Latest News

Dropdown Menu

Sunday, October 6, 2013

တာချီလိတ်၌ ဒေသသုံး ဂုံရှမ်းဘာသာ ပိဋကတ်သုံးပုံ ကျောက်စာတိုင် ၂၄၀၀ ကျော် စိုက်ထူ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ရွှေတိဂုံတော်စေတီရင်ပြင်တွင် နိုင်ငံတော်သြ၀ါဒစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ပဓါနနာယကဆရာတော်၊ နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဓမ္မသီရိ ဦးဆောင်သော ဒေသသုံး ဂုံရှမ်းဘာသာ ပိဋကတ်သုံးပုံ ကျောက်စာတိုင် စိုက်ထူပူဇော်ပွဲအား အောက်တိုဘာလ ၇ ရက်၊ နံနက် ၈နာရီ အချိန်က ကျင်းပပြုလုပ်ရာ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးနှင့် ထိုင်းနိုင်ငံမှ ပင့်ဖိတ်ထားသော ဆရာတော်များ၊ ကျိုင်းတုံမြို့မှ ပင့်ဖိတ်ထားသော ဆရာတော်များ ကြွရောက်တော်မှုလာခဲ့ကြပြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် စစ်ဖက်ဆိုင်ရာ အကြီးအကဲများမှ တက်ရောက် ပူဇော်ခဲ့ကြသည်။




{ ကျောက်စာတိုင် စိုက်ထူ သတင်း မှတ်တမ်း }

အခမ်းအနားတွင် တက်ရောက်လာကြသော နိုင်ငံတော်အကြီးအကဲများနှင့် အလှူရှင်များ၊ ဧည့်သည်တော်များက မဟာမြတ်မုနိကျောင်း၏ ဆရာတော် ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ကြွရောက်တော်မှုကြသော နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီးနှင့် သံဃာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်တော်မူကြသည်။


ဆက်လက်၍ သံဃာတော် အရှင်သူမြတ်များအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ဇနီး၊ အမှတ်(၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး၊ ဒုတိယဗိုလ်ချုပ်ကြီးအောင်သန်းထွဋ် နှင့် ဇနီး၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး နှင့် ဇနီး၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်ချုပ်သန်းထွန်းဦး နှင့် ဇနီး၊ အမြှောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်တင်အေး၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်အောင်ရဲဝင်း နှင့်  ဆေးဝန်ထမ်းတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မျိုးမြင့်သိန်း တို့ အပါအ၀င် တာချီလိတ်ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် မြို့မိမြိုဖများမှ လှူဖွယ်ဝတ္ထုပစ္စည်းများကို အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


တဆက်တည်းမှာပင် ဒေသသုံး ဂုံရှမ်းဘာသာ ပိဋကတ်သုံးပုံ ကျောက်စာတိုင်များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ငွေကျပ် ၁၀ သိန်းအား ရှမ်းပြည်နယ် အစိုးရအဖွဲ့ ကိုယ်စား
ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်မှ ပေးအပ်လှူဒါန်းရာ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ဥက္ကဌ ဦးမောင်လေး မှ အဆိုပါ အလှူငွေအား လက်ခံရယူပြီးနောက် တက်ရောက်လာကြသူများမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ တရားတော် နာယူခဲ့ကြပြီး၊ ကျောက်စာတိုင်များအား စိုက်ထူပူဇော်ခဲ့ကြသည်။

"အခု ကျောက်စာချပ်တွေကို လောလောဆယ်မှာ အလှူရှင်တွေ အနေနဲ့ လှူဒါန်းတာ ၁၂၉ချပ်ပဲ ရှိပါသေးတယ်၊ ကျန်တာကတော့ နဂါးနှစ်ကောင်ဆရာတော်က လှူဒါန်းတာဖြစ်ပါတယ်၊ ဒီလို ပိဋကတ်သုံးပုံ အစုံပါဝင်တဲ့ ကျောက်စာတိုင် စိုက်ထူတာမှာ မြန်မာနိုင်ငံအနေနဲ့ဆိုရင် ဒုတိယမြောက် လို့ပြောလို့ရပေမဲ့ ဒေသသုံး ဂုံရှမ်းဘာသာအနေနဲ့ ဆိုရင်တော့ ဒါဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံးဖြစ်ပါတယ်"ဟု ကြွရောက်လာသည့် သံဃာတော်တစ်ပါးမှ တာချီလိတ်အွန်လိုင်းသို့ မိန့်ကြားတော်မူသည်။

"အခုလိုမျိုး ကျွန်တော်တို့ရဲ့ တာချီလိတ်မှာ ပိဋကတ်သုံးပုံ ကျောက်စာတွေကို စိုက်ထူထားတဲ့အတွက် မြို့အတွက်ရော၊ လူမျိုးအတွက်ရော အင်မတန်ဂုဏ်ယူစရာကောင်းပါတယ်၊ တာချီလိတ်မြို့ကို နိုင်ငံတကာက ကမ္ဘာလှည့်ခရီးသွားတွေလည်း အရောက်အပေါက်ရှိတယ်ဆိုတော့ ဒါဟာ တာချီလိတ်မြို့အတွက်သာမက မြန်မာနိုင်ငံအတွက်ပါ ဂုဏ်တင့်စေမယ်လို့ ယုံကြည်တယ်ဗျာ"ဟု ဆန်ဆိုင်းရပ်ကွက်နေ ရှမ်းတိုင်းရင်းသား အမျိုးသား တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောသည်။


ဒေသသုံး ဂုံရှမ်းဘာသာ ပိဋကတ်များကို တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီတော်ရင်ပြင် နှင့် ရင်ပြင်အနီးရှိ ကျောက်စာတိုင်များ ပူဇော်ရာ ပိဋကတ်တိုက် အဆောက်အဦတွင် စိုက်ထူရာမှာ ၂၀၁၃ခုနှစ် မေလ ၂၂ရက် နံနက် (၉) နာရီအချိန်က ရွှေတိဂုံစေတီတော်ရင်ပြင်အတွင်း စိုက်ထူခဲ့ပြီးဖြစ်ပြီး ကျန်ရှိနေသည့် ကျောက်စာတိုင် အချပ် ၁၈၀၀ ကျော်တို့ကို ယခု  ပိဋကတ်တိုက် အဆောက်အဦ၌ စိုက်ထူတာဖြစ်ကြောင်း သိရသည်။


အဆိုပါ ကျောက်စာချပ်များမှာ တစ်ချပ်လျှင် ထိုင်းဘတ်ငွေဖြင့် ၂၀၀၀၀ ဘတ်ခန့်ရှိပြီး ကျပ်ငွေဖြင့် ၅သိန်းဝန်းကျင်ခန့်ရှိကြောင်းနှင့် စုစုပေါင်း ကျောက်စာ ၂၄၀၀ချပ်ကျော် စိုက်ထူမှာဖြစ်ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
ဒေသသုံး ဂုံရှမ်းဘာသာ ပိဋကတ်သုံးပုံကျောက်စာတိုင် ၂၄၀၀ကျော် စိုက်ထူ
80 photos
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »