမှ အစားထိုး တပ်ဆင်ပေးသွားရန်။

၇) သဘာဝဘေးဒဏ်ကြောင့် လယ်ယာမြေပျက်စီးဆုံးရှုံးပါက အစိုးရဌာနများနှင့် ကုမ္ပဏီများမှ လူမှုရေးရှုဒေါင့်မှ ကူညီဆောင်ရွက်ပေးသွားရန်။

၈) ကုန်းမြင့်လယ်ယာအား စိုက်ပျိုးနိုင်ရေးနှင့် ရေသွင်းယူနိုင်ရေးအတွက် ဆည်မြောင်းဦးစီးဌာန၏ အကြံဥာဏ်ရယူ၍ ကုမ္ပဏီမှ ပြုပြင်ပေးရန်။

၉) ကုမ္ပဏီမှ စွန့်ပစ်ပစ္စည်းများအား စနစ်တကျစွန့်ပစ်ရေး တာဝန်ယူဆောင်ရွက်ပေးရန်။

၁၀) ကုမ္ပဏီမှ လုပ်ငန်းဆောင်ရွက်နေစဉ် ကာလပတ်လုံး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး ကဏ္ဍများတွင် ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်။

၁၁) နောက်နှစ်များတွင်လည်း တောင်သူလယ်သမားများ၏ နစ်နာမှုနှင့် ပတ်သက်၍ လုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် ကုမ္ပဏီတို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရန်နှင့် ကုမ္ပဏီရုတ်သိမ်းသွားသည့်နှစ်တွင်လည်း ရွာသူရွာသားများ၏ စိုက်ပျိုးမှု နစ်နာမှု မရှိစေရေးအတွက် ကုမ္ပဏီမှ လိုအပ်ချက်များအား ပြုပြင်ပေးသွားရန်။

အထက်ပါအချက်(၁၁)ချက်ကို သဘောတူညီကြောင်း သက်ဆိုင်ရာများ၊ ကုမ္ပဏီများနှင့် လယ်သမားများအပါအ၀င် (၁၃)ဦးတို့က လက်မှတ်ရေးထိုး သဘောတူညီခဲ့ကြသည်။

ပုံများကိုကြည့်ရန်
နားဟိုင်းလုံ လယ်သမားများ အချက် ၁၁ချက်ဖြင့် သဘောတူညီလက်မှတ်ရေးထိုး
35 photos

Sunday, June 2, 2013

တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲမှာရှိသည့် နားဟိုင်းလုံကျေးရွာမှ လယ်သမားများသည် တောင်ပေါ်ရွှေတူးဖော်လုပ်ကွက်များမှ  စီးဆင်းလာသော ရေနှင့်သဲများ စိုက်ပျိုးလယ်မြေများသို့ ၀င်ရောက် အနည်ထိုင်မှုကြောင့် စိုက်ပျိုးရန် အခက်အခဲဖြစ်နေကြောင်းကို  နေပြည်တော်အထိ တိုင်စာပေးပို့ထားသည့် ကိစ္စနှင့်ပတ်သက်၍ နှစ်ဦ်းနှစ်ဖက် ပြေလည်စေရန်အတွက် သွားရောက်စုံစမ်း စစ်ဆေးမှုများကို ပြုလုပ်ရာ တာချီလိတ်ခရိုင်/မြို့နယ် အဆင့်ရှိ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ တာချီလိတ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကော်မတီဝင်များမှလည်း အဆိုပါကျေးရွာသို့ ပူးပေါင်းလိုက်ပါလာပြီး လယ်ကွင်းတွေထိ ကွင်းဆင်း ကြည့်ရှု့စစ်ဆေးမှုများကို ဇွန်လ(၁)ရက်နေ့က ပြုလုပ်ခဲ့ကြကြောင်းသိရသည်။


ယခုအကြိမ်မတိုင်မီက ဌာနဆိုင်ရာနှင့် တာဝန်ရှိသူများမှ လိုအပ်သော ကွင်းဆင်း စစ်ဆေးစုံစမ်း ညှိနှိုင်းပေးမှုများ အကြိမ်အကြိမ် ပြုလုပ်ပြီးဖြစ်သော်လည်း ပြေလည်မှုမရရှိသေး၍ လယ်သမားများနှင့်လုပ်ငန်းရှင်တို့ နှစ်ဦးနှစ်ဖက် နစ်နာမှုမရှိစေလိုတဲ့အတွက် ယနေ့မှာ ဌာနဆိုင်ရာများနှင့် တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီပါတီမှ ကော်မတီဝင်များက ထပ်မံကွင်းဆင်းခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းမှုများပြုလုပ်ရာမှာ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး  ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် လယ်ယာမြေနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာ အကြီးအကဲများ အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်နယ်တွဲဖက်အတွင်းရေးမှူး ဦးစိုင်းတင်မြင့်ဝင်း၊ ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုင်းဆိုင်တွီ၊ ခရိုင်အတွင်းရေးမှူး ဦးရဲနီထွန်း၊ တာချီလိတ် မြို့နယ် ဥက္ကဌ ဦးဌေးဝင်း၊ ဒု-ဥက္ကဌ ဦးစိုင်းလုံစံခတ်၊ အတွင်းရေးမှူး  ဦးခင်မောင်တင့်အပါအ၀င် (၇)ဦး နှင့် တာလေမြို့နယ်ခွဲရှိ NLD ပါတီ ဥက္ကဌ နှင့် အတွင်းရေးမှူးတို့အပြင် လယ်သမားများနှင့်အတူ စိုင်းတစ် သတ္တုတူးဖော်ရေးကုမ္ပဏီမှ အုပ်ချုပ်မှူ ဒါရိုက်တာ ဦးစိုင်းတစ်  လည်း လိုက်ပါလာခဲ့ကြသည်။

