Latest News

Dropdown Menu

Showing posts with label မြို့မဈေး. Show all posts
Showing posts with label မြို့မဈေး. Show all posts

Monday, September 9, 2013

တာချီလိတ်မြို့ရှိ ဈေးများစွာအနက် မြို့မဈေး(၀မ်ကောင်းဈေး)အား ယခုအခါမှာ အသစ်ပြန်လည်၍ တည်ဆောက်ရန် ပြင်ဆင်မှုများပြုလုပ်နေပြီး ဈေးဆောက်လုပ်နေစဉ် အချိန်အတွင်း ဈေးသည်များအတွက် အဆင်ပြေစေရန် တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်း အနီးတစ်ဝိုက်တွင် ယာယီဈေးနေရာအား သတ်မှတ်ထားရာ စက်တင်ဘာလ ၉ ရက်နေ့ နေ့လည်ပိုင်းက ပျံကျဈေးသည်များအတွက် ဆိုင်ခန်းနေရာများအား အောင်မြတ်ခန်းမ၌ မဲနှိုက်၍ နေရာချထားပေးနေတာ ဖြစ်ကြောင်း သိရသည်။


"ယာယီဈေးဆောက်တဲ့အခါမှာ ဈေးသူ၊ ဈေးသားတွေနားက တစ်ပြားတစ်ချပ်မှ မယူပဲ စည်ပင်သာယာ နဲ့ ကုမ္ပဏီနဲ့ ညှိနှိုင်းပြီးတော့မှ အလကားဆောက်ပေးထားတာ ဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို က တာချီလိတ်အွန်လိုင်းသို့ ရှင်းပြသည်။


"အခု ကျွန်တော်တို့အနေနဲ့ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ဈေးသူ ဈေးသားများကို ယာယီဈေးကို အပြီးရွှေ့ခိုင်းထားပြီးတော့၊ ၁၆ ရက်နေ့က စပြီးတော့ ဈေးကို စတင်ဖြတ်သိမ်းပြီးတော့ ဈေးသစ်ကြီးကို စတင်တည်ဆောက်သွားမှာပါ။"ဟု ၎င်းမှ ဆက်လက်ရှင်းပြသည်။


အသစ်ဆောက်မည့် ကြာချိန်ကာလမှာ ၁ နှစ် နှင့် ၆လ စာတင်ထားသော်လည်း ၁နှစ် နှင့် ၂လ အတွင်းမှာ ပြီးမြောက်နိုင်မှာဖြစ်ကြောင်း သိရှိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Thursday, June 27, 2013

တာချီလိတ်မြို့ မြို့မဈေး(၀မ်ကောင်းဈေး)အား အသစ်ပြန်လည် တည်ဆောက်မှာဖြစ်ရာ ဆောက်လုပ်နေစဉ်ကာလအတွင်း ဈေးသည်များ ရောင်းချနိုင်ရန်အတွက် ယာယီဈေးကို ရှမ်းရိုးမကွင်းနဘေးတွင် သတ်မှတ်ထားရာ ယခုအခါမှာ တည်နေရာများဖွဲ့စည်း ပြုလုပ်လျှက်ရှိပြီး ၀မ်ကောင်းဈေးသစ်အား ဆောက်လုပ်အချိန်ကာလမှာ (၁)နှစ်မှ (၂)နှစ်အထိ ကြာနိုင်ဖွယ်ရှိကြောင်း သိရသည်။


ယခုသတ်မှတ်လိုက်သော ယာယီဈေးနေရာအား ဇွန်လ(၁၁)ရက်နေ့က ပြုလုပ်သော အစည်းအဝေးတွင် ဌာနပေါင်းစုံ၊ ပါတီပေါင်းစုံ နှင့် မြို့မိမြို့ဖတို့မှ သဘောတူညီကာ သတ်မှတ်လိုက်သော နေရာဖြစ်သည်။



ယခင်က ယာယီဈေးနေရာအား လက်ရှိဝမ်ကောင်းဈေး နှင့် မဟာမြတ်မုနိကျောင်းတိုက်ကြားရှိ လမ်းကြားအား အသုံးပြုမည်ဟု သတ်မှတ်ထားသော်လည်း ၀တ္တကမြေနှင့်နီးစပ်တာကြောင့် အများပိုင်နေရာတစ်ခုသဖွယ်ဖြစ်သော ရှမ်းရိုးမကွင်းဘေးအား ရွေးချယ်လိုက်ကြတာဖြစ်ကြောင်း သိရသည်။


