Latest News

Dropdown Menu

Sunday, December 9, 2012

နဂါးနှစ်ကောင်ဆရာတော်မှ ကျပ်သိန်း(၄)သောင်း ကုန်ကျခံ၍ ဆောက်လုပ်လှူဒါန်းသော ဓမ္မသီရိဆေးရုံကြီးအား နိုင်ငံတော်သို့ လွှဲပြောင်းပေးအပ်

 နဂါးနှစ်ကောင်ကျောင်းတိုက် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. ကျေးဇူးတော်ရှင် နဂါးနှစ်ကောင်ဆရာတော်ဘုရာကြီး "ဘဒ္ဒန္တဓမ္မသီရိ"မှ အကုန်အကျခံကာ ဆောက်လုပ်၍ လှူဒါန်းသော "ဓမ္မသီရိ"ဆေးရုံကြီးအား နိုင်ငံတော်သို့  လွှဲပြောင်းပေးအပ်ခြင်းနှင့် ဖွင့်ပွဲအခမ်းအနားကို ၂၀၁၂ခုနှစ် ဒီဇင်ဘာ(၉)ရက်နေ့ နံနက်(၁၀း၃၀)မှာ ပြုလုပ်ကျင်းပခဲ့ကြပါတယ်။


အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ကြည်း၊ရေ၊လေ တပ်မတော်အရာရှိ အကြီးအကဲများ အပါအ၀င် တြိဂံဒေသတိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦး နှင့် တပ်မတော်အရာရှိများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာ သိန်းသိန်းဌေး၊ ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ နှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၂၀၀၀)ကျော် တက်ရောက်လာခဲ့ကြတာကိုတွေ့ရပါတယ်။


"ဓမ္မသီရိ"ဆေးရုံကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ရာမှာ နဂါးနှစ်ကောင်ဆရာတော်မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ  "ဓမ္မသီရိဆေးရုံကြီး"ဆိုင်းဘုတ်အား စက်ခလုတ်နိပ်၍ ဖွင့်လှစ်ပေးခဲ့ပါတယ်။


ဖဲကြိုးဖြတ်ခြင်းနှင့် စက်ခလုတ်နိပ်ဖွင့်လှစ်ခြင်း အစီအစဉ်ပြီးတဲ့နောက်မှာတော့ ဆရာတော်ကြီးများအား ဆွမ်းကပ်ခြင်း တရားနာခြင်းများပြုလုပ်ခဲ့ကြပြီး နဂါးနှစ်ကောင်ဆရာတော်မှ ဓမ္မသီရိဆေးရုံကြီးနှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ လွှဲပြောင်းပေးအပ်ချီးမြှင့်ခဲ့ပါတယ်။


တဆက်တည်းမှာပင် တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာ သိန်းသိန်းဌေးထံသို့  ဓမ္မသီရိဆေးရုံကြီးနှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြပါတယ်။

ထို့နောက်မှာတော့ ဆေးရုံကြီး ထာဝရဆေးပဒေသာပင်အတွက် အလှူငွေများ လှူဒါန်းကြရာမှာ တပ်မတော် ကြည်း၊ရေ၊လေ မိသားစုမှ  ကျပ်သိန်း(၁၀၀)၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်(၁၀)သိန်း၊ မဏိဇောတဓရဘွဲ့တံဆိပ်တော်ရ ဦးမောင်လေး+ဒေါ်နန်းကျိန် ( အဆွေတော်မီနီမိတ် နှင့် အဆွေတော်မိသားစု (၂၄)နာရီအထူးကုဆေးခန်း)မှ ငွေကျပ်(၁၀)သိန်း၊ အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး မှ ငွေကျပ်(၁၀)သိန်း၊  ဦမြတ်သူပိုင်+ဒေါ်နန်းနုနု(ရွှေစင်ဦး-ရွှေဆိုင်)မှ ငွေကျပ်(၅)သိန်း၊ ဦးဘိုလေး (နယ်ခြားကော်မတီ)မိသားစု မှ ငွေကျပ်(၅)သိန်း နှင့် ဦးလှမျိုး+ဒေါ်ဖြူဖြူကြည် မှ ငွေကျပ်(၃)သိန်း စသည်ဖြင့် အလှူငွေများ လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရားတော်နာ၍ အခမ်းအနားပြီးမြောက်စေခဲ့ပါတယ်။

{အမှာစကားပြောကြားစဉ်}

တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ  ဆေးရုံ၏ တာဝန်ရှိသူများအား အမှာစကားပြောကြားသွားရာမှာ ဆေးရုံကြီးအတွင်း အထောက်အကူဖြစ်စေရန်အတွက် အင်တာနက်တပ်ဆင်ရန်လိုအပ်ကြောင်းပြောကြားသွားသည်ကို သိရှိရပါတယ်။

 "ဓမ္မသီရိ"ဆေးရုံကြီးအား၂၀၀၁ခုနှစ် အောက်တိုဘာ(၇)ရက်နေ့မှာ စတင် ပန္နရိုက်ခဲ့ကြပြီး ၂၀၀၉ခုနှစ်မှာ ဆောက်လုပ်ပြီးစီးစေခဲ့သော်လည်း ၂၀၁၂ခုနှစ် ဒီဇင်ဘာ(၉)ရက်နေ့မှသာ နိုင်ငံတော်သို့ လွှဲပြောင်းပေးအပ်ခြင်းနှင့် ဖွင့်ပွဲကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ "ဓမ္မသီရိ"ဆေးရုံကြီး၏ စုစုပေါင်း ကုန်ကျငွေမှာ ကျပ်သိန်းပေါင်း(၄)သောင်းရှိပြီး အကျယ်အ၀န်းမှာ (၉.၉၂)ဧက ခန့်ရှိကြောင်း သိရှိရပါတယ်။
သတင်းဓါတ်ပုံများကိုကြည့်ရန်
« PREV
NEXT »