အဆိုပါအဖွဲ့တို့သည် ရွာသူ ရွာသားများမှ လိုက်လံပြသသော စိုက်ပျိုးရန် အခက်အခဲ ဖြစ်ပေါ်နေသည့် စိုက်ပျိုးလယ်မြေများနှင့် စိုက်ပျိုးရေရယူသည့် ချောင်း/မြောင်းများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြပြီး အချိန် (၁)နာရီ(၁၅)မိနစ်ခန့် ကြာမြင့်စွာ ချုံနွယ်များ၊ ရေချောင်းများအား ခက်ခဲစွာ ဖြတ်သန်းသွားလာ ကြည့်ရှု့ခဲ့ရကြောင်း အဆိုပါ ကွင်းဆင်းမှုသို့ လိုက်ပါသူ အဖွဲ့ဝင်တစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

ယခင်နှစ်က လယ်ယာပျက်စီးမှုနှင့် ပတ်သက်၍ ကုမ္ပဏီဘက်မှ နစ်နာကြေးပေးခဲ့သော်လည်း ဒေသနေပြည်သူများ၏ အကျိုးစီးပွားကို အပြည့်အ၀ ထောက်ပံ့ပေးနိုင်မှုမရှိခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများလာနိုင်ခြင်း၊ စိုက်ပျိုးရေးကို အဓိက အားထားရသော လယ်သမားများအနေဖြင့် ရေရှည်တွင် ရပ်တည်ရန် ခက်ခဲလာနိုင်ခြင်းတို့ကြောင့် ရွှေလုပ်ကွက်နေရာများအား ရပ်တန့်၍ အခြားနေရာသို့ ရွေ့ပြောင်းပေးရန် လယ်သမားများမှ လက်မှတ်ရေးထိုးကာ တိုင်စာကို ပေးပို့ခဲ့ကြတာဖြစ်ကြောင်း အဆိုပါကျေးရွာရှိ လယ်သမားတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

လယ်သမားများ၏ ပြောဆိုချက်အရ ရွှေတူးဖော်သည့် လုပ်ကွက်မှ စီးဆင်းလာသော ရေများနှင့် နှုန်းတင်မှုများကြောင့် လယ်မြေများ ပျက်စီးခဲ့ရပြီး တစ်ခါတစ်ရံ ငါးများ သေဆုံးကြောင်း နှင့် ယခင်က ၎င်းတို့ တစ်ပိုင်တစ်နိုင် အသုံးပြုနေလျှက်ရှိသည့် ရေအားလျှပ်စစ် ဒိုင်နမို (၂၁)လုံးမှာလည်း ယခုအခါမှာ ရေချောင်းများ တိမ်ကောမှု နှင့် ရေစီးရေလာနည်းပါးမှုတို့ကြောင့် အသုံးပြု၍ မရတော့ကြောင်း သိရှိရသည်။

လယ်သမားများနှင့် နားဟိုင်းလုံကျေးရွာရှိ မူလတန်းကျောင်း၌ တွေ့ဆုံဆွေးနွေးစဉ် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ "လယ်ဧက အမှန်သိရှိစေရန်အတွက် မြေစာရင်းနှင့် ပြန်လည်တိုင်းတာစစ်ဆေးပေးမည်ဖြစ်ပြီး လာရောက်တိုင်းတာတဲ့အခါမှာလည်း လယ်သမားများအနေဖြင့် မိမိတို့ လယ်မြေများကို ကျန်ခဲ့တာများ မရှိရန်အတွက် လိုက်ပြပေးဖို့လိုကြောင်း၊ လယ်သမားတွေဘက်ကလည်း ကိုယ်ခံစားခဲ့ရတာတွေ၊ နစ်နာခဲ့ရတာတွေကို မှန်မှန်ကန်ကန်ပြောပြစေလိုကြောင်း၊ အပြန်အလှန်ဆွေးနွေးရာမှာလည်း မဖြစ်နိုင်တာကိုမပြောဆိုလိုပဲ သဘာဝကျကျ စကားလုံးများကိုသာပြောကြားစေလိုကြောင်း၊ ခုလို အဖွဲ့ပေါင်းစုံက လာရောက်တယ်ဆိုရာမှာလည်း မိမိတို့ အကျိုးစီးပွားအတွက် လာတာမဟုတ်ကြောင်း လယ်သမားတွေရဲ့ အကျိုးစီးပွားအတွက် အဓိကထား ဦးစားပေးပြီး လာရောက်ခဲ့ကြတာဖြစ်ကြောင်း၊ ကုမ္ပဏီဘက်ကလာရောက်ကူညီပေးမယ်ပြောပြီး (၁)ရက် (၂)ရက်လောက်ပဲ လာလုပ်ပေးပြီး ပြီးတဲ့အထိ မလုပ်ပေးရင် ၎င်းတို့ထံ လာရောက်ပြောကြားစေလိုကြောင်း၊ ရွာသားများနှင့် လုပ်ငန်းရှင်များကရော နှစ်ဦးနှစ်ဖက် အကျိုးရှိမဲ့ လုပ်ရပ်များနဲ့ အပြောအဆိုများကိုသာ ဦးတည်ဆွေးနွေးစေလိုကြောင်း" ပြောကြားသွားရာ တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးစိုင်းလုံစံခတ်က ရှမ်းဘာသာစကားဖြင့် ပြန်လည်ရှင်းလင်းပြောကြားပေးပြီး ရွာသူ/သားများနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုဂ္ဂိုလ်များက လိုအပ်ချက်များအား အပြန်အလှန်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

