Writen by
Tachileik News Agency
10:10 PM
-
0
Comments
တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ မဟာမြတ်မုနိဘုရားကြီးကျောင်း၏ မြောက်ဘက်မုခ်ဦးအနီး၊ မဟာဗောဓိကုန်းနှင့် ရွှေတိဂုံဘုရားတက်လမ်းရှိ အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်းမှ ၀ါတွင်း သုံးလပတ် ကာလအတွင်း မျက်စိဝေဒနာရှင်များအား ဆင်းရဲ ချမ်းသာမရွေး အခမဲ့ ဇီဝိတဒါန ကုသိုလ်အဖြစ် စမ်းသပ်၊ စစ်ဆေး၊ ကုသပေးသွားမှာဖြစ်ကြောင်း သိရသည်။
" ကျွန်တော်တို့ အဆွေတော်မိသားစုက မိဘပြည်သူများကို ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ အခုလို ၀ါတွင်းကာလမှာ စက္ခုအလင်းအမြင် ကြည်လင်စေဖို့အတွက် အကြီးစား ခွဲစိတ်မှုနဲ့ အသေးစား ခွဲစိတ်မှုတွေကို ခွဲစိတ်ကုသစရိတ်မယူပဲ အခမဲ့ ကုသပေးဖို့အတွက် (၃၆)ဦး သတ်မှတ်ထားပါတယ်၊"ဟု အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်းပိုင်ရှင် ဦးတင်လှိုင်မှ ပြောကြားလာသည်။
အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်းမှ သာမန်အားဖြင့် မျက်လုံးနှင့် ပတ်သက်၍ အကြီးစား ခွဲစိတ်ကုသမှုကို ထိုင်းဘတ်ငွေ (၁)သောင်းခန့် နှင့် အသေးစား ခွဲစိတ်ကုသမှုကို (၃၅၀၀)ဘတ်ခန့် တို့ဖြင့် ကုသပေးသည်ဖြစ်သော်လည်း ယခုအခါ ၀ါတွင်းကာလမှာ အကြီးစားခွဲစိတ်မှု (၁၂)ဦး နှင့် အသေးစား ခွဲစိတ်မှု(၂၄)ဦး စုစုပေါင်း(၃၆)ဦးတို့အား အခမဲ့ ဇီဝိတဒါန ကုသိုလ်အဖြစ် စမ်းသပ် စစ်ဆေး ကုသပေးသွားမှာဖြစ်ရာ မျက်လုံး ကုသရန်လိုအပ်နေသော ဆင်းရဲ ချမ်းသာမရွေး မည်သူမဆို ကြိုတင်စာရင်းပေးနိုင်ရန်အတွက် စာရင်းပေးရမည့်ရက်ကို ဇူလိုင်လ(၂၆)ရက်နေ့မှ သြဂုတ်လ(၁၅)ရက်နေ့ ထိ သတ်မှတ်ထားပြီး စာရင်းကို အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း သို့ သွားရောက် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
" နောက်လာမဲ့ ၀ါတွင်းကာလတွေမှာလည်း အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်းက အခုလို အခမဲ့ စက္ခုဒါနပြုသွားဖို့နဲ့ လိုအပ်လာရင် မျက်မှန်ပါ အခမဲ့ပြုလုပ်ပေးသွားဖို့ စီစဉ်ထားပါတယ်"ဟု အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်းပိုင်ရှင် ဦးတင်လှိုင်မှ ပြောကြားလာသည်။
မျက်စိ စမ်းသပ် စစ်ဆေးရန်အတွက် စာရင်းပေးသွင်းထားခြင်း မရှိသူများ အနေဖြင့်လည်း ၀ါတွင်းကာလအတွင်း (၂၀)ရာခိုင်နှုန်း လျော့ပေးထားသော နှုန်းထားဖြင့် စမ်းသပ်စစ်ဆေးနိုင်ကြောင်း သိရသည်။
အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်းတွင် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ နှလုံး၊ အရိုးအကြော၊ သားဖွား နှင့် အထွေထွေရောဂါများအား အထူးကုဆရာဝန်ကြီးများဖြင့် ကုသပေးလျှက်ရှိရာ တာချီလိတ်မြို့၏ ပထမဆုံးသော (၂၄)နာရီ အထူးကုဆေးခန်းဖြစ်ကြောင်း သိရှိရသည်။
စာရင်းပေးသွင်းရမည့်လိပ်စာ
အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း
မဟာမြတ်မုနိဘုရားကြီးကျောင်း(မြောက်ဘက်မုခ်ဦးအနီး)
မဟာဗောဓိကုန်းနှင့် ရွှေတိဂုံဘုရားတက်လမ်း
မကာဟိုခမ်းရပ်ကွက်၊ တာချီလိတ်မြို့။
ဖုန်း။ ။ 084-51491 | 084-51895 | 084-52901
Social Buttons