Latest News

Dropdown Menu

Showing posts with label ပညာရေး. Show all posts
Showing posts with label ပညာရေး. Show all posts

Sunday, February 23, 2014

၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင်ကျင်းပသော
ပညာရေးဝန်ကြီးဌာနမှ ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်မည့် ကျောင်းထောက်ပံ့ကြေး၊ပညာသင်ထောက်ပံ့ကြေး Programများအား Stakeholder များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ရှမ်းပြည်နယ်အရှေ့ပိုင်း ပညာရေးဌာန ကိုယ်စားပြုသည့် ပြည်နယ်ပညာရေးမှူး ဦးခွန်စိန်မြင့် ဦးဆောင်သော (၆)ဦး ပညာရေးအဖွဲ့တွင် ပါဝင်ခွင့်ရသဖြင့် တက်ရောက်ခွင့်ရခဲ့ပါသည်။


အဆိုပါ ဆွေးနွေးပွဲတွင် ဆွေးနွေးချက်များအရ ကမ္ဘာ့ဘဏ် IDA Credit အမေရိကန်
ဒေါ်လာသန်း (၆၀)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျောင်းထောက်ပံ့ကြေးများ ထောက်ပံ့ရေးဆိုင်ရာ စီမံချက်နှင့်ပတ်သက်၍ တက်ရောက်လာသူများအား အစီအစဉ်
မူကြမ်းများကို ရှင်းလင်တင်ပြပြီး တက်ရောက်လာသူများက ဆွေးနွေးညှိနှိုင်းမှုများဆောင်
ရွက်ကြခြင်းဖြစ်ပါသည်။

တက်ရောက်လာသူများတွင် ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ၊ ပညာရေးဌာနဆိုင်ရာ
ညွှန်ကြားရေးမှူးချုပ် အဆင့်မှ မူလတန်းကျောင်းအုပ်အဆင့်အထိ ကိုယ်စားလှယ်များ၊
ပြည်နယ်နှင့်တိုင်း လူမှုရေးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ INGO အဖွဲ့အစည်း
အသီးသီးမှ တာဝန်ရှိသူများ၊ မိဘ ကိုယ်စားလှယ်များ တက်ရောက်ကြသည်ကိုတွေ့ရှိရပါသည်။


ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းလည်း တက်ရောက်ပါသည်။ ညှိနှိုင်းဆွေးနွေးပွဲတွင်
အမှန်တကယ် အောက်ခြေအဆင့်အထိ ထိထိရောက်ရောက် အောင်မြင်အောင် ဆောင်ရွက်
နိုင်ရေးအတွက် ကိုယ်စားလှယ်များ အနေဖြင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးကြသည်မှာ ပွင့်လင်း
မြင်သာသည့် ဒီမိုကရေစီစနစ်ကို သွားနေသည့် မြန်မာနိုင်ငံအနေဖြင့် ရလဒ်ကောင်းများအတွက်
အခြေပြုနေသည်ဟု ထင်မိပါသည်။

တစ်ဦးကဆွေးနွေးသည်ကို တစ်ဦးက အပြုသဘောနှင့် ဆွေးနွေးကြခြင်းဖြင့် ဆွေးနွေးပွဲကိုအောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။ ၂၀၁၄-၂၀၁၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံအတွင်းရှိ မူလတန်းကျောင်းအဆင့်ထိ ငွေကြေးပံ့ပိုးမှုများကြောင့် ရုပ်ပိုင်းဆိုင်ရာ ပိုမိုတိုးတက်လာသော လိုအပ်ချက်များပိုမိုပြည့်စုံလာသော မြန်မာကျောင်းများနှင့်အတူ စာကြိုးစားသော နွမ်းပါးသော ကျောင်းသားများအား ထောက်ပံ့မှုနှုန်းထား ပိုမိုလာမည်ဖြစ်သဖြင့် ပညာကို ပိုမို အားစိုက်သင်ယူလာကြမည့် မြန်မာ့ကျောင်းသားများအတွက် ဆရာစိတ်ဖြင့် များစွာဝမ်းသာခဲ့ရပါသည်။

ရှမ်းအရှေ့ ကိုယ်စားပြု )

ရှမ်းအရှေ့ ပြည်နယ်အဆင့် ပညာရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်တက်ရောက်ခဲ့သည့် မိုင်းတုံမြို့နယ်ပညာရေးမှူး ဆရာကြီး ဦးမောင်မောင်၏ ပြောကြားချက်အရ ယခုရက်ပိုင်း အတွင်းတွင် တောင်ကြီးတွင် ပြုလုပ်သော အစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ရှမ်းပြည်နယ်မြို့နယ်များမှ အထောက်အကူပြုကော်မတီအဖွဲ့များ၊ ရှမ်းပြည်နယ်ပညာရေးဌာန ညွှန်မှူး၊ဒုညွှန်မှူး များနှင့်အတူ မြို့နယ်ပညာရေးမှူးများအားလုံး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။


အဆိုပါဆွေးနွေးပွဲတွင်လည်း မြို့နယ်အထောက်အကူပြုအဖွဲ့များ နှင့် မြို့နယ်ပညာရေးမှူးများ၏
မိမိတို့မြို့နယ်များ၏ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပွင့်လင်းမြင်သာသော ညှိနှိုင်းဆွေးနွေးခြင်းများကို တွေ့ခဲ့ရကြောင်း သိရှိရပါသည်။ ရှမ်းပြည်နယ်ပညာရေး တိုးတက်လာမည့်  ဆောင်ရွက်ချက်များဟု စာရေးသူ သုံးသပ်ရင်း ၀မ်းမြောက်မိပါသည်။ အခြားပြည်နယ်တိုင်းများလည်း ဆောင်ရွက်နေမည်ဟု ထင်ပါသည်။