{ဌာနဆိုင်ရာ၊ NLD နှင့် လယ်သမားများ}

ထို့နောက် တောင်သူလယ်သမား ကိုယ်စားလှယ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် ရွှေလုပ်ကွက်နေရာသို့ မော်တော်ယာဉ်များနှင့် သွားရောက်ခဲ့ကြပြီး လယ်ယာမြေများသို့ စီးဝင်သော ရေတွင် သဲနုန်းများပါဝင်မှု နည်းစေရန်နှင့် အနည်ထိုင်စေရန် အတွက် တည်ဆောက်လျှက်ရှိသော နုန်းတားမည့် ဆောင်ရွက်နေမှုများအား လေ့လာကြည့်ရှုခဲ့ကြပြီး လိုအပ်သော အကြံဥာဏ်များ ရရှိရေးအတွက် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ထိုသို့ ဆွေးနွေးစဉ် လုပ်ငန်းရှင်နှင့် လယ်သမားများအကြား အဆင်ပြေစေရန် ပေါင်းကူးဆောင်ရွက်ပေးမည့် ဆည်တည်ဆောက်ရာတွင် အကြံပေးမည့် ကော်မတီတစ်ရပ် နှင့် လယ်ယာမြေပြုပြင်ရာတွင် ကူညီပေးမည့် ကော်မတီတစ်ရပ်တို့ကို ဖွဲ့စည်းရေးအတွက် အကြံပြုဆွေးနွေး၍ သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။

အခုအကြိမ် ကွင်းဆင်းစစ်ဆေးမှုတွင် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကော်မတီဝင်များ၏ ကြားဝင်စေ့စပ်ညှိနှိုင်းပြောဆိုပေးမှုတို့ကြောင့် လယ်သမားများနှင့် ကုမ္ပဏီ နှစ်ဦးနှစ်ဖက် အပြန်အလှန် ညှိနှိုင်းမှုမှာ (၈၀)ရာခိုင်နှုန်းခန့် အောင်မြင်ပြီး ပြေလည်စဖြစ်ပြီဟု ကွင်းဆင်းလေ့လာသူ တစ်ဦးမှ သုံးသပ်ပြောကြားသွားသည်။

ပုံများကိုကြည့်ရန်
ဌာနဆိုင်ရာနှင့် NLDတို့ လယ်သမားများအရေးကိစ္စအတွက် ကွင်းဆင်း
113 photos



Sunday, January 13, 2013

၂၀၁၃ခုနှစ် ဇန်န၀ါရီ(၁၂) နေ့လည်(၁၂း၄၀)နာရီက တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ်ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့သည် မိုင်းဖြတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမအကြိမ်မြို့နယ်ညီလာခံကျင်းပပွဲ အခမ်းအနားသို့ သွားရောက်၍ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။


အဆိုပါ ညီလာခံတွင် မြို့နယ်အလုပ်အမှုဆောင်ရွေးချယ်ခြင်း၊ ဗဟိုညီလာခံကိုယ်စားလှယ်ရွေးချယ်ခြင်းနှင့် ခရိုင်ညီလာခံကိုယ်စားလှယ်ရွေးချယ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။ အခမ်းအနားသို့ တက်ရောက်ရန်ဖိတ်ကြားသူစာရင်းမှာ (၅၃)ဦးရှိသော်လည်း တက်ရောက်လာသူ (၃၀)ဦးသာရှိခဲ့တာကို တွေ့ရှိရပါတယ်။ ညီလာခံသို့ တက်ရောက်လာသူ ၅၀ရာခိုင်နှုန်းကျော်သဖြင့် ညီလာခံအား ဆက်လက်ကျင်းပခဲ့ကြပါတယ်။


ပထမအကြိမ်မြို့နယ်ညီလာခံ၏ မြို့နယ်အလုပ်အမှုဆောင်များကို ရွေးချယ်ရာမှာ ၀င်ရောက်အရွေးချယ်ခံသူ (၁၅)ဦးရှိပြီး (၁၅)ဦးကိုပဲ အဆိုပြုထောက်ခံချက်ဖြင့် ရွေးချယ်ခဲ့ကြပြီး ထို(၁၅)ဦးထဲမှာမှ ဥက္ကဌအဖြစ် ဦးအက်စ်မာဂမ်၊ ဒု-ဥက္ကဌ အဖြစ် ဦးစိုင်းရှဲန်ဟောင်၊ အတွင်းရေးမှူး အဖြစ် ဦးစိုင်းပြေသောင်း၊  တွဲဖက်အတွင်းရေးမှူး အဖြစ် ဒေါ်နှင်းဇာလှိုင်၊ ဘဏ္ဍာရေးမှူး အဖြစ် ဦးသိန်းသန်းထွဋ်၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံအဖြစ် ဦးတင်ထွန်း တို့က တာဝန်အသီးသီးသတ်မှတ်ရယူခဲ့ကြပြီး ဆက်လက်၍ ဗဟိုညီလာခံကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်ခဲ့ကြရာ အဆိုတင်သွင်းလာသူ ဦးစိုင်းရှဲန်ဟောင် အား ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် ကန့်ကွက်သူမရှိရွေးချယ်ခဲ့ကြပါတယ်။


