Latest News

Dropdown Menu

Tuesday, October 22, 2013

တာချီလိတ်မြို့ ပါဆပ်ကားလေးကွင်းအား အဆင့်မြင့် ဆောက်လုပ်မည်ဖြစ်ရာ ယာယီဂိတ်တဲများမှာ ဂိတ်သူ ဂိတ်သားများအတွက် အဆင်မပြေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ပါဆပ်ကားလေးကွင်းနေရာအား အဆင့်မြင့်တိုးချဲ့ရန်နှင့် ဆောက်လုပ်နေစဉ် ကာလအတွင်း ယာယီဂိတ်တဲများနေရာကိစ္စ အပြင် အသစ်ဆောက်လုပ်မည့် ကားလေးကွင်းရှိ ဆိုင်ခန်းနေရာများအတွက် အောက်တိုဘာလ ၂၂ ရက်၊ နေ့လည် ၁၁ နာရီ အချိန်က တာချီလိတ်မြို့နယ်စည်ပင်သာယာရုံးရှိ အစည်းအဝေးခန်းမမှာ စည်ပင်သာယာအဖွဲ့ နှင့် မင်းခေတ်သစ်  ဆောက်လုပ်ရေးကုမ္ပဏီ အပါအ၀င် ဂိတ်သူဂိတ်သားတို့ တွေ့ဆုံကာ ဈေးနှုန်းညှိနှိုင်းမှုများ ပြုလုပ်ရာ ယာယီ ဂိတ်တဲနေရာအား ဂိတ်သားများမှ သဘောမတွေ့ကြောင်း သိရပြီး  ဆိုင်ခန်းအသစ်ဈေးနှုန်းများကို အရစ်စကျပေးချေစနစ်ဖြင့် ၅ ရစ်ပေးချေရန် ညှိနှိုင်းခဲ့ကြသည်။


ပါဆပ်ကားလေးကွင်းနေရာအား ဆောက်လုပ်နေစဉ်ကာလအတွင်း ဂိတ်သားများအတွက် ယာယီဂိတ်နေရာအဖြစ် မယ်ခေါင်ရပ်ကွက်ရှိ ခရိုင်ရဲရုံး၏ နောက်ဖက် စည်ပင်ပိုင် နယ်မြေ တရုတ်သင်္ချိုင်းအနီးတွင် သတ်မှတ်ထားရာ ဂိတ်သူ/သားများအား မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္ပဏီမှ MD ဦးမောင်မောင်(ခ)ဦးစိုင်းဝန်းပန် က " ယာယီဂိတ်တဲများနေရာ ချထားပေးရန်အတွက် သက်ဆိုင်ရာ စည်ပင်သာယာအဖွဲ့နှင့် နေရာတော်တော်များများကို ရှာဖွေခဲ့သော်လည်း အဆင်ပြေသည့်နေရာ မတွေ့ရသည့်အတွက် ယခုနေရာအား သတ်မှတ်လိုက်တာဖြစ်ကြောင်း၊ ထိုသို့ သတ်မှတ်ထားသော မြေနေရာတွင် ယာယီဂိတ်တဲများကို ဆောက်လုပ်ပေးထားရာမှာ ဂိတ်သားများအနေဖြင့် ငွေကြေးပေးရန် မလိုကြောင်း အခမဲ့ ဆောက်လုပ်ပေးထားတာ ဖြစ်ကြောင်း"ရှင်းပြသည်။

ပါဆပ်ကားလေးကွင်းရှိ ဂိတ်သူ/သားများ ကိုယ်စား ရွှေတြိဂံအရှေ့ပိုင်း ယာဉ်လိုင်းမှ ဦးဝင်းမောင်က " ယခု သတ်မှတ်ထားသော နေရာမှာ ချောင်ထဲရောက်နေသည့်အပြင် ကားဝင်ကားအထွက်အတွက် အဆင်ပြေမှုမရှိနိုင်၍  အများက သဘောကျနှစ်သက်မှုမရှိကြောင်း၊ ဆိုင်ခန်းသစ်ဈေးနှုန်းမှာ တစ်ခန်းလျှင် ၆သိန်းခွဲ သတ်မှတ်သည့်အတွက် မြန်မာငွေဖြင့် တွက်သော် သိန်း ၂နှစ်ရာဝန်းကျင်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် ကားခမှာ ဘတ်ငွေနှင့်မဟုတ်ပဲ ကျပ်ငွေနှင့်သာ ရရှိသည်ဖြစ်တာကြောင့် အဆိုပါ ငွေကြေးအတွက် မတတ်နိုင်ကြောင်း၊ ထို့အတွက် ဖြေလျော့ပေးရန်နှင့် အဆိုပါငွေကြေးအား ပေးချေရန်အတွက် သတ်မှတ်ကာလကို ညှိနှိုင်းပေးရန်လိုကြောင်း နှင့် သတ်မှတ်ကာလကိုလည်း လပေါင်း ၃၀ သတ်မှတ်ပေးစေလိုကြောင်း ထို့မှသာ အဆိုပါငွေကြေးအား ပေးနိုင်မှာဖြစ်ကြောင်း" စည်ပင်သာယာအဖွဲ့နှင့် ဆောက်လုပ်ရေးကုမ္ပဏီအား ဆွေးနွေးတင်ပြသည်။