ပညာရေးလုပ်ငန်းများ တိုးတက်ရန်ဆိုရာတွင် တစ်ဦးတစ်ယောက်တည်း ဆောင်ရွက်ခြင်းဖြင့်
မည်သို့မှအောင်မြင်မည် မဟုတ်သည်မှာ အားလုံးနားလည်ပြီးဖြစ်ပါသည်။ အောက်ခြေအဆင့်မှသည်
အထက်အဖွဲ့အစည်း လူထုလူတန်းစားအားလုံးသည် ဆွေးနွေးညှိနှိုင်းပြီး အမှန်တကယ် ထိရောက်အောင် ဆောင်ရွက်ခြင်းများဖြင့် မြန်မာ့ပညာရေးသည် ယခုထက်ပိုမို တိုးတက်အောင်မြင်ပါစေကြောင်း
ဆုတောင်းလျက် ဆောင်းပါးအား နိဂုံးချုပ်အပ်ပါသည်။
  ဆောင်းပါးရှင်  -  မြတ်မျိုးမြင့်မာန်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Thursday, February 13, 2014

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့တွင် တစ်ကြိမ်တစ်ခါမှ ကျင်းပ မပြုလုပ်ဖူးသည့် ထူးခြားသော အစီအစဉ် တစ်ရပ်အနေဖြင့် ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှာ ကျရောက်သည့် (၉၉)နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ အထိမ်းအမှတ် အလှူကို ဖေဖော်ဝါရီလ(၁၃)ရက် နံနက်(၉း၃၀)နာရီမှ မွန်းလွဲ(၂း၂၀)နာရီအချိန်ထိ တာချီလိတ်မြို့ပေါ်ရှိ စာသင်ကျောင်း (၅)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ် ( ၃၄၃၇ )ဦးတို့အား ဗိုလ်ချုပ်ချစ်မြတ်နိုးသူများမှ ဗိုလ်ချုပ်အောင်ဆန်း ကြိုက်နှစ်သက်သော အစားအစာ တစ်ခုဖြစ်သည့် ပဲပြုတ်နှင့်နံပြားကို ကျွေးမွေးလှူဒါန်းခဲ့ပြီး နိုင်ငံတော်သမ္မတကြီးမှ လမ်းညွှန်မှာကြားထားသည့်အတိုင်း ကလေးသူငယ်များအား အာဟာရတစ်ခုအဖြစ် နို့ဗူးများလည်း တိုက်ကျွေး၍ ဗိုလ်ချုပ်အောင်ဆန်းအား ရည်စူးကာ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်။

{ အ.မ.က ( တာလော့ }

ထိုသို့ မပြုလုပ်မီမှာ နံနက်ပိုင်းက  ဗိုလ်ချုပ်ချစ်မြတ်နိုးသူများမှ ဗိုလ်ချုပ်အောင်ဆန်းအား ရည်စူး၍ သာသနာ့ဂုဏ်ရည်ကျောင်းတိုက်မှ ဆရာတော် ဥူးဓမ္မဓဇ(သာသနဓဇ ဓမ္မာစရိယ) အပါအ၀င် သံဃာတော် အရှင်သူမြတ် (၅)ပါးတို့အား ပင့်ဖိတ်ကာ တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်၊ ၀မ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးရှိ ရပ်ကွက်ဓမ္မာရုံမှာ အာရုံဆွမ်း နှင့် သင်္ကန်းများ ဆက်လက်လှူဒါန်းကာ ရေစက်သွန်းချ တရားတော် နာယူခဲ့ကြသည်။

အာရုံဆွမ်း နှင့် သင်္ကန်းများဆက်ကပ် တရားနာ}

အဆိုပါအဖွဲ့မှ ကျောင်းများသို့ သွားရောက်၍ ပဲပြုတ်နံပြား လှူဒါန်းရာတွင် ဦးစွာပထမ ပုန်းထွန်(အ.လ.က)သို့ သွားရောက်ရာမှာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်ဆင့် နှင့် ဆရာမများက ကျောင်းသား၊ ကျောင်းသူ အယောက်(၈၅၀)အတွက် နေရာထိုင်ခင်းများကို စီစဉ်ပြုလုပ်ပေးပြီး ဗိုလ်ချုပ်ချစ်မြတ်နိုးသူများအဖွဲ့မှ ကျောင်းသား၊ ကျောင်းသူလေးများအား ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓါတ်ရေးရာ၊ ပွင့်လင်းရိုးသားမှု အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ကြပြီး အဆိုပါ
ကျောင်းသား ကျောင်းသူများထဲမှ အချို့အား ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် မေးခွန်း(၁၀)ခုကို ဖြေစေပြီး၊ မှန်ကန်စွာ ဖြေဆိုနိုင်သူများနှင့် အနီးစပ်ဆုံး ဖြေဆိုနိုင်သူများကို ဗိုလ်ချုပ်အောင်ဆန်းပုံပါရှိသည့် လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်၍ မျိုးချစ်စိတ်ဓါတ် ရှိစေရေးနှင့် ဗိုလ်ချုပ်အောင်ဆန်းအား အစဉ်အမြဲ သတိရနေရေးအတွက် အသိပညာပေးမှုများကို ပြုလုပ်ခဲ့ကြသည်။

{ ရန်အောင်မြေ [မူလွန်] }

ထိုနည်းတူစွာပင် အ.မ.က(တာလော့)တွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းကောင်ခမ်း နှင့် ဆရာ/မ(၁၆)ဦး အပါအ၀င် ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ် (၄၅၃)ဦး၊ ရန်အောင်မြေ (မူလွန်)တွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးမာ နှင့် ဆရာ/မ(၂၈)ဦး အပါအ၀င် ကျောင်းသား၊
ကျောင်းသူ (၁၅၅၇)ဦး၊ အ.မ.က(၀မ်မိုင်၂)တွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဆွေ နှင့် ဆရာမ(၆)ဦး အပါအ၀င်  ကျောင်းသား၊ကျောင်းသူ ကလေးသူငယ် (၂၃၀)ဦး နှင့် ၀မ်ကောင်းရပ်ကွက် ကချင်ရွာ(မူလွန်)တွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းမြဌေး နှင့် ဆရာ/မ(၁၀)ဦး အပါအ၀င် ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ် (၃၄၇)ဦး စုစုပေါင်းကျောင်းသား (၃၄၃၇)ဦးတို့ကို ပဲပြုတ်နံပြားနှင့် နို့ဗူးပါ တိုက်ကျွေးခဲ့ကြသည်။

