Latest News

Dropdown Menu

Showing posts with label ပြန်လည်ဖော်ပြခြင်း. Show all posts
Showing posts with label ပြန်လည်ဖော်ပြခြင်း. Show all posts

Wednesday, November 7, 2012

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နှင့် တာချီလိတ်မြို့ကို တရားဝင်တံတားနှစ်စင်းဖြင့် လူ၊ ယာဉ်များသွားလာ ခွင့်ပြုထားရာတွင် တံတား(၁)မှာ ယာဉ်ငယ်နှင့် လူများဖြတ်သန်းသွားလာသော တံတားဖြစ်ပြီး နေ့စဉ်စည်ကားလျက်ရှိကြောင်း သိရှိရသည်။

{ ဂျာနယ်တစ်ခုတွင်ဖော်ပြထားသော မူရင်းသတင်း}

မယ်ဆိုင်မြို့သို့ ၀င်ရောက်ရာတွင် ထိုင်းနိုင်ငံ အကောက်ခွန်(ထိုင်းချူလာကာကွန်)မှ ယာဉ်ဝင်ခွင့်များကို ကောက်ခံလျက်ရှိရာ ဈေးနှုန်းကြီးမြင့်နေမှုကြောင့် သွားရောက်သော ဒေသခံများ ကား၊ ဆိုင်ကယ်၊ သုံးဘီးယာဉ်များအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်လျှက်ရှိကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံမယ်ဆိုင်မြို့သို့ ၀င်ရောက်မည့်ယာဉ်များကို တစ်လစာဝင်ခွင့် လက်မှတ်ထုတ်ပေးပြီး ၀င်ခွင့်မှတ်ပုံတင်ကြေးအဖြစ် ဆိုင်ကယ်အသစ်တစ်စီးလျှင် ဘတ် ( ၃၀၀၀ )၊ အဟောင်း ဘတ် ( ၂၀၀၀ ) နှုန်းထားဖြင့် ကောက်ခံလျက်ရှိကြောင်း သိရပြီး အဆိုပါ နှုန်းထားမှာ ပုံသေလည်းမဟုတ်ကြောင်း သိရသည်။

"သူတို့ ကောက်ချင်သလို ကောက်နေတာ၊ အရင်ကတံတားပေါ်က ၀န်ထမ်းတွေနဲ့ သိရင် တစ်ချို့ ဌာနဆိုင်ရာဆိုရင် တစ်မျိုး၊ အပြင်လူတွေဆို တစ်မျိုး အမျိုးမျိုးပဲ အခုဆို သိတောင်းမရတော့ဘူးလို့ပြောတယ်။ ဒီဝင်ခွင့်ကတ်ပြားမကပ်ထားရင် ဘယ်ကားဆိုင်ကယ်မှ မယ်ဆိုင်ကိုဝင်လို့မရဘူး။ သွားချင်ရင် ကတ်သွားလုပ်ပေါ့။ ဘယ်သူနဲ့မှ မသိမပိုင်ရင် ဘတ် ( ၂၀၀၀ )တော့ အနည်းဆုံးပေးရမှာပဲ။ မလုပ်ရင်လည်း သွားမရတော့ လုပ်နေရတယ်။ အခု ဆိုင်ကယ်တစ်စီး ဂျူတီ(အခွန်)ဆောင်တာ ကျပ်တစ်သိန်းကျော်ကျတယ်။ သူတို့ကိုလည်း ၀င်ခွင့်ကို ဘတ် ( ၃၀၀၀ )ဆိုတော့ ကျပ်ရှစ်သောင်းလောက်ကျတော့ သူတို့ကိုလည်း အခွန်ဆောင်ရသလို ဖြစ်နေတယ်။ အမှန်တော့ တစ်ရက်သွား တစ်ရက်စာအခွန်ဆောင်လောက်ပဲ ဖြစ်သင့်တယ်။"ဟု နေ့စဉ် မယ်ဆိုင်သို့ သွားရောက်ဈေးရောင်းသူတစ်ဦးက ပြောပြသည်။

