Writen by
Tachileik News Agency
4:40 AM
-
0
Comments
လတ်တလောအတွင်းက တာချီလိတ်မြို့၌ ဖွဲ့စည်းထားသည့် "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးကော်မတီ"မှ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၊ နန်းကျန်းရပ်ကွက်ရှိ Prove Garment ကုမ္ပဏီ အထည်ချုပ်စက်ရုံတွင် လုပ်အားခ ပုံမှန်ရရှိမှုမရှိခြင်း၊ အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေခြင်းနှင့် လတ်တလောတွင် စက်ရုံအား ၇ ရက်သို့မဟုတ် ၁၀ရက် ပိတ်ထားသည့်အတွက် အခက်အခဲဖြစ်ပေါ်နေသော မြန်မာအလုပ်သမား ၁၈၆ဦးအတွက် တာချီလိတ်မြို့ရှိ စေတနာရှင်များမှ စုပေါင်းလှူဒါန်းသော ဆန်/ဆီ/ကြက်ဥနှင့် ခေါက်ဆွဲခြောက်များအား စက်တင်ဘာလ ၁၄ရက်၊ နံနက် ၉နာရီက ကော်မတီမှ သွားရောက်၍ ပံ့ပိုးထောက်ပံ့ခဲ့ကြသည်။{ Prove Garment Co.,Ltd.}
မြန်မာအလုပ်သမားများ၏ အိမ်ယာသို့ ရောက်ရှိရာတွင် ကော်မတီဝင်များမှ တစ်ဦးချင်းစီ မိတ်ဆက်ကြပြီး တစ်ဘက်နိုင်ငံမှာ ယခုလို ဒုက္ခရောက်နေသော မြန်မာအလုပ်သမား ၁၈၆ ဦးတို့အား အားမငယ်စေရန်နှင့် မြန်မာအလုပ်သမားများအား ကုမ္ပဏီမှ ယခုလို အလုပ်သမားခေါင်းပုံဖြတ်ခြင်း၊ လုပ်အားခပုံမှန်မပေးခြင်း၊ အချိန်ပိုဆင်းခိုင်းပြီး လုပ်အားခ မပေးခြင်း၊ မိမိတို့ မြန်မာနိုင်ငံသားအချင်းချင်း အထက်ဖား အောက်ဖိပြုလုပ်နေကြခြင်း၊ လစာဖြတ်ခြင်း နှင့် အလုပ်သမားအခွင့်အရေး မပေးခြင်းတို့အတွက်
ကော်မတီအနေဖြင့် အောက်ခြေမှ ညှိနှိုင်းလို့မရပါက အဆင့်ဆင့်တင်ပြပေးသွားပြီး မိမိတို့ မြန်မာလူမျိုးများအတွက် မားမားမတ်မတ်ရပ်တည်ပေးသွားကာ မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အခြေပြု၍ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း အားပေး နှစ်သိမ့်စကားပြောကြားခဲ့ကြသည်။
{ ကော်မတီ၊ ထိုင်းတာဝန်ရှိနှင့် မြန်မာအလုပ်သမားများ}
"မိအိုဖအိုတွေနဲ့ သားသမီးတွေရဲ့ ပညာရေးနဲ့ စားဝတ်နေရေးအတွက် ဒီမှာ စီးပွားလာရှာတာပါ၊ ပထမရောက်ခါစတုန်းက ဒီစက်ရုံရဲ့ အခြေအနေဟာ ကောင်းမွန်ခဲ့သော်လည်း၊ သင်္ကြန်ပြီးတဲ့နောက်ပိုင်းကနေ စပြီး အခုချိန်ထိ ကောင်းနိုးကောင်းနိုးနဲ့ လုပ်လာခဲ့တာ လေးလရှိပါပြီ၊ တစ်လချင်း၊ တစ်လချင်းမှာ၊ စိတ်ဆင်းရဲမှု အမျိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ်၊ ကျွန်တော်ဆိုရင် ၄လပိုင်းစာနဲ့ ၅လပိုင်းစာကို ပိုက်ဆံ တစ်ကျပ်မှ မရပါဘူး၊ ကျွန်တော်လို့ပဲ အဖွဲ့သားတွေ ၂၀လောက် ရှိပါတယ်၊ ကျွန်တော်တို့ဘက်ကတောင် ပြန်အမ်းရမဲ့ အနေအထားရှိပါတယ်"ဟု မြန်မာအလုပ်သမားတစ်ဦးဖြစ်သူ ဦးဇော်ဝင်းမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