ထိုသို့ နှစ်ဦးနှစ်ဖက် အပြန်အလှန်ဆွေးနွေးမှုများအပေါ် အခြေခံ၍ မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္ပဏီမှ " ပါဆပ်ကားလေးကွင်း ဆောက်လုပ်ရန်အတွက် ၎င်းတို့ကုမ္ပဏီမှ ကျပ်သိန်းပေါင်း နှစ်သောင်းကျော် ကုန်ကျခံကာ ဆောက်လုပ်မှာဖြစ်သည့်အတွက် သတ်မှတ်ဈေးနှုန်း ဘတ် ၆သိန်းခွဲကိုတော့ လျော့ပေးလို့မရကြောင်း၊ သို့သော်လည်း အားလုံးအဆင်ပြေစေရန်အတွက် အရစ်ကျစနစ်အဖြစ် လပေါင်း ၃၀ အတွင်း ၅ရစ် ပေးစေလိုကြောင်း"ပြန်လည် ရှင်းလင်းပြောကြားလာသည်။


ဆွေးနွေးမှုတွင် အရစ်ကျပေးချေစနစ် နှင့် ဈေးနှုန်းအား သဘောတူခဲ့ကြသော်လည်း ယာယီဂိတ်တဲနေရာအတွက် ဂိတ်သူ/ဂိတ်သားများမှ သဘောကျမှု မရှိသေးသည့်အတွက် ယာယီဂိတ်တဲများရှိရာ နေရာသို့ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများမှ သွားရောက် ကြည့်ရှုခဲ့ကြရာ အခန်းများမှ ကျဉ်းနေသည့်အတွက် နေရန် အဆင်မပြေကြောင်း ဂိတ်သားများမှ ပြောလာရာ မင်းခေတ်သစ်ကုမ္ပဏီမှ နေရာကျဉ်းပါက အရှေ့သို့ အဖီချပေးရန် လိုအပ်ပါကပြုလုပ်ပေးမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

"ယာယီဂိတ်တဲ ခုနေရာမှာ ခုပုံစံအတိုင်း ဆောက်မယ်ဆိုတာ ကျွန်မတို့လည်း မသိရဘူး၊ ဆောက်နေတယ်ဆိုတော့မှ သိရလို့ သွားကြည့်တော့ နေလို့အဆင်မပြေတဲ့ အနေအထားဖြစ်နေတယ်၊"ဟု ပါဆပ်ကားလေးကွင်းမှ ဂိတ်သူ တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့
ပြောလာသည်။

"ကားဂိတ်ကိုတော့ အဆင့်မြင့်တင်ဆောက်ဖို့တော့ တကယ်ကို လိုအပ်နေတာအမှန်ပဲဗျာ၊ ခက်တာက ဆိုင်ခန်းအတွက် ဈေးနှုန်းကို စဉ်းစားနေရတယ်၊ မ၀ယ်နိုင်ရင်တော့ ပြန်ငှားရမဲ့ ပုံပဲဗျာ"ဟု ယာဉ်လိုင်းတာဝန်ခံ တစ်ဦးမှ ငြီးငြူကာ ပြောပြသည်။

မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္ပဏီမှ ပါဆပ်ကားလေးကွင်းအား တည်ဆောက်ချိန်ကာလမှာ ၁နှစ်မှ ၁နှစ်ခွဲဝန်းကျင်ထိ ကြာမြင့်မှာဖြစ်ကြောင်းသိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~ 
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

« PREV
NEXT »