Latest News

Dropdown Menu

Showing posts with label မြို့သာယာလှပရေး. Show all posts
Showing posts with label မြို့သာယာလှပရေး. Show all posts

Wednesday, June 12, 2013

တာချီလိတ်မြို့နယ်အတွင်း မြို့သာယာလှပရေးကိစ္စများနှင့် ပတ်သက်သည့် မြို့မသုဿန်ရွှေ့ပြောင်းရေး၊ အမှိုက်ပုံရွှေ့ပြောင်းရေး၊ မြို့မဈေးတည်ဆောက်ရန်အတွက် ယာယီဈေးသတ်မှတ်ရေး၊ ဘုရင့်နောင်ရုပ်တု ရင်ပြင်အား ပြန်လည်ဖွင့်လှစ်ရေး၊ လျှပ်စစ်ဓါတ်အားမြှင့်တင်ရေး၊ ညဈေးသတ်မှတ်ရေး နှင့် ကျန်းမာရေး၊ ပညာရေး ကိစ္စအရပ်ရပ်တို့ကို တာချီလိတ်မြို့နယ်ထွေ/အုပ်ရုံးရှိ အစည်းအဝေးခန်းမမှာ ဇွန်လ(၁၁)ရက် နေ့လည်(၂)နာရီက ဆွေးနွေးညှိနှိုင်းမှုတစ်ရပ်ပြုလုပ် ခဲ့ကြကြောင်း သိရသည်။

{ မြို့သာယာလှပရေးအတွက် တက်ရောက်လာကြသူများ}

မြို့သာယာလှပရေးအတွက် ဆွေးနွေးညှိနှိုင်းရာသို့ ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်ကူပြု ကော်မတီ၊ ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများ နှင့် တာချီလိတ်မြို့ရှိ နိုင်ငံရေးပါတီ(၆)ခုအနက် (၄)ပါတီမှ ပါတီကိုယ်စားလှယ်များအပါအ၀င် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်လာခဲ့ကြသည်ကို တွေ့ရှိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးမှ တရားမ၀င်အဆောက်အဦများကိစ္စ၊ မြို့မသုဿန်ရွှေ့ပြောင်းရေး၊ အမှိုက်ပုံရွှေ့ပြောင်းရေး၊ မြို့မဈေးတည်ဆောက်ရန်အတွက် ယာယီဈေးသတ်မှတ်ရေး၊ ဘုရင့်နောင်ရုပ်တု ရင်ပြင်အား ပြန်လည်ဖွင့်လှစ်ရေး၊ လျှပ်စစ်ဓါတ်အားမြှင့်တင်ရေး၊ ညဈေးသတ်မှတ်ရေး၊ ပါလျှံ(၂) မြို့ရှောင်လမ်း လမ်းအူကြောင်းဖော်ထုတ်ရေးနှင့် ကျန်းမာရေး၊ ပညာရေး ကိစ္စအရပ်ရပ်တို့ကို  ညှိနှိုင်း အကြံပြုဆောင်ရွက်ရန်အတွက် လုပ်ငန်းစဉ်များ အကြောင်းအရာများကို ဖတ်ကြားတင်ပြသည်။

