Latest News

Dropdown Menu

Tuesday, December 18, 2012

တာချီလိတ်မြို့တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ခန့်အပ်ရန်အတွက် ဒီဇင်ဘာလအတွင်း အပြီးစီစဉ်

တာချီလိတ်မြို့ရှိ ရပ်ကွက်များ ကျေးရွာများတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအဖြစ် ခန့်အပ်တာဝန်ပေးသွားနိုင်ရေးအတွက်   ယခုနှစ် ဒီဇင်ဘာလအတွင်း အပြီးပြုလုပ်ရန် သတ်မှတ်ထားကြောင်း သိရှိရပါတယ်။


ရပ်ကွက်အုပ်ချုပ်ရေးမှူး သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအဖြစ် ခန့်အပ်ခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၂၈၉)တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေးဆောင်ရွက်စေရမည်ဟု ပြဌာန်းထားသည့်အလျောက် ယင်းသို့ခန့်အပ်တာဝန်ပေးပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အလို့ငှာ ပြည်ထောင်စုလွှတ်တော်မှ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ(၂၀၁၂ခုနှစ် ဖေဖော်ဝါရီ(၂၄)ရက်) အား ပြဌာန်းထားကြောင်း သိရှိရပါတယ်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေးရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးသည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် ယင်းတာဝန်ကို ထမ်းဆောင်ရန် ဆန္ဒရှိသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်းရှိ အများကြည်ညိုလေးစားပြီး သြဇာတိက္ကမ ရှိသည့် ရပ်မိရပ်ဖ (၅)ဦးကို ရွေးချယ်၍ ကြီးကြပ်ရေးအဖွဲ့အဖြစ် တာဝန်ပေးရမှာဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးသည် ကြီးကြပ်ရေးအဖွဲ့မှ တင်ပြသော အမည်စာရင်းပါ ပုဂ္ဂိုလ်ကို စိစစ်ပြီး ပုဒ်မ(၅)ပါ အရည်အချင်းများနှင့် ပြည့်စုံပါက ခရိုင်အုပ်ချုပ်ရေးမှူး၏ အတည်ပြုချက်ဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ်  ခန့်အပ်တာဝန်ပေးရမှာဖြစ်ပါတယ်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ အုပ်ချုပ်မှုသက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့်အညီဖြစ်ပြီး ယင်း၏ သက်တမ်းသည်လည်း (၃)ကြိမ်ထက် မပိုစေရကြောင်း သိရှိရပါတယ်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် ၀င်ရောက်ရွေးခံလိုသူများအနေဖြင့် လိုအပ်သည့် အရည်အချင်းများကို သိရှိနိုင်ရန်အတွက် ဖော်ပြပါလိုက်ပါတယ်။

အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်
  • (က) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်ခြင်း၊
  • (ခ) အသက်(၂၅)နှစ်ပြည့်ပြီးသူဖြစ်ခြင်း၊
  • (ဂ) သင့်တင့်သော ပညာအရည်အချင်းရှိသူဖြစ်ခြင်း၊
  • (ဃ) စားဝတ်နေရေး ဖူလုံမှုရှိသူဖြစ်ခြင်း၊
  • (င) သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း တစ်ဆက်တည်း အနည်းဆုံး ဆယ်နှစ်နေထိုင်လျက်ရှိပြီး လက်ရှိတာဝန်ထမ်းဆောင်ချိန်တွင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုတွင် အမှန်တကယ်နေထိုင်မည့်သူဖြစ်ခြင်း၊ ခြွင်းချက်ဒေသခံ အငြိမ်းစားဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သည့် ကာလကို လျော့ပေါ့စဉ်းစားနိုင်သည်။
  • (စ) ရပ်ရွာက ကြည်ညိုလေးစားခြင်းခံရပြီး သိက္ခာသမာဓိရှိသူဖြစ်ခြင်း၊
  • (ဆ) ကျန်းမာရေးကောင်းမွန်ပြီး ပေးအပ်သည့်တာဝန်ကို ထမ်းဆောင်နိုင်စွမ်းရှိသူဖြစ်ခြင်း၊
  • (ဇ) နိုင်ငံတော်နှင့် ရပ်ရွာဒေသ၏အကျိုးကို စေတနာထက်သန်စွာဖြင့် တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိသူဖြစ်ခြင်း၊
  • (ဈ) အတူနေ မိသားစုဝင်များသည် အကျင့်စာရိတ္တကောင်းမွန်ပြီး ရိုးသားဖြောင့်မတ်သူများဖြစ်ခြင်း၊
  • (ည) တာဝန်ထမ်းဆောင်ဆဲ အစိုးရ၀န်ထမ်းမဟုတ်ခြင်း၊
  • (ဋ) လက်နက်ကိုင်အဖွဲ့အစည်းဝင်နှင့် မတရားအသင်းအဖွဲ့များ၌ ပါဝင်သူ၊ ဆက်သွယ်သူမဟုတ်ခြင်း၊
တို့ဖြစ်ပါတယ်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် နိုင်ငံရေးပါတီတခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသည့်နေ့မှစ၍ မိမိတာဝန်ထမ်းဆောင်နေသည့် သက်တမ်းအတွက်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရကြောင်း သတ်မှတ်ထားသည်ကို သိရပါတယ်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ လစာငွေအား ကျပ်(၆၅၀၀၀)၀န်းကျင်ခန့် ရရှိမည်ဖြစ်ကြောင်းလည်း ကြားသိရပြီး ပြဌာန်းထားသော ဥပဒေ၌ ဧည့်စရင်းတိုင်ကြားရာမှာလည်း အခမဲ့တိုင်ကြားနိုင်ကြောင်း သိရှိရပါတယ်။

ကိုးကား
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ ။ အခန်း(၃)၊ အခန်း(၄)။
၂၀၁၂ခုနှစ် ဖေဖော်ဝါရီ(၂၄)ရက်

« PREV
NEXT »