Writen by
Tachileik News Agency
10:16 AM
-
0
Comments
၂၀၁၂ခုနှစ် ဇူလိုင်လ ၁၆ရက်နေ့ နံနက်၅နာရီ၃၀မိနစ်ခန့်တွင် ဖါမိန်းစစ်ကြောင်းမှူး ဗိုလ်ချုပ်ဆုံ(မ်)ဆတ် နီးလ်ဘန်းကျိတ်ကူးလ်သည် "လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့သည် အိမ်နီးချင်းနိုင်ငံမှ မူးယစ်ဆေးဝါး သယ်ဆောင်သည့်အဖွဲ့အား အကာအကွယ်ပေး၍ ဆန်ပါဆတ်ရွှာ ဖါမီတောင်ရိုး လမ်းကြောင်း အတိုင်း ဖြတ်သန်းသယ်ဆောင်ရန်ရှိကြောင်း" လျှို့ဝှက်သတင်းပေးသူထံမှ သတင်းရရှိကြောင်းသိရသည်။
ထို့နောက်တွင် အမှတ်(၃)လှုပ်ရှားယန္တရားတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီးထနတ်ဖုံး ကိုးဆိုင်စေ၀ီးသည် မယ်ဆိုင်မြို့နယ်ရှိ တပ်မတော် ရဲတပ်ဖွဲ့၊ မူးယစ်အဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း အင်အား(၅၀)ခန့် စုစည်း၍ သတင်းရရှိသည့်အတိုင်း နယ်စပ်တစ်လျှောက်တွင် ကင်းလှည့်စစ်ဆေးစဉ် ဖါမိန်းစစ်ကြောင်း လက်အောက်ခံစခန်းနှင့် ကီလိုမီတာ ၈၀၀ခန့်အကွာ လျှိုနက်တစ်ခုသို့ အရောက်တွင် မည်သည့်ဘက်ကမှန်းမသိရသည့် လက်နက်အပြည့်အစုံကိုင်ဆောင်ထားသည့် အင်အား ၁၂ ယောက်ခန့်အား တန်စီအနေအထားဖြင့် ၀ါးရုံတောနှင့် တောအုပ်များအတွင်း လှုပ်ရှားနေသည့် အရိပ်အယောင်တွေ့ရှိသဖြင့် ထိုင်းအစိုးရတပ်ဖွဲ့ဝင်များမှ ပုန်းအောင်းနေရာယူ စောင့်ကြည့်ခဲ့ရသည်။

အဆိုပါ အမည်မသိလက်နက်ကိုင်အဖွဲ့တို့ ဖြတ်သန်းဝင်ရောက်လာသည့်အခါတွင် ထိုင်းအစိုးရတပ်ဖွဲ့ဝင်များအနေဖြင့် ရပ်တန့်စစ်ဆေးခံရန် အချက်ပြလိုက်သော်လည်း တစ်ဖက်အဖွဲ့မှ လက်မခံဘဲ လက်နက်ကြီးငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာတွင် (၁၅)မိနစ်ခန့်ကြာသည်အထိ သေနတ်သံမစဲ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

သေနတ်သံများတိတ်ဆိတ်သွားပြီးသည့်နောက်တွင် ချောင်းမြောင်းပစ်ခတ်ခံရမည်ကိုစိုးရိမ်နေဟန်ရှိသော ထိုစစ်ကြောင်းမှ တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာနေရာအား ၀င်ရောက်ရှာဖွေရှင်းလင်းခြင်း မပြုလုပ်ရဲကြသေးပဲ မိုးလင်းသည်အထိ စောင့်ဆိုင်းနေခဲ့ရကြောင်း သိရှိရသည်။
နံနက် (၈)နာရီသို့ရောက်သည့် အခါတွင် ထိုင်းနိုင်ငံရဲချုပ် ရဲဗိုလ်ချုပ်ကြီးဖြိုးဖန်း တားမားဖုံး၊ အမှတ်(၅)ပြည်နယ်ရဲတပ်ဖွဲ့မှ ယာယီတပ်ဖွဲ့မှူးနှင့် အမှတ်(၅)မူးယစ်အဖွဲ့မှ ညွှန်/မှူး နိုင်းဝိချိုင်း ချိုင်းယမုံးခုံးတို့သည် ခင်းဖြစ်ပွားရာနေရာအား အသေးစိတ်ရှင်းလင်းစစ်ဆေးမှုပြုလုပ်ခဲ့ကြသည်။ အခင်းဖြစ်သည့်နေရာသည် လျှိုနက်နေရာဖြစ်ပြီး ၀ါးရုံများပြန့်ကြဲနေသော တောထွက်ဝတ်စုံဖြင့် ဟိုဒီပြန့်ကြဲသေဆုံးနေသည့် အလောင်း(၇)လောင်းကို တွေ့ရှိရပြီး အိမ်နီးချင်း
