Latest News

Dropdown Menu

Monday, February 11, 2013

ကျိုင်းတုံမြို့တွင် ထေရ၀ါဒကျေးဇူးရှင် အရှင်နှစ်ပါး၏ ရုပ်တုတော်အား တည်ထားမှုပြီးစီး၍ ရေစက်ချပွဲနှင့် အထူးတရားပွဲပြုလုပ်မည်

ကျိုင်းတုံမြို့ စွံဆပ်ကုန်း၊ ခေမာရဋ္ဌဗျာဒိတ်တော်ပေး ရပ်တော်မူဘုရားကုန်းတော်ပေါ်မှာ ထည်ထားကိုးကွယ်ထားလျှက်ရှိတဲ့ မြန်မာနိုင်ငံရဲ့ ထေရ၀ါဒကျေးဇူးရှင်ကြီးဖြစ်တဲ့ ရှင်အရဟံမထေရ်မြတ်နှင့် အနော်ရထာမင်းမြတ်တို့ရဲ့ ရုပ်တုတော် ရေစက်ချပွဲ နှင့် အထူးတရားပွဲကို ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။


၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၁၉)ရက် အင်္ဂါနေ့ နံနက်(၆)နာရီမှာ ခေမာရဋ္ဌဗျာဒိတ်တော်ပေး ရပ်တော်မူဘုရားကုန်းတော်ပေါ်မှာ ရေစက်ချမင်္ဂလာကို ပြုလုပ်မှာဖြစ်ပြီး အထူးတရားပွဲကိုတော့ ၁၈.၂.၂၀၁၃ မှ ၂၁.၂.၂၀၁၃ထိ ပြုလုပ်မှာဖြစ်ပါတယ်။ အထူးတရားပွဲသို့ တိပိဋကဓရ ဆရာတော်ကြီး သုံးပါးမှ လာရောက်တရားဟောကြားမှာဖြစ်ကြောင်းသိရပါတယ်။


ရှင်အရဟံမထေရ်မြတ်နှင့် အနော်ရထာမင်းမြတ်တို့ရဲ့ ရုပ်တုတော်ပူဇော်ပွဲ (ဒုတိယအကြိမ်မြောက်)အဖြစ် ပြီးခဲ့သော ဇန်န၀ါရီ(၂၉)ရက်နေ့က တာချီလိတ်မြို့မှာ အထူးတရားပွဲ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ ရုပ်တုတော်ကို တာချီလိတ်ရွှေတိဂုံကုန်းတော်ပေါ်မှာ ဦးစွာ တည်ထားကိုးကွယ်တာဖြစ်ပြီး ဒုတိယအနေဖြင့် ကျိုင်းတုံမြို့မှာ တည်ထားကိုးကွယ်တာဖြစ်ပါတယ်။ ဆက်လက်ပြီး မိုင်းဖြတ်၊ တာလေမှာလည်း ရုပ်တုတော်ကို တည်ထားကိုးကွယ်ဖို့ အစီအစဉ်ရှိကြောင်းသိရပါတယ်။


အဆိုပါရုပ်တုတော်ကို ဦးဆောင်တည်ထားကိုးကွယ်သူ မဇ္ဈိမ လူမှုကူညီရေးအသင်း(တာချီလိတ်)မှ ဥက္ကဌဖြစ်သူ ဦးတင့်ဆွေ ကို ရုပ်တုတော်အား တည်ထားကိုးကွယ်ရခြင်းနှင့်ပတ်သက်၍  ဆက်သွယ်မေးမြန်းရာမှာ "မြန်မာနိုင်ငံရဲ့ ထေရ၀ါဒ စစ်အမှန်ပေါ့၊ စလာကတည်း အရှင်နှစ်ပါးကြောင့် သာသနာပေါ်ခဲ့တာ။ ရှင်အရဟံရဲ့ ကျေးဇူးတရား နဲ့ အနော်ရထာမင်းမြတ်ရဲ့ ကျေးဇူးတရားကို သိတတ် မြင်တတ်ဖို့ပါ၊ အနော်ရထာမင်းဆိုတာကလည်း မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ထေရ၀ါဒ ကို ခံယူထားတဲ့ ဥပသကာအစစ်ပေါ့၊ နောင်လာနောင်သားတွေအနေနဲ့လည်း ဒီအရှင်နှစ်ပါးရုပ်တုကို မြင်လိုက်တာနဲ့ ဒါဘာပုံလည်းဆိုတာကို မေးနေစရာမလိုအောင် သိမြင်နေအောင်ပေါ့၊ ထေရ၀ါဒရဲ့ ကျေးဇူးတရားကို အထူးသိအောင် ရည်ရွယ်ပါတယ်။ လူငယ်တွေအနေနဲ့ ကျေးဇူးတရားကို သိတတ်ဖို့ သိရုံနဲ့လည်း မပြီးဘူး ကျေးဇူးဆပ်တတ်ဖို့လည်းလိုတယ်လေ၊ ဒါကြောင့် ကျေးဇူးဆပ်တဲ့အနေနဲ့ ထေရ၀ါဒကျေးဇူးရှင် အရှင်နှစ်ပါး ရုပ်တုကို အခုလို တည်ထားတာပါ"လို့ ပြောကြားလာပါတယ်။

ပုံများကိုကြည့်ရန်

« PREV
NEXT »