Latest News

Dropdown Menu

Monday, April 1, 2013

ဘာသာရေးခေါင်ဆောင်များနဲ့ လူမှုရေးအသင်းအဖွဲ့များကို ဖြစ်ပေါ်နေတဲ့ ကောလဟလသတင်းများနဲ့ ပတ်သက်၍ အယုံမလွယ်စေဖို့ ဌာနဆိုင်ရာများက တွေ့ဆုံရှင်းလင်း သတိပေး

ယနေ့နံနက် (၁၀)နာရီက ဘာသာရေးခေါင်းဆောင်များနဲ့ လူမှုရေးအသင်းအဖွဲ့များ အပါအ၀င် ဌာနဆိုင်ရာများက တာချီလိတ်မြို့မှာ ဖြစ်ပေါ်နေတဲ့ လူမျိုးရေး ဘာသာရေး စတဲ့ ကောလဟလသတင်းများနဲ့ပတ်သက်ပြီး တွေ့ဆုံရှင်းလင်း ဆွေးနွေး သတိပေးခဲ့ကြကြောင်း သိရပါတယ်။

တွေ့ဆုံပွဲမှာ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူး နဲ့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘာသာရေးခေါင်းဆောင်များ နဲ့ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်လာခဲ့ကြတာကို တွေ့ရပါတယ်။ ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက မတ်လ(၂၈)ရက်နေ့က ပြောကြားသွားတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းကို ဖတ်ကြားသွားခဲ့ပြီး တာချီလိတ်မြို့နယ်အတွင်း သို့လော သို့လော ဖြစ်ပေါ်နေတဲ့ ကောလဟလသတင်းများအပေါ် မယုံကြည်ဖို့၊ ချင့်ချိန်ပြီးမှ ယုံကြည်ဖို့ နဲ့ မြန်မာပြည်တွင်းမှာ လွန်ခဲ့သော နှစ်များကဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်များအပေါ် သင်္ခန်းစာယူပြီး တာချီလိတ်မြို့မှာလည်း အခြားမြို့တွေလို အကြမ်းဖက်မှုတွေ မဖြစ်ပေါ်စေရန်အတွက် ဌာနဆိုင်ရာတစ်ခုတည်းနဲ့တင် မဟုတ်ပဲ အားလုံးပူးပေါင်းပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်သွားဖို့ လိုကြောင်း ရှင်းလင်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။


ထို့အတူပင်  တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူး နဲ့ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး နေမျိုးထွဋ်တို့ကလည်း လူမျိုးရေး ဘာသာရေးစတဲ့ ကောလဟလသတင်းများကို လွယ်လွယ်ကူကူ မယုံကြည်ဖို့နဲ့ မိမိတို့ကြားသိထားတဲ့ သတင်းမှာ မှန်ကန်မှုရှိမရှိဆိုတာကို ၎င်းတို့ထံ ဆက်သွယ်မေးမြန်းနိုင်ရန်အတွက် ဖုန်းကို (၂၄)နာရီဖွင့်ထားကြောင်းအပြင်
ကောလဟလသတင်းများနဲ့ပတ်သက်ပြီး စုံစမ်းသိရှိနိုင်ရန်အတွက်လည်း ကော်မတီဖွဲ့စည်းထားကြောင်း ရှင်းလင်းအသိပေးပြောကြားသွားခဲ့ကြပါတယ်။ ဆက်လက်ပြီး ဌာနဆိုင်ရာများကလည်း ဥပဒေနဲ့သက်ဆိုင်တဲ့ အကြောင်းအရာများကို ရှင်းလင်း ပြောကြားသွားခဲ့ကြပါတယ်။


ထို့နောက်မှာတော့ ဘာသာရေးခေါင်းဆောင်များ လူမှုရေးအသင်းအဖွဲ့များအနေနဲ့ မိမိတို့ ဆွေးနွေးတင်ပြလိုတာများကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။

ပုံများကိုကြည့်ရန်
« PREV
NEXT »