{ ကချင်ရွာ [မူလွန်] }

ဗိုလ်ချုပ်ချစ်မြတ်နိုးသူများအဖွဲ့က ကလေးများအား ပဲပြုတ်နံပြားနှင့် နို့ဗူး တိုက်ကျွေးရုံမဟုတ်ပဲ အသိပညာပေးများဖြင့် ဟောပြောရာမှာ"ကျွန်တော်တို့တိုင်းပြည်ရဲ့တစ်ချိန်တစ်ခါက စစ်သေနာပတိချုပ်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ပဲပြုတ်နဲ့ နံပြားစားချင်တာကို သူ့ဇနီးထံ မှာထားပုံလေးကြည့်ကာ ခေါင်းဆောင်ကောင်း တစ်ယောက်ဆိုတာ သူ့ဇနီးသားမယားနှင့် တိုင်းသူ ပြည်သားတို့ အပေါ်မှာ နိုင်ထက်စီးနင်း ပြောဆိုခိုင်းခြင်း မရှိဘူးဆိုတာကို သိစေ၊ မှတ်သားစေချင်တယ်၊ နောက်တခု ကလေးတွေ စာအုပ်တစ်အုပ်၊ စာပိုဒ်တစ်ပိုဒ်ဖတ်ပြီးတိုင်း စဉ်းစားတွေးခေါ်တတ်သော အကျင့်တွေရရှိ စေချင်တယ်"ဟု ရှင်းလင်းဟောပြောသည်။

{ အ.မ.က [တာလော့] }

ဆက်လက်၍ "ဗိုလ်ချုပ်အောင်ဆန်းကို လေးစား အားကျပြီး အတုယူချင်သော စိတ်ဓာတ်အခြေခံကာ ဗိုလ်ချုပ်ကိုချစ်သောစိတ်များ တဖွားဖွားပေါ်လာမယ် အဲဒါမှ ကျွန်တော်တို့ ဗိုလ်ချုပ်ချစ်သူများရဲ့ အဓိက ပန်းတိုင်ဖြစ်သည့် ဗိုလ်ချုပ်နှလုံးသားမျိုးနဲ့ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်ကောင်းတွေ ပေါ်ထွန်းလာမှာပါ၊ ဘာကြောင့်လဲဆိုရင် လူရဲ့သဘော သဘာဝက ကိုချစ်တဲ့သူရဲ့ စကားဆိုရင် နားထောင်ကြတယ် မဟုတ်လား ကလေးတွေလည်း ဗိုလ်ချုပ်ကို အားကျတဲ့စိတ် လေးစားတဲ့စိတ်များ ပေါ်ပေါက်လာပြီး ဗိုလ်ချုပ်ကို ချစ်တတ်သွားမယ်လေ၊ ဒါကြောင့် သူတို့ချစ်တဲ့ ဗိုလ်ချုပ်စကားကို နားထောင်လာကြမယ်..."ဟု ရှင်းလင်း ဟောပြောသည်။

{ အ.လ.က [ပုန်းထွန်] }

တဆက်တည်းမှာပင် "အခုလို ကလေးများကို ရှင်းပြပေးလိုက်လို့ ကလေးငယ်များ သိရှိနားလည် သွားကြမယ် ဆိုရင် ငယ်စဉ်အခါထဲက ဗိုလ်ချုပ်စိတ်ဓာတ်ကို သိရှိနားလည်း ကျင့်သုံးသွားကြမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ မျိုးဆက်တွေ ကျွန်တော်တို့ လောက်ခက်ခဲကြမ်းတမ်းသော လမ်းတွေကို လျှောက်လှမ်းစရာမလိုတော့ပါဘူး ဆိုတာလေးကို ပြောပြလိုက်ပါရစေ"ဟု ကလေးများအား ပဲပြုတ်နှင့်နံပြားကျွေးရခြင်းအကြောင်း ရှင်းပြရင်းဖြင့် စိတ်ဓါတ်မြှင့်တင်ပေးခြင်း နှင့် ဗိုလ်ချုပ်အောင်ဆန်းအား အစဉ်အမြဲ ချစ်မြတ်နိုးစေရန်အတွက် ဗိုလ်ချုပ်ချစ်မြတ်နိုးသူများအဖွဲ့မှ ရှင်းလင်းဟောပြောခဲ့ကြသည်။

{ အ.မ.က [ ၀မ်မိုင်-၂] }

ထိုသို့ကျောင်း အသီးသီးတွင် ပဲပြုတ်နံပြား နှင့် နို့တိုက်ကျွေးပြီး တစ်ကျောင်းလျှင် ကျောင်းသား၊ ကျောင်းသူ (၅)ဦးမှ (၁၀)ဦးထိ ရွေးထုတ်ကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် မေးခွန်း(၁၀)ခုကို ရေးဖြေစေပြီး၊ မှန်ကန်စွာ ဖြေဆိုနိုင်သူများနှင့် အနီးစပ်ဆုံး ဖြေဆိုနိုင်သူများကို ဗိုလ်ချုပ်အောင်ဆန်း ပုံပါရှိသည့် အမှတ်တရလက်ဆောင်အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

{ အ.မ.က [ ၀မ်မိုင်-၂] }

ပုန်းထွန်ကျောင်း၌ အခမ်းအနားပြုလုပ်ခြင်းနှင့် ပတ်သက်၍ "ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ အခုလို ပွင့်လင်းလွတ်လပ်ပြီး ကျောင်းတွေမှာ ပဲပြုတ်နံပြား လိုက်ကျွေးတာကို မြင်ရတော့ စိတ်ထဲ ဘယ်လို ဖြစ်မိမှန်းကို မပြောတတ်ဘူးဗျာ၊ ကြက်သီးမွှေးညင်းတောင် ထတယ်၊ ကျွန်တော် တစ်သက်နဲ့တစ်ကိုယ် အခုလို မြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးဘူး"ဟု ပုန်းထွန်းရပ်ကွက်မှ ကျောင်းသား မိဘတစ်ဦးက ၀မ်းသာပီတိဖြင့် တာချီလိတ်အွန်လိုင်းသို့ ပြောကြားသည်။