ထို့နောက်မှာတော့ ခရိုင်ညီလာခံကိုယ်စားလှယ်(၁၀)ဦးကို ရွေးချယ်ရာမှာ အဆိုတင်သွင်းလာသူ (၁၀)ဦးအား တက်ရောက်လာသည့် မြို့နယ်ညီလာခံကိုယ်စားလှယ်အားလုံးမှ ကန့်ကွက်သူမရှိ ၎င်းတို့(၁၀)ဦးလုံးအား ရွေးချယ်ခဲ့ကြပါတယ်။ အဆိုပါ ညီလာခံကို ကြီးကြပ်ရေးအတွက် တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မြို့နယ်ညီလာခံကော်မရှင်အဖွဲ့တို့သည် ဇန်န၀ါရီ(၁၂)ရက်နေ့ နံနက်ပိုင်းက သွားရောက်ခဲ့တာဖြစ်ပြီး တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမအကြိမ်မြို့နယ်ညီလာခံကိုတော့ ဇန်န၀ါရီ(၁၀)ရက်နေ့က ပြုလုပ်ခဲ့ပြီးတာဖြစ်ပါတယ်။

Thursday, January 10, 2013

တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၀၁၃ခုနှစ် ဇန်န၀ါရီလ(၁၀)ရက် နံနက်(၁၀)နာရီမှ ညနေ(၄း၃၀)ထိ ၎င်းတို့၏ ရုံးတွင်  ပထမအကြိမ် မြို့နယ်ပါတီညီလာခံကို ကျင်းပခဲ့ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏  ပထမအကြိမ် မြို့နယ်ပါတီညီလာခံကို ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် ကော်မရှင် အဖွဲ့မှ  လာရောက်၍ တာဝန်ယူကျင်းပပေးတာဖြစ်ပါတယ်။


ညီလာခံတွင် မြို့နယ်အလုပ်အမှုဆောင် ရွေးချယ်ခြင်း၊ ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းနှင့် ခရိုင်အလုပ်အမှုဆောင် ရွေးချယ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။ မြို့နယ်အလုပ်အမှုဆောင်ရွေးချယ်ရာမှာ (၂၀)ဦးက ၀င်ရောက်ရွေးချယ်ခံကြပြီး ထိုအထဲမှာမှ (၁၅)ဦးကို ပြန်လည်ရွေးချယ်ကာ ဆက်လက်၍ ဥက္ကဌ(ဦးဌေးဝင်း)၊ ဒု-ဥက္ကဌ(ဦးစိုင်းလုံဆမ်ခတ်)၊ အတွင်းရေးမှူး(ဦးခင်မောင်တင့်)၊ တွဲဖက်အတွင်းရေးမှူး(ဦးဝင်းစွမ်)၊ ဘဏ္ဍာရေးမှူး(ဦးခမ်းလျှန်) နှင့် ပြန်ကြားရေး(ဦးဇော်ဖြိုးမြင့်)တို့ကို ရွေးချယ်၍ ပြန်လည်ပြီး တာဝန်ခွဲဝေကြကြောင်း သိရပါတယ်။

 {မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်များ}

ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် ရွေးချယ်ရာမှာ ရွေးချယ်ခံသူ (၃)ဦးထဲမှာမှ (၂၃)မဲ ရရှိတဲ့ ဦးဝင်းစွမ်က ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် တင်မြှောက်ခံရပါတယ်။ ဆက်လက်၍ ခရိုင်အလုပ်အမှုဆောင် ရွေးချယ်ရာမှာလည်း ၀င်ရောက်အရွေးချယ်ခံသူ (၁၄)ဦးထဲမှာမှ (၁၀)ဦးကို ရွေးချယ်ခဲ့ကြပြီး ဥက္ကဌ၊ ဒု-ဥက္ကဌ စသည့် တာဝန်ပိုင်းကို သတ်မှတ်ပေးဖို့ကိုတော့ ဇန်န၀ါရီ(၁၅)ရက်နောက်ပိုင်းမှာ သတ်မှတ်မှာဖြစ်ကြောင်း သိရပါတယ်။

 {ခရိုင်အလုပ်အမှုဆောင်အဖွဲ့ဝင်များ}

ယခုပြုလုပ်သော ပထမအကြိမ်မြို့နယ်ညီလာခံ၌ မြို့နယ်အလုပ်အမှုဆောင် ရွေးချယ်ခြင်း၊ ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းနှင့် ခရိုင်အလုပ်အမှုဆောင် ရွေးချယ်ခြင်းတို့ကို မပြုလုပ်မီ အခမ်းအနားအစတွင် ပါတီဝင်တစ်ဦးမှ ကန့်ကွက်လာကြောင်းသိရပါတယ်။ ၎င်းအနေဖြင့် ကန့်ကွက်ရခြင်းမှာ ၂၀၁၂ခုနှစ် နိုဝင်ဘာ(၂၀)ရက်နေ့က ပြုလုပ်ခဲ့သည့် ဆန်ဆိုင်းရပ်ကွက် ညီလာခံနှင့် ပတ်သက်တာဖြစ်ပြီး ကန့်ကွက်ရခြင်း၏ အသေးစိတ်ကို မသိရှိရပေမဲ့ ယခုလို ကန့်ကွက်ခြင်း အကြောင်းအရင်းကိုလည်း ဗဟိုကို တင်ပြသွားမှာဖြစ်ကြောင်းကိုတော့ သိရှိရပါတယ်။

သတင်းဓါတ်ပုံများကြည့်ရန်

Friday, January 4, 2013

တာချီလိတ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲနှင့်ပရဟိဘုန်းကြီးကျောင်းတွင် လှူဒါန်းမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။