ယခုကဲ့သို့ ကား၊ သုံးဘီး၊ ဆိုင်ကယ်များကို ၀င်ခွင့်ကတ်လုပ်ခိုင်းပြီး ငွေကောက်နေသည်မှာ တစ်နှစ်ကျော် နှစ်နှစ်ကြာပြီဖြစ်ကြောင်းသိရသည်။ “တရုတ်သုံးဘီးတွေ အခု အခွန်ဆောင်ပြီး ထိုင်းကိုဝင်ခွင့်လုပ်ရတယ်။ တချို့က ဘတ် ( ၃၀၀၀ )၊ တစ်ချို့ကလည်း ဘတ် ( ၃၀၀၀ )ကျော်ပေးရတယ်။ ပစ္စည်းတင် လူတင်ကတော့ သွားရတာပဲ။ သုံးဘီးကလည်း အစီး (၁၀၀)ကျော်လောက်ရှိနိုင်တယ်။ အဲ့ဒီဂိတ်ကလာသမျှ အကုန်ကောက်တာ၊ တစ်စီးမှမလွတ်ဘူး၊ မယ်ဆိုင်သို့ ၀င်မယ့်ကားများကိုလည်း တစ်စီးကိုဘတ် ( ၃၀၀၀၀ )ခန့်ဖြင့် ကောက်နေတယ်"ဟု ဒေသခံအချို့က သုံးသပ်ပြောကြားသည်။

အဆိုပါတံတား(၁)တွင် ဧည့်သည်များ ကမ္ဘာလှည့်ခရီးသွားများ ထိုင်းနံပါတ်နှင့် မြန်မာနံပါတ်ပါယာဉ်ပေါင်းစုံ နေ့စဉ်စည်ကားစွာဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။

"အရေးအကြောင်းဆိုရင် ကတ်မရှိရင် မယ်ဆိုင်သွားမရဘူး။ ငွေပေးမှ ကတ်လုပ်မှ သွားလို့ရတယ်။ ထိုင်းကားတွေ ဆိုင်ကယ်တွေ ဒီမှာကြီး တွေ့နေရတာပဲ။ သူတို့ရော ဒီလိုအခွန်ဆောင်ရလားဆိုတာ မေးခွန်းထုတ်စရာပါ။ ဆိုင်ကယ်ဝင်ခွင့်လုပ်ပြီးရင် တစ်လပဲ သက်တမ်းပေးတယ်။ တစ်ရက်ကျော်သွားမှ သက်တမ်းတိုးရင် ဒဏ်ငွေဘတ် ( ၁၀၀ )ဆောင်ရသေးတယ်။ ခုနှစ်ရက်ကျော်ရင် ဘတ်( ၇၀၀ )ဆောင်ရတယ်။ မယ်ဆိုင်ကို မသွားဖြစ်ရင်လည်း သက်တမ်းကျော်မှာ စိုးတဲ့အတွက် တကူးတကသွားလုပ်ကြရတယ်" ဒေသခံတစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။
ဆုလဏီး(တာချီလိတ်)

-============-

မှတ်ချက်။             ။ ELEVEN Media Group ရှိ ဂျာနယ်တစ်ခုမှာရေးသား ဖော်ပြထားသော သတင်းဆောင်းပါးရှင် ဆုလဏီး(တာချီလိတ်)၏ သတင်းဆောင်းပါးအား ပြန်လည်ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။ ယခုသတင်းပါ ပုံတစ်ခုအား Facebook တွင် တွေ့ရှိသောကြောင့်ပြန်လည်ယူငင် ဖော်ပြလိုက်သည့်အတွက် ဖော်ပြသည့် ရက်စွဲ ဂျာနယ်အမှတ်စဉ်များကို မသိလိုက်ခြင်းဖြစ်ပါသည်။