{ အ.မ.က [တာလော့] }

"ကျွန်မ ဆရာမလုပ်လာတဲ့ သက်တမ်းတစ်လျှောက်လုံး ဒီလိုမျိုး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ ပဲပြုတ်နဲ့ပြားလာကျွေးတာ တခါမှ မမြင်ဖူးဘူး၊ ကြည့်ပြီး မျက်ရည်ကျမိတယ်၊ ပိုလို့ ၀မ်းသာပီတိဖြစ်မိတာက အခုလိုမျိုး ချီးမြှင့်ထိုက်သူ ဂုဏ်ပြုထိုက်သူကို ရည်စူးပြီး ပြုလုပ်ပေးတာ အရမ်းကောင်းတယ်၊ နှစ်တိုင်းလည်း ဒီလိုပွဲမျိုးတွေ ပြုလုပ်ပေးနိုင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်"ဟု ရန်အောင်မြေ(မူလွန်)ကျောင်းမှ ဆရာမတစ်ဦးက ၀မ်းသာပီတိ မျက်ရည်ကျရင်း ပြောကြားလာသည်။

{ အ.လ.က [ပုန်းထွန်] }

ရန်အောင်မြေ(မူလွန်)တွင် ပြုလုပ်သော အခမ်းအနားမှာ အောင်ဆန်းဇာနည် သီချင်းအား သံပြိုင်သီဆိုတာနှင့် ပတ်သက်၍ "ကလေးတွေ သံပြိုင်ဆိုနေတဲ့ သီချင်းကို ကြားရတော့ ငိုချင်မိတယ်၊ စိတ်ခံစားမှုကြောင်းလားမသိဘူး၊ တစ်ခါမှ ဒီလိုမျိုး ဗိုလ်ချုပ်အောင်ဆန်းအတွက် လုပ်ပေးတာတွေ မမြင်ဖူးတော့ အံ့လည်းအံ့သြမိတယ်၊ ၀မ်းလည်းဝမ်းသာတယ်"ဟု လာရောက်ကြည့်ရှုသူ ကျောင်းသား မိဘများထဲမှ အမျိုးသမီးတစ်ဦးကလည်း တာချီလိတ်အွန်လိုင်းသို့ ၀မ်းသာပီတိဖြင့် ပြောပြသည်။

{ အ.မ.က [ ၀မ်မိုင်-၂] }

တာချီလိတ်မြို့တွင် ယခုလို ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အလှူအဖြစ် ကျောင်းများ၌ ပဲပြုတ်နှင့်နံပြား ကျွေးခြင်းသည် ပထမအကြိမ်ဖြစ်ပြီး ယခုလို လှူဒါန်းပြုလုပ်နိုင်ရန်အတွက် တာချီလိတ်မြို့ရှိ ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားပြည်သူများ နှင့် စီးပွားရေးလုပ်ငန်းရှင်များမှ ပူးပေါင်းပါဝင် လှူဒါန်းခြင်းကြောင့် ဖြစ်ကြောင်း နှင့် ယခုလို အခမ်းအနား မပြုလုပ်မီ ရက်ပိုင်းက ပြုလုပ်သော အစည်းအဝေး၌ တာချီလိတ်မြို့ အထင်ကရ နေရာတွင် လာမည့်နှစ်၌ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်အား သွန်းလုပ်ထားရှိနိုင်ရန် အတွက်လည်း ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း သိရှိရသည်။

{ ကချင်ရွာ [မူလွန်] }

တာချီလိတ်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်၍ ပထမအကြိမ် ပွင့်လင်းလွတ်လပ်သော အခမ်းအနားအဖြစ် ပြီးခဲ့သော ၂၀၁၃ခုနှစ်က အာဇာနည်နေ့ အခမ်းအနားကို ဥသြဆွဲကာ မြို့လုံးကျွတ် ကျင်းပနိုင်ခဲ့ပြီး ယခုပြုလုပ်သော ဗိုလ်ချုပ်အောင်ဆန်း (၉၉)နှစ်ပြည့် မွေးနေ့အခမ်းအနားသည်လည်း အားလုံး ပူးပေါင်းလက်တွဲကာ ပွင့်လင်းလွတ်လပ်စွာဖြင့် ကျင်းပနိုင်ခဲ့သည့် ဒုတိယအကြိမ် အခမ်းအနားဖြစ်ကြာင်း သိရသည်။

ပုံများကိုကြည့်ရန်
ဗိုလ်ချုပ်အောင်ဆန်းအားရည်စူး၍ မွေးနေ့အလှူ သံဃာတော်များအားဆွမ်းကပ်
23 photos
အ.လ.က(ပုန်းထွန်)မှ ကျောင်းသား/သူ ၈၅၀ ဦးအား ပဲပြုတ်နံပြားကျွေး
80 photos
အ.မ.က(တာလော့)မှ ကျောင်းသား/သူ ၄၅၃ ဦးအား ပဲပြုတ်နံပြားကျွေး
58 photos
ရန်အောင်မြေ(မူလွန်)မှ ကျောင်းသား/သူ ၁၅၅၇ဦးအား ပဲပြုတ်နံပြားကျွေး
37 photos
ဝမ်မိုင်-၂(အ.မ.က)မှ ကျောင်းသား/သူ ၂၃၉ ဦးအား ပဲပြုတ်နံပြားကျွေး
39 photos
ကချင်ရွာ(မူလွန်)မှ ကျောင်းသား/သူ ၃၄၇ ဦးအား ပဲပြုတ်နံပြားကျွေး
38 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Monday, February 10, 2014

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်ပညာရေးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို  ဖေဖော်ဝါရီလ (၈)ရက်၊ နံနက်(၈)နာရီခွဲက အထက- မိုင်းဖြတ်ကျောင်းဝင်းအတွင်း၌ ကျင်းပရာ ကျောင်းသားကျောင်းသူများက   ပြည်မြန်မာ သီချင်းဖြင့် သီဆိုပြီး အခမ်းအနားအား ဖွင့်လှစ်ပေးသည်။

ထို့နောက်  ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း မှ အဖွင့်အမှာစကားပြောကြားပြီး၊ခရိုင်ပညာရေးမှူးရုံးမှလက်ထောက်ညွှန်ကြားရေးမှူး
 ဦးစိုင်းငွေထွန်း က  ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းတင်ပြသည်။

