Writen by
Tachileik News Agency
7:44 AM
-
0
Comments
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ Prove Garment Co.,Ltd. အပိုင် အထည်ချုပ်စက်ရုံ၌ အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၁၈၀ကျော်အား ကုမ္ပဏီမှ အကြောင်းပြချက် အမျိုးမျိုးပြကာ အလုပ်မှ ထုတ်ပယ်လိုက်သည့် ကိစ္စနှင့်ပတ်သက်၍ စက်တင်ဘာလ ၃၀ရက်နေ့က ပြုလုပ်သော အစည်းအဝေးတွင် ထိုင်းနိုင်ငံ- ဘန်ကောက်မြို့အခြေစိုက် မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင် က "ကုမ္ပဏီမှ မြန်မာအလုပ်သမားများအား အသိမပေးပဲ အလုပ်ထုတ်လိုက်သည့်အတွက် လျော်ကြေးအား စာချုပ်ပါအတိုင်း ပေးကိုပေးရမည်ဖြစ်ကြောင်း ထို့ကြောင့် ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်စေလိုကြောင်း"မှာကြားခဲ့သည့်အတွက် ထိုင်းနိုင်ငံ အလုပ်သမားရုံးမှ အောက်တိုဘာလ ၂ရက်၊ နံနက် ၉နာရီမှ စ၍ ညနေ ၄နာရီအချိန်ထိ မယ်ဆိုင်မြို့ရှိ မြို့ပိုင်ရုံးတွင် အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမားများအား တစ်ဦးချင်းစီအလိုက် နစ်နာမှုများနှင့် လစာရရှိမှု ရှိမရှိစသည့် အချက်အလက်များကို ဖြည့်စေပြီး လက်မှတ်ထိုးကာ နစ်နာကြေးအား တရားဝင် တောင်းခံနိုင်ရန်အတွက် ပြုလုပ်ခဲ့ကြသည်။ထိုသို့ ပြုလုပ်ရာတွင် ချင်းရိုင်းခရိုင် အလုပ်သမားစောင့်ရှောက်ရေးအဖွဲ့ရုံးမှ ဥက္ကဋ္ဌ Mr.Seehasak Phalajivin နှင့် အဖွဲ့ဝင်များ အပါအ၀င် တာချီလိတ်မြို့ "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ"မှ ကော်မတီဝင် ၆ ဦးမှ လာရောက်ဆောင်ရွက်ပေးခဲ့ကြသည့် အပြင် မြန်မာအလုပ်သမားဘက်မှ ထိုင်းနိုင်ငံသား ရှေ့နေတစ်ဦးမှလည်း ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
အလုပ်သမားများအနေဖြင့် အလုပ်ရှင်မှ ကြိုတင်အသိပေးခြင်းမရှိပဲ အလုပ်ထုတ်လိုက်သည့်အတွက် နစ်နာကြေးရလိုမှုကို ထိုင်းနိုင်ငံ အလုပ်သမားရုံးမှ ဆောင်ရွက်ပေးမှာဖြစ်ပြီး အလုပ်ရှင်မှ သိမ်းဆည်းထားသော အလုပ်သမားအားလုံး၏ ပတ်စပို့များအား ပြန်လည်ရရှိရေးကို အလုပ်သမားရုံးမှ ကူညီလို့မရသည့်အတွက် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရမှာဖြစ်ကြောင်း အလုပ်သမားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောလာသည့်အတွက် မယ်ဆိုင်ရဲစခန်းသို့ သွားရောက်ကာ အမှုဖွင့်စေခဲ့ကြသည်။
"ကျွန်တော်တို့ မှာ အိမ်လခလည်း ပေးစရာမရှိတော့လို့ အိမ်ပိုင်ရှင်က မောင်းချနေပြီ၊ ရစရာရှိတဲ့ လုပ်အားခတွေကို သူဋ္ဌေးက မထုတ်ပေးတော့ တော်တော် အခက်တွေ့နေတယ်ဗျာ၊ ခုလောလောဆယ်မှာ ၅ယောက်တစ်ခန်း ၆ယောက်တစ်ခန်း ပေါင်းပြီးနေနေရတယ်။"ဟု မြန်မာအလုပ်သမားများထဲမှ အမျိုးသားတစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
အလုပ်သမားများအနေဖြင့် ကုမ္ပဏီမှ နစ်နာကြေး နှင့် ပတ်စပို့ ရရှိမှုအား စောင့်ဆိုင်းနေစဉ် သတ်မှတ်ကာလအတွင်း နေထိုင်မှုအတွက် အဆင်ပြေစေရန် မြန်မာအလုပ်သမားအရေးကိစ္စအား ကူညီဆောင်ရွက်ပေးနေကြသည့် ထိုင်းဘက်မှ တာဝန်ရှိသူများ နှင့် မြန်မာဘက် ကော်မတီမှ စုပေါင်း၍ ထိုင်းဘတ်ငွေ ၉၀၀၀ ဘတ်အား ထောက်ပံ့ကူညီခဲ့ရာ အလုပ်သမားများကိုယ်စား ကိုအောင်အောင်မှ လက်ခံရယူခဲ့သည်။
အလုပ်သမားများ၏ တစ်ဦးချင်းစီအလိုက် နစ်နာမှုများနှင့် လစာရရှိမှု ရှိမရှိစသည့် အချက်အလက်များကို ယနေ့ ကောက်ခံပြီးနောက် အဆိုပါကိစ္စအား စစ်ဆေးမှုကာလမှာ ၄၂ရက်ခန့် ကြာမြင့်မှာဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလ ၃၀ရက်နေ့က ခရိုင်းတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ၌ ထိုင်းနိုင်ငံ- ဘန်ကောက်မြို့အခြေစိုက် မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင်မှ လာရောက်၍ အလုပ်သမားအရေး ဆွေးနွေးရာမှာ အလုပ်သမားများမှ လာရောက်ခဲ့ကြသော်လည်း ကုမ္ပဏီဘက်မှ တစ်ဦးတစ်ယောက်မှ လာရောက်၍ ဆွေးနွေးမှု မရှိကြောင်းလည်း သိရှိရသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬




Social Buttons