Monday, December 10, 2012

ဒီဇင်ဘာ(၁၀)ရက်နေ့ (၁၃း၀၀)နာရီက တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမမှာ မင်းခေတ်သစ် ဆောက်လုပ်ရေး ကုမ္ပဏီနဲ့အတူ ဈေးတည်ဆောက်ရေးကော်မတီဝင်များ နှင့် ဈေးသူ/သားတို့ ဆိုင်ခန်းဈေးနှုန်းနှင့်ပတ်သက်၍  တွေ့ဆုံဆွေးနွေးညှိ့နှိုင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

ဆိုင်ခန်းဈေးနှုန်းနှင့်ပတ်သက်၍  တွေ့ဆုံဆွေးနွေးညှိ့နှိုင်းပွဲသို့ မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္ပဏီ နှင့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ကျိုင်းတုံမြို့ စည်ပင်သာယာရေးအဖွဲ့  ပြည်နယ်ရုံးခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးလုကာ၊ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို နှင့် ကော်မတီဝင်များအပါအ၀င် ဈေးအကျိုးတော်ဆောင်တို့နှင့်အတူ ဈေးသူ/သားများ တက်ရောက်လာခဲ့ကြတာကို တွေ့ရပါတယ်။


ပြီးခဲ့သော ဒီဇင်ဘာ(၆)ရက်နေ့က ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးညှိ့နှိုင်းပွဲမှာ မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္ပဏီမှ (၁၀)ပေ ပတ်လည် ဈေးဆိုင်ခန်းများကို မြန်မာကျပ်ငွေ (၄၁)သိန်းခန့်နှင့် ညီမျှသော ထိုင်းဘတ်ငွေ တစ်သိန်းငါးသောင်း၊ (၁၂)ပေ ပတ်လည် ဈေးဆိုင်ခန်းများကို မြန်မာကျပ်ငွေ ( ၅၉၂၀၀၀၀ )ကျပ်ခန့်နှင့် ညီမျှသော ထိုင်းဘတ်ငွေ (၂၂၀၀၀၀)ဘတ် နှင့် ပျံကျဈေးအုတ်ခုံများကို မြန်မာကျပ်ငွေ(၁၀)သိန်းကျပ် စသည်ဖြင့် သတ်မှတ်ထားရာ ထိုနေ့က တက်ရောက်လာသော ဈေးသူဈေးသားများမှာ ၎င်းတို့အနေဖြင့် ယခုသတ်မှတ်ထားသော ဈေးနှုန်းများကို   ကြိုတင်မသိရှိရသေးသည့်အပြင်  ဈေးသူ/သားများ အချင်းချင်း ဆိုင်ခန်းဈေးနှုန်းနဲ့ပတ်သက်၍ တိုင်ပင်မှုများပြုလုပ်ရန်အတွက်  အချိန်(၃)ရက် ပေးရန်တောင်းဆိုခဲ့ကြတာကြောင့် ထိုနေ့က ဈေးနှုန်းညှိ့နှိုင်းမှု အထမမြောက်ခဲ့တာဖြစ်ပါတယ်။ ဈေးတည်ဆောက်ရေးကော်မတီဝင်များမှလည်း ဈေးသူ/ဈေးသားများအတွက် အချိန်(၃)ရက်ပေးလိုက်ကာ ဒီဇင်ဘာ(၁၀)နေ့မှာ ပြန်လည်၍ ဆိုင်ခန်းဈေးနှုန်းများနဲ့ပတ်သက်ပြီး တွေ့ဆုံညှိ့နှိုင်းမှုများပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။


ယနေ့ပြုလုပ်သော တွေ့ဆုံညှိ့နှိုင်းပွဲမှာ  ဈေးကို အသစ်ပြန်လည်တည်ဆောက်မည် ဖြစ်တာကြောင့် မူလဈေးဆိုင်ခန်းပိုင်ရှင်များအတွက် သတ်မှတ်ဈေးနှုန်းများကို အပြန်အလှန်ညှိ့နှိုင်းကြရာမှာ  (၁၀)ပေ ပတ်လည်ဈေးဆိုင်ခန်းကို ထိုင်းဘတ်ငွေ တစ်သိန်းသုံးသောင်းဘတ်ဖြင့် အားလုံးသဘောတူညီခဲ့ကြပြီး (၁၂)ပေ ပတ်လည် ဆိုင်ခန်းများကိုတော့ အားလုံးသဘောတူညီချက်အရ ထိုင်းဘတ်ငွေ တစ်သိန်းခုနှစ်သောင်းဘတ် သတ်မှတ်ထားကာ ပျံကျ အုတ်ခုံများကိုတော့ မြန်မာကျပ်ငွေ (၁၀)သိန်းဖြင့် သတ်မှတ်လိုက်ကြောင်း သိရပါတယ်။