နံနက်(၆)နာရီတွင် မကာဟိုခမ်းရပ်ကွက်ရှိ မဟာမြတ်မုနိကျောင်းတိုက်မှ သံဃာတော်(၅)ပါးအား ပင့်ဖိတ်ကာ ဆွမ်းကပ်တရားနာခြင်းများကို ပြုလုပ်ခဲ့ကြပြီး နံနက်(၉)နာရီမှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲကို ပြုလုပ်ခဲ့ကြပါတယ်။ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲတွင် အဖွဲ့ချုပ်အဖွဲ့ဝင်များထဲမှ ဦးသောင်းစိုး၊ ဦးချစ်မွှေး၊ ဦးဝင်းစွမ်၊ ဦးအောင်ကျော်ငြိမ်း၊ ဦးတင်မြင့်ဝင်း၊ ဦးအောင်မင်းကြည် နှင့် ဦးမင်းလွင်တို့က လွတ်လပ်ရေးနှင့်ပတ်သက်သည့် သမိုင်းကြောင်းများနှင့် သိကောင်းစရာများကို ဟောပြောခဲ့ကြပါတယ်။


အဆိုပါဟောပြောပွဲသို့ အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ဧည့်သည်တော်များအပါအ၀င်(၁၀၀)ကျော်ခန့်
တက်ရောက်လာခဲ့ကြတာကိုတွေ့ရှိရပြီး အခမ်းအနားကို နံနက်(၁၀း၄၅)နာရီမှာ ပြီးမြောက်စေခဲ့ကာ နေ့လည်(၁၂)နာရီမှာ တာချီလိတ်မြို့ရှိ အောင်မင်္ဂလာတောရပရဟိတကျောင်းသို့ အဖွဲ့ချုပ်အဖွဲ့ဝင်များမှ သွားရောက်၍ အဆိုပါပရဟိတကျောင်းတွင်ရှိသော မိဘမဲ့ကလေးသူငယ်များအတွက် အ၀တ်အစားများ၊ ဆန်၊ဆီ၊ဆေးနှင့် လှူဖွယ်ဝတ္ထုများ စသည်တို့ကို လှူဒါန်းခဲ့ကြကြောင်း သိရှိရပါတယ်။

ပုံများကိုကြည့်ရန်

Monday, December 3, 2012

နိုဝင်ဘာ(၂၈)ရက်မှ နိုဝင်ဘာ(၃၀)ရက်နေ့ထိ တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာလေမြို့နယ်ခွဲ နှင့် ကျိုင်းလပ်မြို့နယ်ခွဲရှိ ကျေးရွာအုပ်စုများမှာ ရပ်/ကျေး ညီလာခံနှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါတယ်။



နိုဝင်ဘာ(၂၈)ရက်နေ့က တာလေမြို့နယ်ခွဲရှိ အဖွဲ့ချုပ်အဖွဲ့ဝင်(၁၁)ဦးမှ  ရပ်/ကျေး ညီလာခံနှင့် အလုပ်အမှုဆောင်ရွေးချယ်ရန်အတွက် စာရင်းပေးသွင်းလာရာ (၁၁)ဦးအနက် ဥက္ကဌအဖြစ် ဦးလေးမြင့်၊ ဒု-ဥက္ကဌအဖြစ် ဦးနန်ကျန်း၊ အတွင်းရေးမှူးအဖြစ် ဦးကျော်စန်းယု နှင့် ဘဏ္ဍာရေးမှူးအဖြစ် ဦးစိုင်းဆွေ တို့က တာဝန်ယူဆောင်ရွက်ကြောင်း သိရှိရပြီး တာလေမြို့နယ်ခွဲမှာ ရုံးခန်းဖွင့်လှစ်ရန် စီစဉ်လျှက်ရှိကြောင်း ထပ်မံသိရှိရပါတယ်။

နိုဝင်ဘာ(၂၉)ရက်နေ့မှာလည်း ကျိုင်းလပ်မြို့နယ်ခွဲရှိ ကျိုင်းလပ်အုပ်စုနှင့် ကျခမ်းကျောက်အုပ်စု တို့မှာ ရပ်/ကျေးရုံးဖွင့်ပွဲအပြင်  ရပ်/ကျေး ညီလာခံနှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း သိရပါတယ်။


ကျိုင်းလပ်အုပ်စုမှာ ရပ်/ကျေး ညီလာခံနှင့် အလုပ်အမှုဆောင်ရွေးချယ်ရန်အတွက်  ၀င်ရောက်ရွေးချယ်သူ (၁၁)ဦးဖြစ်ရာ (၁၁)ဦးကို ရွေးချယ်ပြီး (၁၁)ဦးထဲမှ ဥက္ကဌအဖြစ် ဦးခင်မောင်ဇော်၊ ဒု-ဥက္ကဌအဖြစ် ဦးမိုင်အွန်၊ အတွင်းရေးမှူးအဖြစ် ဦးရဲဝင်းအောင် နှင့် ဘဏ္ဍာရေးမှူးအဖြစ် ဦးမိုင်ငင်း တို့က တာဝန်ယူပြီး ထူးခြားမှုအနေဖြင့် ယခုပြုလုပ်သော အခမ်းအနား၌ အင်အား(၇၀)ဦးမှာ အလုံးအရင်းဖြင့် အဖွဲ့ချုပ်သို့ စာရင်းပေးသွင်း၍ ၀င်ရောက်လာခဲ့ကြကြောင်း သိရှိရပါတယ်။


