Writen by
Tachileik News Agency
11:46 PM
-
0
Comments
မိတ္တီလာမြို့ရှိ ဒုက္ခသည်များအတွက် လူမှုကူညီရေးအသင်း(တာချီလိတ်)မှ ရွှေတာချီ ခရီးသွားလုပ်ငန်းအသင်းသားများ နဲ့ မိသားစုဝင်များ အားလုံးစုပေါင်းပြီး လှူဒါန်းငွေ ကျပ်(၁၁)သိန်းတိတိကို ယနေ့ နံနက် (၁၀း၃၀)နာရီက တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ လှူဒါန်းမှု အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ဆက်လက်ပြီး အလှူငွေလက်ခံရာမှာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူး တို့ထံ ရွှေတာချီခရီးသွားလုပ်ငန်းအသင်းမှ ဥက္ကဌ ဦးစိုင်းကျော်ဇံ၊ ဒု-ဥက္ကဌ ဦးဘိုစံ နဲ့ ကော်မတီဝင်များအပါအ၀င် အသင်းသားများဖြစ်တဲ့ တာဝန်ရှိ ဂိတ်မှူးများက ကျပ်(၁၁)သိန်းတိတိကို ပေးအပ်လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။ အခမ်းအနားအပြီးမှာ ယခုလှူဒါန်းလိုက်တဲ့ ငွေကို မြန်မာ့စီးပွားရေးဘဏ်မှတဆင့် မိတ္တီလာမြို့ရှိ ကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးထံ လွှဲပြောင်းလိုက်ကြောင်းလည်း သိရပါတယ်။
တဆက်တည်းမှာပဲ ရွှေတာချီ ခရီးသွားလုပ်ငန်းအသင်းမှ ဥက္ကဌ ဦးစိုင်းကျော်ဇံက ရွှေတာချီခရီးသွားလုပ်ငန်းအသင်း ရန်ပုံငွေအတွက် ဘတ်(၁)သောင်းတိတိကို ရွှေတာချီခရီးသွားလုပ်ငန်းအသင်းမှ ဒု-ဥက္ကဌ ဦးဘိုစံ နဲ့ ကော်မတီဝင်များအပါအ၀င် အသင်းသားများထံ လှူဒါန်းခဲ့ပါတယ်။
မတ်လ(၂၀)ရက်နေ့က မိတ္တီလာမြို့ရှိ ရွှေဆိုင်တစ်ဆိုင်ကနေ အချင်းများရာမှ လူမျိုးရေးပဋိပက္ခ ဘာသာရေးပဋိပက္ခအဖြစ် အကြမ်းဖက်မှုမျိုး ပြန့်နှံ့ခဲ့ပြီး အဆိုပါ ဖြစ်ရပ်များမှတဆင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးများကို ခံစားနေရတာဖြစ်တဲ့ မိတ္တီလာမြို့ရှိ ပြည်သူများအတွက် လူမှုကူညီရေးအသင်း(တာချီလိတ်)မှ ရွှေတာချီခရီးသွားလုပ်ငန်းအသင်းမှ အသင်းသား/သူများက စုပေါင်းပြီး အခုလို ထောက်ပံ့လှူဒါန်းတာဖြစ်ပါတယ်။
အခုလို လှူဒါန်းဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး "အသင်းသားတွေက ကျွန်တော်တို့ ဒီလိုလုပ်ချင်တယ်၊ တာချီလိတ်မြို့မှာ ဆိုင်ကယ်ဆွဲနေတဲ့ အသင်းသားတွေ အားလုံးစုပေါင်းပြီး ကူညီထောက်ပံ့ငွေလှူချင်တယ်ဆိုပြီး အသင်းကို တင်ပြလာကြပါတယ်။ ကျွန်တော်တို့လည်း ဒါကတော့ ဖြစ်သင့်တယ်၊ လုပ်လည်းလုပ်တယ်လေ၊ ကိုယ့်မြို့ကိုယ့်ရွာမဟုတ်ပေမဲ့လည်း ကိုယ့်မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတာဆိုတော့ ကူညီသင့်တာပေါ့၊ အဲ့ဒါနဲ့ပဲ ကော်မတီကနေပြီး အသင်းသားတွေ မိမိတို့ တက်နိုင်သလောက် အလှူငွေစုပေါင်းကြဖို့ စာထုတ်ပေးခဲ့ကြပြီး၊ အသင်းရဲ့ ရန်ပုံငွေ နဲ့ အသင်းသားတွေရဲ့ အလှူငွေနဲ့ စုပေါင်းပြီး အခုလိုထောက်ပံ့လှူဒါန်းဖို့ ဖြစ်လာတာပါ"လို့ ရွှေတာချီလိတ် ခရီးသွားလုပ်ငန်းအသင်းမှ ကော်မတီဝင်တစ်ဦးက
ပြောကြားလာပါတယ်။
Social Buttons