ထိုသို့ဖတ်ကြားတင်ပြမှုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းမှ အကြုံပြုဆွေးနွေးရာမှာ တရားမ၀င်အဆောက်အဦများနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းများကို နားလည်စေရန်အတွက် အသိပညာပေးမှုများလိုအပ်ကြောင်း၊ မြို့ရှောင်လမ်းကိစ္စနှင့်ပတ်သက်၍လည်း လုပ်သင့်ကြောင်း၊ သားသတ်လိုင်စင်ဖြုတ်ချလိုက်ပြီး အခွန်နှစ်ဆကောက်မည်ဆိုပါက ပြည်သူတွေအနေနဲ့ နားလည်စေရန် အသိပညာပေးမှုများ လိုအပ်ကြောင်းနှင့် သားသတ်လိုင်စင်မရှိတော့ကြောင်းကိုလည်း ပြည်သူတွေ သိစေရန်လိုအပ်ကြောင်းနှင့် တဆက်တည်းမှာပင် မြို့မသုဿန်ကိစ္စ၊ မီးပွိုင့်ကိစ္စ နှင့် လျှပ်စစ်မီးကိစ္စတို့ကို အကြံပြုဆွေးနွေးသွားခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာသည့် နိုင်ငံရေးပါတီမှ တင်ပြရာ ဦးစွာ ပြည်ခိုင်ဖြိုးပါတီမှ မိုင်းဖြတ်ခရိုင်ကော်မတီဝင် ဦးဘိုစံက အချက်(၃)ချက်ကို တင်ပြခဲ့ရာ အချက်(၃)ချက်အနက် ယာဉ်စည်းကမ်းအတွက် အထူးတင်ပြသွားပြီးနောက် တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်တွဲဖက် အတွင်းရေးမှူး ဦးဝင်းစွမ်က အမှိုက်ပုံရွှေ့ပြောင်းရေးကိစ္စ၊ မြို့တွင်း၌ ရှိနေသော BT ဆီပန့်မှာ မီးဘေးဖြစ်ပွားလာပါက အန္တရာယ်ရှိနိုင်တဲ့အတွက် သင့်တော်သော နေရာသို့ ရွှေ့ပြောင်းပေးရေးကိစ္စ၊၊ ပါလျှံရှိ ရန်အောင်မြေ စာသင်ကျောင်းလမ်းအား ပြုပြင်ပေးနိုင်ရန်ကိစ္စနှင့် လျှပ်စစ်မီးဓါတ်အားနည်းနေသည့်အတွက် တိုးမြှင့်ပေးနိုင်ရန်ကိစ္စရပ်များကို ဆွေးနွေးတင်ပြသွားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တင်ပြသော လျှပ်စစ်မီးအားမြှင့်တင်ရေးကိစ္စနှင့် ပတ်သက်၍ မီးလင်းရေးကော်မတီ မှ ဦးကျော်ငြိမ်းက ယခုလက်ရှိ လျှပ်စစ်မီးအားမှာ သတ်မှတ်ထားသည့် အတိုင်းအတာထက် ကျော်လွန်နေတာကြောင့်လျှပ်စစ်မီးအား လုံလုံလောက်လောက် ပေးနိုင်ရန်အတွက် နောက်ထပ် လိုင်းတစ်လိုင်း ထပ်မံဆွဲယူရန်အတွက် စီစဉ်နေကြောင်း ပြန်လည်ရှင်းလင်းပြောကြားလာသည်။

မြို့မဈေးတစ်ခုဖြစ်သော ၀မ်ကောင်းဈေးအား ယခုအခါမှာ အသစ်ပြန်လည်ဆောက်လုပ်ရန်အတွက် စတင်တော့မည်ဖြစ်ရာ ဈေးသူဈေးသားများ အနေဖြင့် အဆင်ပြေစေရန် ယာယီဈေးနေရာ သတ်မှတ်ရန်အတွက် ယနေ့ အစည်းအဝေး၌ တက်ရောက်လာသည့် အဖွဲ့ပေါင်းစုံတို့၏ သဘောတူညီချက်အရ  ရှမ်းရိုးမကွင်းဘေး နှင့် ရွှေရောင်ည စားသောက်ဆိုင်ရှေ့လမ်း အား ယာယီဈေးအဖြစ် ဈေးသစ်ဆောက်လုပ်မပြီးမချင်း သတ်မှတ်ထားကြောင်း သိရသည်။

တာချီလိတ်မြို့တွင်း အများအပြောများနေသည့် အမှိုက်ပုံကိစ္စအတွက် ဆွေးနွေးကြရာမှာ အမှိုက်ပုံသည် လွယ်စတုံ လမ်းနဘေးတွင် ရှိနေပြီး အနံ့အသက်များနှင့် အမှိုက်များအား မီးရှို့သည့်အခါ မီးခိုးများ စသည့် အဆင်မပြေမှုများ ဖြစ်နေသည့်အတွက် အမှိုက်ပုံနေရာသစ်အား သတ်မှတ်ထားပြီဖြစ်သော်လည်း နေရာပိုင်ဆိုင်မှုအတွက် အဆင်မပြေမှုများ ရှိနေသည်ဖြစ်တာကြောင့် လောလောဆယ်မှာ နေရာကို အသုံးပြုနိုင်ရန်အတွက် ညှိနှိုင်းမှုများပြုလုပ်နေကြပြီဖြစ်ပြီး အဆင်ပြေသွားပါက စတင် အကောင်အထည်ဖော်တော့မှာ ဖြစ်ကြောင်း သိရသည်။

