Writen by
Tachileik News Agency
1:41 AM
-
0
Comments
တလောက မိုးတွေစွေနေတဲ့ ရက်တစ်ရက်မှာပေါ့ဗျာ......
ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်း လမ်းကြီးရဲ့ (၃၉)မိုင်အလွန်မှာ ကျနော့်ရဲ့ ခြံ ရှိပါတယ်။ မိုးတွင်းပိုင်းမှာ လမ်းဆိုးတော့ ခြံကို မသွားနိုင်တာလဲ ကြာနေပါပြီ။ (၂၆)မိုင်ကနေ ဟိုဘက် (၂၄)မိုင်ရဲ့ အပေါ်ဘက်မှာ တောင်ပေါ်သားလူမျိုးစုလေးတွေ နေကြတဲ့ ရွာလေးတွေ ရှိနေပါတယ်။ တောင်ယာချိန်ပြီးရင်တော့ အဲဒီဘက်က ရွာသားတွေဟာ အမဲလိုက်တတ်ကြပါတယ်။ တူမီးသေနတ်ကိုယ်စီကိုင်ပြီး ခွေးတွေနဲ့ အမဲလိုက်ကြတာပါ။ တခါတလေတော့ ဂျီတွေဘာတွေ ရတတ်တယ်လို့ ပြောပါတယ်။
အရင်တုန်းက ကျနော်တို့ခြံနေရာတွေဘက်မှာလည်း တောကောင်ငယ်တွေ လာတတ်တယ်။လူတွေနေလာတော့ သူတို့လည်း စားကျက်ပြောင်းကုန်ပြီပေါ့။ ချောင်းတစ်ဖက်ကမ်းမှာတော့ မျောက်အုပ်တွေ ရှိနေသေးတယ်လို့ ပြောကြပါတယ်။ ကျနော့်ခြံထဲမှာ ပွိုင့်ကုန်းတစ်ကုန်း လည်းပါ ပါတယ်။ တရုတ်ဖြူခေတ်၊ ဗကပခေတ်တွေတုန်းက စခန်းချခဲ့တဲ့ နေရာလေးပါ။ လမ်းအကွေ့တွေကို ဟိုဘက်ဒီဘက် လေး ငါး မိုင်လောက်အထိ ကြိုတင်မြင်ရတော့ မဟာဗျူဟာမြောက် နေရာလေးဖြစ်နေတာပါ။အဲဒီတောင်ကုန်းရဲ့ အခြေမှာ အခုထိ သောက်လို့ရနေတဲ့ သောက်ရေတွင်းဟောင်းလေး ရှိနေပါသေးတယ်။
မိုးတွင်းတနေ့မှာ ကျနော့်ခြံက ကောင်လေးတစ်ယောက်က ခြုံပုတ်တစ်ခုအတွင်းမှာ မြွေတစ်ကောင်ရဲ့ ခေါင်းလေး အထက်ကို ထောင်နေတာကို မြင်တွေ့ ခဲ့ရပါတယ်။ သူတို့တတွေလည်း မြွေဆိုတော့ လန့်ဖြန့်ကုန်ပါတယ်။ အရင်က ဒီမြေဝန်းကျင်မှာ မြွေမရှိဖူးပါဘူး။ နောင်ကျရင် အခက်တွေ့ မှာကို စိုးရိမ်တော့ မြွေကိုရိုက်ပစ်လိုက်ကြပါတယ်။ လှုပ်တဲ့နေရာ ခြုံတလျှောက်ကို ဝိုင်းရိုက်ကြတာလေ။ ငြိမ်သွားမှ မြွေကို ဆွဲထုတ်ကြည့်လိုက်တော့ အကြီးကြီးဖြစ်နေပါတယ်။ ချိန်ခွင်နဲ့ချိန်ကြည့်တော့ (၈)ပိဿာကျော်ပါသတဲ့။ ဒီလောက်ကြီးတဲ့ မြွေမှန်းသာသိရင် ရိုက်ဖို့မပြောနဲ့ ကပ်တောင် မကပ်ဝံ့ပါဘူးတဲ့ဗျား။ သူတို့တွေ့တဲ့ အချိန်က မနက်(၈)နာရီ သတင်း လာနေပါပြီ။
ထူးဆန်းတာက အမြီးရဲ့ ရှေ့ တစ်ထွာအကွာမှာ ကြောင်လက်သည်းလိုမျိုး(သတ္တဝါတစ်ကောင်ရဲ့ လက်သည်းပုံစံမျိုး) လေး နှစ်ခု ကို တွေ့ရတာပါ။ ဒါနဲ့ ခွဲကြည့်တော့ အတွင်းမှာလည်း အကောက်ကလေးနဲ့ ဆက်နေတာကို တွေ့ ရပါသတဲ့။ သူတို့နေတဲ့နေရာရဲ့ အထက်နားက ရွာသားတွေလာကြည့်ကြပါတယ်။ဒီမြွေကြီးကို ချက်စားလိုက်တော့ အသားက တော်တော့်ကို စားလို့ကောင်းလွန်းလို့ အားလုံး ကုန်သွားသတဲ့ဗျာ။

တကယ်လို့ ကျနော့်စာကို ဖတ်မိသူများထဲမှ ၊ ဒီခြေထောက်လိုလို ခြေသည်းလိုလို လေးတွေရဲ့ အကြောင်းကို သိဖူးကြားဖူးသူများ အနေနဲ့ ဆက်သွယ်ပြောကြားပေးစေလိုပါတယ်။ အရာအားလုံးကို ညှို့လို့ ရတဲ့ ညှို့တံဆိုတာ ဖြစ်နိုင်ပါ့မလား။ တကယ့်ညှို့တံ ဟုတ်နေရင်တောင် တကယ်ညှို့ လို့ ရပါ့ မလား ......။
ဆောင်းပါးရှင်။ ။ မောင်လွမ်းနောင် ( မြင်းခြံ )
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
Social Buttons