မင်းခေတ်သစ် ဆောက်လုပ်ရေး ကုမ္ပဏီနှင့် ဈေးဆိုင်ခန်းပိုင်ရှင်တို့ အပြန်အလှန်ဈေးနှုန်းညှိ့နှိုင်းကြရာ (၁၀)ပေ ပတ်လည် ဆိုင်ခန်းကို  ထိုင်းဘတ်ငွေ တစ်သိန်းငါးသောင်းမှ တစ်သိန်းလေးသောင်း၊ တစ်သိန်းလေးသောင်းမှ နောက်ဆုံး တစ်သိန်းသုံးသောင်း အဖြစ် အားလုံးသဘောတူညီမှုဖြစ် လက်ခံခဲ့ကြပါတယ်။ ထို့အတူပင် (၁၂)ပေ ပတ်လည်ဆိုင်ခန်းကိုလည်း ထိုင်းဘတ်ငွေ နှစ်သိန်းနှစ်သောင်းမှ နှစ်သိန်းတစ်သောင်း၊ နှစ်သိန်းတစ်သောင်းမှ နောက်ဆုံး  တစ်သိန်းခုနှစ်သောင်းအဖြစ် အားလုံး သဘောတူညီလက်ခံခဲ့ကြပါတယ်။


ဈေးတည်ဆောက်ရေးကော်မတီဝင် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို မှ ဈေးသူ/သားများအား မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္ပဏီမှ သတ်မှတ်ပေးသော ဈေးနှုန်းအား သဘောတူပါသလားဟု (၃)ကြိမ်မေးသည့်အခါမှာလည်း ဈေးသူ/သားများမှ သဘောတူကြောင်း ပြောဆိုခဲ့ကြပါတယ်။

 

တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို မှ  မူလ ဆိုင်ခန်းပိုင်ရှင်များနှင့်ပတ်သက်၍ ဆိုင်ခန်းများကို လက်ရှိနေရာအတိုင်း ပြန်လည်ရရှိမှာဖြစ်တာကြောင့် နေရာအပြောင်းအလဲမရှိကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

မင်းခေတ်သစ် ဆောက်လုပ်ရေး ကုမ္ပဏီမှ လက်ရှိ ဆိုင်ခန်းပိုင်ရှင်များကို ဈေးနှုန်းများ သတ်မှတ်ပေးထားပြီးနောက် ပိုသော ဈေးဆိုင်ခန်းများကို ဈေးရောင်းချနေတာ ကြာပြီဖြစ်ပြီး ဆိုင်ခန်းမရှိသေးသူများမှ ၀ယ်ယူလိုပါက  ဦးစားပေး၍ ရောင်းချပေးမည်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ယခုတည်ဆောက်မည့် အဆင့်မြင့်ဈေးသစ်ကြီးအား ၂၀၁၃ခုနှစ် နှစ်ဝက်ခန့်မှာ ဆောက်လုပ်မှာဖြစ်ကြောင်း သိရှိရပါတယ်။

သတင်းဓါတ်ပုံများကိုကြည့်ရန်

Thursday, December 6, 2012

၂၀၁၃ခုနှစ်ထဲတွင် အသစ် ပြန်လည်တည်ဆောက်မည်ဖြစ်သော တာချီလိတ်မြို့၏ အဆင့်မြင့်မြို့မ(၀မ်ကောင်း)ဈေး၏ တည်နေရာအကျယ်ဝန်း ဆိုင်ခန်းပုံစံများကို တင်ပြပေးလိုက်ပါတယ်။

အဆင့်မြင့်ဈေးအား နှစ်ထပ်ပုံစံဖြစ်တည်ဆောက်မှာဖြစ်ပြီး ဆိုင်ခန်းများကို လေ၀င် လေထွက်ရှိစေရန်၊ ခိုင်ခံ့မှုရှိစေရန် တည်ဆောက်မှာဖြစ်ကြောင်း သိရပါတယ်။ ဈေးဆိုင်ခန်းများတွင် မီးအရေးပေါ် ရေဖြန်းစနစ်များ၊ CCTV များ တပ်ဆင်ထားမှာဖြစ်ကြောင်းနှင့် ဈေး၏ ဘေးတချက်ရှိ ချောင်းကိုလည်း ခိုင်ခံ့သော တံတား နှင့် ကားပါကင်များလည်း ထားရှိမည်ဖြစ်ကြောင်း သိရှိရပါတယ်။

(ရှေ့မျက်နှာစာ)