မြို့တစ်မြို့၏ အင်္ဂါရပ်နှင့်အညီ ညဈေးသတ်မှတ်ရန်လည်း လိုအပ်လာသည်ဖြစ်သည့်အတွက် တက်ရောက်လာသူများမှ ဆွေးနွေးညှိနှိုင်းကြရာ ညဈေးနေရာအား မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတား ထိပ်ရှိ နေရာအား အတည်ပြုသတ်မှတ်လိုက်ကြောင်း သိရသည်။

ကျောက်တိုင်ရှေ့ရှိ ဘုရင့်နောင်ရုပ်တုအား ၂၀၀၃ခုနှစ်က မိုင်းခွဲခြင်း ခံခဲ့ရပြီးနောက် ရင်ပြင်အား အကန့်အသတ်မရှိ ပိတ်ထားခဲ့သည်ဖြစ်ရာ ယခုအခါမှာ တစ်ဖက်နိုင်ငံမှ နိုင်ငံခြားသား ခရီးသွားများ အပါအ၀င် ဒေသခံပြည်သူများ ၀င်ရောက်လေ့လာနိုင်ရန်အတွက် ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆွေးနွေးတင်ပြခဲ့ကြရာ တက်ရောက်လာသူများမှ အဆိုပါကိစ္စအား သဘောတူညီသည်ဖြစ်တာကြောင့် မကြာမီမှာ ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ သတ္တုလုပ်ငန်းရှင်များအသင်း၏ အတွင်းရေးမှူး ဦးတင်နွယ်က ရပ်ကွက်တိုင်းလိုလိုတွင် ပြုလုပ်ထားသော ယာဉ်သွားယာဉ်လာများအတွက် အဆင်မပြေမှုများဖြစ်စေသည့် ဘရိတ်ဒေါင်း(စလိုးကုန်း)များကို ဖျက်သိမ်းပေးနိုင်ရန် နှင့် သတ္တုတူးဖော်ရေးလုပ်ငန်းရှင်များမှ အခွန်ဆောင်နေရသော ၃၅%၏ ၃% သို့မဟုတ် ၂%ခန့်ကို မိမိမြို့အတွက် အကျိုးခံစားခွင့်ရှိမည်ဆိုလျှင် အင်မတန်ကောင်းမွန်ကြောင်းကို တင်ပြဆွေးနွေးသွားခဲ့သည်။

ပညာရေးနှင့်ပတ်သက်၍လည်း အပြန်အလှန်တင်ပြဆွေးနွေးကြရာမှာ တာချီလိတ်မြို့နယ်အတွင်း ကျောင်းများအတွက် စာသင်ထိုင်ခုံ(၃၁၈)လုံး နှင့် စာသင်စားပွဲ(၁၁၈)လုံး လိုအပ်နေသည်ဖြစ်ရာ သတ္တုလုပ်ငန်းရှင်များအသင်းမှ စာသင်ထိုင်ခုံ(၃၀)လုံး အား အစည်းအဝေး၌ပင် လှူဒါန်းသွားခဲ့သည်။

ယခုလို ပြုလုပ်သော မြို့သာယာလှပရေးအတွက် အရပ်ရပ်ဆိုင်ရာညှိနှိုင်းစည်းဝေးမှုမျိုးကို လစဉ်ပုံမှန် ပြုလုပ်သွားမှာဖြစ်ကြောင်းလည်း သိရှိရသည်။

ပုံများကို ကြည့်ရန်
သချို င်္င်း အမှိုက်ပုံ ရွှေ့ပြောင်းရန်နှင့် ယာယီဈေးအတွက် ဆွေးနွေး
25 photos