Writen by
Tachileik News Agency
6:26 AM
-
0
Comments
တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် GSM ဖုန်းကဒ်များကို တာချီလိတ်မြို့နယ်အတွက် ဒုတိယအကြိမ်အဖြစ် ယခုလထဲတွင် အရေအတွက် မည်မျှချပေးမည်ကို လတ်တလောတွင် မသိရှိရသေးသော်လည်း ဖုန်းလျှောက်လွှာများကို ကြိုတင်လျှောက်ထားနိုင်ရန်နှင့် လက်ခံရန်အတွက် ရပ်ကွက်ရုံး အသီးသီးတို့တွင် ပြင်ဆင်နေလျှက်ရှိပြီး ယခုလ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့ထိ မိမိတို့၏ သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် လျှောက်ထားနိုင်မှာ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သော ဇူလိုင်လအတွင်းက ပထမအကြိမ်အဖြစ် GSM ဖုန်းကဒ် ၄၀၀ ကို ချထားပေးရာ လာရောက် လျှောက်ထားကြသူများမှာ ၆၀၃၀ဦး ရှိပြီး လျှောက်ထားချိန် ကာလမှာလည်း ၂ ရက်တည်း ဖြစ်သည့် အတွက် လျှောက်ထားသူများအနေဖြင့် အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယခုအခါမှာ ပြည်သူများစိတ်ချမ်းသာစွာဖြင့် လျှောက်လွှာများကို အားလုံး အဆင်ပြေ ချောမွေ့စေရန်အတွက် ယခင်က လျှောက်လွှာများ
လျှောက်ထားသည့် နေရာဖြစ်သော မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်
လျှောက်ထားရန်မလိုတော့ပဲ၊ မိမိတို့နှင့်သက်ဆိုင်သည့် ရပ်ကွက်ရုံးတွင်သာ သြဂုတ်လ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့ထိ လျှောက်လွှာမိတ္တူ ၂ စောင်၊ အိမ်ထောင်စုစာရင်း နှင့် မှတ်ပုံတင် မိတ္တူဖြင့်
လျှောက်ထားကြရာမှာဖြစ်ပြီး၊ မဲပေါက်လို့ ဖုန်းကဒ်ထုတ်မဲ့ အချိန်ကျမှသာ လိုင်စင် ဓါတ်ပုံ ၂ ပုံ၊ ကျသင့်ငွေ ၁၅၀၀ကျပ်နှင့် မှတ်ပုံတင် မူရင်းယူလာရမှာဖြစ်ကြောင်း နှင့် မဲနှိုက်၍ ပေါက်သော ပေါက်မဲစာရင်းများကိုလည်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးများမှာ ကြော်ငြာပေးထားမည် ဖြစ်ကြောင်းအပြင် မဲနှိုက်မည့်ရက်ကိုလည်း ကြိုတင်အသိပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး က တာချီလိတ်အွန်လိုင်းသို့ ရှင်းပြသည်။
"ပထမအကြိမ်တုန်းက တင်ခဲ့တဲ့ လျှောက်လွှာတွေကိုတော့ ခုအခေါက်မှာ ထည့်မနှိုက်တော့ပါဘူး၊ ခု ဒုတိယအကြိမ်က စပြီးနောက်မှာတော့ မပေါက်ပဲ ကျန်နေတဲ့ လျှောက်လွှာတွေကို ထည့်နှိုက်ပေးသွားမှာပါ၊ ရပ်ကွက်ရုံးတွေမှာ အိမ်ထောင်စုစာရင်းနဲ့ သေချာစီစစ်ပြီးတော့ လက်ခံခိုင်းထားပါတယ်၊ အဓိကကတော့ တစ်အိမ်တစ်ယောက် ရစေချင်တဲ့ သဘောဖြစ်ပြီး တစ်အိမ်တည်းကို ကဒ် ၃-၄ကဒ် ရသွားတာမျိုးမဖြစ်အောင် အခုလို ရပ်ကွက်ရုံးကနေပြီးတော့ သေချာစီစစ်ပြီး လုပ်တဲ့သဘောပါ"ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးက ထပ်မံပြောကြားလာသည်။
ဖုန်းကဒ်လျှောက်လွှာများကို သက်ဆိုင်ရာ ရပ်ကွက်ရုံးများမှာ ၅ရက် တိတိ လက်ခံပေးသွားမှာဖြစ်ပြီး မဲနှိုက်မည့်သတ်မှတ်နေရာကတော့ ယခင်နည်းတူ အောင်မြတ်ခန်းမမှာ မဲနှိုက်ပေးသွားမှာဖြစ်ကြောင်း သိရှိရသည်။
Social Buttons