ဆက်လက်၍  ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများနှင့်  သင်ကြားပြသပေးသည့် ဆရာ၊ဆရာမများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီးနောက်  ကျောင်းသား ကျောင်းသူများက  အကပဒေသာများဖြင့် ပျော်ရွှင်စွာ သီဆိုကပြ ဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။

သတင်းပေးပို့သူ။          ။ ဝေယံလင်း(မိုင်းဖြတ်)

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Thursday, February 6, 2014

တာချီလိတ်မြို့ရှိ မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဖိတ်ကြားအချက်အရ ဖေဖော်ဝါရီလ (၆)ရက်နေ့နှင့် (၇)ရက်နေ့တို့တွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ပြုလုပ်မည့် စာပေဟောပြောပွဲအတွက် ရောက်ရှိလာသော စာရေး ဆရာဦးဘုန်း(ဓါတု) နှင့် စာရေးဆရာ ညီမင်းညို ( ဒေါက်တာ ညီပေါက် [ဘိုင်အို ဆရာ] )တို့သည် ပညာဒါနအဖြစ် အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း) နှင့် မကာဟိုခမ်းရပ်ကွက်ရှိ ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်းတို့၌ အဆိုပါ စာရေးဆရာနှစ်ဦးမှ ဓါတုဘာသာရပ်နှင့် ဘိုင်အိုဘာသာရပ်များကို ယနေ့ ဖေဖော်ဝါရီလ(၆)ရက် မွန်းလွဲ(၁း၃၀)နာရီအချိန်က အလှည့်ကျ သင်ကြားပေးခဲ့ကြသည်။

{ အ.ထ.က (ရွှေမဟာ)၌ သင်ကြားနေစဉ် }

ထိုသို့သင်ကြားရာတွင် စာရေးဆရာ ညီမင်းညိုမှ အ.ထ.က(ဆန်ဆိုင်း)၌ ဘိုင်အိုဘာသာရပ်ကို ဦးစွာသင်ကြားပို့ချပေးရာ အ.ထ.က(ဆန်ဆိုင်း)ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့် နှင့် ဆရာ/မများက လိုအပ်သည်များကို ဆောင်ရွက်ပေးပြီး သင်ကြားမှုကို အ.ထ.က(တာချီလိတ်)၊ အ.ထ.က(ဆန်ဆိုင်း)၊ အ.ထ.က(ဟောင်လိတ်)မှ တက္ကသိုလ်ဝင် ကျောင်းသား/သူများ နှင့် အပြင်ကျောင်းသား/သူ စုစုပေါင်း အယောက်(၃၀၀)ခန့် လာရောက် သင်ယူမှတ်သားခဲ့ကြသည်။

{ အ.ထ.က (ဆန်ဆိုင်း)၌ သင်ကြားနေစဉ် }

တဆက်တည်းမှာပင် ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်း၌ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်နှင့် ဆရာ/မများက လိုအပ်သည်များကို ဆောင်ရွက်ပေးပြီး စာရေးဆရာ ဦးဘုန်း(ဓါတု)မှ ဓါတုဘာသာရပ်ကို သင်ကြားပို့ချရာ အဆိုပါကျောင်းမှ (၉)တန်း နှင့် (၁၀)တန်းကျောင်းသား/သူ အယောက်(၃၀၀)ခန့် သင်ယူမှတ်သားခဲ့ကြသည်။

လွန်ခဲ့သော ၂၀၁၃ခုနှစ် မတ်လ(၂)ရက်နေ့က အဆိုပါ စာရေးဆရာနှစ်ဦးမှပင် တာချီလိတ်မြို့သို့ စာပေဟောပြောပွဲအတွက် ရောက်ရှိလာရင်း ပညာဒါန အစီစဉ်အဖြစ် အခြေခံပညာအထက်တန်းကျောင်း (ဆန်ဆိုင်း)တွင် ယခုအတိုင်း တာချီလိတ်မြို့နယ်ရှိ တက္ကသိုလ်ဝင်ကျောင်းသား/သူများအား ဘာသာရပ်နှစ်ခုကို သင်ကြားပို့ချပေးခဲ့ရာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
စာရေးဆရာ ဦးဘုန်း(ဓါတု) နှင့်ညီမင်းညိုတို့မှ ဓါတု ဘိုင်အို ပို့ချ
38 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Friday, January 24, 2014

ယနေ့ ဇန်န၀ါရီလ(၂၄)ရက် နံနက် (၈း၃၀)နာရီအချိန်က တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်းအနီးရှိ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့် ဦးစီးတည်ထောင်ထားသော ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/သာများအား အသိပညာပေး ဟောပြောပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါဟောပြောပွဲတွင် တာချီလိတ်မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ရဲအုပ်သန်းဇော်လင်း မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် ပတ်သက်သည့် အကြောင်းအရာများအား လည်းကောင်း၊ လူကုန်တားအဖွဲ့မှ တာဝန်ခံ ဒုရဲမှူးယဉ်ယဉ်အေး နှင့် ရဲအုပ်မင်းအောင် တို့မှ လူကုန်ကုန်းမှုတားဆီးနှိမ်နင်းရေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား လည်းကောင်း၊ ဝေါဗွီရှင်း(မြန်မာ)အဖွဲ့ နန်းဒေါ်လီစိုး မှ လူငယ်များအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား လည်းကောင်း၊ တာချီလိတ်မြို့နယ်ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မြင့်ထွေး က မှုခင်းကျဆင်းရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို လည်းကောင်း မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်၊ အဖွဲ့ခေါင်းဆောင် ရဲအုပ်မြင့်နိုင်ဦး မှ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို လည်းကောင်း ဟောပြောပို့ချခဲ့ရာ ဟောပြောပွဲသို့ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ စုစုပေါင်း (၆၀၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Thursday, January 23, 2014

တာချီလိတ်မြို့ အ.ထ.က(တာချီလိတ်)မှ ကျောင်းသား၊ ကျောင်းသူဟောင်းများက တတိယအကြိမ်မြောက် မြတ်ဆရာ ပူဇော်ကန်တော့ပွဲ နှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများ မိတ်ဆုံစားပွဲကို ၂၀၁၄ခုနှစ် ဇန်န၀ါရီလ (၂၆)ရက် ညနေ (၅)နာရီမှစ၍ (၁၀)နာရီအချိန်ထိ တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ရန်အတွက် စီစဉ်နေလျှက်ရှိရာ ရှိကြောင်းသိရသည်။


