Latest News

Dropdown Menu

Monday, October 7, 2013

ကမ္ဘာ့ဆရာများနေ့ မှသည် မြန်မာ့ဆရာများ ဆီသို့

တာချီလိတ်မြို့နယ်တွင် ၅.၁၀.၂၀၁၃ ရက်နေ့၌ အစဉ်အလာအရ နှစ်စဉ်ကျင်းပ လာခဲ့သော ကမ္ဘာ့ဆရာများနေ့ကို အောင်မြတ်ခန်းမတွင် ကျင်းပခဲ့သည်ကို တွေ့မြင်ခဲ့ရပြီးနောက် ယခုဆောင်းပါးအား ရေးသားရခြင်းဖြစ်ပါကြောင်း ကနဦး တင်ပြလိုပါသည်။
နိုင်ငံတကာက အသိအမှတ်ပြုပြီး မြန်မာနိုင်ငံတွင်၂၀၀၂ ခုနှစ်မှစတင်ကာ ကျင်းပခဲ့သည်။ သို့သော် မြန်မာ့ဆရာများနေ့ဟူ၍ သတ်မှတ်ထားခြင်း မရှိသော်လည်း နေ့စဉ် အနန္တောအနန္တငါးပါးကို ရှိခိုးနေသော မြန်မာများအတွက် နေ့စဉ် ဆရာများနေ့ ဖြစ်နေကြောင်း တင်စားခြင်းကိုမူ သိရှိထားခဲ့ပါသည်။

ထို့ပြင်သီတင်းကျွတ်လတွင် မြန်မာ့ကျောင်းများတွင် အာစရိယမြတ်ဆရာ ပူဇော်ပွဲများကို ကျင်းပနေခြင်းဖြင့်လည်း အောက်တိုဘာလသည် ဆရာများ၏ လဟူ၍ ခေါ်ဆိုနိုင်ကြောင်း ဆရာသမားများ ပြောကြားခဲ့ဖူးသည်ကိုလည်း သတိရမိပါသည်။

ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ကျင်းပသည့်နည်းတူ ကျွန်တော်တို့ မြန်မာ့ဆရာများသည်လည်း ဆရာ့ကျင့်ဝတ်သိက္ခာများနှင့်အညီ ပိုမိုကျင့်ကြံနေထိုင်ရန် ယခုကဲ့သို့ အခမ်းအနားများက မီးမောင်း ထိုးပြနေသည်ဟုလည်း ဆိုချင်ပါသည်။

ကမ္ဘာတွင် ဆရာကို တန်ဖိုးထားသကဲ့သို့ မြန်မာတွင် ဆရာကို တန်ဖိုးထားလျက်ရှိပါသည်။ သို့သော်လည်း
ပညာရေးဝန်ထမ်း ကျွန်တော်တို့ဆရာများ လိုက်နာရန်ကျင့်ဝတ်များကို ပြန်လည် စဉ်းစားဆင်ခြင်မိပြန်ပါသည်။

အခြေခံအားဖြင့် ခံယူရမည့် ဘာသာတရား၏ မိန့်ကြားချက်ဖြစ်သော ဆရာ့ဝတ်ဖြစ်သည့် အတတ်လည်း သင် ၊ ပဲ့ပြင်ဆုံးမ ၊သိပ္ပမချန်၊ ဘေးရန်ဆီးကာ ၊ သင်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာကို ပြန်လည် ခံယူမိပါသည်။

ကမ္ဘာ့ဆရာများနေ့တွင် တင်စားခဲ့သည့် လောကကို ပညာဖြင့် အလှဆင်သူ၊ သောကကို ကရုဏာဖြင့် ဖြေဖျောက်သူ၊ အများအကျိုးကို ကိုယ်ကျိုးစွန့်၍ ဆောင်ရွက်တတ်သူ ဆရာဟူ၏  ဟူသော ဆရာ့ဂုဏ်အင်ကို ပိုမို နားလည်စွာဖြင့် ဆက်လက်လျှောက်လှမ်းရန် သုံးသပ်ခံယူမိပါသည်။

ဆရာဟူသည် ပန်ပျိုးသူဖြစ်သည်။ ပန်းချိုးသူ မဟုတ်ကြောင်း၊ ပန်းပျိုးသူသည် ပန်းခင်းတစ်ခင်းလုံးကို ကြည့်လေ့ရှိသည်။ ပန်းချိုးသူသည် မိမိဆန္ဒနှင့်ယှဉ်သော ပန်းတစ်ပွင့်တည်းကိုသာ ကြည့်လေ့ရှိသည် ဟူသော မိန့်မှာချက်အရ ပန်းချိုးသူမဖြစ်စေရေး အတွက် ဆက်လက်၍ ပန်းမျိုးရာထောင် ပွင့်လန်းစေမည့် ဥယျာဉ်မှူးကောင်း ဖြစ်အောင် ဆက်လက်ဆောင်ရွက်မည်ဟူသော ခံယူချက်များကိုလည်း ပြန်လည်နှလုံးသွင်းမိပါသည်။ ဆင်းရဲချမ်းသာ လူမျိုးဘာသာမရွေး ကျောင်းသားကျောင်းသူများကို မိမိသားသမီးအရင်းအချာကဲ့သို့ ဂရုစိုက် ကြင်နာပေးရမည်ကိုလည်း ရင်မှာ ဆက်လက်ထွေးပိုက်မိပါသည်။

"တစ်တိုင်ဆီမီး ထွန်းညှိပြီးက
ဆီမီးထောင်ရာ ပွားများပါ"  
ဟူသော ကဗျာလေးကဲ့သို့ ကျင့်သုံးခံယူမိပါသည်။

မည်သို့ပင်ဖြစ်စေကာမူ  ချိုသာသော ခေါင်းလောင်းသံအား နေ့စဉ်နားထောင်လျက် အောင်မြင်မှု သရဖူဆောင်းနေသော တပည့်များကိုတွေ့မြင်၍ ရရှိသောပီတိများကို ထာဝရပွေ့ပိုက်ကာ ဘ၀အမောကိုဖြေဖျောက်၍ ကျွန်တော်သည်လည်း ပညာရေးဝန်ထမ်း ဆရာ့ဘ၀ကို ဆက်လက်ချီတက်သွားမည်ဖြစ်ပါကြောင်းတင်ပြရင်း  ၂၀၁၃ခု ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုလျက် မြန်မာ့ဆရာ ညီအစ်ကိုမောင်နှမများအား  ကြားဖူးသော စကားများပင် ဖြစ်သော်လည်း လုပ်ငန်းအထွေထွေကြားမှ ဤဆောင်းပါးလေးကို တွေ့မြင်ဖတ်ရှုမိပြီး ကျောင်းဆရာဘ၀ကို ပိုမိုကျေနပ် ပျော်ရွှင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက် နိဂုံးချုပ်အပ်ပါသည်။

 ဆောင်းပါးရှင် - မြတ်မျိုးမြင့်မာန်

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~ 
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »