Latest News

Dropdown Menu

Wednesday, May 15, 2013

တာချီလိတ်မြို့နယ်ဓမ္မာရုံ၌ စူဠဘွဲ့နှင်းသဘင် အခမ်းအနားပြုလုပ်

ယနေ့ မွန်းလွဲ(၁)နာရီက တာချီလိတ်မြို့နယ်ဓမ္မာရုံတွင် ၂၀၁၂ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ငယ်၊လတ်၊ကြီးအတန်းများ၌ အောင်မြင်ခဲ့ကြသော စာအောင်သံဃာတော်များထံ အောင်လက်မှတ် ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ပြုလုပ်ခဲ့ကြသည်။



စူဠဘွဲ့နှင်းသဘင်တွင် စာအောင်သံဃာတော်(၂၇)ပါး နှင့် စာအောင်သီလရှင်(၂)ပါး စုစုပေါင်း (၂၉)ပါးရှိပြီး ပထမကြီးတန်းတွင်(၃)ပါး၊ ပထမလတ်တန်းတွင်(၁၃)ပါး နှင့် ပထမငယ်တန်းတွင်(၁၃)ပါးတို့ဖြစ်ရာ အဆိုပါ စာမေးပွဲသို့ ၀င်ရောက်ဖြစ်ဆိုကြသော သံဃာတော်များနှင့် သီလရှင်များမှာ တာချီလိတ်မြို့ရှိ မဟာမြတ်မုနိဘုရားကြီးကျောင်း၊ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်း၊ ရွှေဥတောင်ပရိယတ္တိစာသင်တိုက်၊ ပါလျှံဘုရားကြီးကျောင်း နှင့် သာသနာပြုသီလရှင်ကျောင်း တို့မှ ဖြစ်ကြောင်း သိရသည်။



အခမ်းအနားတွင် နဂါးနှစ်ကောင်ကျောင်းတိုက် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. နဂါးနှစ်ကောင်ဆရာတော် ဘုရားကြီး "ဘဒ္ဒန္တဓမ္မသီရိ"အမှူးပြုသော ဆရာတော်ကြီး(၅)ပါး အပါအ၀င် စာအောင်သံဃာတော်များနှင့် စာအောင်မယ်သီလရှင်များ ကြွရောက်တော်မှုခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် အလှူရှင်များ တက်ရောက်လာခဲ့ကြတာကို တွေ့ရှိရသည်။


အောင်လက်မှတ်များကို စာအောင်သံဃာတော်များနှင့် သီလရှင်များအား ခရိုင်/မြို့နယ် အဆင့်ရှိ ဌာနဆိုင်ရာများ နှင့် ရပ်မိရပ်ဖ အလှူရှင်များမှ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရေစက်သွန်းချ အမျှတန်းပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ခေါ်ဆို၍  စူဠဘွဲ့နှင်းသဘင် အခမ်းအနားအား ပြီးမြောက်စေခဲ့ကြသည်။  ထို့သို့ ဆက်ကပ်လှူဒါန်းရာမှာ အလှူရှင်များ၏ စုပေါင်းလှူဒါန်းသည့် လှူဖွယ်ပစ္စည်းအစုစုတို့၏ တန်ဖိုးမှာ မြန်မာကျပ်ငွေ (၈၀၄၅၀၀)ကျပ်ရှိကြောင်း သိရှိရသည်။


ပုံများကိုကြည့်ရန်


« PREV
NEXT »