အဆိုပါ ကန်တော့ပွဲတွင် ကန်တော့မည့် ဆရာ၊ ဆရာမများအား အသက်(၅၀)နှစ်အထက် သတ်မှတ်ထားရာ ဆရာ၊ ဆရာမများ စုစုပေါင်း မြို့နယ်ပညာရေးမှူး နှင့် လက်ရှိ ကျောင်းအုပ်ဆရာကြီး အပါအ၀င် (၄၇)ဦး ရှိရာ ကန်တော့မည့် ဆရာ၊ ဆရာမများအား မြတ်ဆရာ ကန်တော့ပွဲ ဖြစ်မြောက်ရေး ကော်မတီမှ ဂရ၀ါပြုမှာ ဖြစ်သလို အခြားသော ကျောင်းသား/သူဟောင်းများအနေဖြင့်လည်း မိမိတို့၏ အစီအစဉ်ဖြင့် လက်ဆောင်ပဏာများဖြင့် လာရောက် ဂါရ၀ပြုလိုက ပြုနိုင်မှာဖြစ်ပြီး သိရသည်။

{ Cherry FM တွင် ဇန်န၀ါရီလ (၂၅)ရက်နေ့ထိ ကြော်ငြာထားသော အသံဖိုင်}

"ကျွန်တော်တို့ မြတ်ဆရာကန်တော့ပွဲဖြစ်မြောက်ရေး ကော်မတီအနေနဲ့လည်း ဆရာ/မများကို အမှတ်တရ ပစ္စည်းများနဲ့ ကန်တော့မှာပါ၊ အဲ့လိုပဲ ကျန်တဲ့ ကျောင်းသား၊ ကျောင်းသူဟောင်းတွေကလည်း မိမိတို့ စေတနာအတိုင်း သီးခြားလာရောက်ပြီး လက်ဆောင်ပဏာများနဲ့ ကန်တော့ချင်တယ်ဆိုလည်း ရပါတယ်၊ လာရောက် ကန်တော့နိုင်ပါတယ်"ဟု မြတ်ဆရာကန်တော့ပွဲဖြစ်မြောက်ရေး ကော်မတီမှ
ကျောင်းသားဟောင်း တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Saturday, January 18, 2014

တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝှေလေလန်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို  ဇန်န၀ါရီလ(၁၈)ရက် နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။


အဆိုပါပွဲတော်သို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲထူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ
ဥက္ကဌ ဦးစိုင်းကျော်ဇံ၊ ခေတ္တမြို့နယ်ပညာရေးမှူး အ.ထ.က ဆန်ဆိုင်းကျောင်းအုပ် ဆရာကြီး ဦးဝင်းမြင့်၊ မြို့နယ်စာရေးဆရာအသင်း ဥက္ကဌ ဦးထိန်မင်း၊ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ ၊ မိုင်းဖုန်း(ခ)ကျောင်းမိသားစုမှူး ဝှေလေလန်မူလွန်ကျောင်းအုပ်ဆရာကြီးဦးမြင့်ဝင်းလှနှင့် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်းရှိ ကျောင်းအုပ်ကြီးများ ဆရာဆရာမများ၊ စေတနာရှင် ရွှေတြိဂံ ပါရာဒိုက်ဟိုတယ်မန်နေဂျာဦးကျော်ကျော်စိုးနှင့်အလှူရှင်များ၊ ကျောင်းအကျိုးဆောင်များ၊
ကျေးရွာအုပ်စုအဆင့်၊ ကျေးရွာအဆင့်အုပ်ချုပ်ရေးအဖွဲ့များ၊ မိဘပြည်သူများ ၆၀၀ကျော် တက်ရောက်လာခဲ့ကြသည်။


ဝှေလေလန်(မူလွန်)စုံညီပွဲတော်ကို ၁၅.၁.၁၄ ရက်နေ့မှစ၍ အားကစားနှင့် ဘက်စုံထူးချွန်ပြိုင်ပွဲများကို ၁၇.၁.၁၄ရက်နေ့အထိ ကျင်းပခဲ့ကြောင်းသိရှိရပြီး ယနေ့ပြုလုပ်သော ပညာရေးစုံညီပွဲတော် အခမ်းအနားတွင် ပညာရည်ချွန်ဆုများ၊ ကျောင်းစီမံခန့်ခွဲရေးနှင့်ကျောင်းကောင်စီအသင်းလုပ်ငန်းထူး
ချွန်ဆုများပေးအပ်ခြင်း၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ အားကစား ထူးချွန်ဆုများချီးမြှင့်ခြင်း၊ ပန်းချီအနုပညာနှင့် လက်မှုထူးချွန်ဆုများပေးအပ်ခြင်း စသည့်တို့ကို တာဝန်ရှိသူများမှ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ဝှေလေလန်(မူလွန်)ကျောင်းသားကျောင်းသူများ၏ အဆိုအကဖျော်ဖြေရေးအစီအစဉ် (၁၆)ခုနှင့် မိုင်းဖုန်း
(ခ)ကျောင်းအုပ်စုဝင် ကျောင်းများမှ ကျောင်းသားကျောင်းသူကလေးများကလည်း ဖျော်ဖြေတင်ဆက်
ခဲ့ကြောင်းသိရှိရသည်။

သတင်းပေးပို့သူ။     ။ မြတ်မျိုးမြင့်မာန်


~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Wednesday, January 15, 2014

တာချီလိတ်မြို့နယ်၏ ပထမဦးဆုံးသော စာသင်ကျောင်းတစ်ကျောင်းဖြစ်သည့် အ.ထ.က(တာချီလိတ်)မှ ကျောင်းသား၊ ကျောင်းသူဟောင်းများက တတိယအကြိမ်မြောက် မြတ်ဆရာ ပူဇော်ကန်တော့ပွဲ နှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများ မိတ်ဆုံစားပွဲကို ၂၀၁၄ခုနှစ် ဇန်န၀ါရီလ (၂၆)ရက် ညနေ (၅)နာရီမှစ၍ (၁၀)နာရီအချိန်ထိ တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ရန်အတွက် ခုနှစ်အလိုက် ခွဲခြားသတ်မှတ်ထားခြင်းမရှိသော ကျောင်းသား၊ ကျောင်းသူ ဟောင်းများမှ အစည်းအဝေးများကို အကြိမ်ကြိမ်ပြုလုပ်ပြီးနောက် ဇန်န၀ါရီလ(၁၅)ရက် ည(၆)နာရီအချိန်က တာချီလိတ်မြို့နယ် သတ္တုလုပ်ငန်းရှင်များရုံး၌ နောက်ဆုံးပြုလုပ်သော အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။




