Writen by
Tachileik News Agency
2:06 AM
-
0
Comments
မေလ(၁၁)ရက်နေ့ စနေနေ့ နံနက် (၉း၄၅)နာရီက တာချီလိတ်မြို့မှ တဆင့် တာလေမြို့နယ်ခွဲ နားဟိုင်းလုံကျေးရွာသို့ လယ်သမားများ၏ လယ်ယာကိစ္စနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးရန်နှင့် ဒေသဖွံ့ဖြိုးရေးကိစ္စများအတွက် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ရန်အတွက် တာချီလိတ်ခရိုင်/မြို့နယ်အဆင့် သက်ဆိုင်ရာ ဌာနအကြီးအကဲများမှ သွားရောက်ခဲ့ကြောင်း သိရသည်။{ကျေးရွာသူ/သား လယ်သမားများနှင့် တွေ့ဆုံစဉ်}
{လယ်မြေများအတွင်း ကြည့်ရှု့စစ်ဆေးနေစဉ်}
လယ်ကွင်းထဲသို့ သွားရောက်မကြည့်ရှုမီ အဆိုပါကျေးရွာအတွင်းရှိ အခြေခံမူလတန်းကျောင်းတွင် လယ်သမားများနှင့်တွေ့ဆုံကာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ ၎င်းတို့အနေဖြင့် ကျေးရွာသူ ကျေးရွာသား၊ လယ်သမားများ၏ လိုအပ်ချက်များကို ကူညီပေါင်းစပ်ပေးရန်နှင့် စိုက်ပျိုးရေးအတွက် လိုအပ်ချက်များကို ကူညီပေးနိုင်ရန်အတွက် အခုလို လာရောက်ခဲ့ကြတာဖြစ်ပြီး ကျေးရွာသူ ကျေးရွာသား၊ လယ်သမားများအနေဖြင့်လည်း လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြကြပါရန်နှင့် အခုလို တင်ပြဆွေးနွေးရာမှာလည်း ကြောက်ရွံ့စရာမလိုကြောင်း မိမိတို့အနေဖြင့် ကူညီနိုင်သည်များကို ကူညီပေးသွားမှာဖြစ်ပြီး ညှိနှိုင်းမှုများ အဆင်မပြေပါက သက်ဆိုင်ရာ ၀န်ကြီးရုံးထိ တင်ပြပေးသွားမှာဖြစ်ကြောင်း ပြောကြားသည်။
{လယ်မြေများအတွင်း ကြည့်ရှု့စစ်ဆေးနေစဉ်}
ရွာသားများမှ ပြန်လည်တင်ပြရာမှာ "၎င်းတို့ လယ်များအတွင်း သတ္တုတူးဖော်သည့်ဘက်မှ ရောက်ရှိလာသည့် ရွံ့နွံများ၊ သဲ နှင့် ရေညစ်ရေနွမ်းများကြောင့် စိုက်ပျိုးရေးအလုပ်မှာ အခက်အခဲ ဖြစ်လာကြောင်း၊ မဖြစ်မနေ စိုက်ပျိုးသည့်အခါမှာလည်း ဆန်စပါးအထွက်နှုန်းမှာ ယခင်ကထက် သိသိသာသာ လျော့ကျခဲ့ကြောင်း၊ ယခုအခါမှာ သတ္တုတူးဖော်သည့်ဘက်မှ စီးဆင်းလာသည့် ရေများဟာ လယ်ကွင်းထဲကို ၀င်ရောက်ခဲ့ပြီး စိုက်ပျိုးလို့မရသည့်အတွက် ၎င်းတို့အနေဖြင့် စားဝတ်နေရေးအတွက် ခက်ခဲမှုများ ရှိလာကြောင်း" လယ်သမားများမှ ဆွေးနွေးတင်ပြခဲ့ကြသည်။
{ရေစီးရေလာအတွက် ကြည့်ရှု့စစ်ဆေးနေစဉ်}
တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှုး ဦးသောင်းတင်ထွေးမှ လယ်သမားများအား စိုက်ပျိုး၍မရတော့သည့် ဧက မည်မျှရှိကြောင်း မေးရာ လယ်သမားများမှ ဧက (၃၀၀)ကျော် ရှိကြောင်း ပြောဆိုတင်ပြလာခဲ့ကြသည်။ ထိုသို့ ပြောဆိုသည့်အတွက် တာလေမြို့နယ်ခွဲ စိုက်ပျိုးရေး တာဝန်ခံမှ ၎င်းတို့ဌာနမှ ကွင်းဆင်းစစ်ဆေးမှုအရ စိုက်ပျိုး၍ မရသည့် လယ်ဧကအမှန်မှာ (၇၃)ဧကခန့်သာ တွေ့ရှိရကြောင်း ကျန်ဧကများမှ လွတ်ကင်းကြောင်း စသည်ဖြင့် ပြန်လည်ဖြေကြားလာသည်။
