Latest News

Dropdown Menu

Tuesday, June 19, 2012

တာချီလိတ် NLDမှ ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်မြောက်မွေးနေ့ အတွက် မွေးနေ့အလှူပြုလုပ်

၁၉.၆.၂၀၁၂ ( အင်္ဂါနေ့)သည် ကမ္ဘာက လေးစားချစ်ခင်ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ (၆၇)နှစ်မြောက်မွေးနေ့ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နံနက်(၁၀)နာရီတွင် ပါလျှံ လွမ်းမွန်းတောရကျောင်းမှ ဆရာတော်(၅)ပါးအား ပင့်ဖိတ်၍ ဆွမ်းကပ်ပြီး လှူဖွယ်ဝထ္တုအစုစုတို့ဖြင့် ရေစက်သွန်းချတရားနာခဲ့ကြသည်။


မွေးနေ့ဆွမ်းကပ်ပွဲသို့ တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များနှင့် ဧည့်သည်တော်များ ( ၁၀၀ )ကျော် လာရောက်ခဲ့ကြသည်။ လာရောက်ကြသော အဖွဲ့ဝင်များနှင့်ဧည့်သည်တော်များအား မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးပြီး နေ့လည် ( ၁၂ )နာရီခန့်တွင် မွေးနေ့ဆွမ်းကပ်ပွဲပြီးဆုံးကြောင်း သတင်းရရှိပါသည်။

ညပိုင်း ( ၇:၃၀ )တွင် တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင် ဦးရေ( ၅၀ )ခန့်တို့သည် တာချီလိတ် ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်ရှိ အင်္ဂါထောင့်တွင် ဘုရားဆီမီးကပ်ကြသည်။ ဆီမီးကပ်ကြရာတွင် အဖွဲဝင်များမှ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းမေတ္တာပို့ကို အောက်ပါအတိုင်း ရွတ်ဆိုခဲ့ကြသည်။

အင်္ဂါသမီး ဒေါ်အောင်ဆန်းစုကြည် အသက်( ၆၇ )နှစ်ပြည့်တွင်
လူနတ်ဗြဟ္မာသတ္တ၀ါတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားအား
ဆီမီးသက်စေ့လှူဒါန်းပါ၏ အရှင်ဘုရား....

ဤသို့လှူဒါန်းရသော အကျိုးအားကြောင့် ဘေးဆိုးရန်ဆိုးအန္တရယ်ဆိုး
အတိုက်အခိုက်ဆိုး ကျန်းမာရေးဆိုးတို့ ပြေပျောက်ပြီး စိတ်၏ ချမ်းသာခြင်း
ကိုယ်၏ ကျန်းမာခြင်းတို့နဲ့ ပြည့်စုံရပါလို၏ အရှင်ဘုရား.....

အမေဖြစ်ချင်တဲ့ ငြိမ်းချမ်းရေးကို(၆၇)နှစ်ပြည့်မှသည် နှစ်ပေါင်းရာထောင်တိုင်အောင်
ငြိမ်းချမ်းရေးဘ၀ပိုင်ရှင်အဖြစ်နဲ့ ဆက်လက်ရှင်သန်နိုင်ပါစေ....








ဆီမီးပူဇော်ခြင်းကို ည ၇နာရီ၃၀မိနစ်တွင် စတင်ခဲ့ပြီး ည၈နာရီတွင် ပြီးစေခဲ့ပါသည်။


ရှမ်းပြည် NLD နှင့်စပ်လျဉ်း၍
တောင်ကြီးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များနှင့် ၈၈မျိုးဆက်ကျောင်းသား(ရှမ်းပြည်နယ်)အဖွဲ့တို့မှ ပူးပေါင်းပြီး မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်အရေးကိစ္စ နှင့် ကချင်ပြည်နယ်အရေးကိစ္စတို့အတွက် ဘာသာစုံငြိမ်းချမ်းရေးဆုတောင်းပွဲကို ရှမ်းပြည်နယ် ရှမ်းစာပေနှင့် ရှမ်းပြည်နယ် ယဉ်ကျေးမှုအဆောက်အဦ၌ နေ့လည်( ၂ )နာရီတွင် ကျင်းပမည် ဖြစ်ကြောင်းလည်းသတင်းရရှိပါသည်။

ပုံများကို ကြည့်လိုလျှင်
တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net
« PREV
NEXT »