Writen by
Tachileik News Agency
4:47 AM
-
0
Comments
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ အဝေးပြေးခရီးသည်တင်ယာဉ်ရပ်နားစခန်း တစ်ခုဖြစ်သည့် ပါဆပ်ကားလေးကွင်းအား ယခုအခါမှာ အဆင့်မြင့်ကားလေးကွင်းအဖြစ် တည်ဆောက်ရန်အတွက် စည်ပင်သာယာရေးအဖွဲ့၊ "မင်းခေတ်သစ်"ဆောက်လုပ်ရေး ကုမ္ပဏီ နှင့် ဂိတ်သူ ဂိတ်သားတို့ တွေ့ဆုံ၍ စည်းဝေးညှိနှိုင်းမှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြပြီးနောက် ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၁၀နာရီ ၃၀မိနစ် အချိန်စ၍ အချိန် ၃နာရီကျော်အကြာ အကြိတ်အနယ် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးနောက်မှာ ဂိတ်သားများမှ ယာယီသတ်မှတ်ထားသော နေရာ နှင့် ရွှေ့ပြောင်းရမည့် ရက်အပြင် ဂိတ်အသစ် ဆိုင်ခန်းငှားခများကိုပါ နှစ်ဦးနှစ်ဖက် အများသဘောတူညီမှု ရယူခဲ့ကြကြောင်း သိရသည်။တွေ့ဆုံညှိနှိုင်းမှုသို့ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံ နှင့် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ အပါအ၀င် မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဂိတ်သူ ဂိတ်သား ၂၅ဦးခန့် တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးမှုတွင် ဂိတ်သားတစ်ဦးက ယခု ယာယီကားဂိတ်အဖြစ် သတ်မှတ်ထားသော နေရာဝန်းကျင်ရှိ သင်္ချိုင်းနေရာတွင် ၃.၁၁.၂၀၁၃ရက်နေ့က မီးသဂြုင်္ိဟ်မှုများရှိခဲ့သည့်အတွက် ဆက်လက်၍ အဆိုပါ သင်္ချိုင်းနေရာအား ဆက်လက် အသုံးပြုနေမည်ဆိုပါက ၎င်းတို့အနေဖြင့် ကလေးသူငယ်များအပြင် စီးပွားရေးအတွက်ပါ ထိခိုက်နစ်နာမှုများ ဖြစ်စေနိုင်သည့်အတွက် ယာယီဂိတ်နေရာသို့ မရွှေ့ပေးနိုင်ကြောင်း၊" ဆွေးနွေးတင်ပြသွားသည်။
ထိုသို့ ဆွေးနွေးတင်ပြမှုအပေါ် အခြေခံ၍ အမှုဆောင်အရာရှိ ဦးကိုကို က အဆိုပါ သင်္ချိုင်းနေရာသည် မြို့ထဲဖြစ်နေသည့် အတွက် အသုံးမပြုတော့ရန် တားဆီးထားပြီးပြီဖြစ်သော်လည်း ယခုအစည်းအဝေးပြီးပါက ထပ်မံ၍ တရားဝင်စာထုတ်ကာ ပိတ်ပင်သွားမည်ဖြစ်ကြောင်း နှင့် သင်္ချိုင်းနေရာအား အန္တရာယ်ကင်း တရားနာမှုများလည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည် ရှင်းလင်းပြောကြားသွားသည်။
လက်ရှိနေရာအား အသစ်ပြန်ဆောက်မည်ဖြစ်သည့်အတွက် ဂိတ်သူ၊ ဂိတ်သားများမှ ယာယီဂိတ်နေရာသို့ ရွှေ့ရေး မရွှေ့ရေး ကိစ္စများကို ဆွေးနွေးကြရာ ဂိတ်သူ၊ ဂိတ်သားများက မိမိတို့အနေဖြင့် ရွှေ့ပြောင်းပေးမည် သို့သော် ယာယီဂိတ်သို့ ဂိတ်များအားလုံးနှင့် တာချီလိတ်-ကျိုင်းတုံ ပြေးဆွဲသော ကားများ အပါအ၀င် တညီတညွှတ်တည်း လိုက်ပါ ရွှေ့ပြောင်းပေးရန်လိုကြောင်း" တင်ပြရာ တာဝန်ရှိသူများက ၎င်းတို့၏ အဆိုကို သဘောတူခဲ့ကြသည်။
ယခင်က အသစ်ဆောက်လုပ်မည့် ကားလေးကွင်းရှိ ဆိုင်ခန်းများကို ဂိတ်သားများထံ
ဆောက်လုပ်ရေးကုမ္ပဏီမှ အရစ်ကျစနစ်ဖြင့် ပြန်လည်ရောင်းချပေးမည်ဟု
ပြောဆိုထားသော်လည်း ပြီးခဲ့သည့် နောက်ဆုံး အစည်းအဝေး၌ ဂိတ်သူ၊ ဂိတ်သားများက ရောင်းချမည့် ဈေးနှုန်းမှာ ၎င်းတို့အနေဖြင့် မတတ်နိုင်တော့၍ ငှားလို့ရမည်ဆိုပါက ငှားမည်ဖြစ်ကြောင်း ညှိနှိုင်းခဲ့ကြရာမှ မင်းခေတ်သစ် ကုမ္ပဏီဘက်မှ ငှားပေးသည့် စနစ်အား လိုက်လျောပေးခဲ့ရာ ယနေ့ ဆွေးနွေးမှုတွင် ဆိုင်ခန်းငှားခ၏ လစာငွေအား ကုမ္ပဏီ နှင့် ဂိတ်သားများ ညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်။
မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူက အသစ်ဆောက်မည့် ဆိုင်ခန်းများကို ငှားပေးမည်ဖြစ်ပြီး လက်ရှိ ဂိတ်သားများနှင့် တညီတညွှတ်တည်း ဖြစ်စေရန်အတွက် နောက်ထပ် မည်သူကိုမှလည်း ရောင်းချပေးမည်မဟုတ်ကြောင်း သို့သော် ငှားလိုက ငှားပေးမည်ဖြစ်ကြောင်း ဂိတ်သားများအား ပြောကြားသွားသည်။
ဂိတ်သူ၊ ဂိတ်သားများနှင့် ကုမ္ပဏီတို့ အပြန်အလှန် သဘောတူညီမှု ရရှိသွားသည့်အတွက် လက်ရှိ ကားဂိတ်နေရာမှ ယာယီဂိတ်နေရာသို့ ရွှေ့ပြောင်းရန် ရက်သတ်မှတ်ကြရာ ၂၀.၁၁.၂၀၁၃ ရက်နေ့ကို အတည်ပြုခဲ့ကြသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~



Social Buttons