ဆက်လက်၍ ထိုနေ့မှာပင် ကျခမ်းကျောက်အုပ်စုတွင် ရပ်/ကျေးရုံးဖွင့်ပွဲအပြင်  ရပ်/ကျေး ညီလာခံနှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာသူ အင်းအား(၁၀၀)ခန့်ထဲမှ လုပ်အမှုဆောင်ရွေးချယ်ရန်အတွက် အဖွဲ့ချုပ်အဖွဲ့ဝင်(၁၁) ဦးစာရင်းပေးသွင်းလာရာ (၁၁)ဦးကို အလုပ်အမှုဆောင်များအဖြစ် ရွေးချယ်လိုက်ပြီး  (၁၁)ဦးထဲမှ ဥက္ကဌအဖြစ် ဦးဝေယံဖြိုး၊ ဒု-ဥက္ကဌအဖြစ် ဦးနေလင်အောင်၊ အတွင်းရေးမှူးအဖြစ် ဦးဟိန်းထက်ကို နှင့် အတွင်းရေးမှူးအဖြစ် ဒေါ်လေဘဲကာ တို့က တာဝန်ယူထမ်းဆောင်မှာဖြစ်ကြောင်း သိရှိရပါတယ်။


ဗဟိုမှ သတ်မှတ်ထားထားသော ရပ်/ကျေး ညီလာခံနှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း စီမံချက်ရဲ့ နောက်ဆုံးနေ့မှာ နိုဝင်ဘာ(၃၀)ရက်ဖြစ်ပါတယ်။ သတ်မှတ်ရက်၏ နောက်ဆုံး အခမ်းအနားကိုတော့ ကျိုင်းလပ်မြို့နယ်ခွဲ မိုင်းပါလျိုးအုပ်စုမှာ ပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။

မိုင်းပါလျိုးအုပ်စု၌ ရုံးဖွင့်ပွဲနှင့်အတူ  ရပ်/ကျေး ညီလာခံနှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားကို ပြုလုပ်ရာ အင်အား(၁၃၀)ခန့် တက်ရောက်လာခဲ့ကြပြီး အလုပ်အမှုဆောင် ရွေးချယ်ရန်အတွက် (၁၅)ဦး စာရင်းတင်သွင်းရာ (၁၁)ဦးကို ရွေးချယ်ခဲ့ကြပါတယ်။ (၁၁)ဦးထဲမှ ဥက္ကဌအဖြစ် ဦးဒေးဗစ်၊ ဒု-ဥက္ကဌအဖြစ် ဦးအိုက်ဆိုက်၊ အတွင်းရေးမှူးအဖြစ် ဦးအားဆောင် နှင့် ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်နန်းအွန်ခမ်း တို့က တာဝန်မှာဖြစ်ကြောင်း သိရှိရပါတယ်။

သတင်းဓါတ်ပုံများကိုကြည့်ရန်

Tuesday, November 27, 2012

နိုဝင်ဘာ(၂၇)ရက်နေ့ နံနက်(၁၀)နာရီက တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုန်းထွန်ရပ်/ကျေး ညီလာခံနှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားကို မကာဟိုခမ်းရပ်ကွက်ရှိ ၎င်းတို့၏ အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်ခဲ့ကြပါတယ်။

ရပ်/ကျေး ညီလာခံနှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားမှာ ပုန်းထွန်ရပ်ကွက်ရှိ အဖွဲ့ချုပ်အဖွဲ့ဝင်များထဲမှ (၆၅)ဦး တက်ရောက်လာခဲ့ကြပြီး (၆၄)ဦးက  အလုပ်အမှုဆောင်ရွေးချယ်ရန်အတွက် မဲထည့်ခဲ့ကြတာကို တွေ့ရှိရပါတယ်။

အလုပ်အမှုဆောင်ရွေးချယ်ရန်အတွက် ပါဝင်ရွေးချယ်ခံ (၁၄)ဦးထဲမှ (၁၁)ဦးကို ရွေးချယ်ခဲ့ကြပြီး ရွေးချယ်ထားသော(၁၁)ဦးထဲမှ ဥက္ကဌအဖြစ် ဦးကျော်ဆွေ၊ ဒု-ဥက္ကဌအဖြစ် ဒေါ်အေးအေးချို၊ အတွင်းရေးမှူးအဖြစ် ဦးဟန်စိုး နှင့် ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်နန်းချောလွင် တို့မှ တာဝန်ယူခဲ့ကြပါတယ်။

ပြီးခဲ့သော နိုဝင်ဘာ(၂၅)ရက်နေ့ကလည်း မိုင်းကိုးကျေးရွာအုပ်စုရှိ ရန်ရှင်း(၃)မှာ ရပ်/ကျေး ညီလာခံနှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။


အဆိုပါ ရွေးချယ်ခြင်းအခမ်းအနားမှာ မိုင်းကိုးကျေးရွာအုပ်စုရှိ အဖွဲ့ချုပ်အဖွဲ့ဝင်(၃၀၀)ကျော် တက်ရောက်ခဲ့ကြပြီး အလုပ်အမှုဆောင်အဖြစ် ရွေးချယ်ခံ(၁၈)ဦးမှ (၁၁)ဦးကို အလုပ်အမှုဆောင်များအဖြစ် သတ်မှတ်ရွေးချယ်ခဲ့ကြကြောင်း သိရှိရပါတယ်။ အလုပ်အမှုဆောင်အဖြစ် ရွေးချယ်ထားသော (၁၁)ဦးထဲမှ ဥက္ကဌအဖြစ် ဦးကျာရင်၊ ဒု-ဥက္ကဌအဖြစ် ဦးအားမူ၊ အတွင်းရေးမှူးအဖြစ် ဒေါ်အားဒေါ့ နှင့် ဘဏ္ဍာရေးမှူးအဖြစ် ဦးထွန်းနိုင် တို့က တာဝန်ယူလျှက်ရှိကြောင်း သိရပါတယ်။