ကော်မတီမှ ကူညီပေးမှုနှင့် ပတ်သက်၍"အခုလို လာရောက်ကူညီပေးကြတဲ့အတွက် ၀မ်းလည်းဝမ်းသာတယ်၊ ပီတီလည်းဖြစ်တယ်၊ ကျေလည်း ကျေနပ်တယ်၊ အခုလိုမျိုး လာကူညီမယ်လို့ မထင်ခဲ့မိဘူး၊ မယုံနိုင်အောင်ကို ထိထိရောက်ရောက် လာရောက်ကူညီပေးတဲ့အတွက် ကော်မတီကိုရော၊ ကော်မတီဝင်တွေကိုရော အထူးပဲ ကျေးဇူးတင်ပါတယ်ရှင်"ဟု မြန်မာအလုပ်သမား တစ်ဦးမှ ပြောကြားလာသည်။
အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ စက်တင်ဘာလ ၁၀ ရက်နေ့က ချင်းရိုင်းခရိုင် အလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှူးရုံးတွင် ထိုင်းနိုင်ငံ အလုပ်သမား နှင့် ပတ်သက်သည့် တာဝန်ရှိသူ အကြီးအကဲများ နှင့် ကုမ္ပဏီဘက်မှ မန်းနေဂျင်းဒါရိုက်တာ အပါအ၀င် မြန်မာဘက်မှ ကိုယ်စားလှယ်များ သွားရောက်ပြီး တွေ့ဆုံဆွေးနွေးရာမှ ဆွေးနွေးချက်တွင် ကုမ္ပဏီအနေဖြင့် မြန်မာအလုပ်သမားများအတွက် စာချုပ်အသစ်ချုပ်ဆိုရန်နှင့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန်အတွက် စက်ရုံအား ၇ ရက်သို့မဟုတ် ၁၀ ရက်ပိတ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည့်အတွက် ယခုလို စက်ရုံအား ခေတ္တပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ထို့သို့ ပြင်ဆင်မှုများပြုလုပ်နိုင်ရန်အတွက် စက်ရုံအား ခေတ္တပိတ်သော်လည်း မြန်မာအလုပ်သမားများ အတွက် စားဝတ်နေရေး နှင့် ကျန်းမာရေးကို တာဝန်မယူကြောင်း ကုမ္ပဏီ၏ မန်းနေဂျင်းဒါရိုက်တာမှ ပြောကြားလာသည့်အတွက် "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေး ကော်မတီ"မှ ယခုလို မိမိတို့၏ မြန်မာနိုင်ငံသားများအား ကူညီရခြင်းဖြစ်ကြောင်းလည်း သိရသည်။
"ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေး ကော်မတီ"အား တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ အပါအ၀င် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ နှင့် စုပေါင်းကာ ၂၆.၈.၂၀၁၃ ရက်နေ့က ဖွဲ့စည်းခဲ့သော ကော်မတီတစ်ခု ဖြစ်သည်။
ပုံများအားကြည့်ရန်
91 photos
မှတ်ချက်။ ။ "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေး ကော်မတီ"ထံသို့ လှူဒါန်းသော အလှူရှင်စာရင်များကို ( www.facebook.com/groups/thmaesaiworker ) တွင် ကြည့်ရှု့နိုင်ပါသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

.jpg)
.jpg)
.jpg)
Social Buttons