(အထက်/အောက် ဆင်း/တက်နိုင်မည့် လှေကား)

(အတွင်းပိုင်း)
(အတွင်းပိုင်း)

(အတွင်းပိုင်း)

(မဟာမြတ်မုနိဘုန်းကြီးကျောင်းဘက်မှ အ၀င်)




(အပေါ်စီး မြင်ကွင်း)

(အပေါ်စီး မြင်ကွင်း)

(ဘေးတိုက် အနီးမြင်ကွင်း)

အထက်ပါ အဆင့်မြင့်ဈေးအား ဆောက်လုပ်ရန် တာဝန်ယူထားသော ဆောက်လုပ်ရေးကုမ္ပဏီမှာ မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္မဏီ ဖြစ်ကြောင်း သိရှိရပါတယ်။

Wednesday, December 5, 2012

ဒီဇင်ဘာ(၆)ရက် နံနက်(၁၀း၃၀)နာရီ မှ (၁၁း၂၀)နာရီထိ တာချီလိတ်မြို့နယ် စည်ပင်ရုံးမှာ ၀မ်ကောင်းရပ်ကွက်ရှိ မြို့မဈေးအားဆောက်လုပ်ခြင်းနှင့် ပတ်သက်ပြီး မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္ပဏီ နှင့် ဈေးတည်ဆောက်ရေးကော်မတီဝင်များ တွေ့ဆုံညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။


မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္ပဏီနှင့် ဈးတည်ဆောက်ရေးကော်မတီဝင်များဖြစ်ကြသည့် ကျိုင်းတုံမြို့ စည်ပင်သာယာရေးအဖွဲ့  ပြည်နယ်ရုံးခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးလုကာ၊ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို နှင့် စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ဈေးအကျိုးတော်ဆောင်တို့  တွေ့ဆုံညှိနှိုင်းရာမှာ ယခုဆောက်လုပ်မည့် အဆင့်မြင့်ဈေးကိစ္စနှင့် မူလဈေးခန်းပိုင်ရှင်များအတွက် အဆင်ပြေစေနိုင်မည့် ဆိုင်ခန်းဈေးနှုန်းများ စသည့်ကိစ္စတို့ကို ဆွေးနွေးခဲ့ကြပါတယ်။



ဈေးဆိုင်ခန်းများကို (၁၂)ပေ ပတ်လည် နှင့် (၁၀)ပေ ပတ်လည် သတ်မှတ်ထားကာ ဈေးနှုန်းများကိုလည်း အားလုံးအတွက် အဆင်ပြေစေရန် သတ်မှတ်ထားပြီး လတ်တလောမှာ ဆိုင်ခန်းဈေးနှုန်းများကို ယာယီသတ်မှတ်ထားသော်လည်း ဈေးသူဈေးသားများနှင့် တွေ့ဆုံ၍ အားလုံးသဘောတူညီချက်အရ ဈေးနှုန်းများကို အတည်ပြုမှာဖြစ်ကြောင်း သိရပါတယ်။


ဈေးဆောက်လုပ်နေစဉ်အတွင်းမှာ ယာယီအနေဖြင့် ဈေးသည်များအတွက် နေရာချထားပေးဖို့ရာမှာ အားလုံးအတွက် အဆင်ပြေစေပြီး ဆောက်လုပ်နေသော ဈေးနှင့် မဝေးစေလို့သည့်အတွက်  မဟာမြတ်မုနိဘုန်းကြီးကျောင်းဝန်းကျင်နားမှာ နေရာချထားပေးမည်ဖြစ်ကြောင်း သိရှိရပါတယ်။

သတင်းဓါတ်ပုံများကို ကြည့်ရန်

Thursday, September 20, 2012

စက်တင်ဘာ(၂၁)ရက်နေ့ နံနက် (၁၁း၁၅)နာရီတွင် တာချီလိတ်မြို့နယ် စည်ပင်ရုံး၌ မြို့မဈေးအား ပြန်လည်တည်ဆောက်ခြင်းနှင့်ပတ်သက်ပြီး ဆောက်လုပ်ရေးကုမ္မဏီ (၄)ခုမှ (၁)ခုအား မဲခွဲစနစ်အနေဖြင့် ဆောင်ရွက်ခဲ့ကြပြီး အစည်းအဝေးကို ပြုလုပ်ခဲ့ကြပါတယ်။


အဆိုပါအစည်းအဝေးကို တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး(ခေတ္တ) ဦးမျိုးသက်အောင်၊ ကျိုင်းတုံမြို့ စည်ပင်သာယာရေးအဖွဲ့  ပြည်နယ်ရုံးခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးလုကာ၊ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို နှင့် စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ဈေးတာဝန်ခံများ၊ တာချီလိတ်မြို့ ရပ်မိရပ်ဖများ 
တက်ရောက်ခဲ့တာကိုလည်း တွေ့ရပါတယ်။