ဆက်လက်၍  တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုဝင်ဘာ(၂၈)ရက်နေ့မှ နိုဝင်ဘာ(၃၀)ရက်နေ့ထိ တာလေမြို့နယ်ခွဲဘက်တွင်လည်း ရပ်/ကျေး ညီလာခံနှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားများ ပြုလုပ်ဖို့ရန်ရှိကြောင်း သိရှိရပါတယ်။

သတင်းဓါတ်ပုံများကို ကြည့်ရန်

Saturday, November 24, 2012

တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၀မ်ကောင်းရပ်/ကျေး ညီလာခံ နှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားကို မကာဟိုခမ်းရပ်ကွက်ရှိ အဖွဲ့ချုပ်ရုံးမှာ နိုဝင်ဘာ(၂၅)ရက်နေ့ နံနက်(၁၁)နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။


အဆိုပါရွေးချယ်ခြင်းအခမ်းအနားမှာ ၎င်းတို့ဖိတ်ကြားထားသော အဖွဲ့ချုပ်ဝင်(၂၇)ဦးတက်ရောက်ခဲ့ကြပြီး အဆိုပါ(၂၇)ဦးထဲမှ (၂၆)ဦးက အလုပ်အမှုဆောင်ရွေးချယ်ခံရန်အတွက် (၁၂)ဦးကို မဲစနစ်အရ ရွေးချယ်ခဲ့ကြတာကို တွေ့ရပါတယ်။ (၁၂)ဦးကို ရွေးချယ်ပြီးနောက်မှာတော့ (၉)ဦးကို ထပ်ရွေးချယ်ခဲ့ကြပြန်ပါတယ်။



အလုပ်အမှုဆောင်အတွက် ရွေးချယ်ထားသူ(၉)ဦးထဲမှာမှ  (၄)ဦးကို ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှုး နှင့် ဘဏ္ဍာရေးမှုးအဖြစ် ဆက်လက်၍ ရွေးချယ်သတ်မှတ်ရာမှာ ဥက္ကဌ အဖြစ် ဦးအောင်နိုင်ထွန်း၊ ဒု-ဥက္ကဌအဖြစ် ဦးကျော်ဇင်ဝင်း၊ အတွင်းရေးမှုးအဖြစ် ဦးသောင်းစိုး နှင့် ဘဏ္ဍာရေးမှုးအဖြစ် ဒေါ်စိုးဥမ္မာတို့ကို ရွေးချယ်ခဲ့ကြပါတယ်။



ဆက်လက်ပြီး တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကျန်ရှိနေသေးသော အဖွဲ့ချုပ်၏ ရပ်/ကျေးရုံးများတွင်လည်း ရပ်/ကျေး ညီလာခံ နှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်းအခမ်းအနားများကို ပြုလုပ်လျှက် ရှိကြောင်း သိရှိရပါတယ်။

သတင်းဓါတ်ပုံများကိုကြည့်ရန်

Friday, November 23, 2012

နိုဝင်ဘာ(၂၃)ရက်နေ့က တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရပ်/ကျေး ညီလာခံ နှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားကို မယ်ခေါင်ရပ်ကွက်နှင့် မကာဟိုခမ်းရပ်ကွက်တို့မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
နေ့လည်ပိုင်းတွင်ပြုလုပ်သော မယ်ခေါင် ရပ်/ကျေး ညီလာခံ နှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အစီအစဉ်၌ အလုပ်အမှုဆောင်အဖြစ် မယ်ခေါင်ရပ်ကွက်ရှိ အဖွဲ့ချုပ်အဖွဲ့ဝင် (၇)ဦးလုံး ရွေးချယ်ခံရာမှာ ရွေးချယ်ခံ(၇)ဦးအနက် ဥက္ကဌအဖြစ် ဦးမြင့်အောင်၊ ဒု-ဥက္ကဌအဖြစ် ဦးဇော်လတ်၊ အတွင်းရေးမှူးအဖြစ် ဦးလှမောင် နှင့် ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်ဌေးဌေး တို့အား ဆန္ဒသဘောတူညီချက်အရ ရွေးချယ်ခဲ့ကြကြောင်း သိရှိရပါတယ်။
ဆက်လက်၍ ညနေ့ပိုင်းတွင် ပြုလုပ်သော မကာဟိုခမ်း ရပ်/ကျေး ညီလာခံ နှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားတွင် အလုပ်အမှုဆောင်များအဖြစ် ၀င်ရောက်ရွေးချယ်ခံသူ(၁၄)ဦးအနက် (၁၁)ဦးကို အများသဘောတူညီချက်ဆန္ဒအရ ရွေးချယ်ခဲ့ကြပါတယ်။

ရွေးချယ်ခံရသူများမှ ပြန်လည်၍ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး နှင့် ဘဏ္ဍာရေး တာဝန်များ ခန့်အပ်ရန်အတွက် ရွေးချယ်ပြန်ရာ ဥက္ကဌအဖြစ် ဦးစိုင်းစွံဆိုင်း၊ ဒု-ဥက္ကဌအဖြစ် ဦးအေးမောင်၊ အတွင်းရေးမှူးအဖြစ် ဦးစိုင်းလုံစံခတ် နှင့် ဘဏ္ဍာရေးမှူးအဖြစ် ဦးစိုင်းဆိုင်ဟန် တို့ကို ရွေးချယ်သတ်မှတ်ခဲ့ကြပါတယ်။