နိုင်ငံဖြစ်သော မြန်မာနိုင်ငံဘက်သို့ဦးတည်သွားသည့် သွေးစီးရာများကို တွေ့ရှိရသဖြင့်
သေဆုံးမည့်သူထပ်ရှိဦးမည်ဟု ယူဆကြသည်။
ထိုနေရာ၌ ဆက်လက်ရှာဖွေရာတွင် 'ဝ'စစ်သားများလွယ်သော ကျောပိုးအိတ်နှင့်တူသည့်
ကျောပိုးအိတ်(၉)လုံးအား တွေ့ရှိရသဖြင့် ဖွင့်ဖေါက်စစ်ဆေးကြည့်ရာ ကျောပိုးအိတ်(၉)လုံးအတွင်း၌ ကာလတန်ဖိုး ထိုင်းဘတ်ငွေ သန်းပေါင်း ( ၅၀၀ )ကျော်ခန့်တန်ဖိုးရှိသည့် စိတ်ကြွရူးသွပ်ဆေးပြား(ယာဘ)
( ၅၅ဝ,ဝဝဝ ) နှင့် ရွှေရောင်တရုတ်လက်ဖက်ခြောက်အိတ်အတွင်း လေထုမဲ့ သိပ်ထည့်ထားသည့် အလေးချိန်(၇၀) ကီလိုဂရမ်ရှိသော ယာအိုက်(စ်) နှင့် လက်နက်များဖြစ်သည့် အာကာသေနတ်(၁)လက်၊ 9mm ပစ္စတို(၁)လက်စီ၊ ပြန့်ကြဲနေသော ဗုံးဆံများ၊ တောလျှောက်ကိရိယာ(၁)စုံတို့အား စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပြီး ထူးခြားချက်အနေဖြင့် ထိုစစ်ဆင်ရေးတွင် ထိုင်းအစိုးရတပ်ဖွဲ့ဝင်များအားလုံး တစ်ဦးတစ်ယောက်မှ အထိအခိုက်မရှိကြောင်း သိရှိရသည်။
ဖော်ပြပါ လက်နက်ကိုင်အဖွဲ့သည် ထိုင်းနိုင်ငံမှ ဖမ်းဝရမ်းပါ တရားခံဖြစ်သူ လားဟူနက် ယီစေး လက်နက်ကိုင်အဖွဲ့မှ ဖြစ်ပြီး မယ်ဆိုင်မြို့ တစ်ဖက်ခြမ်း အိမ်နီးချင်းနိုင်ငံ ဆမ်ပီးတောင်
မူးယစ်ဆေးဝါးချက်စခန်းမှ မူးယစ်ဆေးဝါးများအား ထိုင်းနိုင်ငံရှိ မူးယစ်ကုန်သည်များထံ ပို့ဆောင်ပေးရန်အတွက် သယ်ဆောင်လာသည့်အဖွဲ့အား အငှားလိုက် အကာအကွယ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
သတင်းရရှိထားသည့် လမ်းကြောင်းအား ထိုင်းဘက်သတင်းရယူသည့်အဖွဲ့နှင့် လျှို့ဝှက်စောင့်ကြည့်အဖွဲ့တို့ (၂)ရက်တိုင်တိုင် ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သဖြင့် ယခုလို အသေတားဆီးနိုင်ခဲ့ပြီး များပြားလှသည့် သက်သေခံပစ္စည်းများကို သိမ်းဆည်း ရမိနိုင်ခဲ့သည်။
ထိုင်းနိုင်ငံရဲချုပ် ရဲဗိုလ်ချုပ်ကြီးဖြိုးဖန်း တားမားဖုံးမှ မူးယစ်ဆေးဝါးများအား လာရောက်လက်ခံယူမည့်သူအား မရမက ဖမ်းဆီးရမိနိုင်ရေးအတွက် အထူးရဲတပ်ဖွဲ့များအနေဖြင့် တိုးမြှင့်စုံစမ်းမှုများပြုလုပ်သွားရန် လိုကြောင်း ပြောကြားသွားသည်ဟု ထိုင်းနိုင်ငံ မယ်ဆိုင်သတင်းဌာနမှ သတင်းရရှိပါသည်။
ရုပ်သံနှင့် ပုံများကို အောက်တွင်ကြည့်နိုင်ပါသည်။
ပုံများကိုကြည့်ရန်
Thank for Photo & Video: Mae Sai News
တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net
www.tachileik.net
Social Buttons