Latest News

Dropdown Menu

Tuesday, October 1, 2013

တရားမ၀င် မြန်မာအလုပ်သမား ၇ ဦးအား ထိုင်းဘက်မှ တာချီလိတ်သို့ လွှဲပြောင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ နှင့် တစ်ဖက် နီးစပ်နေသော ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်း တရားမ၀င် သွားရောက်၍ အလုပ်လုပ်နေကြသည့် တရားမ၀င် မြန်မာအလုပ်သမား အချို့အား ထိုင်းနိုင်ငံမှ ဖမ်းဆီးအရေးယူပြီးနောက် မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ပြန်လည်လွှဲပြောင်းမှုများကို ရက်သတ္တပတ်လျှင် နှစ်ကြိမ် ပြုလုပ်လေ့ရှိရာ အောက်တိုဘာလ ၁ရက်နေ့ နံနက်ပိုင်းတွင် မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ် (၁) တံတားပေါ်မှာပင် ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများက မြန်မာနိုင်ငံသား ၇ ဦးအား  မြန်မာဘက်မှ တာဝန်ရှိသူများထံ လာရောက်လွှဲပြောင်းပေးအပ် ခဲ့ကြသည်။


ထိုသို့လွှဲပြောင်းပေးရာတွင် အမျိုးသား ၆ ဦး နှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၇ ဦး ပါရှိပြီး အဆိုပါ ၇ ဦးတွင် ဗမာ ၂ ဦး၊ ရှမ်း ၂ ဦး၊ အာခါ ၁ ဦး၊ လားဟူ ၁ ဦး နှင့် ရခိုင် ၁ ဦး ပါဝင်ကြောင်း သိရသည်။

"ကျွန်တော်ကတော့ မယ်ဆိုင်ဘက်မှာ ပန်းရံလုပ်ရင်း ရဲတွေ ၀င်ဖမ်းလို့ အဖမ်းခံရတာပါ၊ မယ်ဆိုင်ကို မမျှော်လင့်ပဲ ရောက်လာပြီး ပန်းရံဝင်လုပ်ဖြစ်တယ်၊ ခု ရဲဖမ်းခံရပြီး ပြန်ပို့ခံရတယ်ဆိုတော့ ဒီမှာပဲ အလုပ်ရှာလုပ်ရမလား နေရပ်ကိုပဲ ပြန်ရမလားဆိုတာ မသိသေးဘူး"ဟု အသက် ၂၆နှစ်အရွယ်ရှိ ကိုထွန်းအောင်ကျော်မှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။


"မယ်ဆိုင်ထဲမှာပဲ ပန်းရံအလုပ်လုပ်ပါတယ်၊ ကျွန်တော့်ကို အလုပ်ထဲမှာ ဖမ်းတာတော့ မဟုတ်ပါဘူး၊ သူငယ်ချင်းနားကို အလည်သွားမို့ လမ်းလျှောက်သွားတာ အနောက်က ရဲက ဆိုင်ကယ်နဲ့ လိုက်လာပြီး အလုပ်သမားကတ်ရှိလား မရှိရင် ဖမ်းမယ်ပြောပြီး လက်ထိပ်ခတ်ပြီး ရဲစခန်းခေါ်သွားတာ"ဟု အသက် ၂၇နှစ်အရွယ် ကိုကိုနိုင်မှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

ယခု လာရောက်လွှဲပြောင်းရာတွင် ပါဝင်သော မြန်မာနိုင်ငံသား ၇ ဦးသည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ နှင့် ချင်းရိုင်းအတွင်း ပန်းရံအလုပ် လုပ်နေရင်း ရဲများမှ ၀င်ရောက်ဖမ်းဆီးမှုကြောင့် အဖမ်းခံရသူများ
ဖြစ်ကြောင်း သိရှိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
« PREV
NEXT »