ရပ်/ကျေး ညီလာခံ နှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်းအတွက်  ၀မ်ကောင်း၊ မိုင်းကိုးကျေးရွာအုပ်စု၊ လွယ်တော်ခမ်းအုပ်စု၊ တာလေ နှင့် ပါလျှိုး/ကျိုက်လပ်တို့ ကျန်ရှိနေသေးကြောင်း သိရှိရပြီး အဆိုပါရွေးချယ်ခြင်းနဲ့ပတ်သက်၍ ဗဟိုမှညွှန်ကြား သတ်မှတ်ချက်ကာလမှာ နိုဝင်ဘာ(၃၀)ရက်နေ့ထိ နောက်ဆုံးထားပြုလုပ်ရန်ဖြစ်ကြောင်း သိရှိရပါတယ်။

သတင်းဓါတ်ပုံများကို ကြည့်ရန်

Thursday, November 22, 2012

တာချီလိတ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရပ်/ကျေး ညီလာခံ နှင့် အလုပ်အမှုဆောင် ရွေးချယ်ခြင်း အခမ်းအနားကို ဗဟို၏ ညွှန်ကြားချက်ဖြင့် နိုဝင်ဘာလမကုန်မီ (၃၀)ရက်နေ့ နောက်ဆုံးထား၍ ကျင်းပနေကြောင်း သိရှိရပါတယ်။

နိုဝင်ဘာ(၂၀)ရက်နေ့က ဆန်ဆိုင်းရပ်ကွက်ရှိ  NLDပါတီ၏ ရပ်/ကျေးရုံး၌ ရပ်/ကျေး ညီလာခံ နှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားကို ကျင်းပခဲ့ရာ အလုပ်အမှုဆောင်များအဖြစ် ပါဝင်ရွေးချယ်ခံသူ(၁၄)ဦးမှ (၁၁)ဦးကို ရွေးချယ်ခဲ့ကြပါတယ်။

ရွေးချယ်ခံ(၁၁)ဦးအနက် ဥက္ကဌအဖြစ် ဦးဌေးဝင်း၊ ဒု-ဥက္ကဌအဖြစ် ဦးဝင်းမောင်၊ အတွင်းရေးမှူးအဖြစ် ဦးစိုင်းခမ်းလျှဲန် နှင့် ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်မြင့်စိန်တို့ က တာဝန်ယူဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါတယ်။
နိုဝင်ဘာ(၂၁)ရက်နေ့မှာလည်း အထက်ပါနည်းအတိုင်း ရပ်/ကျေး ညီလာခံ နှင့် အလုပ်အမှုဆောင် ရွေးချယ်ခြင်း အခမ်းအနားကို NLDပါတီ၏ တာလော့ ရပ်/ကျေးရုံးမှာ ပြုလုပ်ခဲ့ကြပါတယ်။ တာလော့ရပ်ကွက်တွင် NLDပါတီဝင် ဦးရေမှာ(၁၁)ဦးသာရှိသေးတာကြောင့်  အလုပ်အမှုဆောင်များ အဖြစ် ပါဝင်ရွေးချယ်ရာ (၄)ဦးမှာ ခရီးလွန်နေတဲ့အတွက် ကျန်(၇)ဦးဖြင့်သာ ရွေးချယ်ခဲ့ကြပါတယ်။

ရွေးချယ်ခံရသူ(၇)ဦးအနက် ဥက္ကဌအဖြစ် ဦးရဲနီထွန်း၊ ဒု-ဥက္ကဌအဖြစ် ဦးစိုင်းဆိုင်တွီ၊ အတွင်းရေးမှူးအဖြစ် ဦးမြတ်အေး နှင့် ဘဏ္ဍာရေးမှူးအဖြစ် ဦးသန်းထွန်းတို့ က တာဝန်ယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါတယ်။

ဆက်လက်ပြီး နိုဝင်ဘာ(၂၂)ရက်နေ့မှာလည်း ဟောင်လိတ်ကျေးရွာအုပ်စုရှိ NLD ရပ်/ကျေးရုံးမှာ ရပ်/ကျေး ညီလာခံ နှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားကို  ပြုလုပ်ခဲ့ကြရာ ရွေးချယ်ခံ(၁၆)ဦးအနက် (၁၁)ဦးကို ရွေးချယ်ခဲ့ကြပါတယ်။

ရွေးချယ်ခံ(၁၁)ဦးအနက် ဥက္ကဌအဖြစ် ဦးဝင်းစွမ်၊ ဒု-ဥက္ကဌအဖြစ် ဦးကျော်လွင်ဦး(ခ)ဦးမောင်၊ အတွင်းရေးမှူးအဖြစ် ဦးခင်မောင်တင့်၊ ဘဏ္ဍာရေးမှုးအဖြစ် ဦးအားရယ်တို့ဖြစ်ကြောင်းသိရှိရပါတယ်။

အလုပ်အမှုဆောင်များအဖြစ် ရွေးချယ်ရာမှာ ဒီမိုကရေစီနည်းကျ မဲပေးစနစ်ဖြင့် အဖွဲ့ချုပ်အဖွဲ့ဝင်များမှ မဲပေးကြပြီး အများရှေ့တွင်  မဲများကို ရေတွက်ဖတ်ကြားကာ မဲအများဆုံး အလုပ်အမှုဆောင်/အဖွဲ့ဝင်များ အဖြစ် သတ်မှတ်ခဲ့ကြတာတွေ့ရှိရပါတယ်။

ဆက်လက်၍ နိုဝင်ဘာလ မကုန်မီ  ရပ်/ကျေး ညီလာခံ နှင့် အလုပ်အမှုဆောင် ရွေးချယ်ခြင်း အခမ်းအနားကို ကျန် ရပ်/ကျေးရုံးများတွင်လည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

သတင်းဓါတ်ပုံများကို ကြည့်ရန်