{ Cherry FM တွင် ဇန်န၀ါရီလ (၂၅)ရက်နေ့ထိ ကြော်ငြာထားသော အသံဖိုင်}

ယခင် အစည်းအဝေးများက အ.ထ.က(တာချီလိတ်)ကျောင်းတွင်း၌ ကျင်းပရန် စီစဉ်ထားသော်လည်း အခမ်းအနားအား တီးဝိုင်းဖြင့် ထည့်သွင်းတင်ဆက်ရန် စီစဉ်ထားရာ စတိတ်စင် ပြင်ဆင်မှုအပိုင်းနှင့် အခမ်းအနားပြင်ဆင်မှုတို့အတွက် လွယ်ကူစေရန် အောင်မြတ်ခန်းမကို အစည်းအဝေးသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူဟောင်းများမှ မဲခွဲဆုံးဖြတ်ခဲ့ကြရာမှ အောင်မြတ်ခန်းမ၌ ပြုလုပ်ရန် အတည်ပြုသွားခဲ့ခြင်းဖြစ်သည်။


အခမ်းအနားတွင် ကန်တော့ခံ ဆရာ၊ ဆရာမ (၄၅)ဦးခန့် ပါဝင်မည်ဖြစ်ရာ အဆိုပါ ဆရာ၊ ဆရာများအတွက် ဂါရ၀ရှေ့ထား လက်ဆောင်ပဏာများဖြင့် ပူဇော်ကန်တော့နိုင်ရန်အတွက် ရန်ပုံငွေများကို အဆိုပါ ကျောင်းသား၊ ကျောင်းသူဟောင်းများကော်မတီသို့ ဆက်သွယ်လှူဒါန်းနိုင်သလို သီးသန့်အနေဖြင့်လည်း ဆရာ၊ ဆရာမ(၄၅)ဦးခန့်အတွက် သီးခြားလာရောက်လှူဒါန်းလိုပါက အဆိုပါ အခမ်းအနားသို့  လာရောက်၍ လှူဒါန်းနိုင်မှာဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် တီးဝိုင်းပိုင်းနှင့် ပတ်သက်၍ သီချင်းဆို ၀ါသနာရှင်များမှ တီးဝိုင်းဖြင့် သီဆိုလိုပါက မိမိတို့ သီဆိုလိုသော သီချင်းနှင့် တီးဝိုင်း တီးခတ်မှု အဆင်ပြေစေရန်အတွက် ဇန်န၀ါရီလ(၂၃)ရက်နေ့တွင် တီးဝိုင်းဖြင့် သီချင်းတိုက်မည်ဖြစ်ရာ သီဆိုလိုသူ ၀ါသနာရှင်များမှ မိမိတို့ သီဆိုလိုသော ခွေဖြင့် ဇန်န၀ါရီလ(၂၀)ရက် နောက်ဆုံးထား၍ အောက်ပါ ဆက်သွယ်ရန် ဖုန်းနံပါတ်မှ တဆင့် စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်း နှင့် သီဆိုသူ လူဦးရေကန့်သတ်ထားကြောင်းလည်း  သိရသည်။

သီချင်းကိစ္စအတွက် ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းရန်
ကိုဘိုဘို
မြန်မာဖုန်း 094-50061464
ထိုင်းဖုန်း  094-6439531

အဆိုပါ ဆွေးနွေးမှုတွင် တက်ရောက်လာကြသူ ကျောင်းသား၊ ကျောင်းသူဟောင်းများက နှစ်စဉ်
မြတ်ဆရာကန်တော့ပွဲ ပြုလုပ်နိုင်ရန်နှင့် ဆရာ/မ များ နာရေးကိစ္စနှင့် ကျောင်းသားဟောင်း၊ကျောင်းသူဟောင်းများ၏ မိသားစု နာရေး ကိစ္စများတွင် ကူညီပေးနိုင်ရန်အတွက် ကျောင်းသား/သူဟောင်းများ ကော်မတီတစ်ရပ်ဖွဲ့စည်းရေးနှင့် လစဉ်ရန်ပုံငွေ ကောက်ခံနိုင်ရန် အတွက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မြတ်ဆရာကန်တော့ပွဲနှင့် ပတ်သက်၍ အသေးစိပ်သိရှိလို့ပါက အောက်ပါ ဆက်သွယ်ရန် လိပ်စာမှတဆင့် စုံစမ်းနိုင်ပါသည်။
ဦးတင်ဝင်း
(တက်လူ-ဓါတ်ပုံလုပ်ငန်း) နှင့် ယိင်းယိင်း လက်ဆောင်ပစ္စည်းဆိုင်။ တာချီလိတ်။
ထိုင်းဖုန်း။      ။ 086-4236131 
မြန်မာဖုန်း။      ။ 09-5241244
ရန်ကုန်မြို့မှ အ.ထ.က(တာချီလိတ်) ကျောင်းသား/သူဟောင်းများအနေဖြင့်  ဦးစိုင်းကျင်လေး(ရန်ကုန်)၊ မြန်မာဖုန်း ၀၉ ၅၁၁၄၈၉၅ သို့လည်း ဆက်သွယ်နိုင်ကြောင်း သိရသည်။


~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Thursday, January 9, 2014

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ တာလော့ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၏ ၂၀၁၂ - ၂၀၁၃ ခုနှစ် ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ၊ ၂၀၁၃ - ၂၀၁၄ ခုနှစ် ပညာသင်နှစ် ဘက်စုံထူးချွန်ဆုပေးပွဲ နှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့ ဇန်န၀ါရီလ(၁၀)ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။