ရေကိစ္စနှင့်ပတ်သက်၍လည်း လယ်သမားများအနေဖြင့် အဆိုပါရေများကြောင့် စိုက်ပျိုး၍မရသည်ကို ပြောဆိုနေသည့်အတွက် ကျန်းမာရေးဌာနမှ ဓါတ်ခွဲစစ်ဆေးရန်အတွက် နေပြည်တော်သို့ ယူသွားပြီဖြစ်ပြီး၊ ထို့သို့ ဓါတ်ခွဲစစ်ဆေးမှုများပြုလုပ်ပြီးပါက အဆိုပါရေကြောင့် စိုက်ပျိုး၍ မရသည်မှာ ဟုတ်မဟုတ် အဖြေပေါ်မှာဖြစ်ပြီး ထိုကိစ္စနှင့်ပတ်သက်၍ လယ်သမားများ၏ အကျိုးစီးပွားကိုမျှော်မှန်းကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ မကြာမီမှာ လာရောက်စစ်ဆေးကြမှာဖြစ်ကြောင်း၊ ထိုသို့ စစ်ဆေးသည့်အခါမှာ လယ်သမားများအနေဖြင့် ယခုလို ဆုံးရှုံးမှု ဧက ကို ခန့်မှန်းအနေဖြင့် မပြောလိုပဲ အောက်ခြေက အစ တိတိကျကျ မှန်မှန်ကန်ကန် တွက်ချက်ပြီး နစ်နာမှုကို တင်ပြနိုင်မှသာ လယ်သမားတွေအတွက် အကျိုးခံစားရမှာဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှုး ဦးသောင်းတင်ထွေးမှ ရှင်းလင်းပြောကြားခဲ့သည်။
ထိုသို့ ရှင်းလင်းပြောကြားရင်း ကျေးရွာသူကြီး ဦးအိုက်ဝန်း နှင့် သတ္တုကုမ္ပဏီတစ်ခုမှ မန်နေဂျာ ဖြစ်သူအား ဒီကိစ္စက နှစ်ဦးနှစ်ဖက် နစ်နာမှုဖြစ်စေတာကြောင့် ကုမ္ပဏီဘက်မှ လျော်ကြေးပေးပြီး ပစ်ထားလို့မရ ကျေးရွာအနေနဲ့ ဖြစ်ပေါ်နေတဲ့ အခက်အခဲများကိုလည်း လာရောက်ကြည့်ပေးသင့်ကြောင်း ကျေးရွာသူကြီးတို့ဘက်မှလည်း ဖြစ်ပေါ်နေတဲ့ ကိစ္စအတွက် မှန်မှန်ကန်ကန် တိတိကျကျ ပြောဆိုဖို့ လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်ကို သိရသည်။
{လွယ်ခမ်းလုံကုမ္ပဏီ နှင့် စိုင်းတစ်ကုမ္ပဏီတို့မှ လှူဒါန်းပေးထားသော ရေ }
လယ်ယာစိုက်ပျိုးမှုကိစ္စများအား ဆွေးနွေးခဲ့ကြပြီးနောက် ပညာရေးနှင့်ပတ်သက်၍ အဆိုပါကျေးရွာရှိ မူလတန်းကျောင်းအုပ် ဆရာမကြီး ဒေါ်နန်မိုင်မှ ယခုအခါမှာ ကျောင်းတွင် ဆရာမ(၂)ဦးရှိနေပြီး ကျောင်းဖွင့်သည့်အခါ ထပ်မံ၍ ဆရာမ(၁)ဦး ရောက်လာမှာဖြစ်တာကြောင့် ၎င်းတို့အတွက် ပညာရေးဝန်ထမ်းအိမ်ရာအဖြစ် ဆောက်လုပ်ရန်အတွက် အကူအညီလိုအပ်နေကြောင်း တင်ပြလာရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဆင်ပြေစေရန်အတွက် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
{ ထောက်ပံ့ငွေ ပေးအပ်စဉ်}
{ကျေးရွာ သူကြီးနေ၌ တွေ့ဆုံစဉ်}
ပုံများကိုကြည့်ရန်









Social Buttons