Latest News

Dropdown Menu

Saturday, May 25, 2013

၂၀၁၃-၂၀၁၄ ပညာသင်နှစ် ပညာရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးတရပ် မိုင်းဖုန်းကျေးရွာတွင်ပြုလုပ်


တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ပညာရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို မေလ(၂၅)ရက်နေ့ နံနက်(၉း၀၀) နာရီတွင် ဝှေလေလန်(မူလွန်) ကျောင်းအုပ်ဆရာကြီး၏  ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ပညာရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် မိုင်းဖုန်း(ခ)ကျောင်းအုပ်စုမှူး ဝှေလေလန်(မူလွန်)ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဝင်းလှနှင့် အုပ်စုတွင်း ကျောင်းအုပ်ကြီးများ ဆရာ ဆရာမများ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုင်းနေ၀င်းနှင့် အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသည့် ကျေးရွာအဆင့်သူကြီးများ၊ ကျောင်းအကျိုးဆောင်အဖွဲ့များ၊ မိဘဆရာအမှုဆောင်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ကျောင်းဖွင့်အမီ ပညာရေးလုပ်ငန်းများကို "မိဘဆရာပူးပေါင်း ကလေးပညာကောင်း" ဟူသော ဆောင်ပုဒ်နှင့်အညီ ဒေသအာဏာပိုင်၊ မိဘပြည်သူနှင့် ဆရာဆရာမများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရလဒ်ကောင်းတစ်ခုကို အကောင်အထည်ဖော်နေကြခြင်းဖြစ်သည်။


အလားတူ တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု ဝှေလေလန်ကျေးရွာတွင် ကျန်းမာရေးဌာနခွဲ တာဝန်ခံဆရာမ ဒေါ်ဆိုင်းခေါန် ဦးဆောင်သော မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ကျန်းမာရေးလုပ်သား ဦးအားလောင်တို့ ပါဝင်သော အဖွဲ့သည် ကျေးရွာအတွင်း ခြင်/ယင်နှိမ်နင်းရေးနှင့်  သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးစီမံချက် ကို (၂၄.၅.၁၃) ရက်နေ့မှစတင်ပြီး ဆောင်ရွက်ခဲ့ရာ ယနေ့ထိ အိမ်ခြေ (၇၉၂)အိမ်အထိ သွားရောက်ကူညီဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် ယနေ့ နေ့လည် (၁၁း၀၀)နာရီတွင် ဝှေလေလန်(မူလွန်)ကျောင်းအိမ်သာ(၁၁)ခန်း နှင့် ကျောင်းရေတွင်းများကို လိုအပ်သော လမ်းညွှန်ချက်များနှင့်အညီ စီမံချက်အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သတင်းပေးပို့သူ ။        ။ မြတ်မျိုးမြင့်မာန်



« PREV
NEXT »