အစည်းအဝေးနဲ့ပတ်သက်ပြီး အဓိက အကြောင်းအရာကတော့ တာချီလိတ်မြို့ရှိ မြို့မဈေးကို  ပြန်လည်တည်ဆောက်ရန်အတွက် ဆောက်လုပ်ရေးကုမ္မဏီတွေကို တည်ဆောက်ဖို့ အပ်ရာမှာ တင်ပြလာတဲ့ ကုမ္မဏီ(၄)ခု အနက် (၁)ခုကို ရွေးဖို့ဖြစ်ပါတယ်။ တင်ပြလာတဲ့ ကုမ္မဏီ (၄)ခုကတော့...
  • ၁) ဟုန်းလိုက် ဆောက်လုပ်ရေးကုမ္မဏီ
  • ၂) ငွေလင်းဇင် ဆောက်လုပ်ရေးကုမ္မဏီ
  • ၃) မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္မဏီ
  • ၄) မာန်အားသစ် ဆောက်လုပ်ရေးကုမ္မဏီ
တို့ဖြစ်ကြပါတယ်။


ဆောက်လုပ်ရေးကုမ္မဏီတွေကို ရွေးချယ်ရာမှာ မျှတမှုရှိစေရန်အတွက် ဈေးဆိုင်ခန်းပိုင်ရှင်(၁၃၆)ခန်းမှ ကြိုက်နှစ်သက်ရာ ဆောက်လုပ်ရေးကုမ္မဏီအမည်ကို ရွေး၍စည်ပင်သာယာရေးအဖွဲ့မှ ပေးထားတဲ့စာရွက်ပေါ်မှာ ဈေးသူ ဈေးသား အခန်းပိုင်ရှင်များအနေဖြင့် ကိုယ်တိုင် ဖြည့်စွက်စေခဲ့တယ်လို့ သိရပါတယ်။


ယခုပြုလုပ်သော အစည်းအဝေး၌ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ သက်ဆိုင်ရာများရှေ့မှာ စာအိတ်ကို ဖောက်ပြီး မဲခွဲစေခဲ့ပါတယ်။ မဲခွဲစနစ်ရဲ့ ရလဒ်မှာတော့ -
  • ၁) ဟုန်းလိုက် ဆောက်လုပ်ရေးကုမ္မဏီ ( ၂ ) မဲ
  • ၂) ငွေလင်းဇင် ဆောက်လုပ်ရေးကုမ္မဏီ ( ၇ ) မဲ
  • ၃) မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္မဏီ ( ၇၀ ) မဲ
  • ၄) မာန်အားသစ် ဆောက်လုပ်ရေးကုမ္မဏီ ( ၁ ) မဲ
  • ကြားနေမဲ = ( ၅ ) မဲ
  • ပယ်မဲ = ( ၂ ) မဲ ဖြစ်ပြီး
ဆိုင်ခန်း(၁၃၆)ခန်းထဲမှ ဆိုင်ခန်း(၈၇)ခန်းကသာ မဲပေးခဲ့ကြပါတယ်။


အများသဘောတူ မဲပေးစနစ်အရ ဆောက်လုပ်ရေးကုမ္မဏီ(၄)ခုထဲမှာမှ မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္မဏီက ဈေးဆောက်လုပ်ခွင့်ရသွားခဲ့ကြောင်း သိရပါတယ်။



 မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္မဏီ နဲ့ ဈေးသူ ဈေးသားများအား တွေ့ဆုံ၍ ညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန်အတွက် (၂၄.၉.၂၀၁၂)ရက်နေ့ နေ့လည်(၁)နာရီမှာ တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ အစည်းအဝေးပြုလုပ်မယ်လို့ ကြိုတင်သိရှိရပါတယ်။

23.9.2012 Update News:  မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္မဏီ နဲ့ ဈေးသူ ဈေးသားများအား တွေ့ဆုံ၍ ညှိနှိုင်းမှုများ အစည်းအဝေးကို (၂၄.၉.၂၀၁၂)ရက်နေ့မှာ ပြုလုပ်မယ်လို့ သတ်မှတ်ခဲ့ပေမဲ့ အကြောင်းကိစ္စ တစ်ခုကြောင့် ရက်ရွေ့ဆိုင်းလိုက်ပါတယ်။

မှတ်တမ်းဓါတ်ပုံများကို ကြည့်ရန်