ဖွင့်ပွဲအခမ်းအနားအား ကျောင်းသား၊ ကျောင်းသူများက "အောင်မြင်ပါစေ မြန်မာပြည်"သီချင်းဖြင့် ဖွင့်လှစ်ခဲ့ကြပြီး ဆန်ဆိုင်းကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့် က အဖွင့်အမှာစကား ပြောကြားပြီး
ကျောင်းအကျိုးတော်ဆောင် ဦးကျော်ငြိမ်းမှ ကျောင်းလုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်း တို့ကို ပြုလုပ်ခဲ့ကြသည်။


ယင်းနောက် ၂၀၁၂ - ၂၀၁၃ ခုနှစ် ပညာသင်နှစ်အတွက် ပညာရည်ထူးချွန်ဆု (၂၀)ဆု၊ ၂၀၁၃ - ၂၀၁၄ ခုနှစ် ပညာသင်နှစ် ဘက်စုံထူးချွန်ဆု (၁၂)ဆု အာဇာနည်နေ့ အထိမ်းအမှတ်ဆု (၂)ဆု၊ ကလေးများနေ့ အထိမ်းအမှတ်ဆု(၂)ဆု၊ နှုတ်မှုစွမ်းရည်ပြိုင်ပွဲဆု (၄)ဆု၊ စာပေနှင့်စာနယ်ဇင်းနေ့ အထိမ်းအမှတ် ဆု (၁)ဆု၊ World AIDS DAy အထိမ်းအမှတ်ဆု (၁)ဆု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆု (၁)ဆု၊ ကမ္ဘာ့မသန်စွမ်းသူများနေ့ အထိမ်းအမှတ်ဆု(၁)ဆု၊ ပညာတန်ဆောင် ဆု (၁)ဆု၊ သချာင်္ထူးချွန်ဆု (၂)ဆု နှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဆု (၂)ဆု စသည့် ဆု (၄၉)ဆုကို ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြသည်။


ဆက်လက်၍ အဆိုပါ ကျောင်းမှ ကျောင်းသား ကျောင်းသူများက တေးသရုပ်ဖော် သီချင်းများဖြင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ နှင့် ကျောင်းသားမိဘများအား ကပြဖျော်ဖြေခဲ့ကြသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Monday, January 6, 2014

တာချီလိတ်မြို့၌ အခြေခံပညာအထက်တန်း(တာချီလိတ်)၏  ကျောင်းသား/သူဟောင်းများမှ လာမည့် ဇန်န၀ါရီလ(၂၆)ရက်နေ့တွင် တတိယအကြိမ်မြောက် မြတ်ဆရာပူဇော်ကန်တော့ပွဲနှင့် ကျောင်းသား/သူဟောင်းများ တွေ့ဆုံပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ရာ မည်သည့်ခုနှစ်က ကျောင်းသား၊ ကျောင်းသူဟောင်းများမဆို တက်ရောက်ဆင်နွှဲနိုင်ပြီး မြတ်ဆရာများအား ထိုက်ထိုက်တန်တန် ကန်တော့နိုင်ရန်အတွက် ရန်ပုံငွေများ ထည့်ဝင်လိုပါက ထည့်ဝင်လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။


ကျောင်းသား/သူဟောင်းများမှ အဆိုပါပွဲ၏ ပထမအကြိမ်ကို အောင်မြတ်ခန်းမ၌ ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်ကိုတော့ ၂၀၁၂ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ယခု တတိယအကြိမ်ကိုလည်း အ.ထ.က(တာချီလိတ်)ကျောင်းဝန်းထဲမှာ ၂၀၁၄ခုနှစ် ဇန်န၀ါရီလ(၂၆)ရက် ညနေ(၅)နာရီအချိန်မှ ည(၁၀)နာရီအချိန်ထိ ပြုလုပ်ကျင်းပမှာဖြစ်ကြောင်း သိရသည်။

{ လက်ကမ်းကြော်ငြာစာရွက် }

အခမ်းအနားတွင် ကျောင်းသား/သူဟောင်းများမှ မိမိတို့အား ပညာများသင်ကြားပေးခဲ့သည့် အသက်(၅၀)နှစ် အထက်ရှိ ဆရာ/မများအား တရင်းတနှီးဖြင့် ညစာအတူသုံးဆောင်ကြမှာဖြစ်ပြီး ယင်းနောက် ကန်တော့မှု အစီအစဉ်အား စတင်ကြမှာဖြစ်သည်။

{ ကန်တော့ပွဲ ဖြစ်မြောက်ရေးတွက် စည်းဝေးနေကြစဉ် }

အဆိုပါ ကန်တော့ပွဲအား ဖြစ်မြောက်ရန်အတွက် မည်သူမဆို ရန်ပုံငွေ ထည့်ဝင်လှူဒါန်းလိုပါက အထက်ပါ လက်ကမ်းကြော်ငြာစာရွက်ထဲရှိ ဖုန်းနံပါတ်များမှ တဆင့် ဆက်သွယ်၍ လှူဒါန်းနိုင်မှာဖြစ်ပြီး အမှတ် (၅/၁၃)၊ မကာဟိုခမ်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေးရှိ ဦးတင်ဝင်း(တက်လူ-ဓါတ်ပုံလုပ်ငန်း) နှင့် ယိင်းယိင်း လက်ဆောင်ပစ္စည်းဆိုင်တွင်လည်း သွားရောက် ရန်ပုံငွေ ထည့်ဝင်နိုင်မှာဖြစ်ကြောင်း သိရသည်။

 ကျောင်းသား/သူဟောင်းများမှ ကန်တော့ပွဲဖြစ်မြောက်ရေးအတွက် ဇန်န၀ါရီလ(၅)ရက် ညပိုင်းက တွေ့ဆုံ၍ အစည်းဝေးပြုလုပ်ခဲ့ပြီး လာမည့် ဇန်န၀ါရီလ(၁၅)ရက်နေ့ ည(၆း၃၀)အချိန်တွင် တာချီလိတ်မြို့ ဘုရင့်နောင်ရင်ပြင်ဘေးရှိ သတ္တုလုပ်ငန်းရှင်များအသင်းရုံးမှာ ထပ်မံ၌ အစည်းအဝေး ပြုလုပ်မည်ဖြစ်ရာ ကျောင်းသား/သူဟောင်းများမှ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~